အခန်း ၁၃၆
Vol. 14 Ch. 136
136
ကျိုးဟောက်ယွီတွင် လက်နှစ်ဖက်သာ ရှိသဖြင့် ထိုမျှများပြားလှသော လူအုပ်ကြီးကို အကုန်လိုက်မဖမ်းနိုင်တော့ရာ ထိုပြေးသူများကို ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုထားလိုက်တော့သည်။ ကတုံးသည် ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှာ သူ့ရင်ဘတ်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ပြီး ငေါက်ငမ်းလိုက်၏။
"အမှန်အတိုင်းပြောစမ်း၊ မင်းတို့ကို ငါ့ကို အလစ်ဝင်တိုက်ဖို့ ဘယ်သူခိုင်းတာလဲ?"
"ကျွန်တော် မသိပါဘူးဗျာ၊ ကျွန်တော်က အမိန့်အတိုင်း လုပ်ရတဲ့ လူပါ"
ကတုံးမှ ငြင်းဆန်ရန် ကြိုးစားရှာသည်။
"ဂွက်"
ကျိုးဟောက်ယွီသည် စကားအပိုတွေ အချိန်ကုန်မခံတော့ဘဲ ကတုံး၏ ခြေသလုံးရိုးကို ခြေထောက်ဖြင့် ဆောင့်ကန်ချပစ်လိုက်တော့သည်။ ပြတ်သားလှသော အသံနှင့်အတူ ကတုံး၏ ခြေသလုံးရိုးမှာ ကျိုးဟောက်ယွီ၏ ခြေချက်အောက်တွင် ဝုန်းခနဲ ကျိုးအက်သွားရလေ၏။
"အား"
ကတုံးသည် နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်ညည်းတွားတော့သည်။ သူ၏ ဆိုးရွားလှသော ဖြစ်စဉ်ကို မြင်သောအခါ အနားရှိ မည်သည့်ကလေးငယ်မဆို ကြောက်လန့်တကြား ငိုယိုသွားလောက်ပေသည်။
"ငါ နောက်ထပ် အခွင့်အရေးတစ်ကြိမ်ပဲ ပေးမယ်၊ မင်း ပြောမလား မပြောဘူးလား"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း မေးလိုက်သည်။
"အစ်ကိုကြီး၊ ရွှန်းကော ခိုင်းတာပါ၊ ရွှန်းကောက ကျွန်တော်တို့ကို လွှတ်လိုက်တာပါ"
ကတုံးမှ အသည်းအသန် ငိုယိုလျက် လိမ္မာပါးနပ်စွာ ချက်ချင်း ဖြေကြားတော့သည်။ ကျိုးဟောက်ယွီ၏ ရက်စက်ပြတ်သားလှသော လက်ချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရပြီးနောက် သူသည် စိတ်ထဲတွင် ဘာအကွက်မှ ထပ်မံရွှေ့ရန် မဝံ့ရဲတော့ချေ။
"ရွှန်းကော ဟုတ်လား"
ကျိုးဟောက်ယွီသည် ထိုအမည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ ငေါက်လိုက်ပြန်သည်။
"မင်းလို ကောင်က ငါ့ကို လာလိမ်ရဲသေးတယ်ပေါ့၊ ငါက အဲဒီ ရွှန်းကောဆိုတဲ့ ကောင်ကို ကြားတောင် မကြားဖူးဘူး၊ သူက ဘာဖြစ်လို့ ငါ့ကို လာပြီး ဒုက္ခပေးရမှာလဲ"
"အစ်ကိုကြီး စိတ်အေးအေးထားပြီး နားထောင်ပါဦးဗျာ၊ ကျွန်တော် တကယ်ကို မလိမ်ရဲပါဘူး၊ အဲဒါ တကယ်ကြီး ရွှန်းကော ခိုင်းတာပါ၊ သူက တာရှန်ဂိုဏ်းရဲ့ ခေါင်းဆောင်လေ၊ ပိုက်ဆံရရင် သူများကိစ္စတွေကို လိုက်ဖြေရှင်းပေးလေ့ရှိတယ်၊ တစ်ယောက်ယောက်က သူ့ကို ရှာပြီး အစ်ကိုကြီးကို ပြဿနာရှာဖို့ ပိုက်ဆံပေးပြီး ငှားလိုက်တာလည်း ဖြစ်နိုင်ပါတယ်"
ကတုံးမှ ကပျာကယာ ရှင်းပြရှာသည်။ ကျိုးဟောက်ယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာဖြင့် ပြောလိုက်၏။
"ဒီလိုဆိုရင်လည်း အခုချက်ချင်း ထပြီး ငါ့ကို အဲဒီ ရွှန်းကောဆီ ခေါ်သွားစမ်း"
"ဒါပေမဲ့ အစ်ကိုကြီး၊ ကျွန်တော့် ခြေထောက်က ကျိုးသွားပြီဆိုတော့ အတူတူ လိုက်ဖို့က တကယ်ကို မလွယ်လို့ပါ၊ တခြားလူတစ်ယောက်ယောက်ကို ခေါ်သွားပါလားဗျာ"
ကတုံးမှ မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေကြသည့် ကျန်တဲ့ လူအနည်းငယ်ကို မျက်စိပစ်ပြရင်း ပြောလိုက်သည်။ ထိုလူများသည် ကတုံး၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရင်သွားကြပြီး စိတ်ထဲမှ သူနှင့် သူ့ဘိုးဘွားဘီဘင်များကို တရစပ် ကျိန်ဆဲကြတော့၏။ သို့သော်လည်း ကံကောင်းစွာဖြင့် ကျိုးဟောက်ယွီ၏ နောက်ထပ်ထွက်ပေါ်လာသော စကားကြောင့် သူတို့အားလုံး သက်ပြင်းချနိုင်သွားကြသည်။
"ငါက သူတို့ကို စိတ်မဝင်စားဘူး၊ ဒီနေ့ ငါနဲ့အတူ လိုက်ရမှာက မင်းပဲ ဖြစ်ရမယ်၊ ကဲ မင်း လိုက်မှာလား မလိုက်ဘူးလား"
ကျိုးဟောက်ယွီ၏ မျက်နှာထက်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေသော်လည်း သူ့စကားလုံးများမှာတော့ ကတုံး၏ ကျောရိုးတစ်ခုလုံးကို စိမ့်ခနဲ အေးစက်သွားစေခဲ့သည်။
"လိုက်ပါ့မယ်၊ ဒါပေါ့ ကျွန်တော် လိုက်ချင်တာပေါ့ဗျာ၊ ဒါပေမဲ့ အစ်ကိုကြီးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးမိအောင်လို့ ကျွန်တော့်ကို တွဲပေးဖို့ လူနှစ်ယောက်လောက် ခေါ်ခွင့်ပြုပါ"
ကတုံးမှ နာကျင်လွန်းသော မျက်နှာပေးဖြင့် တောင်းပန်ရှာသည်။
"မင်းက ငါ့အချိန်တွေ တန်ဖိုးရှိမှန်း သိနေတယ်ဆိုရင်လည်း မြန်မြန်လုပ်စမ်း"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ပြန်ပြောလိုက်သည်။ ကတုံးက သက်ပြင်းချလိုက်နိုင်ပြီး ကြမ်းပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော လူနှစ်ယောက်ကို လှမ်းခေါ်ကာ လမ်းပြခိုင်းတော့၏။ ကျိုးဟောက်ယွီသည် ကိုယ်တိုင် ကားမမောင်းတော့ဘဲ သူတို့ကားထဲတွင် ကတုံး၏ ဘေး၌ ဝင်ထိုင်လိုက်သည်။ ဤသည်မှာ လမ်းခရီးတွင် ထိုကောင် ဘာအကွက်မှ ထပ်မရွှေ့နိုင်ရန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ဆယ်မိနစ်ကျော်ခန့် ကားမောင်းပြီးနောက် ကားသည် ‘ညတာ ဘယ်တော့မှမကုန်’ ဟု အမည်ရသည့် ဘားတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။ ကတုံးမှ ရိုရိုသေသေဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး၊ ရွှန်းကောက အထဲမှာ ရှိပါတယ်၊ ကျွန်တော် အစ်ကိုကြီးကို ဒီအထိ ပို့ပေးပြီးပြီဆိုတော့ ကျွန်တော့်ကို ဆေးရုံသွားခွင့်ပြုပါဦးလား"
"မလောပါနဲ့ဦးကွာ၊ ငါ အဲဒီလူကို မတွေ့ရသေးဘဲနဲ့ မင်းကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ"
ကျိုးဟောက်ယွီမှ အစပိုင်းတွင် ပြုံးပြုံးလေး ပြောလိုက်သော်လည်း ရုတ်တရက် အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားကာ ရက်စက်စွာဖြင့် ပြောလိုက်သည်။
"အကယ်၍ မင်း ငါ့ကို လိမ်ရဲတာကို ငါသိလိုက်ရရင်တော့ ဆေးရုံသွားဖို့ မစဉ်းစားနဲ့တော့၊ မင်းကို သုသာန်က မီးသင်္ဂြိုဟ်စက်ဆီ တန်းတန်းမတ်မတ် ပို့ပေးလိုက်မယ်"
"မလုပ်ပါနဲ့ အစ်ကိုကြီးရယ်၊ ကျွန်တော် အစ်ကိုကြီးကို လုံးဝ မလိမ်ရဲပါဘူး"
ကတုံးမှ ကြောက်လန့်တကြား ပြန်လည် ဖြေကြားပြီးနောက် ကားတံခါးကို ကပျာကယာ ဖွင့်လှစ်ကာ အပြင်သို့ ဆင်းတော့သည်။
"ကျွန်တော် ဆေးရုံမသွားတော့ပါဘူး၊ အစ်ကိုကြီးကို ကျွန်တော်ကိုယ်တိုင် လမ်းပြပါ့မယ်"
"မြန်မြန်လုပ်စမ်း၊ ငါအလုပ်တွေ အရမ်းများနေတာ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"
ကျိုးဟောက်ယွီမှ ကတုံး၏ ဖင်ကို ခြေထောက်ဖြင့် တစ်ချက် ဆောင့်ကန်လိုက်သည်။
"အား"
ကတုံးမှာ ခြေတစ်ဖက် ကျိုးနေသဖြင့် ကားပေါ်မှ နှေးကွေးစွာ ဆင်းနေရရှာစဉ် ကျိုးဟောက်ယွီ၏ ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ အရှိန်ဖြင့် မှောက်လျက် လဲကျသွားတော့သည်။
"မင်းတို့နှစ်ယောက်ကော သူ့ကို ဝင်မတွဲပေးကြဘူးလား"
ကျိုးဟောက်ယွီမှာ ကတုံး မြေပြင်ပေါ်တွင် မနည်းထရန် ရုန်းကန်နေရသည်ကို မြင်သောအခါ ရှေ့ခန်းမှ မောင်းသူနှင့် ဘေးမှလူကို လှမ်း၍ သတိပေးလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"
ထိုလူနှစ်ဦးမှာ ကပျာကယာ ပြန်လည် ဖြေကြားပြီးနောက် ကားပေါ်မှ အမြန်ဆင်းကာ ကတုံးကို တွဲထူလျက် ဘား၏ အတွင်းပိုင်းဆီသို့ ဦးဆောင်ကာ ခေါ်သွားကြတော့သည်။ ဘား၏ အတွင်းပိုင်းသို့ ရောက်သောအခါ လူနှစ်ယောက်သည် ကတုံး၏ သနားစရာကောင်းလှသော ဖြစ်စဉ်ကို မြင်လိုက်ရသဖြင့် ချက်ချင်း တိုးကပ်လာကာ ဇဝေဇဝါဖြင့် မေးကြ၏။
"အစ်ကိုကြီးကတုံး၊ အစ်ကိုကြီး ဘာဖြစ်လာတာလဲ?"
"အဲဒါတွေ ထားလိုက်စမ်းပါ ငါ မင်းတို့ကို မေးမယ်၊ ရွှန်းကော ဒီည အပြင်မသွားဘူး မဟုတ်လား"
ကတုံးမှ တည်ငြိမ်စွာ မေးလိုက်သည်။
"မသွားပါဘူး၊ သူက သူ့ရဲ့ သီးသန့်အခန်းထဲမှာ မိန်းကလေးအချို့နဲ့ ပျော်ပါးနေပါတယ်"
"ဒါဆိုရင် တော်သေးတာပေါ့၊ မင်းတို့လည်း မင်းတို့အလုပ် မင်းတို့ သွားလုပ်ကြတော့"
ကတုံးမှ လက်တစ်ချက် ဝှေ့ယမ်းပြလိုက်ပြီး အပိုစကားများ ဆက်မပြောဝံ့တော့ဘဲ ဘား၏ နက်ရှိုင်းရာဆီသို့ အမြန်ဆုံး လျှောက်လှမ်းသွားတော့သည်။ ကျိုးဟောက်ယွီသည် အကွေ့အကောက်ပေါင်းများစွာ ရှိသော လမ်းမများကို သူ့အနောက်မှ လိုက်ပါလာခဲ့ပြီးနောက် နောက်ဆုံးတွင် ကြီးမားလှသော သီးသန့်အခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ထွားကျိုင်းလှသော လူတစ်ယောက်မှ အစောင့်အဖြစ် ရပ်နေခဲ့၏။ ကတုံး ရှေ့သို့ တိုးသွားပြီး ထိုလူ့အား စကားအနည်းငယ် ပြောလိုက်ရာ ထိုထွားကျိုင်းသောလူမှာ နောက်သို့ လှည့်ကြည့်ကာ ကျိုးဟောက်ယွီကို အံ့ဩသောမျက်ဝန်းများဖြင့် စိုက်ကြည့်တော့သည်။
"မင်းက ငါတို့လူကို ရိုက်နှက်ခဲ့ပြီးတော့မှ ဒီနေရာကိုပါ လာရဲသေးတယ်ပေါ့၊ မင်းမှာ သတ္တိတော့ ရှိသားပဲ"
ထိုလူမှ သရော်ပြုံး ပြုံးရင်း ဆိုသည်။
"စကားအပိုတွေ လျှောက်ပြောမနေနဲ့၊ တံခါးကို ဖွင့်ပြီး ငါ့ကို အထဲဝင်ခွင့်ပေးမလား ဒါမှမဟုတ် မင်းက တိုက်ခိုက်ချင်လို့ ငါက မင်းရဲ့ အလောင်းကို နင်းပြီး အထဲကို ဝင်သွားရမလား"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်သည်။ သူ့လေသံမှာ တည်ငြိမ်အေးဆေးလှသော်လည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသော အရှိန်အဝါကတော့ အလွန် ပြင်းထန်လှပေ၏။
"ငါ့အလောင်းကို နင်းပြီး ဝင်မယ် ဟုတ်လား"
ထိုလူမှာ မျက်လုံးကျဉ်းမြောင်းသွားကာ ပြောသည်။
"ငါ့ကို ဒီလောက်အထိ ရဲရဲတင်းတင်း စော်ကားရဲတဲ့လူမျိုး မတွေ့ရတာ အတော်လေး ကြာပြီပဲ"
"ဒါဆိုရင်လည်း စမ်းကြည့်လိုက်လေ"
ကျိုးဟောက်ယွီမှ ပုခုံးတစ်ချက်တွန့်ပြကာ ဂရုမစိုက်ဟန် ပြုလိုက်သည်။
"ငါက မင်းလို အသုံးမကျတဲ့ကောင်အတွက် အချိန်အပုပ်မခံချင်တာ မှန်ပေမယ့် အကယ်၍ မင်းက တုံးအလွန်းနေတယ်ဆိုရင်လည်း၊ မင်းကို ပညာပေးဖို့ ငါစိတ်မရှိပါဘူး"
"ကောင်လေး၊ မင်း တကယ် သေချင်နေပြီပဲ"
ထိုလူမှာ အော်ဟစ်လိုက်ပြီး သူ့ခြေထောက်များမှ ခွန်အားဗလများ ရုတ်တရက် ပေါက်ကွဲထွက်လာကာ၊ သဲအိတ်အရွယ်အစားခန့်ရှိသော လက်သီးကြီးတစ်ချက်မှာ ကျိုးဟောက်ယွီ၏ မျက်နှာတည့်တည့်သို့ ဝုန်းခနဲ ပြေးဝင်လာတော့သည်။
"ခွန်အားတော့ ရှိသားပဲ၊ ဒါပေမဲ့ အရမ်း နှေးလွန်းတယ်"
ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး ထိုလူ၏ တိုက်ကွက်ကို လုံးဝ ထည့်မတွက်ချေ။ ထိုထွားကျိုင်းသောလူ၏ အရှိန်အဟုန်မှာ သာမန်အားဖြင့် နှေးကွေးလှသည် မဟုတ်သော်လည်း ကျိုးဟောက်ယွီ၏ သိမ်းငှက်မျက်လုံးကျင့်စဉ်ရဲ့ ရှေ့မှောက်တွင်တော့ ဘယ်သူကိုမှ သူ့မြန်ဆန်သည်ဟု ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ကျိုးဟောက်ယွီသည် ထိုလူ၏ လက်သီးချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီးနောက် ခန္ဓာကိုယ်ကို အသာအယာ လှည့်ကာ တံတောင်ဆစ်ဖြင့် ထိုလူ၏ နံဘေးရိုးတည့်တည့်သို့ ရက်ရက်စက်စက် ဆောင့်ချပစ်လိုက်တော့သည်။
"အား"
ထိုလူသည် ကနဦးကတည်းက အလစ်အငိုက် မိသွားခဲ့ရရှာသဖြင့် နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာသွားရကာ နာကျင်လွန်းသဖြင့် အသက်ရှူသံများပင် ပြင်းထန်လာရတော့သည်။
"အခု ဘယ်သူက သေချင်နေတာလဲဆိုတာ သိပြီလား"
ကျိုးဟောက်ယွီမှ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် အနားသို့ တိုးကပ်သွားကာ ထိုလူ၏ မေးစေ့တည့်တည့်သို့ ပင့်လက်သီးဖြင့် ထိုးနှက်ပစ်လိုက်သည်။
"ခွပ်"
ပြင်းထန်လှသော အသံနှင့်အတူ ထိုလူ၏ မေးရိုးမှာ ပြုတ်ထွက်သွားရလေသည်။ အလွန်အမင်း နာကျင်လွန်းလှသဖြင့် ထိုလူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာတော့၏။ ကျိုးဟောက်ယွီမှာ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ထိုလူ၏ ဆံပင်ကို အားဖြင့် ဆွဲချုပ်ကာ အောက်သို့ အတင်းဖိချလိုက်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် မိမိခြေထောက်ကို အရှိန်အဟုန်ဖြင့် အထက်သို့ မြှောက်တင်လိုက်တော့သည်။