အခန်း ၁၃၇
Vol. 14 Ch. 137
137
"ဗုန်း"
ပြင်းထန်လှသော အသံနှင့်အတူ ထွားကျိုင်းလှသော အစောင့်လူကြီး၏ နှာခေါင်းသည် ကျိုးဟောက်ယွီ၏ ဒူးခေါင်းနှင့် အနီးကပ်ဆုံး ထိတွေ့မှု ပြုလုပ်သွားရလေတော့သည်။
"အား"
ထိုလူကြီးမှာ ပြန်လည်တုံ့ပြန်ရန် အင်အားမရှိတော့ဘဲ နာကျင်လွန်းသဖြင့် အော်ဟစ်မြည်တမ်းနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ရှာတော့ချေ။ ကျိုးဟောက်ယွီ သူ့ကို ကြမ်းပြင်ပေါ်သို့ ကန်ချပစ်လိုက်ပြီး မျက်နှာကို ခြေထောက်ဖြင့် နင်းလျက် သရော်လိုက်သည်။
"ငါက မင်းရဲ့အလောင်းကို နင်းပြီး မဝင်ချင်ပါဘူး၊ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ မင်းကပဲ သေချင်ဇောနဲ့ ဇွတ်အတင်း ပိတ်ဆို့နေတာဆိုတော့လည်း ငါ့ကို လာမပြစ်တင်နဲ့တော့"
ထိုအချိန်တွင် သီးသန့်အခန်း၏ တံခါးမှာ ဝုန်းခနဲ ပွင့်ဟသွားပြီး အပြင်ဘက်မှ ဆူညံသံများကို ကြားခဲ့ရသော ရွှန်းကောသည် အခန်းဝတွင် ရပ်လျက် ပြင်ပမှ ဖြစ်ပျက်သမျှကို အေးစက်သော မျက်ဝန်းများဖြင့် စောင့်ကြည့်နေတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရွှန်းကောမှ အေးစက်စက် မေးလိုက်သည်။ ကတုံးမှာ ကပျာကယာဖြင့် အကြောင်းစုံကို အစအဆုံး ရှင်းပြရှာ၏။ ရွှန်းကော ပြုံးလိုက်ပြီး ကျိုးဟောက်ယွီကို လက်ဟန်ပြကာ ဖိတ်ခေါ်လိုက်သည်။
"ငါ့ဆီကို သီးသန့် လာလည်တဲ့ ဧည့်သည်ပဲ၊ အထဲဝင်ပြီး အရက်တစ်ခွက်လောက် သောက်ပါဦးလား"
"ငါလည်း အဲဒီလိုပဲ စိတ်ကူးထားတာ"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်ပြီး သီးသန့်အခန်းထဲသို့ လှမ်းဝင်ခဲ့တော့သည်။ သူပညာရည်မြင့်မားပြီး သတ္တိနှင့် ပြည့်စုံသူ ဖြစ်ရာ ရွှန်းကောဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရဲခြင်းမှာ ဤဖိတ်ခေါ်မှုကို ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။ ကျိုးဟောက်ယွီ ဝင်ထိုင်ပြီးနောက် ရွှန်းကော သည် အခန်းထဲမှ အမျိုးသမီးနှစ်ဦးကို အရင်ဆုံး မောင်းထုတ်လိုက်ပြီးမှ ဆိုဖာပေါ်တွင် ဝင်ထိုင်ကာ ချီးကျူးစကား ဆိုတော့သည်။
"ဒီခေတ်လူငယ်တွေထဲကနေ သူရဲကောင်းတွေ ပေါ်ထွက်လာတယ်ဆိုတာ တကယ်ပဲ၊ မင်းက ဒီလောက်အထိ ငယ်ရွယ်သေးတာကို အခုလို ထူးချွန်တဲ့ ပညာရပ်တွေ ရှိနေတာပဲ၊ ငါ တကယ်ကို လေးစားမိပါတယ်"
"အဲဒီ အပိုစကားတွေ ပြောမနေနဲ့တော့၊ ငါ ဒီကိုလာတာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်၊ အနောက်ကနေ ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲဆိုတာ မင်းကို လာမေးတာ"
ကျိုးဟောက်ယွီမှ တိုက်ရိုက်ပင် ပြောချလိုက်သည်။ ရွှန်းကော အကျယ်ကြီး ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ညီလေးက ပွင့်လင်းတာပဲ၊ ငါလည်း မင်းကို လှည့်ပတ်မပြောတော့ပါဘူး တည့်တည့်ပဲ ပြောမယ်၊ အနောက်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာကိုတော့ ငါမင်းကို ပြောပြလို့မရဘူး၊ ဘာလို့လဲဆိုတော့ ငါတို့လောကရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်လို့မရလို့ပဲ"
"ဒါဆိုရင်လည်း ငါစကားအပိုတွေ အချိန်ကုန်မခံတော့ဘူး"
ကျိုးဟောက်ယွီမှ စကားပြောနေရင်းနှင့် ရွှန်းကောဆီသို့ တရကြမ်း ပြေးဝင်ရန် ပြင်လိုက်သည်။ သို့သော်လည်း ရွှန်းကောမှာ ဤအရာကို ကြိုတင်ခန့်မှန်းထားပုံရ၏။ သူ ခပ်ဟဟ ရယ်မောလိုက်ပြီး အိတ်ကပ်ထဲမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ ကျိုးဟောက်ယွီထံသို့ ချိန်ရွယ်လိုက်ပြီး ဆရာလုပ်သော လေသံဖြင့် ပြောလိုက်သည်။
"လူငယ်လေး စိတ်မလောနဲ့ဦး၊ ဒေါသထွက်တာက ကျန်းမာရေးအတွက်မကောင်းဘူး"
ကျိုးဟောက်ယွီသည် မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး ရွှန်းကောကို မျက်လုံးကျဉ်းမြောင်းကာ စိုက်ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"မင်းကတော့ အောင်ပွဲက မင်းလက်ထဲမှာ ရှိနေပြီလို့ ထင်နေတာပေါ"
"ဒါပေါ့၊ မဟုတ်ဘူးလား"
ရွှန်းကော ခေါင်းခါကာ ရယ်မောလိုက်သည်။
"မင်းက ဘယ်လောက်ပဲ တိုက်ခိုက်ရေးမှာ တော်တော်၊ ငါ့ရဲ့ သေနတ်တစ်ချက်အောက်မှာတင် မင်းလဲကျသွားမှာပဲ"
"ဒါဆိုရင် ငါ တစ်ခုလောက် မေးပါရစေ၊ မင်း ငါ့ကို ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"
ကျိုးဟောက်ယွီမှ တည်ငြိမ်စွာ မေးလိုက်သည်။ ရွှန်းကောသည် ကျိုးဟောက်ယွီ၏ ဤကဲ့သို့ တည်ငြိမ်လှသော အမူအရာကို အတော်လေး သဘောကျသွားပုံရသည်။ ထိုစကားကို ကြားရသည်နှင့် ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်၏။
"ငါ့မှာ မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး၊ မင်းကိုလည်း ဘာမှလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ တကယ်တော့ ငါ မင်းကို အတော်လေး သဘောကျမိတယ်၊ အကယ်၍ မင်းသာ ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ငါ မင်းကို ဒီနေရာတင် ချက်ချင်း လွှတ်ပေးမယ်၊ ငါ့ဘေးမှာပဲ နေပါ မင်းကို စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်စုံတဲ့ ဘဝမျိုး ရစေရမယ်လို့ ငါ အာမခံတယ်"
"ငါ မင်းဘေးမှာ နေရင် မင်းအနောက်က ကြိုးကိုင်တဲ့သူက မင်းကို လာပြီး ပြဿနာမရှာဘူးလား"
ကျိုးဟောက်ယွီမှ သံသယဖြင့် မေးလိုက်သည်။
"အဆိုးဆုံးဖြစ်ရင်တော့ သူ့ဆီကရထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးလိုက်ရုံပေါ့၊ ယွမ်တစ်သန်းပဲဟာ၊ မင်းရဲ့ တန်ဖိုးက အဲဒီပမာဏထက် အများကြီး ပိုသာပါတယ်လို့ ငါထင်တယ်"
ရွှန်းကောမှ ဆိုသည်။
"ငါလည်း အဲဒီလိုပဲ ထင်တာပဲ၊ ငါ့ရဲ့တန်ဖိုးက ယွမ် သိန်းတစ်သောင်းထက် အများကြီး ပိုသာတယ်လေ၊ ဒါဆိုရင် မင်းက ဘာဖြစ်လို့ ငါ့ကို သူတစ်ပါးရဲ့ လက်အောက်ငယ်သားအဖြစ် ဝင်လုပ်လိမ့်မယ်လို့ ထင်နေရတာလဲ"
ကျိုးဟောက်ယွီမှ မျက်ခုံးတစ်ချက်ပင့်ကာ သရော်လိုက်သည်။
"ကြည့်ရတာ မင်းက ရည်မှန်းချက် အတော်ကြီးတာပဲ၊ ကောင်းပြီလေ အခြေအနေက ဒီလိုဖြစ်လာမှတော့ မင်း ငါ့ကို လာမပြစ်တင်နဲ့တော့"
ရွှန်းကောမှ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ဖုန်းထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
"လူကို မိထားပြီ၊ သူက ယဲ့ဝေယန် ထဲမှာ ရှိနေတယ်"
သူ ဖုန်းချလိုက်သည်နှင့် ကျိုးဟောက်ယွီမှ ရိပ်မိသွားကာ မေးလိုက်သည်။
"မင်း အခု ဖုန်းဆက်လိုက်တာ အနောက်က ကြိုးကိုင်သူဆီကို မဟုတ်လား"
"ဟုတ်တယ်"
ရွှန်းကောမှ တုံ့ဆိုင်းမနေဘဲ ဖြေကြားပြီးနောက် ခပ်ဟဟ ရယ်မောကာ ပြောလိုက်သည်။
"မင်းက သူ ဘယ်သူလဲဆိုတာ သိချင်နေတာ မဟုတ်လား၊ ခဏနေရင် သူ့ကို တွေ့ရတော့မှာပါ"
"ဒါဆိုရင်တော့ ငါတကယ်ပဲ ကျေးဇူးတင်ရတော့မှာပဲ"
ကျိုးဟောက်ယွီမှ စားပွဲပေါ်မှ အရက်ပုလင်းကို လှမ်းယူကာ ဖန်ခွက်ထဲသို့ ငှဲ့လိုက်ပြီး ရွှန်းကောကို လှမ်းမြှောက်ပြလျက် တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ချပစ်လိုက်တော့သည်။
"ဟားဟား"
ထိုမြင်ကွင်းကို မြင်သော် ရွှန်းကောမှ ခေါင်းခါကာ ရယ်မောလိုက်သည်။ သူသည် အရင်ဆုံး မိမိ၏ ဖန်ခွက်ကို မြှောက်ကာ ကျိုးဟောက်ယွီ၏ ဖန်ခွက်နှင့် တိုက်လိုက်ပြီးနောက် သက်ပြင်းချလျက်ပြော၏။
"မင်း ငါ့ကို ကျေးဇူးတင်ဖို့က စောပါသေးတယ်၊ အဲဒီလူ ရောက်လာပြီးတဲ့နောက်ကျရင် မင်းရဲ့ ကံကြမ္မာက အတော်လေး ဆိုးရွားမသွားဖို့ပဲ ငါ မျှော်လင့်ပါတယ်"
"စိတ်မပူပါနဲ့၊ ငါငယ်ငယ်တုန်းက ဗေဒင်မေးဖူးတယ်၊ ဗေဒင်ဆရာက ပြောတယ် ငါက အသက်ရာကျော်ရှည်မှာတဲ့၊ ပြီးတော့ ပိုအရေးကြီးတာက ဘာရောဂါနဲ့ ဘေးဒုက္ခမှမရှိဘဲ ပျော်ရွှင်စရာ ဘဝကို ဖြတ်သန်းရမှာတဲ့"
ကျိုးဟောက်ယွီမီ လွတ်လပ်ပေါ့ပါးစွာဖြင့် အကျယ်ကြီး ရယ်မောလိုက်သည်။ ရွှန်းကောသည် ကျိုးဟောက်ယွီ၏ စကားကြောင့် ရယ်ချင်သွားရ၏။
"မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ၊ တကယ်ကို နှမြောဖို့ကောင်းတာပဲ အကယ်၍ မင်းသာ ငါ့နောက်ကို လိုက်ဖို့ သဘောတူခဲ့ရင် မင်း အခုလိုမျိုး မကြာခင် ကြုံတွေ့ရတော့မယ့် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး"
"တကယ်တော့ ငါလည်း မင်းကို အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိသားပဲ၊ ငါ့မှာလည်း အခုလောလောဆယ် အလုပ်အကျွေးပြုမယ့်သူ မရှိသေးဘူးလေ၊ မင်း ငါ့နောက်ကို လိုက်ဖို့ စဉ်းစားကြည့်မလား"
ကျိုးဟောက်ယွီမှ ပြုံးရင်း ပြန်မေးလိုက်သည်။
"ဟားဟားဟားဟား"
ရွှန်းကောမှ မျက်ရည်များ ဝဲတက်လာသည်အထိ အကျယ်ကြီး ရယ်မောတော့သည်။ သူသည် လက်ထဲမှ သေနတ်ကို အရင်ဆုံး အသေအချာ စစ်ဆေးလိုက်ပြီးနောက် ကျိုးဟောက်ယွီကို ရယ်ချင်စိတ်ဖြင့် မေးလိုက်၏။
"မင်း သိလား၊ ငါ့လက်ထဲက အရာက ဘာခေါ်လဲဆိုတာ"
"သေနတ်လေ၊ ကလေးတောင် သိတယ်"
ကျိုးဟောက်ယွီမှ ပုခုံးတစ်ချက်တွန့်ကာ ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
"မင်း သိနေတာပဲကို ဘာဖြစ်လို့ ဒီလောက်အထိ ငတုံးဆန်တဲ့ စကားတွေကို တရစပ် ပြောနေရတာလဲ?"
ရွှန်းကောမှ ခေါင်းခါကာ ရယ်မောသည်။
"ငါက တကယ့် ငတုံးတစ်ယောက် ဖြစ်နေလို့နေမှာပေါ့"
ကျိုးဟောက်ယွီမှ ထပ်မံ၍ ရှင်းမပြတော့ချေ။ သူတို့နှစ်ဦး သီးသန့်အခန်းထဲတွင် အကြာကြီး စောင့်ဆိုင်းမနေလိုက်ရဘဲ ချိုင်းထောက်ကို အမှီပြုလျက် သက်တော်စောင့် ရှစ်ယောက်၏ ဝန်းရံစောင့်ရှောက်မှုကို ခံယူထားသော လူငယ်တစ်ယောက်သည် အခန်းထဲသို့ လှမ်းဝင်လာခဲ့တော့သည်။ ထိုလူငယ်သည် ကျိုးဟောက်ယွီ သေနတ်ဖြင့် ချိန်ရွယ်ခြင်း ခံထားရသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အကျယ်ကြီး ရယ်မောလိုက်ပြီး ရင်ထဲမှ အမုန်းတရားများဖြင့် အော်ဟစ်တော့၏။
"မင်း နောက်ဆုံးတော့ ငါ့လက်ထဲကို ကျရောက်လာခဲ့ပြီပေါ့၊ ဒါက တကယ်ကို ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးပဲ"
"လုဟန်၊ တကယ်ကြီး မင်း ဖြစ်နေတာပဲ"
ကျိုးဟောက်ယွီမှ မျက်မှန်းကျဉ်းမြောင်းသွားကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါ့ကို အထပ်ထပ်အခါခါ ပြဿနာရှာနေတာပဲ၊ ကြည့်ရတာ အရင်တုန်းက ငါ မင်းကို ပေးခဲ့တဲ့ သင်ခန်းစာက အသည်းထဲအထိ မစွဲသေးဘူး ထင်တယ်"
"အသည်းထဲ မစွဲသေးဘူး ဟုတ်လား"
လုဟန်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ငါ့ခြေထောက်ကို ကျိုးအောင် လုပ်ခဲ့တာလေ၊ အဲဒါထက် ပိုပြီး ဘယ်လောက်အထိ အသည်းထဲ စွဲရဦးမှာလဲ"
"ခြေထောက်ကျိုးတာ ဟုတ်လား၊ အဲဒါ မင်းဘာသာမင်း အပြစ်ရှိလို့ ဖြစ်ရတာလေ၊ မင်းသာ လူတစ်ယောက်ကို လွှတ်ပြီး ငါ့ကို ကားနဲ့ တိုက်ခိုင်းမနေခဲ့ရင် ငါက မင်းခြေထောက်ကို ကျိုးအောင် လုပ်ပါ့မလား"
ကျိုးဟောက်ယွီမှ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"မင်းကို ကားနဲ့ တိုက်ခိုင်းတော့ ဘာဖြစ်လဲ၊ မင်းက သေသင့်တဲ့ကောင်ပဲ"
လုဟန်မှ ကောက်ကျစ်စွာ ပြုံးသည်။
"မင်း သိလား ငါဘာကိုအမုန်းဆုံးလဲဆိုတာ၊ အဲဒီတုန်းက မင်းကို ကားနဲ့ ထပ်ပြီး မကြိတ်ပစ်လိုက်မိတာပဲ၊ အဲဒါကြောင့်မလို့ မင်းက အသက်ရှင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရသွားတာ"
"ကြည့်ရတာ မင်းက မသေမချင်း နောင်တရမှာ မဟုတ်ဘူးပဲ"
ကျိုးဟောက်ယွီမှ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒါပေါ့၊ မင်း ငါ့ကို ဒီလောက်အထိ ဒုက္ခရောက်အောင် လုပ်ခဲ့တာ ငါအခုဆိုရင် နေ့တိုင်း မင်းကို သတ်ပစ်ဖို့ပဲ အိမ်မက်မက်နေတာ"
လုဟန့်မှ ရက်ရက်စက်စက် ဆိုသည်။ ကျိုးဟောက်ယွီ သူ့ကို အတည်ပေါက် စိုက်ကြည့်လိုက်ပြီး မေးလိုက်လေတော့၏။
"မင်းရဲ့ ခြေထောက်က ကျိုးနေတာတောင်မှ ဒီအထိ အဝေးကြီး လာပြီးတော့မှ ငါ့ကို မင်းကိုယ်တိုင် သတ်ပစ်ဖို့အထိ ကြိုးစားနေတာပေါ့"