← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

138

"မဟုတ်ဘူး"

လုဟန်မှ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"ငါက လူသတ်ရတာကို စိတ်မဝင်စားဘူး၊ ငါ ဒီကို လာခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က မင်း မသေခင်မှာ ကြောက်လန့်တုန်လှုပ်ပြီး ဘာကိုမှ အားကိုးရာမဲ့ဖြစ်နေတဲ့ မျက်နှာအမူအရာကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်လို့ပဲ"

"ဒါဆိုရင်တော့ ငါ စိတ်မကောင်းစရာ သတင်းတစ်ခု ပေးရလိမ့်မယ်၊ မင်းရဲ့ အဲဒီလို စိတ်ကူးယဉ်မှုကို ငါ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ဆိုသည်။

"စိတ်မလောပါနဲ့ဦးကွာ၊ မင်း အခုလောလောဆယ်တော့ ဇွတ်အတင်း မာန်တင်းနေနိုင်သေးတာပေါ့၊ ဒါပေမဲ့ ငါ့ကိုယုံပါ မင်း တကယ်ကြီး သေခါနီးအချိန်ကျရင် မင်းရဲ့ စိတ်ခံစားချက်တွေကို မင်း ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး၊ အဲဒီအချိန်ကျရင် မင်း စိတ်ဓာတ်တွေ အားလုံး ပြိုလဲသွားမယ် အော်ဟစ်ငိုယိုမယ်၊ ပြီးတော့ ငါ့ကို အသနားခံပြီး ကယ်ပါလို့ တောင်းပန်တိုးလျှိုးလာလိမ့်မယ်"

လုဟန်မှ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုတော့သည်။ ကျိုးဟောက်ယွီ ထိုစကားကို ကြားသောအခါ နားမလည်နိုင်ဟန်ဖြင့် ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ငါ ပြောတဲ့ မင်းရဲ့စိတ်ကူးကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတာက ငါသေခါနီးအချိန်မှာ ငါ့ရဲ့စိတ်ခံစားချက်တွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး ကြောက်လန့်တဲ့မျက်နှာကို မပြဘဲ နေမှာမလို့ မဟုတ်ဘူး၊ ငါက လုံးဝ သေမှာမဟုတ်လို့ကို ပြောတာ"

"မသေဘူး ဟုတ်လား"

လုဟန် ခေတ္တမျှ ကြောင်အမ်းသွားရသည်။ သူသည် အစပိုင်းတွင် ကျိုးဟောက်ယွီဆီသို့ ချိန်ရွယ်ထားဆဲဖြစ်သော ရွှန်း‌ကော၏ လက်ထဲမှ သေနတ်ကို ကြည့်လိုက်ပြီး ထို့နောက် မိမိ၏ ရှေ့နှင့်အနောက်တွင် ဝန်းရံထားသော သက်တော်စောင့် ရှစ်ယောက်ကိုပါ လှမ်းကြည့်လိုက်သည်။ အခြေအနေ အားလုံးမှာ ပုံမှန်အတိုင်း ရှိနေသည်ကို အသေအချာ အကဲခတ်ပြီးနောက် လုဟန် ခပ်ဟဟ ရယ်မောလိုက်ပြီး မေးလိုက်သည်။

"လက်ရှိ အခြေအနေကို ကြည့်ဦးလေ၊ မင်းအတွက် လွတ်မြောက်ရာလမ်းက ဘယ်နေရာမှာ ရှိနေလို့လဲ"

"ဟောဒီမှာလေ"

ကျိုးဟောက်ယွီ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ် အရိပ်အယောင်မှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး ရွှန်းကောဆီသို့ တရကြမ်း ပြေးဝင်သွားတော့သည်။

"သေချင်နေတာပဲ"

ရွှန်းကောသည် လောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဝါရင့်လူမိုက်တစ်ဦး ဖြစ်ရာ တိုက်ခိုက်ရေး အတွေ့အကြုံမှာ အလွန်ရင့်ကျက်လှပေသည်။ ကျိုးဟောက်ယွီ မိမိဆီသို့ တရကြမ်း ဝင်ရောက်လာသည်ကို မြင်သည်နှင့် သူသည် တုံ့ဆိုင်းမနေဘဲ သေနတ်မောင်းခလုတ်ကို ချက်ချင်း ဆွဲရန် ပြင်လိုက်တော့၏။ သို့သော်လည်း သူ မောင်းခလုတ်ကို ဆွဲရန် အားယူလိုက်သည့် ထိုတစ်ခဏ၌ပင် မိမိလက်ထဲမှ သေနတ်ကြီးမှာ အဆိပ်ပြင်းလှသော မြွေဟောက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။ သူမောင်းခလုတ် ဆွဲရန် ပြင်ထားသော လက်ညှိုးတည့်တည့်မှာ ထိုမြွေဟောက်ကြီး၏ အစွယ်များဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေခဲ့ခြင်းဖြစ်၏။

"သေစမ်း သောက်ကျိုးနည်းပဲ"

ရွှန်းကောမှာ ကြောက်လန့်လွန်းသဖြင့် ရူးသွပ်မတတ် ဖြစ်သွားကာ မိမိခန္ဓာကိုယ်ကို ရစ်ပတ်ထားသော မြွေကြီး လွတ်ထွက်သွားစေရန် လက်ကို အသည်းအသန် ရမ်းခါတော့သည်။ ထိုမြွေကြီးမှာ ဤမျှအထိ လွယ်လွယ်ကူကူနှင့် ပြုတ်ကျသွားလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။ သို့သော်လည်း သူအံ့ဩသွားရသည်မှာ ထိုမြွေကြီးမှာ တကယ်ကို တုံးအလှပေသည်။ လက်ကို တစ်ချက်မျှ ရမ်းခါလိုက်ရုံရုံဖြင့် ကြမ်းပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားခဲ့သည်။

"ဟင်"

ရွှန်းကော မျက်မှောင်ကြုတ်လျက် စဉ်းစားရကျပ်နေဆဲမှာပင် ကျိုးဟောက်ယွီ၏ တိုက်ကွက်မှာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကျိုးဟောက်ယွီ ရွှန်း‌ကော၏ ရင်ဘတ်တည့်တည့်ကို ခြေထောက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ကန်ချပစ်လိုက်ရာ ထိုလူကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့၏။

"မင်းက ဘာဖြစ်လို့ သေနတ်ကို အလကားနေရင်း လွှတ်ချပစ်လိုက်ရတာလဲ"

လုဟန်မှ ဒေါသတကြီးဖြင့် အော်ဟစ်ဆဲဆိုတော့သည်။ ရွှန်း‌ကော စောစောက မြွေကြီး ကျသွားသည့် နေရာသို့ လှမ်းကြည့်လိုက်သည့်အခါမှသာ ထိုနေရာတွင် မြွေကြီး မရှိတော့ဘဲ သူ့သေနတ်လေးသာ ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

"သေစမ်း ငါ့သေနတ်"

ရွှန်း‌ကော ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး နာကျင်မှုများကို ဂရုမစိုက်နိုင်တော့ဘဲ သေနတ်ကို ကောက်ယူရန် အသည်းအသန် လှမ်းလိုက်သည်။ သို့သော်လည်း ကျိုးဟောက်ယွီ၏ လက်မှာ ပိုမို လျင်မြန်လှသဖြင့် သေနတ်ကို အမိအရ အရင်ဆုံး ဆုပ်ကိုင်လိုက်နိုင်ပြီဖြစ်၏။

"တစ်ယောက်မှ မလှုပ်နဲ့"

ကျိုးဟောက်ယွီမှာ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး သေနတ်ကို လက်နှစ်ဖက်ဖြင့် အားကိုးတကြီး ဆုပ်ကိုင်ကာ လုဟန်၏အနားသို့ တရကြမ်း ပြေးဝင်လာကြသော သက်တော်စောင့် ရှစ်ယောက်ထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်တော့သည်။

"အစ်ကိုကြီး၊ စိတ်အေးအေးထားပါ၊ စိတ်ကို ထိန်းပါဦး"

ရှေ့ဆုံးမှ ပြေးဝင်လာသော သက်တော်စောင့်ကြီးမှာ ချက်ချင်းပင် လက်နှစ်ဖက်ကို အထက်သို့ မြှောက်ပြလိုက်ပြီး ဘာမှမလုပ်ဝံ့တော့ချေ။ အနောက်ဆုံးတွင်ရပ်နေသော လုဟန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းများ တုန်ရီသွားပြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် လှည့်ထွက်၍ ထွက်ပြေးရန် ပြင်တော့သည်။ ကျိုးဟောက်ယွီ၏ လက်ထဲတွင် သူဘယ်လိုမျိုး ဆိုးရွားလှတဲ့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သူ စိတ်ကူးပင်မယဉ်ဝံ့တော့ချေ။ သူသည် သက်တော်စောင့် ရှစ်ယောက်၏ အနောက်ကွယ်တွင် ကွယ်ဝှက်၍ ရပ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အကွယ်အကာ ရနေခဲ့သော်လည်း ကျိုးဟောက်ယွီ၏ မျက်လုံးများမှာတော့ သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ လုဟန်သည် လက်ထဲမှ ချိုင်းထောက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်ဆုံး လွတ်မြောက်ရန်အတွက်သာ ဝေးရာသို့ ပြေးထွက်ရန် ကြံစည်နေသည်ကို မြင်သော် ကျိုးဟောက်ယွီမှ ချက်ချင်းပင် ဟိန်းဟောက်လိုက်၏။

"အဲဒီနေရာတင် ရပ်လိုက်စမ်း၊ မဟုတ်ရင် ငါ သေနတ်နဲ့ ပစ်ထည့်လိုက်မယ်"

"မလုပ်ပါနဲ့ အစ်ကိုကြီးရယ်၊ ကျွန်တော် အခုပဲ ရပ်ပါ့မယ်၊ အစ်ကိုကြီး ဘာလိုချင်လဲဆိုတာသာ အမိန့်ရှိပါ"

လုဟန်မှ နာကျင်လွန်းသော မျက်နှာပေးဖြင့် ပြောဆိုရင်း ခြေထောက်များပါ အားအင်ချိနဲ့ လာရတော့သည်။ သူ ဤနေရာတွင် ဆက်ပြီး မနေချင်တော့သည်မှာ မှန်သော်လည်း သေနတ်ပြောင်းဝကိုတော့ ပိုမို၍ ကြောက်ရွံ့မိခြင်းဖြစ်၏။

"အရင်ဆုံး အထဲကို ပြန်ဝင်ခဲ့စမ်း၊ မင်းက ဒီလောက်အထိ အဝေးကြီးမှာ ရှိနေမှတော့ ငါက မင်းကို ဘယ်လိုလုပ်ပြီး စကားကောင်းကောင်း ပြောလို့ရမှာလဲ"

ကျိုးဟောက်ယွီမှ သရော်လိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော်တို့က သိပ်မဝေးပါဘူး၊ အစ်ကိုကြီးပြောတာကို ကျွန်တော် သေသေချာချာ ကြားရပါတယ်၊ ကျွန်တော့် ခြေထောက်တွေက သိပ်ပြီး အားမရှိလို့ပါ၊ အဲဒါကြောင့်မလို့ အနားကိုတော့ လာခိုင်းမနေပါနဲ့တော့"

လုဟန်မှ အသနားခံရှာသည်။

"စကားအပိုတွေ လျှောက်ပြောမနေနဲ့ ငါ မင်းကို လာခဲ့ဆိုရင် လာခဲ့စမ်း၊ မင်းက ဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင်တော့ မင်းရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်ခွဲပစ်လိုက်မယ်"

ကျိုးဟောက်ယွီမှ အေးစက်စက် ကျိန်ဆဲလိုက်သည်။ လုဟန်တစ်ယောက် ကြောက်လန့်တကြားဖြင့် နောက်သို့ တွန့်ဆုတ်သွားရပြီး ဘာစကားမှ ထပ်မပြောဝံ့တော့ဘဲ လက်ထဲမှ ချိုင်းထောက်ကို အမှီပြုလျက် ဒယိမ်းဒယိုင်ဖြင့် အနားသို့ တိုးကပ်လာခဲ့ရတော့၏။

"အစ်ကိုကြီး၊ ကျွန်တော့်ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ၊ ကျွန်တော် တကယ်ကို မှားသွားမှန်း သိပါပြီ"

လုဟန်သည် ကျိုးဟောက်ယွီ၏ ရှေ့မှောက်တွင် ရုတ်တရက် ဒူးထောက်လဲကျသွားပြီး အသည်းအသန် အသနားခံတော့သည်။

"မင်းက အခြေအနေကို တော်တော်လေး ရိပ်မိသားပဲ၊ ငါက မခိုင်းရသေးဘဲနဲ့တောင် အလိုအလျောက် ဒူးထောက်လိုက်တာပဲကိုး"

ကျိုးဟောက်ယွီ ပြုံးပြုံးလေး ပြောလိုက်ပြီး ထိုင်ချလျက် လုဟန်၏ ပါးပြင်ကို အသာအယာ ပုတ်ကာ ဆိုသည်။

"မဆိုးပါဘူး၊ တကယ်ကို မဆိုးပါဘူး၊ မင်းက သွန်သင်ရလွယ်တဲ့ ကောင်ပဲ"

"ဒါဆိုရင်လည်း အစ်ကိုကြီး ကျွန်တော် အခုလိုမျိုး လိမ္မာပါးနပ်စွာနဲ့ နာခံနေတာကို ထောက်ထားပြီးတော့မှ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး၊ နောက်နောင်ကျရင် အစ်ကိုကြီးကို ဆန့်ကျင်ဖို့ ဘယ်တော့မှ မဝံ့ရဲတော့ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်"

လုဟန်မှ သနားစရာကောင်းလှသော အမူအရာဖြင့် ဆိုသည်။

"မင်းကို တစ်ကြိမ် ခွင့်လွှတ်ပေးရမယ် ဟုတ်လား"

ကျိုးဟောက်ယွီမှ ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ငါ မင်းကို အရင်တုန်းက ခွင့်မလွှတ်ခဲ့တာလည်း မဟုတ်ဘူး၊ အခွင့်အရေးတွေ မပေးခဲ့တာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ မင်းကတော့ ငါ့ကို သတ်ပစ်ဖို့အတွက် အခွင့်အရေးရတိုင်း အထပ်ထပ်အခါခါ ကြိုးစားနေခဲ့တာပဲ၊ အကယ်၍ ငါက မင်းကို ထပ်ပြီး ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင် ငါက တကယ့် ငတုံးတစ်ယောက် ဖြစ်မသွားပေဘူးလား"

စကားပြောနေစဉ်မှာပင် ကျိုးဟောက်ယွီသည် လုဟန်ကို ဤနေရာတွင်တင် အပြတ်ရှင်းပစ်ပြီး မိမိအတွက် အနာဂတ်အန္တရာယ်ကို အမြစ်ပြတ် ချေမှုန်းပစ်ရန် အဆင်သင့် ပြင်လိုက်တော့သည်။ သို့သော်လည်း ထိုသက်တော်စောင့် ရှစ်ယောက်ထဲမှ အနောက်ဆုံးတွင် ရပ်နေခဲ့သော မျက်မှန်နှင့် လူတစ်ယောက်သည် ရုတ်တရက် မိမိ၏ မျက်မှန်ကို ချွတ်ပစ်လိုက်ပြီး သူ့မျက်ဝန်းများမှ လျှပ်စီးကဲ့သို့ စူးရှလှသော အလင်းတန်းများ ဖြာထွက်လျက် ကျိုးဟောက်ယွီဆီသို့ တရကြမ်း ပြေးဝင်လာတော့၏။

"ဟင်"

ကျိုးဟောက်ယွီသည် မိမိ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကိုသာ အာရုံရလိုက်ပြီး ထို့နောက်တွင်တော့ သူ့ဦးခေါင်းတစ်ခုလုံး ဝေဝါးသွားရတော့သည်။ ထိုတစ်ခဏအတွင်းမှာပင် သက်တော်စောင့် ရှစ်ယောက်စလုံးသည် ကျိုးဟောက်ယွီဆီသို့ ရူးသွပ်မတတ် တရကြမ်း ပြေးဝင်လာကြတော့၏။ ရှေ့ဆုံးမှ ပြေးဝင်လာသော၊ ကျိုးဟောက်ယွီနှင့် အနီးဆုံးနေရာတွင် ရှိနေသော သက်တော်စောင့်ကြီးသည် ကျိုးဟောက်ယွီ အာရုံစိုက်မှု ခေတ္တမျှ လွတ်ထွက်သွားခိုက်ကို အမိအရ အခွင့်ကောင်းယူကာ သေနတ်ကို ကိုင်ဆောင်ထားသော သူ့လက်ကောက်ဝတ်ကို ခြေထောက်ဖြင့် လျင်မြန်ဖြတ်လတ်စွာ ကန်ချပစ်လိုက်သည်။

"အား"

ကျိုးဟောက်ယွီ၏ လက်ကောက်ဝတ်မှာ ပြင်းထန်စွာ ကန်ကျောက်ခြင်း ခံလိုက်ရသဖြင့် သူသည် နာကျင်လွန်း၍ ချက်ချင်းပင် အသက်ရှူသံများ ပြင်းထန်သွားရတော့သည်။ သူ့လက်ထဲမှ သေနတ်မှာမူ ထိန်းချုပ်မှု ကင်းမဲ့သွားကာ သီးသန့်အခန်း၏ ထောင့်စွန်းတစ်နေရာဆီသို့ လွင့်ထွက်သွားရလေတော့၏။

"သခင်လေးလု အမြန်ပြေးတော့"

သက်တော်စောင့်မှ အော်ဟစ်လိုက်ပြီးနောက် ကျိုးဟောက်ယွီဆီသို့ ရူးသွပ်မတတ် တရကြမ်း ဝင်ရောက်တိုက်ခိုက်တော့ရာ ကျိုးဟောက်ယွီမှာလည်း လုဟန်ကို အာရုံမစိုက်နိုင်တော့ဘဲ ထိုသူကိုသာ ပြန်လည်ရင်ဆိုင်ရတော့သည်။

"မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်ကွာ၊ ငါတို့ ပြန်ရောက်တဲ့အခါကျရင် အားလုံးကို ဆုကြေးငွေအပြင် အပိုငွေတွေပါ အများကြီး ပေးဦးမယ်"

လုဟန်သည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားပြီး သူတို့ကို ကျေးဇူးတင်စကား ဆိုရင်း အသည်းအသန် အနောက်သို့ ဆုတ်ခွာကာ ထွက်ပြေးတော့သည်။ သူ့ခြေထောက်များမှာ အားအင်ချိနဲ့နေသဖြင့် လမ်းလျှောက်ရသည်မှာ အလွန် ခက်ခဲလှသော်လည်း ယခုအချိန်တွင်တော့ အသက်ရှင်ခွင့် ရလိုက်ရုံမျှဖြင့် ကျေးဇူးတင်မဆုံး ဖြစ်နေရရှာသဖြင့် မည်သည့် အခက်အခဲကိုမှ ဂရုမစိုက်နိုင်တော့ချေ။ အကယ်၍ သူ့ခြေထောက်နှစ်ဖက်စလုံးမှာ ပေါင်မှစပြီး ကျိုးအက်သွားခဲ့မည်ဆိုလျှင်ပင် လုဟန်သည် အပြင်သို့ ရောက်အောင် အသည်းအသန် တွားသွားလိမ့်မည် ဖြစ်ရုံမျှမက ယခုကဲ့သို့ အားအင်ချိနဲ့နေရုံမျှကိုတော့ အမှုထားမည် မဟုတ်ပေ။

"မင်းတို့လို အသုံးမကျတဲ့ကောင်တွေ၊ တကယ်ပဲ သေချင်နေကြတာပဲ"

ကျိုးဟောက်ယွီသည် အလွန်အမင်း ဒေါသထွက်သွားရသည်။ သူသည် လုဟန်ကို အမြစ်ပြတ် ချေမှုန်းပစ်ရန်အတွက် အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ပြီး ဖြစ်သော်လည်း ထိုဘာမဟုတ်သော သာမန်သက်တော်စောင့်မှာ သူ့၏ အစီအစဉ်ကို ဖျက်ဆီးပစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

"မင်း တစ်ယောက်တည်းပဲ သေရမှာပါ"

ရှေ့ဆုံးမှ သက်တော်စောင့်မှာ သရော်လိုက်သည်။ ယခုအခါတွင် ကျိုးဟောက်ယွီ၏ လက်ထဲတွင် သေနတ်လည်း မရှိတော့သလို လုဟန်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားနိုင်ခြင်း မရှိတော့ရာ သူတို့ ရှစ်ယောက်စလုံး ပြိုင်တူ ပူးပေါင်းလိုက်မည်ဆိုပါက မည်သည့်ရန်သူကိုမဆို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိနေကြခြင်းဖြစ်သည်။

"ငါ့လမ်းကနေ ဖယ်စမ်း"

ကျိုးဟောက်ယွီသည် အစပိုင်းတွင် ထိုသက်တော်စောင့်၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီးနောက် အော်ဟစ်လျက် သူ့ရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့် ရက်ရက်စက်စက် ထိုးနှက်ပစ်လိုက်တော့သည်။

"ဗုန်း"

ခပ်အုပ်အုပ် အသံတစ်ချက် ထွက်ပေါ်လာသည်။ သက်တော်စောင့် ဝုယွီလုံ သည် အရှိန်ကြောင့် နောက်သို့ နှစ်လှမ်း၊ သုံးလှမ်းမျှ ဒယိမ်းဒယိုင်ဖြင့် ဆုတ်ခွာသွားရသော်လည်း သူ့ခန္ဓာကိုယ်တွင်တော့ ဘာဒဏ်ရာမှ မရရှိဘဲ ဘေးကင်းကင်း ရှိနေဆဲပင် ဖြစ်လေသည်။

All Chapters