အခန်း ၁၃၉
Vol. 14 Ch. 139
139
"မင်းရဲ့ လက်သီးက ပျော့လှချည်လား၊ ထမင်းမစားခဲ့ရဘူးလား"
ဝုယွီလုံမှ သူ့ရင်ဘတ်ကို ခပ်ပေါ့ပေါ့ပင် ပြန်ပုတ်ပြရင်း ဘာမှမဖြစ်သကဲ့သို့ ဆိုလာသည်။
"တောက်၊ ဒီကောင်ရဲ့ ခံနိုင်ရည်ကတော့ တကယ့်ကို အံ့ဩစရာပဲ"
ကျိုးဟောက်ယွီမှ စိတ်ထဲကနေ ခပ်တိုးတိုး ကျိန်ဆဲလိုက်မိသည်။ သူ့မှာ ထပ်မံ၍ တွေးတောနေဖို့ အချိန်မရလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ဘေးဘီမှ တိုက်ကွက်များမှာ တစ်ခုပြီးတစ်ခု တရစပ် ပြေးဝင်လာသောကြောင့်ဖြစ်၏။ အတိတ်က ကြုံတွေ့ခဲ့ရသော တိုက်ပွဲအတွေ့အကြုံများအရ ကျိုးဟောက်ယွီသည် အမြဲတမ်း လိုက်လံတိမ်းရှောင်နေ၍ မဖြစ်မှန်း ကောင်းကောင်း သဘောပေါက်ထားသည်။ ထို့ကြောင့် သူသည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ မိမိ၏ ညာဘက်လက်ညှိုးကို ကောင်းကင်ယံသို့ ထိုးမြှောက်လျက် အားမာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်တော့သည်။
"ဓားပေါင်းသောင်းခြောက်ထောင် ကနဦးသို့ ပြန်လည်ခြင်း"
"သေစမ်း၊ ဒီကောင်ကတော့ တကယ့် ငတုံးပဲ"
ဝုယွီလုံမှ အထင်သေးစွာ နှာခေါင်းရှုံ့သည်။ ကျန်ရှိနေသော သက်တော်စောင့်များထဲမှ သုံးယောက်မှာ သရော်ပြုံး ပြုံးလိုက်ကြပြီး နှစ်ယောက်မှာ နှုတ်ခမ်းကို မဲ့လိုက်ကြကာ တစ်ယောက်မှာမူ အကျယ်ကြီးပင် ရယ်မောပစ်လိုက်တော့၏။ ထိုလူအုပ်ထဲတွင် တစ်ဦးတည်းသော မျက်နှာအမူအရာမပျက်ဘဲ တည်ငြိမ်နေသူမှာ စောစောက အလစ်ဝင်တိုက်ခဲ့သည့် သာမန်ရုပ်ရည်ရှိသော မျက်မှန်နှင့် လူသားသာ ဖြစ်သည်။
"မင်းတို့အားလုံး သေပေဦးတော့"
ကျိုးဟောက်ယွီမှ မာန်မာနအပြည့်ဖြင့် အော်ဟစ်လိုက်သည်။ ချက်ချင်းပင် ဝုယွီလုံ၏ မျက်ဝန်းများထဲတွင် ကြောက်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားရတော့၏။
" ဒါ ဒါက ဘာကြီးလဲ၊ ဓားတွေကလည်း အများကြီးပဲ"
"တောက်၊ ဒီမှာ အနည်းဆုံး ဓားအလက်ပေါင်း ရှစ်ထောင်၊ တစ်သောင်းလောက် ရှိနေတာပဲ၊ ငါတို့က ဒါကို ဘယ်လိုလုပ်ပြီး ရှောင်ရမှာလဲ"
"တကယ်ကြီး 'ဓားပေါင်းသောင်းခြောက်ထောင် ကနဦးသို့ ပြန်လည်ခြင်း' ဖြစ်လာတာလား၊ တကယ်ပဲ ဒီလောက်အထိ ဆန်းကြယ်လွန်းတာလား"
ထိုသက်တော်စောင့် ရှစ်ယောက်ထဲတွင် မျက်နှာအမူအရာမပျက် တည်ငြိမ်နေသော မျက်မှန်နှင့်လူမှအပ ကျန်တဲ့လူများ၏ မျက်နှာထက်တွင် ကြောက်လန့်တုန်လှုပ်မှုနှင့် အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်သွားရတော့သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ယံထက်မှ ဓားအလက်ပေါင်း သောင်းချီ၍ မိုးရွာသကဲ့သို့ တရစပ် ကျရောက်လာသည်ကို မြင်တွေ့ရသည့်အခါ မည်သူမှ တည်ငြိမ်နေနိုင်လိမ့်မည် မဟုတ်ပေ။
"ဒါက မျက်လှည့်ပြကွက်သက်သက်ပဲ၊ အားလုံးက အတုတွေ စိတ်အေးအေးထားကြစမ်း"
မျက်မှန်နှင့်လူမှ အကျယ်ကြီး အော်ဟစ်လိုက်ပြီး မိမိ၏ ရဲဘော်ရဲဘက် ခုနစ်ယောက်ကို သတိပေးလိုက်တော့သည်။
"မင်းက တကယ့် မြုပ်နေတဲ့ ပညာရှင်တစ်ယောက်ဆိုတာ ငါ သိနေသားပဲ"
ကျိုးဟောက်ယွီသည် စောစောက အလစ်ဝင်တိုက်ခြင်း ခံရကတည်းက ထိုမျက်မှန်နှင့်လူကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ကျန်ရှိနေသော လူခုနစ်ယောက်လုံး ဝေဝေဝါးဝါး ဖြစ်သွားခိုက် ကျိုးဟောက်ယွီသည် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ခန္ဓာကိုယ်၏ အရှိန်အဟုန်ကို အစွမ်းကုန်မြှင့်တင်လျက် ထိုမျက်မှန်နှင့်လူဆီသို့ တရကြမ်း ပြေးဝင်သွားတော့သည်။
"အမြန်လာပြီး ငါ့ကို ကူကြဦး"
ပိုင်ရှင်းယွီသည် မိမိတစ်ယောက်တည်းဖြင့် ကျိုးဟောက်ယွီကို ရင်ဆိုင်ရန် ယုံကြည်မှုမရှိချေ။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး မိမိ၏ ရဲဘော်ရဲဘက်များ အမြန်ဆုံး အသိပြန်ဝင်လာကာ ကျိုးဟောက်ယွီကို အတူတကွ ပူးပေါင်းတိုက်ခိုက်နိုင်ရန် မျှော်လင့်နေမိသည်။
"ငကြောက်ပဲ"
ကျိုးဟောက်ယွီမှ အထင်သေးစွာ သရော်လိုက်သည်။ ပိုင်ရှင်းယွီ အနောက်သို့ ဆုတ်ခွာသွားပြီးနောက် ကျိုးဟောက်ယွီသည် သူ့ကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။ သူသည် ပိုင်ရှင်းယွီ ဆုတ်ခွာသွားသဖြင့် ပေါ်ထွက်လာသော လမ်းကြောင်းအတိုင်း သီးသန့်အခန်း၏ အပြင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့တော့သည်။ ကျိုးဟောက်ယွီသည် လုဟန်၏အနောက်သို့ လိုက်လံဖမ်းဆီးချင်သော်လည်း ဘား၏ အဝင်ဝအထိ အပြေးအလွှား လိုက်လံရှာဖွေခဲ့သော်လည်း လုဟန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
"သူ့ရဲ့ ခြေထောက်ဒဏ်ရာနဲ့ဆိုရင် ဒီလောက်အထိ မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်စရာ အကြောင်းမရှိဘူး၊ သူ ဘားရဲ့ တစ်နေရာရာမှာ ပုန်းနေတာ သေချာတယ်"
ကျိုးဟောက်ယွီ၏ မျက်စိမှာ လျင်မြန်စွာ လည်ပတ်သွားပြီး အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော်လည်း ဤဘားကြီးမှာ အလွန်ကျယ်ဝန်းလှသဖြင့် သူသည် အခန်းတိုင်းကို လိုက်လံရှာဖွေနေရန် အချိန်မရှိချေ။ ထို့အပြင် သူ့အနောက်မှ သက်တော်စောင့် ရှစ်ယောက်စလုံးမှာလည်း အမှီလိုက်လံ ဖမ်းဆီးနေကြပြီဖြစ်သည်။ ကျိုးဟောက်ယွီသည် ထိုလူများကို ကြောက်ရွံ့နေခြင်း မဟုတ်သော်လည်း လုဟန် ထွက်ပြေးသွားပြီးနောက်တွင်တော့ ဤတိုက်ပွဲမှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပေ။ အကယ်၍ သူအသေအလဲ တိုက်ခိုက်ပြီး အနိုင်ရရှိခဲ့လျှင်ပင် ဘာထူးခြားမှု ရှိလာတော့မှာမလို့လဲ။ ထို့ကြောင့် ကျိုးဟောက်ယွီသည် ရိုးရိုးရှင်းရှင်းပင် လွတ်မြောက်ရာလမ်းဆီသို့ အပြေးအလွှား ထွက်ခွာခဲ့တော့သည်။ သူသည် လမ်းနှစ်ခုစာခန့်အထိ အားကုန်ပြေးခဲ့ပြီးနောက် အနောက်မှ လူများအားလုံး ကင်းကွာသွားပြီ ဖြစ်ကြောင်း အသေအချာ အကဲခတ်မိသည့်အခါမှသာ အငှားကားတစ်စီးကို တား၍ အိမ်သို့ ပြန်ခဲ့တော့သည်။ အိမ်တံခါးကို ဖွင့်လှစ်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် မဆဲဘဲ မနေနိုင်တော့ပေ။
"သေစမ်း၊ ငါ မနည်း ရှာထားရတဲ့ ယွမ်တစ်သိန်း လေးကိုတောင်မှ နည်းနည်းပါးပါး ချန်မထားခဲ့ကြဘူးပေါ့"
သူသည် ထိုယွမ်တစ်သိန်းကို အိမ်ရှိ ကုတင်ပေါ်တွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် ရက်အနည်းငယ်ကြာမှ ဘဏ်တွင် သွားရောက် အပ်နှံရန် စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။ မိမိ၏ အိမ်ထဲသို့ အဓမ္မဝင်ရောက်လာခဲ့သော ထိုလူမိုက်အုပ်စုမှာ အိမ်တွင်းရှိ ပစ္စည်းအားလုံးကို မွှေနှောက်ရုံတင်မကဘဲ ထိုငွေများကိုပါ အကုန်အစင် ခိုးယူသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"တောက်၊ ဒီအိမ်ကတော့ ဆက်နေလို့ မဖြစ်တော့ဘူး၊ ငါ အမြန်ဆုံး ပြောင်းရမယ်"
အခြေအနေကို အသေအချာ စဉ်းစားသုံးသပ်ပြီးနောက် ကျိုးဟောက်ယွီသည် အန္တရာယ်ရှိသော အခြေအနေများကို ရှောင်ရှားရန်အတွက် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ကာ ပစ္စည်းများကို ကပျာကယာ သိမ်းဆည်းပြီး ထွက်ခွာခဲ့တော့သည်။ သူသည် မိမိ၏ ကားကိုမောင်းနှင်ကာ သာမန်ဟိုတယ်အသေးလေးတစ်ခုကို ရှာဖွေပြီး အခန်းတစ်ခန်း ငှားရမ်းလိုက်၏။ ရေမိုးအမြန်ချိုးပြီးနောက် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် ကျင့်စဉ် ကို ချက်ချင်းပင် လေ့ကျင့်တော့သည်။ သူ ငှားရမ်းလိုက်သော အခန်းလေးမှာမူ ပြတင်းပေါက်တစ်ခုပင် မရှိသော အခန်းကျဉ်းလေး ဖြစ်၏။ နောက်တစ်နေ့ မနက်ခင်းတွင် ကျင့်စဉ်လေ့ကျင့်ခြင်း ပြီးဆုံးသွားသည့်အခါ ကျိုးဟောက်ယွီ မျက်လုံးကို ဖွင့်လိုက်ရာ အခန်းတွင်း၌ အနည်းငယ် မှောင်မိုက်နေသည်ကို သတိပြုမိလိုက်သည်။ သူ ခေတ္တမျှ ကြောင်အမ်းသွားပြီး တွေးလိုက်သည်။
"တစ်ခုခုတော့ မဟုတ်တော့ဘူး"
ဤနေရာက မိမိ၏ အိမ်မဟုတ်မှန်း သတိရသွားသည့်အခါ သက်ပြင်းချလျက် ဆိုသည်။
"သေစမ်း၊ အခုဆိုရင် ငါက အိမ်ခြေမဲ့ ဖြစ်သွားပြီပေါ့၊ လက်ထဲမှာလည်း ပိုက်ဆံ နည်းနည်းပဲ ကျန်တော့တယ်၊ အိမ်ငှားခအတွက် မပြောနဲ့ဦး၊ ဒီနေ့ည ဟိုတယ်ခအတွက်တောင်မှ ပြဿနာရှိနေပြီ"
သူသည် သောကများ ပြည့်နှက်နေသော မျက်နှာပေးဖြင့် အခန်းထဲမှ ထွက်ခွာခဲ့ပြီးနောက် ချက်ချင်းပင် မိမိ၏ ဒီဒီကို ဖွင့်လှစ်ကာ အလုပ်စလုပ်တော့သည်။ သူ့မှာ တခြားရွေးချယ်စရာ လမ်းမရှိတော့ချေ။ လက်ရှိ ဖိအားမှာ အလွန်ကြီးမားလှသဖြင့် အကယ်၍ သူအမြန်ဆုံး ပိုက်ဆံမရှာနိုင်ခဲ့ပါက နောက်ရက်များတွင် ထမင်းဖိုးပင် ရှိတော့မည် မဟုတ်ပေ။ သူ အငှားကားအော်ဒါ တစ်ခုမျှပင် လက်မခံရသေးခင်မှာပင် ကျိုးဟောက်ယွီဆီသို့ ဝေ့ရှီယုထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်ရှိလာခဲ့သည်။
"ငါ ဒီနေ့ မင်းနဲ့အတူ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူးနော်၊ ငါ ထမင်းဖိုးအတွက် ပိုက်ဆံရအောင် အသည်းအသန် အလုပ်လုပ်ရဦးမယ်"
ဝေ့ရှီယု စကားမပြောရသေးခင်မှာပင် ကျိုးဟောက်ယွီမှ ဦးအောင် ပြောချလိုက်သည်။
"ထမင်းဖိုးအတွက် ပိုက်ဆံရှာရမယ် ဟုတ်လား"
ဝေ့ရှီယု ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မကျေမနပ်ဖြင့် ပြောဆိုတော့သည်။
"နင် ငါနဲ့အတူ အဖော်မလုပ်ချင်ဘူးဆိုရင်လည်း အမှန်အတိုင်း ပြောပါလား၊ ငါက နင့်ရဲ့ အလိုကို လိုက်ဖို့ ဇွတ်အတင်း ကြိုးစားနေတာမှ မဟုတ်တာ၊ ဘာဖြစ်လို့ ဒီလိုမျိုး အဆင်မပြေတဲ့ ဆင်ခြေတွေကို လျှောက်ပြောနေရတာလဲ"
"တကယ်ပြောတာပါ ငါမင်းကို မလိမ်ပါဘူး၊ ငါ အခု အိမ်ခြေမဲ့ ဖြစ်သွားပြီ၊ အရင်တုန်းက ငါရှာထားရတဲ့ ပိုက်ဆံတွေလည်း တကယ်ပဲ ပျောက်ကုန်ပြီလေ၊ လက်ထဲမှာ ပိုက်ဆံ နည်းနည်းပဲ ကျန်တော့လို့ ဒီနေ့ည ဟိုတယ်ခအတွက်တောင် မလောက်တော့ဘူး"
ကျိုးဟောက်ယွီမှ ခါးသီးသော အပြုံးတစ်ခုဖြင့် ဆိုရှာသည်။ သူသည် မိမိ၏ သနားစရာကောင်းလှသော ဖြစ်စဥ်ကို သူတစ်ပါးထံသို့ အသိပေးပြီး ကရုဏာသက်မှုကို မခံယူချင်ပေ။ မိမိ၏ ဒဏ်ရာများကို ဆိတ်ငြိမ်ရာ အရပ်တွင်သာ တိတ်တဆိတ် ကုစားချင်ခြင်းဖြစ်သည်။ သို့သော်လည်း အကယ်၍ သူအမှန်အတိုင်း မပြောပြခဲ့ပါက ဝေ့ရှီယုမှာ မိမိကို လိမ်ညာနေသည်ဟု အထင်လွဲသွားမည်ကို စိုးရိမ်မိပြန်၏။ ထို့ကြောင့် ကျိုးဟောက်ယွီမှာ အခြေအနေမှန်ကိုသာ ရိုးရိုးသားသား ပြောပြလိုက်ရတော့သည်။
"နင် အရင်တုန်းက ရှာထားတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပျောက်သွားတာလား"
ဝေ့ရှီယုသည် ကျိုးဟောက်ယွီ ပြောပြခဲ့သော အခြားအကြောင်းအရာများကို အာရုံမစိုက်တော့ဘဲ အဓိကသော့ချက်တစ်ခုကိုသာ စူးစူးရှရှ ရိပ်မိသွားသည်။
"အာ ဘာဖြစ်လို့လဲ"
ကျိုးဟောက်ယွီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ ဝေ့ရှီယု ထိုစကားကို ကြားသောအခါ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ပြောလိုက်၏။
"နင် တစ်ခါတုန်းက ငါ့ကို ပြောခဲ့တယ်လေ၊ နင့်မှာ ပိုက်ဆံရှိလို့ ငါ့ကို ပြန်ဆပ်ချင်ပါတယ်ဆိုပြီးတော့ အခုကျတော့လည်း ဘာအကြောင်းပြချက်မှ မရှိဘဲ ပိုက်ဆံတွေ ပျောက်ဆုံးသွားပြီလို့ ပြောနေပြန်ပြီ၊ နင် ငါ့ကို အကျိုးအကြောင်း ရှင်းပြဖို့ မလိုတော့ဘူးလား"
"အဲဒါကတော့ ဟို ဒီပိုက်ဆံနှစ်ခုက တကယ်တော့ ဘာမှ မသက်ဆိုင်ပါဘူး"
ကျိုးဟောက်ယွီမှ အနေရခက်စွာဖြင့် ဆိုရှာသည်။
"ကောင်းပြီလေ၊ အဲဒီအကြောင်းတွေ ထားလိုက်ပါတော့"
ဝေ့ရှီယုမှ ထိုအကြောင်းအရာကို ထပ်မံ၍ အစောတလျင် မမေးတော့ဘဲ အနည်းငယ် စိုးရိမ်ပူပန်သော လေသံဖြင့် မေးမြန်းတော့သည်။
"နင် အခုအိမ်ခြေမဲ့ ဖြစ်သွားပြီလို့ ပြောတယ်လေ၊ ဘာတွေ ဖြစ်ခဲ့လို့လဲ"
"တကယ်တော့ ဘာမှ အထွေအထူး မဟုတ်ပါဘူး၊ လူတစ်ယောက်က ငါ့ကို အမြဲတမ်း လိုက်ပြီး ပြဿနာရှာနေလို့၊ ငါ တခြားနေရာတစ်ခုကို အမြန်ဆုံး ပြောင်းလိုက်ရတာပါ"
ကျိုးဟောက်ယွီမှ ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။
"လူတစ်ယောက်က နင့်ကို ပြဿနာရှာနေတယ် ဟုတ်လား၊ ဒါဆိုရင် ဘာဖြစ်လို့ ငါ့အိမ်မှာ လာမနေတာလဲ"
ဝေ့ရှီယုမှ စိုးရိမ်စိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်ပြီးနောက် ကျိုးဟောက်ယွီ အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် ကပျာကယာ ပြန်လည် ရှင်းပြတော့သည်။
"နင်လည်း သိတာပဲ၊ ငါ့ရဲ့ ဗီလာအိမ်ကြီးက အရမ်းကျယ်ပြီး အထဲမှာ အလကားပစ်ထားတဲ့ အခန်းတွေ အများကြီး ရှိနေတာ၊ ဘာပဲဖြစ်ဖြစ် အဲဒီအခန်းတွေက ဒီအတိုင်းပဲ ရှိနေမှာဆိုတော့ နင့်ကို လာနေခွင့်ပြုလိုက်တာက အဲဒီအခန်းတွေကို အကျိုးရှိရှိ အသုံးချရာ ရောက်တာပေါ့၊ ငါ ဘာကို ဆိုလိုလဲဆိုတာ နင် သဘောပေါက်တယ် မဟုတ်လား"
"မလုပ်ပါနဲ့တော့"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
"ငါ့ကို အခန်းလွတ်တွေ ပေးနေတာက အသုံးချရာ ရောက်တာ ဟုတ်လား၊ အကယ်၍ ငါက တကယ်ကြီး မင်းအိမ်ကို ပြောင်း နေလိုက်မယ်ဆိုရင် ငါက တကယ့်ကို အသုံးမကျတဲ့လူတစ်ယောက် ဖြစ်မသွားပေဘူးလား"
"အို၊ ငါက အဲဒီလို ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး"
ဝေ့ရှီယုမှ အသည်းအသန် ငြင်းဆိုလိုက်ပြီး ဉာဏ်ဆင်ကာ ချက်ချင်း ပြန်လည် ရှင်းပြသည်။
"တကယ်တော့ ငါဆိုလိုတာက နင့်ကို ငါ့ရဲ့ သက်တော်စောင့်အဖြစ် ငှားချင်လို့ပါ၊ အဲဒီလိုဆိုရင်တော့ နင် ငါ့အိမ်မှာ နေတာက တကယ့်ကို ပုံမှန်အတိုင်း ဖြစ်သွားပြီ မဟုတ်လား"
"မင်းရဲ့ သက်တော်စောင့် လုပ်ရမယ် ဟုတ်လား"
ကျိုးဟောက်ယွီ ခေတ္တမျှ ကြောင်အမ်းသွားပြီး အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်လေတော့သည်။
"မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး သက်တော်စောင့် လိုချင်သွားရတာလဲ"