အခန်း ၁၄၈
Vol. 15 Ch. 148
148
"မမျှော်လင့်တဲ့ ကိစ္စတစ်ခု ပေါ်လာလို့ ငါ လမ်းမှာ ကြာသွားတာပါ၊ ဒါက ငါလည်း မတတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားလို့ မင်းဆီကို ဖုန်းဆက်ပြီး အကြောင်းမကြားနိုင်ခဲ့တာ"
ကျိုးဟောက်ယွီမှ လေသံအေးအေးလေးဖြင့် ရှင်းပြရှာသည်။
"ရပါတယ် ရှင်းပြမနေပါနဲ့တော့၊ ဒီနေ့လည်း နင့်ဘာသာနင် ဆက်ပြီးတော့ပဲ ခွင့်ရက်ယူထားလိုက်ပါဦး"
ဝေ့ရှီယု ခပ်အေးအေးပင် ပြောဆိုပြီးနောက် ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။ သူမသည် မနေ့ညက တစ်ညလုံး လုံးဝ အိပ်မပျော်ခဲ့သဖြင့် အဆုံးစွန်အထိ ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်၏။ ယခုအခါ ကျိုးဟောက်ယွီ၏ အသံကို ကြားလိုက်ရသည့်အခါမှသာ သူမ၏ တင်းမာနေသော စိတ်အာရုံများမှ လျော့ကျသွားခဲ့ပြီး၊ အိပ်ချင်စိတ်များမှာ သူမခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။ ဖုန်းချပြီး ငါးစက္ကန့်မျှပင် မကြာလိုက်ဘဲ သူမသည် ကုတင်ပေါ်သို့ လဲလျောင်းလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရရှာ၏။
"တူ တူ တူ"
ကျိုးဟောက်ယွီ၏ ဖုန်းဆီမှနေ၍ ရင်းနှီးလှသော ဖုန်းလိုင်းမအားသည့် အသံ ထွက်ပေါ်လာသည့် အခါတွင်မူ သူခပ်ဟဟ ရယ်မောလိုက်ပြီး စိတ်ထဲတွင် ဘာမှ အာရုံမထားတော့ချေ။ သူ့မှာ သူမ၏ ယခုကဲ့သို့ ဖုန်းအမြန်ချပစ်တတ်သော အကျင့်ကို ကောင်းကောင်းကြီး အသားကျနေပြီ မဟုတ်ပါလား။ သူသည် မိမိ၏ ဖုန်းထဲမှ ဒီဲဒီစနစ်ကို ဖွင့်လှစ်လိုက်ပြီးနောက် လုပ်ငန်းခွင်ထဲသို့ ပြန်လည်ဝင်ရောက်ကာ ကားဆက်လက်မောင်းနှင်နေခဲ့သည်။ တစ်နေ့တာလုံး အလုပ်လုပ်ကိုင်ရင်းနှင့် သာမန် ခရီးသည် ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ပို့ဆောင်ပေးပြီးနောက် သူ၏ WeChat ဆီမှနေ၍ လင်းချန်ချန်ထံမှ ပေးပို့လာသော စာတစ်စောင် ရောက်ရှိလာခဲ့သည်။
"ကျွန်မ အလုပ်ကိစ္စ ခရီးစဉ်ကနေ ပြန်ရောက်ပြီအခု လေဆိပ်ကို ရောက်နေတာ၊ ရှင် ကျွန််မကို လာကြိုဖို့ အချိန်အားလား"
"အခုချက်ချင်း လာခဲ့မယ်"
ကျိုးဟောက်ယွီမှာ ထိုစကားလုံး သုံးခွန်းကို ကပျာကယာ ပြန်လည်စာရိုက်လိုက်ပြီးနောက် မိမိ၏ အလုပ်များကိုပင် လုံးဝ မေ့လျော့လျက်၊ စတီယာရင်ကို အရှိန်အဟုန်ဖြင့် လှည့်ကာ လေဆိပ်ရှိရာဆီသို့ ဦးတည်မောင်းနှင်ခဲ့တော့၏။ သူသည် ကားကို အလွန်အမင်း မြန်ဆန်စွာ မောင်းနှင်ခဲ့ပြီး အကွာအဝေးမှာလည်း သိပ်မဝေးလှသဖြင့်၊ ကျိုးဟောက်ယွီသည် မိနစ်ပိုင်းမျှအတွင်းမှာတင် လေဆိပ်သို့ ရောက်ရှိသွားခဲ့ရသည်။ လင်းချန်ချန်သည် ကျိုးဟောက်ယွီကို မြင်တွေ့လိုက်ရသည့်အခါ သူမရင်ထဲတွင် အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်သွားရပြီး မအောင့်နိုင်ဘဲ အရှေ့သို့ တရကြမ်း ပြေးဝင်ကာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့၏။
"ရှင် လာတာ တကယ့်ကို မြန်လှချေလား၊ ကျွန်မကတော့ အနည်းဆုံး မိနစ်သုံးဆယ်လောက် စောင့်ရဦးမယ်လို့ ထင်နေတာ"
လင်းချန်ချန်မှ အံ့ဩဝမ်းသာစွာဖြင့် ပြောသည်။
"ငါ မင်းကို အရမ်းလွမ်းနေရလို့ ဒီလောက်အထိ အမြန်ဆုံး ပြေးလာခဲ့တာပေါ့"
ကျိုးဟောက်ယွီမှ မထိတထိဖြင့် စနောက်လိုက်သည်။ လင်းချန်ချန်သည် ထိုစကားကို ကြားသောအခါ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ရှက်ကိုးရှက်ကန်း ပြော၏။
"ကျွန်မတို့တွေ ခွဲခွာနေရတာ ရက်ပိုင်းလေးပဲ ရှိသေးတာကို ရှင်က လွမ်းနေပြီ ဟုတ်လား"
"ဒါဆိုရင် မင်းကကော ငါ့ကို မလွမ်းဘူးလား"
ကျိုးဟောက်ယွီ ဆက်ပြီး စနောက်လိုက်ပြန်သည်။
"မလွမ်းဘူးဆိုရင် ငါ့ကို မြင်မြင်ချင်း ဘာဖြစ်လို့ ငါရဲ့ ရင်ခွင်ထဲကို ပြေးဝင်လာရတာလဲ"
"ရှင်ကတော့လေ တကယ့်ကို အမြင်ကတ်ဖို့ ကောင်းတာပဲ"
လင်းချန်ချန်၏ မျက်နှာလေးမှာ ခရမ်းချဉ်သီးအမှည့်ပမာ နီမြန်းသွားရပြီး ချက်ချင်းပင် လက်ကလေးဖြင့် ကျိုးဟောက်ယွီ၏ ရင်ဘတ်ကို အသာအယာ ထုရိုက်လိုက်တော့သည်။ သူ့ရင်ခုန်သံများမှာမူ ဆူညံစွာ တုန်ခါသွားခဲ့ပြီး၊ တစ်ကိုယ်လုံး အရည်ပျော်လုမတတ် ခံစားလိုက်ရ၏။
"အလုပ်ကိစ္စ ခရီးစဉ်ကနေ ပြန်လာရတာ တကယ့်ကို ပင်ပန်းလာမှာပေါ့၊ ငါတို့တွေ တစ်ခုခု သွားစားကြမလား၊ မဟုတ်ရင် ငါ မင်းကို အိမ်အထိ လိုက်ပို့ရမလား"
ကျိုးဟောက်ယွီ ဂရုတစိုက် မေးမြန်းလိုက်သည်။
"တစ်ခုခု သွားစားကြတာပေါ့၊ ပြီးခဲ့တဲ့တစ်ခေါက်က သွားစားခဲ့တဲ့ ဟော့ပေါ့ဆိုင်က တကယ့်ကို အရသာရှိတာ၊ ကျွန်မ အဲဒီဆိုင်ကို အရမ်းကြိုက်တယ်"
လင်းချန်ချန်မှာ လေသံအေးအေးလေးဖြင့် ဆိုရှာသည်။
"ကောင်းပါပြီ မင်းသဘောအတိုင်းပါပဲဗျာ"
ကျိုးဟောက်ယွီ ပြန်လည်ပြောဆိုလိုက်ပြီး ကားကို သူတို့ ယခင်က သွားရောက်ခဲ့ဖူးသော ဟော့ပေါ့ဆိုင်ရှိရာဆီသို့ တည့်တည့်မောင်းနှင်ခဲ့တော့သည်။ ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် စားပွဲထိုးမှာ ကျိုးဟောက်ယွီကို ချက်ချင်းပင် မှတ်မိသွားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူထံသို့ သွားရောက်သတင်းပို့တော့၏။ ထိုသတင်းကို ကြားရသောအခါ ဆိုင်ရှင်ဖြစ်သူသည် ချက်ချင်းပင် ပြေးထွက်လာခဲ့ပြီး ကျိုးဟောက်ယွီကို ကျေးဇူးတင်စကား ဆိုရန်အတွက် အရက်ခွက်ကို မြှောက်လျက် ဝမ်းသာအားရ ပြောရှာသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က မောင်ရင် ဝင်ကူညီပေးခဲ့လို့သာပေါ့၊ အဲဒီနောက်ပိုင်း လူမိုက်တွေ ငါ့ဆိုင်ကို လုံးဝ လာပြီး မနှောင့်ယှက်ကြတော့ဘူး၊ ငါ့ဆိုင်ရဲ့ အရောင်းအဝယ်ကလည်း သိသိသာသာကို ပိုပြီးတော့ ကောင်းမွန်လာခဲ့ရတယ်"
"ဒါဆိုရင်လည်း ဦးလေးရဲ့ ဆိုင်လေး စီးပွားရေးတွေ ဒီထက်မက ပိုပြီးတော့ ကြီးပွားတိုးတက်ပါစေဗျာ"
ကျိုးဟောက်ယွီလည်း စိတ်ကြည်လင်စွာဖြင့် ယဉ်ကျေးစွာ ပြန်လည်ဆုတောင်းပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် မိမိကို အခုလိုမျိုး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား လာပြောသူနှင့် ကြုံတွေ့ရခဲသည် မဟုတ်ပါလား။
"ကဲ၊ ငါလည်း မောင်ရင်တို့ကို အနှောင့်အယှက် မပေးတော့ပါဘူး၊ စိတ်ကြိုက် သုံးဆောင်ကြပါဦး"
ဆိုင်ရှင်ဖြစ်သူမှာ အကဲခတ် အလွန်ထက်မြက်လှပေသည်။ သူသည် ကျိုးဟောက်ယွီကို တစ်ချက်ကြည့်၊ လင်းချန်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးပြုံးလေးဖြင့် အမြန်ဆုံး လှည့်ထွက်သွားတော့၏။
"ရှင်ကတော့ တကယ့်ကို အံ့ဩဖို့ ကောင်းတာပဲ၊ သာမန်ထမင်းလာစားတာကိုပဲ ဆိုင်ရှင်ကိုယ်တိုင်ပြေးထွက်လာပြီး ကျေးဇူးတင်စကား လာပြောရတယ်လို့"
လင်းချန်ချန်မှာ မည်သည့် စနောက်မှုမျိုးမျှ မပါဘဲ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းရှာသည်။ ကျိုးဟောက်ယွီ ခေါင်းကို ခါယမ်းလိုက်ပြီး ခပ်ဟဟ ရယ်မောလျက် ပြောလေသည်။
"ငါက အံ့ဩဖို့ ကောင်းတယ်ဆိုရင်တောင် မင်းလောက်တော့ မဟုတ်ပါဘူး၊ အကယ်၍ မင်းသာ ဒီလောက်အထိ လှပမနေခဲ့ရင် ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီလူမိုက်က မင်းကို ဘာဖြစ်လို့ လာပြီး နှောင့်ယှက်ရမှာလဲ၊ သူ မင်းကို မနှောင့်ယှက်ခဲ့ရင် ငါလည်း ဝင်ပြီး ကူညီစရာ အကြောင်းမရှိဘူးလေ၊ ငါ မကူညီခဲ့ရင် ဆိုင်ရှင်က ငါ့ကို ဘာဖြစ်လို့ အခုလိုမျိုး ကျေးဇူးတင်စကား လာပြောနေပါ့မလဲ"
"ဒါဆိုရင် ရှင်က ကျွန်မကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာရတယ်လို့ အပြစ်တင်နေတာပေါ့ ဟုတ်လား"
လင်းချန်ချန်မှာ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး အနည်းငယ် စိတ်ကောက်ချင်သလို ဖြစ်သွားသည်။
"ဘယ်လိုဖြစ်လို့ အဲဒီလို ဖြစ်ရမှာလဲ"
ကျိုးဟောက်ယွီ ပျာပျာသလဲနှင့် တကယ့်ကို စိတ်ရင်းမှန်ဖြင့် ရှင်းပြရှာသည်။
"မင်း လှပနေတာက မင်းရဲ့ အပြစ်မှ မဟုတ်တာ၊ ငါက မင်းရဲ့ အလှအပကို ပိုပြီးတော့ ဆန်းပြားတဲ့ နည်းလမ်းလေးနဲ့ ချီးမွမ်းချင်ရုံ သက်သက်ပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"
"ရှင် တကယ်ကြီး ကျွန်မကို လှတယ်လို့ ထင်နေတာလား"
လင်းချန်ချန် ရှက်ပြုံးလေးဖြင့် မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းရှာသည်။
"ဒါပေါ့"
ကျိုးဟောက်ယွီမှာ သေသေချာချာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လေသံတိုးတိုးလေးဖြင့် ထပ်မံဆိုသည်။
"မင်း မှတ်မိသေးလား၊ ငါမင်းနဲ့ ပထမဆုံး စတွေ့ခဲ့တုန်းက မင်းက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးလိုမျိုး လှပလွန်းတယ်လို့ ငါပြောခဲ့ဖူးတယ်လေ"
"ဒါပေါ့၊ ကျွန်မ ကောင်းကောင်းကြီး မှတ်မိတာပေါ့"
လင်းချန်ချန် လက်ကလေးဖြင့် နှုတ်ခမ်းကိုပိတ်ကာ ရယ်မောလိုက်ပြီး ပြောရှာသည်။
"အဲဒီတုန်းက ကျွန်မက ရှင့်ရဲ့ စကားပြောပုံကြီးက ခေတ်မမှီတော့ဘူးလို့ ပြန်ပြောခဲ့တာကိုလည်း မှတ်မိသေးတယ်"
"ဟဲဟဲ"
ကျိုးဟောက်ယွီမှာ ရှက်ကိုးရှက်ကန်းဖြင့် ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ပြောသည်။
"တကယ်တော့ အခု ပြန်ပြီး စဉ်းစားကြည့်တဲ့ အခါကျမှပဲ၊ အဲဒီတုန်းက ငါရဲ့ လူချီးမွမ်းတဲ့ ပုံစံကြီးက တကယ့်ကို ခေတ်နောက်ကျလွန်းနေခဲ့တာပါပဲ"
"အနည်းငယ်တော့ ခေတ်နောက်ကျတာ မှန်ပေမဲ့ ကျွန်မကတော့ အဲဒီစကားထဲမှာ ရှင့်ရဲ့ စိတ်ရင်းအမှန်တွေ ပါနေတယ်လို့ ခံစားရတယ်"
လင်းချန်ချန်မှာ တည်ငြိမ်စွာဖြင့် ပြောရှာသည်။ သူတို့နှစ်ဦးသည် အတူတူ စားသောက်ရင်း တစ်နာရီခန့် စကားလက်ဆုံကျပြီးနောက် ဆိုင်အပြင်ဘက်သို့ ဘေးချင်းယှဉ်လျက် လှမ်းထွက်ခဲ့ကြတော့၏။
ကျိုးဟောက်ယွီသည် လင်းချန်ချန်ကို သူမ၏ တိုက်ခန်းအောက်အထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး သူ့ရင်ထဲတွင် ခွဲခွာရမည်ကို အနည်းငယ် နှမြောမိနေသော်လည်း၊ အဆုံးသတ်တွင်မူ လက်ကို ဝှေ့ယမ်းလျက် နှုတ်ဆက်လိုက်ရတော့သည်။
လင်းချန်ချန်၏ ကျောပြင်လေး လှေကားထစ်များထဲသို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးနောက် ကျိုးဟောက်ယွီသည် လှည့်ပြန်ခဲ့ပြီး ကားကို မောင်းနှင်ကာ ထွက်ခွာခဲ့တော့သည်။ သူ့စိတ်အာရုံများမှာမူ အနည်းငယ် ရှုပ်ထွေးနောက်ကျိနေခဲ့၏။ အလုပ်ဆက်ပြီး လုပ်ကိုင်ချင်စိတ် မရှိတော့သဖြင့် ကျိုးဟောက်ယွီသည် ကားကို မြစ်ကမ်းပါးလေးတစ်ခုဆီသို့ မောင်းနှင်ခဲ့ပြီး၊ ကမ်းစပ်တွင် ထိုင်လျက် အတွေးများ ကမ္ဘာထဲ၌ နစ်မြောနေမိတော့သည်။ သူသည် မိမိ၏ ရင်ထဲတွင် ချန်အယ် ကို ပိုပြီး သဘောကျနေတာလား၊ သို့မဟုတ် လင်းချန်ချန်ကို ပိုပြီး သဘောကျနေတာလားဆိုတာကို မဝေခွဲနိုင်လောက်အောင် စဉ်းစားတွေးတောနေမိခြင်းဖြစ်သည်။ သို့သော်လည်း အချိန်အတော်ကြာအောင် တွေးတောနေခဲ့သော်လည်း အဖြေကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘဲ၊ ရုတ်တရက် ဝေ့ရှီယု၏ ပုံရိပ်ကြီးမှာ သူ့စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာခဲ့ပြန်၏။
“ငါက သူမကို သဘောကျနေလို့ကော ဘာအကျိုးရှိမှာလဲ၊ သူမဘက်က ငါ့ကို အရင်ဆုံး ပြန်ပြီး သဘောကျဖို့ လိုအပ်တာလေ၊ ငါ့လို အသုံးမကျတဲ့ကောင်၊ နေ့ခင်းကြောင်တောင် အိမ်မက် လျှောက်မက်မနေနဲ့တော့”
ကျိုးဟောက်ယွီမှာ ထိတ်လန့်တုန်လှုပ်သွားရပြီး မိမိ၏ အတွေးကမ္ဘာထဲမှနေ၍ ချက်ချင်းပင် နိုးထလာခဲ့ရကာ၊ ကပျာကယာ ဇကို ပွတ်သပ်ရင်း မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်လိုက်မိသည်။
"ရပါတယ် စိတ်မပူနဲ့၊ ဒါက ငါရဲ့ စိတ်အာရုံ ထင်ယောင်ထင်မှား ဖြစ်သွားရုံ သက်သက်ပါ"
သို့သော် ထိုတစ်ခဏ၌ပင် သူ့ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့သည်။ ကျိုးဟောက်ယွီ ဖုန်းကို ယူပြီး ကြည့်လိုက်သည့်အခါ သူ့ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာသလိုမျိုး အေးစိမ့်သွားရတော့၏။ အဘယ်ကြောင့်ဆိုသော် ဖုန်းခေါ်ဆိုလာသူမှာ ဝေ့ရှီယုဖြစ်နေသောကြောင့် ဖြစ်ပေသည်။
"ငါ့စိတ်ထဲမှာ သူမရဲ့ပုံရိပ်ပေါ်လာပြီးတာနဲ့ သူမဘက်က ချက်ချင်း ဖုန်းခေါ်လာတယ် ဟုတ်လား၊ ဒါက တကယ် တိုက်ဆိုင်လွန်းတယ်"
ကျိုးဟောက်ယွီမှာ နှုတ်ခမ်းတွန့်ကာ ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလျက် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ဖန်တီးပြီးမှ ဖုန်းကို လက်ခံလိုက်ကာ လေသံအေးအေးဖြင့် မေးမြန်းလိုက်၏။
"ဘာကိစ္စ ရှိလို့လဲ"
"ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ နင် မနေ့ညကလိုပဲ ဒီနေ့ညလည်း အိမ်ကို ပြန်မလာဘူးလားလို့ လှမ်းမေးတာ၊ အကယ်၍ ပြန်မလာဘူးဆိုရင်တော့ ငါ့ဆီကို ကြိုတင်ပြီး အကြောင်းကြားပေးပါ"
ဝေ့ရှီယု၏ လေသံမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ ဆိတ်ငြိမ်လှသော ရေပြင်ပမာ အေးစက်လွန်းလှသည်။
"ပြန်လာမှာပေါ့ အိမ်ကို ပြန်လာမှာပါ၊ မနေ့ညကတော့ မမျှော်လင့်ဘဲ အခန့်မသင့်လို့ ဖြစ်သွားရတာမလို့ ဒီနေ့ညကတော့ ပုံမှန်အတိုင်းပဲ အိမ်ကို ပြန်လာပါ့မယ်"
ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ပြောလိုက်သည်။ သူသည် သူတစ်ပါး၏ အိမ်တွင် ကြာရှည်စွာ တည်းခိုနေထိုင်ရခြင်းကို အသားမကျသေးသည်မှာ မှန်သော်လည်း လက်ရှိတွင် မိမိဘာသာ အခန်းငှားနေထိုင်နိုင်ရန်အတွက် ငွေကြေး အမြောက်အမြား လိုအပ်နေသေးသည် မဟုတ်ပါလား။
"ဒါဆိုရင်လည်း ပြီးတာပါပဲ"
ဝေ့ရှီယုမှာ စကားကို ပြတ်သားစွာပင် အဆုံးသတ်လိုက်ပြီး ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။
"အိမ်ပြန်လာမလား၊ မလာဘူးလားဆိုတာကို သိချင်ရုံသက်သက်နဲ့ ဖုန်းလှမ်းဆက်တယ် ဟုတ်လား"
ကျိုးဟောက်ယွီအနေဖြင့် ဝေ့ရှီယု၏ စဉ်းစားတွေးတောပုံကို ဘယ်လိုမှ နားမလည်နိုင်တော့ချေ။ သူ့အမြင်တွင်မူ ဤကဲ့သို့သော ကိစ္စမျိုးသည် ဖုန်းအထိ တကူးတက လှမ်းဆက်ပြီး မေးမြန်းနေစရာ မလိုအပ်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။ သူသည် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီးနောက် မြစ်ကမ်းပါးလေးမှ ထွက်ခွာခဲ့ကာ ဒီဒီ မောင်းနှင်ခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့တော့၏။ မိမိ၏ အချစ်ရေး ကိစ္စများတွင် မည်သို့ပင် ရှုပ်ထွေးမှုများနှင့် ကြုံတွေ့နေရပါစေဦးတော့ လူသားဟူသည် ဘဝကို ဆက်လက်လျှောက်လှမ်းရမည် ဖြစ်ပြီး ငွေကြေးကိုလည်း အပတ်တကုတ် ရှာဖွေရဦးမည် မဟုတ်ပါလား။