အခန်း ၁၄၉
Vol. 15 Ch. 149
149
"တီ"
ကျိုးဟောက်ယွီမှာ သူ့ဖုန်းထဲမှ ဒီဒီ စနစ်ကို ဖွင့်လှစ်လိုက်ပြီး မကြာမီမှာတင် ခရီးသည်တစ်ဦးထံမှ အော်ဒါ တစ်ခု တက်လာခဲ့သည်။ သူဖုန်းမျက်နှာပြင်ပေါ်ရှိ အမည်ကို ဖတ်ရှုလိုက်သည့်အခါ ခေါ်ဆိုသူမှာ ထိုက်ရှန်းလောင်ကျွင်း ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။
"ဟဲဟဲ ဒီအဘိုးကြီးက ငါ့ကို နတ်ဆေးလုံးတွေ ထပ်ပြီး လာပေးပြန်တာလားမသိဘူး"
ကျိုးဟောက်ယွီမှာ ကျေနပ်အားရစွာဖြင့် ပြုံးလိုက်မိသည်။ သူသည် ယခုအချိန်အထိ နတ်ဘုရား အတော်များများနှင့် ဆုံတွေ့ဖူးခဲ့ပြီ ဖြစ်သော်လည်း ချန်အယ်မှလွဲလျှင် သူအကြိုက်ဆုံးနှင့် အရင်းနှီးဆုံး နတ်ဘုရားမှာ ထိုက်ရှန်းလောင်ကျွင်းပင် ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် လောင်ကျွင်းသည် သူ့ကို တွေ့တိုင်း ကရုဏာရှေ့ထားလျက် တန်ဖိုးကြီးလှသော နတ်ဆေးလုံးများကို အမြဲတစေ လက်ဆောင်ပေးတတ်သည့်အပြင် သူ၏ စရိုက်သဘာဝမှာလည်း ကျိုးဟောက်ယွီနှင့် အလွန်ပင် ကိုက်ညီပြီး အပေးအယူတည့်လှသောကြောင့်ဖြစ်သည်။ အခြားသော နတ်ဘုရားများဖြစ်ကြသည့် ဝူခုန်း နှင့် အာ့လန်စန်း တို့ကိုလည်း ကျိုးဟောက်ယွီအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်မှာ မှန်သော်လည်း လောင်ကျွင်းနှင့် ဆုံတွေ့ရသကဲ့သို့ ရင်းနှီးနွေးထွေးသော ခံစားချက်မျိုးကိုမူ မရရှိခဲ့ချေ။ ကားပေါ်သို့ ထိုက်ရှန်းလောင်ကျွင်း လှမ်းဝင်လာပြီးနောက် ကျိုးဟောက်ယွီမှ စကားစမြည် ပြောဆိုရန်အတွက် အရင်ဆုံး ဦးဆောင်၍ ခပ်အေးအေးပင် နှုတ်ဆက်လိုက်သည်။
"လောင်ဇီ၊ ခင်ဗျားက ကျွန်တော့်ကားကို ခဏခဏ လာစီးနေတာ နတ်ဆေးလုံးတွေ လာပေးချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား၊ အကယ်၍ အဲဒီလိုဆိုရင်လည်း ဒုက္ခခံပြီး ခဏခဏ လာမနေပါနဲ့ဗျာ၊ ကျွန်တော်တို့တွေလည်း ဒီလောက်အထိ ရင်းနှီးနေကြပြီပဲ တစ်ခါတည်းနဲ့ အများကြီး ပေးခဲ့လိုက်ပါတော့လား"
"မင်းကတော့ တကယ့်ကို အရှက်မရှိတဲ့ လူငယ်လေးပဲ"
ထိုက်ရှန်းလောင်ကျွင်းမှ သူ့မုတ်ဆိတ်ဖြူဖြူကြီးကို ပွတ်သပ်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည်။
"မင်း စကားပြောတာ တကယ့်ကို ရာသီဥတုမရွေး ရဲတင်းလွန်းလှတယ်၊ ငါက ခွန်းလွန်တောင် ဆီကို အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ သွားမလို့ပါကွ၊ မင်းနဲ့ ဘာမှမဆိုင်ပါဘူး"
"ကဲပါ ဟုတ်ပါပြီ"
ကျိုးဟောက်ယွီမှည တဟဟ ရယ်မောလိုက်သည်။ သူသည် စနောက်ရုံ သက်သက်သာ ဖြစ်ပေ၏။ ထိုက်ရှန်းလောင်ကျွင်းမှာ သူ့ကို နတ်ဆေးလုံးများ ပေးဆောင်ရန်အတွက် တကူးတက ကားလာစီးနေခြင်း ဖြစ်သည်ဆိုသော အချက်မှာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်မှန်း သူလည်း ကောင်းကောင်းကြီး သိရှိထားသည် မဟုတ်ပါလား။ သို့သော် ကျိုးဟောက်ယွီ မသိရှိလိုက်ရသည်မှာမူ လောင်ဇီသည် ရင်ထဲတွင် သက်ပြင်းအရှည်ကြီးကို ချလိုက်မိပြီး မိမိဘာသာ တိုးတိုးလေး ရေရွတ်နေမိခြင်းဖြစ်သည်။
“ဟူး၊ ဒီကောင်လေးက ငါ့ကို သံသယဝင်နေပြီပဲ၊ ကြည့်ရတာ ငါက ဒီကလေးရဲ့ ဉာဏ်ပညာကို အထင်သေးမိသွားပုံရတယ်၊ နောက်တစ်ခေါက်ကျရင်တော့ ငါဒီလောက်အထိ ခဏခဏ လာလို့မဖြစ်တော့ဘူး”
"ဒါနဲ့ လောင်ဇီ၊ ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးကြည့်လို့ရမလား"
ကျိုးဟောက်ယွီသည် မိမိအနေဖြင့် မကြာခဏဆိုသလို လူဆိုးများ၏ ဖမ်းဆီးခြင်းကို ခံနေရသည့် ကိစ္စကို သတိရသွားမိသည်။ လောင်ကျွင်းသည် အလွန်အမင်း အစွမ်းထက်သော နတ်ဘုရားတစ်ပါး ဖြစ်သဖြင့် သူ့အကြံဉာဏ်ကို တောင်းခံရန် စိတ်ကူးမိခြင်း ဖြစ်ပေ၏။
"ဘာကိစ္စလဲ၊ ပြောစရာရှိတာ ပြောစမ်းပါဦး"
လောင်ကျွင်းမှ ခပ်အေးအေးပင် ပြန်လည်ဆိုသည်။
"ဒီလိုပါ ကျွန်တော် မကြာသေးခင်ကစလို့ ဘာကောင်မှန်းမသိတဲ့ လူတွေရဲ့ ခဏခဏ လာပြီး ဖမ်းတာကို ခံနေရလို့၊ ခင်ဗျားက ဒီလောက်အထိ အစွမ်းထက်တာပဲ ကျွန်တော့် ကံကြမ္မာလက္ခဏာကို တစ်ချက်လောက် တွက်ချက်ပေးပြီး ဇာတာထဲမှာ တစ်ခုခုများ အမှားအယွင်း ရှိနေလားဆိုတာ ကြည့်ပေးပါဦး၊ မဟုတ်ရင် အဲဒီလူတွေက ဘာဖြစ်လို့ ကျွန်တော့်ကိုပဲ အမြဲတမ်း ပစ်မှတ်ထားပြီး လိုက်နှောင့်ယှက်နေကြရတာလဲ"
ကျိုးဟောက်ယွီမှ စိုးရိမ်တကြီး မေးမြန်းရှာသည်။
"ခဏခဏ ဖမ်းတာ ခံနေရတယ် ဟုတ်လား"
လောင်ကျွင်းမှာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ချောင်းများကို လှုပ်ရှားလျက် ကံကြမ္မာကို ချက်ချင်း တွက်ချက်ကြည့်လိုက်တော့သည်။ ထို့နောက်မှာတော့ သူတစ်ခုခုကို ရုတ်တရက် ရိပ်မိသွားသလိုမျိုး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"အဲဲဒီကောင်တွေက မင်းကို ရှာတွေ့သွားကြပြီပေါ့ ဟုတ်လား"
"ဟမ် ဘာပြောလိုက်တာလဲ"
ကျိုးဟောက်ယွီမှာ သေသေချာချာ မကြားလိုက်ရချေ။
"ဪ ဘာမှမဟုတ်ပါဘူး၊ ငါပြောတာက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာကျိန်စာမှ ရှိမနေပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံက တော်တော် ထူးဆန်းလွန်းလို့ နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းနိုင်တဲ့ ပါရမီရှင် ဖြစ်နေလို့ပါ၊ အဲဒါကြောင့်မလို့ တချို့လူတွေက မင်းရဲ့ အစွမ်းအစတွေ မကြီးထွားလာခင်မှာတင် အမြစ်ပြတ် သတ်ဖြတ်ချင်နေကြတာပေါ့"
လောင်ကျွင်းမှ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
"နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းနိုင်တဲ့ ပါရမီရှင် ဟုတ်လား"
ကျိုးဟောက်ယွီမှာ ဆွံ့အသွားရပြီး လုံးဝကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
"လောင်ဇီ၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"
သူသည် ယခုအခြေအနေကို ကြည့်ရင်းနှင့် သာမန် ကလေးငယ်တစ်ဦးကို ဈေးပေါလှသော ကိုယ်ခံပညာ ကျမ်းစာအုပ်များအား ဆယ်ယွမ်ဖြင့် လိုက်လံရောင်းချနေသည့် လူလိမ်အဘိုးကြီးတစ်ဦး ပါဝင်သော ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ရုတ်တရက် ပြေးမြင်သွားမိသောကြောင့် ဖြစ်သည်။ ထိုရုပ်ရှင်ထဲမှ လူလိမ်အဘိုးကြီး ပြောဆိုသော စကားလုံးများနှင့် လောင်ကျွင်း၏ စကားလုံးများမှာ တစ်ထေရာတည်း တူညီလွန်းလှသည် မဟုတ်ပါလား။
"ငါက မင်းကို ဘာဖြစ်လို့ နောက်ရမှာလဲ"
လောင်ကျွင်းမှ ထပ်ပြောသည်။ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ငါပြောပြနိုင်တာကတော့ ဒီလောက်ပါပဲ၊ မင်း ယုံချင်ယုံ၊ မယုံချင်နေပေါ့"
"ဒါပေမဲ့ အဲဒီလူတွေက ကျွန်တော့်ကို သတ်ချင်ရုံတင်မကဘူး၊ ခန္ဓာကိုယ်ထဲကနေ တစ်ခုခုကို ဆွဲထုတ်ယူချင်နေကြတဲ့ ပုံစံမျိုး ဖြစ်နေတယ်"
ကျိုးဟောက်ယွီမှ သူ့ရင်ထဲက သံသယကို ဖွင့်ဟမေးမြန်းလိုက်ပြန်သည်။
"ဒီကိစ္စကတော့"
လောင်ကျွင်းသည် ရှင်းပြရန် ခက်ခဲသွားဟန်ဖြင့် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး မိမိ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်လျက်ပြောသည်။
"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ရှိနေလို့လဲ၊ ဘာမှ ရှိမနေပါဘူး"
"ကျွန်တော်လည်း မသိဘူးလေ"
ကျိုးဟောက်ယွီမှ မျက်စိပျက်မျက်နှာပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး ပြောရှာသည်။
"အစပိုင်းတုန်းကတော့ အဲဒီလူတွေက ကျွန်တော့် ကျောက်ကပ်ကို လာပြီး ထုတ်ယူမလို့ ထင်နေတာ၊ ဒါပေမဲ့ နောက်ပိုင်းကျမှပဲ အဲဒီလိုမဟုတ်မှန်း သိရတာပေါ့"
"အများကြီး လျှောက်တွေးမနေပါနဲ့တော့၊ မင်းက နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းနိုင်တဲ့ ပါရမီရှင်မလို့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းပကားတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ကျင့်စဉ်ကိုပဲ အပတ်တကုတ် ကျင့်ကြံအားထုတ်စမ်းပါ၊ ငါ့မှာ မင်းအတွက် နတ်ဆေးလုံးတစ်လုံး ရှိတယ်၊ ဒါက မင်းရဲ့ ကျင့်စဉ်ကျင့်ကြံမှုကို နှစ်ဆပိုပြီးတော့ ထိရောက် လျင်မြန်စေလိမ့်မယ်"
လောင်ကျွင်းမှာ ဆိုရင်းနှင့် နတ်ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်သည်။ ကျိုးဟောက်ယွီ ထိုဆေးလုံးကို လှမ်းယူလိုက်ပြီး သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သကဲ့သို့ ငုံလိုက်ရင်း၊ စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"ခင်ဗျားက ကျွန်တော် ကျင့်စဉ်ကျင့်ကြံနေတာကို သိနေတာလား"
"ဒါပေါ့ သိတာပေါ့"
လောင်ကျွင်းမှ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောသည်။
"မင်းရဲ့ ကျင့်စဉ် ရှစ်ဆယ့်ကိုးသွယ် ကို မင်းဆီ ရောက်အောင် အာ့လန်စန်းကတစ်ဆင့် ပေးခိုင်းခဲ့တာ ငါကိုယ်တိုင်ပဲလေ၊ အဲဒါကို ငါက လူတကာကို လျှောက်ပြောနေလိမ့်မယ်လို့ ထင်လို့လား"
"ဒါပေမဲ့ ခင်ဗျား အခုပဲ ကျွန်တော့်ကို ဖွင့်ပြောလိုက်ပြီလေ"
ကျိုးဟောက်ယွီမှာ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ သို့သော်လည်း သူ့ရင်ထဲတွင်မူ ပြင်းထန်လှသော မုန်တိုင်းတစ်ခု ဆင်နွှဲသွားခဲ့ရ၏။ အဘယ်ကြောင့် လောင်ကျွင်းမှာ အာ့လန်စန်းကို တကူးတက အမိန့်ပေးပြီး ဤအစွမ်းထက်လှသော ကျင့်စဉ်ကို သူ့ထံသို့ ပေးဆောင်ခိုင်းခဲ့ရတာလဲ။ ကျိုးဟောက်ယွီအနေဖြင့် မည်သို့မျှ အဖြေရှာမတွေ့နိုင်ခဲ့ချေ။ လောင်ကျွင်းမှာမူ သူ ဘာတွေ တွေးနေသလဲဆိုတာကို ဂရုမစိုက်ဘဲ ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောသည်။
"အသေးစိတ် အချက်အလက်တွေကို အများကြီး လိုက်ပြီး စဉ်းစားမနေပါနဲ့ဦး၊ လူငယ်ဆိုတာ ကျင့်စဉ်ကျင့်ကြံခြင်းနဲ့ လေ့လာအားထုတ်ခြင်း အပေါ်မှာပဲ စိတ်နှစ်ထားဖို့ လိုအပ်တယ်၊ အဲဒါကမှ အဓိက အကျဆုံး ကိစ္စပဲ"
ကျိုးဟောက်ယွီသည် လမ်းတစ်လျှောက်လုံးတွင် လောင်ကျွင်းနှင့် စကားလက်ဆုံကျလာခဲ့ပြီး ခွန်းလွန်တောင်သို့ ပို့ဆောင်ပေးပြီးနောက်တွင်မူ ကပျာကယာ ကားကို လှည့်မောင်း၍ ထွက်ခွာခဲ့တော့သည်။ သူသည် ဤခွန်းလွန်တောင်ကြီးကို တကယ့်ကို ထူးဆန်းခြောက်ခြားစရာ ကောင်းလှသည်ဟု ခံစားနေရသဖြင့် ထိုနေရာတွင် တစ်စက္ကန့်မျှပင် ဆက်ပြီး မနေချင်တော့ချေ။ သူ မမြင်တွေ့နိုင်သော ထိုတောင်တန်းကြီး၏ အောက်ခြေ မီတာ ကိုးထောင်ခန့် အနက်ရှိုင်းဆုံး နေရာတွင်မူ၊ ကျယ်ပြောလှသော ဂူကြီးတစ်ဂူ ရှိနေပေသည်။ ထိုဂူကြီး၏ အတွင်း၌ အဝတ်အစား ဖရိုဖရဲနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သံကြိုးများဖြင့် ချည်နှောင်ခြင်းကို ခံထားရလျက် ကောင်းကင်ယံတွင် ဆိုင်းငံ့နေပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေအောက် ချော်ရည်ပူများ၏ လောင်မြိုက်ခြင်းကို အမြဲတစေ ခံနေရ၏။ ထိုနေရာသို့ လောင်ကျွင်းမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ထိုအမျိုးသားကို ကြည့်ရှုရင်း သက်ပြင်းချလိုက်ကာ ပြောသည်။
"မင်းရဲ့ အချိန်တွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့၊ မင်း ဘယ်လိုနည်းနဲ့မှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
“မူး"
ထိုအမျိုးသားမှာ ပါးစပ်ကို ဟလိုက်ပြီး ပြင်းထန်လှသော ဟိန်းဟောက်သံကြီး တစ်ချက်ကို လွှတ်ထုတ်လိုက်တော့သည်။ ထိုအသံကြီးမှာ နွားတစ်ကောင်၏ အော်ဟစ်သံနှင့် တူညီလှသလိုမျိုး အခြားသော သတ္တဝါကြီးတစ်ကောင်၏ အော်ဟစ်သံနှင့်လည်း ဆင်တူလှပြီး အလွန်အမင်း ကျယ်လောင်လွန်းလှသဖြင့် ကောင်းကင်ယံတစ်ခုလုံးကို တုန်ခါသွားစေကာ အဝေးကြီးအထိ ပျံ့လွင့်သွားခဲ့ရ၏။
ကျိုးဟောက်ယွီသည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက် သိပ်မဝေးလှသော နေရာသို့ အရောက်တွင် ထိုထူးဆန်းလှသော အော်ဟစ်သံကြီးကိုထပ်မံ၍ ကြားလိုက်ရပြန်သည်။ သူသည် ကြောက်လန့်တကြားဖြင့် ပခုံးလေးများ တွန့်သွားရပြီး ကားဂီယာကို အရှိန်အဟုန်ဖြင့် နင်းချလိုက်ရာ ကားလေးမှာ လွှတ်ထုတ်လိုက်သော မြားတစ်စင်ပမာ တရကြမ်း ပြေးထွက်သွားခဲ့တော့၏။ အပြန်လမ်းတွင် ကျိုးဟောက်ယွီသည် လမ်းကြောင်းတူရာဆီသို့ သွားမည့် ခရီးသည်တစ်ဦးကို ထပ်မံတင်ဆောင်ခဲ့သဖြင့် ယွမ်တစ်ရာခန့် အမြတ်အစွန်းလေး ရရှိခဲ့သေးသည်။ သူသည် ဝေ့ရှီယု၏ အိမ်ကြီးသို့ ပြန်လည်ရောက်ရှိသွားသည့် အခါတွင်မူ ဧည့်ခန်းထဲ၌ ထိုင်နေသော ချူကျင်းဖုန်း ကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩသွားရတော့၏။
"မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ"
ကျိုးဟောက်ယွီမှ အံ့ဩတုန်လှုပ်စွာ မေးမြန်းလိုက်သည်။
"ကျိုးကော၊ ကျွန်တော် တကူးတက ခင်ဗျားကို လာရှာတာပါ"
ချူကျင်းဖုန်းမှ မချိပြုံးလေး ပြုံးလျက် ပြောရှာသည်။ ထိုစကားကို ကြားသောအခါ ကျိုးဟောက်ယွီမှာ စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်ပြန်၏။
"ဘာကိစ္စ ရှိလို့လဲ၊ မင်း ငါ့ကို အရေးတကြီး အကူအညီ တောင်းစရာတစ်ခုခု ရှိလို့လား"
"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့တွေ ဘိုလင်းကစားကွင်းမှာ အမှတ်မထင် ဆုံပြီးတဲ့နောက် ခင်ဗျားကို ကျွန်တော့်အိမ်ကို လာလည်ဖို့ ဖိတ်ခဲ့ဖူးတယ်လေ၊ ဒါပေမဲ့ ခင်ဗျား လုံးဝ ရောက်မလာခဲ့ဘူး၊ အဲဒါကြောင့်မလို့ ကျွန်တော့်ဖိတ်ခေါ်မှုပုံစံက ပေါ့ပျက်ပျက် ဖြစ်သွားခဲ့လို့ ရောက်မလာတာလားဆိုပြီး တွေးမိလို့၊ ဒီတစ်ခေါက်မှာတော့ အိမ်ကို လာလည်ဖို့အတွက် သေသေချာချာ ထပ်ပြီး လာဖိတ်တာပါ"
ချူကျင်းဖုန်းမှ စိတ်ရင်းမှန်ဖြင့် ဆိုရှာသည်။
"မင်းက ဘာဖြစ်လို့ငါ့ကို အဲဒီလောက်အထိ အတင်းအကျပ် လာလည်ခိုင်းနေရတာလဲ၊ ငါ မင်းရဲ့ အဘိုးကို ကယ်ပေးခဲ့ဖူးလို့လား*
ကျိုးဟောက်ယွီမှ လေသံအေးအေးလေးဖြင့် မေးမြန်းလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလျက် ထပ်ပြောသည်။
"ငါကတော့ အမှတ်မထင် ကူညီပေးခဲ့ရုံ သက်သက်ပါကွာ၊ မင်းအနေနဲ့ စိတ်ထဲမှာ အဲဒီလောက်အထိ အလေးအနက် ထားနေစရာ မလိုပါဘူး"
"မဟုတ်ပါဘူး"
ချူကျင်းဖုန်းမှ ခေါင်းကို အတည်ပေါက် ခါယမ်းလိုက်ပြီး ပြောလေသည်။
"အဘိုးကို ကယ်တင်ပေးခဲ့တာက ခင်ဗျားအတွက်တော့ အမှတ်မထင် ကိစ္စတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ချူမိသားစုတစ်ခုလုံး အတွက်တော့ ဒါက အတိုင်းထက်အလွန် ကြီးမားလှတဲ့ ကျေးဇူးတရားကြီး ဖြစ်နေလို့ပါ၊ ကျွန်တော့်အနေနဲ့ ဘယ်လိုနည်းနဲ့မှ စိတ်ထဲကနေ မေ့ထားလို့ မရပါဘူး"
ထိုနေရာတွင် ဘေးချင်းယှဉ်လျက် ထိုင်နေသော ဝေ့ကျန်းဟွာမှာလည်း စကားဝိုင်းထဲ ဝင်ရောက်ကာ ပြောလိုက်သည်။
"ဟောက်ယွီ၊ မင်းက တခြားသူကို ကူညီပြီးရင် ဘာအကျိုးအမြတ်မှ မျှော်လင့်တတ်တဲ့ လူစားမျိုး မဟုတ်မှန်း ငါ ကောင်းကောင်းကြီး သိပါတယ်၊ ဒါပေမဲ့ ကျင်းဖုန်းကလည်း စိတ်ရင်း စေတနာအမှန်နဲ့ လာပြီး ဖိတ်ကြားနေတာပဲလေ၊ မင်းအနေနဲ့ သူ့ရဲ့အိမ်ကို တစ်ခေါက်လောက် သွားလည်ပြီး စကားလက်ဆုံ ပြောကြလိုက်ပါလား"