← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

150

"ဟုတ်ပါတယ် ကျိုးကော ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါဦး၊ သာမန် ထမင်းတစ်နပ် အတူစားရင်း စကားလက်ဆုံကျရုံ သက်သက်ပါပဲ တခြား ဘာမှမရှိပါဘူးဗျာ"

ချူကျင်းဖုန်းမှ စိတ်ရင်းမှန်ဖြင့် တောင်းဆိုရှာသည်။

"ကောင်းပါပြီ ဒါဆိုရင်လည်း လမ်းဦးဆောင်ပါဦး"

ကျိုးဟောက်ယွီမှ ခေါင်းညိတ်ပြလိုက်တော့သည်။ တစ်ဖက်လူမှာ ဤမျှအထိ လှိုက်လှိုက်လှဲလှဲ ရှိလှသဖြင့် သူ့အနေဖြင့် ဘာများ ငြင်းဆန်နိုင်ပါဦးမည်နည်း။ သဘောတူလိုက်ရုံသာ ရှိတော့ပေသည်။ သူတို့နှစ်ဦး အပြင်ဘက်သို့ အတူတူ ထွက်လာကြသည့်အခါ ချူကျင်းဖုန်းမှ ကျိုးဟောက်ယွီကို သူ၏ ပြိုင်ကားအကောင်းစားကြီးပေါ်သို့ တက်စီးရန် ဖိတ်ခေါ်ခဲ့သော်လည်း၊ ကျိုးဟောက်ယွီမှာ လက်ကို ဝှေ့ယမ်းလျက် ငြင်းပယ်လိုက်ပြီး မိမိ၏ကိုယ်ပိုင်ကားဆီသို့သာ လျှောက်လှမ်းသွားခဲ့သည်။ သူ့ကားနှင့်သွားရခြင်းမှာ ပိုမို အဆင်ပြေချောမွေ့လိမ့်မည်ဟု ခံစားမိသောကြောင့်ဖြစ်၏။

"ဒါဆိုရင် ကျွန်တော်လည်း ခင်ဗျားကားပေါ်ကို အတူတူ လိုက်စီးလို့ ရမလား"

ချူကျင်းဖုန်းမှ ယဉ်ကျေးစွာ မေးမြန်းရှာသည်။

"ရတာပေါ့"

ကျိုးဟောက်ယွီ ပြုံးပြုံးလေးပင် ပြန်လည်ဖြေဆိုလိုက်သည်။ လမ်းခရီးတွင်မူ ချူကျင်းဖုန်းမှာ ကျိုးဟောက်ယွီကို ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုရင်း ရင်းနှီးအောင် ပြုလုပ်ခဲ့၏။ ၁၀မိနစ်အတွင်းမှာတင် သူတို့နှစ်ဦးမှာ တကယ့်ကို ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများပမာ ဖြစ်သွားခဲ့ရတော့သည်။ ကျိုးဟောက်ယွီကို အဓိက သဘောကျမိစေသည့် အချက်မှာမူ ချူကျင်းဖုန်းသည် မြို့တော်၏ 'နာမည်ကြီး လူငယ်အကျော်အမော်လေးဦး' ထဲမှ တစ်ဦးဟူသော ဂုဏ်သတင်းနှင့်အညီ၊ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း စကားပြောဆိုပုံမှာ တကယ့်ကို ရင့်ကျက်တည်ငြိမ်လွန်းလှ၏။ တစ်ခဏမျှအတွင်း ကျိုးဟောက်ယွီမှာ မိမိအနေဖြင့် လောကအမြင် ကြွယ်ဝလှသော အသက်လတ်ပိုင်း အမျိုးသားကြီးတစ်ဦးနှင့် စကားလက်ဆုံကျနေရသကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်သွားရရှာသည်။

ချူမိသားစု၏ အိမ်တော်ကြီး သို့ ဆိုက်ရောက်သွားသည့်အခါတွင်မူ ဧည့်ခန်းမကြီးအတွင်း၌ လူကြီး လူငယ် ဆယ်ဂဏန်းမကသော လူအစုအဝေးကြီးကို တွေ့ရှိလိုက်ရပြီး၊ အိမ်တော်အကြီးအကဲဖြစ်သူ ချူကျန်းကျွင်းမှာမူ စားပွဲ၏ ထိပ်ဆုံးနေရာတွင် ခန့်ညားထည်ဝါစွာ ထိုင်နေပေသည်။ သူသည် ကျိုးဟောက်ယွီကို မြင်တွေ့လိုက်ရသည်နှင့် ကုလားထိုင်မှ ချက်ချင်း ထရပ်လိုက်ပြီး လှမ်းလာခဲ့ကာ၊ လှိုက်လှိုက်လှဲလှဲဖြင့် ပြောရှာ၏။

"မောင်ရင့်ကို ပြန်တွေ့ရတာ တကယ့်ကို ဝမ်းသာပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကို ကယ်တင်ပေးခဲ့ပြီးတာနဲ့ မောင်ရင်က ချက်ချင်း ထွက်ခွာသွားခဲ့လို့ ကျေးဇူးတင်စကား သေသေချာချာ ပြောခွင့်တောင် မရလိုက်ဘူး၊ ဒီတစ်ခေါက်မှာတော့ ငါက ကျင်းဖုန်းကို တကူးတက အမိန့်ပေးပြီး မောင်ရင့်ကို ဖိတ်ခေါ်ခိုင်းလိုက်တာပါ၊ တခြား ကိစ္စကြောင့်မဟုတ်ဘဲ လူကိုယ်တိုင် ကျေးဇူးတင်စကား ဆိုချင်ရုံ သက်သက်ပါ၊ ငါ့ကြောင့် မောင်ရင် အလုပ်ရှုပ်သွားရရင် ခွင့်လွှတ်ပါဦး"

"ဘယ်လိုဖြစ်လို့ အလုပ်ရှုပ်ရမှာလဲ"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောလိုက်ပြီး ထပ်ပြောသည်။

"ဦးလေးက တကယ့်ကို အားနာတတ်လွန်းတာပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စကိုတော့ စိတ်ထဲမှာ အဲဒီလောက်အထိ အလေးအနက် မထားပါနဲ့တော့"

"လူဆိုတာ အသက်ကြီးလာလေလေ ကိုယ့်ရဲ့ အသက်ကို ပိုပြီးတော့ တန်ဖိုးထားလာမိလေလေပဲကွာ၊ အဲဒီလို ကြီးမားတဲ့ ကျေးဇူးတရားကို ငါက ဘယ်လိုနည်းနဲ့ စိတ်ထဲက ထုတ်ပစ်လို့ ရမှာလဲ"

ချူကျန်းကျွင်းမှ သက်ပြင်းအသာချရင်း ဆိုလိုက်ပြီးနောက် လက်ဟန်ပြလျက် ပြောသည်။

"ကဲ လာပါ ထိုင်ပါဦး၊ ဟင်းတွေလည်း အကုန် အဆင်သင့် ဖြစ်နေပြီပဲ ငါတို့ စားသောက်ရင်းနဲ့ပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ကျိုးဟောက်ယွီ ပြန်လည်ဖြေဆိုလိုက်ပြီး ချူကျန်းကျွင်း၏ နောက်မှ ထမင်းစားခန်းရှိရာဆီသို့ လိုက်လှမ်းခဲ့တော့သည်။ ထမင်းစားစားပွဲကြီးမှာ အလွန်အမင်း ကျယ်ပြောလှသဖြင့် ကျိုးဟောက်ယွီ အစပိုင်းတွင် အဆင်ပြေမည့် လွတ်နေသော ထိုင်ခုံတစ်ခုခု၌သာ ဝင်ထိုင်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ချူကျန်းကျွင်းမှာ လှမ်း၍ အချက်ပြလိုက်၏။

"လာပါ မောင်ရင် ဒီအရှေ့ကို လာခဲ့ပါ၊ ငါတို့ ဒီနေရာမှာ အတူတူ ထိုင်ကြတာပေါ့"

ကျိုးဟောက်ယွီမှာမူ နေရာအဆင့်အတန်း ကိစ္စရပ်များကို အထူးတလည် ဂရုစိုက်တတ်သူ မဟုတ်သဖြင့် မည်သည့်နေရာတွင် ထိုင်ရသည်ဖြစ်စေ အဆင်ပြေလှပေရာ၊ သူသည် ထိုနေရာသို့ လျှောက်လှမ်းသွားပြီး ဘေးချင်းယှဉ်လျက် ဝင်ထိုင်လိုက်တော့သည်။ ဧည့်ခန်းထဲမှ လိုက်ပါလာကြသော အခြားသော မိသားစုဝင်များမှာမူ ကျိုးဟောက်ယွီ ထိုင်နေသော နေရာနှင့် အတော်လှမ်းလှမ်းရှိ အနောက်ဘက် ခုံများတွင်သာ အဆင့်ဆင့် ခွဲခွာ၍ ထိုင်ကြရရှာ၏။ ချူကျင်းဖုန်းဆိုလျှင်မူ တံခါးဝနှင့် အနီးဆုံးဖြစ်သော အနောက်ဘက် အကျဆုံးနေရာ၌သာ ထိုင်ခွင့်ရရှာသည်။

သူ၏ ထိုင်ခုံနေရာမှာ အဆင့်အတန်းအားဖြင့် နိမ့်ပါးလှသည်ဟု ဆိုနိုင်သော်လည်း သူသည် ဤစားပွဲဝိုင်းကြီးတွင် အသက်နှစ်ဆယ်အောက် လူငယ်များထဲမှ တစ်ဦးတည်းသော ထိုင်ခွင့်ရသူ ဖြစ်နေခြင်းမှာပင် ချူမိသားစုအတွင်း၌ သူ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း မည်မျှအထိ မြင့်မားသည်ကို ကောင်းကောင်းကြီး သက်သေပြနေခြင်း ဖြစ်ပေသည်။ ထမင်းစားသောက်နေစဉ် အတောအတွင်း ချူကျန်းကျွင်းသည် ကျိုးဟောက်ယွီကို အလွန်အမင်း ထောက်ထားစာနာပြီး လှိုက်လှိုက်လှဲလှဲ စကားလက်ဆုံကျနေခဲ့၏။ အခြားသော သူများမှာမူ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေကြလျက် ရံဖန်ရံခါမှသာ တူများကို ကိုင်မြှောက်၍ ဟင်းဖတ်လေးများကို အသာအယာ ညှပ်ယူစားသောက်ကြရှာပြီး၊ ကျိုးဟောက်ယွီအနေဖြင့် ထိုလူများ စကားတစ်ခွန်းမျှ ပြောဆိုသံကိုပင် မကြားလိုက်ရချေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ချူကျန်းကျွင်း၏ မိသားစု စည်းကမ်းချက်များမှာ မည်မျှအထိ တင်းကြပ်လွန်းလှသည်ကို ကောင်းကောင်းကြီး သိသာစေပေသည်။ အဘိုးအိုဘက်မှ စကားစမလာမချင်း မည်သူတစ်ဦးတစ်ယောက်မျှ စကားလှမ်းပြောရန် မဝံ့ရဲကြချေ။ ထို့ကြောင့်ပင် ထမင်းစားပွဲဝိုင်းတွင် လူပေါင်း ဆယ်ဂဏန်းမက ရှိနေသော်လည်း လုံးဝ ဆူညံခြင်းမရှိဘဲ၊ ချူကျန်းကျွင်းနှင့် ကျိုးဟောက်ယွီတို့ နှစ်ဦး၏ စကားပြောသံများသာ ထမင်းစားခန်းတစ်ခုလုံး၌ ပျံ့လွင့်နေခဲ့တော့၏။ ထမင်းစားနေသည့် လမ်းခရီး အလယ်အလတ်ခန့်တွင် ကျိုးဟောက်ယွီသည် ဆီးသွားချင်စိတ် ပေါ်ပေါက်လာသဖြင့် အားနာစွာဖြင့် ခွင့်တောင်းလိုက်သည်။

"ဦးလေး၊ ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်၊ အခုချက်ချင်း ပြန်လာခဲ့ပါ့မယ်"

"အေးအေး သွားပါ၊ ဧည့်ခန်းရဲ့ ဘေးဘယ်ညာ နှစ်ဖက်လုံးမှာ သန့်စင်ခန်းတွေ ရှိတယ်၊ ရှာရတာ လွယ်ပါတယ်"

ချူကျန်းကျွင်းမှာ ပြုံးပြုံးလေးပင် ဆိုသည်။ ကျိုးဟောက်ယွီ မတ်တပ်ထရပ်၍ ထွက်ခွာလာခဲ့ပြီး သန့်စင်ခန်းအတွင်း၌ စိတ်အေးချမ်းသာစွာဖြင့် ကိစ္စ ရှင်းလင်းလိုက်တော့၏။ သူ အပြင်ဘက်သို့ ပြန်လည်လှမ်းထွက်လာသည့် အခါတွင်မူ ရုတ်တရက် ယန်ထျန်းရှင်းကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩသွားရပြန်၏။

"မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ"

ယန်ထျန်းရှင်းမှာ မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ မေးမြန်းလိုက်သည်။ သူသည် ကျိုးဟောက်ယွီကို သာမန် ဆင်းရဲသားတစ်ဦးမျှသာဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ မြို့တော်၏ သြဇာကြီးမားလှသော ချူမိသားစု၏ အိမ်တော်ကြီးအတွင်း၌ တွေ့ရှိလိုက်ရသဖြင့်၊ သူ့ရင်ထဲတွင် အတွေးများစွာ ဗျာများသွားရခြင်းဖြစ်၏။

"ငါက ဒီကို သန့်ရှင်းရေး လာလုပ်တာလေ၊ ဒါကလွဲရင် တခြား ဘာလုပ်စရာ ရှိဦးမှာလဲ"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း ဆိုလိုက်သည်။ သူသည် မိမိနှင့် ချူမိသားစုတို့၏ ပတ်သက်မှုကို ရှင်းပြရန် ခက်ခဲနေသည့်အပြင် ရှင်းလည်း မရှင်းပြချင်သဖြင့်၊ ရိုးသားစွာပင် လိမ်ညာစကား ဆိုလိုက်ခြင်းဖြစ်၏။

"သန့်ရှင်းရေးလုပ်တာ ဟုတ်လား"

ယန်ထျန်းရှင်းမှာ ကျိုးဟောက်ယွီကို အထက်အောက် အကဲခတ်လျက် ကြည့်ရှုလိုက်ရာ သူ ဝတ်ဆင်ထားသော ဈေးပေါလှသည့် အဝတ်အစားများကို မြင်တွေ့လိုက်ရသည့် အခါမှသာ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည်။

"ဒီလို ကြီးကျယ်တဲ့ နေရာမျိုးမှာ သန့်ရှင်းရေး လုပ်ခွင့်ရတယ်ဆိုတော့ မင်းက သန့်ရှင်းရေးသမားတွေထဲက ဧကရာဇ်မင်းပဲပေါ့၊ မသွားနဲ့ဦး ငါသန့်စင်ခန်း အရင်သုံးလိုက်ဦးမယ်၊ ပြီးရင်တော့ မင်း အထဲကို သေသေချာချာ သန့်ရှင်းရေး လုပ်ပစ်လိုက်ဦး"

ယန်ထျန်းရှင်းမှ ပြောဆိုရင်းနှင့် သူ့နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိသည်။ ကျိုးဟောက်ယွီမှာမူ ဘာမှမသိနားမလည်သော ကောင်လေးတစ်ဦးပမာ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ပြီး၊ အမိန့်ကို နာခံမည့် ပုံစံမျိုးဖြင့် ပြန်ပြော၏။

"ကောင်းပါပြီ၊ အေးအေးဆေးဆေး သုံးပါဦး၊ ငါ ဟိုဘက်က သန့်စင်ခန်းကို အရင်သွားပြီး သန့်ရှင်းရေး လုပ်ထားလိုက်မယ်၊ မင်း ကိစ္စပြီးရင် ငါ့ကို လှမ်းခေါ်လိုက်ပေါ့"

"ဟမ့် မင်းကတော့ အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်တဲ့ လူပဲ"

ယန်ထျန်းရှင်းမှ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့လိုက်တော့သည်။ သူသည် ကျိုးဟောက်ယွီ၏ ယခုကဲ့သို့ ယဉ်ကျေးပျော့ပြောင်းသော အမူအရာကို ကြည့်ပြီး မိမိ၏ သြဇာကို အညံ့ခံလိုက်ပြီဟု ထင်မှတ်သွားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ သာမန် လူသားတစ်ဦးမျှသာ မဟုတ်ပါလား။ သူတိုက်ခိုက်ရာတွင် မည်မျှပင် တော်နေပါစေဦးတော့ ဘာအသုံးကျဦးမည်နည်း။

“ငွေကြေး မရှိလျှင် သူရဲကောင်းလည်း ဒူးထောက်ရစမြဲ” ဟူသော စကားအတိုင်း မည်မျှပင် အစွမ်းထက်သော တိုက်ခိုက်ရေးသမား ဖြစ်ပါစေဦးတော့၊ ဝမ်းရေးအတွက် ရုန်းကန်ရသည်သာ ဖြစ်သည်။ လောကကြီးတွင် လူသားအမြောက်အမြားမှာ လက်တွေ့ဘဝ၏ ရိုက်ခတ်မှုများကြောင့် ခါးညွတ်သွားကြရသည်မှာ မဆန်းသဖြင့် ယန်ထျန်းရှင်းအနေဖြင့် ကျိုးဟောက်ယွီ၏ အပြုအမူအပေါ် တစ်စက်မျှ သံသယမဝင်ခဲ့ချေ။

"ကဲ အထဲကို ကြွပါ"

ကျိုးဟောက်ယွီမှာ ယန်ထျန်းရှင်းအတွက် သန့်စင်ခန်း တံခါးကိုပါ ရိုရိုသေသေ ဖွင့်လှစ်ပေးလိုက်သေးသည်။ သူ အထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်မူ ကျိုးဟောက်ယွီသည် မိမိ၏ အိတ်ကပ်ထဲမှနေ၍ ငွေအပ် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ တံခါးသော့ပေါက်အတွင်းသို့ ထိုးထည့်ကာ နှစ်ချက်၊ သုံးချက်ခန့် ကလိလိုက်ပြီးနောက် ခပ်ဟဟ ရယ်မောလျက် ထိုနေရာမှ လှည့်ထွက်ခဲ့တော့၏။ ထမင်းစားခန်းသို့ ပြန်လည်ရောက်ရှိသွားသည့် အခါတွင်မူ ကျိုးဟောက်ယွီသည် ချူကျန်းကျွင်းနှင့်အတူ ပျော်ပျော်ပါးပါးပင် စကား ဆက်လက်ပြောဆိုနေခဲ့သည်။ သို့သော်လည်း သိပ်မကြာလိုက်ဘဲ ဧည့်ခန်းမကြီးဆီမှနေ၍ ကျယ်လောင်လှသော အော်ဟစ်ဆဲဆိုသံများကို ရုတ်တရက် ကြားလိုက်ရတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ချူကျန်းကျွင်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရသည်။ ကျိုးဟောက်ယွီ၏ ဘေးတွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ ချက်ချင်း ထရပ်လိုက်ပြီး ရိုသေသေဖြင့်ပြော၏။

"အဖေ ကျွန်တော် သွားပြီး အခြေအနေကို စစ်ဆေးလိုက်ပါ့မယ်"

"အတူတူ သွားကြတာပေါ့"

ချူကျန်းကျွင်းမှာ လေသံအေးအေး ပြတ်သားစွာဖြင့် ဆိုသည်။

"ငါက ဒီမှာ အရေးကြီးတဲ့ ဧည့်သည်တော်ကို ဧည့်ခံနေတာ အိမ်ကလူတွေ အကုန်လုံးလည်း သိကြတာကို ဘယ်သူက အဲဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်နေရတာလဲ၊ ဒါက ငါ့ကို လုံးဝ လေးစားမှု မရှိတဲ့ အပြုအမူပဲ"

ထိုစကားကို ကြားသောအခါ ထမင်းစားပွဲဝိုင်းတွင် ရှိနေကြသော မိသားစုဝင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရပြီး စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

"ဦလေး စိတ်မဆိုးပါနဲ့ဦး၊ ကျွန်တော်တို့ သွားပြီး အခြေအနေကို ကြည့်ကြတာပေါ့၊ အရေးပေါ် ကိစ္စတွေ ရှိနေလို့လည်း ဖြစ်နိုင်တာပဲလေ"

ကျိုးဟောက်ယွီမှ တည်ငြိမ်စွာဖြင့် ဖျန်ဖြေလိုက်သည်။

"မောင်ရင့်ကို ထမင်းကျွေးပြီး ဧည့်ခံနေတဲ့ ကိစ္စထက် ဘာကိစ္စက ပိုပြီးတော့ အရေးကြီးနေလို့လဲ"

ချူကျန်းကျွင်းမှ ပြန်လည်ဆိုလိုက်ပြီးနောက် ကျိုးဟောက်ယွီ၏ ပုခုံးကို အားနာစွာဖြင့် ပုတ်လိုက်သည်။

"ငါ့ မိသားစုအပေါ် သွန်သင်ဆုံးမမှု အားနည်းချက်ကြောင့် မောင်ရင့်ကို အခုလိုမျိုး မလိုလားအပ်တဲ့ ကိစ္စတွေ မြင်တွေ့စေမိပြီ၊ အားနာလိုက်တာ"

"အကယ်၍ ဦးလေးရဲ့ မိသားစု စည်းကမ်းကတောင် အားနည်းတယ်လို့ ဆိုရရင် တခြား မိသားစုတွေမှာ 'စည်းကမ်း သွန်သင်မှု' ဆိုတဲ့ စကားလုံးတောင် ရှိတော့မှာ မဟုတ်ပါဘူး"

ကျိုးဟောက်ယွီမှ ပြုံးလျက် ဆိုလိုက်သည်။ သူတို့နှစ်ဦးသည် စကားပြောဆိုရင်းနှင့် ဧည့်ခန်းမကြီးအတွင်းသို့ လှမ်းဝင်ခဲ့ကြတော့၏။ ထိုအခါတွင်မူ ဧည့်ခန်း၏ လက်ဝဲဘက်ရှိ သန့်စင်ခန်းအတွင်းမှနေ၍ လူငယ်တစ်ဦး၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံကို အတိုင်းသား ကြားလိုက်ရတော့သည်။

"မင်း ကောင်စုတ်၊ မင်း ငါ့ကို တမင်သက်သက် သော့ခတ်ပြီး ပိတ်ထားတာမလား၊ တံခါးကို အခုချက်ချင်း ဖွင့်ပေးစမ်း ငါ့ကို အပြင်လွှတ်ပေးစမ်း"

"အထဲမှာ ဘယ်သူ ရှိနေတာလဲ"

ချူကျန်းကျွင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ သူသည် ထိုအော်ဟစ်နေသော အသံကို လုံးဝ မမှတ်မိချေ သူ့မိသားစုဝင်များထဲမှ တစ်ဦးတစ်ယောက်၏ အသံ မဟုတ်သည်ကတော့ သေချာပေ၏။ ဧည့်ခန်းမကြီးအတွင်း၌မူ အမျိုးသမီးများနှင့် ကလေးငယ် အချို့မှာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ သူတို့သည် ယခင်က အပေါ်ထပ်တွင် ရှိနေကြခြင်း ဖြစ်သော်လည်း အောက်ထပ်မှ ဆူညံသံများကို ကြားရသဖြင့်၊ ဘာများ ဖြစ်ပျက်နေသလဲဆိုတာကို သိရှိနိုင်ရန်အတွက် အပြေးအလွှား ဆင်းလာခဲ့ကြလေတော့၏။

All Chapters