← Chapters

လမြွေနဂါး၏အမျက်ဒေါသ…... ရှေးဟောင်းနတ်ဘုရားလက်ချောင်း…

Vol. 016 Ch. 766

လမြွေနဂါး၏အမျက်ဒေါသ…... ရှေးဟောင်းနတ်ဘုရားလက်ချောင်း…

Vol. 016 Ch. 766

ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးများနှင့် ပတ်သတ်သည့် စကားတစ်ခွန်းရှိသည်။ထိုစကားမှာ…

“ကောင်းကင်ဘုံမှာ စိတ်ဝိညာဉ် ရှိသလို ရှေးဟောင်းနတ်ဘုရားများမှာလည်း လမြွေနဂါးရှိတယ်” ဟူ၍ပင်။

ကောင်းကင်ဘုံ၏ စိတ်ဝိညာဉ်က ရှင်သန်နေသော်လည်း၏ ၎င်း၏ တည်ရှိမှုကို သာမန်တည်ရှိမှုများကနေ ထောက်လှမ်းနိုင်ခြင်း မရှိပေ။

ထို့အတူ ရှေးဟောင်းနတ်ဘုရားထူစီပင် လမြွေနဂါးများ မည်သည့်မည်ပုံ ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ကပ်ပါးအဖြစ် ရောက်ရှိလာသည်ကို မသိပေ။

ကောင်းကင်ဘုံ၏ စိတ်ဝိညာဉ်နှင့် ရှေးဟောင်းနတ်ဘုရား၏ လမြွေနဂါးတို့သည် တည်ရှိသော်လည်း မည်သူကမျှ ထိုအကြောင်းကို ရှင်းပြနိုင်ခြင်း မရှိပေ။

“လမြွေနဂါး၏ အမျက်ဒေါသ....ရှေးဟောင်းနတ်ဘုရား၏ လက်ညှိုးတိုက်ချက်…” ထိုစကားက ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးနှင့် ပတ်သတ်၍ ဖော်ပြထားသော ဒုတိယတစ်ချက်ဖြစ်သည်။ ဝမ်လင်းက ထူစီ၏ မှတ်ဉာဏ်ကို အမွေဆက်ခံထားသည့်အတွက် ထိုသို့ သိရှိနေခြင်းပင်။

လမြွေနဂါးတစ်ကောင်က ဒေါသပုန်ထာသည်နှင့် ၎င်း၏ တတိယပုံစံ(တိုက်ခိုက်ရေးပုံစံ)သို့ ရောက်ရှိလာကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ညှိုးတိုက်ချက်စွမ်းအားကို ပိုင်ဆိုင်လာသည်။ ထိုစွမ်းအားက အမျိုးမျိုးတော့ ပြောင်းလဲနိုင်၏။ သို့သော် ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား၏ လက်ညှိုးချက်က ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ပျက်စီးသွားဖို့ လုံလောက်ပေ၏။

ကြယ်တစ်လုံး ရှေးဟောင်းနတ်ဘုရားဆိုလျှင်တော့ ထိုလက်ညှိုးချက်က အဟား ခံရနိုင်သည်။

သို့ရာတွင် ဝမ်လင်းရှေ့ရှိ ဧရာမလမြွေနဂါးကြီးကတော့ ဟာသတစ်ခု ဟုတ်မနေပေ။

ဝမ်လင်းနှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့၏ အမြန်နှုန်းက အကန့်အသတ်သို့ ရောက်နေခဲ့ပြီ ဖြစ်ကာ သူတို့က အရိုးကို သယ်ရင်း ထွက်ပြေးနေကြ၏။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ဖြင့် ထိုအရိုးကို စုပ်ယူရန် ကြိုးစားကြည့်နေသော်လည်း အချို့အကြောင်းပြချက်များကြောင့် စုပ်ယူအားက အလွန်နှေးနေသည်။ထို့ကြောင့် အချိန်တိုအတွင်း ထိုအရိုးကို စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ဤအခိုက်အတန့်၌ ကျယ်လောင်သော ပေါက်ကွဲတုန်ခါသံက ယွမ်ရှဂြိုဟ်ကနေ ပျံ့နှံ့ပဲ့တင် ထပ်လာခဲ့သည်။ ထိုအသံက ကျယ်လောင်လွန်းလှ၏။ထိုဒေါသတကြီး ဟိန်းသံက ကြယ်များကြားသို့ ဖြတ်သန်းသွားကာ အလွန်ဝေးသောနေရာကပင် ကြားနိုင်၏။

ဝမ်လင်းက သုန်မှုန်နေ၏။သူက နောက်သို့ လှည့်ကြည်ခြင်း မပြုဘဲ လျင်မြန်စွာ ထွက်ပြေးနေသည်။ လမြွေနဂါးက ၎င်း၏ အရိုးဆုံးရှုံးသွားသည့်အတွက် မသေဆုံးနိုင်သော်လည်း နောက်တစ်ခု ထပ်မံ ဖြစ်တည်ရန် အချိန်များစွာ လိုအပ်ပေသည်။

သို့သော် ထိုအရိုးက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် ၎င်းက အလွန်ဒေါသထွက်နေသည်မှာ အံ့အားသင့်စရာတော့ မရှိပေ။

လမြွေနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးက မူလ အဝန်းအဝိုင်းပုံစံကနေ ဆန့်ထွက်လာခဲ့၏။ ထိုအရာက မြေကြီးထုကို ပိုမို တုန်ခါသွားစေကာ မြေစိုင်မြေခဲများ ကုန်းမြေများပင် ပျက်စီးကုန်ကြသည်။

မရေမတွက်နိုင်သော လမြွေနဂါး၏ လက်တံများကလည်း ဆန့်ထွက်လာကာ ပတ်ပတ်လည်တွင် ဝှေ့ယမ်းကုန်သည်။၎င်း၏ ခန္ဓာကိုယ်မှ အံ့မခန်းအော်ရာက ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။

လောဘကြီးက မီးပြင်းဖိုထဲကနေ လှမ်းထွက်လာ၏။သို့သော် သူ ထိုသို့ထွက်လာမှုက အချိန်ကောင်း မဟုတ်ပေ။ သူထွက်လာသည့်အချိန်က လမြွေနဂါးက ၎င်း၏ ဒေါသကို ထုတ်ဖော်ပြသနေသည့် အချိန် ဖြစ်လို့နေသောကြောင့်ပင်။လောဘကြီးက အက်ကွဲကြောင်းအဝနှင့် မဝေးသော နေရာတွင် ရှိနေ၏။သူ့မျက်လုံးများက နီရဲနေသည်။ သူက မာန်သွင်း၍ အရူးအမူး အရှိန်တင်၏။ သူက တဟုန်ထိုး ထွက်ခွာချင်နေသည် မဟုတ်လော။

သို့ရာတွင် ထိုအခိုက်အတန့်လေး၌ အက်ကွဲကြောင်းအဝက ဖြည်းဖြည်းချင်း ပြန်ပိတ်လာသည်။

လောဘကြီး၏ မျက်လုံးထဲကနေ သွေးမျက်ရည်များပင် ကျဆင်းလာကာ သူက အကြောက်အကန် အော်လိုက်၏။ “မပိတ်ရဘူး…”

လမြွေနဂါးက ၎င်း၏ ပါးစပ်(အက်ကွဲကြောင်းအဟ)ကို ပြန်ပိတ်လိုက်၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက စွမ်းအားနှင့် ပြည့်နှက်နေသည်။သို့ရာတွင် ၎င်း၏ လုပ်ဆောင်ချက်များက နှေးကွေးနေတုန်းဖြစ်ကာ ၎င်းက ခုထိ သူ့ကိုယ်သူအပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။သို့ရာတွင် တဖြည်းဖြည်းဖြင့် ၎င်းက သူ့ထိန်းချုပ်နိုင်စွမ်းကို ပြန်ရလာနေသည်သာ ဖြစ်၏။

ဝမ်လင်းက သူ့နောက်တွင် ကောင်းကင်ဘုံသက်တော်စောင့်ကို ထား၍ လမြွေနဂါး၏ အရိုးကို သယ်ဆောင်လာသည်။ သူတို့က အာကာသထဲသို့ ဝင်လိုက်သည်နှင့် ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ချက်ခြင်းထုတ်သည်။ ထို့နောက် ကြယ်သံလိုက်အိမ်မြှောင်က ငွေရောင်အလင်းတန်းအဖြစ်ပြောင်း၍ သူတို့ကို သယ်ဆောင်ကာ တစ်ကျိုးတည်း ပျံသန်းတော့၏။

လမြွေနဂါး၏ အေးစက်စက်အကြည့်က အဝေးရှိ ဝမ်လင်းပေါ်သို့ ကျရောက်နေသည်။၎င်းခန္ဓာကိုယ်ပေါ်ရှိ လက်တံများသည် အနည်းငယ် ရွှေ့လျားလာသည်။ပြင်းထန်သော မုန်တိုင်းတစ်ခုက ရုတ်ချည်း ပေါ်ထွက်လာသည်။ထိုမုန်တိုင်းက အသံပေါက်ကွဲမှုများကိုပါ ဖြစ်စေ၏။

ပြင်းထန်သောတုန်ခါလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့၏။ထို့နောက် လမြွေနဂါးသည် ရှေ့သို့ ဆက်ရွှေ့လာ၏။၎င်းက တစ်ချက်သာ ရွှေ့လိုက်သည် ဖြစ်သော်လည်း ချက်ခြင်းပင် ဝမ်လင်း၏ အကွာအဝေးနှင့် နီးကပ်သွားပေသည်။

တစ်ချိန်တည်းမှာပင် လမြွေနဂါးက ၎င်း၏ ပါးစပ်ကို ပြန်ဟကာ ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားကို ပြောလိုက်သည်။ထိုအခါ ၎င်း၏ ပါးစပ်ကြီးထဲမှ သေးငယ်သော လမြွေနဂါးရာချီက ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်လင်း ဦးရေပြားက ထုံထိုင်းသွားရ၏။

လောဘကြီးက ၎င်း၏ ပါးစပ်ထဲ၌ ရှိနေခြင်းပင်။ သူက ကြယ်များကို ထပ်မံ မြင်တွေ့လိုက်ရချိန်၌ သူ့စိတ်လှုပ်ရှားမှုသည် နောက်တစ်ဖန် တောက်လောင်လာပြန်သည်။ထိုခံစားချက်က အလွန်ကောင်းလှ၏။ သူက ကြယ်များကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ မဟုတ်လော။

သို့သော် သူက အမှန်တကယ် လွတ်မြောက်နိုင်စွမ်း မရှိသေးသည်ကို သိပေ၏။သူက အဝေးရှိကြယ်သံလိုက်အိမ်မြှောင်ကို မြင်လိုက်သည်နှင့် ဝမ်လင်းမှန်း သိလိုက်၏။ လောဘကြီးက ရုတ်တရက် သဘောပေါက်သွားကာ သူ့မျက်လုံးထဲ၌ အမုန်းတရားတို့ ဖြစ်ပေါ်လာချေသည်။

သို့ရာတွင် သူက မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူ့ပတ်လည်၌ ပေထောင်ကျော်ရှိသည့် ကြမ်းကြုတ်သော သားရဲများ ဝန်းရံနေ၏။ သူက လှုပ်ရှားလိုက်သည်နှင့် ၎င်းတို့ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားမည်ကို လန့်နေ၏။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ချက်ခြင်းပင် သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံသေရည်ကို ထုတ်ယူလိုက်၏။ထို့နောက် အံတင်းတင်းကြိတ်ကာ ကျန်နေသေးသော သေရည်နှစ်စက်လုံးကို သောက်ချလိုက်၏။ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲထွက်လာသည်။ ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်း ပေါကြွယ်ဝလှသည်။တကယ်တော့ ထိုသေရည်စက်က အစစ်အမှန်ကောင်းကင်ဘုံသား တစ်ယောက် ပိုင်ဆိုင်ခဲ့သည့်အရာ မဟုတ်လား။

ပြင်းထန်သောနာကျင်မှုကို ကြံ့ကြံ့ခံရင်း ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ လမြွေနဂါးငယ်များစွာ ထံသို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ “ရပ်တန့်ခြင်း…”

သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် သူ့လက်ချောင်းထိပ်သို့ စီးဆင်းသွား၏။၎င်းက အံ့မခန်းအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီးကို ဝန်းရံလာသည်။ စကားတစ်ခွန်းဖြင့်ပင် ကောင်းကင်နှင့်မြေကြီးသည် ရပ်တန့်သွားသလား ထင်မှတ်ရသည်။

ပုံမှန်အားဖြင့် ဝမ်လင်းက ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိပေ။သူက ကောင်းကင်ဘုံသေရည်ပေါ်တွင် မှီတည်၍ လုပ်လိုက်နိုင်ခြင်း ဖြစ်၏။ ထိုသေရည် မရှိဘဲ ရပ်တန့်ခြင်းမန္တာန်ကို သည်အဆင့်ထိ သူက အသုံးပြုနိုင်စွမ်း မရှိပေ။

ဤအခိုက်အတန့်ကို အသုံးချ၍ ဝမ်လင်းက ချက်ခြင်း ရှေ့သို့ ဆက်ပြေးသည်။သူက မြန်ဆန်စွာ ရွှေ့လျားနေကာ သူသိသမျှ လွတ်မြောက်ခြင်းမန္တာန်အားလုံးကို သုံးစွဲနေသည်။

ဝမ်လင်းက သေးငယ်သောလမြွေနဂါးငယ်များကို ရပ်တန့်နိုင်ခဲ့၏။ သို့သော် ရပ်တန့်ခြင်းမန္တာန်က ယွမ်ရှဂြိုဟ်အသွင် ဖြစ်ပေါ်နေသည့် လမြွေနဂါးကြီး အပေါ်တွင်တော့ သက်ရောက်မှု ရှိမနေပေ။ ၎င်းက ရှေ့သို့ တဟုန်ထိုးတိုးလာကာ ကြမ်းတမ်းသော ဖိသိပ်အားကြောင့် လမြွေနဂါးငယ်များသည် ပြန်လွတ်လပ်သွားကြ၏။

သို့ရာတွင် လောဘကြီးကတော့ အမှန်ပင် ကံဆိုးလှသည်။သူက ရပ်တန့်သွားသော်လည်း အနည်းငယ် လှုပ်ရှားမိသွား၏။ လမြွေနဂါးက ရှေ့သို့ ထိုးတက်လာစဉ်မှာပင် သူက ၎င်း၏ ပါးစပ်ကြီးထဲသို့ ထပ်မံ ကျရောက်သွားပြန်သည်။

လောဘကြီးက သူ့အမြင်သည် မှောင်မဲသွားသည်ဟု ခံစားလိုက်ရ၏။ သူက အက်ကွဲကြောင်းအဟထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားပြန်သည်ကို တွေ့လိုက်ရပြန်သည်။

လောဘကြီး၏ မျက်လုံးထဲ၌ ရူးသွပ်မှုများ ဖြစ်ပေါ်နေသည်။သူက သူ့လျှာထိပ်ဖျားကို ကိုက်ကာ မီးပြင်းဖိုပေါ်သို့ သွေးများစွာ ထွေးထုတ်လိုက်၏။ မီးပြင်းဖိုက ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းကာ လှိုင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။လောဘကြီး၏ မျက်လုံးများက တဖျပ်ဖျပ် တေက်ပနေကာ သူက လမြွေနဂါးငယ်များနှင့်အတူ အသွင်တည်နေရာ ပြောင်း၍ အမြန်ဆုံးနှုန်းဖြင့် ထိုးထွက်လာခဲ့သည်။

သူ့အသွင်က အလွန်အမင်း ဖြူရောနေ၏။ထို့နောက် သူက ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။ “ဝမ်လင်း…မင်းက ထွက်သွား ဝံ့တယ်လား…”

ဝမ်လင်းက လောဘကြီးကို သတိပြုမိတာ ကြာပြီ ဖြစ်၏။သူက နောက်သို့ လှည့်မကြည့်ဘဲ သူ့နောက်သို့ လက်ပြန် ညွှန်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ထိုးထွက်လာခဲ့သည်။

“ရပ်တန့်ခြင်း…”

လောဘကြီးက သူ့မီးပြင်းဖို၏ စွမ်းရည်ကို အသုံးပြု၍ ဟန်ပြင်လိုက်စဉ်မှာပင် ရပ်တန့်ခြင်းမန္တာန်က သူ့ထံသို့ ကျရောက်လာကာ တောင့်တင်းသွားစေပြန်သည်။

လမြွေနဂါးကြီး၏ အကြည့်က ရုတ်တရက် လောဘကြီးထံသို့ ကျရောက်လာ၏။၎င်း၏မျက်လုံးများက တောက်ပလာခဲ့သည်။၎င်းက မီးပြင်းဖိုကြီးထံမှ ထွက်ပေါ်လာသော အော်ရာက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်ဟု ခံစားမိနေသည်။

ဤအခိုက်အတန့်၌ လောဘကြီး၏ ခန္ဓာကိုယ်က အေးခဲသွားခဲ့သည်။လမြွေနဂါးကြီးက မြန်ဆန်စွာ ရှေ့သို့ ထိုးထွက်လာသည်။

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက ထိုအခွင့်ရေးကို အသုံးပြု၍ အကွာအဝေးကို ပိုလှမ်းစေလိုက်သည်။

လောဘကြီးသည် သူ့အမြင်က မှောင်မဲသွားသည်ဟု ပြန်ခံစားလိုက်ရပြန်၏။ သူက နောက်တစ်ဖန် ဝါးမြိုခံလိုက်ရကာ အက်ကွဲကြောင်းအဝ(ပါးစပ်ပေါက်နား)တွင် ရှိနေ၏။ လောဘကြီး၏မျက်နှာက အလွန်အမင်း ခါးသီးမှုနှင့် ပြည့်နေ၏။ဝမ်လင်းအပေါ်သူ့ အမုန်းက ပိုအားကောင်းလာခဲ့သည်။

“ဒါတွေအားလုံးက မင်းကြောင့်ပဲ…”

လောဘကြီးက အံတင်းတင်း ကြိတ်ထားမိ၏။ သည့်နောက် သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ မီးပြင်းဖိုပေါ်သို့ ဖိချလိုက်သည်။ နို့နှစ်ရောင်အဖြူအလင်းတန်းတစ်ခုက သူ့ဦးခေါင်းထက်ကနေ ထွက်ပေါ်လာကာ မီးပြင်းဖိုပေါ်သို့ ခပ်နှိပ်သွားသည်။

လောဘကြီးက မာန်သွင်းလိုက်သည်။ “ငါ့ သက်တမ်းကို စတေးရပါစေ ငါက ဒီနေရာက ထွက်သွားနိုင်စေရမယ်…”

မီးပြင်းဖိုက လောဘကြီး အသက်ဓာတ်ကို စုပ်ယူသွားကာ ချက်ခြင်းပင် ကြီးမားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းက စတင်ကြီးထွားလာသည်။ရှေးဟောင်းအော်ရာတစ်ခုက ချက်ခြင်းပင် ပျံ့နှံ့လာကာ မီးပြင်းဖိုကလည်း ကြီးမားလာခဲ့သည်။

လမြွေနဂါးက ဟိန်းသံပြုလိုက်၏။ ဟိန်းသံက ပဲ့တင် ထပ်သွားစဉ် ဝမ်လင်းက နောက်ထပ် သွေးတစ်လုပ်ထပ် အန်လိုက်ရပြန်သည်။ သူက ဒဏ်ရာပြင်းထန်စွာ ရနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း ပြင်းပြင်းထန်ထန် တုန်ယင်နေ၏။ ၎င်းပတ်လည်ရှိ ရွှေရောင်အလင်းပင် ပျက်စီးသွားခဲ့ချေပြီ။ဝမ်လင်းနှင့် နှိုင်းယှဉ်လျှင်တော့ ၎င်းက တော်သေးပေ၏။

မီးပြင်းဖိုက ချဲ့ထွက်လာစဉ် ဝမ်လင်းက ပြတ်သားစွာ ရှေ့သို့ တဟုန်ထိုး ပြေး၏။ ချဲ့ကားထွက်လာသည့် မီးပြင်းဖိုက လမြွေနဂါး၏ ပါးစပ်ကို ပိုဟသွားစေခဲ့သည်။

“ဒီအဘိုးအိုက ဒီမီးပြင်းဖိုကို မလိုချင်တော့ဘူး…” လောဘကြီးက၏ နှလုံးသား တစစ်စစ်နာကျင်နေကာ သူက မီးပြင်းဖိုကို ထားခဲ့၍ လှည့်ထွက်ပြေးတော့သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ လမြွေနဂါးကြီးက မီးပြင်းဖိုထံသို့ ထွေးထုတ်လိုက်သည်။၎င်း၏ မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လက်တံများက ၎င်းထံကနေ ဆန့်ထွက်လာကာ ကြီးမားလှသည့် မီးပြင်းဖိုကြီးကို ထွေးပတ်သွားသည်။ နောက်ထပ် လက်တံများက အနီးဆုံးပစ်မှတ်ရှိ လောဘကြီးထံသို့ ဦးတည်သွား၏။

လောဘကြီးအသွင်က သုန်မှုန်နေသည်။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အကာအရံတစ်ခုက ရုတ်တရက် ပေါ်လာ၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ထိုအခါ ကြယ်များကြား၌ တောင်တန်းနှင့်မြစ်၏ အားတစ်ခုက ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။

ဝမ်လင်းက ထွက်ပြေးနေရင်း သူ့နတ်ဘုရားအာရုံဖြင့် ထိုအဖြစ်ကို ထောက်လှမ်းမိသွားသည်။

“တောင်တန်းနဲ့မြစ်ပန်းချီကား…” ဝမ်လင်း၏ ကြယ်သံလိုက်အိမ်မြှောင်က အရှိန်လျော့သွားသည်။ သူ့မျက်လုံးထဲတွင်လည်း လောဘရိပ်တို့ သန်းလာခဲ့သည်။သူက ထိုအကာအရံကို ကြည့်နေမိ၏။ ဝမ်လင်းက လောဘကြီးသည် သူက တောင်တန်းနဲ့မြစ် ပန်းချီကားကို ရှာမတွေ့ခဲ့သော်လည်း ၎င်း၏မြင်ကွင်းပြ အကာအရံတစ်ခုကိုတော့ ရှာတွေ့နိုင်ခဲ့သည်ဟု ပြောခဲ့ဖူးပေသည်ကို ပြန်အမှတ်ရလိုက်သည်။

လမြွေနဂါး၏ မျက်လုံးများက အေးစက်လာခဲ့သည်။၎င်း၏ မျက်လုံးထဲ၌ ထူးဆန်းသောစာလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ဝမ်လင်းက ထိုစာလုံးကို သိရှိလိုက်၏။ ၎င်းက ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားပင်။

ထိုစာလုံးက တဖျပ်ဖျပ်လင်းလက်လာရင်း ပေတစ်ထောင်ခန့် ရှိသည့် လက်ညှိုးတစ်ချောင်းက လမြွေနဂါး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ထိုအရာက လက်ချောင်းတစ်ခုတည်းသာ။ ၎င်းလက်ချောင်း၏ အရေပြားက ကြမ်းတမ်းလှ၏။

ထိုလက်ချောင်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ဝမ်လင်းအမြင်၌ အစစ်အမှန်ဟု ထင်မြင်နေမိသည်။

“လမြွေနဂါးရဲ့အမျက်ဒေါသ…ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်း…” ဝမ်လင်းက အသက် မနည်း ရှုလိုက်ရသည်။သူ့နှဖူးထက်၌ ချွေးများဖြင့် ရွှဲနစ်လာခဲ့သည်။သူ့နှလုံးသားက ကျယ်လောင်စွာ ခုန်ပေါက်လာ၏။နောက်ဆုံးတွင် သူက ထူစီ၏ မှတ်ဉာဏ်ထဲရှိ စကားလုံးများ၏ အဓိပ္ပာယ်ကို သိရှိသွားပေသည်။

***

All Chapters