မင်းလိုချီးထုပ်ကောင်ကို တိုက်ခိုက်ဖို့ ငါ့စွမ်းအား ဘယ်လောက်သုံးရသလဲ
Vol. 35 Ch. 497
အခန်း (၄၉၇) မင်းလိုချီးထုပ်ကောင်ကို တိုက်ခိုက်ဖို့ ငါ့စွမ်းအား ဘယ်လောက်သုံးရသလဲ
ရန်ကျောက်ကဲအနေဖြင့် ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတိုက်ပွဲကို တွေ့မြင်ခဲ့ပြီးနောက် သမုဒ္ဒရာကမ္ဘာမှ မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်း၏ ဆက်ဆံရေးကို ယေဘူယျ သိရှိခဲ့ပြီးဖြစ်သည်။
လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း ထိပ်တိုက်ရင်ဆိုင်မှု ကြီးကြီးမားမား ရှိကြသော်လည်း လမ်းမှန်ဂိုဏ်းများထဲမှာပင် သဘာထားမညီညွတ်မှုများနှင့် ပဋိပက္ခများ သီးသန့်ရှိနေကြဆဲဖြစ်သည်။ ထို့ကြောင့် လမ်းမှန်ဂိုဏ်းအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြသည်များလည်းရှိပြီး မိစ္ဆာဂိုဏ်းများနှင့် ရင်ဆိုင်ရသည့်အခါ ရန်ငြိုးကို အသာမေ့ထားပြီး ပူးပေါင်းဆောင်ရွက်ကြလေသည်။
ယန်ချူးဖန်တို့ထံမှ ရှင်းရှင်းလင်းလင်း မသိရသေးသည့်တိုင် ရန်ကျောက်ကဲ မှန်းဆချက်များစွာ ပြုလုပ်နိုင်ခဲ့သည်။
ကြံ့ဝိညာဉ်ကျွန်းသည် သွေးနီနဂါးဂိုဏ်း ၊ ချန်လီတောင်တို့ကဲ့သို့ လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်ဖွယ်ရှိသည်။
လမ်းမှန်ဂိုဏ်းများအားလုံးက ရှားလော်ဂိုဏ်းနှင့် ရန်သူများဖြစ်ကြ၏။ သို့သော် တစ်ဖက်တွင် ကြံ့ဝိညာဉ်ကျွန်းသည်လည်း ချန်လီတောင်နှင့် ဆက်ဆံရေးကောင်းမွန်ဟန် မရှိပေ။
ကျန်းရှုန်က အရံအတားအပေါက်နံဘေးသို့ ရောက်လာပြီး ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
သူမေးသည့်မေးခွန်းက စောစောက ယန်ချူးဖန်မေးသောမေးခွန်းဖြင့် ဆင်တူလေရာ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
“ငါနဲ့ ချန်လီတောင်က... မိတ်ဆွေဖြစ်နိုင်ခြေများပေမယ့် သေသေချာချာတော့ မပြောနိုင်သေးဘူး ၊ ချန်လီတောင်ကလူတွေနဲ့ တွေ့ကြည့်မှ သိရမှာပဲ”
ကျန်းရှုန်က...
“ဒီအရံအတားထဲမှာ ဘာတွေရှိနေလဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ငါက ဒီအတိုင်းဖြတ်သွားတာလေ ၊ ဒီနေရာက ဘာမှန်းတောင်မသိဘူး ၊ အထဲက ဘာပစ္စည်းမှ ငါမရလိုက်ဘူးဆိုရင် မင်းတို့ယုံမှာလား”
ထိုစကားကိုကြားတော့ ကျန်းရှုန်က နှာခေါင်းတစ်ချက် ရှုံ့သည်။
ရှားလော်ဂိုဏ်းမှ သိုင်းသမားများကတော့ ရန်ကျောက်ကဲကို ရန်လိုသောအမူအရာများဖြင့် ကြည့်နေကြ၏။
ရှားလော်ဂိုဏ်းမှသိုင်းသမားများ ဝိုင်းရံခံနေရသော ယန်ချူးဖန်တို့အုပ်စုကလည်း ရန်ကျောက်ကဲစကားကို မယုံကြည်ဟန် သံသယများဖြင့် လှမ်းကြည့်ကြသည်။
ဤနေရာမှလူတိုင်း၏ မျက်နှာအမူအရာတွင် တူညီသောသံသယများ ရှင်းရှင်းလင်းလင်း ရေးထိုးထားသည်။
ရန်ကျောက်ကဲက အရေးမစိုက်ဟန် ပခုံးတစ်ချက်တွန့်လိုက်၏။
ယုံချင်ယုံ မယုံချင်နေ။
ကျန်းရှုံက ထီမထင်သည့်မျက်နှာပေးဖြင့်...
“အရံအတား မပျက်ဆီးသေးဘူးဆိုတော့ အဓိကရတနာပစ္စည်းတွေကိုတော့ မင်း ယူလို့ မရနိုင်သေးဘူး ၊ ဒါပေမဲ့ တခြားပစ္စည်းတွေကတော့ မပြောတတ်ဘူး”
ရန်ကျောက်ကဲက ပေါ့ပါးစွာပင် ရယ်မောရင်း...
“ဟက်... ဒီကမ္ဘာမှာ အမှန်ပြောတော့လည်း ယုံမယ့်သူမရှိပါလား”
ကျန်းရှုန်က သွေးနီရောင်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်း အမှန်ပြောပြော မပြောပြော အရေးမကြီးတော့ဘူး”
စကားမဆုံးခင်မှာပင် ကျန်းရှုန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံ ဝင်ရောက်သွားသည်။ ကျန်းရှုန်၏ ဦးခေါင်းထက်တွင် အလင်းရောင်များ လင်းလက်သွားပြီး ထိုအလင်းရောင်များထဲမှ ရက်စက်ကြမ်းတမ်းမှုနှင့် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။
သွေးပင်လယ်နှင့် အရိုးဖြူတောင်ကြီးထက်သို့ ကျန်းရှုန်ရောက်ရှိသွားပြီး သူ့လက်ထဲတွင် ဓားတစ်လက်ကိုင်ဆောင်ထား၏။
ထိုဓားက စောစောက အသုံးပြုခဲ့သော လျှို့ဝှက်ပညာရပ်ဖြစ်သည့် ‘အမှောင်ဓားချီ’ မဟုတ်တော့ပေ။ ရှားလော်ဂိုဏ်း၏ အဆင့်မြင့်သိုင်းပညာတစ်ရပ်ဖြစ်သော ‘သွေးပင်လယ်ဓားချီ’ ဖြစ်၏။
ထိုခဏတွင် သွေးပင်လယ်အတွင်းသို့ ဓားဝိညာဉ်က စီးဝင်ပေါင်းစပ်သွားပြီး အလင်းတန်းများဖြာထွက်လာကာ ဗလာနယ်တစ်ခုလုံး သွေးချည်မျှင်များဖြင့် ပြည့်နက်သွားသည်။
“မင်း ဟန်ဆောင်နေတာလား တကယ်လားဆိုတာ ငါ အရေးမစိုက်ပေမယ့် ... မင်းက ငါ့သိုင်းကွက်မြင်တာတောင် တည်ငြိမ်နေတုန်းပဲဆိုတော့... ကြည့်ရတာ အရည်အချင်းက ပေါ့သေးသေး မဟုတ်လောက်ဘူး”
ကျန်းရှုန်က အေးစက်စွာပြုံးရင်း...
“ဒါပေမဲ့ မင်းအဘိုး ကျန်းရှုန်က ယန်ချူးဖန်လို အမှိုက်တွေနဲ့တိုက်ခိုက်တုန်းက စွမ်းအားအပြည့် သုံးမထားဘူးကွ”
သူတို့နှစ်ယောက် အလွန်နီးကပ်နေပြီဖြစ်ပြီး သွေးနီရောင်အလင်းတန်းများက ချက်ချင်းပင် ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ဤသည်ကိုတွေ့လိုက်တော့ ယန်ချူးဖန် ၊ ဖန်းမင်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများအားလုံး ကျောရိုးထဲစိမ့်သွားသည့်အလား ခံစားလိုက်ရသည်။
ရှားလော်ဂိုဏ်း၏သိုင်းပညာက ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းတမ်းကာ ပြင်းထန်လွန်းသည်။ ဓားချက် ထုတ်ဖော်လိုက်သည်နှင့် ထိန်းချုပ်ရန်ခက်ခဲသလို လျှင်မြန်မှုလည်း နည်းပါး၏။
မည်သို့ပင်ဖြစ်စေ ရှားလော်ဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက်၏ အနီးကပ်တိုက်ခိုက်ခြင်းခံရမည်ဆိုလျှင် ရင်ဆိုင်ရန်အလွန်ခက်ခဲမည် ဖြစ်သည်။
ကျန်းရှုန်က စကားဆိုရင်း ရန်ကျောက်ကဲအနား ခြေလှမ်းအနည်းငယ်တိုးကပ်လာပြီး ရုတ်တရက် အလစ်ဖမ်းတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ယန်ချူးဖန်နှင့် အခြားသူများက ရန်ကျောက်ကဲကို သတိပေးလိုသော်လည်း ရှားလော်ဂိုဏ်းမှ အခြားသောသိုင်းဆရာသခင်က ပြင်းထန်စွာပိတ်ဆို့ထားသဖြင့် သူတို့မှာ ကျဉ်းထဲကြပ်ထဲ ကျရောက်လျှက် ရှိသည်။
ကျန်းရှုန်က လျှို့ဝှက်သိုင်းပညာဖြစ်သော ‘အမှောင်ဓားချီ’ ကိုပင် မသုံးတော့ဘဲ ‘သွေးပင်လယ်ဓားချီ’ ကို အသုံးပြုတိုက်ခိုက်လိုက်ရာ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများမှာ အောက်ဆုံးအဆင့်ထိ စိတ်ပျက်အားလျော့ခြင်းများ ခံစားလိုက်ရသည်။
အမှောင်မိစ္ဆာ’ကျန်းရှုန်’ ဆိုသည်က ရှားလော်ဂိုဏ်း၏ အကြီးအကဲပိုင်းမျိုးဆက်ဖြစ်သော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များကြားတွင် သြဇာအရှိဆုံးနှင့် အစွမ်းထက်ဆုံး ဖြစ်သည်။
သမုဒ္ဒရာကမ္ဘာတွင် သိုင်းကျင့်ကြံသူများအား ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ချင်းစီအတွက် စွမ်းအားအမြင့်မားဆုံး ထိပ်တန်း (၁၀)ယောက် အဆင့်သတ်မှတ်လေ့ရှိသည်။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်များ၏ ထိပ်တန်း (၁၀)ယောက်တွင် အမှောင်မိစ္ဆာ ‘ကျန်းရှုန်’ က နံပါတ် (၃)နေရာတွင် ရှိနေသည်။
ဤအဆင့်သတ်မှတ်ချက်သည် ကျင့်ကြံသူ၏ နောက်ခံနှင့်ဂိုဏ်းဂနကို မကြည့်ဘဲ တိုက်ခိုက်နိုင်စွမ်းနှင့် စွမ်းအားအပေါ်တွင်သာ စံနှုန်းသတ်မှတ်ပြီး ဆုံးဖြတ်ခြင်း ဖြစ်၏။
ထိပ်တန်း (၁၀)ယောက်တွင် နံပါတ် (၃) ချိတ်ရခြင်းအကြောင်းမှာ ကျန်းရှုန်သည် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်သလို တိုက်ပွဲတိုင်းတွင် အောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် သူ၏ တိုက်ပွဲမှတ်တမ်းများသည်လည်း နမူနာ ယူစရာပင်။
သူက ငယ်စဉ်ကပင် နာမည်ကြီးတစ်ယောက်ဖြစ်ပြီး ယနေ့ သူ ရောက်ရှိနေသောနေရာကို ရရှိရန်အတွက် အနှစ် (၂၀)အတွင်း မရေမတွက်နိုင်သော ရန်သူများ၏ အရိုးများနှင့်အလောင်းများကို ဖိနင်းခဲ့ခြင်း ဖြစ်လေရာ သူ မည်မျှစွမ်းအားမြင့်မားကြောင်း ငြင်းချက်ထုတ်စရာ မလိုပေ။
သို့သော် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ကောက်ကျစ်ယုတ်မာပြီး အကြင်နာတရားကင်းမဲ့သည့်အပြင် မရိုးသားသောနည်းလမ်းများဖြင့်လည်း ရန်သူကို တိုက်ခိုက်လေ့ရှိသည်။
ယခုလည်း အနိုင်ရရှိရန်အတွက် ရန်ကျောက်ကဲနှင့် စကားပြောဆိုဟန်ဆောင်ပြီး အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာကာ အလစ်ချောင်းတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက ချန်လီတောင် ၊ ကြံ့ဝိညာဉ်ကျွန်းတို့နှင့် မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ ကျန်းရှုန်က အရေးစိုက်မည် မဟုတ်ပေ။ အရံအတားထဲမှ ရန်ကျောက်ကဲထွက်လာသည်ကို တွေ့မြင်ပြီးကတည်းက သူက သတ်ဖြတ်ပစ်ရန် ကြံစည်ထားပြီး ဖြစ်၏။
မေးခွန်းထုတ်စရာရှိသည်မှာ ထိုရန်သူကို မည်သို့သတ်ဖြတ်ရမလဲဆိုသည့်အချက်ပင်။
ရုတ်တရက် ဝင်ရောက်လာသော သွေးနီရောင်အလင်းတန်းကို ရင်ဆိုင်လိုက်ရသည့်အခါ ရန်ကျောက်ကဲ မသိမသာ ပြုံးလိုက်သည်။
သူက လက်ညှိုးနှင့်လက်ခလယ်ကိုအသုံးပြုပြီး ဓားဝိညာဉ်တစ်ခုထုတ်ဖော်လျှက် သွေးနီရောင်အလင်းတန်းကို ရိုက်ထုတ်လိုက်သည်။ ရန်ကျောက်ကဲလက်မှ ရုတ်ချည်းထွက်ပေါ်လာသော အစိမ်းရောင်ဓားအလင်းတန်းက ကြောက်မက်ဖွယ်ရာ နဂါးဟိန်းသံနှင့်အတူ စိမ်းပြာရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကျန်းရှုန်၏ ဓားချီကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဓားဝိညာဉ်နှစ်ခု လေထုထဲတွင် ထိပ်တိုက်တွေ့သည်နှင့် သွေးနီရောင်ဓားအလင်းတန်းများက ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး သွေးပင်လယ်နှင့် ပြန်လည် ပေါင်းစပ်သွားသည်။ အစိမ်းရောင်နဂါးကြီးက လေဟုန်စီးလျှက် သွေးပင်လယ်ထဲ ထိုးဖောက်ဝင်ရောက်သွားပြီး လှိုင်းလုံးများကို ထိုးခွဲကာ အကြောက်အရွံ့မရှိ ခမ်းနားစွာ တိုက်ခိုက်နေသည်။
ကျန်းရှုန်၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ့မျက်လုံးများထဲတွင် ကောက်ကျစ်မှုများထွက်ပေါ်လာပြီး နှုတ်ခမ်းတို့က ရက်စက်စွာ ပြုံးလိုက်သည်။
“မင်းလိုပြိုင်ဘက်မျိုး ငါ စောင့်နေတာကွ”
ထို့နောက် သွေးပင်လယ်ထဲမှ အရိုးဖြူတောင်တန်းကြီးက ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး စိမ်းပြာရောင်နဂါးကြီးကို ပိတ်ဆို့ထားလိုက်သည်။
ကျန်းရှုန်က သူ၏လက်ဝါးတစ်ဖက်ကို လှန်လိုက်ရာ လက်ထဲတွင် အဖြူရောင်အရိုးဓားတစ်လက် ပေါ်လာသည်။ ထိုအရာက အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သောကြောင့် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသည်။
သူက ဓားကိုပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး အရိုးတောင်တန်းနှင့် သွေးပင်လယ်ကို ဖြိုခွင်းနေသော ရန်ကျောက်ကဲ၏ စိမ်းပြာရောင်နဂါးဓားဝိညာဉ်ကို ဦးတည်ခုတ်ပိုင်းလိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ ဓားအလင်းတန်းက ကျန်းရှုန်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အနည်းငယ်ပင် ရပ်တန့်သွားခြင်း မရှိပေ။ စိမ်းပြာရောင်နဂါးကြီးက အရိုးတောင်နှင့် သွေးပင်လယ်ကို စွမ်းအားအပြည့်ဖြင့် ထိုးခွဲလိုက်သောအခါ အရိုးတောင်ကြီး ပြင်းထန်စွာတုန်ခါသွားပြီး အဖြူရောင်အရိုးများ ကျိုးကြေလျှက် အောက်ဘက်သို့ ပြိုကျသွားသည်။
သို့သော် အလယ်ဆင့်မှော်ဝင်ဓားကြောင့် စိမ်းပြာရောင်နဂါးသည်လည်း နောက်ဘက်သို့ အနည်းငယ်လွင့်ထွက်သွားကာ အလင်းရောင်များ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပေါက်ကွဲထွက်သွား၏။
ကျန်းရှုန်က ကောက်ကျစ်စွာပြုံးရင်း...
“အရံအတားထဲက မင်းရလာတဲ့ရတနာပစ္စည်းတွေအားလုံး ငါ့ကို ပေးမယ်ဆိုရင် မင်းရဲ့အဘိုးကျန်းရှုန်က မင်းကိုသတ်ပြီးရင် အလောင်းကိုမဖျက်ဆီးဘဲ အကောင်းအတိုင်းထားပေးမယ်”
သို့သော် သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲထံမှ ဓားအလင်းရောင်ထပ်မံတောက်ပသွားပြီး စိမ်းပြာရောင်နဂါးတစ်ကောင် ထပ်မံထွက်ပေါ်လာကာ အရိုးဖြူတောင်တန်းနှင့် သွေးပင်လယ်ဆီသို့ ထိုးခွဲဝင်ရောက်သွားသည်။
ထို့နောက် တတိယနဂါး ၊ စတုတ္ထနဂါး...။
ကျန်းရှုန်မှာ ချီစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ လုံးဝပြန်လည်လှည့်ပတ်ရန်မလိုအပ်ဟုထင်ရသော သူ့အရှေ့မှရန်သူကိုကြည့်ရင်း အံ့အားသင့်သွားရသည်။
ဓားချက်များက လှိုင်းထန်သောမုန်တိုင်းများပမာ ရက်စက်ကြမ်းတမ်းစွာ အဆက်မပြတ် ကျဆင်းလာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်ထွက်ပေါ်လာသည်။ များပြားလှစွာသော နဂါးများက ပြင်းထန်ကြမ်းတမ်းသောဒီရေလှိုင်းများပမာ သွေးပင်လယ်နှင့် အရိုးဖြူတောင်တန်းကို ဖြိုခွဲပစ်လိုက်သည်။
“စောစောက ကြံ့ဝိညာဉ်ကျွန်းက သိုင်းသမားတွေကို တိုက်ခိုက်တော့ မင်း စွမ်းအားအပြည့်သုံးမထားဘူးဆိုတာ ငါ သိသားပဲ”
ပြန့်ကျဲနေသည့် သွေးပင်လယ်ထဲမှ ထွက်လာသော ရန်ကျောက်ကဲက မပြောင်းလဲသော မျက်နှာအမူအရာဖြင့် စကားဆိုသည်။
“ဒါပေမဲ့ အခု စွမ်းအားအပြည့်သုံးပြီး တိုက်ခိုက်တော့လည်း ဘာမှမဟုတ်ပါလား”
သူက ဆက်ပြောသည်။
“အဟက်... မင်းလိုချီးထုပ်ကောင်ကို တိုက်ခိုက်ဖို့ ငါ့စွမ်းအား ဘယ်လောက်ပဲ သုံးရသလဲဆိုတာ ခန့်မှန်းကြည့်စမ်း”