← Chapters

မင်းတို့အားလုံးသေလူပဲ

Vol. 35 Ch. 498

မင်းတို့အားလုံးသေလူပဲ

Vol. 35 Ch. 498

အခန်း (၄၉၈) မင်းတို့အားလုံးသေလူပဲ

ရန်ကျောက်ကဲက “အင်္ကျီလက်ထဲမှစိမ်းပြာရောင်နဂါး” သိုင်းကွက်ကို “မိုးကြိုးတုန်လှုပ်သိုင်းကွက်” ဖြင့် ပေါင်းစပ်အသုံးပြုခြင်း ဖြစ်သည်။ စိမ်းပြာရောင်နဂါးများစွာက ပင်လယ်ပြင်မှ အရှိန်အဟုန်ဖြင့်ထွက်လာသည့်ပမာမိုးမြေတစ်ခွင်ကို လွှမ်းခြုံလျှက် ကျန်းရှုန်ဆီသို့ ဦးတည်ဝင်ရောက်သွားသည်။

ရှားလော်ဂိုဏ်း၏ သိုင်းပညာက ပြင်းထန်ပြီး သိုင်းကွက်အခွဲများစွာရှိသဖြင့် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ကျွမ်းကျင်သည်။

သို့သော် ယခု သူ့ထက်ပြင်းထန်သော ရန်သူနှင့်တွေ့ဆုံရသောအခါ မည်သို့တွန်းလှန်ရမှန်းမသိတော့ဘဲ အလွယ်တကူပင် အားနည်းချက်ထဲ ကျရောက်သွား၏။

ရန်ကျောက်ကဲ၏ဓားချက်တိုင်းက တစ်ချက်ထက်တစ်ချက် ပိုမိုပြင်းထန်လာပြီး “မိုးကြိုးတုန်လှုပ်သိုင်းကွက်” အသုံးပြုနေသဖြင့် ချီစွမ်းအားပြန်လည်လှည့်ပတ်မှု မလိုအပ်သည့်အလား သိုင်းကွက်တစ်ခုနှင့်တစ်ခုကြား အပိုင်းအခြားမရှိ တိုက်ခိုက်နိုင်သည်။

ယင်းကြောင့်ပင် ရန်ကျောက်ကဲက သူ့ကို အဆက်မပြတ်တိုက်ခိုက်နေသကဲ့သို့ခံစားရပြီး ကျန်းရှုန် အံ့အားသင့်သွားရသည်။

သူ့အမူအရာက တည်ကြည်လေးနက်နေပြီး သူ့မျက်ဝန်းများက သွေးရောင်အပြည့်လွှမ်းလာသည်။

ရှားလော်ဂိုဏ်းမှ သိုင်းသမားများသာမဟုတ်ဘဲ ယန်ချူးဖန် ၊ ဖန်းမင်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများသည်လည်း အလွန်တုန်လှုပ်သွားကြသည်။

သူတို့အားလုံး ကျန်းရှုန်နှင့် ရန်ကျောက်ကဲ၏တိုက်ပွဲကို အာရုံစိုက်နေကြသဖြင့် သူတို့ကြားမှတိုက်ပွဲက သိပ်မပြင်းထန်တော့ပေ။

ရန်ကျောက်ကဲက ကျန်းရှုန်ကို တစ်ဆင့်ပြီးတစ်ဆင့် အနိုင်ယူသွားသည်ကို ကြည့်ရင်း လူတိုင်းမှင်တက်လျှက် ရှိကြ၏။

ဖန်းမင်က တိုက်ပွဲကို အံ့အားသင့်စွာကြည့်ရင်း...

“ဆရာဦးလေး’ယန်’ ၊ ကျန်းရှုန်က မှော်ဝင်လက်နက်အသုံးပြုနေတာတောင် အဲဒီလူက လက်နက်မပါဘဲ တိုက်ခိုက်နေတာ မဟုတ်လား”

ယန်ချူးဖန်မှာလည်း အံ့အားသင့်နေပြီး...

“ဟုတ်တယ်...”

ဟု ပြန်ဖြေလိုက်သည်။

တိုက်ပွဲကြည့်နေသူများ မည်မျှအံ့အားသင့်နေစေကာမူ ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ကျန်းရှုန်လောက် မည်သူမှ မအံ့သြနိုင်ကြပေ။

ကျန်းရှုန် အံတင်းတင်းကြိတ်ရင်း ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ရာ အရိုးဖြူဓားထက်တွင် ထူးဆန်းသောအလင်းရောင်တစ်ချက် တောက်ပလာသည်။ သူက ဓားကို ဦးခေါင်းထက် ပင့်မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ သိပ်သည်းသောမိစ္ဆာချီများက ဓားသွားဆီသို့ စီးဆင်းဝင်ရောက်သွားသည်။

ကျန်းရှုန်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရအားလုံးက မိစ္ဆာချီများနှင့်ပေါင်းစပ်လျှက် ဓားဝိညာဉ်တစ်ခု ဖြစ်တည်လာကာ ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထက်တွင် အရိုးဖြူသံချပ်ကာတစ်ခု ဖြစ်တည်လာ၏။

သူ့လက်ထဲမှ အရိုးဖြူဓားသည်လည်း ကောင်းကင်ကို ထိုးခွဲတော့မည့် ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

အနက်ရောင်အခိုးအငွေ့များ ၊ အရိုးဖြူနှင့်သွေးပင်လယ်စွမ်းအားကို စုပ်ယူလိုက်သဖြင့် အရိုးဖြူဓားအတွင်းမှ မိစ္ဆာချီများက ပြင်းထန်စွာ ကြီးထွားလာသည်။

ကျန်းရှုန်က ကြုံးဝါးသံတစ်ချက်ပြုရင်း ရန်ကျောက်ကဲဆီသို့ နောက်တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်သည်။

ယခုတစ်ကြိမ်အသုံးပြုလိုက်သောသိုင်းပညာက လျှို့ဝှက်သိုင်းပညာဖြစ်သော ‘အမှောင်ဓားချီ’ နှင့် ‘သွေးပင်လယ်ဓားချီ’ နှစ်ခုလုံးကို ကျော်လွန်သော ရှားလော်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်၏။

ကြမ်းတမ်းသောဓားချက်နှင့် ပြင်းထန်သောမိစ္ဆာချီများသည် မိုးမြေတစ်ခွင်လွှမ်းခြုံသွားပြီး မိစ္ဆာဆန်သောငိုညည်းသံကြီးတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာပင်ထိုဓားချက်ကိုကြည့်နေရင်း လက်တစ်ဖက်ကိုဆန့်ထုတ်လျှက် လက်ငါးချောင်းကို ဖြန့်လိုက်သည်။

သူ၏ဓားအလင်းရောင်မှ ဖြစ်ပေါ်လာသော စိမ်းပြာရောင်နဂါးများစွာက သွေးကြောများနှင့်ကြွက်သားများပမာ အချင်းချင်းရစ်ပတ်လိမ်ခွေလျှက် အလွန်ကြီးမားသော လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အလင်းရောင်များတောက်ပနေသော ဧရာမလက်ဖဝါးကြီးက ကျန်းရှုန်၏အစွန်းဆုံထိ ကြမ်းတမ်းရက်စက်သော အရိုးဖြူဓားကို တိုက်ရိုက်ပင် ဖမ်းယူဆုပ်ကိုင်ထားလိုက်၏။

မိစ္ဆာဓားဝိညာဉ်က ရန်ကျောက်ကဲ၏ ဧရာမလက်ဖဝါးကြီးကို ထိုးခုတ်ဖျက်ဆီးပစ်လိုက်ချင်သော်လည်း အချည်းအနှီးသာပင်။

ဧရာမလက်ကြီးက အရိုးဖြူဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ချက်ချင်းပင် မလှုပ်ရှားနိုင်တော့ဘဲ ကြီးမားသောဖိအားအောက်တွင် ပိတ်မိလျှက် ၊ ကျန်းရှုန် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ တစ်လက်မပင် မရွေ့လျားနိုင်တော့ပေ။

ရှေ့ဆက်တိုက်ခိုက်ရန်မဆိုထားနှင့် နောက်ပြန်ဆုတ်ရင်ပင် အိပ်မက်တစ်ခုပမာ ဖြစ်နေပေပြီ။

ရန်ကျောက်ကဲ၏လက်ဖဝါးကြီးက ဖြန့်ကားထားလျှင် မိုးမြေပမာ ကျယ်ဝန်းပြီး ဆုပ်ကိုင်လိုက်သည့်အခါ ကြီးမားသောလှောင်အိမ်တစ်ခုပမာ ပြောင်းလဲသွားရာ ကျန်းရှုန်အတွက် လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

နက်ရှိုင်းသော ကြုံးဝါးသံများကြားတွင် ကျန်းရှုန်၏ဦးခေါင်းထက်မှအလင်းတန်းများ လင်းလက်သွားပြီး မိုးမြေနှင့် ဆက်သွယ်ထားသည့် အမတနတ်ပန်း (၈)ပွင့် တောက်ပစွာ ပွင့်လန်းလာသည်။

သို့သော်...

သူ၏စွမ်းအားနှင့် သိုင်းပညာအယူအဆအားလုံး အမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်သော်ငြား သစ်ပင်ကြီးတစ်ပင်ကို လှဲဖြိုရန်ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်ပမာ ဘာမှမတတ်နိုင်ရှာပေ။

ရှားလော်ဂိုဏ်းမှ သိုင်းသမားအားလုံး အလွန်တုန်လှုပ်သွားကြသည်။

ရှားလော်ဂိုဏ်းမှ အမတဝိညာဉ် နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်က ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများကို ဆက်လက်မတိုက်ခိုက်တော့ဘဲ ကျန်းရှုန်ကို ကူညီရန်အလျှင်အမြန် ပြေးလာသည်။ သူက ရန်ကျောက်ကဲကို ဓားဖြင့်ခုတ်ပိုင်းချရင်း ကျန်းရှုန်အတွက် လွတ်လမ်းဖန်တီးပေးရန် ကြိုးပမ်းလိုက်၏။

ယန်ချူးဖန် ၊ ဖန်းမင်တို့အုပ်စုနှင့် တိုက်ခိုက်နေသော ရှားလော်ဂိုဏ်းမှ သိုင်းသမားများမှာလည်း ဆက်လက်တိုက်ခိုက်နေကြသည့်တိုင် အကြီးအကျယ် သွေးပျက်နေကြပြီ ဖြစ်သည်။

ရန်သူများ တပ်ပျက်နေသည့်တိုင် ယန်ချူးဖန်တို့အုပ်စုက အခွင့်အရေးအသုံးချပြီး တန်ပြန်တိုက်ခိုက်ခြင်း မပြုလုပ်နိုင်အားဘဲ သူတို့ရှေ့မှ တိုက်ပွဲကိုသာ မှင်တက်စွာဖြင့် ကြည့်နေကြသည်။

ယန်ချူးဖန်က...

“အမှောင်မိစ္ဆာ’ကျန်းရှုန်’ အမတဝိညာဉ် အလယ်ဆင့်ကိုတက်ရောက်တော့ ဝိညာဉ်သစ်ရွက် ကိုးရွက်ထွက်ပေါ်ခဲ့တယ်လို့ ကောလဟလတွေ ရှိတယ် ၊ အမတဝိညာဉ်နှောင်းပိုင်းအဆင့်ကိုရောက်တော့ အဲဒီဝိညာဉ်သစ်ရွက်ကိုးရွက်ကနေ အမတနတ်ပန်း ရှစ်ပွင့်ပွင့်ခဲ့တယ် ၊ ဝိညာဉ်သစ်ရွက်ကိုးရွက်ကို အခြေခံပြီး အမတနတ်ပန်းရှစ်ပွင့်ပွင့်တာဖြစ်လို့ ကျန်းရှုန်က ဝိညာဉ်သစ်ရွက်ကိုးရွက် အမတနတ်ပန်းကိုးပွင့်ပွင့်တဲ့သူထက် ခြေတစ်လှမ်းပဲ နိမ့်ကျတယ်”

ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“ဒီနေ့တော့ ဒီကောလဟလတွေက အမှန်ဆိုတာ ငါတို့သိရပြီ ၊ သူ့အနေနဲ့ အမဝိညာဉ်အဆင့် သိုင်းဆရာသခင် ထိပ်တန်း (၁၀)ယောက်မှာ နံပါတ် (၃)ချိတ်ဖို့ တကယ့်ကို ထိုက်တန်ပါတယ် ၊ ဒါတောင်မှ....”

ကျန်းရှုန်မှာ အကြီးမားဆုံးစွမ်းအားကို အသုံးပြုလျှက် ရှားလော်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာဖြစ်သော ‘အေးစိမ့်အရိုးဖြူဓားချီ” အား အလယ်ဆင့်မှော်ဝင်ဓားတစ်လက်ဖြစ်သော အရိုးဖြူဓားဖြင့် တွဲဖက်အသုံးပြုသည့်တိုင် ရန်ကျောက်ကဲနှင့် မယှဉ်နိုင်ရှိရသည်။

ယန်ချူးဖန် ပါးစပ်များခြောက်သွေ့နေပြီး အသံက အက်ကွဲနေသည်။

“အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တွေဆိုပေမယ့် ငါနဲ့ ရှားလော်ဂိုဏ်းကသိုင်းဆရာသခင် နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရင်တောင် ကျန်းရှုန်ကို မယှဉ်နိုင်ဘူး ၊ ဒါပေမဲ့ ဒီလူငယ်ကတော့...”

“ဒီလူငယ်က ဘယ်သူများလဲ...”

ထိုမေးခွန်းက ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများသာမက ရှားလော်ဂိုဏ်းမှသိုင်းသမားများ သိချင်နေသော မေးခွန်းဖြစ်၏။

ရန်ကျောက်ကဲက သူ့ကို ဝင်ရောက်တိုက်ခိုက်လာသော ရှားလော်ဂိုဏ်းမှ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ကို အရေးမစိုက်ပေ။ သူက ကျန်းရှုန်ဦးခေါင်းထက်မှ အမတနတ်ပန်းရှစ်ပွင့်ကိုသာ စိတ်ဝင်တစား အကဲဖြတ်နေသည်။

တစ်စုံတစ်ခုကိုတွေးမိသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“အင်း... အမတနတ်ပန်းရှစ်ပွင့်ဆိုပေမယ့် ဒီလူက ဟိုင်ကျန့်ကျယ်ထက်ပိုပြီး စွမ်းအားမြင့်မားတယ် ၊ ကြည့်ရတာ ဒီလူက ဝိညာဉ်သစ်ရွက်ကိုးရွက်ကနေ အမတနတ်ပန်းရှစ်ပွင့်ပွင့်တာ ဖြစ်ရမယ် ၊ ဟိုင်ကျန့်ကျယ်ကတော့ ဝိညာဉ်သစ်ရွက်ရှစ်ပွင့်ကနေ အမတနတ်ပန်းရှစ်ပွင့်ပွင့်တာပဲ”

ရန်ကျောက်ကဲက ကျန်းရှုန်၏ ‘အေးစိမ့်အရိုးဖြူဓားချီ’ကို ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ဆုပ်ကိုင်ထားရင်း သွေးပင်လယ်ဓားချီဖြင့် ဝင်ရောက်တိုက်ခိုက်လာသော ရှားလော်ဂိုဏ်းမှသိုင်းဆရာသခင်ကို လက်ဝါးတစ်ဖက်တည်းဖြင့် ရိုက်ထုတ်လိုက်သည်။

“မင်းတို့ဂိုဏ်းမှာ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံး ဘယ်အဆင့်ထိရှိလဲ ၊ သိုင်းသူတော်စင်အဆင့်လား”

ရန်ကျောက်ကဲက မေးလိုက်သည်။

“ပြီးတော့ မင်းတို့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းရော ရှိသလား”

ကျန်းရှုန်မှာ တစ်ကိုယ်လုံး ချွေးစေးများပျံနေပြီး ရန်ကျောက်ကဲမေးခွန်းကို ပြန်မဖြေနိုင်ပေ။

ဖန်းမင်က လှမ်းအော်ပြောရင်း ဝင်ဖြေလိုက်သည်။

“ရှားလော်ဂိုဏ်းချုပ်က သိုင်းသူတော်စင်အဆင့်မဟုတ်သလို သူတို့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း မရှိဘူး”

ရှားလော်ဂိုဏ်းမှ သိုင်းသမားများက ဒေါသတကြီးဖြင့် ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ကြပြီး သိုင်းဆရာသခင်တစ်ယောက်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“အဲဒီတော့ ဘာဖြစ်လဲ ၊ ငါတို့ဂိုဏ်းချုပ်က သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ထိပ်တန်းဆယ်ယောက်မှာ အဆင့် (၄) ရှိတယ် ၊ ပြီးတော့ ငါတို့ဂိုဏ်းမှာ စွမ်းအားမြင့်မားတဲ့ကျင့်ကြံသူတွေလည်း အများကြီးပဲ”

ထိုသူက ဆက်ပြောသည်။

“ဒီနေ့တိုက်ပွဲမှာ ငါတို့ဘက်က မင်းကို လျှော့တွက်ခဲ့မိတယ်ဆိုတာ ဝန်ခံတယ် ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းကို ထင်သလိုလုပ်လို့ရမယ်လို့တော့ မတွေးနဲ့ ၊ သတ္တိရှိရင် ငါတို့အားလုံးကို ဒီနေရာမှာ သတ်ပစ်လိုက်လေ ၊ ငါတို့ဂိုဏ်းက မင်းကို ဘာလုပ်မလဲဆိုတာ ကြည့်ရတာပေါ့”

ရန်ကျောက်ကဲက...

“မင်းတို့ နားလည်မှုလွဲနေပြီ”

ထိုစကားကိုကြားတော့ ယန်ချူးဖန် ၊ ဖန်းမင်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ၏မျက်နှာများ ဖြူဖျော့သွားကြသည်။

ရှားလော်ဂိုဏ်းမှလူများကတော့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး သူတို့မျက်နှာများထက်တွင် ဂုဏ်ယူဝင့်ကြွားသောအမူအရာများ ထင်ဟပ်လာသည်။ သူတို့ ရှားလော်ဂိုဏ်း၏နောက်ခံအင်အားကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ရန်ကျောက်ကဲ ထိတ်လန့်သွားသည်ဟု သူတို့က ယူဆလိုက်ကြသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများဆိုသည်က ကြီးမားသောသိုင်းဂိုဏ်းကြီးများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့တွင် ဘာအင်အားမှမရှိကြောင်း သဘောပေါက်ကြရစမြဲပင်။

အချို့သောကိစ္စရပ်များတွင် သက်ရောက်မှုကို ချက်ချင်းမခံရနိုင်သော်လည်း သိုင်းဂိုဏ်းကြီးများမှ အကြီးအကဲများကို ဒေါသထွက်အောင်လုပ်မိလျှင်တော့ ကူရာကယ်ရာမဲ့သော အခြေအနေသို့ ရောက်ရှိနိုင်ပေသည်။

သို့သော် ရှားလော်ဂိုဏ်းမှ သိုင်းသမားများ အပြည့်အဝ စိတ်သက်သာရာမရနိုင်ကြပေ။

အကြောင်းမှာ ယန်ချူးဖန် ၊ ဖန်းမင်နှင့် အခြားသူများမှာ ကြံ့ဝိညာဉ်ကျွန်းမှ  ဖြစ်ကြ၏။ ကြံ့ဝိညာဉ်ကျွန်းဆိုသည်က သူတို့ရှားလော်ဂိုဏ်းထက် နိမ့်ကျခြင်းမရှိသည့် သိုင်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

အကယ်၍ ကြံ့ဝိညာဉ်ကျွန်းက ဤလူငယ်ကို အကာအကွယ်ပေးရန် အာမခံပါက ဖြစ်လာမည့်အကျိုးဆက်ကို သူတို့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

သူတို့တွေးသလိုပင် ယန်ချူးဖန် ၊ ဖန်းမင်နှင့် အခြားသူများက ရန်ကျောက်ကဲကို သိမ်းသွင်းပြီး ရှားလော်ဂိုဏ်းမှလူများကို သတ်ဖြတ်ပစ်ရန် တွန်းအားပေးမည်ဟု အကြံထုတ်နေကြလေသည်။

ထိုအချိန်မှာပင် ရန်ကျောက်ကဲက စကားပြောလာသည်။

“မင်းတို့ဂိုဏ်းမှာ သိုင်းသူတော်စင် ဒါမှမဟုတ် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ရှိ မရှိမေးမြန်းတာက တခြားမဟုတ်ပါဘူး ၊ မင်းတို့ဂိုဏ်းကိုရင်ဆိုင်တဲ့အခါမှာ ငါ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့အတွက်ပါ”

သူက ဆက်ပြောသည်။

“မင်းတို့ကို အခု သတ်မှာ မသတ်မှာနဲ့ မဆိုင်ဘူး”

“မင်းတို့ဂိုဏ်းမှာ သိုင်းသူတော်စင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်းတို့အားလုံးက သေလူဖြစ်နေပြီ”

ထိုသို့ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဖြန့်ထားသည့်သူ၏လက်ဖဝါးကို စွန်ကုပ်လက်သည်းသဏ္ဌန်ကုပ်ကွေးလျှက် နောက်သို့ဆွဲယူလိုက်ရာ ဧရာမလက်ဖဝါးကြီးသည်လည်း အရိုးဖြူဓားကို ဆွဲယူလိုက်ပြီး ကျန်းရှုန်သည်လည်း ဓားနှင့်အတူ တစ်ခါတည်းပါလာလေသည်။

ကျန်းရှုန်မှာ ခုခံနိုင်စွမ်းမရှိတော့ဘဲ ရန်ကျောက်ကဲဆွဲခေါ်ရာ ပါသွားတော့သည်။

ထို့နောက် ရန်ကျောက်ကဲက အခြားလက်တစ်ဖက်ကို ပင့်မြှောက်လိုက်လေရာ သူတို့အားလုံးမှာ မိုးကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်ပမာ ခံစားလိုက်ကြရလေ၏။

All Chapters