ကောင်းကင်ဘုံပုတီးစေ့၏ လက်ယပ်ခေါ်မှု
Vol. 016 Ch. 772
ရှေးဟောင်းနတ်ဘုရား၏ အသားအရေသည် ကြမ်းတမ်းရှတကာ အက်ရာများနှင့် ဖုံးနေသည်။ သို့သော် ယခု ခရမ်းရောင်အလင်းကနေ ဖြစ်ပေါ်လာသည့် လက်က အလွန်အမင်း ချောမွတ်နေသည်။
ယင်းလက်ကြီးက ဝမ်လင်းကို လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ခေါ်နေသည့် လက်ဟန်မျိုး လုပ်ဆောင်နေသည်။
ထိုလက်ကြီးထံမှ အန္တရာယ်ရှိသည့် မည်သည့်အော်ရာမှ ထွက်ပေါ်နေခြင်း မရှိပေ။ ၎င်းက အလွန်သာမန်ဆန်လှ၏။ ယင်းလက်ကြီးက ဝမ်လင်းကို တံခါးချပ်ကြီးထံသို့ ဖြတ်သန်းဝင်ရောက်လာရန်သည် လက်ယပ်ခေါ်နေခဲ့သည်။
သို့ရာတွင် ဝမ်လင်းက အလွန်သတိထားလျက် ရှိနေ၏။ သူ့ရှေ့ရှိ မြင်ကွင်းက အလွန်ထူးဆန်းနေသည်။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြီးပြည့်စုံသွားသည့်နောက် ခုလိုမျိုး ထူးဆန်းမှု ဖြစ်ပျက်လာလိမ့်မည်ဟု လုံးဝ မတွေးထင်ထားမိပေ။
ဝမ်လင်းက သူ့ကို လက်ယပ်ခေါ်နေမှုကိုသာ စူးစိုက်ကြည့်နေရင်း မလှုပ်မယှက် ရှိလို့နေသည်။ သည့်နောက် သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။
ထိုလက်ကြီး၏ လှုပ်ရှားမှုကလည်း လက်ယပ်ခေါ်နေသည့် ဟန်ပန်သာ ရှိလို့နေဆဲပင်။ သို့ရာတွင် အချိန်ကုန်လာသည်နှင့်အမျှ ၎င်းနောက်ရှိ တံခါးချပ်က ဖြည်းဖြည်းချင်း ပုံရိပ်ယောင်ပိုဆန်လာခဲ့ကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မယောင် ဖြစ်လာခဲ့သည်။
သူက အခု အလျင်စလို မဝင်လျှင် ဘယ်တော့မှ ဝင်ရောက်နိုင်မည့် အခွင့်အရေး မရနိုင်တော့မည့်ပုံ ရှိနေ၏။
ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ရှေ့သို့ လှမ်းတိုးသည်။ သူ့ညာလက်ဖြင့် ခုထိ မပျက်စီးသွားသေးသည့် တစ်ခုတည်းသော လမြွေနဂါး၏ အရိုးကို လှမ်းဆွဲယူလိုက်၏။
လမြွေနဂါး၏ အရိုးက ၎င်း၏ သတ္တုဒြပ်ကို ဆုံးရှုံးသွားခဲ့သော်လည်း အရင်လို မာကျောနေဆဲသာ ဖြစ်သည်။ တကယ်တော့ သည်အရာက လမြွေနဂါးပိုင်ဆိုင်သည့် အရိုး မဟုတ်လား။
လမြွေနဂါး၏အရိုးကို ဖမ်းဆုပ်ကိုင်ပြီးနောက် ဝမ်လင်းသည် မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ပြီး လမြွေနဂါးကို ကောင်းကင်ထက်သို့ ပစ်တင်လိုက်၏။ အရိုးကြီးက လေထဲသို့ တဝီဝီ ပျံတက်သွားကာ တံခါးထံသို့ ဦးတည်၏။
လမြွေနဂါးက တံခါးနှင့် ထိမှန်ခါနီးအချိန်၌ ဝမ်လင်းကို လက်ယပ်ခေါ်နေသော လက်ကြီးက ယင်းအရိုးကို လွယ်လင့်တကူ ဖမ်းယူလိုက်သည်။
ဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ ထိုလက်ကြီးက အရိုးကို ညှစ်ချစ်လိုက်စဉ် ဝမ်လင်းမျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ပြင်းထန်သောအော်ရာတစ်ခု ပေါ်ထွက်လာကာ လမြွေနဂါးအရိုးတစ်ခုလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားချေသည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများကလည်း ဝမ်လင်းရှိနေသော ဂြိုဟ်ပေါ်တွင် ပေါ်လာခဲ့သည်။ ဂြိုဟ်အနီးအနားရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများထံကပင် ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာခဲ့ကာ ဂြိုဟ်သိမ်တော်တော်များများက ပြန့်ကျဲကြွေမွကုန်၏။
ထိုလက်ကြီးဖြင့် လက်ညှစ်အားထဲ၌ အံ့မခန်းစွမ်းအား တစ်ခု ပါဝင်နေခဲ့ပေသည်။ ယင်းလက်ညှစ်အားက ကမ္ဘာမြေတစ်ခုလုံးကိုပင် တစ်စစီဖြစ်သွားနိုင်ပေသည်။
ထိုလက်ကြီးက ၎င်း၏ လက်ကို ပြန်ဖြေလျော့ကာ ဝမ်လင်းကို နောက်တစ်ဖန် လက်ယပ်ခေါ်ပြန်၏။
ဝမ်လင်းဦးရေပြားပင် ထုံထိုင်းသွားရသည်။ သူ့မျက်နှာက ထိုလက်ကြီးကို ကြည့်နေရင်း ဖြူရော်နေခဲ့သည်။ သူက ထိုလက်ညှစ်အားသည် မည်မျှသန်မာကြောင်းပင် မတွေးနိုင် ဖြစ်ရသည်။ သို့သော် သူက ယင်းအားသည် လမြွေနဂါးထံက ရှေးဟောင်းနတ်ဘုရား လက်ချောင်းတိုက်ချက်ထက် အားနည်းလိမ့်မည် မဟုတ်ကိုတော့ သိနေခဲ့သည်။
ထိုလက်ညှစ်အားက မည်သည့်ခွန်အားကိုမှ သုံးစွဲခဲ့ခြင်း မရှိပေ။ သို့သော် ဝမ်လင်း ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို ထုတ်ဖော်စဉ်တုန်းကကဲ့သို့သော် ဥပဒေသတစ်ခု ပါဝင်နေပေ၏။ သို့ရာတွင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းနှင့် နှိုင်းယှဉ်ပါက သည်လက်ညှစ်အားသည် အဆ၊အဆပေါင်းများစွာ အစွမ်းထက်လှ၏။
အချိန်အတန် ကြာမြင့်ပြီးသည့်နောက် ထိုလက်ကြီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ သို့ရာတွင် သူက နောက်ဆုံးမပျောက်ကွယ်သွားခင် အချိန်အထိ ဝမ်လင်းကို လက်ယပ်ခေါ်နေခဲ့ပေသည်။ ၎င်းလက်ကြီး နောက်ရှိ ဧရာမတံခါးကလည်း လက်ကြီးနှင့်အတူ ပျောက်ကွယ်လာခဲ့သည်။
ပတ်ဝန်းကျင်ဧရိယာရှိ ခရမ်းရောင်အလင်းများက ပိုသိပ်သည်းလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင်အလင်းအားလုံးက စုစည်းလာကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။
ထို့နောက် ကောင်းကင်ဘုံပုတီးစေ့က လေထဲကနေ ပြုတ်ကျလာခဲ့သည်။ ဝမ်လင်းက ချက်ချင်းပင် သူ့ညာလက်ဖြင့် ပုတီးစေ့ကို ဖမ်းယူလိုက်သည်။
ထိုပုတီးစေ့က လုံးဝ သာမန်ပင်။ သာမန် ကျောက်တုံးတစ်တုံးကဲ့သို့သာ ရှိနေသည်။ သို့သော် သည်အခိုက်အတန့်၌ ၎င်းပုတီးစေ့ပေါ်၌ ဒြပ်စင်ငါးခု၏ စွမ်းအင်များသည် လုံးဝ ရှိမနေတော့ပေ။
ဝမ်လင်း၏ နတ်ဘုရားအာရုံကတော့ ပုတီးစေ့ထဲ၌ ရှိနေဆဲ ဖြစ်သည်။ လီမူဝမ်၊ဝမ်ဖျင်နှင့် ချင်ရီတို့၏ စိတ်ဝိညာဉ်များကလည်း ရှိလို့နေဆဲပင်။
အရင်နှင့်နှိုင်းယှဉ်ပါက ယင်းစိတ်ဝိညာဉ်တို့သည် ပို၍ အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရ၏။ အထူးသဖြင့် လီမူဝမ်၏ စိတ်ဝိညာဉ်ဖြစ်ကာ ခုချိန်၌ သူမ၏ စိတ်ဝိညာဉ်ကပင် ပို၍တည်ငြိမ်လာခဲ့ပေသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ စွမ်အားက အတိအကျဆို ဘာများဖြစ်မလဲ…။ ဒီတံခါးကြီးက ဘယ်နေရာကို ဦးတည်သွားတာလဲ…ပြီးတော့ ဒီတံခါးအပြင်ဘက်က လက်ကြီးကရော…”
ဝမ်လင်းက စဉ်းစားနေသည်။
သည်ပုတီးစေ့ တည်ရှိခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သည့်အတွက် သူက ယင်းပုတီးစေ့ကို အရင်ဆုံး လက်ဝယ်ပိုင်ဆိုင်သည့်သူ မဟုတ်ဟု ခန့်မှန်း၍ ရပေသည်။ ထို့အပြင် ကောင်းကင်ဘုံပုတီးစေ့၏ ဒြပ်စင်ငါးခု ပြည့်စုံသွားအောင် လုပ်နိုင်ခဲ့သည့် တစ်စုံတစ်ဦးလည်း ရှိခဲ့နိုင်သည်သာ ဖြစ်သည်။
သို့ရာတွင် ထိုတံခါးဂိတ်ကို တွေ့မြင်ပြီးသည့်နောက် ထိုလူများသည် အထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ရမည် ဖြစ်သည်။
“ငါ့အရင် စီနီယာတွေက ဒီလက်ကြီးရဲ့ ခြွေမွခံလိုက်ရတာလား… ဒါမှမဟုတ် တံခါးထဲကိုပဲ အမှန်တကယ် ဝင်ရောက်သွားခဲ့တာလား…”
ဝမ်လင်းက မျက်မှောင်ကြုတ်နေမိသည်။
ကောင်းကင်ဘုံပုတီးစေ့ မပြည့်စုံခင်တုန်းက ဝမ်လင်းသည် ၎င်းနှင်ပတ်သက်၍ အမှန်ပင် ပဟေဠိ ဖြစ်နေခဲ့ပေသည်။ သို့သော် ဒြပ်စင်ငါးခု ပြည့်စုံသွားသည့်နောက်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသည့်အပြင် သူက ပို၍ပင် ပဟေဠိဖြစ်၊ ဒွိဟ ဖြစ်လာခဲ့သည်။
“ဒီတံခါးချပ်ကြီးက ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေကိုများ ရောက်သွားစေနိုင်တာလား…။ ဒါပေမဲ့ ဒီလိုဆိုရင်လည်း ဘာကြောင့် ဒီလက်ကြီးက တံခါးရှေ့မှာ ရှိနေခဲ့ရတာလဲ…။ ဒီလက်ကြီးက လက်ယပ်ခေါ်နေတယ်လို့ ထင်ရပေမဲ့လည်း အမှန်တကယ်တော့ ခြေမွဖို့ တာဆူနေတာပဲ…”
“အတိအကျဆို ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဘာများ ဖြစ်နိုင်မလဲ…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို စူးစိုက်ကြည့်နေသည်။ အချိန်အတန် ကြာမြင့်ပြီးသည့်နောက် သူက ၎င်းကို သူ့နဖူးထက်သို့ နေရာချလိုက်ရာ ၎င်းသည် သူ့မူလစိတ်ဝိညာဉ်ထဲ၌ ပြန်ပျောက်ကွယ်သွားချေသည်။
သူက ခုချိန်တွင် ဘယ်လိုတွေးတွေး သည်ပုတီးစေ့နှင် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေသဖြင့် ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုတံခါးသည် အဓိက သော့ချက်တစ်ခု ဖြစ်နိုင်သည်မှာ သိသာသည်။ သို့သော် သူက ယင်းတံခါး၏ နောက်၌ မည်သည့်အရာရှိနေသည်ကို မသိနိုင်ပေ။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ ဒြပ်စင်ငါးခုက ခုဆို ပျောက်ကွယ်သွားခဲ့ပြီ။ ဒီတော့ ဒါက နောက်တစ်ကြိမ် ထပ်ပြီး စုဆောင်းဖို့ လိုအပ်သွားပြီ…”
ဝမ်လင်းက သူ့ပတ်လည်သို့ ကြည့်လိုက်၏။ စောနက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကြောင့် သည်ဂြိုဟ်သည် လုံးဝ အစုတ်အပြတ် ဖြစ်သွားချေပြီ။ သည်နေရာ၌ ဆက်နေလျှင် မည်သည့်အကျိုးမှ ရတော့မည် မဟုတ်ပေ။
“ကံမကောင်းစွာနဲ့ ဒီရတနာနေရာက ပျက်စီးသွားခဲ့ရပြီ။ ဒါပေမဲ့လည်း ဒီဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကြီးရဲ့ အထဲကို ပိုသွားလေလေ ငါ့မူလစိတ်ဝိညာဉ်ကို ပိုသက်သောင့်သက်သာ ဖြစ်စေလေပဲ။ ငါက ပိုပြီးဆက်သွားလို့ အဲဒီနေရာမှာသာ ပိုများတဲ့ မိုးကြိုးတွေ ရှိနေရင် ငါက မိုးကြိုးမူလမန္တန်ကို ကျင့်ကြံနိုင်ပြီ…”
သူ့စိတ်ကိုယ် သူပြင်ဆင်ပြီးနောက် ဝမ်လင်းက လှုပ်ရှားလာသည်။ သူက မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ သည်နေရာကနေ ထိုးထွက်သွားသည်။ အနီးအနားရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား တော်တော်များများက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ စစ်နတ်ဘုရားကိုပါ ထုတ်ယူလိုက်ရာ မိုးကြိုးသားရဲသည် ထွက်ပေါ်လာချေသည်။
မိုးကြိုးသားရဲက ထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်သံ ပြုကာ ဝမ်လင်းကို ကြည့်၏။ သို့ရာတွင် မိုးကြိုးသားရဲက အံ့အားသင့်သွားသည့်ပုံပင်။ ၎င်းက ဝမ်လင်းကို သေချာကြည့်ရှုနေရင်း ၎င်း၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်လာခဲ့သည်။
ဝမ်လင်းက မိုးကြိုးသားရဲအပေါ်၌ ထိုင်လိုက်သည်။ သည့်နောက် သူက ၎င်း၏ ဦးခေါင်းကို ပုတ်လိုက်ရာ ရယ်မော ပြောလိုက်၏။ “ထပ်ပြီး ငါ့ကို ကြည့်မနေတော့နဲ့။ မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဒီရှေ့မှာရှိတဲ့ နေရာရဲ့ ထူးခြားမှုကို သဘောပေါက်မှာပဲ။ မင်းက ရှေ့ကို ဆက်မသွားချင်ဘူးလား…”
မိုးကြိုးသားရဲက ဟိန်းသံပြု၏။ ၎င်း၏အမြင်၌ ဝမ်လင်းပင် မရှိတော့ပဲ မိုးကြိုးတန်းတစ်ခုဟု မြင်မိနေသည်။ သို့ရာတွင် ထိုမိုးကြိုးတန်းက ၎င်းကို လှိုက်လှိုက်လှဲလှဲ ခံစားစေသည်။ ၎င်းမိုးကြိုးသားရဲက ထိုသို့သော ခံစားချက်မျိုးကို မရရှိသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ၎င်း၏ ဦးခေါင်းကို ပုတ်လိုက်ခြင်းက ၎င်းကို အလွန်သက်သောင့်သက်သာ ဖြစ်မှုကိုပါ ခံစားရစေသည်။
မိုးကြိုးသားရဲက အလွန်မြန်သောနှုန်းဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြားတွင် ဖြတ်သန်းသွားလာနေသည်။ သူတို့က အထဲသို့ ပို၍ သွားလေလေ ဂြိုဟ်သိမ်ဂြိုဟ်မွှားများက ပို၍ ထူထဲ သိပ်သည်းလာလေ ဖြစ်သည်။ အချို့ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဆိုလျှင် မိုးကြိုးများပင် တဖျတ်ဖျတ် လင်းလက်နေသေးသည်။
သည်ပတ်ဝန်းကျင်က ဝမ်လင်းနှင့် မိုးကြိုးသားရဲတို့ကို သက်သောင့်သက်သာ ဖြစ်စေ၏။ မိုးကြိုးသားရဲက အလွန်ပျော်ရွှင်နေဟန် ပေါက်နေကာ ဆက်လက်၍ မြူးထူးစွာ ဟိန်းသံပြုနေတော့သည်။
မိုးကြိုးသားရဲအပေါ်မှာ ထိုင်နေရင်းဖြင့် ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အကြောင်း တွေးနေမိသည်။ ထိုအခါ သူ့စိတ်ထဲ၌ စိတ်မတင်မကျ စိတ်ပျက်မှုတို့ ရှိလို့နေသည်။ တကယ်တော့ သူက ဒြပ်စင်ငါးခုစုံအေင် နှစ်ပေါင်း တစ်ထောင်နီးပါး အသုံးပြုခဲ့ရသည်။ သည်လမြွေနဂါး၏ အရိုးကို ရရှိရန် သွားသည့်တစ်ခေါက်ဆိုလျှင် သူ့အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ မူလတုန်းက သည်ပုတီးစေ့က ဒြပ်စင်ငါးခုနှင့် ပြည့်စုံသွားလျှင် သူအသုံးချနိုင်မည့် ကြီးမားသည့်စွမ်းအားအချို့ ရရှိနိုင်လိမ့်မည်ဟု တွေးထင်ထားမိသည်။
သို့ရာတွင် ခုချိန်၌ သူ့မျှော်လင့်ချက်နှင့် အစစ်အမှန်တို့က အတော်လေး ကွာခြားနေခဲ့ပေသည်။
“ဒီကောင်းကင်ဘုံပုတီးစေ့က ဘာများလဲ…” ဝမ်လင်းက သူ့နဖူးကိုထိကာ စဉ်းစားကြည့်နေသည်။
မိုးကြိုးသားရဲကတော့ သည်ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်းနက်ပိုင်းထိ ဆက်လက်၍ သွားနေသည်။
မိုးကြိုးများ ခပ်အုပ်အုပ်ထွက်ပေါ်လာသော အသံသည် ဝမ်လင်း၏ အတွေးများကို နှောင့်ယှက်ကာ သူ့မျက်လုံးကို လက်ခနဲ ဖြစ်သွားစေသည်။သူ့မူလစိတ်ဝိညာဉ်ကို သက်သောင့်သက်သာ ခံစားရစေသော နေရာသည် ရှေ့တွင် ရောက်လာခဲ့သည်။ ထိုနေရာရှိ မိုးကြိုးများသည် အလွန်အမင်း သိပ်သည်းလှသည်။
“ဒီနေရာပဲ…” ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
မိုးကြိုးသားရဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြား၌ ဖြတ်သန်းသွားလာနေရင်းဖြင့် ရုတ်တရက် ရပ်တန့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့ရှေ့ရှိအရာကို တွေ့မြင်လိုက်ရသည့်အခါ ပင့်သက်ရှိုက်မိသွားသည်။ သူ့မျက်လုံးများက တောက်ပလို့နေ၏။
သူ့ရှေ့တွင် မည်သည့်ဂြိုဟ်တစ်ခုမှ ရှိမနေဘဲ ကျယ်ပြောသော မိုးကြိုးကန်ကြီး တစ်ခုသာ ရှိလို့နေ၏။ ထိုနေရာတစ်ခုလုံးသည် လျှပ်စီးနှင့်မိုးကြိုးများသာ ကြီးစိုးထားကာ မိုးကြိုးငရဲအလား ထင်မှားနိုင်သည်။
သည်နေရာနှင့် နှိုင်းယှဉ်ပါက အရင်ပထမ မိုးကြိုးဂြိုဟ်သည် မထင်မရှား ဖြစ်သွားပေလိမ့်မည်။
ထိုမိုးကြိုးကန်ပြင်ကျယ်ကြီး အတွင်း၌ လျှပ်စီးတန်းများက နဂါးများကဲ့သို့ လှုပ်ရှားလို့နေကာ ပြင်းထန်သောအော်ရာ၊ တုန်ခါမှုတို့ကိုပါ ထုတ်လွှတ်လို့နေသည်။
မိုးကြိုးသားရဲက ဟိန်းသံပြုကာ ထိုမိုးကြိုးကန်သို့ ချီတုံချတုံ ကြည့်နေသည်။ ထိုနေရာရှိ မိုးကြိုးစွမ်းအားက အလွန်ပြင်းထန် အားကောင်းလှသည်။ မိုးကြိုးသားရဲပင် ထိုမိုးကြိုးစွမ်းအားများကို မခံနိုင်ဟု ခံစားနေရ၏။
ဝမ်လင်းက မိုးကြိုးသားရဲ ကိုယ်ပေါ်ကနေ ဆင်းသက်၍ ရှေ့သို့ ဆက်သွားလိုက်သည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းနေကာ သူက အလွန်သတိထားနေသည်။ အရင်ဆုံး သူက ကောင်းကင်ဘုံ သက်တော်စောင့်ကို သူ့အနားတွင် ရှိနေစေသည်။ ထို့နောက် သူက မိုးကြိုးကန်၏ အစွန်နားသို့ ရောက်လာ၏။ ခဏတာ လေ့လာကြည့်ပြီးနောက် သူက ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ခြေချလိုက်ချိန်၌ မိုးကြိုးက ချက်ချင်းပင် သူ့ခြေထောက်မှ ဖြတ်သန်း၍ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ တစ်ကိုယ်လုံး မိုးကြိုးများနှင့် ပြည့်သွားစေသည်။ ဝမ်လင်းခန္ဓာကိုယ်က ထုံထိုင်းမှုကိုပင် ခံစားလိုက်ရ၏။ သူက အသက်ဝဝရှူသွင်းကာ နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်သည်။
သည်လိုနှင့် သူက ခြေလှမ်းနှစ်ဆယ်ခန့် လှမ်းသွားပြီးသည့်နောက် ရပ်တန့်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း မိုးကြိုးများနှင့် ဝန်းရံခံထားရကာ သူ့မူလစိတ်ဝိညာဉ်ပင် မိုးကြိုးခွန်အားကို ပေးစွမ်းနေသည်။
သည်နေရာက သူ့အတွက် အခုလက်ရှိတွင် အကန့်အသတ်ပင်။ ဝမ်လင်းက ဖြည်းဖြည်းချင်း ထိုင်ချကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံတော့သည်။
အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မိုးကြိုးသားရဲသည်လည်း သတိဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။ ၎င်းက မိုးကြိုးကို ချက်ချင်း ခံစားမိကာ ထို့နောက် ၎င်းက လှဲချလိုက်၏။ ယင်းနောက် ၎င်းက မိုးကြိုးသားရဲများသာ သိသော နည်းလမ်းဖြင့် မိုးကြိုးများကို စတင်စုပ်ယူ သန့်စင်ပစ်နေသည်။
မိုးခြိမ်းသံက လွဲ၍ မည်သည့်အသံဗလံမှ ရှိမနေပေ။ လူသားနှင့်သားရဲတို့က ထိုသို့သော နည်းလမ်းဖြင့် စတင် ကျင့်ကြံနေကြတော့သည်။
ဝမ်လင်းက သည်နေရာနှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ သူ့နှလုံးသားကလည်း တုန်လှုပ်နေခဲ့သည်။ သည်နေရာရှိ မိုးကြိုးက သူ့ခန္ဓာကိုယ်ထက် သာလွန်နေသည်။ သူ့ခန္ဓာကိုယ်ကသာ မိုးကြိုးနှင့် ပြုလုပ်ထားခြင်း မဟုတ်ပါက သူ့အတွက် အနှီမိုးကြိုးကန်၏ အနားသတ်သို့ ရောက်လာဖို့ပင် အလွန်ခက်ခဲပေလိမ့်မည်။
“ဒီနေရာက မိုးကြိုးမူလမန္တန်ကျင့်ကြံဖို့ အကောင်းဆုံးနေရာပဲ…” ဝမ်လင်းမျက်လုံးက မိုးကြိုးများနှင့် ပြည့်နှက်နေကာ မိုးကြိုးမူလမန္တန်ကို တိတ်တဆိတ် စတင် ကျင့်ကြံနေချေသည်။
သည်အခိုက်အတန့်၌ ဂြိုဟ်သိမ်ဂြိုဟ်မွှားတို့၏ အပြင်ဘက် အာကာသဟင်းလင်းပြင် အကာအဝေးတစ်ခုကနေ မိုးကြိုးတန်းတစ်ခုသည် တဝီဝီ တိုးဝင်လာနေသည်။ ထိုမိုးကြိုးတန်းက မိုးကြိုးသားရဲပင်။ ယင်း မိုးကြိုးသားရဲက ဦးချိုမရှိသော်လည်း ၎င်း၏ ဦးခေါင်းထက်၌ အဖုတစ်ခု ဖြစ်ပေါ်နေသည်။
ထိုမိုးကြိုးသားရဲက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုမိုးကြိုးသားရဲ၏ ကျောပေါ်တွင် သက်လတ်ပိုင်းလူကြီး တစ်ယောက်က ထိုင်လျက် ရှိနေသည်။ သူ့ဆံပင်များက နောက်သို့ ဝဲလွင့်နေကာ သူက မလှုပ်မယှက် အသွင်ဟန်ပန်ဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ရှိရာနေရာသို့ တိုးဝင်လာနေသည်။
“မိုးကြိုးကောင်းကင်ဘုံ နယ်မြေက ဖွင့်လှစ်တော့မှာ ဖြစ်တယ်။ ငါက မိုးကြိုးကန်ကနေ မူလစွမ်းအင် ပိုစုပ်ယူရမယ်…”
******