အခန်း (၁၀၅၇-၁၀၅၈)
Vol. 76 Ch. 1057-1058
အခန်း ၁၀၅၇ သွေးတစ်စက်
အင်မော်တယ်များ မဟာမိတ်မှ သောင်းချီသော ကျင့်ကြံသူများကို ကွပ်ကဲနေသည့် စစ်သူကြီး၊ အသက်အရွယ်အရ လူလတ်ပိုင်း အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ငယ်စဉ်က အလွန်ချောမောခန့်ညားခဲ့မည် ဖြစ်ကြောင်း လူတိုင်း အလွယ်တကူ မှတ်မိနိုင်သည့် ထိုအမျိုးသားကား စုမင်၏ ငယ်သူငယ်ချင်း ပိုင်လင်းပင် ဖြစ်တော့သည်။
သူတို့ နက်မှောင်တောင်တန်းတွင် ရှိစဉ်က သူသည် စုမင် လေးစားရသည့် အစ်ကိုတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် မာန်မျိုးနွယ်တို့၏ နယ်မြေ၌ သူတို့ ပြန်လည် ဆုံတွေ့ခဲ့ကြပြီး ထိုနေရာရှိ လူအားလုံးမှာ အတုအယောင်များသာ ဖြစ်ကြောင်း စုမင် နားလည်သွားခဲ့ရသည်။ ယခုမူ သူက စုမင် ရှေ့မှောက် ဝေးကွာသော နဂါးငွေ့တန်းထဲတွင် မတ်တတ်ရပ်နေပြီ ဖြစ်သည်။
စုမင်က သူ့ကို စိုက်ကြည့်လိုက်ရာ ပိုင်လင်းကလည်း လှမ်းကြည့်လာခဲ့သည်။ နဂါးငွေ့တန်းကို ဖြတ်သန်း၍ သောင်းချီသော ကျင့်ကြံသူများအား ကျော်လွန်ကာ သူတို့ အကြည့်ချင်း ဆုံမိသွားသည့် အခိုက်အတန့်တွင် ပိုင်လင်းသည် နှလုံးသား တစ်ချက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာ အမူအရာက ချက်ချင်း ဖြူဆုတ်သွားပြီး နောက်သို့ ယိုင်တိယိုင်တိုင် ခြေလှမ်း အနည်းငယ် ဆုတ်ခွာသွားခဲ့ရကာ ခန္ဓာကိုယ်ထဲမှ ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း အဆင့်တွင် ရှိသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအားများက ပတ်ဝန်းကျင် တစ်ခွင်လုံးကို လွှမ်းမိုးသွားပြီး ထိုကဲ့သို့ ပြုလုပ်လိုက်မှသာ စုမင်၏ အကြည့်ဒဏ်ကြောင့် နောက်သို့ ဆက်၍ လွင့်မထွက်သွားအောင် တားဆီးနိုင်ခဲ့သည်။
သို့သော်ငြားလည်း သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးတစ်စက် စီးကျလာခဲ့ရသည်။ ဖြူလျော်နေသော မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုများ ထင်ဟပ်နေတော့သည်။ စောစောက စုမင် လှမ်းကြည့်လိုက်သည့် အခိုက်အတန့်တွင် ပိုင်လင်းသည် ထိုအကြည့်က ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး သူ့မျက်လုံးများအား ထိုးစိုက်လာသည့် ထက်မြက်သော သံလျက်တစ်စင်းကဲ့သို့ ပြင်းထန်သော ခံစားချက်ကို ရရှိခဲ့သည်။ ထိုအကြည့်က သူ့သွေးကြောများထဲ စီးဆင်းသွားချိန်တွင် သူ့အသားနှင့် သွေးကို လှီးဖြတ်ကာ အရိုးအားလုံးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သလို ခံစားရပြီး သူ့ဆီက အရာအားလုံး ဗလာကျင်းကာ အထင်အရှား အမြင်ခံလိုက်ရသလိုပင်။
အမှန်တကယ်တွင် ထိုအကြည့်အောက်၌ သူ့စိတ်ဝိညာဉ်ပင်လျှင် ထွက်ပြေးတိမ်းရှောင်ရန် နေရာမရှိခဲ့ချေ။ သူ့လျှို့ဝှက်ချက်များနှင့် အတိတ်မှတ်ဉာဏ်များ အားလုံး ဖောက်ထွင်းမြင်ခံလိုက်ရသလို ခံစားလိုက်ရသဖြင့် လူအုပ်ကြီးကြားထဲတွင် သူတစ်ယောက်တည်း အထီးကျန်စွာ ရှိနေသည်ဟူသော အမြင်မှားမှုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
အထူးသဖြင့် ထိုအကြည့်ထဲတွင် ဆန်းကြယ်ပြီး ကဝေညှို့သကဲ့သို့သော စွမ်းအားတစ်ရပ် ပါဝင်နေသည်ဟု ပိုင်လင်း ခံစားလိုက်ရခြင်းကြောင့်ပင်။ ထိုလူက သူ့အတိတ်အကြောင်း အရာအားလုံးကို သိရှိနေသကဲ့သို့ ခံစားရစေပြီး အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှုကို ပေးစွမ်းသော်လည်း တစ်ချိန်တည်းမှာပင် တစ်ခါမျှ မမြင်ဖူးသည့် စိမ်းသက်သော အငွေ့အသက်မျိုးလည်း ဖြစ်နေပြန်သည်။
ဤအရာကား ထိုသူသည် မျက်လုံးကို အသုံးပြုရသည့် ပညာရပ် တစ်မျိုးအား လေ့ကျင့်ထားခြင်းကြောင့်သာ ဖြစ်ရမည်ဟု ပိုင်လင်း ယုံကြည်လိုက်သည်။ သူသည် ရှေ့ကလူက စုမင်ဖြစ်ကြောင်းကိုတော့ မသိနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအခိုက်အတန့်တွင် စုမင်သည် တာအိုခုန်းအသွင် ဖန်တီးထားပြီး သူ့ကျင့်ကြံခြင်း အဆင့်မှာလည်း ပိုင်လင်း၏ မှတ်ဉာဏ်ထဲက လူထက် များစွာ သာလွန်လွန်ကဲနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့ရှေ့ရှိ လူသည် သာမန်လူတစ်ယောက် လုံးဝမဟုတ်ကြောင်းကိုတော့ သူ အသေအချာ ခံစားမိလိုက်သည်။
ကျင့်ကြံသူများ အော်ဟစ်ခဲ့ကြသည့် နာမည်ကို ပြန်လည် တွေးတောမိလိုက်သောအခါ စကားလုံးနှစ်လုံးက သူ့နှလုံးသားထဲတွင် ချက်ချင်း ပေါ်လာခဲ့တော့သည်။
"တာအိုခုန်း"
စုမင်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပိုင်လင်းကို စိုက်ကြည့်နေခဲ့သည်။ သူ့ဦးနှောက်ထဲတွင် အတိတ်မှတ်ဉာဏ်များ မြင့်တက်လာခဲ့ပြီး နောက်ဆုံးမှတ်ဉာဏ်မှာ မဟာမြူရွက် အင်မော်တယ်ဂိုဏ်း၏ တောင်တန်းထဲတွင် ပိုင်လင်းကို သူ သတ်ဖြတ်ခဲ့စဉ်က ဖြစ်သည်။ သို့သော်လည်း ထိုစဉ်က သူ သတ်ခဲ့သည့်သူမှာ မာန်နယ်မြေရှိ ပိုင်လင်း၏ စိတ်ဝိညာဉ်ပုံရိပ်သာ ဖြစ်ပြီး ယခု သူ့ရှေ့တွင် မတ်တတ်ရပ်နေသူကမူ အစစ်အမှန် ကိုယ်ခန္ဓာပင် ဖြစ်သည်။
အကြည့်တစ်ချက်တည်းဖြင့် စုမင်သည် ပိုင်လင်း၏ ကျင့်ကြံခြင်းအဆင့်ကို အထင်းသား ဖောက်ထွင်းမြင်လိုက်နိုင်သည်။ သူက ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီး ပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် အနည်းငယ်မျှသာ လိုတော့သည်။ သူ့အသက်အရွယ်ဖြင့် ဤမျှ ကျင့်ကြံခြင်း အဆင့်ကို ရရှိထားခြင်းက ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သက်သေပြနေသော်လည်း စုမင်နှင့် ယှဉ်လိုက်ပါကမူ သူတို့ကြားရှိ ကွာဟချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဝေးကွာသည်။ သို့သော်လည်း ပိုင်လင်းအနေဖြင့် စုမင် ဖြတ်သန်းခဲ့ရသည့် အရာများကို မည်သို့မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။ စုမင်အတွက်မူ နတ်ဘုရား အနှစ်သာရ နယ်မြေဆီသို့ သွားခဲ့သည့် ခရီးစဉ်က ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါ အသွင်ကူးပြောင်းလဲစေခဲ့ပြီး အဟုန်အပြင်းဖြင့် တိုးတက်လာစေခဲ့သည်။ ထိုကာလအတွင်း သူ ရင်ဆိုင်ခဲ့ရသည့် သေရေးရှင်ရေး အခြေအနေများသည်လည်း သာမန်လူတစ်ယောက် မခံနိုင်သည့် အရာမျိုး ဖြစ်သည်။
ယခုအချိန်တွင် ပိုင်လင်းကို ပြန်လည်မြင်တွေ့ရသောအခါ အတိတ်က စုမင် ခံစားခဲ့ရဖူးသည့် ဝေခွဲမရမှုများအား မခံစားရတော့ချေ။ သူသည် နက်မှောင်တောင်တန်းနှင့် ပတ်သက်သည့် အမှန်တရားကိုလည်း ဆက်လက် တွေးတော မနေချင်တော့ပေ။ ယင်းက အစစ်အမှန် ဖြစ်စေ အတုအယောင် ဖြစ်စေ အရေးမကြီးတော့ချေ။ သူကိုယ်တိုင်က အစစ်အမှန် ဖြစ်နေကြောင်း သိရလျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
သို့သော်ငြားလည်း ပိုင်လင်း၏ ကျောပြင်ပေါ်ရှိ လေးကို စုမင် မြင်လိုက်ရသည့်အခါ မျက်နှာတွင် ရှုပ်ထွေးသော ခံချက်တစ်ခု ထင်ဟပ်သွားခဲ့သည်။ ထိုလေးသည် သူ့မှတ်ဉာဏ်ထဲတွင် တည်ရှိနေပြီး ပိုင်လင်း၏ ဖခင် ဖြစ်သူ နက်မှောင်တောင် မျိုးနွယ်စု၏ ကာကွယ်ရေးခေါင်းဆောင် လွယ်ဆောင်ခဲ့သည့် လေး ဖြစ်သည်။
သို့သော် စုမင်၏ မှတ်ဉာဏ်ထဲတွင် ထိုလေးက ပိုင်လင်း ဖခင်၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်ချေ။ ယင်းက နက်မှောင်တောင် မျိုးနွယ်စုပိုင် ဖြစ်ပြီး ကာကွယ်ရေးခေါင်းဆောင် အဆက်ဆက် ဆက်ခံရမည့် အမှတ်အသား သက်သေတစ်ခု ဖြစ်သည်။ ဤမှတ်ဉာဏ်က အတုအယောင် ဖြစ်နေနိုင်သော်လည်း စုမင်ကမူ ယင်းကို အစစ်အမှန်ဟု ယုံကြည်ထားပြီး သူက အစစ်အမှန်ဟု ယုံကြည်ထားခြင်းကြောင့်ပင် သူ့မှတ်ဉာဏ်များအား အခြေခံ၍ ထိုအရာအားလုံးကို လက်တွေ့အရှိတရားအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။
"ဒါဆိုရင်တော့... အဲဒီလေးကို ချန်ထားခဲ့ရုံပေါ့" စုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့အသံကို သူတစ်ဦးတည်းသာ ကြားနိုင်ခဲ့၏။ ဘေးတွင် ရွှီဟွေ သို့မဟုတ် ကျူးယိုချိုက် ရှိနေသော်လည်း မည်သူမျှ မကြားလိုက်ကြချေ။
သူက သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီး သင်္ဘောဦးပိုင်းကို နင်းကာ ရှေ့ရှိ နဂါးငွေ့တန်းထဲသို့ လှမ်းဝင်သွားခဲ့သည်။ သူ့ခြေလှမ်း ကျရောက်သွားချိန်တွင် သူက စစ်မြေပြင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့မျက်နှာ အမူအရာက တည်ငြိမ်နေပြီး ပုံမှန် အရှိန်အဟုန်ဖြင့် ပိုင်လင်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ့ရှေ့မှောက်ရှိ သောင်းချီသော ကျင့်ကြံသူများသည် သူ့မျက်စိထဲတွင် မရှိသကဲ့သို့ပင် သူက စိတ်အေးလက်အေး ဆက်လက် လျှောက်လှမ်းသွားလေသည်။
စုမင် လျှောက်လှမ်းလာသည့် အခိုက်အတန့်တွင် ပိုင်လင်း၏ မျက်သူငယ်များက လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်မံ ဆုတ်ခွာသွားခဲ့ပြီး မျက်နှာအမူအရာက တရစပ် ပြောင်းလဲနေတော့သည်။
"နေဖျက်ဆီးခြင်း မိုးကြိုးကို ထုတ်လိုက်ကြ။ မင်းတို့နှစ်ယောက် သွားပြီး အဲဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်ကို စမ်းသပ်ကြည့်စမ်း" သူ့နောက်ကွယ်တွင် မတ်တတ်ရပ်နေသော လူနှစ်ယောက်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ကြသော်လည်း အံကြိတ်ကာ အမိန့်ကို နာခံလိုက်ကြသည်။ သူတို့က ချက်ချင်းပင် အလင်းတန်းရှည်များအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် ရှေ့သို့ ပြေးဝင်သွားခဲ့ကြသည်။
စုမင်၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အမူအရာသာ ရှိနေသည်။ သူ ရှေ့သို့ ရွေ့လျားသွားချိန်တွင် သူ့ရှေ့ရှိ အင်မော်တယ်များ မဟာမိတ်မှ အချို့သော ကျင့်ကြံသူများသည် မျက်လုံးများ နီမြန်းလျက် သူ့ထံ ပြေးဝင်လာကြသည်။ သူက ထိုနယ်မြေ တစ်ခွင်ကို အကြည့်တစ်ချက် ဝေ့ဝဲလိုက်သောအခါ ကျင့်ကြံသူများက သိပ်သည်းဆူညံစွာ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ အမျိုးအစားစုံလင်သော နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာများနှင့်အတူ သူတို့၏ မှော်ရတနာများထံမှ လင်းလက်လာသော အလင်းတန်းများဖြင့် သူတို့က နဂါးငွေ့တန်းထဲတွင် မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ သူ့ထံသို့ ပြေးဝင်လာကြသည်။
စုမင်က ညာလက်ကို မြှောက်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူက ကျင့်ကြံသူ တစ်ဦးထံသို့ ချက်ချင်း ချဉ်းကပ်သွားခဲ့၏။ စုမင် မြှောက်ထားသော ညာလက်က ထိုကျင့်ကြံသူ၏ လည်ပင်းကို အသာအယာ ဖမ်းဆွဲလိုက်ပြီး သူ့လက်မောင်းကို စောင်းလျက် အောက်သို့ ဆွဲချလိုက်သည့်အခါ ဟင်းလင်းပြင်ထဲ၌ ကျယ်လောင်သော အရိုးကျိုးသံကြီး တစ်ချက် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုကျင့်ကြံသူမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။ သူ့မျက်လုံးများက ချက်ချင်း အရောင်မှိန်သွားပြီး လည်ပင်းကျိုးသွားခဲ့ရသည်။ တစ်ချိန်တည်းပင် စုမင်၏ လက်ထဲမှ နီရဲသော မီးတောက်များ ပြန့်နှံ့သွားပြီး ထိုကျင့်ကြံသူ၏ ရုပ်ခန္ဓာကို ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
သူ၏ နတ်ဘုရား ဝိညာဉ်ပင်လျှင် ထွက်ပြေးရန် အခွင့်မသာဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။
သို့သော်လည်း ကျင့်ကြံသူတစ်ဦးတည်း သေဆုံးသွားခြင်းက လူပေါင်း သောင်းချီရှိသော စစ်မြေပြင်အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု မဖြစ်နိုင်ချေ။ ပိုမိုများပြားသော ကျင့်ကြံသူများက ဟိန်းဟောက်ရင်း စုမင်ထံသို့ တိုးဝင်လာကြပြန်သည်။
ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ရေတွက်၍မရနိုင်သော နတ်ဘုရားစွမ်းရည်များက စုမင် ပေါ်သို့ တစ်ပြိုင်တည်း ကျရောက်လာခဲ့သော်လည်း သူ့ကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ချေ။ ထိုနတ်ဘုရား စွမ်းရည်များသည် စုမင် အနီးသို့ ရောက်ရှိလာသည်နှင့် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပြီး သူ့ကို အသေးငယ်ဆုံးသော ထိခိုက်ဒဏ်ရာမျိုးပင် မပေးနိုင်ခဲ့ချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ သန့်စင်သော ခွန်အားတစ်ခုတည်းဖြင့်ပင် ထိုနယ်မြေ တစ်ခုလုံးကို အကြမ်းထည် အားအင်ဖြင့် တိုက်ခိုက်ချေမှုန်းရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
မှော်ရတနာ အမြောက်အမြားက သူ့ထံသို့ ပြေးဝင်လာကြသော်လည်း စုမင်နှင့် ထိမိသွားသည့် အခိုက်အတန့်တွင် သတ္တုချင်း ရိုက်ခတ်မိသည့် အသံများ ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော မှော်ရတနာများသည် တစ်ပြိုင်တည်း တုန်ရီသွားကြပြီး နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။ သူတို့၏ အလင်းရောင်များက ချက်ချင်း မှေးမှိန်သွားခဲ့ရပြီး စုမင်၏ ရုပ်ခန္ဓာထံမှ တန်ပြန်သက်ရောက်မှုက ထိုမှော်ရတနာများ၏ ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေခဲ့သည့်အလား။
ဤမြင်ကွင်းက တိုးဝင်လာနေသော ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး ပိုင်လင်း၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပျက်ယွင်းသွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် စုမင်က ရှေ့သို့ နောက်ထပ် တစ်လှမ်း တိုးလိုက်ပြန်သည်။ သူ့ခြေလှမ်း ကျရောက်သွားသည့်အခါ နဂါးငွေ့တန်းထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ စုမင်၏ ခြေဖဝါးအောက်မှ လှိုင်းတွန့် အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့နှင့် ထိမိသွားသည့် ကျင့်ကြံသူ အားလုံးသည် တုန်ရီသွားကြပြီးနောက် ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ကြရသည်။
စုမင်၏ ခြေလှမ်းများသည် ပုံသေ စည်းချက် တစ်ချက်ကို ထိန်းသိမ်းထားသည်။ မမြန်ဆန်သလို မနှေးကွေးလွန်းပေ။ သူက တူညီသော အရှိန်အဟုန်ဖြင့် တစ်လှမ်းချင်းစီ ရှေ့သို့ တိုးလာခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့နောက်တွင် ထူထပ်သော သွေးလမ်းကြောင်းကြီး တစ်ကြောင်း ပုံပေါ်လာခဲ့တော့သည်။ သူ့ရှေ့ရှိ ကျင့်ကြံသူများသည် နောက်သို့ ဆုတ်ခွာသွားကြပြီး လောလောဆယ်တွင်မူ မည်သူမျှ သူ့လမ်းကို မပိတ်ဆို့ရဲကြတော့ချေ။
စုမင်၏ ကျင့်ကြံခြင်းအဆင့်မှာ ဤကုန်းမြေရှိ အခြားသော ကျင့်ကြံသူများ ပိုင်ဆိုင်ထားသည်ထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤနေရာတွင် အခြားသော အစွမ်းထက် စစ်သည်တော်တစ်ဦး သို့မဟုတ် အဆင့်အတန်း မြင့်မားသူတစ်ဦးသာ ဖြစ်ပါက သူတို့သည် ဤကဲ့သို့ အားနည်းသူများကို တိုက်ခိုက်ခြင်းမှာ သူတို့၏ သိက္ခာအား ကျဆင်းစေသည်ဟု ယူဆကြပေမည်။ သို့သော်လည်း ဤစည်းမျဉ်းက စုမင်အတွက်မူ တည်ရှိမနေခဲ့ချေ။ မည်သူပင်ဖြစ်စေကာမူ သူ့လမ်းအား ပိတ်ဆို့ထားသရွေ့ ဖျက်ဆီးခြင်း ခံရမည့် ကံကြမ္မာကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
နိုင်ရာစား စကြဝဠာ နိယာမ။ ယင်းက စကြဝဠာ၏ တရားသေ ဥပဒေသပင် ဖြစ်သည်။ အကယ်၍ အားကြီးသူများက အားနည်းသူများကို တွေ့သည့်အခါ တိုက်ခိုက်ရန် ဂုဏ်သိက္ခာမရှိဟု ယူဆပြီး သူတို့နှင့် အင်အားချင်း တူညီသူများကိုသာ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက စကြဝဠာကြီးက စည်းစနစ်တစ်ခုအား လိုက်နာနေသည်ဟု ထင်ရသော်လည်း စုမင်အတွက်မူ အားလုံးက ဖရိုဖရဲ ဖြစ်နေခြင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက အားနည်းသူတစ်ဦးကို မည်သည့် တွန်းအားက အဖိုးအခ အားလုံး ပေးဆပ်ပြီး အစွမ်းကုန် အားကောင်းလာအောင် ပြုလုပ်ခိုင်းပါမည်နည်း။ တစ်ခါတစ်ရံတွင် အားကြီးသူကို အမှီပြုပြီး အားနည်းသူအား နှိပ်စက်ညှဉ်းပန်းခြင်းက လူတို့ နှုတ်မှ ထုတ်မပြောချင်ကြသော်လည်း သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးတွင် အလွန်အမင်း တောင့်တကြသည့် အရာတစ်ခု ဖြစ်ပေသည်။
စုမင် လျှောက်လှမ်းလာစဉ် အင်မော်တယ်များ မဟာမိတ်မှ သောင်းချီသော ကျင့်ကြံသူများသည် သူ့အတွက် လမ်းတစ်လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြရသည်။ သူတို့က သူ့ကို လှမ်းကြည့်လိုက်သည့်အခါ သူတို့ အကြည့်များထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူ့နောက်ရှိ သွေးမြစ်ကြီးကား သူ့လမ်းအား ပိတ်ဆို့ရဲဝံ့သူ အားလုံး မည်သို့ ဖြစ်သွားမည်ကို ပြသနေသည့် သက်သေပင် ဖြစ်သည်။
ရုတ်တရက် လူအုပ်ကြီးထဲမှ အလင်းတန်းရှည် နှစ်တန်း ပြေးထွက်လာခဲ့သည်။ သူတို့ အနီးသို့ မချဉ်းကပ်မီမှာပင် မှောင်မိုက်သော အလင်းတန်း လေးတန်းကို ပစ်လွှတ်လိုက်ကြသည်။ ၎င်းတို့ ပြေးထွက်လာသည့် အခိုက်အတန့်တွင် စူးရှသော အော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့ပြီး နေကပ်ဘေးအဆင့်ရှိ သူများ၏ စွမ်းအားနှင့် ဆင်တူသော စွမ်းအားများကို ထုတ်လွှတ်နေသည့် မှောင်မိုက်သော ငှက်လေးကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က မျက်စိတစ်မှိတ်အတွင်း စုမင်ထံသို့ တိုးဝင်လာခဲ့ကြသည်။
ယင်းကား နေဖျက်ဆီးခြင်း မိုးကြိုးပင် ဖြစ်သည်။
ဤအရာကား အင်မော်တယ်များ မဟာမိတ်ပိုင်ဆိုင်သည့် လက်နက်များထဲမှ တစ်လက် ဖြစ်သည်။ ၎င်းက လဖျက်ဆီးခြင်း မိုးကြိုးနှင့် အမည်ချင်း ဆင်တူပြီး လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အတွင်း အင်မော်တယ်များ မဟာမိတ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သော ကျောင်းတော် တစ်ကျောင်းတည်းသာ ဤမှော်ပစ္စည်းများကို ဖန်တီးသည့် နည်းလမ်းအား တတ်မြောက်ထားခြင်း ဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ၎င်းတို့က အလွန်အမင်း အစွမ်းထက်သဖြင့် အင်မော်တယ်များ မဟာမိတ်နှင့် နံနက်ခင်း တာအိုဂိုဏ်းတို့ကြား တိုက်ပွဲများအတွင်း အတောက်ပဆုံးသော အလင်းရောင်များဖြင့် လင်းလက်လေ့ရှိသည်။
သူတို့၏ အမည်မှာ နေဖျက်ဆီးခြင်း မိုးကြိုး ဖြစ်သည်။ ၎င်းက နေကပ်ဘေးအဆင့်ရှိ သူများကို အမှန်တကယ် မသတ်ဖြတ်နိုင်သော်လည်း ထိုအဆင့်ရှိ ကျင့်ကြံသူ အားလုံးကို ဖိနှိပ်ထားနိုင်သည်။ အမှန်တကယ်မူ အကယ်၍ ထိုမှော်ပစ္စည်း အရေအတွက် လုံလောက်စွာ ရှိနေပါက သူတို့အား သတ်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ရန်မှာလည်း မဖြစ်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။
အမှန်တကယ်မူ အင်မော်တယ်များ မဟာမိတ်နှင့် နံနက်ခင်း တာအိုဂိုဏ်းတို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအမြောက်အမြားတွင် နေဖျက်ဆီးခြင်း မိုးကြိုးကြောင့် သေဆုံးခဲ့ရသည့် နေကပ်ဘေးအဆင့်ရှိ တန်ခိုးရှင်များမှာပင် ဒါဇင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ အချိန်တိုင်းတွင် ရာပေါင်းများစွာသော နေဖျက်ဆီးခြင်း မိုးကြိုးများသည် တစ်ပြိုင်နက်တည်း ပြေးထွက်လာလေ့ရှိသည်။ ကောင်းကင်ဘုံကို အပိုင်းပိုင်း ဖြတ်တောက်နိုင်သည့် စွမ်းအားက ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သွားမည် ဖြစ်ပြီး ယင်းအား မြင်တွေ့ရသူ အားလုံးကို တုန်ရီသွားစေမည် ဖြစ်သည်။ သူတို့၏ ဖျက်ဆီးနိုင်သည့် စွမ်းအားက လူအားလုံး၏ တိုက်ခိုက်လိုစိတ်ကို ချက်ချင်း ပျောက်ကွယ်သွားစေရန် လုံလောက်သည်။
စုမင်က သူ့ကို ပစ်မှတ်ထားထားသည့်အလား စူးရှသော အော်ဟစ်သံများနှင့်အတူ သူ့ထံသို့ တိုးဝင်လာနေသည့် မှောင်မိုက်သော အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် မှောင်မိုက်သော ငှက်လေးကောင်ကို ကြည့်ရင်း ရှောင်တိမ်းခြင်း မပြုခဲ့ချေ။ သူက ထိုမှောင်မိုက်သော အလင်းတန်း လေးတန်းကို သူ့ထံသို့ ချဉ်းကပ်လာခွင့် ပြုလိုက်ရုံသာ။ အလင်းတန်းရှည် နှစ်တန်းအဖြစ် ပြောင်းလဲသွားသော လူလတ်ပိုင်း ကျင့်ကြံသူ နှစ်ဦး၏ မလိုမုန်းထားသော အကြည့်များအောက်တွင် စုမင်က ညာလက်ကို မြှောက်လိုက်ပြီး မှောင်မိုက်သော ငှက်တစ်ကောင်အား ဖမ်းဆွဲလိုက်သည်။
ဝုန်း... ဝုန်း... ဒိုင်း...
ဆက်တိုက် ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံ သုံးချက်က တိုက်ခိုက်နေကြသည့် ကျင့်ကြံသူ အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သူတို့ လှမ်းကြည့်လိုက်ကြသည့်အခါ သူတို့ နှလုံးသားများ တုန်လှုပ်သွားခဲ့ရသည်။ နေဖျက်ဆီးခြင်း မိုးကြိုး သုံးစင်းက စုမင် အပေါ်၌ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ ကြေမွပျက်စီးသွားချိန်တွင် သူကမူ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူ့ဆံပင် တစ်ပင်မျှပင် လွင့်ပျံသွားခြင်း မရှိချေ။
သူ့လက်ထဲတွင်မူ နေဖျက်ဆီးခြင်း မိုးကြိုးဖြင့် ဖွဲ့စည်းထားသည့် နောက်ဆုံး မှောင်မိုက်သော ငှက်ကလေးက မနားတမ်း ရုန်းကန်နေသော်လည်း ထွက်ပြေးနိုင်ခြင်း မရှိခဲ့ချေ။ စုမင်က နဂါးငွေ့တန်းထဲတွင် မတ်တတ်ရပ်ရင်း ထိုမှောင်မိုက်သော ငှက်ကလေးကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများ လင်းလက်သွားသည်နှင့်အမျှ မည်သူမျှ မမြင်နိုင်သော သေးငယ်သည့် အကိုင်းအခက်များက ညာလက်ပေါ်တွင် ပေါ်လာခဲ့သည်။ ၎င်းတို့က ထိုမှောင်မိုက်သော ငှက်ကလေးကို ဖောက်ထွင်းဝင်ရောက်သွားပြီး သူ့အား စတင် ဆန်းစစ် ခွဲခြမ်းစိတ်ဖြာလိုက်ကြသည်။
'ဒါက ရှာမန် မန္တန်တွေနဲ့ ပေါင်းစပ်ထားပြီး စကြဝဠာရဲ့ နိယာမတွေကို အသုံးပြုထားတာပဲ။ ဒါတွေကို နေကပ်ဘေးအဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ သွေးနဲ့ အဆီအနှစ်တွေကို ပေါက်ကွဲစေပြီး ဖန်တီးထားတာ။ နေကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးက ဒီလို နေဖျက်ဆီးခြင်း မိုးကြိုး အစင်းတစ်ထောင်လောက် ဖန်တီးနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း နေကပ်ဘေးအဆင့်နဲ့ ဆင်တူတဲ့ သားရဲတိရစ္ဆာန်တွေကို သုံးပြီးတော့လည်း ဖန်တီးနိုင်တာပဲ'
'ဒါပေမဲ့ ဒီထဲမှာ ရှိတဲ့ သွေးရဲ့ စွမ်းအားက တော်တော်လေး စိမ်းနေတယ်'
စုမင်က ညာလက်ကို ဆုပ်လိုက်ရာ ထိုမှောင်မိုက်သော ငှက်ကလေးက တစ်လွှာချင်းစီ စတင် အရည်ပျော်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် အရည်ပျော်သွားသော ငှက်ကလေးထံမှ ရွှေရောင် အရည်တစ်စက် ထွက်ပေါ်လာခဲ့သည်။
ထူထပ်သော သွေးညှီနံ့က ယင်းသည် စစ်မှန်သော သွေးတစ်စက် ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။
စုမင်က ယင်းကို စိုက်ကြည့်လိုက်ရင်း သူ့မျက်လုံးထဲတွင် အလင်းတစ်ချက် တောက်ပသွားခဲ့သည်။ သူက ထိုသွေးစက်ကို နှုတ်ခမ်းထံသို့ ယူဆောင်လာပြီး လျှာဖြင့် အသာအယာ တို့ထိကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အံ့ဩသွားသော အရောင်အဝါတစ်ခု ပေါ်လာခဲ့သည်။
'ဒီထဲမှာ ဘာမကောင်းတဲ့ အငွေ့အသက်မှ မရှိဘူး။ ပြီးတော့ စိတ်ဝိညာဉ်ကိုတောင် ပြုစုပျိုးထောင်ပေးနိုင်ပြီး လူကို နွေးထွေးတဲ့ နေရောင်အောက်မှာ ရောက်နေသလိုမျိုး ခံစားရစေတယ်။ ဘယ်လို သတ္တဝါမျိုးက ဒီလိုသွေးမျိုးကို ပိုင်ဆိုင်ထားတာလဲ။ ပြီးတော့ ဘာလို့ ဒီလို အာနိသင်မျိုး ရှိနေရတာလဲ'
အခန်း ၁၀၅၈ သူတော်စင် ပုန်ကန်သူထံမှ လာခြင်း
စုမင်က နေဖျက်ဆီးခြင်း မိုးကြိုးကို အရည်ပျော်စေပြီး အတွင်းမှ ရွှေရောင် သွေးတစ်စက်အား ထုတ်ယူကာ လျှာဖြင့် တို့ထိလိုက်သည့် အခိုက်အတန့်မှာပင် ပိုင်လင်း အထက်ရှိ ဧရာမမျက်လုံးကြီး၏ မျက်သူငယ်သည် ကျုံ့ဝင်သွားပြီး သူ့ထံသို့ အကြည့်ကို သေချာ စိုက်ထူလိုက်တော့သည်။
တစ်ချိန်တည်းပင် စုမင် ရှိနေသည့် နဂါးငွေ့တန်းနှင့် ဝေးကွာသော ကုန်းမြေများစွာဖြင့် ဖွဲ့စည်းထားသည့် ဧရာမကျင့်ကြံခြင်း ဂြိုဟ်အထက် ဟင်းလင်းပြင်၌ မျောလွင့်နေသော နန်းတော်ကြီး အတွင်း၌ ထိုင်နေသည့် အလွန်အမင်း လှပချောမောပြီး အေးစက်စက်နိုင်သော ဝတ်စုံဖြူဝတ် အမျိုးသမီးသည်လည်း စုမင်ထံသို့ ချက်ချင်း အာရုံရောက်ရှိသွားခဲ့သည်။ သူမသည် အခြားသော အလင်းလုံးများ အတွင်းရှိ မြင်ကွင်း အားလုံးကို လျစ်လျူရှုလိုက်ပြီး တတိယမြောက် အလင်းလုံးဆီသို့ သူမ အကြည့်အား ပို့လွှတ်လိုက်သည်။ ထိုအလင်းလုံး အတွင်း၌မူ မျက်လုံးထဲတွင် အံ့ဩမှုများ ထင်ဟပ်နေသည့် စုမင် ရှိနေသည်။
သူမက စုမင်ကို စိုက်ကြည့်လိုက်ပြီးနောက် ညာလက်ကို မြှောက်ကာ လက်ဟန်တစ်ကွက် ဖော်ဆောင်လျက် ဘေးသို့ ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူမ ညာလက်ပေါ်၌ နောက်ထပ် အလင်းလုံး တစ်လုံး ပေါ်လာခဲ့သည်။ ထိုအတွင်း၌မူ စုမင်၏ ပုံရိပ် ရှိနေပြီး လျင်မြန်စွာ ဝေဝါးလှုပ်ခတ်သွားခဲ့သည်။ ခဏအကြာတွင် စုမင် ဖွားမြင်သည့် အခိုက်အတန့်မှစ၍ နတ်ဘုရား အနှစ်သာရ နယ်မြေ သို့ ခြေချခဲ့သည့် အချိန်အထိ သူ့ဘဝမြင်ကွင်းအားလုံး ထိုအလင်းလုံး အတွင်း၌ ရုတ်ချည်း ထင်ဟပ် ပေါ်ပေါက်လာခဲ့တော့သည်။
အမှန်စင်စစ် သူမ မြင်တွေ့လိုက်ရသည်မှာ အစစ်အမှန် စုမင်၏ ဘဝဖြစ်စဉ် မဟုတ်ဘဲ တာအိုခုန်း၏ ဘဝမှတ်တမ်းသာ ဖြစ်သည်။
"တာအိုခုန်း... မင်းသား ဆယ်ပါးထဲက တစ်ယောက်ပေါ့။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်က နတ်ဘုရား အနှစ်သာရ နယ်မြေ ထဲကို ခြေချခဲ့တာပဲ" အမျိုးသမီးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ အသံမှာ ခေါင်းလောင်း အလုံးတစ်ရာ တစ်ပြိုင်တည်း တီးခတ်လိုက်သကဲ့သို့ သာယာနာပျော်ဖွယ် ရှိသော်လည်း အတွင်း၌ ပါဝင်နေသော အေးစက်စက် အငွေ့အသက်ကမူ ကြားရသူတိုင်း၏ အရိုးထဲအထိ စိမ့်တက်သွားစေလောက်သည်။
"နတ်ဘုရား အနှစ်သာရ နယ်မြေ..."
အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။ နေဖျက်ဆီးခြင်း မိုးကြိုး၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံရပြီး အတွင်းမှ ရွှေရောင်သွေးတစ်စက် ပေါ်ထွက်လာခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။ အမှန်တကယ်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်ပွဲအတွင်း နံနက်ခင်း တာအိုဂိုဏ်းသားများက နေဖျက်ဆီးခြင်း မိုးကြိုးကို အကြိမ်ကြိမ် ချေမှုန်းဖျက်ဆီးခဲ့ဖူးပြီး ထိုရွှေရောင်သွေးစက်အား ထုတ်ယူကာ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ရန် အသုံးပြုခဲ့ကြဖူးသည်။
ထို့ကြောင့် ဝတ်စုံဖြူဝတ် အမျိုးသမီးသည် စုမင်က နေဖျက်ဆီးခြင်း မိုးကြိုး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်နိုင်ခြင်းအပေါ် အလွန်အမင်း တုန်လှုပ်ခြင်း မရှိခဲ့ဘဲ ဤအရာအား တာအိုခုန်းက ပြုလုပ်လိုက်ခြင်း အပေါ်၌သာ အနည်းငယ်မျှ အံ့ဩမိခြင်း ဖြစ်သည်။ သူမ မျက်မှောင်ကြုတ်လိုက်ရသည့် အဓိက အကြောင်းအရင်းမှာလည်း နေဖျက်ဆီးခြင်း မိုးကြိုးနှင့် မသက်ဆိုင်ဘဲ တာအိုခုန်း ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများကြောင့်သာ ဖြစ်သည်။ သူမသည် သူ့ဘဝ ပထမပိုင်းကို လုံးဝ လျစ်လျူရှုထားခဲ့သော်လည်း သူမ အာရုံအား အဖမ်းစားနိုင်ဆုံး အရာမှာ နောက်ဆုံး စကားလုံးများ ဖြစ်သည့် နတ်ဘုရား အနှစ်သာရ နယ်မြေ ဆိုသည့် စကားရပ်ပင် ဖြစ်တော့သည်။
သူမသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ညာလက်ကို မြှောက်ကာ ညာဘက်ရှိ အလင်းလုံးအား ခပ်ဖွဖွ ပုတ်လိုက်သည်။ ၎င်းက ချက်ချင်းပင် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသို့ဖြင့် သူမသည် အင်မော်တယ်များ မဟာမိတ်အတွင်း အလွန်အမင်း အာရုံစိုက် စောင့်ကြည့်ရမည့် လူများစာရင်းထဲသို့ တာအိုခုန်းကို ထည့်သွင်းလိုက်လေသည်။
"ဖြည်းဖြည်းချင်းပဲ။ သူ ဟုတ်မဟုတ် ငါ သိလာရမှာပါ" ဝတ်စုံဖြူဝတ် အမျိုးသမီးက ခပ်တိုးတိုး ဆိုလိုက်သည်။
သို့သော်လည်း သူမ ထိုကဲ့သို့ ရေရွတ်လိုက်သည့် အခိုက်အတန့်မှာပင် သူမ မျက်နှာအမူအရာက တစ်ခါမျှ မဖြစ်ဖူးလောက်အောင် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သူမက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး မျက်သူငယ်များ ကျုံ့ဝင်လျက် တတိယမြောက် အလင်းလုံးအတွင်းရှိ စုမင် ထံသို့ အကြည့်ကို သေချာ စိုက်ကြည့်လိုက်တော့သည်။
လူအများက အမျိုးမျိုးသော မျက်နှာအမူအရာများ ဖြစ်ပေါ်နေကြစဉ် စုမင်က ထိုရွှေရောင် သွေးတစ်စက်ပေါ်၌ လက်သီးကို ဆုပ်လိုက်သည်။ သေးငယ်သော အမျှင်တန်းများ ပေါ်ထွက်လာပြီး အားလုံးက ထိုသွေးစက်အတွင်းသို့ တိုးဝင်သွားခဲ့ကြသည်။ ဤအရာကား စုမင် သံသယဝင်လာပြီးနောက် အသက် ပျက်စီးခြင်း မျိုးစေ့၏ စွမ်းအားကို အသုံးပြု၍ သွေး၏ မူလဇစ်မြစ်အား ပိုမို နက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်နေခြင်း ဖြစ်သည်။
စုမင်၏ လက်ဖဝါးထံမှ အသက် ပျက်စီးခြင်း မျိုးစေ့၏ စွမ်းအားက ရွှေရောင်သွေးစက်အတွင်းသို့ ဆက်လက် စိမ့်ဝင်သွားပြီး လျင်မြန်စွာ ဆန်းစစ်လိုက်ချိန်တွင် စုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုရွှေရောင် သွေးစက်ထံမှ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော အငွေ့အသက်တစ်ခု တရစပ် ပြန့်လွင့်လာသည်ကို သူ ခံစားလိုက်ရသည်။ ထိုအငွေ့အသက်မှာ အသက် ပျက်စီးခြင်း မျိုးစေ့ အတွင်း အစဉ်အမြဲ ပုန်းကွယ်နေခဲ့ပြီး ပြင်းထန်သော လှုံ့ဆော်မှုတစ်ခုကို ကြုံတွေ့ရပြီးနောက်မှသာ လန့်နိုးလာခဲ့ခြင်း ဖြစ်ပုံရသည်။ ယင်းက ပြန့်လွင့်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေနိုင်သော ဟိန်းဟောက်သံကြီး တစ်သံက စုမင်၏ နှလုံးသားထဲတွင် ရုတ်ချည်း မြင့်တက်လာခဲ့တော့သည်။
ထိုဟိန်းဟောက်သံက သူ့ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သွားသည့်အခါ သူကိုယ်တိုင်ပင်လျှင် ပြင်းထန်သော တုန်ခါမှုဒဏ်ကြောင့် အသိစိတ်များ ဗလာကျင်းသွားခဲ့ရသည်။ ဧရာမ ဖိအားလှိုင်းကြီးများက သူ့အပေါ်သို့ ကျရောက်လာပြီး သူ့စွမ်းအား အားလုံး ပျောက်ဆုံးသွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရစေသည်။ ထိုဟိန်းဟောက်သံ အတွင်း၌ ရှေးဟောင်း အငွေ့အသက် တစ်ခု ပါဝင်နေပြီး စုမင် တစ်ခါမျှ မခံစားဖူးသည့် စိမ်းသက်သော လေထုမျိုးလည်း ရှိနေသည်။ ယင်းက ဤစကြဝဠာနှင့် မသက်ဆိုင်သကဲ့သို့ပင် ဖြစ်ပြီး အမှန်စင်စစ် မဟာ လောကကြီး လေးခုနှင့်ပင် မသက်ဆိုင်ချေ။ သာ၍ဝေးကွာလှသော သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာနှင့်လည်း လုံးဝ မသက်ဆိုင်ချေ။
အဘယ်ကြောင့်ဆိုသော် ထိုအငွေ့အသက်နှင့် ဟိန်းဟောက်သံက စုမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်၌ သူတို့၏ ပတ်ဝန်းကျင်ရှိ နဂါးငွေ့တန်းထဲတွင် အဆုံးမဲ့သော လှိုင်းတွန့်များ အရေးမပါသည့် နေရာမှ ပေါ်ပေါက်လာခဲ့သောကြောင့် ဖြစ်သည်။ ယင်းကား စကြဝဠာ၏ နိယာမတရား သူတို့အပေါ်သို့ သက်ဆင်းလာခြင်းပင်။
စုမင်၏ နှလုံးသား တုန်လှုပ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော အသက် ပျက်စီးခြင်း မျိုးစေ့ က ထိုရွှေရောင်သွေးထံမှ အငွေ့အသက်ကို ဆန့်ကျင်တိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲ ထွက်လာခဲ့သောကြောင့် ဖြစ်သည်။ အသက် ပျက်စီးခြင်း မျိုးစေ့နှင့် ထိုရွှေရောင်သွေးတို့မှာ မွေးရာပါ ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြသည့်အလား။
ယခုအချိန်တွင် ထိုအငွေ့အသက် နှစ်ခုစလုံးသည် စုမင်၏ ခန္ဓာကိုယ်အတွင်း အပြန်အလှန် တိုက်ခိုက်နေကြပြီး နိယာမတရားမှ မွေးဖွားလာသော စကြဝဠာ၏ အလိုဆန္ဒက သူတို့အပေါ်သို့ သက်ဆင်းရန် ရွေးချယ်ခဲ့သည်။ ဤသွေးတစ်စက်ကား အသက် ပျက်စီးခြင်း အဘိုးအို၏ မဟာမိတ်စခန်းနှင့် ကမ္ဘာရန်ဖြစ်သော သူတော်စင် ပုန်ကန်သူထံမှ လာခြင်းပင် ဖြစ်တော့သည်။
ပေါက်ကွဲသံ တစ်သံနှင့်အတူ စုမင်၏ ညာလက်ထဲရှိ ရွှေရောင်သွေးသည် အငွေ့ပျံသွားခဲ့ပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမြူခိုးများထံမှ စူးရှသော အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ရှိ နဂါးငွေ့တန်း တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
ရွှေရောင်မြူခိုးများသည် စုမင် ရှေ့တွင် ချက်ချင်း စုစည်းသွားခဲ့ပြီး ဧရာမ ရွှေရောင် ခြင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းက အလွန် အရုပ်ဆိုး အကျည်းတန်သော်လည်း သူ့ခန္ဓာကိုယ်ထံမှ မယုံနိုင်လောက်အောင် သန့်စင်သော ခွန်အားအငွေ့အသက်များ ထွက်ပေါ်နေသည်။
ယင်းက စုမင် ရှိရာ အရပ်မျက်နှာသို့ ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သည့် အခိုက်အတန့်တွင် ပြင်းထန်သော ဖိအားလှိုင်းတစ်ခု ချက်ချင်း ပြန့်နှံ့သွားခဲ့သော်လည်း ဖိအားများ ပြန့်နှံ့သွားသည့် အချိန်မှာပင် သူ့ခန္ဓာကိုယ်သည်လည်း လျင်မြန်စွာ ပြိုကွဲပျက်စီးသွားခဲ့ရသည်။ သို့သော်လည်း ရွှေရောင်ခြင်ကြီး ပြိုကွဲသွားသည့် အချိန်၌ပင် စုမင်ထံမှ ကြီးမားသော စုပ်ယူမှု အားအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစုပ်ယူမှု အားအင်က ၎င်းတို့အားလုံးကို စုမင်၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စုပ်ယူလိုက်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှတစ်ဆင့် အတွင်းသို့ ပေါင်းစပ်သွားစေခဲ့သည်။
စုမင် ကိုယ်တိုင်သာလျှင် ထိုဧရာမ ရွှေရောင်ခြင်ကြီး ပျောက်ကွယ်သွားရခြင်းမှာ ရွှေရောင်သွေးအတွင်း ပါဝင်နေသော မူလ စွမ်းအားက နည်းပါးလွန်းသဖြင့် အသက် ပျက်စီးခြင်း မျိုးစေ့ကို မဆန့်ကျင်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိခဲ့သည်။
ရွှေရောင်ခြင်ကြီးထံမှ မြူခိုးများကို စုမင် ဝါးမြိုလိုက်သည့်အခါ သူ့ခန္ဓာကိုယ် အတွင်းမှ ချက်ချင်းပင် အရိုးကျိုးသံကဲ့သို့သော အသံများ ထွက်ပေါ်လာခဲ့သည်။ သူ့စိတ်ဝိညာဉ် အတွင်းရှိ အသက် ပျက်စီးခြင်း မျိုးစေ့မှာ မူလက အပိုင်းအစတစ်ခုသာ ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်မူ ယင်းက အာဟာရဓာတ်များကို စုပ်ယူလိုက်ရသကဲ့သို့ ၎င်း၏ အနားသတ်များတွင် ကြီးထွားလာသည့် အမှတ်အသားများ ပေါ်ပေါက်လာခဲ့သည်။
စုမင်၏ မျက်လုံးများက တည်ငြိမ်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ရှေ့သို့ တိုးဝင်သွားခဲ့ရာ သူ့အရှိန်အဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်သဖြင့် ပစ်မှတ်အနီးသို့ ချက်ချင်း ပေါ်ပေါက်သွားခဲ့တော့သည်။
ပိုင်လင်း၏ မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့သည်။ သူက လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားခဲ့၏။ ထိုသို့ ပြုလုပ်စဉ် သူ့ဘယ်လက်ကို မြှောက်ကာ ကျောပြင်ပေါ်ရှိ လေးအား လှမ်းကိုင်လိုက်သည်။ ထိုအဟုန်ဖြင့်ပင် သူ့ညာလက်ဖြင့် လေးကြိုးကို ဆွဲငင်လိုက်သော်လည်း သူ ထိုသို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်မှာပင် စုမင်က ရှေ့သို့ တိုးဝင်နေခြင်းအား ရပ်တန့်လိုက်သည်။ ထို့ပြင် သူက ဘယ်ညာသို့ ရွေ့လျားလိုက်ရာ နေဖျက်ဆီးခြင်း မိုးကြိုးများကို ပစ်လွှတ်ခဲ့ကြသည့် လူနှစ်ဦး၏ ပါးစပ်ထံမှ စူးရှသော နာကျင်စွာ အော်ဟစ်သံ နှစ်သံ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့တော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသံ တစ်သံနှင့်အတူ ကြေမွသွားခဲ့ရသော်လည်း သူတို့၏ သိုလှောင်အိတ်များကိုမူ စုမင်က လှမ်း၍ ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူက ခေါင်းမော့ကာ ပိုင်လင်းထံသို့ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုင်လင်း၏ မျက်လုံးများထဲ၌ အလင်းတစ်ချက် လင်းလက်သွားပြီး ညာလက်မှ လေးကြိုးကို လွှတ်လိုက်သည်။ သူ အသင့်ပြင်ထားသည့် မြားတစ်စင်းက ဝူးဝူးဝါးဝါး မြည်ဟည်းသံ တစ်သံနှင့်အတူ စုမင် ထံသို့ တိုးဝင်သွားခဲ့တော့သည်။ ၎င်း ပြေးထွက်သွားချိန်တွင် မြားသည် ဟင်းလင်းပြင်ထဲ၌ ယိမ်းထိုးသွားပြီးနောက် မြားအစင်ပေါင်း တစ်သိန်းနီးပါးအထိ တိုးပွားသွားခဲ့သည်။ ထိုမြားတို့က နဂါးငွေ့တန်းထဲတွင် မိုးရွာသွန်းနေသကဲ့သို့ပင်။
တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စုမင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ထိုမြားတစ်သိန်းထဲသို့ တိုးဝင်သွားခဲ့သည်။ ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် သူက အတင်းအဓမ္မ ဖောက်ထွက်သွားခဲ့သည်။ မြားများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း ၎င်းတို့အားလုံး ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ နောက်သို့ လွင့်စင်သွားခဲ့ရကာ စုမင်ကို ခေတ္တမျှပင် မတားဆီးနိုင်ခဲ့သလို အနည်းငယ်မျှပင် ဒဏ်ရာမရစေခဲ့ချေ။
သူက ရှေ့သို့ တစ်လှမ်း ထပ်မံလှမ်းလိုက်ရာ သူ့ခြေလှမ်း ကျရောက်သွားချိန်တွင် သူက ပိုင်လင်း ဘေးနားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ စုမင်က ဘယ်လက်ကို အသာအယာ ဝေ့ယမ်းကာ လေးအား လှမ်း၍ လုယူလိုက်သည်။ လွှဲရိုက်ချက် တစ်ချက်နှင့်အတူ ပြင်းထန်သော အားအင်တစ်ခုက ပိုင်လင်းကို လွှမ်းမိုးသွားပြီး သူ့အား ပေပေါင်း သောင်းချီဝေးကွာသော နေရာသို့ လွင့်စင်သွားစေခဲ့သည်။
"မင်းရဲ့ အသက်အတွက် လဲလှယ်တဲ့အနေနဲ့ ဒီလေးကို ငါ ယူသွားမယ်"
ပိုင်လင်း၏ နှလုံးသား နာကျင်စွာ အက်ကွဲသွားခဲ့ရသည်။ သူသည် စုမင်၏ စွမ်းအားကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ခေတ္တမျှ လက်မခံနိုင်ဖြစ်နေခဲ့သော်လည်း အံကို ကြိတ်ကာ လှည့်ထွက်သွားခဲ့တော့သည်။ သူက ဝေးကွာသော နေရာသို့ ပြေးဝင်သွားစဉ် ကျောက်စိမ်းပြား တစ်ပြားကို ချေဖျက်လိုက်ရာ သူ့ခန္ဓာကိုယ်က နဂါးငွေ့တန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
"ဒါက မင်းနဲ့ မဆိုင်ဘူး" စုမင်က ခပ်တိုးတိုး ဆိုလိုက်သည်။ သူက လက်ထဲရှိ လေးကို လွှဲယမ်းကာ သိုလှောင်အိတ် အတွင်းသို့ ထည့်သွင်းလိုက်၏။ ထိုအခိုက်အတန့်မှာပင် အထက်ရှိ ဧရာမ မျက်လုံးကြီးထံမှ ပြင်းထန်သော အလင်းရောင်တစ်ချက် ရုတ်ချည်း တောက်ပလာခဲ့သည်။ ထိုအလင်းရောင်က ဓားရှည်ကြီး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး သူ့ဦးခေါင်းပေါ်သို့ ခုတ်ပိုင်းချလာခဲ့သည်။
စုမင်က ညာလက်ကို မြှောက်လိုက်ရာ ဘဝမတရားခြင်း လှံရှည်က အတွင်း၌ လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။ လှံကို သူ ကိုင်လိုက်သည်နှင့် တိုးဝင်လာသော ဓားဆီသို့ လွှဲရိုက်လိုက်သည်။ ပေါက်ကွဲသံတစ်သံနှင့်အတူ သူတို့ ထိမိသွားသည့် အခိုက်အတန့်တွင် ထိုဓားမှာ အပိုင်းပိုင်း ကြေမွသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် စုမင်၏ မျက်ခုံးနှစ်ခုကြား ဗဟိုတည့်တည့်ရှိ တတိယမြောက် မျက်လုံးသည် လင်းလက်လာခဲ့သည်။
အသက်တစ်ရှိုက်စာ အချိန်အတွင်း ထိုမျက်လုံးကြီးမှာ အတုအယောင် ပုံရိပ်တစ်ရိပ်မျှသာ ဖြစ်သွားခဲ့သည်။ ယင်းက အကြိမ်ကြိမ် ပိုမိုကျယ်ပြန့်လာသောအခါ စုမင်သည် မျက်လုံးကြီး၏ အနက်ရှိုင်းဆုံးနေရာရှိ ဧရာမနန်းတော်ကြီး အတွင်း၌ ထိုင်နေသည့် ဝတ်စုံဖြူဝတ် အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။ သူ ထိုအမျိုးသမီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့ အကြည့်ချင်း ဆုံမိသွားကြသည်။ စုမင် သူမ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များ မြင့်တက်လာခဲ့သော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် အရိပ်အယောင်မျှ ထင်ဟပ်ခြင်း မရှိခဲ့ချေ။
"စုမင်၊ နင်က စုမင်ပဲ" ဝတ်စုံဖြူဝတ် အမျိုးသမီးသည် သူ့အကြည့်နှင့် ဆုံမိသွားသည့် အခိုက်အတန့်တွင် ရုတ်တရက် စကားဆိုလိုက်သည်။ သူမ အသံက သူမ ရှိနေသည့် နန်းတော် အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သော်လည်း စုမင်၏ နှလုံးသားထဲသို့လည်း ထိုးဖောက်ရောက်ရှိလာခဲ့သည်။
"စုမင်က ဘယ်သူလဲ။ သူက ငါနဲ့ ချွတ်စွပ်တူနေလို့လား။ ငါက နံနက်ခင်း တာအိုဂိုဏ်းက မင်းသား တာအိုခုန်းပဲ" စုမင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက မညှာမတာ အမူအရာဖြင့် ညာလက်ကို မြှောက်လိုက်ပြီးနောက် ဘဝမတရားခြင်း လှံရှည်အား ဧရာမ မျက်လုံးကြီးထံသို့ လှမ်း၍ ပစ်လွှတ်လိုက်တော့သည်။
ပေါက်ကွဲသံ တစ်သံနှင့်အတူ လှံရှည်က ပစ်မှတ်ကို ဖောက်ထွင်းသွားခဲ့သည်။ ၎င်းအတွင်း ပါဝင်နေသော ဖျက်ဆီးခြင်း အားအင်များက မြင့်တက်လာခဲ့ပြီး ဝေးကွာသော နေရာအထိ ပြန့်နှံ့သွားကာ ထိုနန်းတော်ဆီသို့ပင် ရောက်ရှိသွားခဲ့သည်။
"ဒါက အင်မော်တယ်များ မဟာမိတ်ရဲ့ မြင့်မြတ်တဲ့ ကျောင်းတော်ပေါ့လေ။ ဘိုးဘေး ဟောင်ကွေ့... မင်းရဲ့ စွမ်းအားကို ပြလိုက်စမ်း။ အသက်သုံးရှိုက်စာ အချိန်အတွင်း ဒီနေရာက ရန်သူအားလုံးကို သတ်ပစ်လိုက်စမ်း။ ပြိုကွဲပျက်စီးတော့မယ့် မြင့်မြတ်တဲ့ ကျောင်းတော်ရဲ့ မျက်လုံးတော်ကြီးကို ဒီကုန်းမြေက သွေးပင်လယ်ကြီးကို ကြည့်ခိုင်းလိုက်စမ်း"
"ငါ့အတွက် အသက်သုံးရှိုက်စာတောင် မလိုဘူး" မီးတောက်မိစ္ဆာ မျိုးနွယ်စု ဘိုးဘေးက ခေါင်းမော့ကာ အော်ဟစ်ရယ်မောလိုက်ပြီး အဆုံးမဲ့သော ခရမ်းရောင် မီးပင်လယ်ကြီးကို ဖြန့်ကျက်လိုက်တော့သည်။ အသက်နှစ်ရှိုက်စာ အချိန်အတွင်း အင်မော်တယ်များ မဟာမိတ်မှ ကျင့်ကြံသူ အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
ဝတ်စုံဖြူဝတ် အမျိုးသမီးသည် ဂြိုဟ်အထက်ရှိ နန်းတော်အတွင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့သည်။ သူမက တတိယမြောက် အလင်းလုံး အတွင်းရှိ မီးတောက်မိစ္ဆာ မျိုးနွယ်စု ဘိုးဘေး၏ မီးပင်လယ်နှင့် စုမင် မျက်နှာပေါ်သို့ သူမ အကြည့်ကို သေချာ စိုက်ကြည့်နေခဲ့သည်။
သူမ စိတ်ထဲတွင် တစ်စုံတစ်ရာသော အတွေးတစ်ခု ပုံပေါ်လာခဲ့ပြီး နှုတ်ခမ်းဖျားမှ ခပ်တိုးတိုး ရေရွတ်လိုက်မိတော့သည်။
"သူက... မဟုတ်ဘူး၊ စုမင် ဆိုရင် ဒီလောက်အထိ ထင်ပေါ်ကျော်ကြားအောင် လုပ်မှာ မဟုတ်ဘူး..."