အခန်း (၁၀၅၉-၁၀၆၀)
Vol. 76 Ch. 1059-1060
အခန်း ၁၀၅၉ ပျက်စီးခြင်း မရှိလျှင် ပြန်လည်ရှင်သန်ခြင်းက မည်သည့်နေရာမှ လာမည်နည်း
မြင့်မြတ်သော ကျောင်းတော်၏ မျက်လုံးကြီးသည် အပိုင်းပိုင်း ကြေမွသွားခဲ့ပြီ ဖြစ်သည်။ ထိုအတွင်းရှိ မျက်သူငယ်သည် မလွင့်စင်မီမှာပင် ကျုံ့ဝင်သွားခဲ့ပြီးနောက် မျက်လုံးကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့်အတူ လွင့်စင် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့က ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ ပြိုကွဲပျက်စီးသွားခဲ့ကြသည်။
အင်မော်တယ်များ မဟာမိတ်မှ ကျင့်ကြံသူများသည် ခရမ်းရောင် မီးပင်လယ်ကြီးထဲတွင် ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကြရသည်။ စစ်ပွဲခန်းမမှ လူများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသော ဒါဇင်နှင့်ချီသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း စွမ်းအားများသည် မီးပင်လယ်ထဲ၌ မြုပ်နှံ မခံရမီ မီးတောက်မိစ္ဆာ မျိုးနွယ်စု ဘိုးဘေးကြောင့် ပြန့်ကျဲ ပျောက်ကွယ် သွားခဲ့ရသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့် ကွာဟချက်များကြောင့် သူတို့၏ ရုန်းကန်မှုများနှင့် တန်ပြန်တိုက်ခိုက်မှုများ အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း ဤစစ်ပွဲက နံနက်ခင်း တာအိုဂိုဏ်းက အောင်ပွဲခံလိုက်သည့်အလား ထင်ရသော်လည်း စုမင်နှင့် သူ့အဖွဲ့ကို ထည့်မတွက်ပါက ဤနေရာတွင် နံနက်ခင်း တာအိုဂိုဏ်းမှ တပည့် ထောင်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။ သူတို့အားလုံးက စစ်မြေပြင်ကို မှင်သက်မိန်းမောစွာဖြင့် ကြည့်နေခဲ့ကြသည်။ တဖြည်းဖြည်းနှင့် သူတို့၏ အကြည့်များက မီးတောက်မိစ္ဆာ မျိုးနွယ်စုဘိုးဘေး ထံသို့ ရောက်ရှိသွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် ကြီးမားသော တုန်လှုပ်ခြောက်ခြားမှုများ ထင်ဟပ်လာခဲ့သည်။ ထို့နောက် စုမင် ထံသို့ အကြည့်ရောက်သွားချိန်တွင်မူ ထိုတုန်လှုပ်ခြောက်ခြားမှုက အံ့ဩမှင်သက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ ဤအခြေအနေကို မည်သူက ပထမဆုံး စတင်တုံ့ပြန်လိုက်သည်ကို မသိရသော်လည်း တစ်စုံတစ်ယောက်က စုမင် ထံသို့ ရုတ်တရက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
"မင်းသားကို ဂါရဝပြုပါတယ်"
"မင်းသား တာအိုခုန်းကို ကြိုဆိုပါတယ်"
အစပိုင်းတွင် အသံများက ပြန့်ကျဲနေခဲ့သော်လည်း နောက်ပိုင်းတွင် လူထောင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သံများက အသံလှိုင်းကြီး တစ်လှိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက မီးပင်လယ်ကြီးအတွင်း ပဲ့တင်ထပ်သွားပြီး နဂါးငွေ့တန်းထဲ၌ အချိန်အတော်ကြာ လွှမ်းမိုးနေခဲ့သည်။
ထိုလူအုပ်ကြီးထဲတွင် အထက်ဘက်ရှိ နဂါးငွေ့တန်းထဲ၌ အစွမ်းထက်သော စစ်သည်များနှင့် မူလက တိုက်ခိုက်နေခဲ့ကြသော လကပ်ဘေး အဆင့် ကျင့်ကြံသူများလည်း ပါဝင်သည်။ ဂိုဏ်းအကြီးအကဲများ ခန်းမမှ အိုရန်ခုန်း သည်လည်း အဝေးတွင် ရှိနေခဲ့သည်။ သူတို့အားလုံးက လက်သီးဆုပ်ကာ အလွန်အမင်း အရိုအသေပေးနေကြသည်။ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေပါစေ သူတို့အားလုံးက အလွန်အမင်း အံ့ဩတုန်လှုပ်နေခဲ့ကြပြီး စုမင်ကို အမြင့်မားဆုံးသော ရိုသေလေးစားမှုဖြင့် သဘောထားနေကြသည်။
စုမင်က ဝေးကွာသော နဂါးငွေ့တန်းကို သူ့မျက်လုံးများအတွင်း တောက်ပနေသော အမှောင်အလင်းတန်းများဖြင့် စိုက်ကြည့်နေခဲ့ပြီးနောက် ခေါင်းငုံ့ကာ ညာလက်အား မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့လက်ဖဝါးပေါ်တွင် သိုလှောင်အိတ် နှစ်လုံး ပေါ်လာခဲ့သည်။ သူ့အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အတွင်းမှ နေဖျက်ဆီးခြင်း မိုးကြိုး နှစ်စင်းကို ထုတ်ယူလိုက်သည်။
ထိုသည်က ကျန်နေသည့် မိုးကြိုး နှစ်စင်းတည်းသာ ဖြစ်သည်။
တိတ်ဆိတ်စွာ စဉ်းစားနေစဉ်အတွင်း စုမင်က ၎င်းတို့ကို ချက်ချင်း စုပ်ယူခြင်း မပြုခဲ့ဘဲ သိုလှောင်အိတ်များထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြီးနောက် လှည့်ကာ စစ်သင်္ဘောဆီသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူက နေရာပြောင်းရွှေ့ခြင်း နေရာ အပြင်ဘက်၌ စခန်းချလိုက်သည်။
ဤနေရာတွင် ပြဿနာအချို့ ဖြစ်ပေါ်နေသဖြင့် နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို ချက်ချင်း အသက်သွင်းရန် ခက်ခဲနေခဲ့သည်။ သုံးရက်ခန့် ကြာပြီးနောက်မှသာ ၎င်းထံမှ အလင်းရောင်များ ထွက်ပေါ်လာပြီး နေရာပြောင်းရွှေ့ခြင်း နေရာများ တိုက်ခိုက်ခံရသည့် သတင်းကို နံနက်ခင်း တာအိုဂိုဏ်းထံသို့ အသိပေးနိုင်ခဲ့သည်။ သူတို့ကြားရှိ ဆက်သွယ်မှုသည်လည်း ထိုအချိန်ကျမှသာ ပြန်လည် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
"ဒီတစ်ခါ အင်မော်တယ်များ မဟာမိတ်က နေရာပြောင်းရွှေ့ခြင်း နေရာ ကိုးခုကို တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့နေရာ အပြင် တခြား နေရာရှစ်ခုက အပြင်ဘက် နဂါးငွေ့တန်းတွေနဲ့ ဆက်သွယ်မှု မလုပ်နိုင်ခဲ့လို့ သတင်းမပို့နိုင်ခဲ့ဘူး။ အင်မော်တယ်များ မဟာမိတ်က ရုတ်တရက် တိုက်ခိုက်လိုက်တဲ့အချိန်မှာ ဘယ်စစ်ကူမှ မလာနိုင်ခဲ့ဘူး။ အဲဒါကြောင့် သူတို့အားလုံး သေဆုံးသွားခဲ့ရတယ်" အိုရန်ခုန်းက စုမင်၏ စစ်သင်္ဘောပေါ်တွင် သူ့ရှေ့၌ ရပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"နှစ်တွေတစ်လျှောက် အင်မော်တယ်များ မဟာမိတ်ရဲ့ စစ်တပ်က ဒေသတစ်ခုပြီးတစ်ခုကို ဆက်တိုက် သိမ်းပိုက်လာခဲ့တယ်။ သူတို့ ရောက်သွားတဲ့ နေရာတိုင်းက မျိုးနွယ်စု အများစုဟာ မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားခဲ့ကြပြီး သူတို့အများစုက နံနက်ခင်း တာအိုဂိုဏ်းကို တစ်ကြိမ်တည်းနဲ့ ဝါးမြိုဖို့ ရည်ရွယ်ထားကြတယ်"
"ပြီးတော့ တစ်ခါတစ်ရံမှာ နံနက်ခင်း တာအိုလောကမှာ တစ်ခါမှ မပေါ်ဖူးတဲ့ ရတနာတွေက အင်မော်တယ်များ မဟာမိတ်ဆီမှာ ပေါ်လာတတ်တယ်။ ဥပမာ နေဖျက်ဆီးခြင်း မိုးကြိုး လိုမျိုးပေါ့။ တကယ်တော့ ဆယ်စုနှစ်တွေ အတော်ကြာသွားပြီဆိုတော့ အင်မော်တယ်များ မဟာမိတ်ဆီမှာ နောက်ထပ် အမြင့်မြတ်ဆုံး ရတနာတစ်ခုခုတော့ ပေါ်လာပြီးလောက်ပြီလို့ ကျွန်တော် ယုံကြည်တယ်" အိုရန်ခုန်းက လေးနက်သော လေသံဖြင့် သူသိသမျှ အားလုံးကို စုမင်အား မျှဝေပြောပြနေခဲ့သည်။
"အင်မော်တယ်များ မဟာမိတ်မှာ မတူညီတဲ့ အင်အားစု သုံးခု ရှိတယ်။ တစ်ခုက အင်မော်တယ်တွေ၊ ဒုတိယတစ်ခုက ဖီးနစ်ဂိုဏ်း..." ဤသို့ ပြောလိုက်ချိန်တွင် အိုရန်ခုန်းက စုမင် ဘေးတွင် ရပ်နေသော ရွှီဟွေကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
"တတိယတစ်ခုကတော့ မျိုးနွယ်စုများ ကောင်စီပါ။ ဒါက မျိုးနွယ်စုများစွာနဲ့ ဖွဲ့စည်းထားတဲ့ ယာယီ မဟာမိတ်အဖွဲ့ပါ။ တခြား အင်အားစုတွေနဲ့ ပေါင်းပြီး သူတို့ကို အင်မော်တယ်များ မဟာမိတ်လို့ ခေါ်ကြတာပါ"
"အဲဒီထဲမှာ မြင့်မြတ်သော ကျောင်းတော်က နံနက်ခင်း တာအိုဂိုဏ်းရဲ့ ဂိုဏ်းအကြီးအကဲများ ခန်းမနဲ့ ဆင်တူတယ်။ သူတို့က စစ်ရေးဗျူဟာတွေ ရေးဆွဲပြီး အရင်းအမြစ်တွေ ခွဲဝေမှုကို စီစဉ်ကြတယ်။ အဲဒါကို ဖီးနစ်ဂိုဏ်းက တည်ဆောက်ထားတာပါ။ စစ်ပွဲတစ်ပွဲချင်းစီမှာ မြင့်မြတ်သော ကျောင်းတော်ရဲ့ မျက်လုံး အရေအတွက်တွေ မတူညီကြဘူး။ များသောအားဖြင့် စစ်ပွဲတွေကို ကွပ်ကဲတဲ့ သူတွေက ဖီးနစ်ဂိုဏ်းက လာကြတယ်"
"အခုချိန်မှာတော့ မြင့်မြတ်တဲ့ ကျောင်းတော်ရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးက ဖီးနစ်ဂိုဏ်းက မြင့်မြတ်တဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်"
"မျိုးနွယ်စုများ ကောင်စီကတော့ စစ်ပွဲခန်းမနဲ့ ဆင်တူတယ်။ သူတို့က စစ်ပွဲတိုင်းမှာ စစ်သည်အင်အား အများဆုံး စေလွှတ်တဲ့သူတွေပါ"
"အင်မော်တယ်တွေ အနေနဲ့ကတော့ သူတို့ရဲ့ မဟာမိတ် အဖွဲ့ထဲမှာ အလွန်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတွေပါ။ သူတို့က အတိတ်က ကျွန်တော်တို့ သိခဲ့ဖူးတဲ့ အင်မော်တယ်တွေနဲ့ မတူဘူး။ အခုချိန်မှာ အင်မော်တယ်တွေရဲ့ နယ်မြေကို လုံးဝ ပိတ်ဆို့ထားတယ်။ ဘယ်ပြင်ပလူမှ အဲဒီထဲကို ဝင်လို့ မရဘူး"
"ဒါပေမဲ့ စစ်ပွဲတိုင်းမှာ စေလွှတ်လိုက်တဲ့ အစွမ်းထက် စစ်သည်အများစုက အင်မော်တယ်တွေဆီက လာတာချည်းပဲ။ သူတို့က နောက်ထပ် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို တတ်ကျွမ်းထားပုံရပြီး သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက အံ့မခန်း မြင့်တက်လာခဲ့တယ်။ သူတို့သုံးတဲ့ နတ်ဘုရား စွမ်းရည်တွေကလည်း ရှားရှားပါးပါး ကြားဖူးတဲ့ အရာတွေချည်းပဲ"
"ဥပမာပြောရရင်... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက လူတစ်သန်းကျော် ပါဝင်တဲ့ စစ်ပွဲတစ်ပွဲမှာ အင်မော်တယ်တွေ စေလွှတ်လိုက်တဲ့ ဝတ်ရုံနက်နဲ့ လူတစ်ယောက် ဆိုပါတော့။ အဲဒီလူက တန်ခိုးရှင် တစ်ယောက် မဟုတ်မှန်း သေချာပေမဲ့ နဂါးငွေ့တန်းကို ဟင်းလင်းပြင်အဖြစ် ပြောင်းလဲပစ်ပြီး စစ်မြေပြင်ကို တွင်းနက်ကြီး တစ်တွင်းအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ နတ်ဘုရား စွမ်းရည်တစ်ခုကို သူ အသုံးပြုခဲ့တယ်။ သွေးတွေကို ရေအဖြစ်နဲ့၊ နဂါးငွေ့တန်းထဲက စစ်မြေပြင်ကို ရေတွင်းတစ်တွင်း အဖြစ် ပြောင်းလဲပစ်ခဲ့တာ"
"ကျွန်တော်တို့ရဲ့ ကျင့်ကြံသူတွေ အဲဒီရေတွင်းထဲ ရောက်သွားတဲ့အခါ သူတို့ရဲ့ မျက်ခုံးနှစ်ခုကြားမှာ လမင်း အမှတ်အသားတစ်ခု ခတ်နှိပ်ခံခဲ့ရတယ်။ လူသိန်းပေါင်းများစွာဟာ ဧရာမ လမင်းကြီးတစ်ခု ဖြစ်လာအောင် အတင်းအဓမ္မ စုစည်းခံခဲ့ရတယ်။ အဲဒီနောက် ဝတ်ရုံနက်နဲ့လူက သူ့လက်ကို ခပ်ဖွဖွလေး မြှောက်လိုက်တာနဲ့ ရေခပ်လိုက်သလိုပဲ... မူလစိတ်ဝိညာဉ် သိန်းပေါင်းများစွာကို သူ ယူသွားခဲ့တယ်"
"တကယ်လို့ ဘိုးဘေး တိုက်ရှန်သာ စစ်မြေပြင်ကို အပြေးအလွှား ရောက်မလာခဲ့ဘူးဆိုရင် အဲဒီဝတ်ရုံနက်နဲ့ လူကို ပြင်းထန်တဲ့ ဒဏ်ရာရအောင် သူ့ရဲ့ ကြီးမားတဲ့ စွမ်းအားတွေနဲ့ မလုပ်နိုင်ခဲ့ဘူးဆိုရင် စစ်ပွဲ စတောင် မစခင်မှာ... ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ပြီ"
"ဒါပေမဲ့ အဲဒီဝတ်ရုံနက်နဲ့ လူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်ရတဲ့ တန်ဖိုးအနေနဲ့ ဘိုးဘေး တိုက်ရှန်လည်း ပြင်းထန်တဲ့ ဒဏ်ရာ ရသွားခဲ့တယ်။ သူ ပြန်ကောင်းလာဖို့အတွက် နံနက်ခင်း တာအိုဂိုဏ်းဆီ ပြန်ပြီး တံခါးပိတ် ကျင့်ကြံနေခဲ့ရတယ်"
"ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာက အသေးစား စစ်ပွဲတစ်ပွဲလည်း ရှိသေးတယ်။ အစပိုင်းမှာ နံနက်ခင်း တာအိုဂိုဏ်းက အလွန် အသာစီး ရနေခဲ့ပေမဲ့ အင်မော်တယ်များ မဟာမိတ် လုံးဝ ကျဆုံးတော့မယ့် အချိန်မှာ သူတို့ စေလွှတ်လိုက်တာက... ကျွန်တော်တို့ တစ်သက်လုံး မေ့လို့မရနိုင်တဲ့ သတ္တဝါတစ်ကောင်ပဲ။ ဧရာမ လူဘီလူးကြီး တစ်ကောင်"
"အဲဒီလူက ပေသိန်းပေါင်း များစွာ မြင့်တယ်။ သူ့မျက်ခုံးနှစ်ခုကြားမှာ ဂြိုဟ် ခုနစ်လုံးက စက်ဝိုင်းပုံစံ လည်ပတ်နေတယ်။ လက်သီးတစ်ချက်တည်းနဲ့တင်..." အိုရန်ခုန်း၏ မျက်လုံးများထဲတွင် သတိထားနေရသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"အဲဒီလူဘီလူးကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်မှာပဲ ရှိနေတာ သေချာပေမဲ့ သူ့ဆီကနေ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက အဲဒီဝတ်ရုံနက်နဲ့လူလိုပဲ ကြောက်စရာကောင်းတယ်။ သူတို့နှစ်ယောက်စလုံးက ထပ်တူ ယုံကြည်နိုင်စရာ မရှိလောက်အောင် အစွမ်းထက်ပြီး သူတို့ထက် ကျင့်ကြံခြင်းအဆင့် အဆများစွာ မြင့်မားတဲ့ သူတွေကမှသာ သူတို့ကို နှိမ်နင်းနိုင်ခဲ့တာ" အိုရန်ခုန်း ပြောနေစဉ် သူ့အသံက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ သူ့စကားကို နားထောင်နေရင်း စုမင်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"မင်းသားအနေနဲ့ အဖြေကို ခန့်မှန်းမိပြီးသား ဖြစ်မှာပါ။ နှစ်တွေတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ မြင်ကွင်းတွေက ကျွန်တော်တို့အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားစေခဲ့တယ်။ အင်မော်တယ်များ မဟာမိတ်ထဲမှာ နံနက်ခင်း တာအိုလောကနဲ့ မသက်ဆိုင်တဲ့ စွမ်းအားတစ်ခု ရှိနေတယ်ဆိုတာကိုပေါ့။ တကယ်တော့ ဒါက မဟာ လောကကြီး လေးခုက အင်အားစုတွေနဲ့တောင် မသက်ဆိုင်ဘူး။ ကျွန်တော်တို့ဆီ ဆင်းသက်လာတဲ့ ဒီစွမ်းအားက နံနက်ခင်း တာအိုဂိုဏ်းကို ပြန်တိုက်ခိုက်ဖို့ အင်မော်တယ်များ မဟာမိတ်ကို စွမ်းအားတွေ ပေးစွမ်းခဲ့တာပဲ"
"ဒီလိုမှမဟုတ်ရင် သာမန် အင်မော်တယ်များ မဟာမိတ် တစ်ခုက နှစ်ပေါင်း တစ်ထောင်ကြာတဲ့အထိတောင် ဘယ်လိုလုပ် တည်တံ့နိုင်မှာလဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ မဟာလောကထဲက နဂါးငွေ့တန်း တစ်ဝက်လောက်ကိုတောင် သိမ်းပိုက်ထားနိုင်ဦးမှာတဲ့လား" အိုရန်ခုန်းက ခါးသီးစွာဖြင့် ပြောလိုက်သည်။
"အစစ်အမှန် ဘိုးဘေးကရော ဘယ်လိုလဲ" စုမင်က ရုတ်တရက် မေးလိုက်သည်။
"အစစ်အမှန် ဘိုးဘေးရဲ့ အနေအထားက လျှို့ဝှက်ဆန်းကြယ်ပြီး မကြာခဏ ပြောင်းလဲနေတတ်တယ်။ သူက အတိအကျ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ အခုချိန်အထိ စစ်ပွဲထဲမှာ အလားတူ လူမျိုး တစ်ယောက်မှ ပေါ်မလာသေးဘူး။ မင်းသားကိုယ်တိုင်တောင် ဒီလို အခြေအနေမှာ ရှိနေတာပဲ။ ကျွန်တော်တို့ မျိုးနွယ်စု အားလုံးကလည်း စိုးရိမ်ထိတ်လန့်ပြီး နေမထိထိုင်မသာ ဖြစ်နေကြရတယ်"
"ဒါ့အပြင် ဘိုးဘေး တာအိုချန် ကလည်း အခုထိ တံခါးပိတ် ကျင့်ကြံနေဆဲပဲ။ တစ်ခါမှ ထွက်မလာသေးဘူး။ နံနက်ခင်း တာအိုဂိုဏ်းက တန်ခိုးရှင်တွေနဲ့ အစွမ်းထက် စီနီယာတွေလည်း ပေါ်မလာကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အားလုံးက တွေးမိတယ်။ ကျွန်တော်တို့ မသိသေးတဲ့ တခြား လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေမလားလို့ပေါ့" အိုရန်ခုန်းက စကားပြောနေရင်း စုမင်ထံမှ အဖြေတစ်ခု ရရှိရန် မျှော်လင့်နေသည့်အလား စုမင်ထံသို့ လှမ်းကြည့်လိုက်သည်။
စုမင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ရွှေရောင်ခြင်ကြီးနှင့် အသက် ပျက်စီးခြင်း မျိုးစေ့တို့က မွေးရာပါ ကမ္ဘာရန်ဘက်များအဖြစ် အချင်းချင်း ဆန့်ကျင်နေခဲ့ပုံကို သူ ပြန်အမှတ်ရလိုက်သည်။ အသက် ပျက်စီးခြင်း အဘိုးအိုသည် အမှောင် အရုဏ်ဦးထံမှ လာခဲ့သည်ဖြစ်ရာ သူ့ကို ဆန့်ကျင်ပြီး ကမ္ဘာရန်ဘက်ဖြစ်သော အင်အားစုမှာ သဘာဝကျကျပင် သူတော်စင် ပုန်ကန်သူထံမှ ဖြစ်ရပေမည်။
အကယ်၍ ထိုသို့သာဆိုလျှင် စုမင်၏ နှလုံးသားထဲရှိ မေးခွန်း မြောက်မြားစွာ အဖြေပေါ်သွားခဲ့ပြီ ဖြစ်သည်။
မျက်ခုံးနှစ်ခုကြားတွင် ဂြိုဟ်များ လည်ပတ်နေသည့် လူဘီလူးကြီး၊ ဧရာမ ရွှေရောင်ခြင်ကြီးနှင့် ထူးဆန်းသော နတ်ဘုရား စွမ်းရည်ရှိသည့် ဝတ်ရုံနက်နှင့်လူ၊ ထို့အပြင် ပေါ်မလာသေးသော်လည်း သေချာပေါက် ရှိနေမည့် သူများ... နံနက်ခင်း တာအိုလောက အတွင်းသို့ ဆင်းသက်လာခဲ့ကြသော ဤသတ္တဝါများ အားလုံး၏ နောက်ကွယ်ရှိ လျှို့ဝှက်စွမ်းအားနှင့် အင်မော်တယ်များ မဟာမိတ် စစ်ပွဲဆင်နွှဲနိုင်ရသည့် အကြောင်းအရင်းမှာ သူတော်စင် ပုန်ကန်သူ ထံမှ မဟာစကြဝဠာ ၁၈၀ တို့ထံမှ လာခြင်းပင်။
အမှောင် အရုဏ်ဦး၏ မဟာစကြဝဠာ ၁၈၀ နှင့် သူတော်စင် ပုန်ကန်သူ၏ မဟာစကြဝဠာ ၁၈၀ တို့ကြား သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာကို လုယူရန် တိုက်ပွဲမှာ အလွန် ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတော်စင် ပုန်ကန်သူ၏ စခန်းက ဆင်းသက်လာခဲ့ပြီ ဖြစ်ရာ ထိုသို့သာဆိုလျှင် အမှောင် အရုဏ်ဦး၏ စခန်းသည်လည်း ရောက်ရှိနေပြီ ဖြစ်နိုင်သော်လည်း မည်သူကမျှ မသိကြခြင်းသာ ဖြစ်ပေမည်။
ထိုဧရာမ အင်အားစုကြီး နှစ်ခုကို သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာက မည်သို့ ပြန်လည် တိုက်ခိုက်နိုင်မည်နည်း။ ပြီးတော့ နံနက်ခင်း တာအိုလောကက သူတို့ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ အစစ်အမှန် ဘိုးဘေး ပေါ်မလာသေးခြင်းနှင့် နံနက်ခင်း တာအိုဂိုဏ်းရှိ တန်ခိုးရှင်များ တိတ်ဆိတ်နေခြင်းတို့မှာ ဤအရာနှင့် ကြီးမားသော ဆက်စပ်မှု ရှိနေရပေမည်။
'အမှောင် အရုဏ်ဦးက ပေါ်လာခဲ့ပြီပဲ။ ယင်မရဏနယ်မြေနဲ့ ပဉ္စမမြောက် သမုဒ္ဒရာထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဒါဟာ အမှောင် အရုဏ်ဦးရဲ့ စွမ်းအား ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား' စုမင်က ထိုအကြောင်းကို စဉ်းစားရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ထို့နောက် သူ မျက်လုံး မှိတ်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကတည်းက ဆင်နွှဲခဲ့သော စစ်ပွဲသည် အစတစ်ခုသာ ဖြစ်သည်ဟု သူ ပြင်းပြင်းထန်ထန် ခံစားနေရသည်။ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ တစ်ခုလုံးကို လွှမ်းခြုံသွားမည့် စစ်ပွဲတစ်ပွဲအတွက် အစပျိုးမှုပင်။
မဟာစကြဝဠာ၏ အစစ်အမှန် စစ်ပွဲသည် ပိုမိုကြီးမားသော အတိုင်းအတာဖြင့် ပြန့်နှံ့သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် စစ်မီးလျှံများသည် မဟာလောက ကြီးလေးခုဆီသို့ ပြန့်နှံ့သွားမည် ဖြစ်သည်။ သူတို့က ကျန်ရစ်နေသော ရှေးဟောင်း နိုင်ငံတော် နှစ်နိုင်ငံကို လောင်ကျွမ်းပစ်မည်ဖြစ်ပြီး သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာကို လောင်ကျွမ်းပြီးသည်နှင့် တစ်ပြိုင်နက် သုံးပါးပေါင်းစပ် ကန္တာရ ကောင်းကင်ဘုံသည် အမှောင် အရုဏ်ဦး ပိုင်ဆိုင်မည်လော သို့မဟုတ် သူတော်စင် ပုန်ကန်သူ ပိုင်ဆိုင်မည်လော ဆိုသည်ကို ဆုံးဖြတ်ကြမည် ဖြစ်သည်။
စုမင် မျက်လုံးဖွင့်လိုက်သောအခါ ရိုင်းစိုင်းသော ရည်မှန်းချက် မီးတောက်များက သူ့မျက်လုံးများထဲတွင် ပုန်းကွယ်နေခဲ့သည်။ ထိုမီးတောက်များကို မမြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်၊ သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့ပြီး ၎င်းတို့က ရိုးအလွန်းကာ သူ့စွမ်းဆောင်နိုင်ရည်ထက် အနည်းငယ် ကျော်လွန်နေပုံရသော်လည်း စုမင် နှလုံးသားထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
'ဒါက အမှောင် အရုဏ်ဦး ဒါမှမဟုတ် သူတော်စင် ပုန်ကန်သူ နဲ့ သက်ဆိုင်ချင်မှ သက်ဆိုင်လိမ့်မယ်။ ဒါပေမဲ့...' စုမင်က ထိုအတွေးကို ဆက်မတွေးတော့သော်လည်း နှလုံးသားထဲရှိ ဆုံးဖြတ်ချက် မီးတောက်များက ယခင်ကထက် ပိုမိုကျယ်လောင်စွာ တဒိုင်းဒိုင်း မြည်ဟည်းလာသည့် အဆင့်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
"ဒီတစ်ခါ အင်မော်တယ်များ မဟာမိတ်ရဲ့ တိုက်ခိုက်မှုကြောင့် နေရာပြောင်းရွှေ့ခြင်း နေရာ တစ်ခုချင်းစီက သတင်းပို့နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ရတယ်။ နံနက်ခင်း တာအိုဂိုဏ်းက အမြန်ဆုံး အဖြေတစ်ခု မရှာနိုင်ဘူးဆိုရင် မကြာခင် အနာဂတ်မှာ မဟာလောကထဲမှာ စစ်ပွဲပေါင်းတွေ အများကြီး ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်"
"မင်းသား ဂိုဏ်းကို ပြန်ရောက်တဲ့အခါ မင်းသားရဲ့ အဆင့်အတန်းနဲ့ဆိုတော့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဂိုဏ်းအကြီးအကဲများ ခန်းမ ဆီကို ကျေးဇူးပြုပြီး ပြောပြပေးပါ။ ကျွန်တော့်ရဲ့ မျိုးနွယ်စုက နံနက်ခင်း တာအိုဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ အင်မော်တယ်များ မဟာမိတ်က နံနက်ခင်း တာအိုဂိုဏ်းရဲ့ လက်ရှိနယ်မြေကို သိမ်းပိုက်ပြီးတော့ ကျွန်တော့် လူတွေရဲ့ သွေးတွေကို စတေးခံအဖြစ် ဆက်သခံရမယ့် နေ့တစ်နေ့ကို ရောက်မလာစေချင်ဘူး" အိုရန်ခုန်းက စုမင်ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"ကျွန်တော် လုပ်ပေးပါ့မယ်" စုမင်၏ အကြည့်က အိုရန်ခုန်း အပေါ်သို့ ကျရောက်သွားပြီးနောက် နဂါးငွေ့တန်းဆီသို့ ပြောင်းလဲ ကြည့်ရှုလိုက်သည်။ သူ့နှလုံးသားထဲတွင် မည်သူမျှ မကြားနိုင်သော အေးစက်စက် စကားလုံးများကို တိုးတိုးလေး ရေရွတ်လိုက်သည်။
'ပျက်စီးခြင်းဆိုတာ မရှိဘူးဆိုရင် ပြန်လည်ရှင်သန်ခြင်း အသစ်က ဘယ်နေရာကနေ လာမှာလဲ'
အခန်း ၁၀၆၀ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း
နံနက်ခင်း တာအိုလောက အတွင်း၌ နံနက်ခင်း တာအိုဂိုဏ်း တည်ရှိပြီး ၎င်းသည် စကြဝဠာနှင့် မသက်ဆိုင်ဘဲ နံနက်ခင်း တာအိုလောကမှ အခြားသော ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးတွင် သီးသန့်ဖွင့်လှစ်ထားသည့် နေရာတစ်နေရာတွင် တည်ရှိသည်။ ထိုနေရာတွင် ယဇ်ပလ္လင် တစ်လုံး ရှိ၏။ ထိုယဇ်ပလ္လင်ပေါ်တွင် နဂါးငွေ့တန်းကို ဆုတ်ဖြဲပစ်ချင်နေသလို ထင်ရသော ဟင်းလင်းပြင်ကမ္ဘာ တစ်လုံး ရှိပြီး အတွင်း၌ စကြဝဠာနှင့် သီးခြား ခွဲထုတ်ထားသော ကမ္ဘာတစ်လုံး ရှိနေသည်။
ဤမြေပြင်တွင် နံနက်ခင်း တာအိုလောက၏ ကပ်ဘေး အရှင်သခင် နေထိုင်သည်။ ယင်းသည် ဘိုးဘေး တာအိုချန်၏ တံခါးပိတ် ကျင့်ကြံရာ နေရာ ဖြစ်သည်။ အတွင်းဘက်ရှိ ဝေဝါးသော အလင်းရောင်ထဲတွင် ကျောပြင်ကိုသာ မြင်တွေ့ရသည့် လူတစ်ယောက် ရှိနေသည်။ စုမင်၏ နှလုံးသားထဲရှိ စကားလုံးများနှင့် ထပ်တူကျသော စကားသံများက သူ့နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။
"ပျက်စီးခြင်း မရှိရင်၊ ပြန်လည်ရှင်သန်ခြင်း အသစ်က ဘယ်နေရာကနေ လာမှာလဲ"
သူက စုမင် တွေးနေသည်ကို သိသောကြောင့် ပြောလိုက်ခြင်း မဟုတ်ပေ။ ဤသည်က စုမင်နှင့် လုံးဝ မသက်ဆိုင်ဘဲ သူ့ရှေ့တွင် ရှိနေသော ဧရာမ နဂါးငွေ့တန်း မြေပုံကြီးကြောင့် ဖြစ်သည်။
ထိုနဂါးငွေ့တန်း မြေပုံကြီးသည် နံနက်ခင်း တာအိုဂိုဏ်း၏ နယ်မြေများကို ပြသနေသည်။ ထိုထဲမှ ထက်ဝက်ခန့်မှာ နီရဲသော အရောင်အဖြစ် ပြောင်းလဲနေပြီး ထိုအရောင်မှာ အင်မော်တယ်များ မဟာမိတ်ကို ကိုယ်စားပြုသည်။ နီရဲသည့် နယ်မြေ၏ နက်ရှိုင်းသော နေရာတွင် အထက်မှ ဆင်းသက်လာသည့် အလင်းတန်းကြီး တစ်တန်း ရှိနေသည်။ ၎င်းသည် အင်မော်တယ်များ မဟာမိတ် ပိုင်ဆိုင်သော နယ်မြေထဲတွင် ဒေါင်လိုက် မတ်မတ် တည်ရှိနေပြီး အလွန် ထင်ရှားသည်။
"သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ ပျက်စီးသွားတဲ့အခါ ငါတို့ မျိုးနွယ်စု အာဏာ ထက်မြက်လာမယ့်နေ့ ရောက်လိမ့်မယ်" ထိုလူက လေးနက်သော လေသံဖြင့် ထိုစကားလုံးများကို တိုးတိုးလေး ရေရွတ်လိုက်ချိန်တွင်ပင် သူ့ခန္ဓာကိုယ်ကြီး တောင့်တင်းသွားသည့်အလား ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
စုမင်၊ သူ့အဖွဲ့နှင့် ရာနှင့်ချီသော စစ်သင်္ဘောများသည် အိုရန်ခုန်းနှင့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် နေရာပြောင်းရွှေ့ခြင်း အစီအရင် ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့ကြသည်။ ထိုအစီအရင်မှ တစ်ဆင့် သူတို့သည် နံနက်ခင်း တာအိုဂိုဏ်းဆီသို့ ဦးတည်သွားနိုင်မည် ဖြစ်သည်။
ခရီးစဉ်က တစ်လခန့် ကြာမြင့်ခဲ့သည်။ စုမင်က နံနက်ခင်း တာအိုလောကထဲသို့ ခြေချခဲ့သည့် အချိန်မှစ၍ တာအိုဖေးဖန်းကို သတ်ဖြတ်ခဲ့ပြီး ထိုနေရာတွင် ရှိနေစဉ်အတွင်း သူ့လုပ်ရပ်များကြောင့် တောက်ပသော အလင်းရောင်များဖြင့် ထွန်းလင်းခဲ့သည်။ သူသည် အင်မော်တယ်များ မဟာမိတ်မှ ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး နေရာပြောင်းရွှေ့ခြင်း အစီအရင် ပြန်လည် ကောင်းမွန်လာသောအခါ အိုရန်ခုန်းက ထိုသတင်းအား နံနက်ခင်း တာအိုဂိုဏ်းထံသို့ ပေးပို့ခဲ့ရာ လူအများအပြား သိရှိသွားခဲ့ကြသည်။
တာအိုခုန်း၏ နာမည်သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က နတ်ဘုရား အနှစ်သာရ နယ်မြေသို့ ဝင်ရောက်သွားပြီးနောက် လူအများအပြား၏ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ထိုနာမည် ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ဘေးပတ်ပတ်လည်၌ သွေးညှီနံ့များနှင့်အတူ လျစ်လျူရှု၍မရသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ဝန်းရံနေခဲ့ပြီ ဖြစ်သည်။
တာအိုခုန်းက တာအိုဖေးဖန်းကို သတ်ပစ်ခဲ့သည်။ ဤသည်က တိုက်ရိုက်မျိုးဆက်များ ကြားထဲက ပထမဆုံး အတွင်းပိုင်း တိုက်ခိုက်မှု မဟုတ်နိုင်သော်လည်း များသောအားဖြင့်မူ ကွယ်ရာမှာသာ လုပ်ဆောင်လေ့ ရှိကြသည်။ မိမိတို့၏ လူတစ်ယောက်အား ဤမျှ ဗြောင်ကျကျ သတ်ရဲသူ မရှိခဲ့သော်လည်း တာအိုခုန်းက ထိုသို့ လုပ်ရုံသာမက တာအိုဖေးဖန်း၏ အလောင်းကိုပါ စစ်သင်္ဘော ဦးတွင် ချိတ်ဆွဲထားခဲ့သည်။ ဤမြင်ကွင်းက ပေးစွမ်းလိုက်သည့် တုန်လှုပ်မှုက အလွန်တရာ ကြီးမားသည်။
ဤသည်ကလည်း နံနက်ခင်း တာအိုဂိုဏ်းရှိ တိုက်ရိုက်မျိုးဆက်များ အားလုံးကို ပေးလိုက်သည့် နှုတ်ဆိတ်နေသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။
'ငါ့ကို လာမရှုပ်နဲ့'
အကယ်၍ သူ့ကို လာရောက် ရန်စသူ သို့မဟုတ် စိန်ခေါ်သူ ရှိခဲ့ပါက သူတို့၏ လမ်းဆုံးက တာအိုဖေးဖန်းလို ဖြစ်သွားပေမည်။
ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဟင်းလင်းပြင်ထဲ၌ ပြည့်နှက်နေပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူအများအပြားကို ထိုနာမည်အား သူတို့၏ စိတ်ထဲတွင် စွဲထင်သွားစေခဲ့သည်။ သူတို့ထဲမှ အများစုမှာ တာအိုခုန်းနှင့် တစ်ခါမှ မဆုံဖူးဘဲ သူ့အပေါ် ထားရှိသည့် မှတ်ဉာဏ်များ ဝေဝါးနေခဲ့သော်လည်း ဖြစ်သည်။
အကယ်၍ သူက တာအိုဖေးဖန်းကိုသာ သတ်ခဲ့မည်ဆိုပါက တိုက်ရိုက်မျိုးဆက်များကသာ သူ့အား အထူး အလေးထား ကြည့်ကြမည် ဖြစ်ပြီး နံနက်ခင်း တာအိုဂိုဏ်းရှိ တခြားသော တပည့်များ၏ အာရုံစိုက်မှုကို ခံရမည် မဟုတ်ပေ။ အဆုံးသတ်တွင် ကြီးမားသော နံနက်ခင်း တာအိုဂိုဏ်းကြီး အတွက်မူ တိုက်ရိုက်မျိုးဆက်များ ဆိုသည်မှာ သူတို့၏ လူဦးရေထဲမှ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်သည်။ တခြားသော မျိုးနွယ်စုများမှ တပည့်များက ဂိုဏ်း၏ အများစုကို ဖွဲ့စည်းထားခြင်း ဖြစ်ရာ ထို့ကြောင့် နံနက်ခင်း တာအိုဂိုဏ်းရှိ တိုက်ရိုက်မျိုးဆက်များ၏ အတွင်းရေး ကိစ္စများသည် သူတို့နှင့် မသက်ဆိုင်ဟု မြင်ကြသည်။
သို့သော် နေရာပြောင်းရွှေ့ခြင်း နေရာတွင် စုမင်၏ တိုက်ပွဲနှင့် အင်မော်တယ်များ မဟာမိတ်မှ ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်ခဲ့သည့် လုပ်ရပ်၊ ထို့ပြင် မြင့်မြတ်သော ကျောင်းတော်၏ မျက်လုံး တစ်လုံးအား ဖျက်ဆီးပစ်ခဲ့ခြင်းတို့က သူ၏ ကျော်ကြားမှုကို ချက်ချင်းပင် အရှိန်အဟုန်ဖြင့် မြင့်တက်သွားစေခဲ့သည်။ အထူးသဖြင့် တခြားသော တိုက်ရိုက်မျိုးဆက် အများစုမှာ ထိုအချိန်အထိ သူတို့ကိုယ်တိုင် ကျော်ကြားမှု မတည်ဆောက်နိုင်သေးချိန်တွင် ဖြစ်သည်။
စုမင်၏ လုပ်ရပ်က လူအများအပြားကို တာအိုခုန်း၏ နာမည်အား မှတ်မိသွားစေခဲ့သည်။ အမှန်တကယ်တွင် သူ နံနက်ခင်း တာအိုဂိုဏ်းသို့ မပြန်ရသေးမီပင် သူ ပြန်လာမည့်အချိန်ကို မျှော်လင့်နေကြသည့် လူဦးရေ မနည်းလှပေ။
နံနက်ခင်း တာအိုဂိုဏ်းရှိ မြင့်မားသည့် အဆင့်အတန်းနှင့် ကြီးမားသော စွမ်းအားရှိသည့် အသက်ကြီးပိုင်းများမှာ တာအိုခုန်းအပေါ်တွင် အများအားဖြင့် ဂရုမစိုက်ကြသော်လည်း အိုရန်ခုန်း ထံမှ ရရှိသော သတင်းများအရ တာအိုခုန်း၏ ဘေးတွင် တန်ခိုးရှင် တစ်ယောက်က နောက်လိုက်အဖြစ် လုပ်ဆောင်ပေးနေသည်ဟု သိလိုက်ရသည်။
ဤကိစ္စက နံနက်ခင်း တာအိုဂိုဏ်းအတွင်း ချက်ချင်းပင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားစေခဲ့သည်။ လူအများစုမှာ ထိုကဲ့သို့သော လှုပ်ခတ်မှုကို မသိရှိနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ကန့်သတ်နယ်မြေ တစ်ခုအတွင်း၌သာ ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုအကြောင်းကို သိရှိသွားကြသူများ အားလုံး တုန်လှုပ်ခြောက်ခြားသွားစေရန်အတွက်မူ လုံလောက်သည်။
ထို့ပြင် ထိုတန်ခိုးရှင်သည် နံနက်ခင်း တာအိုဂိုဏ်းမှ မဟုတ်ပေ။ တာအိုခုန်းက သူ့ကို နတ်ဘုရား အနှစ်သာရ နယ်မြေတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းသည်။ တန်ခိုးရှင် တစ်ယောက်အား နောက်လိုက်အဖြစ် လိုလိုလားလား ဖြစ်လာအောင် လုပ်နိုင်ခြင်းဟူသည့် အချက်ကပင် သူ မည်မျှ ကံကောင်းပြီး မည်မျှ အရည်အချင်းရှိသည်ကို ပြသရန် လုံလောက်သည်။
ထို့နောက် ဤအချက်များ အားလုံးနှင့်အတူ တာအိုခုန်း၏ မင်းသား အဆင့်အတန်းကို ပေါင်းစပ်လိုက်သောအခါ နံနက်ခင်း တာအိုဂိုဏ်းက အတွင်းပိုင်းမှ အစီအရင်အား အသက်သွင်းပြီး တစ်ဖက်ခြမ်းရှိ လူများကို တာအိုခုန်း ပြန်လာနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားလိုက်ချိန်တွင် သတ်မှတ်ထားသော နေရာပြောင်းရွှေ့ခြင်း နေရာတစ်ခု၌ ကျင့်ကြံသူ အမြောက်အမြား လာရောက် စုဝေးစေခဲ့တော့သည်။
ထိုကျင့်ကြံသူများထဲတွင် တိုက်ရိုက်မျိုးဆက် အချို့ ပါဝင်သော်လည်း အများစုမှာ သာမန်တပည့်များ ဖြစ်ကြသည်။ စကြဝဠာ၏ ကိစ္စရပ်များကို အများအားဖြင့် ဂရုမစိုက်တတ်ကြသော မိစ္ဆာအိုကြီးများ စေလွှတ်လိုက်သည့် သတင်းပေးများလည်း ရှိနေသည်။ ထို့အပြင် တာအိုခုန်း အပေါ် အလွန်အမင်း စိတ်ဝင်စားမှု ပြသကြသူများနှင့်အတူ သူ့ဘေးရှိ မီးတောက်မိစ္ဆာ မျိုးနွယ်စု ဘိုးဘေးကို လာရောက် ကြည့်ရှုကြသူများလည်း ရှိသည်။
မည်သည့် ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ ထိုအချိန်တွင် နေရာပြောင်းရွှေ့ခြင်း နေရာ၏ ဘေးပတ်လည်၌ လူပေါင်း တစ်သောင်းနီးပါး စုဝေးနေခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ အကြည့်များ အားလုံးက ကျယ်လောင်သည့် ပေါက်ကွဲသံများနှင့်အတူ လည်ပတ်နေပြီး စူးရှသော အလင်းရောင်များ တောက်ပနေသည့် နေရာဆီသို့ စိုက်ကြည့်နေကြကာ စုမင်နှင့် သူ့အဖွဲ့ ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
"တာအိုခုန်းက ဘယ်လိုပုံစံလဲဆိုတာ ငါ သိချင်မိတယ်။ အရင်က သူ့ကို မြင်ဖူးသလိုလိုတော့ ရှိသား။ ဒါပေမဲ့ အချိန်အတော်ကြာသွားပြီဆိုတော့ သူ့အပေါ် ထားတဲ့ ငါ့ရဲ့ မှတ်ဉာဏ်က နည်းနည်း ဝေဝါးနေပြီ"
"ငါတော့ သူ့ကို အမှတ်ရသေးတယ်လို့ ပြောလို့ရတယ်။ သူက နံနက်ခင်း တာအိုဂိုဏ်းထဲမှာ အံ့မခန်း ကြီးမားတဲ့ ပါရမီ ရှိတဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ။ သူ့ဆီမှာ နံနက်ခင်း တာအိုဂိုဏ်း စစ်မှန်တဲ့ ကံကြမ္မာ ရှိနေတယ်လို့ ပြောကြတဲ့ လူတွေလည်း ရှိတယ်"
"ဟုတ်တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်က နတ်ဘုရား အနှစ်သာရ နယ်မြေကို စေလွှတ်ခံခဲ့ရတာ။ အခု သူ ပြန်လာတဲ့ အချိန်မှာ တာအိုဖေးဖန်းကို သတ်ပြီး အင်မော်တယ်များ မဟာမိတ်က ကျင့်ကြံသူ သောင်းနဲ့ချီကို သတ်ဖြတ်ခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူ နတ်ဘုရား အနှစ်သာရ နယ်မြေမှာ ရှိနေတုန်း အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်ဆိုတာ သိသာပါတယ်"
"ဟွန်း... သူက တိုက်ပွဲထဲမှာ တာအိုဖေးဖန်းကို သတ်ခဲ့တာပဲဖြစ်ဖြစ် အင်မော်တယ်များ မဟာမိတ်က ကျင့်ကြံသူတွေကို သတ်ခဲ့တာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါတွေအားလုံးကို သူကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ မမေ့နဲ့ဦး။ ဒါက သူ့ရဲ့ နောက်လိုက် လုပ်ခဲ့တာ"
"အဲဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ လမ်းမှာ သူ့ကို တွေ့ခဲ့တဲ့ လူတွေ ရှိတယ်။ သူတို့ပြောတာတော့ သူက အရမ်းမြင့်တဲ့ ကျင့်ကြံခြင်းအဆင့် မရှိပါဘူးတဲ့။ သူက ကမ္ဘာမြေပြင် နယ်ပယ် အစောပိုင်းအဆင့်လောက်မှာပဲ ရှိနေပုံရတယ် တဲ့"
လူပေါင်း တစ်သောင်းနီးပါး စောင့်ဆိုင်းနေစဉ်အတွင်း သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသံများက အဝေးမှ ကြည့်လျှင် ပျားပိတုန်းများ မြည်နေသည့်အလား ထွက်ပေါ်နေခဲ့သည်။
"စိတ်ဝင်စားစရာပဲ။ ဒီတာအိုခုန်းက အခုချိန်မှာ မဟာမင်းသား ဆယ်ပါးထဲက ပျောက်ဆုံးနေတဲ့ တစ်ယောက်တည်းသော လူပဲ။ တခြားလူတွေအားလုံးက ပြန်ရောက်နေကြပြီ။ မင်းရဲ့ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ဦး။ မင်းသား သုံးပါး နဲ့ ရင်းနှီးတဲ့ တိုက်ရိုက်မျိုးဆက်တွေ ရှိနေတယ်။ ဒီတာအိုခုန်းက သူ့ရဲ့ နာမည်နဲ့ လိုက်ဖက်မှု ရှိ မရှိ လာကြည့်ကြတာ ရှင်းနေတာပဲ"
"ပြီးတော့ ဂိုဏ်းအကြီးအကဲများ ခန်းမက လူတွေလည်း အများကြီး ရောက်နေကြတယ်"
လူအုပ်ကြီးထဲတွင် မတူညီသော နေရာများ၌ ထူးခြားထင်ရှားသည့် လူသုံးယောက် ရပ်နေခဲ့ကြသည်။ ကျင့်ကြံသူ အများအပြားက သူတို့ကို တိတ်ဆိတ်စွာ ဝန်းရံထားကြသည်။ သူတို့၏ မျက်နှာ အမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုကျင့်ကြံသူများသည် နောက်လိုက်များဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ သာမန်မဟုတ်ကြပေ။ သူတို့ထဲတွင် အားအနည်းဆုံး လူပင်လျှင် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့်တွင် ရှိနေသည်။ အစွမ်းထက်သော သူများ အနေဖြင့်မူ ကမ္ဘာမြေပြင်အဆင့်တွင် မဟာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိထားသူများပင် ပါဝင်သည်။
ထိုလူသုံးယောက်မှာ သက်လတ်ပိုင်း အရွယ်များ ဖြစ်ပုံရသည်။ သူတို့က နေရာပြောင်းရွှေ့ခြင်း အစီအရင်ကို စူးစူးစိုက်စိုက် ကြည့်နေစဉ်အတွင်း အေးစက်ပြီး ခန့်ညားသော မျက်နှာအမူအရာများ ရှိကြသည်။ သူတို့ သုံးယောက်လုံးမှာ မတူညီသော မင်းသား သုံးပါးထံမှ လာကြခြင်းဖြစ်ပြီး တခြားလူများ ပြောခဲ့ကြသည့်အတိုင်း တာအိုခုန်းသည် သူ့နာမည်နှင့် လိုက်ဖက်မှု ရှိ မရှိ လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။
နေရာပြောင်းရွှေ့ခြင်း အစီအရင်ထံမှ အလင်းရောင်များက ပိုမို တောက်ပလာခဲ့သည်။ တဖြည်းဖြည်းနှင့် အတွင်း၌ ဝေဝါးသော အရိပ်များ ပေါ်လာခဲ့သည်။ ၎င်းတို့က ဖြည်းညှင်းစွာ ရုပ်လုံးပေါ်လာခဲ့ပြီး ထိုနေရာရှိ ကျင့်ကြံသူ အားလုံးက ထိုအဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။ မဟာမင်းသား ဆယ်ပါးထဲမှ တစ်ပါးဖြစ်သော တာအိုခုန်း ရောက်ရှိတော့မည် ဖြစ်ကြောင်းကိုပင်။
ထိုနေရာရှိ ဆွေးနွေးသံများက ဖြည်းညှင်းစွာ ငြိမ်သက်သွားခဲ့သည်။ လူအားလုံး၏ အကြည့်များက နေရာပြောင်းရွှေ့ခြင်း အစီအရင်ပေါ်သို့ စုပြုံကျရောက်နေသည့် အခိုက်အတန့်တွင် ဝေးကွာသော နဂါးငွေ့တန်းထံမှ လှိုင်းတွန့်များ ပြန့်နှံ့သွားခဲ့သည်။ ရှည်လျားသော အလင်းတန်း တစ်တန်း ရှေ့သို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
ပထမတစ်ချက် ကြည့်လိုက်လျှင် ၎င်းက အဝေးတွင် ရှိနေသော်လည်း ထိုလူအုပ်ကြီးက ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူတို့၏ မျက်နှာအမူအရာများက ချက်ချင်းပင် ရိုသေလေးစားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မင်းသားများနှင့် ရင်းနှီးသော တိုက်ရိုက်မျိုးဆက် သုံးယောက်ပင်လျှင် ခေါင်းငုံ့ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကြသည်။
"စီနီယာ တိုက်ရှန်ကို ဂါရဝပြုပါတယ်"
"စီနီယာ တိုက်ရှန်ကို ဂါရဝပြုပါတယ်"
လူပေါင်း တစ်သောင်းနီးပါး၏ အသံများက မြင့်တက်လိုက် ကျဆင်းလိုက် ဖြစ်နေခဲ့သည်။ သူတို့ အထက်တွင် ရှည်လျားသော အလင်းတန်းက အဘိုးအို တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ဘေးတွင် ပိန်လှီပြီး အားနည်းပုံရသော လူငယ်လေးတစ်ယောက် ရှိနေသည်။ ထိုလူငယ်လေး၏ မျက်နှာမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး သန့်ရှင်းကာ ခန့်ညားသည်။ သို့သော် ထိုလူငယ်လေးမှာ ဖျားနာနေပုံရပြီး စကားမပြောချင်သည့်အလား ခေါင်းငုံ့ထားခဲ့သည်။
ထိုလူငယ်၏ လည်ပင်းတွင် လည်စိ မရှိသဖြင့် သူမက မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် သူမက အလွန် ပိန်လှီပြီး အားနည်းလွန်းသဖြင့် အမျိုးသမီးတစ်ယောက်၏ ထူးခြားချက်များက သိပ်ပြီး ထင်ရှားမနေပေ။
အဘိုးအို အနေဖြင့်မူ ဆံပင်ရှည်ကြီးများ ရှိသည်။ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် သူက ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး နေရာပြောင်းရွှေ့ခြင်း အစီအရင် ပေါ်သို့ သူ့အကြည့်များ မချမီ လူအုပ်ကြီးထံသို့ ခေါင်းညိတ်ပြလိုက်သည်။
လူများက ချက်ချင်းပင် အချင်းချင်း တိုးတိုးတိတ်တိတ် ပြန်လည် ဆွေးနွေးလာကြသည်။
"စီနီယာ တိုက်ရှန်က တကယ်ပဲ ရောက်လာတာလား"
"ဒီတာအိုခုန်းက စီနီယာ တိုက်ရှန် နဲ့ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေလို့လား။ ဒါမှမဟုတ်ရင် သူ့ရဲ့ အဆင့်အတန်းနဲ့ဆို ဒီနေရာကို လာမှာ မဟုတ်ဘူး"
လူအုပ်ကြီးထဲတွင် စုမင်၌ နောက်လိုက်အဖြစ် လုပ်ဆောင်ပေးနေသော တန်ခိုးရှင် တစ်ယောက် ရှိနေကြောင်း မိမိတို့၏ နည်းလမ်းများဖြင့် သိရှိထားကြသူ အချို့ ရှိသည်။ သူတို့အားလုံးက တိုက်ရှန် ရောက်လာရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းမှာ ဤအရာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။
တဖြည်းဖြည်းနှင့် နေရာပြောင်းရွှေ့ခြင်း အစီအရင် ထံမှ အလင်းရောင်များက ပိုမို တောက်ပလာခဲ့သည်။ လူအုပ်ကြီးက ထပ်မံ ငြိမ်သက်သွားခဲ့ပြီး သူတို့၏ အကြည့်များက အလင်းရောင်ဆီသို့ စုပြုံသွားခဲ့သည်။ အသက်ရှိုက်စာ အနည်းငယ် ကုန်ဆုံးသွားပြီး အမွှေးတိုင် တစ်ဝက်ခန့် လောင်ကျွမ်းစာ အချိန်အတွင်း၌ နေရာပြောင်းရွှေ့ခြင်း အစီအရင် ထံမှ အလင်းရောင်များက ရုတ်တရက် စူးရှသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းက မျက်စိကျိန်းမတတ် ဖြစ်သွားသည့် အခိုက်အတန့်တွင် ထိုနေရာရှိ ကျင့်ကြံသူ အားလုံး ချက်ချင်း သိလိုက်ကြသည်။ တာအိုခုန်း ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းကိုပင်။
ကျယ်လောင်သော အသံကြီးနှင့်အတူ စစ်သင်္ဘောတစ်စင်း၏ ဦးခေါင်းပိုင်းက နေရာပြောင်းရွှေ့ခြင်း အစီအရင် အတွင်းမှ ပထမဆုံး ပေါ်ထွက်လာခဲ့သည်။ ၎င်းက ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီးနောက် စစ်သင်္ဘောကြီး တစ်စင်းလုံး လူအုပ်ကြီး၏ မျက်စိရှေ့တွင် အထင်အရှား ပေါ်ထွက်လာခဲ့တော့သည်။ ၎င်းက ပျံသန်းထွက်လာပြီး ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသည့် အခိုက်အတန့်တွင် အပေါ်၌ ရပ်နေကြသော နက်မှောင်သည့် သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူ ရာပေါင်းများစွာမှာ ချက်ချင်းပင် ထရပ်လိုက်ကြပြီး နေရာပြောင်းရွှေ့ခြင်း အစီအရင် ရှိရာ အရပ်သို့ ဒူးတစ်ဖက်ထောက် ကာ အရိုအသေပေးလိုက်ကြသည်။ သူတို့က စကားတစ်ခွန်းမျှ မပြောကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များဆီမှ ထွက်ပေါ်လာသော ခက်ထန်ပြတ်သားသည့် အရှိန်အဝါများက ထိုနေရာတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားစေခဲ့သည်။
ထိုခက်ထန်ပြတ်သားသော အရှိန်အဝါသည် ထိုကျင့်ကြံသူများ နတ်ဘုရား အနှစ်သာရ နယ်မြေရှိ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ပြီးနောက် သဘာဝကျကျ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သူတို့က ပထမဆုံး စစ်သင်္ဘောပေါ်တွင် ရှိနေကြခြင်းဖြစ်ပြီး ပေါ်လာသည့် အခိုက်အတန့်တွင် ထိုနေရာရှိ ကျင့်ကြံသူ အချို့က သူတို့ အပေါ်သို့ အကြည့်များ စုပြုံကာ သေချာစွာ စစ်ဆေးကြည့်ရှုခဲ့ကြသည်။
သို့သော် သူတို့၏ မျက်နှာပေါ်တွင် ဂရုမစိုက်သည့် အမူအရာများ ရှိနေကြဆဲဖြစ်သော လူအများအပြား ရှိနေသေးသည်။ ထိုခက်ထန်သော အရှိန်အဝါကြောင့် လုံးဝ တုန်လှုပ်ခြင်း မရှိကြပေ။ အဆုံးသတ်တွင် နံနက်ခင်း တာအိုဂိုဏ်းနှင့် အင်မော်တယ်များ မဟာမိတ်တို့ကြား လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲတစ်လျှောက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် သတ်ဖြတ်ခဲ့ကြသည့် လူပေါင်း မြောက်မြားစွာ ရှိနေသောကြောင့် ဖြစ်သည်။
ဝုန်း...
ဒုတိယမြောက် စစ်သင်္ဘောက နေရာပြောင်းရွှေ့ခြင်း အစီအရင် အတွင်းမှ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်... ရာနှင့်ချီသော စစ်သင်္ဘောများ ထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ ထိုအပေါ်ရှိ လူပေါင်း တစ်သောင်းနီးပါးရှိသော ကျင့်ကြံသူများသည် ဒူးထောက်ကာ အရိုအသေ ပေးနေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ ပြင်းပြသော ယုံကြည်စိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့၏ ခန္ဓာကိုယ်များထံမှ ထူထပ်ကာ ခက်ထန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ဤမြင်ကွင်းက ကြည့်ရှုနေသူများ၏ စိတ်ခံစားချက်ကို သက်ရောက်မှု ရှိစေခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့၏ စိတ်ခံစားချက်များ လှုပ်ခတ်လာခဲ့ပြီး သူတို့ မျက်လုံးများထဲတွင် မတူညီသော အလင်းရောင်များ ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ပေါက်ကွဲသံကြီး တစ်သံ ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သွားခဲ့ပြီး ဧရာမ စစ်သင်္ဘောကြီး တစ်စင်း၏ ဦးခေါင်းပိုင်းက နေရာပြောင်းရွှေ့ခြင်း အစီအရင် အတွင်းမှ ထွက်ပေါ်လာခဲ့တော့သည်။
လူအုပ်ကြီး၏ အကြည့်များက ထိုသင်္ဘောဦးခေါင်းပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် လူအုပ်ကြီးကြား၌ အသက်ရှူသံများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက တာအိုဖေးဖန်း၏ အလောင်းအား မြင်တွေ့လိုက်ရပြီး သူ့နောက်တွင် ခွေးခေါင်းနှင့် သတ္တဝါကြီး၏ အလောင်းကိုပါ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
တစ်စုံတစ်ခုကို သိရှိထားခြင်းနှင့် ၎င်းကို မိမိမျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရခြင်းတို့မှာ ကွာခြားသည့် အချိန်များ ရှိတတ်သည်။ ထိုအခိုက်အတန့်တွင် ထိုနေရာရှိ ကျင့်ကြံသူများ အတွက်မူ ထိုအတိုင်းပင် ဖြစ်သည်။ လူအများ မြင်တွေ့နိုင်ရန်အတွက် သင်္ဘောဦးခေါင်းတွင် အလောင်းနှစ်လောင်း ချိတ်ဆွဲထားသော ထိုသင်္ဘောကြီးထံမှ ထောင်လွှားစော်ကားသည့် အရှိန်အဝါများကို သူတို့ ခံစားလိုက်ရသည်။
ထိုသင်္ဘော၏ အရှင်သခင်အပေါ် ရန်လိုသူများ အားလုံးသို့ ဦးတည်ထားသည့် ခြိမ်းခြောက်မှု တစ်ခုကိုလည်း သူတို့ ခံစားလိုက်ရသည်။ ထိုဗြောင်ကျကျ ခြိမ်းခြောက်မှုကြီးထဲတွင် ပြင်းထန်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။