← Chapters

အခန်း (၁၀၅၁-၁၀၅၂)

Vol. 76 Ch. 1051-1052

အခန်း (၁၀၅၁-၁၀၅၂)

Vol. 76 Ch. 1051-1052

အခန်း ၁၀၅၁ သင်္ဘောဦးမှာ ချိတ်ဆွဲထားလိုက်

"နန်းတော် နန်းဆောင်ကလွဲရင် နံနက်ခင်း တာအိုဂိုဏ်းက ကျန်တဲ့ နန်းဆောင် သုံးဆောင်က ရာစုနှစ်တစ်ခုမှာ တစ်ကြိမ် နိုးထလာတဲ့ ဂိုဏ်းသခင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ လူအားလုံးက သူတို့ရဲ့ အမိန့်တွေကို နာခံရပြီး သူတို့ရဲ့ တောင်းဆိုချက် အားလုံးကို ဖြည့်ဆည်းပေးရတယ်"

​"အဲဒီအထဲမှာ အထင်ရှားဆုံးကတော့ ဂိုဏ်းအကြီးအကဲ နန်းဆောင်ပဲ။ နန်းဆောင် အကြီးအကဲ ကိုးဆယ့်ကိုးဦး၊ ဂိုဏ်းအကြီးအကဲချုပ် ခုနစ်ရာ၊ မဟာ ဂိုဏ်းအကြီးအကဲ သုံးထောင်နဲ့ သာမန် ဂိုဏ်းအကြီးအကဲ သုံးသောင်း ရှိတယ်"

​"သာမန် ဂိုဏ်းအကြီးအကဲတွေက သူတို့သဘောကျ တပည့်တွေ လက်ခံနိုင်တယ်။ သူတို့ရဲ့ တပည့်တွေက ဂိုဏ်းအကြီးအကဲ နန်းဆောင်ရဲ့ ပတ်ပတ်လည်က အဖွဲ့ဝင်တွေ ဖြစ်လာပြီး သူတို့ရဲ့ အရေအတွက်ကိုတော့ ခန့်မှန်းရ ခက်ခဲတယ်" ရွှီဟွေက နံနက်ခင်း တာအိုဂိုဏ်း၏ ဖွဲ့စည်းပုံကို ပြောပြနေစဉ် စုမင်သည် အဝေးရှိ ဂြိုဟ်များအနီးတွင် သူ့အား ဦးညွှတ်နေကြသော သောင်းဂဏန်းမျှရှိသည့် ကျင့်ကြံသူများကို စိုက်ကြည့်နေရင်း ဆရာဖြစ်သူ ထျန်းရှဲ့ကျီကို သတိရသွားသည်။

​ထျန်းရှဲကျီအား နံနက်ခင်း တာအိုဂိုဏ်းမှ ဂိုဏ်းအကြီးအကဲ တစ်ဦးက တပည့်အဖြစ် လက်ခံခဲ့ကြောင်း စီနီယာအစ်ကိုများက တစ်ခါတုန်းက ပြောပြဖူးသည်။ ထိုအချက်မှာ ရွှီဟွေ၏ စကားများနှင့် ကိုက်ညီသွားသောအခါ စုမင်သည် နံနက်ခင်း တာအိုဂိုဏ်း၏ ပြင်ပဂိုဏ်းတွင် တည်ရှိသော ဂိုဏ်းအကြီးအကဲ နန်းဆောင်အကြောင်းကို ပိုမို နားလည်သဘောပေါက်သွားခဲ့သည်။

​"ဂိုဏ်းအကြီးအကဲ နန်းဆောင်ရဲ့ တာဝန်က အစစ်အမှန် နံနက်ခင်း တာအိုလောကထဲက မျိုးနွယ်စုတွေနဲ့ အင်အားစု အားလုံးကို ပင့်ကူအိမ် တစ်အိမ်လို ထိန်းချုပ်ထားဖို့ပဲ။ အချိန်တွေ ကြာလာတာနဲ့ သူတို့က အစစ်အမှန် နံနက်ခင်း တာအိုလောက တစ်ခုလုံးကို ဧရာမ ကွန်ရက်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်"

​"အင်မော်တယ်များ မဟာမိတ်အဖွဲ့က ယူဆောင်လာတဲ့ ပရမ်းပတာ အခြေအနေက နံနက်ခင်း တာအိုဂိုဏ်းရဲ့ မျှော်လင့်ထားမှုတွေ အပြင်ဘက်ကို ရောက်နေခဲ့ပြီး ဒီအချက်က ဂိုဏ်းအကြီးအကဲ နန်းဆောင်နဲ့ သက်ဆိုင်နေတယ်"

​"စစ်ပွဲ နန်းဆောင်ကတော့ နံနက်ခင်း တာအိုဂိုဏ်းထဲက မျိုးနွယ်စု အားလုံးကို တုန်လှုပ်သွားစေတဲ့ အင်အားစု တစ်ခုပဲ။ သူတို့က ထက်မြက်တဲ့ ဓားသွား တစ်လက်လိုပဲ။ သူတို့ ခုတ်ပိုင်းလိုက်တဲ့ အချိန်တိုင်း သွေးတွေက မြစ်တစ်စင်းလို စီးဆင်းသွားလိမ့်မယ်"

​"တိုက်ပွဲ ကျင့်ကြံသူ အရေအတွက်က တစ်သန်း ရှိပြီး သူတို့က ဖျက်ဆီးခြင်းတွေ လုပ်ကြတယ်။ သူတို့က အင်မော်တယ်များ မဟာမိတ်အဖွဲ့ရဲ့ ပုန်ကန်မှုမှာ အကြီးမားဆုံးသော အင်အားစုပဲ"

​"နောက်တစ်ခုကတော့ လောကကာကွယ်ရေး နန်းဆောင်ပဲ။ သူတို့က အစစ်အမှန် လောကထဲက ပြည်တွင်းရေး ပဋိပက္ခတွေမှာ အလွယ်တကူ ပါဝင်လေ့မရှိဘဲ တခြား အစစ်အမှန် လောကတွေကနေ ကျူးကျော်ဝင်ရောက်လာမှာကို တားဆီးဖို့ အစစ်အမှန် နံနက်ခင်း တာအိုလောကရဲ့ အစွန်အဖျားတွေမှာ တပ်စွဲထားကြတယ်။ သူတို့က အဲဒီလို တာဝန်မျိုးကို ထမ်းဆောင်တဲ့ အင်အားအကြီးဆုံး နန်းဆောင် ဖြစ်တယ်"

​"နံနက်ခင်း တာအိုဂိုဏ်း ဖျက်ဆီးခံရလုနီးပါး အခြေအနေကို ရောက်တဲ့အခါမှသာ သူတို့က လှုပ်ရှားကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လှုပ်ရှားရပြီဆိုရင် အစစ်အမှန် နံနက်ခင်း တာအိုဂိုဏ်းကို တခြား အစစ်အမှန် လောကတွေက ကျူးကျော်ဝင်ရောက်လာဖို့ ဖြစ်နိုင်ခြေ အရမ်းများနေလို့ပဲ"

​"ခုနက နင် မြင်တွေ့ခဲ့ရတဲ့ လူကိုးဆယ့်ကိုးယောက်က လောကကာကွယ်ရေး နန်းဆောင်က အဖွဲ့ဝင်တွေပဲ။ သူတို့ရဲ့ နေရာတွေကနေ ထွက်ခွာဖို့ အမိန့်မရသရွေ့ သူတို့က နတ်ဘုရား အနှစ်သာရ နယ်မြေရဲ့ ထွက်ပေါက်ကို ဆက်ပြီး ကာကွယ်နေကြလိမ့်မယ်"

​"နောက်ဆုံးတစ်ခုကတော့ မဟာ နန်းတော် နန်းဆောင် ဆယ်ခုပဲ။ သူတို့က ခေတ်အဆက်ဆက် အမည်ခံ သက်သက်သာ တည်ရှိခဲ့တာမို့ နံနက်ခင်း တာအိုဂိုဏ်းက သူတို့ကို အသက်သွင်းလိုက်တဲ့အခါ ဘယ်လို တာဝန်မျိုးတွေ ရှိလာမလဲ ဆိုတာကို ငါတောင် မသိဘူး"

​ရွှီဟွေ စကားပြောနေစဉ် စုမင်သည် သူတို့အနီးသို့ ချဉ်းကပ်လာသော ဂြိုဟ်များကို စိုက်ကြည့်နေခဲ့သည်။ သူ့ကို ဦးညွှတ်နေကြသော ကျင့်ကြံသူများအား ကြည့်ရင်း နံနက်ခင်း တာအိုဂိုဏ်း၏ အင်အားနှင့် အရွယ်အစားကို သူ ခံစားသိရှိနိုင်ခဲ့သည်။

​သူ့ရှေ့ရှိ လူများသည် ရှင်းလင်းစွာပင် သူတို့ ကိုယ်ပိုင် မျိုးနွယ်စုများ ဖြစ်ကြပြီး သူတို့ အရေအတွက်မှာ လုံးဝ မနည်းပါးပေ။ ဂြိုဟ်များထဲမှ ပျံသန်းထွက်ခွာလာနိုင်သည့် အစွမ်းရှိသော ကျင့်ကြံသူ သောင်းဂဏန်းခန့် ရှိနေလျှင် အောက်ဘက်တွင် ကျန်ရစ်နေမည့် လူအရေအတွက်မှာ သေချာပေါက် ပို၍ များပြားနေပေမည်။ ထိုသူများသည် ဂြိုဟ်များထဲမှ ပျံသန်းထွက်ခွာနိုင်စွမ်း မရှိသော်ငြားလည်း တိုက်ခိုက်ရေး စွမ်းရည်များကိုမူ သေချာပေါက် ပိုင်ဆိုင်ထားကြပေမည်။

​စုမင်သည် ပျံသန်းထွက်လာကြသူများ အထဲတွင် ကမ္ဘာမြေပြင် အရှင်သခင်များ ဖြစ်ကြသည့် လူအတော်များများကိုပင် မြင်တွေ့ခဲ့ရသည်။ အုပ်စု၏ အရှေ့ဆုံးတွင် ရှိနေသော လူဆယ်ဂဏန်းခန့်ထဲမှ အချို့မှာ သိသာထင်ရှားစွာပင် ကမ္ဘာမြေပြင် နှောင်းပိုင်းအဆင့်တွင် ရှိနေကြသည်။ အမှန်တကယ်တွင် သူတို့ထဲတွင် လကပ်ဘေး အဆင့်၌ ရှိနေသူ သုံးဦးနှင့် နေကပ်ဘေး အဆင့်၌ ရှိနေသူ တစ်ဦးပင် ပါဝင်နေသည်။

​ထိုလူများသည် စုမင်၏ မှတ်ဉာဏ်များထဲရှိ မာန်မျိုးနွယ်များ ပိုင်ဆိုင်ထားသော အင်အားထက် များစွာ သာလွန်နေကြသည်။ သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော မျိုးနွယ်စုကြီးက နံနက်ခင်း တာအိုဂိုဏ်းမှ စစ်သင်္ဘောများကို မြင်တွေ့လိုက်ရသောအခါ လူအားလုံးက အတူတကွ အရိုအသေပေးရန် ရှေ့သို့ ထွက်လာခဲ့ကြသည်။ အကြီးမားဆုံးသော နှုတ်ခွန်းဆက်ခြင်း ပုံစံဖြင့် နံနက်ခင်း တာအိုဂိုဏ်းအပေါ် သူတို့၏ ရိုသေလေးစားမှုကို ပြသခဲ့ကြသည်။

​စုမင် တိတ်ဆိတ်နေခဲ့သည်။ နံနက်ခင်း တာအိုဂိုဏ်းက အလွန် အင်အားကြီးမားကြောင်း သူ သိထားသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဂိုဏ်းက အစစ်အမှန် မဟာလောက တစ်ခုတွင် အစွမ်းထက်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်ပြီး သူတို့က နဂါးငွေ့တန်း တစ်ခုလုံး၏ အရှင်သခင်များ ဖြစ်ကြသည်။ သို့သော်လည်း ယခင်က ဤအရာမှာ သူ့စိတ်ထဲမှ တွေးတောမှု တစ်ခုမျှသာ ဖြစ်ခဲ့သည်။ သူ့ထံတွင် တာအိုခုန်း၏ မှတ်ဉာဏ်များ ရှိနေလျှင်ပင် နံနက်ခင်း တာအိုဂိုဏ်း၏ အင်အားကို တိုက်ရိုက် မခံစားခဲ့ရဖူးပေ။ သို့သော် မျိုးနွယ်စု တစ်ခုလုံးက သူ့အား ဦးညွှတ်နေကြသည်ကို မြင်တွေ့လိုက်ရသောအခါ နံနက်ခင်း တာအိုဂိုဏ်း၏ ကြီးမြတ်မှုနှင့် ခမ်းနားထည်ဝါမှုအား သူ အပြည့်အဝ ခံစားလိုက်ရတော့သည်။

​အစစ်အမှန် နံနက်ခင်း တာအိုလောကထဲတွင် မျိုးနွယ်စု မြောက်မြားစွာ ရှိနေသည်။ အမှန်တကယ်တွင် သူတို့ရှေ့ရှိ လူများထက် ပို၍ အစွမ်းထက်သော မျိုးနွယ်စုများပင် အတော်များများ ရှိနေသည်။ သို့သော်လည်း အင်မော်တယ်များ မဟာမိတ်အဖွဲ့က ယူဆောင်လာသည့် ပရမ်းပတာ အခြေအနေများ မတိုင်မီက ထိုမျိုးနွယ်စုများ အားလုံးနှင့် ဂိုဏ်းအားလုံးသည် နံနက်ခင်း တာအိုဂိုဏ်းကို နာခံခဲ့ကြပြီး တာအိုချန်အား သူတို့၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့ကြသည်။

​စုမင်၏ နှလုံးသားထဲတွင် ကြီးမားသော ခံစားချက် လှိုင်းတံပိုးကြီး တစ်လုံး မြင့်တက်လာခဲ့သည်။ ထို့ကြောင့်ပင် သူ့နောက်ရှိ ထိပ်ပြောင်ကြိုးကြာသည် တောက်ပနေသော မျက်လုံးများဖြင့် ရှေ့သို့ လှမ်းကြည့်နေသည်ကို သတိမပြုမိလိုက်ပေ။ ထိုမျက်လုံးများသည် ရေတွက်၍မရနိုင်သော သလင်းကျောက်များ တောက်ပနေသည့်အလား ကြည်လင်တောက်ပသော အရောင်အဝါ တစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ထိပ်ပြောင်ကြိုးကြာသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် တုန်ရီနေခဲ့သည်။ သူ့မျက်နှာထက်ရှိ ခံစားချက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကြိုးကြာသည် စစ်သင်္ဘော ရာပေါင်းများစွာနှင့်အတူ ရှေ့သို့ ရွေ့လျားသွားသော်လည်း စုမင်အား ဦးညွှတ်နေကြသည့် မျိုးနွယ်စုမှ ကျင့်ကြံသူများထံသို့ ချဉ်းကပ်သွားသော အခိုက်အတန့်တွင် ပြေးထွက်သွားတော့သည်။

​"သလင်းကျောက်တွေ၊ မင်းတို့ရဲ့ သလင်းကျောက်တွေ အားလုံး ငါ့ကို ပေးစမ်း။ ငါ သလင်းကျောက်တွေ လိုချင်တယ်။ ငါ့ကို တစ်သောင်း ပေး... နေဦး၊ ငါးသောင်း... ကျစ် သေချင်းဆိုးတွေ။ ငါ့ကို သလင်းကျောက် တစ်သိန်း ပေးစမ်း" ထိပ်ပြောင်ကြိုးကြာသည် နေ့တစ်ဝက်ခန့် အောင့်အည်း သည်းခံနေခဲ့ရသည်။ သူ ဟိန်းဟောက်လိုက်သောအခါ များပြားသော သလင်းကျောက် အရေအတွက်ဟု သူ ယုံကြည်ထားသည့် ပမာဏ တစ်ခုကို တောင်းဆိုလိုက်တော့သည်။

​ထိုသို့ ပြောလိုက်သောအခါ ကျင့်ကြံသူ အားလုံးမှာ ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားကြသည်။ အရှေ့ဘက်ရှိ လူဆယ်ဂဏန်းခန့်နှင့် စုမင်၏ ဘေးရှိ စစ်သင်္ဘောများပေါ်မှ ကျင့်ကြံသူများပင် အပါအဝင် ဖြစ်သည်။ သူတို့ အားလုံး၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

​ရွှီဟွေသည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ စုမင် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိပ်ပြောင်ကြိုးကြာ၏ စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ ထိုစိတ်လှုပ်ရှားမှုအား ရပ်တန့်ပစ်ရန် မည်သည့် လုပ်ဆောင်ချက်ကိုမျှ မပြုလုပ်ခဲ့ပေ။

​ထိုအခိုက်အတန့်တွင် နဂါးငွေ့တန်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ ထိပ်ပြောင်ကြိုးကြာ၏ အသံသာလျှင် ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်။ အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက် နေကပ်ဘေး အဆင့်ရှိ အဖိုးအိုသည် ထူးဆန်းသော အမူအရာဖြင့် ညာလက်အား မြှောက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထို့နောက် မြစိမ်းရောင် အိတ်တစ်လုံးကို ထုတ်ယူကာ ထိပ်ပြောင်ကြိုးကြာထံသို့ တွန်းပို့ပေးလိုက်သည်။

​"ဒီအထဲမှာ သလင်းကျောက် တစ်သန်း ရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ မြင့်မြတ်တဲ့ ဂိုဏ်းအဖွဲ့ဝင်"

​ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် အိတ်ကို လှမ်းဖမ်းလိုက်ပြီး လျင်မြန်စွာ ဖွင့်ကြည့်လိုက်သည်။ တည်ကြည်လေးနက်သော အမူအရာဖြင့် အတွင်းရှိ အရာများကို အကြိမ်ကြိမ် သေချာ စစ်ဆေးကြည့်ပြီးနောက်မှ ကျေနပ်စွာ ပြုံးလိုက်ကာ စုမင်၏ ဘေးသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။ သူသည် ထိုအိတ်ကို ဖက်ထားပြီး သူ့မျက်လုံးများထဲတွင် စွမ်းအားကြီးမားသော အလင်းတန်းများ တောက်ပနေခဲ့သည်။

​'ငါ ချမ်းသာပြီ၊ ငါ ချမ်းသာပြီဟေ့။ လခွမ်းပဲ၊ ငါတို့သာ ဒီလိုမျိုး ဆက်သွားနေရင် ငါ သေချာပေါက် ချမ်းသာတော့မှာပဲ'

​ထူးဆန်းသော ခံစားချက်များဖြင့် ပြည့်နှက်နေကြသည့် သောင်းဂဏန်းမျှရှိသော ကျင့်ကြံသူများ၏ ရိုသေလေးစားမှုနှင့်အတူ စုမင်နှင့် အဖွဲ့သည် အဝေးသို့ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ သူတို့ ပတ်ဝန်းကျင်ရှိ ဧရိယာမှာ တိတ်ဆိတ်နေခဲ့သည်။ မည်သူမျှ စကားမပြောကြသော်လည်း မီးတောက်မိစ္ဆာ ဘိုးဘေးကို ရံဖန်ရံခါ ခိုးကြည့်တတ်သူ တစ်ဦးတလေတော့ ရှိနေပေမည်။

​အဖိုးအိုသည် မူလက ထိပ်ပြောင်ကြိုးကြာ၏ ဘေးတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူ့နှလုံးသားထဲ၌ ကြီးမားသော ခံစားချက်များဖြင့် သက်ပြင်းချရင်း ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာဆိုလျှင် သေချာပေါက် သန်းရှစ်ရာ သို့မဟုတ် သန်းတစ်ထောင်ခန့် တောင်းဆိုမိပေမည်။ ထိပ်ပြောင်ကြိုးကြာသည် နေ့တစ်ဝက်ခန့် အော်ဟစ်နေခဲ့သော်လည်း တစ်သိန်းသာ တောင်းဆိုခဲ့ပြီး တစ်ဖက်လူက သူ အစက တောင်းဆိုခဲ့သည်ထက်ပင် အများကြီး ပိုပေးခဲ့သေးသည်။ ဤအရာက အလွန် ရှက်စရာ ကောင်းသည်။

​စုမင် မျက်လုံးများကို မှိတ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်နှင့် နောက်တွင် သလင်းကျောက်များ ရေတွက်နေသော ထိပ်ပြောင်ကြိုးကြာကို မကြားရသည့်အလား ဟန်ဆောင်နေခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ကြိုးကြာသည် စူးရှသော အော်သံကြီး တစ်သံကို ထုတ်လွှတ်လိုက်သည်။ ထိုအော်သံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သူတို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ သွားကိုက်ကာ အော်ဟစ်ရင်း တုန်ရီနေသော ထိပ်ပြောင်ကြိုးကြာကို မြင်တွေ့လိုက်ရသည်။

​"သေချင်းဆိုး၊ သေချင်းဆိုးကွာ။ သူ ငါ့ကို လိမ်သွားတယ်။ ဒါက သလင်းကျောက် တစ်သန်း မဟုတ်ဘူး။ သုံးတုံး လိုနေတယ်။ တစ်သန်း ပြည့်ဖို့ ငါ နောက်ထပ် သုံးတုံး လိုသေးတယ်။ ငါတော့ သေတော့မှာပဲ။ ဒီ ဘိုးဘိုး ကြိုးကြာတော့ သေရတော့မှာပဲ။ ငါ ဘယ်လိုလုပ် အတွက် မှားသွားရတာလဲ။ ငါ သုံးတုံး လိုနေသေးတယ်၊ အား... ငါ့ရဲ့ သလင်းကျောက်တွေ..." သူ့ဘဝတွင် အရေးအကြီးဆုံး အရာကို ဆုံးရှုံးလိုက်ရသည့်အလား ခန္ဓာကိုယ်ကြီး တုန်ရီနေရင်း ထိပ်ပြောင်ကြိုးကြာက စူးရှစွာ အော်ဟစ်နေခဲ့သည်။

​"ငါ့ရဲ့ ချစ်စရာကောင်းတဲ့ သလင်းကျောက်လေးတွေ၊ ငါ့ရဲ့ လှပတဲ့ သလင်းကျောက်လေးတွေ၊ ငါ့အသက်ထက်တောင် ပိုအရေးကြီးတဲ့ ငါ့ရဲ့ သလင်းကျောက်လေးတွေ။ ချီးပဲ... ငါတော့ သေတော့မှာပဲ။ ငါ တကယ်ကို သေတော့မှာပဲ"

​လူအုပ်ကြီး ထိုစကားများကို ကြားလိုက်ရသောအခါ သူတို့၏ နှလုံးသားများ ငြိမ်သက်သွားခဲ့သည်။ သူတို့ အကြည့်များထဲတွင် ထူးဆန်းသော အမူအရာမျိုး မရှိတော့ဘဲ ယင်းအစား ရိုသေလေးစားမှု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

​သူတို့ လေးစားသွားသည်မှာ အခြားအရာ အားလုံးထက် သလင်းကျောက်များအပေါ် ဤမျှ အစွဲအလမ်း ကြီးမားနေသော တည်ရှိမှု တစ်ခုကိုပင် ဖြစ်သည်။

​ထိပ်ပြောင်ကြိုးကြာ၏ နာကျင်စွာ အော်ဟစ်သံများနှင့် အဆုံးအစမရှိသော စကားပြောဆိုမှုများ ဆယ်ရက်တိုင်တိုင် ကြာမြင့်သွားသောအခါ ထိုလေးစားမှုမှာ ပို၍ပင် ကြီးမားလာခဲ့သည်။ ထိုပျောက်ဆုံးသွားသော သလင်းကျောက် သုံးတုံးကို ပြန်လည်ရယူရန် ဂြိုဟ်များဆီသို့ နောက်ကြောင်းပြန်လှည့်ရန် စုမင်အား သူ ဆက်လက် နားချနေခဲ့သည်။ သူ၏ အစွဲအလမ်းကြောင့် ဖြစ်ပေါ်လာသော တွန်းအားက ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့ပြီး ထိုအရာအား သူတို့ မယှဉ်နိုင်သည့်အတွက် ရှက်ရွံ့သွားခဲ့ကြသည်။

​သူတို့ စုမင်ထံသို့ လှမ်းကြည့်လိုက်သောအခါ သူတို့၏ အကြည့်များထဲတွင် ပုံစံသစ် တစ်မျိုးဖြင့် လေးစားမှု တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူတို့သာဆိုလျှင် ထိပ်ပြောင်ကြိုးကြာကြောင့် ရူးသွပ်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူကမူ မပြောင်းလဲသော မျက်နှာအမူအရာဖြင့် ဆက်လက် ထိုင်နေခဲ့သည်။ ရံဖန်ရံခါ သူ တုံ့ပြန်စကားပင် ဆိုလိုက်သေးသည်။

​နောက်ဆုံးတွင် မီးတောက်မိစ္ဆာ ဘိုးဘေးပင်လျှင် ဆက်လက် သည်းမခံနိုင်တော့ပေ။ သူသည် ညာလက်ဖြင့် ရင်ဘတ်ကို နှိုက်ကာ ထိပ်ပြောင်ကြိုးကြာအတွက် သလင်းကျောက် သုံးတုံးကို ထုတ်ပေးလိုက်သည်။

​"ဒါက မင်းဟာလေ၊ ငါ့ဟာမှ မဟုတ်တာ။ မင်း ငါ့ကို သလင်းကျောက် သုံးတုံး ပေးရင်တောင် ငါက သုံးတုံး လိုနေတုန်းပဲလေ" ထိပ်ပြောင်ကြိုးကြာသည် ထိုသလင်းကျောက်များကို ဖမ်းယူလိုက်သော်လည်း စူးရှသော အသံမှာ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

​စုမင် ဤအရာကို အသားကျနေပြီ ဖြစ်သည်။ ထိပ်ပြောင်ကြိုးကြာသည် သလင်းကျောက်များအပေါ် အလွန်အမင်း အစွဲအလမ်း ကြီးမားမှုကို ပြသခဲ့သည်မှာ ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။

​အချိန်ကာလမှာ ထိုကဲ့သို့ နှေးကွေးစွာ ကုန်လွန်သွားခဲ့ပြီး စစ်သင်္ဘော ရာပေါင်းများစွာ နဂါးငွေ့တန်းကို ဖြတ်သန်း ပြေးလွှားနေရင်း နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့သည်။ သူတို့သည် ဂြိုဟ်အမျိုးမျိုးကို ဖြတ်သန်းသွားခဲ့ကြပြီး ထိပ်ပြောင်ကြိုးကြာသည် တစ်ဂြိုဟ်ချင်းစီအား ခြိမ်းခြောက် ငွေတောင်းနေခဲ့ရာ ယင်းအချက်က သူ့ကို ပို၍ပို၍ စိတ်လှုပ်ရှားလာစေခဲ့သည်။ သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား သူ အတွက်မှားခဲ့သောကြောင့် လွတ်သွားခဲ့သည့် သလင်းကျောက် သုံးတုံးကို အစွဲအလမ်း ကြီးနေဆဲ ဖြစ်သည်။

​သူတို့ နံနက်ခင်း တာအိုဂိုဏ်းနှင့် ခုနစ်ရက် ခရီးသာ ကွာဝေးတော့ချိန်တွင် စုမင် နောက်၌ ရပ်နေရင်း အစကတည်းက မျက်လုံးများကို မှိတ်ထားခဲ့သော ကျူးယိုချိုက်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် တောက်ပသော အလင်းတန်း တစ်တန်း လင်းလက်သွားခဲ့သည်။

​နောက်တစ်ဦးမှာ ထိပ်ပြောင်ကြိုးကြာ ဖြစ်သည်။ သူ၏ အဆုံးအစမရှိသော စကားပြောဆိုမှုများမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်လုံးများထဲတွင် အရိပ်အယောင် တစ်ခု ပေါ်ထွက်လာခဲ့သည်။ အမှောင် အစောင့်အရှောက် အဖိုးအို ကိုးဦးစလုံးလည်း သူတို့၏ မျက်လုံးများအား အနည်းငယ် ဖွင့်လိုက်ကြသည်။

​စစ်သင်္ဘောများသည် စွမ်းအားကြီးမားသော အလင်းတန်း တစ်တန်းဖြင့် ချက်ချင်း တောက်ပလာခဲ့သည်။ သင်္ဘောများပေါ်ရှိ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ ခက်ထန်လာခဲ့ကြသည်။

​လူအားလုံး၏ အကြည့်များက သူတို့ရှေ့ရှိ ဂြိုဟ်ပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

​ပို၍ တိကျစွာ ပြောရလျှင် ထိုအရာက ဂြိုဟ်တစ်လုံး မဟုတ်ဘဲ ဧရာမ ဥကြီး တစ်လုံး ဖြစ်နေခဲ့သည်။

​ယင်း၏ မျက်နှာပြင်မှာ မညီမညာ ဖြစ်နေသည်။ ထိုအရာက ဧရာမ ကျောက်တုံးကြီး တစ်တုံးနှင့် တူနေသောကြောင့် ဂြိုဟ်တစ်လုံးလို ဖြစ်နေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ထိုအရာမှာ ဧရာမ ဥကြီး တစ်လုံး ဖြစ်သည်။

​ထိုဥထံမှ ပျံ့လွင့်နေသော ပြင်းထန်သည့် ဖိအားမှာ အလွန်တရာ အစွမ်းထက်သဖြင့် ကျူးယိုချိုက်ပင်လျှင် မျက်လုံးများကို ဖွင့်လိုက်ရသည်အထိ ဖြစ်ရာ ထိုဥအတွင်း ပြုစုပျိုးထောင်ခံနေရသော သက်ရှိမှာ မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေသည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ပတ်ပတ်လည်၌ ပျံသန်းနေသော ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ရှိနေသည်။ သူတို့ထဲမှ တစ်ဦးက ဟင်းလင်းပြင်ထဲတွင် ရင်ဘတ်ကို လက်ပိုက်ကာ မတ်တတ်ရပ်နေပြီး စုမင် ထိုဧရိယာသို့ ချဉ်းကပ်လာသည်အား အေးစက်သော လှောင်ပြုံး တစ်ခုဖြင့် စောင့်ကြည့်နေခဲ့သည်။

​ဧရာမ ဥကြီးပေါ်တွင် ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်းနေသော လူငယ်တစ်ဦး ထိုင်နေသည်။ သူ့လက်ထဲတွင် သားရဲ အရိုးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဝါးစားနေသဖြင့် ကြွပ်ကြွပ်မြည်သံများ ထွက်ပေါ်နေခဲ့သည်။ သူ့ဆံပင်များက ပခုံးများပေါ်သို့ ဖရိုဖရဲ ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်ထံမှ ရှေးဟောင်းဆန်ကာ ရိုင်းစိုင်းသော အငွေ့အသက် တစ်ခု ပျံ့လွင့်နေခဲ့သည်။ သူ့မျက်လုံးများ မှေးကျဉ်းသွားပြီး ရှေ့ရှိ စစ်သင်္ဘော အုပ်စုကြီးကို စတင် ကြည့်ရှုလိုက်သည်။

​"ခမ်းနားတဲ့ ချီတက်ပွဲကြီးပဲ။ ဒါဆို မင်းက တာအိုခုန်းပေါ့။ ငါ့မြေးတွေလို့ သတ်မှတ်လို့ရတဲ့ လူတွေထဲက တစ်ယောက် ဖြစ်ပေမယ့် မင်းဆက် တစ်ပါး ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ငါ တစ်ခါမှ မတွေ့ဖူးသေးတဲ့ တစ်ယောက်ပေါ့လေ" လူငယ်၏ မျက်လုံးများက ဓားသွားများအလား ထက်မြက်နေခဲ့သည်။ ထိုအကြည့်များက စစ်သင်္ဘောများပေါ်ရှိ လူများကို ချက်ချင်း ဖြတ်သန်းသွားကာ စုမင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

​သူ စကားပြောနေစဉ် သူ့လက်ထဲရှိ သားရဲအရိုးကို ကိုက်ဖြတ်လိုက်သည်။ ထိုအရိုးကို သူ အားလုံး စားပြီးသွားသောအခါ ဘေးရှိ ကြယ်တာရာ ဝတ်ရုံအား ကောက်ယူလိုက်ပြီး သူ့ပါးစပ်ကို မသုတ်မီ လက်များအား ထိုအရာပေါ်တွင် သုတ်လိုက်သည်။ စူးရှသော အကြည့်တစ်ချက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ယင်းကို သူ လုံးဝ ချုပ်တည်းမထားခဲ့ပေ။

​"မင်းရဲ့ ဘိုးဘေး အများအပြားကို ငါ တွေ့ဖူးတယ်။ မင်းက ငါ့ကို အရိုအသေ မပေးဝံ့လောက်အောင် ဘယ်လောက်တောင် သတ္တိကောင်းနေရတာလဲ။ မင်းရဲ့ အဖေက အရေးမပါတဲ့ လူတစ်ယောက် ဖြစ်နေတုန်းက ငါ့ရှေ့မှာ ဒူးမထောက်ဘဲ နေဖို့ သူ့မှာ သတ္တိ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မိုးရေထဲမှာ မြင်ခဲ့ဖူးတဲ့ တာအိုဖေးဖန်ကို သူ မှတ်မိသေးလား ဆိုတာ မင်းရဲ့ အမေဆိုတဲ့ သောက်ကောင်မကို ပြန်မေးလိုက်စမ်း။ မင်းကရော ဘာကောင်မို့လို့လဲ။ ဒီကို လာခဲ့စမ်း"

​"တာအိုဖေးဖန်၊ သူက..." ရွှီဟွေ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။ သူမက သူ့အကြောင်းကို မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း စုမင်က ပို၍ မြန်ဆန်နေခဲ့သည်။

​"သူ့ခေါင်းကို ဖြတ်ပြီး ငါ့သင်္ဘောဦးမှာ ချိတ်ဆွဲထားလိုက်။ ငါတို့ အဲဒါကို နံနက်ခင်း တာအိုဂိုဏ်းကို ပြန်ယူသွားမယ်"

အခန်း ၁၀၅၂ မင်းရဲ့ ဘိုးဘေးက ခွေးတစ်ကောင်လား

စုမင်၏ စကားများက ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာခြင်း ဖြစ်ပြီး သူ့မျက်နှာ အမူအရာမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်ကဲ့သို့ပင် တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင်မူ အေးစက်သော အကြည့်တစ်ချက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူ့ရှေ့ရှိ မာနထောင်လွှားနေသော လူငယ်လေးမှာ စုမင်၏ အကျင့်စရိုက် သုံးခုထဲမှ တစ်ခုခု ထွက်ပေါ်လာလောက်အောင် သူ့ခံစားချက်များကို ပြောင်းလဲသွားစေနိုင်စွမ်း မရှိပေ။ ပို၍ တိတိကျကျ ပြောရလျှင် ထိုလူငယ်လေးသည် မီးခိုးရောင် သို့မဟုတ် သွေးရောင် စုမင်ကို မြင်တွေ့ခွင့်ရမည့် အရည်အချင်းမျိုး လုံးဝ မရှိချေ။

​သူ့အသံက နဂါးငွေ့တန်းထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သူက ကျယ်လောင်စွာ စကားပြောခဲ့ခြင်း မရှိသော်လည်း ဟင်းလင်းပြင်ထဲတွင် မိုးကြိုးများ ဟိန်းဟောက်နေသည့်အလား ထွက်ပေါ်လာခဲ့ရာ ရှေးဟောင်းဆန်ပြီး ရိုင်းစိုင်းသော အငွေ့အသက်များ ရှိနေသည့် လူငယ်လေးပင် ခေတ္တမျှ မှင်တက်သွားခဲ့သည်။ ထို့နောက်တွင်မူ သူက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ့ဘေးရှိ ကျင့်ကြံသူ ဆယ်ဂဏန်းခန့်မှာလည်း လှောင်ပြောင်သော အပြုံးများ ရှိနေကြပြီး သူတို့ကိုယ်သူတို့ အမြင့်မြတ်ဆုံးဟု ထင်မှတ်ထားသည့် အငွေ့အသက် တစ်ခုက သူတို့၏ မျက်နှာအမူအရာများထက်တွင် ပေါ်လွင်နေခဲ့သည်။ ထိုအရာက စုမင်နှင့် သူ၏ အဖွဲ့အပေါ် မထီမဲ့မြင် ပြုနေသော သဘောထား တစ်ရပ်ပင် ဖြစ်သည်။

​"စိတ်ဝင်စားစရာပဲ၊ မင်းက ငါ့ခေါင်းကို ဖြတ်ပြီး သင်္ဘောဦးမှာ ချိတ်ဆွဲထားချင်တယ်ပေါ့လေ။ မင်း ကျင့်ကြံလွန်းလို့ ရူးသွားတာများလား။ ဒါမှမဟုတ် မင်းဆက် တစ်ပါး အဖြစ် ခန့်အပ်ခံလိုက်ရလို့ အရမ်း စိတ်လှုပ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် မေ့သွားတာလား။ ငါ့ကို အဲဒီလို လာပြောရဲအောင် မင်းကို ဘယ်သူက အခွင့်အရေး ပေးထားလို့လဲ" လူငယ်၏ မျက်လုံးများထဲတွင် အစွမ်းထက်သော သတ်ဖြတ်လိုစိတ်များ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ သူ စကားပြောနေစဉ် ရယ်သံထဲရှိ မာနထောင်လွှားမှုများက ပို၍ပင် ပြင်းထန်လာခဲ့သည်။

​အမှန်တကယ်တွင် လူငယ်လေး ဤမျှလောက် မာနထောင်လွှားနေခြင်းကို အပြစ်တင်ရန် ခက်ခဲသည်။ ထိုအခိုက်အတန့်တွင် မီးတောက်မိစ္ဆာ ဘိုးဘေးသည် အစစ်အမှန် နံနက်ခင်း တာအိုလောကထဲသို့ ခြေချလိုက်သည်နှင့် သူ့စွမ်းအားများကို ချုပ်တည်းထားခဲ့သည်။ သူက သွေးရောင် ဝတ်ရုံရှည်ကြီး တစ်ထည်အား ဝတ်ဆင်ထားပြီး ခေါင်းကိုလည်း ဖုံးအုပ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က အစစ်အမှန် နံနက်ခင်း တာအိုလောကထဲတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး နတ်ဘုရား အနှစ်သာရ နယ်မြေထဲမှ ဂြိုဟ်သား မျိုးနွယ် တစ်ဦးအနေဖြင့် ထိုနေရာအပေါ် မသက်မသာ ခံစားချက်များ ပြည့်နှက်နေခဲ့ရာ သူက မသိစိတ်မှပင် အရှိန်အဝါကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

​ကျူးယိုချိုက်အတွက်မူ သူသာ ကျင့်ကြံခြင်း အဆင့်မှ ထွက်ပေါ်လာသော အစွမ်းထက်သည့် ဖိအားကို ဖြန့်ကြက်မထားလျှင် အခြားလူများအနေဖြင့် သူ့ကျင့်ကြံခြင်း အဆင့်အား ခန့်မှန်းနိုင်ရန် ခက်ခဲပေမည်။ ထိုအခိုက်အတန့်တွင် သူသည် ကမ္ဘာမြေပြင် အဆင့် ဝန်းကျင်တွင်သာ ရှိနေပုံရသည်။

​လူငယ်၏ အမြင်တွင် လကပ်ဘေး အဆင့်ရှိ ရွှီဟွေမှလွဲ၍ စုမင် တစ်ယောက်တည်းသာ သူ့ကို အနည်းငယ် ဖိအားပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း သူက ဤနေရာအထိ ရောက်လာဝံ့ခဲ့ပြီ ဖြစ်ရာ သူ၏ ကိုယ်ပိုင် စွမ်းရည်အပေါ် သေချာပေါက် ယုံကြည်မှု ရှိနေပေမည်။

​သူ့စကားများ နဂါးငွေ့တန်းထဲတွင် ပဲ့တင်ထပ်နေစဉ် စုမင်က တည်ငြိမ်သော အမူအရာဖြင့် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

​"ငါ မင်းကို အသက်ရှိုက်စာ ဆယ်ကြိမ် အချိန်ပေးမယ်။ သူ့ရဲ့ နောက်လိုက်တွေ အားလုံးကို အရင် သတ်လိုက်စမ်း"

​စုမင်၏ တည်ငြိမ်သော စကားလုံးများတွင် ရက်စက်ကြမ်းကြုတ်သော လေသံများ ပြည့်နှက်နေခဲ့သည်။ ထိုစကားများက လူအားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မီးတောက်မိစ္ဆာ ဘိုးဘေး၏ နှလုံးသားထဲတွင်သာ တိုက်ရိုက် ထွက်ပေါ်လာခဲ့ရာ ထိုအမိန့်မှာ သူ့ကို ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

​ရိုင်းစိုင်းပြီး ထိန်းချုပ်မရသော ရယ်သံကြီး တစ်သံက သွေးရောင် ဝတ်ရုံရှည်ကြီး အောက်မှ ထွက်ပေါ်လာခဲ့ပြီး နဂါးငွေ့တန်းထဲသို့ ပျံ့နှံ့သွားသည့် အခိုက်အတန့်တွင် ကြီးမားသော လှိုင်းဂယက်များစွာကို ဖြစ်ပေါ်သွားစေခဲ့သည်။ မီးတောက်မိစ္ဆာ ဘိုးဘေးသည် လက်သီးကို ဆုပ်ကာ စုမင်ဘက်သို့ လှည့်၍ အရိုအသေ ပေးလိုက်သည်။

​"စိတ်မပူပါနဲ့၊ အရှင်"

​စကားပြောဆိုပြီးသည်နှင့် သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ခြေထောက် ကျဆင်းသွားသောအခါ နဂါးငွေ့တန်းထဲသို့ ခြေချလိုက်ပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကြီးက ဟိန်းဟောက်သွားပြီး သူ့ခြေအောက်တွင် ဧရာမ လေဆင်နှာမောင်းကြီး တစ်စင်း ပေါ်ထွက်လာခဲ့သည်။ ထိုလေဆင်နှာမောင်းကြီး ပေါ်ထွက်လာမှုက ပတ်ဝန်းကျင်ရှိ နဂါးငွေ့တန်းကို ရေစီးကြောင်း တစ်ကြောင်းအလား ချက်ချင်း နောက်ပြန် ဆုတ်သွားစေခဲ့ပြီး လူငယ်၏ ဘေးရှိ နောက်လိုက်များ၏ သူငယ်အိမ်များမှာလည်း ကျုံ့ဝင်သွားကြသည်။

​မီးတောက်မိစ္ဆာ ဘိုးဘေး နဂါးငွေ့တန်းထဲသို့ ခြေချလိုက်သောအခါ သူ၏ ရိုင်းစိုင်းသော ရယ်မောသံများ ပျံ့နှံ့သွားပြီး သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သူက ခြေသည်းများနှင့် တူသော ခြောက်သွေ့နေသည့် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ခေါင်းပေါ်ရှိ သွေးရောင် ခေါင်းစွပ်အား ဖြည်းညှင်းစွာ ဆွဲချွတ်လိုက်သောအခါ ပိန်ချုံးနေသည့် ရုပ်ဆိုးဆိုး မျက်နှာကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ၏ အနီရောင် သူငယ်အိမ်များထဲတွင် လောင်ကျွမ်းနေသော မီးတောက်များ ပါဝင်နေသည့်အလား ထင်မှတ်ရပြီး ထိုအခိုက်အတန့်တွင် သူက လောကကြီးထဲသို့ ဆင်းသက်လာသော နတ်ဆိုးတစ်ကောင်နှင့် တူနေခဲ့သည်။ သူ့မျက်နှာကို ဖော်ပြလိုက်သည့် အခိုက်အတန့်တွင် သူ့စွမ်းအားများကလည်း ခန္ဓာကိုယ်မှ မည်သည့် ချုပ်တည်းမှုမျှ မရှိဘဲ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

​အရှင်သခင် အဆင့် တန်ခိုးရှင် တစ်ဦး၏ စွမ်းအားက ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ နဂါးငွေ့တန်း တစ်လျှောက် ပျံ့နှံ့သွားခဲ့ရာ လူငယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ့နောက်လိုက်များ၏ မျက်နှာထက်တွင် လှောင်ပြောင်မှုများ ရှိနေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူတို့၏ မျက်နှာအမူအရာများမှာ ထိတ်လန့် အံ့သြမှုများနှင့် မယုံကြည်နိုင်မှုများ အဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။

​ယင်းအချက်က မီးတောက်မိစ္ဆာ ဘိုးဘေးအတွက် ကြီးမားသော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးခဲ့သည်။ သူက ရိုင်းစိုင်းစွာ ရယ်မောရင်း တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်စဉ်မှာပင်...

​"ခုနစ်"

​ထိပ်ပြောင်ကြိုးကြာသည် စကြာဝဠာထဲတွင် ပရမ်းပတာ ဖြစ်မှုများမှလွဲ၍ မည်သည့်အရာကိုမျှ မက်မောခြင်း မရှိသော တည်ရှိမှု တစ်ခု ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့ပြီး စုမင်၏ အမိန့်နှင့် ကိုက်ညီသော ဂဏန်း တစ်လုံးကို ချက်ချင်း အော်ဟစ်လိုက်တော့သည်။

​ထိပ်ပြောင်ကြိုးကြာက ထိုဂဏန်းကို အော်ဟစ်လိုက်သည်နှင့် စုမင် ဘေးရှိ လူအားလုံးက သူ့အား ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်ကြသည်။ မီးတောက်မိစ္ဆာ ဘိုးဘေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးကာ လူငယ်လေးထံသို့ ချဉ်းကပ်သွားခဲ့သည်။

​ဤအရာအားလုံးက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ ဖြစ်ပေါ်သွားခဲ့သည်။ လူငယ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားခဲ့သည်။

​"ကံ... ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက်"

​မည်သို့ပင်ဆိုစေကာမူ တာအိုခုန်း ဘေးတွင် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အဆင့် တန်ခိုးရှင် တစ်ဦး ရှိနေမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူ့နှလုံးသားထဲတွင် တန်ခိုးရှင်များမှာ အလွန်တရာ မွန်မြတ်သော တည်ရှိမှုများ ဖြစ်ကြသည်။ သူက နံနက်ခင်း တာအိုဂိုဏ်း၏ တိုက်ရိုက် ဆင်းသက်လာသော မျိုးဆက် တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဂိုဏ်းက ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သူ့ဘေးသို့ စေလွှတ်ပေးရန် တောင်းဆိုပိုင်ခွင့် သူ့တွင် မရှိချေ။

​ထိုအခိုက်အတန့်တွင် သူ့စိတ်များ ဗလာကျင်းသွားခဲ့သည်။ ထိုအချိန်မှာပင် သူ့နောက်လိုက်များထဲမှ တစ်ဦး၏ ပါးစပ်မှ စူးရှသော နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ မပြောင်းလဲမီ မီးတောက်များထဲတွင် လွှမ်းခြုံခံလိုက်ရသည်။ သူ၏ နာကျင်စွာ အော်ဟစ်သံများသာ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် နှုတ်ခမ်းများကို သပ်လိုက်ပြီး ထိုကျင့်ကြံသူ ပျောက်ကွယ်သွားသော နေရာမှ ထွက်လာခဲ့သည်။

​"ကိုး" ထိပ်ပြောင်ကြိုးကြာသည် အသံကုန် ဟစ်အော်လိုက်တော့သည်။

​မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်လုံးများထဲတွင် ဒေါသများ ပေါ်ထွက်လာခဲ့သည်။ သူက အခြားအကြောင်းအရာများကို ပြောဆိုနေရန် အချိန်မရှိတော့ဘဲ လက်မောင်းများအား မြှောက်ကာ ဘေးသို့ ရမ်းလိုက်သည်။ ခရမ်းရောင် မီးတောက်ပင်လယ်ကြီး တစ်စင်းက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ဧရာမ မီးတောက် လက်ဝါးကြီး တစ်ဖက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

​ယင်းက အထက်ဘက်ရှိ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် ပေတစ်သန်းခန့် ကြီးမားသော မီးတောက်လက်ဝါးကြီးက နဂါးငွေ့တန်း တစ်ခုလုံးကို နေရာယူထားသည့်အလား ထင်မှတ်ရပေမည်။

​လက်ဝါးကြီးက အထက်ဘက်ရှိ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်စဉ် နဂါးငွေ့တန်းကြီးမှာ တုန်ခါသွားခဲ့သည်။ လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့သည်။ စကြာဝဠာကြီး တုန်ခါသွားသောအခါ လူငယ် ဘေးရှိ နောက်လိုက်များ အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လူငယ်လေးနှင့် ခြေအောက်ရှိ ဧရာမ ဥကြီးမှလွဲ၍ ကျန်လူများ အားလုံး ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ အမှန်တကယ်တွင် သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များ ဖျက်ဆီးမခံရမီ နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ကြချေ။

​မီးတောက်လက်ဝါးကြီး ပျောက်ကွယ်သွားသောအခါ ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသော ထိပ်ပြောင်ကြိုးကြာ၏ စူးရှသော အော်ဟစ်သံထဲ၌ ကျေနပ်နေသော လေသံတစ်ခု ပါဝင်နေခဲ့သည်။ "တစ်ဆယ်၊ လခွမ်း... အသက်ရှိုက်စာ ဆယ်ကြိမ် ပြည့်သွားပြီ။ မင်း အမိန့်ကို မပြီးမြောက်သေးဘူး"

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် ခေါင်းလှည့်ကာ ထိပ်ပြောင်ကြိုးကြာကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် စုမင် ရှေ့ရှိ နဂါးငွေ့တန်းထဲမှ ဧရာမ ဥကြီးပေါ်တွင် ရှိနေသော တာအိုဖေးဖန်သည် ဖြူရော်နေသော မျက်နှာဖြင့် သူတို့ကို လှမ်းကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ထိတ်လန့် အံ့သြမှုများနှင့် ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။ မီးတောက်လက်ဝါးကြီး သူ့ထံသို့ ချဉ်းကပ်လာသောအခါ သူ သေတော့မည်ဟု ပြင်းထန်သော ခံစားချက် တစ်ခုကို သူ ရရှိခဲ့သည်။ နောက်ဆုံး အချိန်လေးတွင် ထူးဆန်းသော ဥကြီးက ၎င်း၏ နူးညံ့သော စွမ်းအားများကို ထုတ်လွှတ်ကာ သူ့အား လွှမ်းခြုံပေးမထားခဲ့လျှင် စောစောက တိုက်ခိုက်မှုသည် သူ့ဘဝတွင် နောက်ဆုံး မြင်တွေ့ရမည့် မြင်ကွင်း ဖြစ်သွားပေမည်။

​သူက ရယ်စရာကောင်းသော အရူးတစ်ယောက် ဖြစ်နေကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။ သူက အလွန်အမင်း မာနထောင်လွှားနေခဲ့ပြီး တာအိုခုန်းကို ခြိမ်းခြောက်ကာ မင်းဆက် တစ်ပါး ဆိုသော ဂုဏ်ပုဒ်အား သူကိုယ်တိုင် စွန့်လွှတ်သွားစေရန် ရည်ရွယ်ချက်ဖြင့် တာအိုခုန်းနှင့် သူ့အဖွဲ့ကို အထူးတလည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

​သူ့အတွက်တော့ တာအိုခုန်း မည်မျှပင် အစွမ်းထက်နေပါစေ သူ့ပြိုင်ဘက် မဟုတ်ပေ။ သူ ခေါ်လာခဲ့သော နောက်လိုက် အများစုမှာ ကမ္ဘာမြေပြင် နှောင်းပိုင်း အဆင့်တွင် ရှိနေကြသည်။ သူတို့ထဲတွင် လကပ်ဘေး အဆင့်ရှိသူ သုံးဦးပင် ပါဝင်နေပြီး တာအိုဖေးဖန် ကိုယ်တိုင်ကလည်း လကပ်ဘေး အဆင့်နှင့် နေကပ်ဘေး အဆင့် ကြားတွင် ရှိနေသူ ဖြစ်သည်။ ထိုကဲ့သို့သော ကျင့်ကြံခြင်း အဆင့်နှင့် အစွမ်းထက်သော အင်အားစုက သူ့ကို အလွန်အမင်း ယုံကြည်မှု ရှိနေစေခဲ့သည်။

​အမှန်တကယ်တွင် စောစောက တာအိုခုန်း၏ စကားများမှာ အလွန်တရာ ရယ်စရာ ကောင်းသည်ဟုပင် သူ ထင်မှတ်ခဲ့သည်။ သူ့ခေါင်းကို ဖြတ်ပြီး သင်္ဘောဦးတွင် ချိတ်ဆွဲထားရန် အမိန့်ပေးခဲ့ခြင်းက သူ့အား လှောင်ပြောင်ချင်စိတ်များ ဖြစ်ပေါ်လာစေခဲ့ပြီး တာအိုခုန်းကို ဤမျှလောက် ယုံကြည်မှု ရှိနေစေသည့် အရာက မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း သူ သိချင်နေခဲ့သည်။

​သို့သော်လည်း တာအိုခုန်း၏ မျက်နှာအမူအရာမှာ တစ်ကြိမ်မျှ ပြောင်းလဲခြင်း မရှိခဲ့ချေ။ သူက အမိန့်ကို ပြီးမြောက်ရန် အသက်ရှိုက်စာ ဆယ်ကြိမ်သာ အချိန်ပေးမည်ဟု ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ပြီး တာအိုဖေးဖန်၏ နောက်လိုက်များ အားလုံးမှာ တစ်ခဏအတွင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် ထိပ်ပြောင်ကြိုးကြာကို စိုက်ကြည့်လိုက်သည်။ စုမင်၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသောအခါ သူ စိုးရိမ်လာခဲ့ပြီး တစ်ဦးတည်း ကျန်ရစ်နေသော တာအိုဖေးဖန်အား သတ်ဖြတ်လိုစိတ်များဖြင့် လျင်မြန်စွာ လှည့်ကြည့်လိုက်တော့သည်။

​"သောက်ကောင်၊ မင်း ဘာလို့ ခုနက မသေသွားရတာလဲ"

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် တန်ခိုးရှင် တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူက ကျင့်ကြံသူ တစ်ဦး မဟုတ်သလို သူ့ကျင့်ကြံခြင်း အဆင့်ကိုလည်း ဉာဏ်အလင်းပွင့်မှုများမှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား သူ့မျိုးနွယ်စုထံမှ ရရှိလာသော မွေးရာပါ စွမ်းရည်ဖြင့် မျိုးနွယ်စုဝင် အများအပြားအား ဝါးမျိုကာ စွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့်သာ သူ့စွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်ရာ ခံစားချက်များက ပို၍ လှုပ်ရှားပြောင်းလဲလွယ်ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် စုမင်က သူ့အပေါ် မကျေမနပ် ဖြစ်နေပြီဟု သူ စိုးရိမ်နေခဲ့ရာ သူ့ဒေါသ အားလုံးကို မသေဆုံးသေးသော လူငယ်လေးထံသို့ ပုံချလိုက်တော့သည်။ စကားပြောနေစဉ်မှာပင် သူက လူငယ်လေးထံသို့ ပြေးဝင်သွားခဲ့သည်။

​"ကျွန်တော်က နံနက်ခင်း တာအိုဂိုဏ်းက တိုက်ရိုက် ဆင်းသက်လာတဲ့ မျိုးဆက် တစ်ယောက်ပါ။ ဒါက ကျွန်တော်တို့ မိသားစုတွင်းက တိုက်ပွဲတစ်ပွဲပါ။ စီနီယာ၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ဝင်မပါပါနဲ့။ ဒါက နံနက်ခင်း တာအိုဂိုဏ်းဝင်တွေ ကြားက ပြိုင်ပွဲတစ်ပွဲပါ..."

​တာအိုဖေးဖန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ့ခြေအောက်ရှိ ဧရာမ ဥကြီးက လျင်မြန်စွာ နောက်ဆုတ်သွားစဉ် ပါးစပ်မှ တောင်းပန်စကားများ ထွက်ပေါ်လာခဲ့သည်။

​"စီနီယာ၊ ခင်ဗျားက ဘယ်နန်းဆောင်ကလဲ။ ကျွန်တော့်ဆီမှာ ဂိုဏ်းအကြီးအကဲ နန်းဆောင်ရဲ့ အမိန့်ရှိပါတယ်။ ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့"

​တာအိုဖေးဖန် နောက်ဆုတ်သွားစဉ် သူက ကျယ်လောင်စွာ စကားပြောရင်း ရင်ခွင်ထဲမှ အဖြူရောင် ပြားလေး တစ်ပြားကို ထုတ်ယူလိုက်သည်။ သူက စိုးရိမ်ပူပန်နေခဲ့သော်လည်း ထိုအမိန့်ပြားကို ထုတ်ပြလိုက်သည်နှင့် ရှေ့ရှိ နံနက်ခင်း တာအိုဂိုဏ်းမှ တန်ခိုးရှင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားမည်ဟု သူ ယုံကြည်နေခဲ့သည်။

​"မင်းနဲ့ မင်းရဲ့ ဂိုဏ်းအကြီးအကဲ နန်းဆောင်ကို သွားသေလိုက်စမ်း" မီးတောက်မိစ္ဆာ ဘိုးဘေးသည် မသိစိတ်မှပင် ထိပ်ပြောင်ကြိုးကြာ၏ အကြိုက်ဆုံး စကားလုံးကို သုံးစွဲကာ ဟိန်းဟောက်လိုက်သည်။ သူက ရှေ့သို့ ပြေးထွက်သွားပြီး တာအိုဖေးဖန်၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သူ့ထံသို့ ချဉ်းကပ်သွားခဲ့သည်။ ဧရာမ ဥကြီး တုန်ခါသွားပြီး နူးညံ့သော အလင်းတန်း မျက်နှာပြင် တစ်ခု ပေါ်ထွက်လာခဲ့ရာ မီးတောက်မိစ္ဆာ ဘိုးဘေး၏ တိုက်ခိုက်မှုက လူငယ်လေးထံသို့ မရောက်ဘဲ ထိုအရာပေါ်သို့သာ ကျရောက်သွားခဲ့သည်။

​ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ အလင်းတန်း မျက်နှာပြင်မှာ ပြင်းထန်စွာ ယိမ်းယိုင်သွားခဲ့ပြီး တာအိုဖေးဖန်မှာ ထိုတုန်ခါမှုကြောင့် ပြင်းထန်စွာ လှုပ်ခါသွားကာ သွေးတစ်လုတ် အန်ချလိုက်ရသည်။

​"မင်း မသေသေးဘူးလား"

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် ဒေါသများက သူ့ကို အတွင်းမှ လောင်ကျွမ်းနေသည့်အလား ချက်ချင်း ခံစားလိုက်ရသည်။ သူက ကြီးမြတ်သော တန်ခိုးရှင် တစ်ဦး ဖြစ်သော်လည်း နေကပ်ဘေး အဆင့်သို့ ရောက်ရန် တစ်ဝက်ခန့် လိုသေးသည့် ကျင့်ကြံသူ အငယ်လေး တစ်ဦးကို တိုက်ခိုက်မှု နှစ်ကြိမ် ဆက်တိုက် ပြုလုပ်ပြီးသည်အထိ မသတ်ဖြတ်နိုင်ခဲ့ချေ။ ထိုအရာအားလုံးက ဧရာမ ဥကြီး၏ ထူးခြားမှုကြောင့် ဖြစ်နိုင်သော်လည်း အခြားလူများ စောင့်ကြည့်နေချိန်တွင် မီးတောက်မိစ္ဆာ ဘိုးဘေးအတွက် အလွန်တရာ ရှက်စရာ ကောင်းသော အရာတစ်ခု ဖြစ်လာခဲ့သည်။

​ထိပ်ပြောင်ကြိုးကြာ၏ ကျေနပ်နေပုံရကာ မထီမဲ့မြင် ပြုနေသော ရယ်မောသံများက ပို၍ပင် ဒေါသထွက်စရာ ကောင်းနေခဲ့သည်။

​"သေစမ်း၊ သေစမ်း၊ သေလိုက်စမ်း"

​မီးတောက်မိစ္ဆာ ဘိုးဘေးသည် ရှေ့သို့ ပြေးဝင်သွားခဲ့ပြီး နဂါးငွေ့တန်းထဲတွင် ပေါက်ကွဲသံကြီးများ ပဲ့တင်ထပ်သွားခဲ့သည်။ ဧရာမ ဥကြီးထံမှ အလင်းတန်း မျက်နှာပြင် တစ်ခု ပေါ်ထွက်လာခဲ့သည်။ ယင်းက ဆက်လက် ပုံပျက်သွားပြီးနောက် နောက်ဆုံးတွင် ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ပြိုကွဲသွားခဲ့တော့သည်။ ယင်းက အပိုင်းပိုင်း ကွဲထွက်သွားစဉ် တာအိုဖေးဖန်မှာ ထပ်မံ၍ သွေးအန်ချလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ ညှိုးနွမ်းသွားပြီး အသက်တစ်ဝက်ခန့် ဆုံးရှုံးသွားသည့်အလား ထင်မှတ်ရသည်။ ယခင်က သူ့မျက်လုံးများထဲတွင် တစ်ခါမျှ မပေါ်ဖူးသော ကြောက်ရွံ့ ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့သည်။

​"ဘိုးဘေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး"

​သူ့စကားများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူ့ခြေအောက်ရှိ ဧရာမ ဥကြီးထံမှ အက်ကွဲကြောင်းများ ပျံ့နှံ့သွားခဲ့သည်။ ထိုအထဲမှ အနက်ရောင် ခွေးခေါင်းကြီး တစ်လုံး ထွက်ပေါ်လာပြီး မီးတောက်မိစ္ဆာ ဘိုးဘေးကို ကိုက်ရန် ပြေးဝင်လာခဲ့သည်။

​"ဟမ်... မင်းရဲ့ ဘိုးဘေးက ခွေးတစ်ကောင်လား။ သောက်ကျိုးနည်း၊ အဲဒါက ခွေးနက်ကြီး တစ်ကောင်တောင် ဖြစ်နေသေးတယ်။ ဒါက စော်ကားတာပဲ။ မင်း ငါ့ကို စော်ကားနေတာပဲ" ထိပ်ပြောင်ကြိုးကြာသည် မူလက ပျော်စရာ မြင်ကွင်းကို စောင့်ကြည့်ရုံဖြင့် ကျေနပ်နေခဲ့ခြင်း ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ယင်းက ထိုခွေးကို စိုက်ကြည့်ရင်း အကြောင်းပြချက် မရှိဘဲ ဒေါသထွက်လာခဲ့တော့သည်။

All Chapters