← Chapters

အခန်း (၁၀၅၃-၁၀၅၄)

Vol. 76 Ch. 1053-1054

အခန်း (၁၀၅၃-၁၀၅၄)

Vol. 76 Ch. 1053-1054

အခန်း ၁၀၅၃ ခင်ဗျားက ဘယ်ကကောင်မို့လို့လဲ

စုမင်၏ မျက်နှာအမူအရာမှာ အစကတည်းက ပြောင်းလဲခြင်း မရှိခဲ့ပေ။ ဤတာအိုဖေးဖန်တွင် မည်သည့် ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ သို့မဟုတ် သူ့နောက်ကွယ်တွင် မည်သို့သော ပုဂ္ဂိုလ်မျိုး ရှိနေသည်ဖြစ်စေ သူ့အတွက် အရေးမကြီးချေ။ သူ့ကို လာရောက် ပိတ်ဆို့ရဲကတည်းက ထိုလူ၏ နိဂုံးမှာ သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

​စုမင်အနေဖြင့် အစစ်အမှန် နံနက်ခင်း တာအိုလောကသို့ ပြန်လည် ရောက်ရှိလာကတည်းက သူသည် အောက်ကျို့ငြိမ်ခံနေရန် ရွေးချယ်မည် မဟုတ်ပေ။ သူ့ကို လာရောက် ရန်စသူ အားလုံးသည် သူ၏ သတ်ဖြတ်လိုစိတ်နှင့် ထိပ်တိုက် တွေ့ရပေမည်။ သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်အထိ သတ်ဖြတ်မည်။ ကောင်းကင်ကြီး ကမောက်ကမ ဖြစ်သည်အထိ သတ်ဖြတ်မည်။ အခြားသူများ တုန်လှုပ်ခြောက်ခြား သွားစေမည့် အိပ်မက်ဆိုးတစ်ခု ဖြစ်လာသည်အထိ သတ်ဖြတ်မည်။ အစစ်အမှန် နံနက်ခင်း တာအိုလောကတွင် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် လူတို့၏ ရင်ထဲ၌ ကြောက်ရွံ့တုန်ရင် နေစေမည့် အမှတ်ရစရာတစ်ခု ဖြစ်လာသည်အထိ သတ်ဖြတ်မည် ဖြစ်သည်။

​ထိပ်ပြောင်ကြိုးကြာက သူ့လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်စဉ် တာအိုဖေးဖန်၏ ခြေအောက်ရှိ ဧရာမဥကြီးမှာ ကွဲအက်သွားခဲ့သည်။ ၎င်း၏ ဟိန်းဟောက်သံကြီးက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ခေါင်းခုနစ်လုံးပါသော ဧရာမ မိစ္ဆာသားရဲကြီး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။

​ထိုခေါင်းခုနစ်လုံးစလုံးမှာ ခွေးခေါင်းများ ဖြစ်ကြပြီး ထိုကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး၏ လည်ပင်းတစ်ခုတည်းပေါ်တွင် သိပ်သည်းစွာ ပေါက်နေကြရာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူ့တစ်ကိုယ်လုံးမှာ အနက်ရောင် ဖြစ်၏။ ထိုအခိုက်အတန့်တွင် ခွေးခေါင်းခုနစ်လုံးစလုံးက ဟိန်းဟောက်လိုက်ကြပြီး မီးတောက်မိစ္ဆာ ဘိုးဘေးထံသို့ ပြေးဝင်တိုက်ခိုက် လိုက်ကြသည်။

​စုမင်က တည်ငြိမ်သော အမူအရာဖြင့် ညာလက်ကို မြှောက်လိုက်သည်။

​"စစ်သင်္ဘော အားလုံး... မှော်သင်္ကေတရဲ့ စွမ်းအားတွေကို နှိုးဆွပြီး တိုက်ခိုက်စမ်း" စုမင်၏ ညာလက်က တာအိုဖေးဖန် ရပ်နေသော နေရာသို့ ညွှန်ပြလျက် ကျဆင်းသွားခဲ့သည်။

​သူ ထိုစကားကို ပြောလိုက်သောအခါ ပတ်ပတ်လည်ရှိ စစ်သင်္ဘောများပေါ်မှ ကျင့်ကြံသူ အားလုံး၏ နှလုံးသားများမှာ တုန်ခါသွားခဲ့သည်။ သို့သော်လည်း သူတို့က ချက်ချင်းပင် ထိုင်ချလိုက်ကြပြီး မှော်သင်္ကေတကို စတင် နှိုးဆွလိုက်ကြတော့သည်။ တစ်ခဏအတွင်း စစ်သင်္ဘောများမှာ စူးရှသော အလင်းတန်းများဖြင့် တောက်ပလာခဲ့ပြီး ဖျက်ဆီးခြင်း အငွေ့အသက်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

​စစ်သင်္ဘောများထံမှ အငွေ့အသက်များ ထွက်ပေါ်လာသောအခါ တာအိုဖေးဖန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

​"မင်း... မင်း... ဒါက ငါတို့ကြားက တိုက်ပွဲလေကွာ။ မင်းရဲ့ နောက်လိုက်ကို ငါ့ကို တိုက်ခိုက်ခိုင်းတဲ့ ကိစ္စကို ငါ လျစ်လျူရှုပေးနိုင်ပေမယ့် မင်းက စစ်သင်္ဘောတွေရဲ့ စွမ်းအားကိုပါ သုံးရဲတယ်ပေါ့လေ"

​သူ ထိုစကားများကို ပြောလိုက်သည့် အခိုက်အတန့်မှာပင် နဂါးငွေ့တန်းကြီးမှာ တုန်ခါသွားခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့၏။ ထိုခဏ၌ စစ်သင်္ဘော အားလုံးက သူတို့၏ မှော်သင်္ကေတများကို အရှိန်အပြည့်ဖြင့် နှိုးဆွလိုက်ကြသည်။ ကျယ်လောင်သော ဟိန်းဟောက်သံကြီးများနှင့်အတူ အလင်းတန်းတိုင်ပေါင်း ရာနှင့်ချီ၍ ထွက်ပေါ်လာကာ တာအိုဖေးဖန်ထံသို့ ဦးတည်ပစ်ခတ် လိုက်ကြတော့သည်။

​နဂါးငွေ့တန်းကြီး တုန်ခါသွားခဲ့သည်။ ထိုပေါက်ကွဲသံကြီးများက မိုးကြိုးသံထက်ပင် ပိုမိုကျယ်လောင်နေခဲ့၏။ အလင်းတန်းတိုင် အားလုံးက တာအိုဖေးဖန် ရပ်နေသော နေရာသို့ ကျရောက်သွားခဲ့သည်။ အကယ်၍ ခေါင်းခုနစ်လုံးပါ သားရဲကြီးသာ သူ့ရှေ့သို့ အလျင်အမြန် ကာကွယ်မပေးခဲ့လျှင် ထိုနေရာသည် ဟင်းလင်းပြင် အဖြစ်သို့ ပြောင်းလဲသွားပေမည်။ ထို့ပြင် ဒဏ်ရာအပြင်းအထန် ရထားပြီးသားဖြစ်သော တာအိုဖေးဖန်မှာလည်း ပို၍ပင် အထိနာသွားပေမည်။

​သို့သော် ကာကွယ်မှု ရရှိခဲ့သည့်တိုင်အောင် ခေါင်းခုနစ်လုံးပါ ကြောက်မက်ဖွယ် သားရဲကြီးမှာ အလင်းတန်းတိုင်ပေါင်း ရာနှင့်ချီသော တိုက်ခိုက်မှုကို တိုက်ရိုက် ခုခံလိုက်ရခြင်း ဖြစ်သည်။ ပေါက်ကွဲသံကြီးများကြားတွင် ၎င်းမှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရသည်။ ပေါက်ကွဲသံများ ရပ်တန့်သွားသည့် အခိုက်အတန့်တွင် ထိုကြောက်မက်ဖွယ် သားရဲကြီးက စူးရှစွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့သော်လည်း လျင်မြန်စွာ လှည့်၍ စုမင်ကို စိုက်ကြည့်လိုက်ပြီး တာအိုဖေးဖန်အား ပါးစပ်ဖြင့် ကိုက်ချီကာ အဝေးသို့ လင်းလက်သော အလင်းတန်း တစ်တန်းအလား လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားတော့သည်။

​မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်လုံးများထဲတွင် ဒေါသများ လင်းလက်သွားခဲ့သည်။ သူ့ကျင့်ကြံခြင်း အဆင့်အရ ဤကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပျက်သွားခြင်းအပေါ် သူက အလွန်တရာ အရှက်ရ ဒေါသထွက်နေခဲ့သည်။ ပထမဦးစွာ ထိုထူးဆန်းသော ဧရာမဥကြီးက သူ့နတ်ဘုရားစွမ်းရည်ကို တားဆီးခဲ့ပြီး နောက်တွင်မူ ဤကြောက်မက်ဖွယ် သားရဲကြီး ပေါ်လာခဲ့ပြန်သည်။ ၎င်းက အရေထူလှပြီး သူ့နတ်ဘုရား စွမ်းရည်ကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်။ ထို့ကြောင့် မီးတောက်မိစ္ဆာ ဘိုးဘေးသည် သူ အစစ်အမှန် နံနက်ခင်း တာအိုလောကထဲသို့ ဝင်ရောက်လာသောအခါ သူ့ကျင့်ကြံခြင်း အဆင့်များ ကျဆင်းသွားခဲ့သည်လော ရုတ်တရက် သံသယဝင်မိသွားခဲ့သည်။

​သို့သော် သူ လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် စုမင်၏ မျက်လုံးများထဲ၌ အေးစက်သော အကြည့်တစ်ချက် လင်းလက်သွားခဲ့သည်။ တည်ငြိမ်သော အကြည့်ဖြင့် သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ သူ့ခြေထောက် ကျဆင်းသွားသောအခါ မီးတောက်မိစ္ဆာ ဘိုးဘေးကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူက အဝေးက နဂါးငွေ့တန်းထဲတွင် ပေါ်လာရန် နောက်ထပ် ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်ရာ ခေါင်းခုနစ်လုံးပါ ကြောက်မက်ဖွယ် သားရဲကြီး၏ ရှေ့တည့်တည့်တွင် ပိတ်ဆို့လျက်သား ပေါ်ထွက်လာခဲ့တော့သည်။

​သားရဲကြီး၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ချက် လင်းလက်သွားခဲ့သည်။ သားရဲ၏ ပါးစပ်ထဲတွင် ရှိနေဆဲဖြစ်သော တာအိုဖေးဖန်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် စုမင်က ညာလက်ကို မြှောက်ကာ ထိုကြောက်မက်ဖွယ် သားရဲကြီးထံသို့ ပေါ့ပေါ့ပါးပါးပင် ရိုက်ချလိုက်တော့သည်။

​"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ မင်းဘေးမှာ တန်ခိုးရှင် တစ်ယောက်မှ မရှိဘဲနဲ့ မင်းလို သောက်သုံးမကျတဲ့ ကျင့်ကြံသူ အဆင့်လေးက ငါ့ကိုလာရင်ဆိုင်တာ သေချင်လို့ပဲ" တာအိုဖေးဖန်က အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။ သို့သော် သူ ပျံထွက်ရန် ပြင်လိုက်စဉ်မှာပင် ခေါင်းခုနစ်လုံးပါ သားရဲကြီး၏ သူငယ်အိမ်များမှာ မယုံကြည်နိုင်မှုများဖြင့် ကျုံ့ဝင်သွားခဲ့ရသည်။

​အရှင်သခင် အဆင့် တန်ခိုးရှင်များကိုပင် ကျော်လွန်သော စွမ်းအားတစ်ခုက စုမင်၏ ထိုရိုက်ချက် တစ်ခုတည်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ယင်းက ဂြိုဟ်တစ်လုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး နဂါးငွေ့တန်း တစ်ခုလုံးအား ပြိုကွဲသွားစေနိုင်စွမ်း ရှိသည်။ အမှန်တကယ်တွင် ကံကြမ္မာ နယ်ပယ် တန်ခိုးရှင်များပင် ဤအရာနှင့် ရင်ဆိုင်ရပါက သူတို့၏ နှလုံးသားများ တုန်ခါသွားပေမည်။ ထိုရိုက်ချက်က ထိုကြောက်မက်ဖွယ် သားရဲကြီးအပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။

​ပေါက်ကွဲသံကြီးနှင့်အတူ စုမင်၏ လက်ဝါးက ဟင်းလင်းပြင်ပေါ်သို့ ဖိချလိုက်ရာ သားရဲကြီးက နာကျင်စွာဖြင့် စူးရှစွာ အော်ဟစ်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့၏။ ခေါင်းခုနစ်လုံးအနက် ခြောက်လုံးမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခဲ့သည်။ ယင်းတို့က သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားစဉ် တာအိုဖေးဖန်ပင် ထိုစွမ်းအား၏ အကြွင်းအကျန်များကြောင့် ထိခိုက်သွားခဲ့ရသည်။ သူက သွေးပူပူများကို အန်ချလိုက်ရပြီး ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်စင်သွားခဲ့သည်။ ဤမြင်ကွင်းက တာအိုဖေးဖန်ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာခဲ့ပြီး စုမင်ကို လှမ်းကြည့်လိုက်သောအခါ အကြည့်ထဲတွင် မယုံကြည်နိုင်မှုများနှင့် မှင်တက်အံ့သြမှုများ ပြည့်နှက်နေခဲ့တော့သည်။

​ယခုအခါ ခေါင်းတစ်လုံးတည်းသာ ကျန်ရှိတော့သော ကြောက်မက်ဖွယ် သားရဲကြီးမှာ ထိုအခိုက်အတန့်တွင် ဝေဝေဝါးဝါးသာ သတိရှိတော့သည်။ သူ့ခေါင်းထဲတွင် တာအိုဖေးဖန်ကို ကယ်တင်ရန်ဟူသော အတွေးမျိုး လုံးဝ မရှိတော့ချေ။ ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။ သူ့တွင် ရှိသမျှ အင်အားအားလုံးကို အသုံးချကာ အဝေးသို့ ထွက်ပြေးရပေမည်။

​သူက စုမင်ထံမှ သူ့ကို တုန်ရင်သွားစေသော အငွေ့အသက် တစ်ခုအား ခံစားလိုက်ရသည်။ ထိုအငွေ့အသက်မှာ သိပ်မထင်ရှားသော်လည်း စကြာဝဠာ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသည့် စွမ်းအားမျိုး ဖြစ်သည်။

​စုမင်၏ မျက်နှာထက်တွင် အေးစက်တည်ငြိမ်သော အမူအရာတစ်ခု ရှိနေခဲ့သည်။ သူက နဂါးငွေ့တန်းထဲတွင် ရပ်နေစဉ် ညာလက်ကို မြှောက်လိုက်ရာ ချက်ချင်းပင် ခရမ်းနက်ရောင် မြူခိုးများက လက်မောင်းအား ဝန်းရံသွားခဲ့ပြီး ဘဝမတရားခြင်းလှံရှည် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက လှံရှည်ကို လက်ထဲတွင် ကိုင်ဆောင်လိုက်သည်နှင့် အဝေးသို့ ထွက်ပြေးနေသော ခွေးခေါင်းပါ သားရဲကြီးထံသို့ ပစ်လွှတ်လိုက်တော့သည်။

​ဘဝမတရားခြင်း လှံရှည်သည် ထူးဆန်းသော လေချွန်သံကြီး တစ်သံနှင့်အတူ ရှေ့သို့ တိုးဝင်သွားပြီး ရှည်လျားသော အလင်းတန်း တစ်တန်းကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းက နဂါးငွေ့တန်းကို ဖြတ်သန်းကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်၏။ ထိုလေချွန်သံက ဘဝမတရားခြင်း လှံရှည်၏ ဝိညာဉ်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့်အလား ထင်မှတ်ရသည်။ ထိုအသံများထဲတွင် သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည့် စိတ်လှုပ်ရှားမှုများ ပါဝင်နေခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ယင်းက ခွေးခေါင်းပါ သားရဲကြီး၏ လည်ပင်းကို ထိုးဖောက်သွားခဲ့ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်အား စစ်သင်္ဘောများ ရှိရာဘက်သို့ ဆွဲခေါ်သွားခဲ့တော့သည်။

​ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ဘဝမတရားခြင်း လှံရှည်သည် စစ်သင်္ဘော ရာနှင့်ချီရှိရာ အုပ်စုထဲသို့ ပစ်ဝင်သွားခဲ့သည်။ ယင်းက စုမင်ပိုင်ဆိုင်သော ဧရာမသင်္ဘောကြီး၏ ဦးပိုင်းကို ထိုးဖောက်သွားခဲ့သော်လည်း သင်္ဘော၏ တည်ဆောက်ပုံကိုမူ ပျက်စီးစေခြင်း မရှိခဲ့ချေ။ ယင်းအစား ထိုကြောက်မက်ဖွယ် ခွေးကြီး၏ ခန္ဓာကိုယ်ကို သင်္ဘောဦးတွင် တွဲညှပ်စိုက်ထူပစ်လိုက်ခြင်း ဖြစ်သည်။

​ဤအရာအားလုံးက အချိန်အတော်ကြာ ဖြစ်ပျက်ခဲ့ပုံရသော်လည်း အမှန်တကယ်တွင် အသက်ရှိုက်စာ အနည်းငယ်အတွင်း ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းက လျင်မြန်လွန်းသဖြင့် ထိုနေရာရှိ လူအားလုံးကို ချက်ချင်းပင် တိတ်ဆိတ် ခြောက်သွေ့ သွားစေခဲ့သည်။ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စုမင်က လှည့်လိုက်ပြီး မလှမ်းမကမ်းတွင် မှင်တက်နေသော တာအိုဖေးဖန်ကို လှမ်းကြည့်လိုက်သည်။

​စုမင် ယခင်က ပြောခဲ့သော စကားလုံးများမှာ ထိုအခိုက်အတန့်တွင် တာအိုဖေးဖန်၏ စိတ်ထဲ၌ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။ သူ မူလက ရယ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ပြီး လှောင်ပြောင်မထီမဲ့မြင် ပြုခဲ့သော စကားလုံးများမှာ ယခုအခါ သူ့ဦးနှောက်ထဲတွင် အလွန်တရာ စူးရှနေခဲ့ပြီ ဖြစ်သည်။ ထိုစကားများက သူ့ကို တုန်ရင်သွားစေခဲ့ပြီး သူသည် အလွန်အမင်း မာနထောင်လွှား စော်ကားမိခဲ့ကြောင်းကိုလည်း သဘောပေါက်သွားစေခဲ့သည်။

​သူ့မျက်နှာထက်တွင် နာကျင်ခံခက်မှုများ ပေါ်ထွက်လာခဲ့သည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူက လျင်မြန်စွာ နောက်ဆုတ်ရင်း အလောတကြီး ပြောလိုက်တော့သည်။

​"နံနက်ခင်း တာအိုဂိုဏ်းရဲ့ တိုက်ရိုက်ဆင်းသက်လာတဲ့ မျိုးဆက်တွေအချင်းချင်း သတ်ဖြတ်ခွင့်မရှိဘူး။ ဒါက ကျွန်တော့်အပြစ်ပါ၊ ကျွန်တော် အကျိုးဆက်တွေကို ခံယူဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်..."

​သူ စကားမဆုံးမီမှာပင် စုမင်၏ ခြေထောက်က ကျဆင်းသွားခဲ့ပြီဖြစ်ရာ သူက တာအိုဖေးဖန်၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။ သူက မည်သည့်စကားတစ်ခွန်းမျှ မပြောဘဲ ညာလက်ကို မြှောက်ကာ တာအိုဖေးဖန်၏ လည်ချောင်းအား ဖမ်းဆုပ်လိုက်တော့သည်။

​သူ့ခေါင်းကို ဖြတ်ပြီး သင်္ဘောဦးတွင် ချိတ်ဆွဲထားရန်... ထိုအရာက စုမင် ယခင်က ပြောခဲ့သော စကားဖြစ်ပြီး သူသည် ၎င်းကို လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။

​"မင်း ငါ့ကို သတ်ရင် မင်း ဂိုဏ်းချုပ်များ ကောင်စီရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်" တာအိုဖေးဖန်၏ မျက်နှာမှာ ဖြူရော်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်ထွက်လာခဲ့သည်။ သူက စူးရှစွာ အော်ဟစ်ရင်း ဖမ်းဆုပ်မှုမှ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သူက စုမင်ထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားနေရပြီး ထိုသတ်ဖြတ်လိုစိတ်မှာ အလွန်တရာ ပြင်းထန်သဖြင့် ၎င်းကို အနည်းငယ် ခံစားမိရုံမျှဖြင့် သူ့နှလုံးသားအား တုန်ရင်သွားစေခဲ့သည်။

​သူ့အဖြေမှာ စုမင်ထံမှ အေးစက်သော နှာခေါင်းရှုံ့သံ တစ်ခုသာ ဖြစ်သည်။ သူ့ညာလက်မောင်းက ပူပြင်းသော ဓားတစ်လက်ဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သည့်အလား နဂါးငွေ့တန်းအား ဆုတ်ဖြဲပစ်လိုက်ပုံရသည်။ တစ်ခဏအတွင်း သူက တာအိုဖေးဖန်ထံသို့ ချဉ်းကပ်သွားပြီး သူ့လည်ပင်းကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း စုမင်၏ ညာလက်မောင်းက တာအိုဖေးဖန်ကို ထိလုနီးပါး ဖြစ်နေသည့် အခိုက်အတန့်တွင် လူငယ်၏ မျက်နှာအမူအရာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ပြီး သူ့ဘဝတွင် အကျယ်လောင်ဆုံးသော အော်ဟစ်သံကြီးအား ထုတ်ဖော်လိုက်တော့သည်။

​"အဘိုး... ကျွန်တော့်ကို ကယ်ပါဦး။ ကယ်ပါဦး"

​ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ အစွမ်းထက်သော စွမ်းအားတစ်ခုက ဟင်းလင်းပြင်ထဲမှ နဂါးငွေ့တန်းကို ဆုတ်ဖြဲကာ တာအိုဖေးဖန်၏ နောက်ကွယ်တွင် အဘိုးအိုတစ်ဦး၏ လက်မောင်း ပုံသဏ္ဌာန်အဖြစ် အတင်းအကျပ် ပေါ်ထွက်လာခဲ့ပြီး တာအိုဖေးဖန်၏ ပုခုံးအား ဖမ်းဆုပ်လိုက်သည်။ ထိုလက်မောင်းက သူ့ခန္ဓာကိုယ်ကို ဆွဲယူကာ တည်နေရာအား ပြောင်းလဲပေးလိုက်၏။ တစ်ပြိုင်တည်းပင် ရုတ်တရက် ပေါ်ထွက်လာသော ထိုပုဂ္ဂိုလ်က သူ့အခြားလက်မောင်း တစ်ဖက်ကို မြှောက်ကာ စုမင်၏ ဖမ်းဆုပ်မှုဆီသို့ အင်အားအပြည့်ဖြင့် ရိုက်ချလိုက်တော့သည်။

​ဝုန်း... ဝုန်း... ဝုန်း...

​စုမင်က လှုပ်ရှားလိုက်ပြီး ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ တာအိုဖေးဖန်ကို ကယ်တင်ခဲ့သော ထိုသူမှာ သွေးတစ်လုတ် အန်ချလိုက်ရသည်။ သူက နောက်သို့ ပေရာပေါင်းများစွာ တုန်တုန်ချိချိဖြင့် ဆုတ်ခွာသွားခဲ့ရ၏။ သူ ခေါင်းမော့လိုက်သောအခါ အိုမင်းရင့်ရော်နေသော မျက်နှာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက မီးခိုးရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။

​သူက စုမင်ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက တာအိုဖေးဖန်ကို ဆွဲယူကာ သူနှင့်အတူ နောက်ဆုတ်ရင်း အလောတကြီး ပြောလိုက်သည်။

​"ငါက ဂိုဏ်းအကြီးအကဲ နန်းဆောင်ရဲ့ မဟာဂိုဏ်းအကြီးအကဲ တာအိုဟွာလင်းပါ။ အရှင်မင်းသား... ကျေးဇူးပြုပြီး ငါ့မျက်နှာကို ထောက်ထားပေးပါ။ ငါ နောင်ကျရင် သေချာပေါက် ပြန်လည်ပေးဆပ်ပါ့မယ်"

​"ခင်ဗျား မျက်နှာကို ထောက်ထားပေးရမယ် ဟုတ်လား" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ခြေထောက်ကို မြှောက်လိုက်သောအခါ နောက်ကွယ်တွင် ဧရာမ လမင်းကြီး တစ်စင်း ပေါ်ထွက်လာခဲ့သည်။ ထိုသို့ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ယင်းက စစ်သင်္ဘော ရာနှင့်ချီပေါ်မှ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး မီးခိုးရောင်ဝတ် အဘိုးအိုနှင့် ပြင်းထန်သော ဒဏ်ရာများကြောင့် သွေးအန်လျက် ထပ်မံ၍ မှင်တက်သွားရပြန်သည့် တာအိုဖေးဖန်ထံမှလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

​ဧရာမလမင်းကြီး ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် စုမင်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး အဘိုးအိုထံသို့ ချက်ချင်းပင် ချဉ်းကပ်သွားခဲ့သည်။ သူ့ညာလက်ကို မြှောက်ကာ လက်ဟန် တစ်ကွက် ဖော်ဆောင်လိုက်ရာ နောက်ကွယ်ရှိ လမင်းကြီးမှာ စူးရှသော အရောင်သုံးမျိုး အလင်းတန်းများဖြင့် တောက်ပလာခဲ့တော့သည်။

​အဘိုးအို၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက ချက်ချင်းပင် လျှာဖျားကို ကိုက်ပြီး သွေးတစ်လုတ် အန်ချလိုက်ကာ ထိုအန်ချလိုက်သော သွေးများထံသို့ အော်ဟစ်လိုက်သည်။ ထိုသွေးများက တုန်ခါသွားပြီး သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားကာ စုမင်အား ဝါးမြိုရန် ပါးစပ်ကြီး အစွမ်းကုန် ဖြဲထားသော ဧရာမ သွေးရောင် ခေါင်းကြီး တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။

​ဝုန်း...

​စုမင်၏ လက်ညှိုးက သွေးမြူခိုးများဖြင့် ပြုလုပ်ထားသော ထိုခေါင်းကြီးပေါ်သို့ ထိမိသွားသည့် အခိုက်အတန့်တွင် ယင်းက အပိုင်းပိုင်း ပြိုကွဲသွားခဲ့သည်။ အဘိုးအို၏ မျက်နှာမှာ ဖြူရော်သွားခဲ့၏။ သူက ထပ်မံ၍ နောက်သို့ ဆုတ်ခွာသွားခဲ့ရပြီး ထိုလုပ်ငန်းစဉ်အတွင်း သူက ဟိန်းဟောက်လိုက်တော့သည်။

​"မင်းက အစစ်အမှန် မင်းဆက်တစ်ပါး လုံးဝ မဖြစ်သေးဘူး။ မင်းက မင်းရဲ့ ဂိုဏ်းတူအချင်းချင်းကို သတ်ဖြတ်ပြီး ဂိုဏ်းအကြီးအကဲ နန်းဆောင်ကိုလည်း စော်ကားနေတယ်။ ငါတို့ ဂိုဏ်းအကြီးအကဲတွေနဲ့ ပူးပေါင်းပြီး မင်းရဲ့ မင်းဆက်တစ်ပါး ရပိုင်ခွင့်ကို ရုပ်သိမ်းပစ်မှ ငါ့ကို အပြစ်မတင်နဲ့တော့။ မင်း နောက်ထပ် မိတ်ဆွေတစ်ယောက် လိုချင်တာလား ဒါမှမဟုတ် ရန်သူတစ်ယောက် တိုးချင်တာလား။ တာအိုခုန်း... ငါ့ကို အဖြေပေးစမ်း"

​အဘိုးအိုမှာ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေပြီး သနားစရာ ကောင်းနေပုံရသော်လည်း သူ စကားပြောနေစဉ်တွင်မူ အခြားသူများထက် အဆမတန် မြင့်မြတ်သော အငွေ့အသက်တစ်ခု ရှိနေဆဲ ဖြစ်သည်။ ထင်ရှားသည်မှာ ဂိုဏ်းအကြီးအကဲ နန်းဆောင်မှ မဟာဂိုဏ်းအကြီးအကဲတစ်ဦးအနေဖြင့် သူသည် ပုံမှန်နေ့ရက်များတွင် ဤကဲ့သို့သော မာနထောင်လွှားသည့် အမူအရာမျိုးကို ကျင့်သုံးနေကျ ဖြစ်သောကြောင့်ပင်။

​"ခင်ဗျားက ဘယ်ကကောင်မို့လို့လဲ" စုမင်က တည်ငြိမ်စွာ မေးလိုက်သည်။

အခန်း ၁၀၅၄ နဂါးငွေ့တန်းထဲမှ သွေးရောင်အလင်းတန်း

"မင်း..."

​အဘိုးအို ကြားလိုက်ရသည့်အခါ မျက်လုံးထဲတွင် ဒေါသရိပ်များ ချက်ချင်း ဖြတ်ပြေးသွားတော့သည်။ သူသည် ဂိုဏ်းအကြီးအကဲ နန်းဆောင်၏ မဟာဂိုဏ်းအကြီးအကဲ တစ်ယောက် ဖြစ်သဖြင့် နဂါးငွေ့တန်းထဲ၌ သူ့ကိုတွေ့သည့် လူတိုင်းက ရိုရိုသေသေ ဆက်ဆံကြရပြီး စကားပြောလျှင်ပင် အလွန်တရာ သတိထားကာ ရိုသေကြရသည်ချည်း ဖြစ်၏။

​သူ့တွင် တာအိုဟူသော မိသားစု မျိုးရိုးနာမည် ရှိနေခြင်းက သူသည် တာအိုမိသားစု၏ တိုက်ရိုက်အနွယ်ဝင် တစ်ယောက်ဖြစ်ကြောင်း သက်သေထူနေပြီး အဆင့်အတန်းလည်း အလွန်ပင် မြင့်မားသည်။ သူ့ကို ပြန်လှန်ပြောရဲသူဟူ၍ အလွန် ရှားပါးသည်။ သူ စကားပြောလျှင် လူများက သူ့စကားကို နာခံကြသည်။ မျက်နှာသာပေး ကြည့်ရှုကြသည်ကိုသာ သူ ကျင့်သုံးနေကျ ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် စုမင်နှင့် ရင်ဆိုင်ရသည့်အခါ "ခင်ဗျားက ဘယ်ကကောင်မို့လို့လဲ" ဟူသော စုမင်၏ စကားတစ်ခွန်းက သူ့နှလုံးသားထဲမှ ဒေါသမီးကို တောက်လောင်သွားစေခဲ့သည်။

​"ကောင်းပြီ... အရမ်းကောင်းတာပေါ့"

​အလွန်အမင်း ဒေါသထွက်နေသော အဘိုးအိုက အေးစက်စွာ ပြုံးရင်း သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

​"တစ်မိသားစုတည်းက ဂိုဏ်းတူနှစ်ယောက်ကို ဆက်တိုက်သတ်ရဲတဲ့ သတ္တိ မင်းမှာ ရှိ မရှိ ငါ ကြည့်ရသေးတာပေါ့"

​သူက အေးစက်စွာ နှာခေါင်းရှုံ့ရင်း တာအိုဖေးဖန်ကို ဆွဲယူကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

​သူ ထွက်ခွာတော့မည့် အချိန်မှာပင်...

​စုမင်က တည်ငြိမ်သော အမူအရာဖြင့် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ့နောက်ရှိ ဧရာမ လမင်းကြီးက အရောင်သုံးမျိုး စူးရှသော အလင်းတန်းကို ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်း နဂါးငွေ့တန်းထဲသို့ ပျံ့နှံ့သွားသည့်အခါ စုမင်၏ ခြေထောက်က ကျဆင်းသွားပြီး အဘိုးအို အနား တည့်တည့်တွင် ပေါ်လာခဲ့တော့သည်။

​အဘိုးအို လှည့်ကြည့်လိုက်သည့် အချိန်၌ပင် စုမင်က လျှပ်စီးလက်သလို အရှိန်ဖြင့် ညာလက်ကို ဆန့်ထုတ်ပြီးသား ဖြစ်နေပြီ ဖြစ်သည်။ သူက အဘိုးအိုကို ဖမ်းဆုပ်ရန် လုပ်လိုက်ရာ အဘိုးအိုက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး လျှာဖျားအား ကိုက်ကာ သွေးမြူခိုးလွှာ တစ်လွှားကို အန်ထုတ်လိုက်သည်။ သို့သော် ထိုမြူခိုးများ ဖြစ်တည်လာသည့် ခဏ၌ပင် စုမင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

​"ကွဲလွင့်စမ်း"

​သူ ထိုသို့ပြောလိုက်သည့်အခါ သူ့နောက်က အရောင်သုံးမျိုးပါ ဧရာမလမင်းကြီးက ပိုမိုတောက်ပလာခဲ့သည်။ ချက်ချင်းပင် သူ့ပတ်ပတ်လည်ရှိ နဂါးငွေ့တန်း၏ နိယာမတရားများသည် ကွဲလွင့်သွားပြီးမှ ပြန်လည် စုစည်းသွားသလို ဖြစ်သွားခဲ့ရသည်။ မမြင်ရသော နိယာမတရားများ ပြောင်းလဲသွားသည်နှင့် သွေးမြူခိုးများသည် လျှပ်စီးအရှိန်ဖြင့် ကွဲလွင့်ပျောက်ကွယ်သွားတော့သည်။

​ထိုအရာ ဖြစ်ပျက်သွားသည့် ခဏမှာပင် စုမင်၏ ညာလက်က အဘိုးအို ရှေ့တွင် ပေါ်လာပြီး တာအိုဖေးဖန်ကို ဖမ်းဆုပ်ကာ နောက်သို့ ဆွဲလိုက်ရာ ဖြူရော်ပြီး မျှော်လင့်ချက်မဲ့နေသော လူငယ်လေးအအား အဘိုးအို၏ လက်ထဲမှ အဓမ္မ ဆွဲယူလိုက်တော့သည်။

​"အဘိုး... ကျွန်တော့်ကို ကယ်ပါဦး၊ ကယ်ပါဦး..."

​တာအိုဖေးဖန်ကတော့ အသိစိတ်လွတ်မတတ် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။ သူ့နှလုံးသားထဲက ကြောက်ရွံ့မှုသည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စုမင်ထံမှ ရက်စက်အေးစက်သော အငွေ့အသက်ကို ခံစားနေရသောကြောင့် ဖြစ်သည်။ သူက သနားစရာကောင်းအောင် အော်ဟစ် အကူအညီတောင်းနေစဉ်မှာပင် စုမင်က ညာလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး လက်ချောင်းများအား ဖြန့်လိုက်ရာ တာအိုဖေးဖန်၏ ခန္ဓာကိုယ်သည် ကြီးမားသော စွမ်းအားတစ်ခုကြောင့် လွင့်စင်သွားခဲ့သည်။ သူသည် ရှည်လျားသော အလင်းတန်း တစ်တန်းအလား စစ်သင်္ဘောအုပ်စု ဆီသို့ ပျံသန်းသွားခဲ့တော့သည်။

​ဝုန်းခနဲ အသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံသည် အကျယ်လောင်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီးနောက် သင်္ဘောဦးတွင် စိုက်ထူထားသည့် ဘဝမတရားခြင်း လှံရှည်၏ ရိုးတံနှင့် အထိုးခံလိုက်ရသည်။

​သူ့ရင်ဘတ်က ထိုးဖောက်ခံလိုက်ရပြီး ခွေးခေါင်းပါ သားရဲကြီးနှင့်အတူ သင်္ဘောဦးတွင် တွဲညှပ်စိုက်ထူခြင်း ခံလိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်က တုန်ရီသွားပြီး ပါးစပ်ကနေ သွေးအမြောက်အမြား စီးကျလာခဲ့သည်။ သူ့မျက်လုံးများသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ခေါင်းက ဘေးသို့ စောင်းကျသွားကာ နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်တော့သည်။

​သူ့့နတ်ဘုရားဝိညာဉ်နှင့် စိတ်ဝိညာဉ်သည် ဘဝမတရားခြင်း လှံရှည်၏ အထိုးခံရသည့် တစ်ခဏတွင်ပင် ချေဖျက်ခံလိုက်ရပြီး ဖြစ်သည်။

​ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ခြောက်သွေ့ခြင်း အတိ ဖြစ်သွားခဲ့သည်။ စစ်သင်္ဘောများ ပေါ်က စုမင်၏ လက်အောက်ခံ ကျင့်ကြံသူများပင် အသံ တစ်ချက် မထွက်ရဲဘဲ စုမင်ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။ မည်သို့ဆိုစေ နံနက်ခင်း တာအိုဂိုဏ်း အတွင်း၌ ဂိုဏ်းတူချင်း သတ်ဖြတ်ခြင်းကို ပြင်းပြင်းထန်ထန် ပိတ်ပင်ထားသဖြင့် စုမင်သည် ကြီးမားသော ပြစ်မှုတစ်ခုအား ကျူးလွန်ခဲ့သည်မှာ ထင်ရှားနေသောကြောင့် ဖြစ်သည်။

​သို့ပေသော်ငြား ရွှီဟွေ၏ မျက်နှာ အမူအရာကမူ ပြောင်းလဲခြင်း မရှိပေ။ သူမဘေးက အမှောင် အစောင့်အရှောက် ကိုးယောက်စလုံးကလည်းမည်သည့် အမူအရာမျှ မပြကြချေ။ တာအိုဖေးဖန် သေဆုံးသွားသည်ကို သူတို့က သိပ်ပြီး စိတ်ပူပုံ မရသလိုပင်။

​ဤမြင်ကွင်းက ဂိုဏ်းအကြီး အကဲနန်းဆောင်က အဘိုးအိုကို ထိတ်လန့်သွားစေခဲ့သည်။ သူသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက် မျက်လုံးများထဲတွင် နီမြန်းသော အရောင်များ ပေါ်လာခဲ့သည်။ သူက စုမင်ကို မယုံကြည်နိုင်မှုများနှင့် စိုက်ကြည့်နေမိသည်။

​"ဂိုဏ်းအကြီးအကဲ နန်းဆောင်မှာ ရှိတဲ့ လူတွေရဲ့ တာဝန်ထဲက တစ်ခုက မိသားစုထဲက လူတွေကို စောင့်ကြည့်ဖို့ပဲ။ ပြီးတော့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့ လူမှန်သမျှကို သတ်ပိုင်ခွင့် ငါတို့မှာ ရှိတယ်။ တာအိုခုန်း... မင်းက ငါတို့မိသားစုရဲ့ တိုက်ရိုက် အနွယ်ဝင် ဖြစ်ပြီးတော့ တခြား မိသားစုဝင် တစ်ယောက်ကို သတ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်"

​"မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ နဂါးငွေ့တန်း တစ်ခုလုံးက မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပျက်စီးသွားတဲ့အထိ ဖိနှိပ်ထားပြီး တခြားသူတွေအတွက် သတိပေးချက်အဖြစ် လုပ်ရမယ်။ ငါ့ရဲ့ မဟာဂိုဏ်းအကြီးအကဲ ရာထူး အဆင့်အတန်းနဲ့ မင်းဟာ ရာဇဝတ်ကောင် တစ်ယောက် ဖြစ်တယ်ဆိုတာကို ငါ သက်သေထူတယ်" အဘိုးအိုက ဟိန်းဟောက်လိုက်သည်။

​သူ့မျက်လုံးထဲက ရန်ငြိုးများသည် အလွန်ပင် ထင်ရှားသည်။ သူ စကားပြောရင်း ညာလက်ကို မြှောက်လိုက်ရာ လက်ဝါးပေါ်တွင် ဖြူရောင် တံဆိပ်ပြား တစ်ပြား ပေါ်လာခဲ့သည်။ သူက တံဆိပ်ပြားကို ဘယ်လက်နှင့် ပုတ်လိုက်ပြီး သူ့အသံထဲက ရက်စက်ကြမ်းကြုတ်မှုနှင့် အမုန်းတရားများသည် အလွန်ပင် သိသာသည်။

​"တာအိုဖေးဖန်က ကျွန်မတို့ကို အရင်လာပြီး ရန်စခဲ့တာပါ။ ရန်စတဲ့ စကားလုံးတွေနဲ့ သူက အရှင်မင်းသားရဲ့ ရပိုင်ခွင့်ကို စိန်ခေါ်ဖို့ ကြံစည်ခဲ့တယ်။ ဒါက မင်းသား တာအိုခုန်းရဲ့ ပထမဆုံး စိန်ခေါ်သူပဲ။ လွန်ခဲ့တဲ့ နှစ်ပိုင်းတုန်းက ဘိုးဘေး သီးသန့်ကျင့်ကြံနေတုန်း ထုတ်ပြန်ခဲ့တဲ့ အမိန့်အရ အမွေခံတွေ ပေါ်ထွက်လာပြီးတာနဲ့ ဂိုဏ်းအတွင်းက စိန်ခေါ်သူတွေရဲ့ အသက်ရှင်သန်မှုကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး"

​ရွှီဟွေက အနည်းငယ် ပြုံးလိုက်သည်။ သူမက ညာလက်ကို မြှောက်လိုက်ရာ လက်ဝါးပေါ်တွင် အပြာရောင် တံဆိပ်ပြားတစ်ပြား ပေါ်လာခဲ့သည်။ ၎င်းကို ထုတ်ယူလိုက်သည့် တစ်ခဏမှာပင် စွမ်းအားလှိုင်းဂယက်များသည် ချက်ချင်း ပျံ့နှံ့သွားခဲ့တော့သည်။

​"ဂိုဏ်းချုပ်ရဲ့ တံဆိပ်ပြား"

​အဘိုးအို၏ မျက်နှာအမူအရာက ရွှီဟွေ၏ လက်ဝါးပေါ်က တံဆိပ်ပြားကို ကြည့်ပြီး သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် တုန်တုန်ချိချိနှင့် ဆုတ်ခွာသွားပြီး သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော အရောင်အသွေးများ ပေါ်လာခဲ့သည်။

​ထိုအခိုက်အတန့်မှာပင် သူက ထိုအချက်ကို သတိရသွားခဲ့သည်။ နံနက်ခင်း တာအိုဂိုဏ်း၌ အမွေခံများ ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သောကြောင့် သူက မင်းသားများ၏ အဆင့်အတန်းနှင့် စွမ်းအားကို လျစ်လျူရှုမိသွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက ဘိုးဘေး သီးသန့်ကျင့်ကြံစဉ် ထုတ်ပြန်ခဲ့သည့် အမိန့်ကိုလည်း သတိရသွားခဲ့သေးသည်။ ထိုအမိန့်ထဲ၌ အမွေခံများကို စိန်ခေါ်သောသူများသည် ရှုံးနိမ့်သွားပါက သူတို့၏ အသက်အား စွန့်လွှတ်ရမည်ဟု ဖော်ပြထားသည်။

​"ခင်ဗျားက တာအိုဖေးဖန်ရဲ့ အဘိုးပဲ။ ခင်ဗျားလည်း ကျုပ်ကို စိန်ခေါ်ဦးမလို့လား" စုမင်က တည်ငြိမ်စွာ မေးလိုက်သည်။

​ထိုမေးခွန်းက အဘိုးအို၏ မျက်နှာကို မမြင်ရသော လက်ဝါးတစ်ဖက်နှင့် ရိုက်ချလိုက်သလို ဖြစ်သွားပြီး သူ့မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ရသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူက လှည့်ထွက်သွားပြီး လျင်မြန်စွာ ပျံသန်းသွားသည့် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

​စုမင်က အဘိုးအိုကို မတားဆီးခဲ့ပေ။ သူက အဝေးသို့ ထွက်ခွာသွားသော အဘိုးအိုကို စိုက်ကြည့်နေပြီးနောက် စစ်သင်္ဘောအုပ်စု ဆီသို့ လှည့်လျှောက်လာခဲ့သည်။ မီးတောက်မိစ္ဆာ ဘိုးဘေး အနားသို့ ရောက်သည့်အခါ သူက ခြေလှမ်းရပ်လိုက်သည်။

​မီးတောက်မိစ္ဆာ ဘိုးဘေး၏ နှလုံးသားက ဝုန်းခနဲ တုန်ခါသွားခဲ့ရသည်။

​"နောက်တစ်ကြိမ် မရှိစေနဲ့" စုမင်က တည်ငြိမ်စွာ ပြောလိုက်ရာ မီးတောက်မိစ္ဆာ ဘိုးဘေးက နာခံမှုကို ပြသရန် အလျင်အမြန်ပင် ခေါင်းငုံ့လိုက်တော့သည်။

​ထိုသို့ လုပ်ဆောင်ရင်း သူ့နှလုံးသားထဲ၌ အကြီးအကျယ် သက်ပြင်းချနိုင်ခဲ့သည်။ ပဉ္စမမြောက် မီးဖိုဆီသို့ သွားသည့် ခရီးစဉ်တွင် စုမင်နှင့် စတွေ့စဉ်က သူသည် စုမင်ကို မထီမဲ့မြင် ပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သူက စုမင်အပေါ် ရန်လိုမှု ပြသလိုက်သည့်အခါ သူ့ရုပ်ခန္ဓာ ပျက်စီးသွားခဲ့ရပြီး မထီမဲ့မြင် ပြုမှုမှသည် သတိထားစောင့်ကြည့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူက စုမင်နှင့်အတူ ရှေးဟောင်းဝူ၏ မျိုးဆက်ကို လျှို့ဝှက်ကြံစည်ခဲ့ပြီး သူတို့ ဖြတ်သန်းခဲ့ရသည့် အရာများက မီးတောက်မိစ္ဆာ ဘိုးဘေးအား စုမင်အပေါ် အလွန်အမင်း သတိထားလာစေခဲ့သည်။

​မည်သည့် အချိန်က စလိုက်သည် မသိဘဲ ထိုအရာက လေးစားမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပဉ္စမမြောက် မီးဖိုက ထွက်ခွာပြီး ပဉ္စမမြောက် သမုဒ္ဒရာဆီသို့ ဦးတည်သည့် အချိန်၌မူ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တွင် သူ့စိတ်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူ စုမင်နောက်သို့ လိုက်နေသရွေ့ ဤမျှပင် ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ရပါစေ စုမင်က ထိုအရာကို ဖြေရှင်းနိုင်လိမ့်မည်ဟူသော အတွေးပင်။

​ထိုအကြောင်းကြောင့်ပင် မီးတောက်မိစ္ဆာ ဘိုးဘေးက စုမင်၏ စကားတစ်ခွန်းတည်းနှင့် စုမင်နောက်သို့ လိုလိုလားလား လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့လေးစားမှုက ပိုမိုကြီးမားလာပြီး ဝိညာဉ်ထဲတွင်ပါ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။

​ထိုအခိုက်အတန့်တွင် သူက စုမင်၏ ကျောပြင်ကို စိုက်ကြည့်ရင်း ခေါင်းငုံ့ကာ နီရဲသော ဝတ်ရုံခေါင်းစွပ်ကို အုပ်လိုက်ပြီး စစ်သင်္ဘော ပေါ်သို့ ပြန်လာခဲ့သည်။ ခဏအကြာတွင် စစ်သင်္ဘော ရာနှင့်ချီက ဟိန်းဟောက်သံများနှင့်အတူ နံနက်ခင်း တာအိုဂိုဏ်းရှိရာ အရပ်ဆီသို့ ဆက်လက် ဦးတည်သွားကြတော့သည်။ သူတို့က ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ရှေ့သို့ တိုးဝင်သွားကြသည်။

​စစ်သင်္ဘောများ၏ အလယ်ဗဟို၌မူ စုမင်၏ ဧရာမ စစ်သင်္ဘောကြီး ရှိနေပြီး သင်္ဘောဦးတွင်မူ ခွေးခေါင်းပါ ကြောက်မက်ဖွယ် သားရဲကြီးနှင့် တာအိုဖေးဖန်၏ ရုပ်အလောင်းကို တွဲညှပ်စိုက်ထူထားသည့် ဘဝမတရားခြင်း လှံရှည် ရှိနေခဲ့သည်။

​အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ငါးရက်တာ အချိန်ကာလ ကုန်လွန်သွားခဲ့သည်။ ထိုအတောအတွင်း စုမင်နှင့် သူ့လူများသည် ဂြိုဟ်အတော်များများကို ဖြတ်သန်းခဲ့ကြပြီး သူတို့နှင့် ဆုံတွေ့ရသည့် မျိုးနွယ်စု အားလုံးက နဂါးငွေ့တန်းထဲအထိ ထွက်လာပြီး သူ့အား လာရောက် နှုတ်ဆက်ကြသည်။

​သူတို့သည် တာအိုမိသားစု၏ တိုက်ရိုက် အနွယ်ဝင် အချို့နှင့်လည်း ဆုံတွေ့ခဲ့ကြသေးသည်။ သို့သော် စုမင်၏ သင်္ဘောဦးတွင် တာအိုဖေးဖန်၏ ရုပ်အလောင်းအား ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး အားလုံးက မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ လှည့်ထွက်သွားကြတော့သည်။

​ထိုရုပ်အလောင်းများသည် အထင်အရှား သတိပေးချက်တစ်ခု ဖြစ်နေခဲ့သည်။ ၎င်းတို့ကြောင့် စုမင်သည် မလိုအပ်သော နှောင့်ယှက်မှု အတော်များများကို ဖယ်ရှားနိုင်ခဲ့ပြီး စစ်သင်္ဘောအုပ်စုသည် သူသွားလေရာ အရပ်တိုင်းတွင် လူတိုင်းအား ခြိမ်းခြောက်နိုင်ခဲ့သည်။

​ငါးရက်မြောက်နေ့ ကုန်ဆုံးသွားသည့်အခါ စုမင်က အဝေးက နဂါးငွေ့တန်းကို စိုက်ကြည့်လိုက်ပြီး သူ့သူငယ်အိမ်များက အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။

​သူ သင်္ဘောလက်ရန်း အနားတွင် ရပ်နေသည့်အချိန် အဝေးက နဂါးငွေ့တန်းထဲ၌ သွေးရောင်အလင်းတန်း တစ်တန်းကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ထိုအလင်းတန်းက မှေးမှိန်ပြီး သူတို့နှင့် အတော်လေး ဝေးကွာနေပေမည့် စုမင်က ထိုနေရာသည် သတ်ဖြတ်ခြင်းနှင့် သွေးဆာခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်ဟု မတွေးဘဲ မနေနိုင်ပေ။

​ထင်ရှားသည်မှာ ထိုသွေးရောင် အလင်းတန်း ထွက်ပေါ်နေသည့် နေရာတွင် အကြီးအကျယ် သတ်ဖြတ်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းပင်။

​"အနည်းဆုံး ကျင့်ကြံသူ တစ်သိန်းလောက် အချင်းချင်း တိုက်ခိုက်နေကြတာပဲ"

​မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်လုံးထဲတွင် အလင်းတန်း တစ်တန်း လင်းလက်သွားပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

​"သလင်းကျောက်တွေ... သောက်ကျိုးနည်း၊ အဲဒီမှာ သလင်းကျောက်တွေ ဘယ်လောက်တောင် ရှိမလဲမသိဘူး" ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးများက အရောင်တောက်လာခဲ့သည်။

​ရွှီဟွေ၏ မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ အမှောင် အစောင့်အရှောက် ကိုးယောက်ကလည်း အဝေးက နဂါးငွေ့တန်းကို စူးစမ်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

​"စစ်သင်္ဘောတွေရဲ့ အရှိန်နဲ့ဆိုရင် အဲဒီစစ်မြေပြင်ကို ရောက်ဖို့ တစ်ရက်လောက် လိုလိမ့်မယ်။ သူ့ရဲ့ တည်နေရာ အရဆိုရင် ငါတို့ ဦးတည်သွားနေတဲ့ ပြောင်းရွှေ့ခြင်း နေရာမှာ ဖြစ်ရမယ်"

​ရွှီဟွေက ညာလက်ကို မြှောက်ပြီး လှန်လိုက်သည်။ ဂိုဏ်းအကြီးအကဲ၏ တံဆိပ်ပြားက သူမ လက်ဝါးပေါ်တွင် ပေါ်လာပြီး သူမက ၎င်းကို ခိုးကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

​"ငါ ဘာသတိပေးချက်မှ မရသေးဘူး။ ဒီတိုက်ပွဲက အခုမှ လတ်တလော ဖြစ်ပွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ တည်နေရာ အရဆိုရင်တော့ ငါတို့ သွားမယ့်နေရာ အမှန်ပဲ"

​"ဒါက နံနက်ခင်း တာအိုဂိုဏ်းက နဂါးငွေ့တန်းထဲမှာ ရှိတဲ့ ပြောင်းရွှေ့ခြင်းနေရာ တစ်ရာ့ရှစ်ခုထဲက တစ်ခုပဲ။ အဲဒီနေရာကို ရောက်ရင် အဲဒီက ပြောင်းရွှေ့ခြင်း စွမ်းအားနဲ့ နံနက်ခင်း တာအိုဂိုဏ်းကို ပြန်နိုင်လိမ့်မယ်" ရွှီဟွေက စုမင် ဘေးတွင် ရပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

​"ဂိုဏ်းရဲ့ အပြင်ဘက်ကနေ နံနက်ခင်း တာအိုဂိုဏ်းထဲကို ဝင်ဖို့ တခြားလမ်း မရှိဘူး။ တစ်ခုတည်းသော လမ်းကတော့ ဒီပြောင်းရွှေ့ခြင်းနေရာ တစ်ရာ့ရှစ်ခုကနေပဲ။ ပြီးတော့ ဒါကို နှိုးဖို့ နံနက်ခင်း တာအိုဂိုဏ်းဘက်ကနေလည်း တုံ့ပြန်ပေးဖို့ လိုတယ်။ ဒါကြောင့် ပြင်ပလူတွေက ဒီပြောင်းရွှေ့ခြင်း နေရာကို ထိန်းချုပ်ထားနိုင်ရင်တောင် သူတို့ ဝင်လို့ရမှာ မဟုတ်ဘူး"

​"နံနက်ခင်း တာအိုဂိုဏ်းကနေ ထွက်ခွာဖို့ကတော့ ပိုပြီး လွယ်ကူပါတယ်။ ဘယ်အရပ်မျက်နှာကိုမဆို အဆုံးအထိ လျှောက်သွားရုံနဲ့ အစစ်အမှန် နံနက်ခင်း တာအိုလောကရဲ့ နဂါးငွေ့တန်းထဲကို ဟင်းလင်းပြင်ကနေတစ်ဆင့် ရွှေ့ပြောင်းသွားနိုင်တယ်"

​"ငါတို့ရှေ့က ပြောင်းရွှေ့ခြင်း နေရာက အနီးဆုံးနေရာပဲ။ ဒါပေမဲ့ ဒါက အင်မော်တယ်များ မဟာမိတ် ပိုင်ဆိုင်တဲ့ နယ်မြေနဲ့လည်း တော်တော်လေး နီးကပ်နေတယ်။ တကယ်လို့ ငါတို့ ဒီနေရာကို ပတ်သွားမယ်ဆိုရင်တော့ ဝင်ဖို့ နောက်ထပ် တစ်လလောက် အချိန်ပိုလိုလိမ့်မယ်" ရွှီဟွေက စုမင်ကို လှမ်းကြည့်လိုက်သည်။

​အစစ်အမှန် နံနက်ခင်း တာအိုလောကသည် ကြီးမားလွန်းလှသဖြင့် စုမင်အနေဖြင့် နတ်ဘုရား အနှစ်သာရ နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့လျှင်ပင် သူသည် အံ့သြမိဆဲ ဖြစ်သည်။ ယင်းက နတ်ဘုရား အနှစ်သာရ နယ်မြေထက် အဆမတန် ပိုမို ကြီးမားပေသည်။

​အမှန်တကယ်တွင် စုမင်တစ်ယောက်တည်းသာ ဆိုလျှင် သူသည် ဟင်းလင်းပြင်ကို ကူးပြောင်းပြီး အကွာအဝေးအား လျင်မြန်စွာ ကျုံ့ပစ်နိုင်သည်။ သို့ရာ သူ့တွင် စစ်သင်္ဘော ရာနှင့်ချီ ရှိနေသဖြင့် ခရီးသွားအရှိန်ကမူ သဘာဝကျကျပင် နှေးကွေးနေခဲ့သည်။

​သို့သော် စုမင်က မလောပေ။ သူသည် အစစ်အမှန် နံနက်ခင်း တာအိုလောက အကြောင်းကို ပိုပြီး မြင်တွေ့ချင်နေခြင်း ဖြစ်သည်။ ထို့ပြင် သူတို့ရှေ့က တိုက်ပွဲကလည်း အင်မော်တယ်များ မဟာမိတ်ကြောင့် ဖြစ်ပွားနေခြင်း ထင်ရှားသဖြင့် သူ ရွှီဟွေ၏ စကားကို ကြားပြီး ခေါင်းညိတ်လိုက်သည်။ သူသည် စစ်မြေပြင်တွင် ရင်းနှီးသည့် မျက်နှာအချို့အား တွေ့နိုင်မည်လော ဆိုသည်ကို သိချင်နေခဲ့သည်။

​"ငါတို့ရှေ့က ပြောင်းရွှေ့ခြင်း နေရာဆီကိုပဲ သွားကြစို့" စုမင်က တည်ငြိမ်စွာ ပြောလိုက်တော့သည်။

All Chapters