အခန်း ၃၀၃
Vol. 21 Ch. 303
အပိုင်း ( 303 )
ငါအားခဲထားခဲ့တာလေ။ အဲ့လောက်လေးနဲ့ ပြီးသွားပြီလားဟ
ကောင်းကင်ဘုံ အကယ်ဒမီတွင် လူတော်တော်များများက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုကာ တောင်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များကို စောင့်ကြည့်နေခဲ့ကြသည်။
ဆံဖြူအဘိုးအိုတစ်ဦးက စကားပြောလာမှုနှင့်အတူ တစ်ခြားလူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့သော် သက်လတ်ပိုင်းလူတစ်ဦးက စကားဝင်ပြောနေတော့၏ “ သူက အဲ့ဒီမျိုးနွယ်စုကို အပြတ်ရှင်းမလားဆိုတာကို ငါလည်း သိချင်တယ် “
“ ဘာကိုဆိုလိုတာလဲ “
အဆုံးတွင် တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့၏။ သူတို့က ဘာဖြစ်လို့ အဲ့လိုမျိုး မြင်ချင်နေရတာလဲဟ။
တောင်ပိုင်းဒေသ၏ ပဋိပက္ခတွင် ကောင်းကင်ဘုံ အကယ်ဒမီပါ ပါဝင်ပတ်သက်နေခဲ့သည်။ သူတို့သည် အဆိုပါ မြင့်မြတ်နယ်မြေက ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားခဲ့ပြီး အဆိုပါ သူတော်စင်ကလည်း အံ့ဖွယ်ကောင်းသည်ဆိုသည်ကို သိနေကြသည်။
ယခုတွင် ထိုကိစ္စကို မည်ကဲ့သို့ ဖြေရှင်းရမလဲဆိုသည်ကို စဥ်းစားနေရမည့်အစား သူတို့က တိတ်တဆိတ် စူးစမ်းလေ့လာနေကာ လုချန်ရှန်းက မိုးကြိုးငှက်မျိုးနွယ်စုကို အပြတ်ရှင်းမလားဆိုသည်ကို သိချင်နေလျက်ရှိ၏။
သူတို့သည် သူက သူတို့မြင်တွေ့ချင်နေသည့် လူမျိုးလား(သို့) ရက်စက်ကြမ်းကြုတ်သည့် လူမျိုးလားဆိုသည်ကို သိချင်နေပုံရ၏။ ထို့နောက်တွင် သူနှင့် မည်ကဲ့သို့ ပြောဆိုဆက်ဆံရမလဲဆိုသည်ကို ဆုံးဖြတ်ကြမည့်ပုံပင်။
လူတော်တော်များများက ထိုနေရာတွင် နေရာယူထားခဲ့ပြီး ထိုလူများအနက်မှ တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက ကမ္ဘာပေါ်မှာ ဒီလိုအရှိန်အဝါမျိုးနဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့တာကို ငါမှတ်မိပါသေးတယ်။ အဲ့တာက သူတော်စင်က ကပ်ဘေးကို ရင်ဆိုင်နေတဲ့ အချိန်ကဖြစ်ရပ်နဲ့ တော်တော်လေးကို တူတယ် “
“ အင်း။ ငါလည်း တွက်ချက်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ဒါပင်မဲ့ အရှိန်အဝါက မြန်မြန်ဆန်ဆန်ကြီး ပျောက်သွားခဲ့တယ် “
ထိုလူများက အပြန်အလှန် စကားပြောနေခဲ့ကြသည်။
အစောပိုင်း အချိန်များအတွင်းက မေးမြန်းနေခဲ့သည့်လူသည် တိတ်တဆိတ် နားထောင်နေခဲ့ပြီး မအောင့်ထားနိုင်တော့ဘဲ ထပ်မံ၍ မေးမြန်းနေတော့သည် “ သူတော်စင်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက နိုးထလာခဲ့တာလို့ မင်းပြောချင်နေတာလား “
လူတိုင်း မျက်မှောင်ကြုတ်သွားကြသော်လည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
“ သူက အဲ့ဒီမျိုးနွယ်စုကို အပြတ်ရှင်းမလားဆိုတာကိုပဲ စောင့်ကြည့်လိုက်ကြတာပေါ့ “
“ ငါနားမလည်သေးဘူး “
ထိုလူသည် ဇွဲမလျှော့ဘဲ ဆက်လက်၍ မေးမြန်းနေခဲ့သည်။
ဆံဖြူအဘိုးအိုက စကားထပ်ပြောလာခဲ့၏ “ သူတော်စင်ရဲ့ ဇစ်မြစ်နဲ့ ဘဝအကြောင်းကို မင်းတို့သိလား “
“ သူက မဟာတောရိုင်း နန်းတော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချိတ်ပိတ်ခံခဲ့ရတဲ့ ပါရမီရှင်တစ်ယောက်လေ “
ဆံဖြူအဘိုးအိုက စကားဆက်ပြောနေခဲ့၏ “ အဲ့တာဆိုရင် သူပေါ်လာခဲ့ပြီးတဲ့နောက်မှာ လူတိုင်းက ဘာဖြစ်လို့ စိုးရိမ်တကြီး ဖြစ်သွားရတာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက တဟားဟား ရယ်မောနေကြတော့သည်။ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် သူ၏ ပါရမီကြောင့် မဟုတ်ဘဲ တစ်ခြားသော အကြောင်းပြချက်တစ်ခု သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။
တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ဓားတာအိုကို အင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံထားတဲ့ နတ်ဘုရားနယ်ပယ် တာအိုကာကွယ်သူ ရှိတာကြောင့်ရယ် ပြီးတော့ မဟာတောရိုင်း နန်းတော်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးခဲ့တာကြောင့်ရယ်ပေါ့။ အဲ့တာတွေကြောင့်ပဲ သူတော်စင်က ကံကြွေးကို ရသွားတယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို သတ်လိုက်မယ်ဆိုရင် အဲ့လူရဲ့ ကောင်းမှုကံတွေ ပြတ်တောက်သွားပြီးတော့ ကံကြမ္မာရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံသွားရလိမ့်မယ် “
“ အမှန်ပဲ။ ကိုယ်ထင်မပြသေးတဲ့ တာအိုကာကွယ်သူရယ် ကံကြွေးရယ် ရှိနေတာကြောင့် သူ့ကို ဘယ်သူမှ မထိရဲကြဘူး “ ဆံဖြူအဘိုးအိုက ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်ကာ စကားထပ်ပြောနေတော့သည် “ ကံကြွေးနဲ့ဆိုရင် ဘယ်သူက သတိမထားဘဲ နေရဲမှာလဲ။ ဒါပင်မဲ့ ကံကြွေးရှိတဲ့ လူတစ်ယောက်ဆီမှာလည်း သူတွေးပူနေရမဲ့ ကိုယ်ပိုင်ကိစ္စလေးတွေ ရှိတယ် “
“ ဘာတွေကို တွေးပူနေရတာလဲဗျ “ အမေးသန်သည့် လူက ထပ်မံ၍ မေးမြန်းနေတော့၏။
“ ကမ္ဘာပေါ်မှာ ရှိတဲ့ အရာအားလုံးမှာ ကံကြွေးရှိပြီးတော့ မျှခြေဆိုတာလည်း ရှိတယ်။ ကံကြွေးကို ပိုင်ဆိုင်ထားတယ်ဆိုပင်မဲ့ အဲ့လိုလူတစ်ယောက်က စိတ်ထင်တိုင်းကြဲလို့မရဘူး။ သက်ရှိ သတ္တဝါတွေကို အကြောင်းမဲ့ သတ်ဖြတ်တာက သတ်ဖြတ်မှုကံကြွေးကို တိုးပွားသွားစေလိမ့်မယ်။ သာမန်အချိန်တွေမှာ အဆင်ပြေတယ်ဆိုပင်မဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေလိုဟာမျိုးကတော့ သဘာဝဖြစ်စဥ်ကို ထိခိုက်စေပြီးတော့ အကုသိုလ်ကံကို ဖြစ်စေတယ်။ အဲ့တာက ကံကြွေးကို ချေမှုန်းနိုင်စွမ်းရှိတယ် “
( ကံကြွေးဆိုတာက ကံကောင်းတာပါပဲ။ ဒါပင်မဲ့ အဲ့ထပ် အဆင့်နည်းနည်းမြင့်တာမျိုးပါ ကောင်းချီးလိုလိုဘာလိုလိုပေါ့ )
“ အမှန်ပဲ။ ကံကြွေးကိုရဖို့ဆိုတာက ဘယ်လောက်တောင် ခက်လိုက်လဲ။ ဘယ်သူက အဲ့တာကို လက်လျော့ချင်မှာလဲ။ ဖရိုဖရဲခေတ်ပြီးသွားတဲ့ အချိန်ကတည်းက ကံကြွေးကို မမြင်ရတာ တော်တော်ကြာပြီ။ ကံကြွေးကိစ္စကို မှတ်မိတဲ့လူဆိုတာ တော်တော်ရှားသွားပြီ။ အဲ့ခေတ်က လူတွေကပဲ အဲ့ကိစ္စတွေကို မှတ်မိနေကြတာ “
“ အခုကိစ္စမှာ ရန်ကြွေးရှိနေတယ်ဆိုရင်တောင်မှ အဲ့တာက လူတစ်စုရဲ့ ဆုံးဖြတ်ချက်ပဲ။ အဲ့မျိုးနွယ်စုရဲ့ လူအများစုက အဲ့ကိစ္စကို သိချင်မှတောင် သိကြမှာ။ သူတို့တွေကို သတ်လိုက်တာက အကုသိုလ်ကံကို ဖြစ်လာစေလိမ့်မယ် “
“ ဒါပင်မဲ့ သူက ကြားဝင်စွက်ဖက်တဲ့ လူတွေကိုပဲ သတ်လိုက်မယ်ဆိုရင် ကျန်နေခဲ့တဲ့လူတွေက အမုန်းတရားကို မွေးမြူပြီးတော့ နောင်အနာဂတ်မှာ ပြဿနာကြီးတွေရဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်တယ် “
ထိုအချိန်တွင် အစောပိုင်း အချိန်များအတွင်းက မေးခွန်းများ ဆက်တိုက်မေးမြန်းနေခဲ့သည့် လူ၏ အမူအရာ ပြောင်းလဲသွားသည်။ လွန်ခဲ့သော မိနစ်ပိုင်းအတွင်းကပင် လွန်ခဲ့သော တစ်နှစ်ကျော်က သူတော်စင်နှင့် တူညီသည့် အရှိန်အဝါတစ်ခု ပေါ်လာခဲ့သည်ဟု ထိုလူများက ပြောဆိုနေခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ထိုလူက စကားထပ်ပြောလိုက်သည် “ သူတော်စင်က အစစ်မဟုတ်ဘူးလို့ ပြောချင်နေတာလား “
အဆိုပါ အမေးသန်သူမှာ သူ၏မေးခွန်းကြောင့် သူကိုယ်တိုင်ပင် အံ့ဩတကြီးဖြစ်သွားခဲ့သည်။ တစ်ခြားလူများက အံ့အားသင့်ကာ သူတော်စင်ကို ကြောက်လန့်နေကြသည့် အချိန်တွင် အဆိုပါ အဘိုးကြီးများမှာ သူတော်စင်၏ စစ်မှန်မှုကို သံသယဝင်နေခဲ့ကြသည်။
“ ဒါပင်မဲ့ ဘာလို့လဲ။ သူပေါ်လာတာကို ကိုယ်တိုင်မြင်ခဲ့ရတာ မဟုတ်ဘူးလား “
ဆံဖြူအဘိုးအိုက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်နေတော့၏။ သူသည် သူ့အရှေ့တွင် ရှိနေသည့် အလင်းမျက်နှာပြင်ထံသို့ လျှောက်လှမ်းသွားကာ အချိန်အတော်ကြာ လွမ်းဆွတ်တမ်းတမိနေတော့၏။
“ သူတော်စင်နဲ့ ပတ်သက်ပြီးတော့ ကောင်းကင်ဘုံ အကယ်ဒမီမှာ မှတ်တမ်းတွေရှိတယ်။ ဖရိုဖရဲခေတ်ကြီး ပြီးဆုံးသွားတဲ့နောက်မှာ သူက ပြင်းထန်တဲ့ တာအိုဒဏ်ရာတွေ ရသွားခဲ့တယ်။ ရှားပါးတဲ့ ရတနာတွေနဲ့ ပေါင်းစည်းပေးခဲ့တယ်ဆိုပင်မဲ့ အရင်က ပညာရှိကြီးတွေက ခန့်မှန်းတွက်ချက်ခဲ့ကြတယ်။ သူအသက်ရှင်နိုင်ခြေက ဆယ်ပုံပုံတစ်ပုံပဲရှိတယ်။ တော်တော်လေးကို နည်းလွန်းတယ်တဲ့ “
လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ဒါပင်မဲ့ သူက မှတ်တမ်းတွေထဲကအတိုင်း တကယ်ဖြစ်နေတယ်။ အသက်နှစ်ဆယ်အရွယ် မွေးရာပါ ဝိညာဥ်နယ်ပယ် အထွတ်အထိပ်နဲ့ နီးနေပြီးတော့ မိုးကြိုးနည်းစနစ်တွေကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့မျိုးဆက်မှာ ပြိုင်ဘက်ကင်းတယ် “
ယခင်က ကပ်ဘေးကျော်ဖြတ်ခြင်းက အဆိုပါ မှန်းဆချက်ကို အတည်ပြုပေးခဲ့ပြီးပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ ပုံတူတစ်ပုံ ရှာဖွေကာ လုချန်ရှန်း၏ မျက်နှာနှင့် နှိုင်းယှဥ်ကြည့်ရန်အတွက်ပင် ဖြစ်သည်။
ထိုလူများအနက်မှ လူတစ်စုကပါ သဘောတူလာကြသည်။
သို့ရာတွင် တစ်ချို့လူများကမူ ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်ကြသည် “ အဲ့တာက မူဟွမ်ကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့တာကြောင့်ပဲ ငါသေချာမပြောရဲတာ “
“ မူဟွမ်လား “
တစ်ခြားလူများက ဇဝေဇဝါ ဖြစ်သွားကြသည်။
ဆံဖြူအဘိုးအိုက စကားထပ်ပြောနေတော့သည် “ သူက နတ်ဘုရားနယ်ပယ်ကို ရောက်ခဲ့တယ်။ ဓားတာအိုကိုလည်း ဓားဆန္ဒဖြစ်တည်ခြင်းအဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့ပြီးတော့ အံ့ဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို ရခဲ့တယ်လေ “
“ မဟာတောရိုင်း နန်းတော်က ပုံမှန်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ပျောက်ကွယ်သွားသင့်တာ။ ဒါပင်မဲ့ မူဟွမ်က ဒီမြင့်မြတ်နယ်မြေကို ကာကွယ်ချင်ခဲ့ပြီးတော့ ကိစ္စတော်တော်များများကို လုပ်ခဲ့တယ်လေ။ ဒါက ငါတို့ကို လှည့်စားဖို့ သူချန်ထားခဲ့တဲ့ အခြေအနေတစ်ခု ဖြစ်နေမှာကို ငါကြောက်မိတယ် “
ထိုအချိန်တွင် အဆိုပါ လိပ်အိုကြီးများက မည်သည့်အတွက်ကြောင့် စိုးရိမ်နေရလဲဆိုသည်ကို လူတိုင်းက နားလည်သွားခဲ့သည်။
သူတို့သည် သူတို့အရှေ့တွင် ရှိနေသည့် လူငယ်လေးက အင်အားစု အကုန်လုံးကို ဟန့်တား၍ မဟာတောရိုင်း နန်းတော် ဖျက်စီးခံရမည်ကို တားဆီးရန် မူဟွမ် ချန်ထားခဲ့သည့် အစီအစဥ်တစ်ခု ဖြစ်နေမည်ကို စိုးရွံ့နေကြ၏။
ယခုလက်ရှိ နားလည်ထားသလောက်အရဆိုပါက အဆိုပါ လူငယ်လေး၏ စွမ်းရည်များက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သူက မလွဲမသွေ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သွားမည်ဖြစ်ပြီး မြင့်မြတ်နယ်မြေ၏ ကံတရားကို အသက်ဆက်ပေးနိုင်လိမ့်မည် ဖြစ်ပေသည်။
သူတို့ ကြောက်ရွံ့နေသည်က ကြောက်မက်ဖွယ်ရာ စွမ်းရည်များကို ပိုင်ဆိုင်ထားသော အဆိုပါ လူငယ်လေး မဟုတ်ပေ။ သူက အပြည့်အဝ မကြီးပျင်းလာသေးသရွေ့ မည်သည့်အရာကိုမှ တွေးပူနေစရာ မလိုပေ။
သူတို့ကြောက်ရွံ့နေသည်မှာ သူတို့အရှေ့တွင် ရှိနေသည့် လူငယ်လေးက ကံကြွေးကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် သူတော်စင်တစ်ဦး ဖြစ်နေမည်ကိုပင် ဖြစ်သည်။ သူတို့က လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကံကြွေးစွမ်းအားက နှစ်ပေါင်းများစွာ စုစည်းခဲ့ရသော ကောင်းကင်ဘုံ အကယ်ဒမီ၏ အခြေခံအုတ်မြစ်ကိုပင် ဖျက်စီးရန် လုံလောက်ပေသည်။
အကယ်၍ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ထိုကဲ့သို့သော စွမ်းရည်မျိုးနှင့် လူတစ်ဦးကို ကြီးပျင်းခွင့်ပြုလိုက်ခြင်းမှာ အန္တရာယ်များလှသည်။
လုချန်ရှန်းက စစ်တိုက်တော့မည်ဟု ကြားသိခဲ့ရသည့် အချိန်တွင် သူတို့က သူ့ကို မည်သို့မျှ မတားဆီးခဲ့ပေ။
သူတို့က လုချန်ရှန်းကို ထိုနေရာသို့ သွားခွင့်ပြုလိုက်ပြီး အခြေအနေက အထွတ်အထိပ်အထိ ရောက်ရှိသွားချိန်တွင် သူက အဆိုပါ မျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်မည်လားဆိုသည်ကို သိချင်နေကြ၏။
အကယ်၍ သူကသာ အစစ်အမှန် သူတော်စင်ဖြစ်နေခဲ့မည်ဆိုပါက သူ၏ မှီခိုရာက ကံကြွေးဆိုသည်ကို သိနေကာ ၎င်းအား ပျောက်ပျက်သွားစေမည့် လုပ်ရပ်မျိုးကို မိုက်မိုက်မဲမဲ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အောင့်အီးသည်းခံကာ အဆိုပါ မျိုးနွယ်စုကို အမြစ်ပြတ်သုတ်သင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ သူကသာ အတုဖြစ်နေမယ်ဆိုပါက သူ၏ အာဏာကို တည်မြဲအောင် ပြုလုပ်ရန်အတွက် ရန်ကြွေးများကို အပြီးအပြတ်ရှင်းလင်းရန်အတွက် အဆိုပါ မျိုးနွယ်စုကို သုတ်သင်ရှင်းလင်းလိုက်မည် ဖြစ်သည်။ ၎င်းက အနည်းငယ်မျှသော ရွေးချယ်စရာများစွာထဲမှ တစ်ခုဖြစ်သည်။
ဖရိုဖရဲခေတ်ဖြစ်စေ မဟာတောရိုင်း နန်းတော်က ပုန်ကန်မှုနှင့် လုပ်ကြံခြင်းတို့ကို ခံစားခဲ့ရခြင်းဖြစ်စေ (သို့) သူတော်စင်၏ ပြန်လည်ရှင်သန်ခြင်းဖြစ်စေ ၎င်းတို့အားလုံးက အခွင့်အာဏာကို ထူထောင်ရန်အတွက် ပြတ်သားသော အစီအမံများနှင့် ကြီးမားသော အောင်ပွဲတို့ကို မလွဲမသွေ လိုအပ်ပေသည်။
သူတို့သည် လုချန်ရှန်းက မည်သည့်မျိုးနွယ်စုအား ရွေးချယ်မလဲဆိုသည်ကိုပါ မသိခဲ့ပေ။ ယခုကြည့်ရသလောက်အရဆိုပါက မိုးကြိုးငှက်မျိုးနွယ်စုက ကံဆိုးသူမောင်ရှင် ဖြစ်သွားပုံရသည်။
သူတို့၏ သေခြင်းရှင်ခြင်းကို တစ်ခြားလူများက ထိန်းချုပ်ထားခဲ့သည်။
အကယ်၍ ၎င်းက မူဟွမ်၏ အစီအစဥ်ဖြစ်နေခဲ့မည်ဆိုလျှင်တောင်မှ အခြေအနေများက ထိုကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်ဟု သူမှန်းဆနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
အရာအားလုံးက လူတိုင်းတွေးထင်နေသည့်အတိုင်းသာ ဖြစ်နေခဲ့သည်။ မူဟွမ်က ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသကဲ့သို့ ကံကြွေးအကြောင်းကိုပါ မသိခဲ့ပေ။
ထို့ကြောင့် အားလုံးသည် လုချန်ရှန်းက ရွေးချယ်မှုတစ်ခု ပြုလုပ်မည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
သို့ရာတွင် အရာအားလုံး ဆက်လက်ဖြစ်ပွားနေပြီး လုချန်ရှန်းကိုယ်တိုင်ကပင် ကောင်းကင်ဘုံ အကယ်ဒမီ၏ လှည့်ကွက်ကို သတိမပြုမိခဲ့ပေ။
သူက မိုးကြိုးငှက် မျိုးနွယ်စု၏ အရှေ့တွင် မတ်တပ်ရပ်နေပြီး မထီမဲ့မြင်ပြုနေသာ အကြည့်များဖြင့် အောက်သို့ ငုံ့ကြည့်နေလျက်ရှိ၏။ ထို့နောက်တွင် သူ၏အသံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဘာမှထပ်ပြောနေဖို့ မလိုတော့ဘူး “
သူ၏ စကားလုံးများက ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ပုံရ၏။ လူတိုင်းက စောင့်ကြည့်နေပြီး မိုးကြိုးငှက် မျိုးနွယ်စုဝင်များ၏ မျက်ဝန်းများအတွင်းတွင် ဝမ်းနည်းပူဆွေးမှုများတို့ ပြည့်နှက်နေကာ သူတို့၏ အစောပိုင်းရွေးချယ်မှုကို နောင်တရသွားကြသည်။
မူချွမ် ရှေ့တက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။ စစ်ဘော်ပေါ်ရှိ လူတိုင်းကပါ ရှေ့တစ်လှမ်းတိုးလှမ်းလာခဲ့ကာ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့၏။
ကောင်းကင်ဘုံ အကယ်ဒမီက တွေးတောစဥ်းစားနေစဥ်အချိန်တွင် မဟာတောရိုင်း နန်းတော်က စာရင်းရှင်းရန် လိုအပ်နေခဲ့သည်။ သူတို့၏ မြင့်မြတ်နယ်မြေအတွက် နာမည်တစ်လုံး တည်ဆောက်ရန်နှင့် သူတော်စင်၏ ဩဇာအာဏာကို ထူထောင်ရန်အတွက် ဖြစ်သည်။
အလယ်ပိုင်းဒေသတွင် တစ်စုံတစ်ဦးက ပြုံးစိစိ ဖြစ်သွားခဲ့သည်။ သူတို့က ယခုလေးတင် သူတို့လိုချင်နေသည့် အဖြေကို ရရှိခဲ့ပြီဖြစ်သည်။
သို့ရာတွင် လူတိုင်းက အရှေ့သို့ ပြေးတက်သွားရန် ပြင်လိုက်သည့် အချိန်မှာပင် လုချန်ရှန်း၏ အသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
“ ငါက မင်းတို့ကို သတ်ဖို့အတွက် လာခဲ့တာ မဟုတ်ဘူး။ မင်းတို့ မျိုးနွယ်စုထဲက ပုန်ကန်လိုစိတ် ရှိတဲ့လူတွေကို နှိမ်နင်းဖမ်းဆီပြီးတော့ သူတို့ရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ဖို့အတွက် ငါတို့ဆီကို လွှတ်လိုက်။ ပြီးတော့ မင်းတို့ မျိုးနွယ်စုမှာ ရှိတဲ့ ဝိညာဥ်ကျောက် အကုန်လုံးကို အပ်ပါ။ ဒီနေ့ကစပြီးတော့ မင်းတို့မျိုးနွယ်စုက ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ကို အညံ့ခံပြီးတော့ နှစ်စဥ်နှစ်တိုင်း အခွန်ပေးရမယ်။ မင်းတို့အားလုံး ငါ့ဆုံးဖြတ်ချက်ကို လက်ခံကြလား “
ထိုအခိုက်အတန့်တွင် လူတိုင်း မှင်သက်သွားကြသည်။
မဟာတောရိုင်း နန်းတော်၏ လူများက လုချန်ရှန်းကို ငေးကြည့်နေကြတော့သည်။
မူချွမ်ကပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။ ငါက တိုက်ဖို့တောင် ပြင်နေပြီလေ။ ဒါပဲလားဟ။
လုချန်ရှန်း၏ ဆုံးဖြတ်ချက်က မထင်မှတ်ထားသော အရာဖြစ်ပြီး သူတို့သာလျှင် မဟုတ်ဘဲ သူတို့အနောက်မှ လိုက်လာကြသည့် သူများကပါ အံ့ဩတကြီး ဖြစ်သွားကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ အကယ်ဒမီအတွင်းရှိ လူများမှာလည်း အံ့ဩမှင်သက်ကာ သူတို့၏ မျက်နှာများပေါ်တွင် ရှိနေသည့် အပြုံးများပင် အေးခဲတောင့်တင်းသွားခဲ့သည်။ သူတို့သည် သူတို့အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အချိန်အတော်ကြာ အတွေးနက်သွားခဲ့သည်။
--
……………………………………………………………………………………………………………………………………