အခန်း ၃၀၄
Vol. 21 Ch. 304
အပိုင်း ( 304 )
လုချန်ရှန်းဆိုသည်မှာ
ပြိုကျပျက်စီးသွားခဲ့သော တောင်တန်း၏ အရှေ့ဘက်တွင် လူတိုင်းက သူတော်စင်ကို ငေးကြည့်ကာ တအံ့တဩဖြစ်နေလျက်ရှိ၏။
သူက တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်မျိုးဖြင့် လူတစ်စုကို ဦးဆောင်လာခဲ့ပြီး ခမ်းနားသော အသွင်အပြင်ဖြင့် ရောက်ရှိလာခဲ့သည်။ အစတွင် မျိုးပြုတ်တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု လူတိုင်းက ထင်နေခဲ့ခြင်းဖြစ်သည်။
အဲ့တာပဲလား။
မဟာတောရိုင်း နန်းတော်၏ အဖွဲ့သားများအပါအဝင် လူတိုင်းက ဇဝေဇဝါ ဖြစ်သွားကြသည်။
မိုးကြိုးငှက်မျိုးနွယ်စုကသာလျှင် ကြီးမားသော ခွင့်လွှတ်မှုကို ရရှိသကဲ့သို့ ခံစားသွားကြရကာ ကျေးဇူးတင်စိတ်ဖြင့် ဦးညွတ်လာကြ၏။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်ပြီး ပုန်ကန်သူများကို လွှဲပေးဆိုသည့် လုချန်ရှန်း၏ စကားဖြစ်ပြီး သူတို့ထံတွင် ပုန်ကန်သူများ ရှိမရှိဆိုသည်က မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် သူ့အပေါ်တွင် မူတည်သွားခဲ့ပြီဖြစ်သည်။
သူတို့၏ အသက်များ ဆက်လက်ရှင်သန်နိုင်ရုံတင်မဟုတ်ဘဲ အမြင်မတူသည့် လူများကိုပါ ရှင်းထုတ်ရန် အခွင့်အရေး ရလာခဲ့ခြင်းဖြစ်သည်။ ၎င်းက ကံကောင်းမှုပင်ဖြစ်သည်။
တစ်ခုတည်းသော တန်ကြေးကမူ ဝိညာဥ်ကျောက်တုံးများပင် ဖြစ်သည်။
“ သူတော်စင် ဘာဖြစ်လို့လဲဗျ “
မူချွမ်က မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ ဤတစ်ကြိမ်တွင် ဂုဏ်သိက္ခာကို ပြန်လည်ဆောင်ကြဥ်းရန်အတွက် ကြီးမားသော တိုက်ပွဲတစ်ခုကို ဆင်နွှဲရမည်ဖြစ်ပြီး သူတို့က ဤနေရာသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ၎င်းက ထိုကဲ့သို့ အဆုံးသတ်သွားခဲ့လေသည်။
စောင့်ကြည့်နေသူများမှာလည်း နားမလည်နိုင် ဖြစ်သွားကြသည်။
လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ကောင်းကင်ဘုံက အသက်တွေကို တန်ဖိုးထားတယ်။ သက်ရှိသတ္တဝါတိုင်းကို ကောင်းကင်ဘုံက ပျိုးထောင်ပေးခဲ့တာ။ မျိုးနွယ်စုတစ်ခုလုံးကို လူမျိုးတုန်း သတ်ဖြတ်တာက ကောင်းကင်ဘုံတာအိုကို ဆန့်ကျင်လိုက်တာပဲ။ ငါက အဲ့လိုလုပ်ဖို့ ဆန္ဒမရှိဘူး “
“ အဲ့တာက …… “
သူ၏ စကားလုံးများက လူတိုင်းကို ထပ်မံ၍ အတွေးနက်သွားစေခဲ့ပြန်သည်။
လူတော်တော်များများက လုချန်ရှန်းကို ငေးကြည့်နေရင်းဖြင့် စိတ်လှုပ်ရှားသွားကြသည်။ သူက အချိန်အတော် အိပ်မောကျနေခဲ့သော်လည်း သူ၏ တကယ့်အသက်က နှစ်ဆယ်ဝန်းကျင်မျှသာ ရှိနေသေး၏။
သို့ရာတွင် သူက ငယ်ငယ်ရွယ်ရွယ် ထိုကဲ့သို့သော စိတ်နှလုံးသားမျိုးကို ပိုင်ဆိုင်ထားပြီး သနားကြင်နာတတ်ကာ ငြိမ်းချမ်းသော ကမ္ဘာလောကကို ဖန်တီးမည့် လူတစ်ဦးဖြစ်နေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လူတော်တော်များများသည် ခေါင်းတုံးဘုန်းကြီးများက ဒေါင်းယောင်ဆောင်သောကျီးများဖြစ်ကာ ဤသူတော်စင်က ဘုန်းတန်ခိုးကြီးသည်ဟု ခံစားသွားကြရသည်။
မူချွမ်က နားလည်နေပုံရ၏။ သူတော်စင်က ငါတို့ မဟာတောရိုင်း နန်းတော်ရဲ့ ကောင်းမှုကံ တည်တံ့ဖို့အတွက် အဲ့လိုလုပ်နေရတာပဲ။ မိုးကြိုးငှက် မျိုးနွယ်စုကို သက်ညှာကာ သူတို့၏ အမိန့်အောက်သို့ ဆွဲသွင်းလိုက်ခြင်းအားဖြင့် သူက ထိုလူများကို သူတို့၏ ကိုယ်ပိုင်ကောင်းကျိုးအတွက် အသုံးချနိုင်ပေသည်။ ၎င်းက ကျားကို တောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် သူတော်စင်က အမြော်အမြင်ရှိကာ ရေရှည်ကို ကြည့်တတ်သည်ဟု ခံစားသွားခဲ့ရသည်။
ထို့နောက်တွင် သူသည် အဆိုပါ မျိုးနွယ်စုများ သူတို့၏ ကံကြမ္မာများကို အခြေခံ၍ ကောင်းကင်နှင့်မြေပြင်ကို တိုင်တည်ကာ ကျိန်ဆိုခိုင်းခဲ့၏။
လူအများအပြားသည် ဤသူတော်စင်က အဆိုးကို အကောင်းနှင့် တုံ့ပြန်ပေးခဲ့သည့်အတွက် ထူးကဲကာ သဘောထားကြီးသည်ဟု အချိန်အတိုင်းအတာတစ်ခုအထိ အော်ဟစ်ကြွေးကြော်နေကြတော့သည်။ သူက စိတ်နေသဘောထား မြင့်မြတ်သူတစ်ဦးဖြစ်ကာ နောင်တစ်ချိန်တွင် တစ်ကမ္ဘာလုံးက လေးစားရသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာလိမ့်မည်ဟု ချီးမွမ်းပြောဆိုနေခဲ့ကြသည်။
သို့သော် ကောင်းကင်ဘုံ အကယ်ဒမီမှ လူများကမူ ထိုစကားများကို ကြားကာ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းတွင် ထိုလူက အစစ်အမှန် သူတော်စင် မဖြစ်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၉၀% ကျော်အထိ ရှိနေခဲ့၏။
သို့ရာတွင် သူတို့က ကျရှုံးနိုင်ခြေ ၁%မျှသာ ရှိနေမည်ဆိုလျှင်တောင်မှ လောင်းကြေးထပ်ဝံ့ကြမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော လောင်းကြေးက ကောင်းကင်ဘုံ အကယ်ဒမီတစ်ခုလုံး ဖြစ်နေသောကြောင့်ပင်။
လုချန်ရှန်း၏ ရွေးချယ်မှုက သူတို့ မြင်တွေ့ချင်နေသည့် အရာမဟုတ်ပေ။
သူက အဆိုပါ မျိုးနွယ်စုကို မသတ်ဖြတ်သည့်အပြင် ခွင့်လွှတ်ရန်ပါ ရွေးချယ်လိုက်ကာ အဆိုပါ အင်အားစုကို သူ၏ အမိန့်အောက်သို့ ဆွဲသွင်းသွားခဲ့သည်။ ၎င်းက အထောက်အပံ့ကို အခမဲ့ ရရှိသွားခြင်းဖြစ်ပြီး အရပ်မျက်နှာတိုင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။
လူတိုင်းက သူဖြောင့်မတ်တည်ကြည်မှု အဆိုးကို အကောင်းဖြင့် ပေးဆပ်ခြင်း စိတ်သဘောထား ပြည့်ဝမှုတို့ကြောင့် ချီးကျုးပြောဆိုနေကြပြီး ၎င်းကို အခွင့်အရေးယူကာ ဗုဒ္ဓဂိုဏ်းကိုပါ ဝေဖန်ရှုံ့ချနေကြတော့သည်။
“ သူက အဲ့ခေတ်က သူတော်စင်ဆိုတာ တကယ်ကြီးလားဟ “
ဆံဖြူအဘိုးအိုက စကားဝင်ပြောခဲ့၏။ သူသည် ၎င်းကို ယုံကြည်ရန် ခေါင်းမာမာဖြင့် ငြင်းပယ်နေသး၏။
ရှေးခေတ် ပညာရှင်များက တွက်ချက်ကြည့်ခဲ့ရာ သူ၏ အသက်ရှင်နိုင်ခြေက ဆယ်ပုံတစ်ပုံမျှသာ ရှိသည်ဟု ဆိုထားခဲ့သည်။ တစ်နည်းဆိုရသော် သူရှင်သန်နေရန်မှာ မည်သို့မျှ မဖြစ်နိုင်လှပေ။
သို့သော် သူတို့ မထင်မှတ်ထားသော အရာက အမှန်တကယ် ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါ သူတော်စင်က မည်သို့မျှတွေဝေတုံ့ဆိုင်းမနေဘဲ မျိုးတုန်းသတ်ဖြတ်မည့် အကြံကို လုံးဝလျစ်လျူရှုကာ ထိုလူများကို ခွင့်လွှတ်ပေးလိုက်သေး၏။
သူတို့ မထင်မှတ်ထားခဲ့သည့် အရာမှာ သူတို့၏ ခန့်မှန်းမှုအားလုံးက မှန်ကန်နေခဲ့ခြင်းဖြစ်ပြီး အမှားအယွင်း တစ်ခုတစ်လေပင် ရှိမနေခဲ့ပေ။ သူတော်စင်နှင့် မူဟွမ်တို့ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ကံဆိုးစွာဖြင့် သူတို့က လုချန်ရှန်းနှင့် ရင်ဆိုင်နေခဲ့ရသည်။
ဝိညာဥ်ကျောက်တုံးများကိုသာ ခေါင်းထဲထည့်ထားပြီး သနားကြင်နာတတ်သော လူတစ်ဦးဖြစ်သည်။
မိုးကြိုးငှက် မျိုးနွယ်စုက အင်အားစုကြီးတစ်ခုဖြစ်ပြီး သူတို့ထံတွင် ဝိညာဥ်ကျောက်တုံးများ နည်းပါးပြတ်လပ်နေမည်လော။
မည်သို့မျှ မဖြစ်နိုင်လှပေ။
သွေးစွန်းစရာ မလိုဘဲ ဝိညာဥ်ကျောက်တုံးများ အခမဲ့ ရရှိကာ အင်အားကြီးအဖွဲ့တစ်ခု၏ သစ္စာခံမှုကို ရရှိခဲ့သည့်အပြင် အမြင်ကျယ်ခဲ့သည့်အတွက် နာမည်ကောင်းတစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့၏။ ၎င်းက အကျိုးအမြတ် မရှိဘူးဟု မည်သူက ပြောရဲတော့မည်နည်း။
ပို၍အရေးကြီးသော အရာမှာ မဟာတောရိုင်း နန်းတော်က ပုန်ကန်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း မည်သူမှ မသေဆုံးသွားခဲ့ပေ။ အများဆုံးအနေဖြင့် သူတို့က ဒေါသများကို မျိုသိပ်ထားလိုက်ရုံသာ ပြုလုပ်ရမည် ဖြစ်သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ အမြင်ကမူ သူက သူ၏ ကံကြွေးကို မထိခိုက်စေချင်သကဲ့သို့ ဤကိစ္စ၏ အမှန်တရားနှင့် သူတို့က အဝေးမှ စောင့်ကြည့်နေသည်ဆိုသည်တို့ကိုပါ သိနေပုံရသည်ဟု တွေးထင်နေခြင်းပင် ဖြစ်သည်။ သို့သော် လုချန်ရှန်းကမူ ထိုကိစ္စကို လုံးဝမသိခဲ့ပေ။
သူက ဝိညာဥ်ကျောက်တုံးများကိုသာ လိုချင်နေခြင်းဖြစ်သည်။
လုချန်ရှန်းကမူ ဘာမှ ထပ်ပြောမနေတော့ပေ။ သူ၏ နောက်ပစ်မှတ်တစ်ခုက ပိုင်မိသားစုဖြစ်ပြီး သူက တောင်ပိုင်းဒေသတစ်ခုလုံးကို အေးချမ်းတည်ငြိမ်သွားအောင် အရင်ဦးဆုံး ပြုလုပ်မည် ဖြစ်သည်။
သို့ရာတွင် သူက မိုးကြိုးငှက် မျိုးနွယ်စု၏ ကိစ္စများကို အရင်ဦးဆုံး ကိုင်တွယ်ဖြေရှင်းရဦးမည် ဖြစ်သည်။
ထို့နောက်တွင် သူတို့သည် အဆိုပါ မျိုးနွယ်စုတွင် ရက်အနည်းငယ်မျှ ဆက်နေနေခဲ့ကြသည်။ သို့သော် သူတို့မထွက်ခွာခင် အချိန်မှာပင် ပိုင်မိသားစုက သူတို့ဆီသို့ အရင်ဦးဆုံး ရောက်ရှိလာခဲ့၏။
ပိုင်မိသားစုခေါင်းဆောင်ဖြစ်သူ သက်လတ်ပိုင်းလူတစ်ဦး ပေါ်လာခဲ့သည်။ သူက လုချန်ရှန်းကို ဦးညွတ်၍ အရိုအသေပေးလာခဲ့၏။
“ သူတော်စင် ငါ့ရဲ့ ပိုင်မိသားစုက အမှားကို သိပါပြီ။ ငါတို့က ကောင်းကင်နဲ့ မြေပြင်ကို တိုင်တည်ကျိန်ဆိုပြီးတော့ မဟာတောရိုင်း နန်းတော်ကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်။ ဝိညာဥ်ကျောက်တုံးနဲ့ ရှားပါးရတနာတွေကို လျော်ကြေးအဖြစ် ပေးပြီးတော့ နှစ်စဥ်အခွန်ပေးဖို့ ဆန္ဒရှိပါတယ် “
ပိုင်မိသားစု ခေါင်းဆောင်၏ အသံက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
၎င်းက လူအုပ်ကြီးက မထင်မှတ်ထားသော ကိစ္စတစ်ခုဖြစ်သည်။ သို့သော် ၎င်းက ကျိုးကြောင်းဆီလျော်နေခဲ့သည်။
ပိုင်မိသားစုက ပုန်းကွယ်နေသည့် မိသားစုတစ်ခုဖြစ်ပြီး တောင်ပိုင်းဒေသတွင် အလွန်တရာ တန်ခိုးထွားသော အင်အားစုတစ်ခုလည်း ဖြစ်ပေသည်။ သို့သော် သူတို့ကပင် မြင့်မြတ်နယ်မြေတစ်ခု၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ အကယ်၍ သူတို့က ခုခံတိုက်ခိုက်မည်ဆိုပါက မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ခံလိုက်ရပေလိမ့်မည်။
ဤဖြစ်ရပ်မတိုင်ခင် အချိန်က သူတို့က မိုးကြိုးငှက် မျိုးနွယ်စုနှင့် တူညီသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကာ ထျန်းရီမြင့်မြတ်နယ်မြေဘက်တွင် ရပ်တည်ခဲ့လေသည်။ သို့သော် ရလဒ်က မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။
သူတော်စင် ပြန်လည်ရှင်သန်လာခဲ့ကာ ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါသွားစေခဲ့၏။
မိုးကြိုးငှက် မျိုးနွယ်စု၏ ဥပမာသာဓကရှိခဲ့လေသည်။ သူတို့က ရုန်းကန်ရန် ကြိုးပမ်းခဲ့ပြီး ထျန်းရီမြင့်မြတ်နယ်မြေနှင့် ကောင်းကင်ဘုံ အကယ်ဒမီတို့ထံမှ အကူအညီတောင်းခံခဲ့၏။ သို့သော် သူတို့ပြန်ရခဲ့သည့် အဖြေမှာ စောင့်ဆိုင်းနေရန်ဟူ၍သာ ဖြစ်နေခဲ့သည်။
တိကျသေချာသော အချိန်ကာလမရှိဘဲ အဆုံးမဲ့ စောင့်ဆိုင်းနေခိုင်းခြင်း ဖြစ်ပုံရသည်။
ကောင်းကင်ဘုံ အကယ်ဒမီနှင့် ထျန်းရီမြင့်မြတ်နယ်မြေများက စောင့်ဆိုင်းရန် တတ်နိုင်ကြသော်လည်း ပိုင်မိသားစုက ထိုကဲ့သို့ ပြုလုပ်ရန် မတတ်နိုင်ကြပေ။
သူတော်စင်က သနားကြင်နာတတ်ကာ သွေးမြေကျခြင်းအား မလိုလားဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူတို့သည် မျိုးပြုတ်သည်အထိ သတ်ဖြတ်ခံရခြင်းကို ရှောင်ကြဥ်ရန်နှင့် ဤလောကတွင် ဆက်လက်ရှင်သန်နေထိုင်ရန်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်လိုက်သည်။ ၎င်းမှာ မဟာတောရိုင်း နန်းတော်ကို အညံ့ခံလိုက်ရန်ဖြစ်သည်။
ဤကိစ္စမတိုင်ခင် အချိန်က တောင်ပိုင်းဒေသ၏ ပိုင်နက်အတွင်းတွင် ရှိနေသည့် အဆိုပါ အင်အားစုများက မဟာတောရိုင်း နန်းတော်၏ အုပ်စိုးမှုအောက်တွင်သာ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့က အထိန်းချုပ်မခံထားရဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားခဲ့၏။
သို့သော် ယခုတွင်မူ အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ သူတို့က မဟာတောရိုင်း နန်းတော်ကို အညံ့ခံလိုက်ကာ အဆိုပါ အင်အားစု၏ လက်အောက်ခံဖြစ်သွားတော့မည် ဖြစ်သည်။
လုချန်ရှန်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။ သူက ထိုလူများ အညံ့ခံသွားအောင် စွမ်းအားကို မည်ကဲ့သို့ ပြသရမလဲ တွေးတောစဥစားနေစဥ် အချိန်မှာပင် ထိုလူများက သူတို့၏ဆန္ဒအလျောက် လာရောက်အညံ့ခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုချန်ရှန်းသည် ယခင်ကအတိုင်းပင် ပိုင်မိသားစုကို ခွင့်လွှတ်ပေးလိုက်ကာ သူတို့ကို သူ၏ အမိန့်အောက်သို့ ဆွဲခေါ်လိုက်သည်။
တောင်ပိုင်းဒေသအတွင်းရှိ အင်အားစု တော်တော်များများက စတင်၍ လှုပ်ရှားလာကြ၏။ သူတို့က မဟာတောရိုင်း နန်းတော်၏ အရေးယူမှုကို ကြောက်လန့်သောကြောင့် သူတို့၏ အပြစ်များကို ဝန်ခံကာ ဝိညာဥ်ကျောက်တုံးများ လျော်ကြေးပေး၍ အဆိုပါ မြင့်မြတ်နယ်မြေနှင့် ပူးပေါင်းလိုက်ကြသည်။
အဆိုပါ လှုပ်ရှားမှုသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု လူတိုင်းကို ခံစားသွားရစေခဲ့၏။
ကောင်းကင်ဘုံ အကယ်ဒမီနှင့် အဆိုပါ အင်အားစုများက စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် ရက်ပိုင်းအတွင်းမှာပင် မဟာတောရိုင်း နန်းတော်၏ စွမ်းအားက လျင်မြန်စွာ မြင့်တက်လာခဲ့၏။
အစတွင် ၎င်းက အုပ်ချုပ်စီမံမှုမျှသာဖြစ်ခဲ့သည်။ သို့သော် ယခုတွင်မူ လက်အောက်ခံဘဝသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီဖြစ်ကာ သူတို့က မဟာတောရိုင်း နန်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ မဟုတ်ဘူး “
ကောင်းကင်ဘုံ အကယ်ဒမီ၏ တစ်စုံတစ်ဦးက အဆိုပါ ပြဿနာကို နားလည်သွားခဲ့သည်။
ထျန်းရီမြင့်မြတ်နယ်မြေမှာလည်း စိတ်ခံစားချက်များ လေးလံသွားကြသည်။ ယခင်က သူတို့မှာ မူဟွမ်ကို ကြောက်ခဲ့ကြရသည်။ သို့သော် မူဟွမ် သေဆုံးသွားခဲ့ပြီး ယခုပေါ်ထွက်လာခဲ့သည့် အဆိုပါ သူတော်စင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ နတ်ဘုရားနယ်ပယ် တာအိုကာကွယ်သူကိုပင် ပိုင်ဆိုင်ထားပြီး ဓားတာအိုကို အင်မော်တယ် နယ်ပယ်အထိပင် ကျင့်ကြံထားခဲ့သည်။
သူက ယခင်ကထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
ထျန်းကျီစံအိမ်မှာလည်း ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။ သူတို့က ထျန်းရီမြင့်မြတ်နယ်မြေနှင့် တစ်လှေတည်း စီးနေသည်မှာ အတော်ကြာနေခဲ့ပြီဖြစ်ပြီး သူတို့၏ ကြီးပွားချမ်းသာမှုက ခွဲခြားထား၍ပင် မရတော့ပေ။
အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းမှာလည်း တိတ်တဆိတ် စူးစမ်းလေ့လာနေလျက်ရှိ၏။ တစ်ခြားသော အင်အားစုများနှင့် ယှဥ်လိုက်သော် အဆိုပါ မြင့်မြတ်နယ်မြေများက ယုံကြည်မှု ရှိနေစဲဖြစ်သည်။
သူတို့၏ ဂိတ်တံခါးဝကို တိုက်ခိုက်ရလောက်သည်အထိ မည်သူကမှ တုံးအမနေခဲ့ပေ။ ထိုကဲ့သို့ ဖြစ်လာခဲ့မည်ဆိုပါက နောက်ဆုံးရလဒ်က မျိုးနွယ်စု/အင်အားစုတစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်နယ်မြေများဖြစ်သည့်အလျောက် သူတို့ကို ကာကွယ်စောင့်ကြပ်နေသည့် အစွမ်းထက် ပညာရှင်များနှင့် နည်းလမ်းပေါင်းများစွာ ရှိနေခဲ့၏။
ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်နှသ့် တစ်ခြားသော အင်အားစုများကမူ ယခင်က မည်သို့မျှ မလှုပ်ရှားခဲ့ဘဲ တိတ်တဆိတ် စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြသည်။ သူတော်စင်၏ သဘောထားကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် သူတို့သည် သူတို့က မည်မျှကြီးမားသော ဒုက္ခကြီးအား ရှောင်ရှားနိုင်ခဲ့လဲဆိုသည်ကို နားလည်သွားကြသည်။
ကောင်းကင်ဘုံ အကယ်ဒမီမှ လူများကမူ တွေးတောစဥ်းစားကာ ရှေးဟောင်း မှတ်တမ်းများကို ဖတ်ရှုနေခဲ့ကြသည်။ သူတို့သည် အဆိုပါ သူတော်စင်အကြောင်းကို ပိုမိုသိရှိချင်ကြ၏။
တောင်ပိုင်းဒေသရှိ လှုပ်ခတ်မှုများက လဝက်အတွင်းမှာပင် ငြိမ်သက်သွားခဲ့သည်။
ကောင်းကင်ဘုံ အကယ်ဒမီက ထပ်မံ၍ ကြားဝင်မစွက်ဖက်လာသကဲ့သို့ တစ်ခြားသော မြင့်မြတ်နယ်မြေများကပါ မည်သို့မျှ မလှုပ်ရှားကြတော့ဘဲ တိတ်တဆိတ် စောင့်ကြည့်နေရန်သာ ရွေးချယ်လိုက်ကြသည်။
သို့ရာတွင် တိတ်ဆိတ်မှုများအကြားမှပင် မဟာတောရိုင်း နန်းတော်က စိန်ခေါ်စာတစ်စောင်ကို ထုတ်ပြန်လိုက်၏။
“ နောက်တစ်လအကြာ အရှေ့ပိုင်းဒေသရဲ့ ပြိုင်ကွင်းမှာ ငါတို့က ထျန်းရီရဲ့ ပါရမီရှင်တွေကို စောင့်နေမယ် “
--
…………………………………………………………………………………………………………………………………….