← Chapters

အခန်း ၃၀၆

Vol. 21 Ch. 306

အခန်း ၃၀၆

Vol. 21 Ch. 306

အပိုင်း ( 306 )

ကြည့်ရတာတော့ ငါကမသင့်တော်သေးတဲ့ပုံပဲ

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ပြိုင်ကွင်းထက်တွင် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ ဆူညံသံများ အဆက်မပြတ် ပေါ်ထွက်နေလျက်ရှိ၏။

ယနေ့တွင် သူက ကြွားဝါရန်အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် ဤပြဇာတ်ကို အေးအေးလူလူ ကပြရန်အတွက် အဘက်ဘက်မှ ဆင်ခြင်သုံးသပ်ထားခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီကသာ မလှုပ်ရှားသေးသရွေ့ လူတိုင်းက သူ့ကို ကြောက်လန့်နေမည်ဟု ကောက်ချက်ချနိုင်ခဲ့၏။

ထို့အပြင် သူက အရန်အစီအစဥ်ကိုပါ ပြုလုပ်ထားခဲ့သည်။ ထွက်သွားခြင်းက ပြဿနာတစ်ရပ် ဟုတ်နေလိမ့်မည် မဟုတ်ပေ။

အရာအားလုံး ငြိမ်သက်သွားသည့် အချိန်မှာပင် လုချန်ရှန်း၏အသံ ဟိန်းထွက်လာခဲ့သည်။

“ ထျန်းရီမြင့်မြတ်နယ်မြေ ဘယ်သူတိုက်ရဲလဲ “

ထိုအသံက အရပ်မျက်နှာရှစ်ခုစလုံးကို လွှမ်းခြုံသွားခဲ့သည်။

သူသည် ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများ ရောက်ရှိနေသည်မှာ အတော်ကြာနေပြီဆိုသည်ကို သိနေခဲ့သည်။ ဟွာရှုနယ်ပယ် အဆင့်၉ ပညာရှင်များကပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နတ်ဘုရားနယ်ပယ် ပညာရှင်များ ရှိမရှိဆိုသည်ကို သူမသိပေ။

သို့သော် ၎င်းက ပြဿနာကြီးတစ်ရပ် မဟုတ်ပေ။

သူ၏ အသံပျောက်ကွယ်သွားမှုနှင့်အတူ မျောလွင့်နေသည့် သဲများအနက်မှ ပုံရိပ်များစွာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

သူတို့ကို ဦးဆောင်နေသူက ဆံပင်နှင့် မုတ်ဆိတ်မွှေး ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး အသက်အရွယ်ကြီးရင့်နေသော်လည်း သူက သူ၏ အသက်သုံးဆယ်အရွယ် အသွင်အပြင်ကို ထိန်းသိမ်းထားခဲ့ကာ ဟွာရှုနယ်ပယ် အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။

၎င်းက ဟွာရှုနယ်ပယ် အဆင့်၉သို့ ယခုမှရောက်ရှိထားခဲ့သည့် ထျန်းရီမြင့်မြတ်နယ်မြေ၏ ဒုတိယအကြီးအကဲ ရှောင်ယွမ်ဖြစ်သည်။

ဘိုးဘေးအိုကြီးနှင့် မြင့်မြတ်နယ်မြေ၏ အရှင်သခင်မှအပ သူသည် ယခုလက်ရှိ အချိန်တွင် ထျန်းရီမြင့်မြတ်နယ်မြေ၏ အစွမ်းအထက်ဆုံး ပညာရှင်ဖြစ်နေခဲ့သည်။

မဟာတောရိုင်း နန်းတော်၏ အရှင်သခင် သေဆုံးသွားခဲ့သည်မှာ အတော်ကြာနေပြီဖြစ်ပြီး အရှင်သခင်ကို ပြန်၍ မပျိုးထောင်ရသေးခင် အချိန်မှာပင် ဘိုးဘေးပါ သေဆုံးသွားခဲ့သည်။

သို့ရာတွင် ရှောင်ယွမ်ကမူ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် တအံ့တဩဖြစ်သွားခဲ့သည်။

သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် လူကိုယ်တိုင် မြင်လိုက်ရပြီး ထိုလူငယ်လေးက အံ့ဖွယ်ကောင်းသည့် တာအိုစွမ်းအင်ကို အမှန်တကယ် ထုတ်လွှင့်နေခဲ့သည်။ ဤကဲ့သို့ ညစ်နွမ်းသော နေရာမျိုးတွင် မတ်တပ်ရပ်နေသော်လည်း သူက မည်သည့်စွန်းထင်းမှုမှ မရှိဘဲ ပြည်နှင်ခံလိုက်ရသည့် နတ်တစ်ပါးကဲ့သို့ သန့်စင်နေခဲ့၏။

တစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူက ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကောလဟာလများထပ်ပင် ပိုမိုထူးခြားကြောင်း သိရှိသွားခဲ့သည်။

လုချန်ရှန်းကမူ ရှောင်ယွမ်နှင့် သူ့အနောက်မှ လိုက်လာကြသူများကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း စကားလှမ်းပြောလိုက်သည် “ ထျန်းရီက ခင်ဗျားကို လှုပ်ရှားခွင့်ပြုလိုက်ပြီလား “

ရှောင်ယွမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ နယ်ပယ်ကြီးတစ်ခု ကွာဟနေသော်လည်း တစ်ဖက်လူက သူ့ကို မျက်လုံးထဲပင် ထည့်ပုံမရချေ။

သူသည် အေးအေးလူလူ တုံ့ပြန်လိုက်သည် “ ငါက အငယ်လေးတွေကို ငါ့ရဲ့ဝါနဲ့ ဘယ်လိုလုပ် အနိုင်ကျင့်နိုင်မှာလဲ “

“ တကယ်လို့ ဝါအကြောင်းပြောမယ်ဆိုရင် မင်းတို့ရဲ့ ဘိုးဘေးကတောင် ငါ့ရဲ့ ဂျူနီယာဖြစ်နေနိုင်တယ်။ ဒီတစ်ကြိမ် စိန်ခေါ်ပွဲကို ဘယ်သူက တာဝန်ယူထားတာလဲ။ ဒါမှမဟုတ် မင်းတို့ရဲ့ ဘိုးဘေးကိုပဲ လာခိုင်းလိုက်မလား “

လုချန်ရှန်း၏ တုံ့ပြန်မှုက အတော်ပင် အေးဆေးတည်ငြိမ်နေခဲ့ပြီး သူ့အရှေ့တွင် ရှိနေသည့် လူကို လုံးဝလျစ်လျူရှုထားကာ သူ၏အထောက်အထားနှင့် အဆင့်အတန်းကို အပြည့်အဝ မထီမဲ့မြင်ပြုနေခဲ့ပြီး ဂရုမစိုက်ဘူးဆိုသည့် သဘောထားကို သူ၏ စကားလုံးတို့ဖြင့် ဖော်ပြနေခဲ့၏။

သို့ပေမည့် ရှောင်ယွမ်၏ အကြည့်များ တည်ငြိမ်နေလျက်ရှိသည်။

သူ့အနောက်တွင် ရှိနေသည့် လူကမူ မအောင့်ထားနိုင်တော့ဘဲ အံ့အားသင့်မှုနှင့် ဒေါသများ ရောပြွန်းသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်ဦးက လှုပ်ရှားချင်ခဲ့သော်လည်း ရပ်တန့်သွားခဲ့သည်။

ထျန်းရီမြင့်မြတ်နယ်မြေက အဆိုပါ သူတော်စင်ကို သတိကြီးကြီးထားနေခဲ့ကြသည်။ လူငယ်များက စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း အဆိုပါ သူတော်စင်ကမူ အသက်အရွယ်နှင့်မလိုက် တည်ငြိမ်နေခဲ့သည်။

ရှောင်ယွမ်က ပြန်ပြောလိုက်သည် “ ကျုပ်တို့နဲ့ သူတော်စင်ကြားမှာ အထင်လွဲနေတာလေးတွေ ရှိနေတယ်လို့ထင်တယ် “

“ ဒီနေရာမှာ အပြင်လူတွေ မရှိတဲ့အတွက် အဓိပ္ပါယ် မရှိတဲ့ အဲ့လိုစကားမျိုးတွေ ပြောနေဖို့ မလိုပါဘူး။ ငါက ထျန်းရီမြင့်မြတ်နယ်မြေရဲ့ မောက်မာမှုတွေကို အဆုံးသတ်ပြီးတော့ မင်းတို့ရဲ့ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တွေကို အမှုန့်ကြိတ်မလို့ပဲ “

လူတစ်စု အံ့ဩမှင်သက်သွားကြသည်။

သူတို့သည် သူက ထိုကဲ့သို့ မောက်လွန်းလှသော စကားလုံးများကို အတည်ငြိမ်ဆုံးလေသံဖြင့် မည်ကဲ့သို့ ပြောနိုင်လဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်သွားကြသည်။

အကယ်၍ ထျန်းရီက မတုံ့ပြန်လိုက်ဘူးဆိုပါက ၎င်း၏ ဂုဏ်သိက္ခာ ဆုံးရှုံးသွားရလိမ့်မည် ဖြစ်ပြီး အကယ်၍ စိန်ခေါ်မှုကို လက်ခံလိုက်မည်ဆိုပါက သူ့ကို မည်သူက ယှဥ်နိုင်ကြမည်နည်း။

ရှောင်ယွမ်မှာလည်း ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သို့သော် သူသည် ၎င်းကို သည်းခံမျိုသိပ်လိုက်သည်။ သူသာလျှင်မဟုတ်ဘဲ သူတို့၏ ဘိုးဘေးကြီးကပါ ထို့အတိုင်းသာ ပြုလုပ်နေခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီက မလှုပ်ရှားသေးသောကြောင့် သူတို့က အရင်စလုပ်မည် မဟုတ်ပေ။

“ သူတော်စင်ရဲ့ တာအိုကာကွယ်သူက ကျုပ်တို့ထျန်းရီရဲ့ ဟွာရှုနယ်ပယ် ပညာရှင်တော်တော်များများကို သတ်ခဲ့ပင်မဲ့ ကျုပ်တို့က ဘာမှမပြောခဲ့ဘူး ………… “

“ မင်းတို့က တစ်ခုခုရော ပြောရဲလို့လား “

လုချန်ရှန်းက ကြားဖြတ်ဝင်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ထိုလူများက ထပ်မံ၍ ဒေါသတကြီး ဖြစ်သွားကြသည်။

သို့သော် သူတို့က ဘာများလုပ်နိုင်ကြမည်နည်း။

ထိုကဲ့သို့သော စိတ်ဓာတ်မျိုးက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။

အစပိုင်းတွင် အရှေ့ပိုင်းဒေသက ထိုကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းချင်နေခဲ့ပြီး တောင်ပိုင်းဒေသကလည်း အခြေအနေအရပ်ရပ်ကို ကြည့်ကာ သင့်တော်သည့် အချိန်တွင် ရပ်တန့်သွားမည်ဟုသာ ထင်နေခဲ့၏။ သို့သော် သူတို့သည် သူတော်စင်က အစွမ်းထက်ကာ စိတ်မြန်လက်မြန်ဖြင့် ဤနေရာသို့ တစ်ကိုယ်တော် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ သူတော်စင်က စစ်ပွဲကို တကယ်ကြီး စချင်နေတာလား “ ဟု ရှောင်ယွမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။

လုချန်ရှန်းက လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေသေးပြီး အေးစက်စွာ ပြန်ပြောလိုက်သည် “ တကယ်လို့ စစ်ပွဲစမယ်ဆိုရင် မင်းတို့ထျန်းရီက သေချာပေါက် ရှုံးလိမ့်မယ်။ မင်းတို့ရဲ့ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ချေမှုန်းလိုက်တာကတင် ကောင်းကင်ဘုံရဲ့ ကရုဏာကြောင့် သနားညှာတာရာရောက်နေပြီ “

ရှောင်ယွမ်က အံတကြိတ်ကြိတ် ဖြစ်သွားတော့သည်။ မြင့်မြတ်နယ်မြေတစ်ခုအနေဖြင့် သူတို့က ထိုကဲ့သို့သော အရှက်ခွဲမှုမျိုးကို မည်သို့မျှ မခံစားခဲ့ရပေ။

တစ်ဖက်လူက တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ တကယ်လို့ မင်းတို့က စိန်ခေါ်မှုကို လက်မခံဘူးဆိုရင် ငါက ကောင်းကင်ဘုံ အကယ်ဒမီကို သွားပြီးတော့ မင်းတို့ရဲ့ သူတော်စင်ကို သတ်ပေးမယ်။ အသက်တွေကို အလဟာသ မဖျက်စီးချင်ဘူး။ ဒါပင်မဲ့ မဟာတောရိုင်း နန်းတော်ကို ဝိုင်းရံခဲ့တဲ့ ကိစ္စကတော့ ဖြေရှင်းချက်တစ်ခုကို သေချာပေါက် လိုအပ်တယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူက လူအုပ်ကြီးကို ငေးကြည့်နေတော့သည်။ သူသည် ယနေ့တွင် ပြဇာတ်ကို ကောင်းစွာကပြရန် ဆုံးဖြတ်ထားခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ စိတ်ကျေနပ်စေရန်အတွက်သာ မဟုတ်ခဲ့ပေ။ တစ်ဖက်လူထံမှ မည်သည့်တုံ့ပြန်မှုမှ မပေါ်ထွက်လာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူက ၎င်းကို ရှင်းရှင်းလင်းလင်း အရိပ်အမြွက် ပြလိုက်သည်။

“ သူတော်စင်က ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်နေတာလဲ “ အဆုံးတွင် ရှောင်ယွမ်က စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ မင်းတို့ကို ရွေးချယ်စရာတွေ ပေးခဲ့ပြီးသား “

“ ညှိနှိုင်းလို့ရမလား “

“ ဘယ်လိုထင်လို့လဲ “ လုချန်ရှန်းသည် အပေါ်ယံတွင် ခပ်တင်းတင်းသာ ဟန်လုပ်နေခဲ့သည်။ သူကပြဖျော်ဖြေနေသောကြောင့် လမ်းတစ်ဝက်နှင့် မည်ကဲ့သို့ ရပ်လိုက်နိုင်မည်နည်း။

ဤတစ်ကြိမ်တွင် ရှောင်ယွမ်က အချိန်အတော်ကြာ စဥ်းစားခဲ့ပြီးမှ တုံ့ပြန်လာခဲ့၏ “ မင်းနဲ့ငါ နှစ်ယောက်စလုံးက မြင့်မြတ်နယ်မြေတွေကလေ။ တကယ်တော့ သူတော်စင်ဆီမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိမှာပါ။ ဒါပင်မဲ့ ငါတို့ ထျန်းရီက လွယ်လွယ်ကူကူ အနိုင်ကျင့်ခံရလောက်တဲ့အထိ အားနည်းမနေဘူး။ တကယ်လို့ အဲ့လိုသာဖြစ်လာမယ်ဆိုရင် မင်းန်ုင်နိုင်ပင်မဲ့ အသက်တွေလည်း ပေးဆပ်လိုက်ရလိမ့်မယ်။ ငါတို့ထျန်းရီက အဲ့လိုဖြစ်လာမှာကို မမြင်ချင်ဘူး။ ငါတို့က လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာပေးဖို့အတွက် ကမ်းလှမ်းချင်တယ် “

ထိုစကားသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့အနောက်တွင် ရှိနေသည့် လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

ဤကိစ္စမတိုင်ခင် အချိန်ကတည်းက ရှောင်ယွမ်က သတင်းအချက်အလက်များကို စုဆောင်းထားခဲ့ပြီးပြီဖြစ်သည်။ မဟာတောရိုင်း နန်းတော်က ဝိညာဥ်ကျောက်တုံး ပမာဏကို မြှင့်တင်လိုက်ကြောင်း သိရှိခဲ့ရပြီး ၎င်းတို့က ဤသူတော်စင်အတွက် ဖြစ်နေနိုင်ပေသည်။

လုချန်ရှန်းမှာလည်း ထျန်းရီမြင့်မြတ်နယ်မြေက ထိုမျှလောက် အရှက်မဲ့နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သည့်အတွက် တအံ့တဩ ဖြစ်သွားခဲ့သည်။

အကယ်၍ သူတို့ကသာ ကြောက်လန့်နေပါက ကြောက်လန့်နေသည်ဟုသာ တည့်ပြောလိုက်သင့်ပေသည်။ သို့သော် ထိုလူများက ဖြောင့်မတ်မှန်ကန်ချင်ယောင်ဆောင်နေကြကာ ဤကဲ့သို့သော အခြေအနေမျိုးမှာပင် ကမ္ဘာကြီးကို ကြည့်ပေးတတ်သည်ဆိုသည့် ဂုဏ်ပုဒ်ကို သူတို့ကိုယ်သူတို့ ပေးအပ်လိုက်ကြသည်။

သူကိုယ်တိုင်ကပင် တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။ အရှက်မဲ့မှုချင်း ယှဥ်လိုက်မည်ဆိုပါက သူက အဆိုပါ မြင့်မြတ်နယ်မြေများထပ် အနည်းငယ် နိမ့်ကျနေပုံရသည်။

သန်းတစ်ရာလောက်လေးနဲ့ ငါ့ကိုညှပ်ချလို့ရမယ်လို့ထင်နေတာလား။ ဘယ်သူ့ကို အထင်သေးနေတာလဲဟ။

“ ဟက် မင်းတို့က တောင်ပိုင်းဒေသထဲကို ကျူးကျော်လာခဲ့ပြီးတော့ ငါတို့ရဲ့ တပည့်တွေကို ထိခိုက်စေခဲ့တာလေ။ အဲ့တာကို သန်းတစ်ရာလောက်နဲ့ ဖြေရှင်းလို့ရမယ်လို့ ထင်နေတာလား။ ဒီကမ္ဘာပေါ်မှာ အဲ့လောက်လွယ်တဲ့ဟာမျိုး ရှိလို့လား “

“ သူတော်စင်က ဘာလိုချင်နေတာလဲ “ ဟု ရှောင်ယွမ်က မေးမြန်းလိုက်၏။

လုချန်ရှန်းက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည် “ မင်းတို့ ထျန်းရီမြင့်မြတ်နယ်မြေက ဦးညွှတ်ဖို့ ဆန္ဒရှိနေမှတော့ ငါကလည်း တစ်ထစ်လျှော့ပေးမယ်။ ဝိညာဥ်ကျောက် သန်းနှစ်ရာကို ငါ့ရဲ့ မြင့်မြတ်နယ်မြေမှာ ဒဏ်ရာရပြီးတော့ ကျဆုံးသွားခဲ့တဲ့ လူတွေအတွက် လျော်ပေးရမယ်။ ပြီးတော့ ထျန်းရီမြင့်မြတ်နယ်မြေက မဟာတောရိုင်း နန်းတော်ထဲကို နှစ်တစ်ထောင်တိတိ ခြေမချဖို့အတွက် ကတိပေးရမယ်။ ပြီးရင် ထျန်းရီ နတ်အလင်းတန်းရဲ့ အပိုင်းအစတစ်ခုကို လက်လွှဲပေးရမယ် “

“ အဲ့တာက …….. “

ပြေလျော့နေသည့် ရှောင်ယွမ်၏ အမူအရာမှာ ထပ်မံ၍ ရုပ်ဆိုးသွားခဲ့ရပြန်သည်။

သန်းနှစ်ရာဆိုသည်မှာ သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။ ကတိအတွက်ကမူ လူသိရှင်ကြား မကြေညာသေးသရွေ့ ထျန်းရီမြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ပေသည်။ သို့သော် ထျန်းရီ နတ်အလင်းတန်းကမူ ရှားပါးရတနာတစ်ပါးဖြစ်ပြီး ထျန်းရီမြင့်မြတ်နယ်မြေ၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်၍ ရပေသည်။

၎င်းကို နှစ်တစ်ထောင်အတွင်းတွင် တစ်ကြိမ်တစ်လေမျှပင် မရရှိနိုင်ပေ။ ၎င်းက လွန်စွာတန်ဖိုးကြီးလွန်းလှသည်။

တောင်းဆိုမှုများက ကြီးမားလွန်းနေသောကြောင့် သူဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။

သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် သူ၏နားများအတွင်းသို့ အသံတစ်သံ တိုးဝင်လာခဲ့၏။

“ သဘောတူလိုက် “

ရှောင်ယွမ်မှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ၎င်းက ထျန်းရီမြင့်မြတ်နယ်မြေမှ ဘိုးဘေးဖြစ်သူ၏ အသံပင် ဖြစ်သည်။

“ ဘိုးဘေး သူတောင်းဆိုထားတာတွေက များလွန်းနေတယ်။ တကယ်လို့ ………. “

“ ထျန်းကျီစံအိမ်က အပြည့်အဝ တွက်ချက်ခဲ့ပြီးပြီ။ သူ့ကို ဘယ်လိုမှ ထွင်းဖောက်မမြင်နိုင်ဘူး။ သူက ကံကြွေးကို ပိုင်ဆိုင်ထားပြီးတော့ ပြိုင်ဘက်ကင်းနေတယ်။ တကယ်လို့ သူအသတ်ခံလိုက်ရမယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးရဲ့ ကောင်းမှုကံ ပျက်စီးသွားပြီး အကုသိုလ်ကံဖြစ်လာလိမ့်မယ်။ ထျန်းရီလည်း ပျောက်ကွယ်သွားရလိမ့်မယ် “ ဘိုးဘေးက တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီးမှ စကားဆက်ပြောလာခဲ့၏ “ ပြီးတော့ ငါက သူ့တာအိုကာကွယ်သူရဲ့ တည်ရှိမှုကို အာရုံမခံနိုင်ဘူး “

“ ဘိုးဘေးကတောင် သူ့ကို အာရုံမခံနိုင်ဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

“ သူ့ရဲ့ တာအိုကာကွယ်သူက ဒီနေရာမှာ မရှိတာ(ဒါမှမဟုတ်) သူ့ရဲ့နယ်ပယ်က ငါ့ထပ်ပိုမြင့်နေတာ ဖြစ်နိုင်တယ် “

ထျန်းရီဘိုးဘေးကြီးက သူ၏အတွေးများကို ဖော်ပြလာခဲ့၏။ သူကပင် သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။

ဘိုးဘေးဖြစ်သူ၏ မှန်းဆမှုကို တစ်ခဏခန့် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် ရှောင်ယွမ်က တစ်ဖက်လူက မည်သည့်အတွက်ကြောင့် ထိုမျှလောက် ယုံကြည်မှုရှိနေရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

သို့ရာတွင် သူ၏ မှန်းဆချက်က အပြည့်အဝ မှန်ကန်မနေခဲ့ပေ။ လုချန်ရှန်းထံတွင် တာအိုကာကွယ်သူ မရှိဘူးဆိုသည့် ဖြစ်နိုင်ခြေ မပါဝင်ခဲ့ပေ။

“ ကောင်းပြီ ငါတို့ထျန်းရီ မြင့်မြတ်နယ်မြေက သဘောတူတယ် “

အဆုံးတွင် ရှောင်ယွမ်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

ကောင်းကင်ဘုံ အကယ်ဒမီမှာ လုချန်ရှန်းက အစစ်အမှန် သူတော်စင် မဟုတ်ဘူးဟု မှန်းဆခဲ့ကြပြီး ထျန်းရီမြင့်မြတ်နယ်မြေကမူ သူ၏ တာအိုကာကွယ်သူ မရှိဘူးဟု ထင်နေခဲ့ကြသည်။ သို့သော် မည်သူကမှ လောင်းကြေးမထပ်ဝံ့ကြပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လဝက်အတွင်းမှာ အကုန်လုံးကို အသင့်ပြင်ထားပြီးတော့ တောင်ပိုင်းဒေသကို ပို့လိုက်ပါ “

“ ကောင်းပြီ “

ရှောင်ယွမ်က အံကြိတ်၍ ခေါင်းငြိမ့်ပြလိုက်သည်။ ၎င်းက အရှက်ခွဲခြင်းပင် ဖြစ်သည်။

ထို့အတူပင် လုချန်ရှန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည့် အချိန်တွင် ဒေါသတကြီး အံကြိတ်နေလျက်ရှိ၏။

“ ချီးပဲကွာ လွယ်လွယ်ကူကူ သဘောတူလိုက်တယ်။ ငါနည်းနည်းလေးပဲ ရတော့မယ် “ လုချန်ရှန်းက တတွတ်တွတ် ရေရွတ်ပြောဆိုကာ သက်ပြင်းချနေတော့၏ “ ကြည့်ရတာတော့ ငါက ဒီလိုကိစ္စမျိုးတွေအတွက် မသင့်တော်ဘူးပဲ “

--

………………………………………………………………………………………………………………………………………

All Chapters