အခန်း ၃၀၈
Vol. 21 Ch. 308
အပိုင်း ( 308 )
အကြွင်းမဲ့ ယုံကြည်မှု
ကောင်းကင်ဘုံ အကယ်ဒမီက မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။
လုချန်ရှန်းက သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။ သူသည် သူ့ဆရာက ဤနေရာတွင် ဘာလုပ်နေလဲဆိုသည်ကို မသိသော်လည်း မည်သို့မျှ စိုးရိမ်ပူပန်မနေခဲ့ပေ။ သူက ဤနေရာသို့ လာဝံ့သည့်အတွက် မည်သည့် ပြဿနာမှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
သူသည် သူကိုယ်တိုင်က သူ၏ ဆရာဖြစ်သူကို မည်သည့်အတွက်ကြောင့် ထိုမျှလောက် ယုံကြည်နေရလဲဆိုသည်ကို မသိပေ။
ပထမဦးဆုံးအနေဖြင့် တစ်ခြားသော အရှင်သခင်သုံးပါး ပေါင်းစည်းလိုက်မည်ဆိုလျှင်တောင်မှ သူ့ကို အမှောက်မသိပ်နိုင်ဘူးဟု ဆိုကြ၏။ ထို့နောက်တွင် သူက ထျန်းကျီစံအိမ်နှင့် ထျန်းရီမြင့်မြတ်နယ်မြေတို့ကို မည်သို့မျှ မကြောက်လန့်ဘဲ တစ်ကိုယ်တော် စိန်ခေါ်ခဲ့သည်။
ထို့အပြင် ဤကိစ္စမတိုင်ခင် အချိန်ကတည်းက ကောင်းကင်ဘုံ အကယ်ဒမီက သူ့ကို သတိထား စောင့်ကြည့်နေပုံရသည်။ လုချန်ရှန်းသည် သူ့ဆရာ၏ အစစ်အမှန် စွမ်းအားကို မမှန်းဆနိုင်ခဲ့ပေ။ ၎င်းမှာ သူ၏ စွမ်းအားက သူ၏ စိတ်အခြေအနေပေါ်တွင် မူတည်သည်ဟု တစ်စုံတစ်ဦးက ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။
သူ၏ဆရာဖြစ်သူက ဟွာရှုနယ်ပယ်တွင်သာ ရှိနေသည်ဟု သူမြင်တွေ့နေခဲ့ရသော်လည်း ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ဦးသဖွယ် မောက်မာနေသည်ဟု သူခံစားနေခဲ့ရသည်။
ထို့နောက်တွင် ရှေးဟောင်းစစ်ရထားလုံးက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့သည်။ စူးစမ်းလေ့လာရန်အတွက် ဘက်ပေါင်းစုံမှ လူများ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။ သူတို့သည် မြင့်မြတ်နယ်မြေတစ်ခုကို နောက်ဆုတ်သွားစေပြီး ကောင်းကင်ဘုံ အကယ်ဒမီ သူ့အား ထိုမျှယဥ်ကျေးစွာ ဆက်ဆံစေရသည့် လူက မည်ကဲ့သို့သော လူမျိုးလဲဆိုသည်ကို သိချင်နေကြသည်။
လုချန်ရှန်းက ထိုကဲ့သို့သော အကြည့်များကို မငြင်းပယ်လိုက်ပေ။ ထို့အစား ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို တိတ်တဆိတ် ငေးမောကြည့်ရှုနေခဲ့သည်။
သူက ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်တိုင်းတွင် ကွဲပြားသော ခံစားချက်များကို ပေးစွမ်းခဲ့လေသည်။
မကြာခင်အချိန်မှာပင် စစ်ရထားလုံးက တောင်ထိပ်တစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။ တစ်စုံတစ်ဦးက သူ့ကို နှုတ်ဆက်ရန်အတွက် ရှေ့တက်လာခဲ့သည်။ သူက လူအများ၏ လေးစားခြင်းကို ခံယူရသည့် အကြီးအကဲတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားပြီး အတော်ပင် နူးညံ့သိမ်မွေ့နေခဲ့သည်။
“ သူတော်စင် ခရီးစဥ်ကြောင့် ပင်ပန်းသွားလောက်ပြီထင်တယ် “
“ ဘာမှမဟုတ်ပါဘူး “
လုချန်ရှန်းသည် စကားနည်းသူအဖြစ် ဆက်လက်သရုပ်ဆောင်နေခဲ့ပြီး မည်သူ(သို့) မည်သည့်အရာကမှ သူ၏ စိတ်ခံစားချက်များကို မလှုပ်ခတ်နိုင်သည့်အလား အေးအေးလူလူဖြစ်နေခဲ့၏။
တစ်ခြားလူများအတွက်မူ ၎င်းက မောက်မာမှုနှင့်တူညီနေပုံရပြီး ရိုးရိုးတန်းတန်း အေးစက်နေခြင်းထပ် ကျော်လွန်နေလျက်ရှိ၏။
“ ကောင်းကင်ဘုံ အကယ်ဒမီက သူတော်စင်အတွက် အင်မော်တယ်ဂူတစ်လုံး ပြင်ဆင်ပေးထားပါတယ်။ ကျေးဇူးပြုပြီးတော့ နားနားနေနေ နေပါ။ မနက်ဖြန်ကျရင် သူတော်စင်ကို ထပ်ပြီးတော့ ဖိတ်ခေါ်ပါမယ် “
“ အင်း “
လုချန်ရှန်းက အသာအယာ တုံ့ပြန်လိုက်ကာ အင်မော်တယ်ဂူဆီသို့ လျှောက်သွားတော့သည်။
ဤကာလအတွင်းတွင် သူက အလဟာသ လေကုန်မခံခဲ့ပေ။ အဆိုပါ အေးစက်မှုနှင့် မထီမဲ့မြင်ပြုနေသော သဘောထားက အမျိုးသား တပည့်တစ်စုကို ဒေါသတကြီး ဖြစ်သွားစေခဲ့၏။ သို့သော် ၎င်းက မိန်းမငယ်လေးတစ်စု၏ နှလုံးသားများကို လှုပ်ရမ်းသွားစေခဲ့၏။
“ အဲ့ဒီသူတော်စင်မှာ တကယ်ကို အရှိန်အဝါရှိနေတာပဲ “ အမျိုးသမီးတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ လွှတ်ခနဲပြောမိသွားခဲ့သည်။
တစ်ခြားလူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ဟုတ်တယ်။ သူက အရင်တုန်းက လုချန်ရှန်းလောက် မချောဘူးဆိုပင်မဲ့ တော်တော်လေးကို ကြည့်ကောင်းနေတုန်းပဲ။ ပိုပြီးတော့ အရေးကြီးတာက သူ့ရဲ့ အရှိန်အဝါက ထူးခြားနေတာပဲ “
“ အဲ့ဒီသူတော်စင်က ဘာအမျိုးအစားကို ကြိုက်လဲဆိုတာကို ငါသိချင်မိတယ်။ ငါကရော အဲ့တာနဲ့ သင့်တော်လောက်မလား “
“ … “
လူတစ်စုက တိတ်တဆိတ် ဆွေးနွေးပြောဆိုနေလျက်ရှိပြီး မြောက်များစွာသော မနာလိုမှုများကိုပါ ဆွဲဆောင်နေခဲ့၏။ ကျင့်ကြံသူတစ်စုက ၎င်းကို ဒေါသတကြီး နားထောင်နေလျက်ရှိ၏။
တစ်ချိန်တည်းမှာပင် လူအုပ်အတွင်းမှ အသက် ဆယ့်ငါးနှစ်(သို့) ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦး တိုးထွက်လာခဲ့၏။ ၎င်းက လောင်လျူပင် ဖြစ်သည်။
သူသည် ကောင်းကင်ဘုံ အကယ်ဒမီသို့ ရောက်ရှိလာသည့် အချိန်ကတည်းက မည်သည့်လှိုင်းလုံးကိုမှ မပြုလုပ်ခဲ့ပေ။ အဆိုပါ သူတော်စင်က ကောင်းကင်ဘုံ အကယ်ဒမီသို့ ရောက်ရှိလာပြီဟု ကြားလိုက်ရသောအချိန်မှသာလျှင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူသည် ယခုလေးတင် ဖြစ်ပွားခဲ့သည့် အရာအားလုံးကို မြင်တွေ့နေခဲ့ရပြီး မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် “ အဲ့ဒီသူတော်စင်က တကယ်ကို ဟိတ်ဟန်များလွန်းတာပဲ။ ဟိုကောင် လုချန်ရှန်းထပ်တောင် ပိုပြီးတော့ မောက်မာနေတယ် “
သူကပါ အတော်လေး အမြင်မကြည် ဖြစ်နေပုံရသည်။ အဲ့ဒီကောင်မလေးတွေက ဘာကိစ္စ သူ့နားမှာ ဝိုင်းနေပြီးတော့ အော်နေရတာလဲ။ ဘာဖြစ်လို့ ငါ့အနားကို မရောက်လာရတာလဲ။
လောင်လျူက အေးစက်စွာ လှောင်ပြောင်နေတော့၏။
သို့သော် သူ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့် အချိန်မှာပင် အင်မော်တယ်ဂူဆီသို့ လျှောက်လှမ်းသွားသည့် လုချန်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ သူသည် ထိုဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုအကြည့်က ထိုဘက်မှ မိန်းမပျိုလေးများကို သတိလွတ်သွားစေခဲ့၏။ လောင်လျူ၏ စိတ်နှလုံးသား လှုပ်ခါသွားကာ ထိုအကြည့်က သူ့ထံသို့ ဦးတည်နေသည်ဟု ခံစားသွားခဲ့ရသည်။
“ မဖြစ်နိုင်ဘူး။ လူတွေ ဒီလောက်အများကြီး ရှိနေတာကို သူက အဲ့လောက်အဝေးကြီးကနေတောင် ကြားနိုင်တာလားဟ “
သူ့စိတ်ထဲတွင် ထိုကဲ့သို့ ပြောကာ ထိုလူက ဟိတ်ဟန်ထုတ်နေသည်ဟု ပြောဆိုနေခဲ့သော်လည်း သူသည် အပြစ်ရှိစိတ်ကို ခံစားနေရသေးသည်။
သို့ရာတွင် လုချန်ရှန်းကမူ ထိုလူ့ကို မြင်လိုက်ရပြီးသည့်နောက်တွင် တအံ့တဩဖြစ်သွားကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မင်းပြောတာတွေကို ငါကြားရတယ် “
“ အဲ့တာ ……. “
ထိုအခိုက်အတန့်တွင် လောင်လျူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ အဲ့တာကဘာလဲဟ။ ငါ့ကို ပစ်မှတ်ထားနေတာလား။
သူ့ဘေးနားတွင် ရှိနေသည့် အကြီးအကဲသည် အဆိုပါ အခြေအနေကို မြင်လိုက်ရသောအခါတွင် မနေနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ သူတော်စင် အဲ့တာက ဓားတောင်ထွတ်ရဲ့ တပည့်ပါ။ သူက စကားကို အမြဲလိုလို ဘုဘောက်ပြောတတ်လို့ပါ။ သူက ………. “
“သူက စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ “
လုချန်ရှန်းက ဖြည်းဖြည်းချင်းပြန်ပြောလိုက်ကာ လောင်လျူကို အကဲခတ်ကြည့်နေတော့၏။
လောင်လျူကမူ ကြာကြာအကြည့်ခံရလေလေ ပို၍ စိတ်မသက်မသာဖြစ်သွားရလေလေ ဖြစ်နေခဲ့သည်။
အကြီးအကဲကမူ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူသည် သူတော်စင်၏ စိတ်သဘောထားကို မမှန်းဆဝံ့ချေ။ သူက ထိုလူ၏ ဘုဘောက်ပြောဆိုမှုကို မကြိုက်သော်လည်း ဓားတောင်ထွတ်သခင်က သူ့ကို နေခွင့်ပြုထားခဲ့သောကြောင့် မည်သို့မျှ လျစ်လျူမရှုဝံ့ချေ။
“ လောင်လျူ ဘာဖြစ်လို့ ဒီကို မလာလိုက်ရတာလဲ “
အကြီးအကဲက တိုက်ရိုက်ပြောဆိုလိုက်၏။
သိပ်မကြာခင် အချိန်ကမှ ထိုလူက ကိုယ့်ကိုကိုယ် ဖုံးကွယ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မူလဇစ်မြစ်ကို ဖော်ထုတ်ခဲ့လေသည်။
လွန်ခဲ့သော နှစ်ငါးရာခန့်က အင်အားစု အမျိုးမျိုးက ကျမ်းစာကို မက်မော၍ သူ့ကို အမဲလိုက်ခဲ့ကြသည်။ သို့သော် ယခုတွင်မူ ဓားတောင်ထွတ်သခင်၏ ကာကွယ်ပေးမှုနှင့် ကူချန်ကျွင်းနှင့် ရင်းနှီးနေမှုတို့ကြောင့် သူက မည်သည့်အရာကိုမှ မကြောက်လန့်တော့သည့်ပုံပင်။
၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူက အံကြိတ်ကြိတ်ဖြစ်သွားခဲ့ကာ ထိုနေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။ ဒါက ကောင်းကင်ဘုံ အကယ်ဒမီလေ။ ပြီးတော့ ငါ့အနောက်မှာ ဓားတောင်ထွတ်ရှိတယ်။ သူတို့က ငါ့ကို နေရာမှာတင် ချက်ချင်းမသတ်နိုင်လောက်ဘူးမလား။
ထို့အပြင် အကယ်၍ ထိုကဲ့သို့ ဖြစ်လာမည်ဆိုလျှင်တောင်မှ သူသည် ထွက်ပြေးနိုင်ရန်အတွက် ယုံကြည်မှု အနည်းငယ် ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် သူ၏ စိတ်အခြေအနေကို ချိန်ညှိလိုက်ပြီး မြန်မြန်ဆန်ဆန် လမ်းလျှောက်သွားကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည် “ ခုနက ပြောလိုက်တဲ့ ချီးကျူးစကားတွေကို သူတော်စင်က ကြားသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူတော်စင်ရဲ့ အကြားအာရုံက တကယ်ကို ထူးခြားလွန်းတယ် “
“ အဲ့လိုလား “
လုချန်ရှန်းက သူ့ကို တစ်ချက်မျှ ငေးကြည့်လိုက်သည်။
လောင်လျူသည် သူ၏ပေါင်ကို ရိုက်ကာ ပြန်ပြောလိုက်သည် “ ဟုတ်တာပေါ့ ဘယ်လိုလုပ် အဲ့လိုမဖြစ်ရမှာလဲ။ သူတော်စင်ရဲ့ စိတ်သဘောထားက ထူးခြားတယ်။ ရုပ်ရည်ကလည်း ခံ့ညားလိုက်တာမှ ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးအတိုင်းပဲ။ တစ်ခါလောက် ကြည့်ရုံနဲ့ လူတွေက သက်ပြင်းတချချ ဖြစ်သွားစေခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက်တောင် ထူးချွန်ထက်မြက်တဲ့ လူမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ “
အကြီးအကဲမှာ အံ့ဩမှင်သက်သွားခဲ့သည်။
မူချွမ်မှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူတို့နှစ်ဦးစလုံးက ဟွာရှုနယ်ပယ်တွင် ရှိနေကြသော်လည်း သူတို့က လောင်လျူပြောခဲ့သည့် စကားများကို သတိမပြုမိခဲ့ပေ။ လုချန်ရှန်းကမူ ရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး ထိုလူ၏ သဘောထားကြောင့် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့၏။
လောင်လျူမှာလည်း ထိုအတိုင်းသာ တွေးနေခဲ့ပြီး တစ်ခုခုမှားယွင်းနေသည်ဟု ထင်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ သူ့ကို စိုက်ကြည့်နေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားကာ စောင့်ကြည့်နေသူတိုင်းကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့၏။
လောင်လျူမှာလည်း နေမထိထိုင်မသာဖြစ်သွားခဲ့သည်။
“ သူတော်စင် မင်းက ……. “
အဆုံးတွင် လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏ “ မင်းက တကယ်ကို ထူးခြားတယ်။ ဓားတာအိုကို အဲ့လိုအနေအထားမျိုးအထိ ကျင့်ကြံနိုင်ခဲ့တာပဲ “
ဟမ်
လောင်လျူ၏ စိတ်နှလုံးသား လှုပ်ရမ်းသွားခဲ့သည်။ ငါဘာမှ မလုပ်ထားဘူးလေ။ သူက အဲ့တာကိုတောင် မြင်နိုင်တာလားဟ။
အဲ့တာက ဘာလဲ။ အကြားမြင်လား ဒါမှမဟုတ် X-Ray အမြင်လား။
သူမတုံ့ပြန်နိုင်ခင်အချိန်မှာပင် လုချန်ရှန်းက စကားဆက်ပြောလိုက်သည် “ မင်းကျင့်ကြံထားတဲ့ ဓားကျမ်းစာက တော်တော်လေးကို ထူးခြားတယ်။ အဲ့တာက အစွမ်းအထက်ဆုံး ဓားကျမ်းစာတွေထဲက တစ်ခုဖြစ်သင့်တယ် “
“ သူက အဲ့တာတွေ အကုန်လုံးကို မြင်နေနိုင်တာလားဟ “
လောင်လျူမှာ ရာနှုန်းပြည့် ဂယောင်ခြောက်ချား ဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူတိုင်းမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့သည် သိပ်မကြာခင် အချိန်ကမှ ထိုလူက လွန်ခဲ့သော နှစ်ငါးရာခန့်က ဓားကျမ်းစာကို ရရှိခဲ့သည့်လူဆိုသည်ကို သိရှိခဲ့ရသည်။ အဲ့ဒီသူတော်စင်က တစ်ခါလောက်မြင်လိုက်ရရုံနဲ့ အဲ့တာကို မြင်နေနိုင်တာလားဟ။
လုချန်ရှန်းဘေးနားရှိ ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲကမူ အေအေးလူလူသာ ဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ အကယ်ဒမီ၏ ကိစ္စရပ်များကို လူတိုင်းက အာရုံစိုက်နေသောကြောင့် သူတော်စင်က ၎င်းကို သိနေသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။
လောင်လျူမှာလည်း ထိုကဲ့သို့သာ ထင်မြင်နေခဲ့သည်။
လူတစ်ဦးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးရုံဖြင့် ထွင်းဖောက်မြင်နိုင်ခြင်းမှာ ယုံကြည်ရန် ခဲယဥ်းလွန်းလှသည်။
သို့သော် လုချန်ရှန်း ဆက်ပြောလိုက်သည့် စကားလုံးများက လောင်လျူ၏ တည်ငြိမ်မှုများကို လုံးဝပျက်စီးသွားစေခဲ့၏။
သူသည် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ မင်းရဲ့ ခန္ဓာကိုယ်မှာ အချုပ်အနှောင်တွေ ရှိနေတာကတော့ နှမြောဖို့ကောင်းတယ်။ မင်းရဲ့ ဓားတာအိုက အခုလက်ရှိနယ်ပယ်မှာ ပိတ်မိနေတာ အချိန်အတော်ကြာနေလို့ အဆင့်တက်ဖို့ ခက်နေတာပဲ “
“ ဘာဖြစ်တယ် “
လောင်လျူက တအံ့တဩဖြင့် လွှတ်ခနဲပြောမိသွားခဲ့သည်။ ယခင်က လုချန်ရှန်း၏ စကားလုံးများက ပေါက်တတ်ကရဖြစ်သည်ဟု ငြင်းပယ်နိုင်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် လုချန်ရှန်းကို အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
သူ့ထံတွင် အချုပ်အနှောင်များ ရှိနေသည်ဆိုသည့် အချက်မှာ သူကိုယ်တိုင်မှလွဲ၍ တစ်ခြားမည်သူကမှ မသိသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် တစ်ဖက်လူက ၎င်းကို မြင်နေနိုင်ခဲ့သည်။
“ သူတော်စင်က အဲ့တာတွေကို တကယ်ကြီး မြင်နေရတာလား “
“ ဆယ်ပုံပုံရင် ခုနစ်ပုံ ရှစ်ပုံလောက် သေချာတယ် “
“ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး “ လောင်လျူက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူ့ထံတွင် အချုပ်အနှောင်များရှိနေသော်လည်း ၎င်းတို့ တည်ရှိနေသည်ကို သူတစ်ဦးတည်းသာလျှင် သိရှိထားခဲ့သည်။ သူကိုယ်တိုင်ကပင် ပြဿနာက မည်သည့်နေရာတွင် တည်ရှိနေလဲဆိုသည်ကို မသိပေ။
လုချန်ရှန်းကမူ လက်နှစ်ဖက်နောက်ပစ်လိုက်ကာ သူ၏ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။ ဝိညာဥ်ချီတစ်ခု ဖြာထွက်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူက တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။
“ မင်းက ပြဿနာကို ရှာတွေ့ထားခဲ့ပြီးပြီ။ အဲ့တာကြောင့်ပဲ မင်းရဲ့ သွေးမျိုးဆက်တွေကို ဖြတ်တောက်လိုက်ပြီးတော့ လူသားခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလိုက်တာလေ။ ဒါပင်မဲ့ မင်းက အချုပ်အနှောင်တွေ အကုန်လုံးကို အပြည့်အဝ မဖြတ်တောက်ရသေးဘူး “
ထိုစကားလုံးများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် စောင့်ကြည့်နေသူများက ယုံတစ်ဝက် သံသယတစ်ဝက်ဖြစ်သွားကြသည်။ သို့သော် လောင်လျူကမူ ၎င်းကို အပြည့်အဝ ယုံကြည်သွားခဲ့သည်။
၎င်းက ဆယ်ပုံရှစ်ပုံ(သို့)ခုနစ်ပုံမျှသာ မဟုတ်တော့ပေ။ ထိုအဆင့်အထိ ရောက်ရှိနေသည်မှာ ….. သူ ယနေ့ ဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီ၏ အရောင်က ဘာလဲဆိုသည်ကို တိုက်ရိုက်ထုတ်ပြောလိုက်ရုံသာ လိုအပ်တော့သည့် အခြေအနေမျိုးဖြစ်သည်။
လုချန်ရှန်းကို ထပ်ကြည့်လိုက်သည့် အချိန်တွင် သူ၏ အကြည့်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
--
……………………………………………………………………………………………………………………………………