အခန်း ၃၀၉
Vol. 21 Ch. 309
အပိုင်း ( 309 )
ပုန်ကန်တတ်သော လောင်လျူ
လောင်လျူ၏ အကြည့်များအတွင်းတွင် ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို ငေးကြည့်နေခဲ့ပြီး သူ၏ ယခုလက်ရှိ စိတ်ခံစားချက်များကို မည်ကဲ့သို့ ဖော်ပြရမှန်းမသိ ဖြစ်သွားခဲ့သည်။
မူချွမ်က တအံ့တဩဖြစ်သွားခဲ့သည် “ သူတော်စင်က တကယ်ကို ထူးခြားတာပဲ။ အဲ့လိုကိစ္စမျိုးတွေကို ခွဲခြားသိမြင်နိုင်ဖို့ဆိုတာက ငါတို့ရဲ့နားလည်နိုင်စွမ်းထပ်တောင် ကျော်လွန်နေတယ် “
သို့ရာတွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲမှာ သတိပြန်မဝင်သေးဘဲ ငိုင်တိုင်တိုင်ဖြစ်နေခဲ့၏ “ သူက အဲ့တာကို တကယ်ကြီး မြင်နေနိုင်တာလား။ အဲ့တာက တော်တော်ကြီးကို အံ့ဖွယ်ကောင်းလွန်းမနေဘူးလား “
လုချန်ရှန်းကမူ ယခင်ကကဲ့သို့ တည်ငြိမ်နေခဲ့သည်။ ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်သကဲ့သို့ ၎င်းကို မည်သူမဆို လုပ်နိုင်သကဲ့သို့ အစမှအဆုံးအထိ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။
“ သူတော်စင် ခုနက ကျွန်တော် ရိုင်းပြမိသွားပါတယ်။ အဲ့ဒီ အချုပ်အနှောင်တွေကို ဘယ်လိုမျိုး ချိုးဖျက်ရမလဲဆိုတာကို သိလားဗျ “
လောင်လျူမှာ အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။ ၎င်းက သူ့ကို နှစ်တစ်ရာကျော်အထိ ဒုက္ခပေးနေခဲ့သော ကိစ္စတစ်ခုဖြစ်ပြီး သူ၏ စိတ်ထဲတွင် အထုံးတစ်ခုဖြစ်လုနီးပါးပင် ဖြစ်နေခဲ့၏။ ဓားတောင်ထွတ်ကို ဝင်ချင်ရသည့် သူ၏ ရည်ရွယ်ချက်မှာ ၎င်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန်အတွက် ဖြစ်သည်။
ရလဒ်အနေဖြင့် သူသည် သူ့ကို တစ်ချက်မျှ ငေးကြည့်ရုံဖြင့် သူ၏ အားနည်းချက်ကို ထွင်းဖောက်မြင်နေနိုင်သည့် အစွမ်းထက် ပညာရှင်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရ၏။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အစကတော့ အဲ့တာက မင်းကိုယ်တိုင် ကျော်လွှားရမဲ့ ကပ်ဘေးတစ်ခုပဲ။ ဒါပင်မဲ့ ထားလိုက်ပါလေ။ မင်းနဲ့ငါက ရေစက်ပါတယ်လို့ ပြောလို့ရတယ်။ အဲ့တာကြောင့် အဲ့ဒီပြဿနာကို ငါကူရှင်းပေးမယ် “
ထိုအခိုက်အတန့်တွင် လောင်လျူ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။
“ ငါနဲ့ ရေစက်ရှိတယ်လို့ သူတော်စင်က တကယ်ကြီးပြောခဲ့တာပဲ “
လုချန်ရှန်းမှာ ဆွံ့အသွားခဲ့သည်။ အရိုးသားဆုံးပြောရမည်ဆိုပါက သူတို့က အမှန်ပင် ရေစက်ပါလေသည်။ သူက သူတော်စင်အဖြစ် ဟန်ဆောင်နေပြီး ထိုအကောင်က သူ့ကို ကျိန်ဆဲပြောဆိုနေခဲ့သည်။ ၎င်းက ရေစက်ပါခြင်းမှတစ်ပါး ဘယ်အရာဖြစ်နိုင်မည်နည်း။
လောင်လျူမှာ လျင်မြန်စွာ သတိဝင်သွားလာခဲ့ပြီး ဦးညွတ်၍ အရိုအသေပေးလာခဲ့သည် “ သူတော်စင် ကျေးဇူးပြုပြီးတော့ ဉာဏ်အလင်းဖွင့်ပေးပါဦး “
“ အင်း “ လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက ဓားတာအိုကို ကျင့်ကြံဖို့အတွက် မင်းရဲ့ ကိုယ်ပိုင်သွေးမျိုးဆက်ကို ဖြတ်တောက်လိုက်ပြီးတော့ လူသားခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလိုက်တယ်။ အဲ့တာက မှန်တယ်။ လူသားခန္ဓာကိုယ်က တာအိုကို သယ်ဆောင်ဖို့အတွက် အသင့်တော်ဆုံး ကိုယ်ထည်ပဲ။ ဒါပင်မဲ့ မင်းက လောဘမကြီးသင့်ဘူး “
“ လောဘကြီးတာလား။ မဟုတ်ပါဘူး။ ကျွန်တော်က သေသေချာချာကြီးကို ဖြတ်လိုက်တာပါ။ ပုတ်ဆိုးဆွေးမြေ့နေတဲ့ အဲ့ဒီသွေးမျိုးဆက်တွေ တစ်စက်မှ မကျန်တော့ပါဘူး “
လုချန်ရှန်းမှာ မျက်မှောင်ကြုတ်လုနီးပါး ဖြစ်သွားသော်လည်း ၎င်းကို ချုပ်တည်းကာ ပြန်ပြောလိုက်သည် “ မင်းက တောင်ပံတွေရဲ့ စွမ်းအားကို တပ်မက်နေပြီးတော့ အဲ့တာတွေကို ဖြတ်ဖို့ တွေဝေနေတယ်လေ။ မင်းက နည်းနည်းလေးပဲ သိတာပါ။ အဲ့ဒီတောင်ပံတွေက မင်းရဲ့ နောက်ဆုံး အချုပ်အနှောင်တွေပဲ “
“ အဲ့တာက ….. “
လောင်လျူမှာ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် အဆိုပါ သူတော်စင်၏ အရှေ့တွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိဘူးဟု ခံစားသွားခဲ့ရသည်။
၎င်းမှာ လုချန်ရှန်းက မူဟွမ်ကို အထူးတလည် မေးမြန်း၍ အတည်ပြုခဲ့သော ကိစ္စတစ်ခုဖြစ်သည်။ အစတွင် သူသည် သင့်တော်သည့် အချိန်မှသာ ထိုအကောင့်ကို ပြောပြရန် ကြံရွယ်ထားခဲ့သည်။ သို့သော် ထိုအကောင်မှာ သူ့နောက်ကွယ်တွင် သူ့ကို ကျိန်ဆဲနေခဲ့သည်။
လက်တုံ့ပြန်သည့်အနေဖြင့် သူသည် ထိုအကောင့်ကို ခြိမ်းခြောက်ရန် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်။
သို့ရာတွင် လောင်လျူမှာ အမှန်တကယ် တွေဝေတုံ့ဆိုင်းနေခဲ့၏။ သူသည် ၎င်းက အမှန်လား အမှားလားဆိုသည်ကို မသိပေ။ ယင်ယန်တောင်ပံတစ်စုံ၏ စွမ်းအားက အမှန်ပင် ထူးခြားနေခဲ့သည်။ မည်သူမဆို ၎င်းတို့နှင့် ခွဲခွာရန် တွေဝေတုံ့ဆိုင်းနေလိမ့်မည် ဖြစ်သည်။
သို့သော် သူရုန်းကန်နေရချိန် ဝေခွဲမရဖြစ်နေစဥ်ချိန် တောင်ပံတစ်စုံကို ဖြတ်တောက်ရန် တွေးတောစဥ်းစားလိုက်သည့် အချိန်တွင် သူသည် ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းကို ရိပ်ခနဲမြင်တွေ့လိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။
အဆိုပါ ခံစားချက်က ဉာဏ်အလင်းပွင့်ခြင်းကဲ့သို့ အလွန်တရာ ရှုပ်ထွေးနေခဲ့၏။ ယခင်က သူသည် ၎င်းကို တစ်ကြိမ်တစ်ခါမှ မတွေးဖူးသကဲ့သို့ ထိုကဲ့သို့သော ခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးချေ။
“ သူတော်စင် ….. “
လောင်လျူက ထပ်မံ၍ စိတ်လှုပ်ရှားသွားခဲ့ပြန်သည်။
လုချန်ရှန်းက ငေးကြည့်လိုက်၏။
“ ဘာမှ ထပ်ပြောနေဖို့ မလိုတော့ပါဘူး။ သူတော်စင်ရဲ့ ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ အခုချိန်ကနေစပြီးတော့ ကျွန်တော်က ကောင်းကင်ဘုံ အကယ်ဒမီကနေ ထွက်ပါမယ်။ ဒီအစုတ်အပဲ့ နေရာစုတ်ကြီးကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီနေ့ကစပြီးတော့ ကျွန်တော်က သူတော်စင်ကို ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အောင်မြင်မှုတွေ ဂုဏ်ကျက်သရေတွေ အကုန်လုံးကို မျှဝေခံစားပေးပါမယ် “
လုချန်ရှန်း : “ … “
မူချွမ် : “ … “
ကောင်းကင်ဘုံ အကယ်ဒမီ : “ … “
သူ၏ စကားလုံးများက လူတိုင်းကို အငိုက်မိသွားစေခဲ့၏။ လုချန်ရှန်းကပင် တအံ့တဩဖြစ်သွားခဲ့သည်။
အဲ့တာက ဘာစကားကြီးလဲဟ။ ငါ့ကို ကျေးဇူးတင်ဖို့အတွက် မင်းက ကောင်းကင်ဘုံ အကယ်ဒမီကနေ ထွက်သွားပြီးတော့ ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သွားမယ်ပေါ့။ ငါ့နောက်ကို သေတဲ့အထိ လိုက်မယ်လို့ မကျိန်ဆိုလိုက်သင့်ဘူးလား။
ဘာကိစ္စ တစ်ဝက်တစ်ပျက်ပဲ ပြောရတာလဲ။ အောင်မြင်မှုတွေ ဂုဏ်ကျက်သရေတွေကို မျှဝေခံစားမယ်ဆိုတာကရော ဘာကြီးလဲ။ ငါတို့က အရှက်ခွဲခံရရင်ရော မင်းက မျှဝေပြီးတော့ အရှက်ခွဲခံမှာလား။
သူက အောင်မြင်မှုကို အရသာခံချင်နေရုံပဲထင်တယ်။
ကောင်းကင်ဘုံ အကယ်ဒမီရှိ လူတော်တော်များများက ကြားခဲ့ရပြီး ဓားတောင်ထွတ်မှ လူတစ်ချို့ကပင် ၎င်းကို ကြားသိသွားခဲ့သည်။
ဓားတောင်ထွတ်ပေါ်ရှိ လင်ခုန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ဓားတောင်ထွတ်မှာ အချိန်အတော်ကြာ နေနေခဲ့ပြီး အရာအားလုံးကို သင်ယူသွားခဲ့ပြီးတော့ ယူစရာ ဘာမှ မရှိတော့ ကောင်းကင်ဘုံ အကယ်ဒမီကနေ ထွက်သွားပြီးတော့ ဒီနေရာကို နေရာအစုတ်အပြတ်လို့တောင် ခေါ်နေပြီပေါ့။
ဒီကိုရောက်ဖို့အတွက် ငိုယိုတောင်းပန်ခဲ့တာက ဘယ်ကောင်တုန်း။
ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲသည် မျက်မှောင်ကြုတ်သွားကာ စကားဝင်ပြောလာခဲ့သည် “ လောင်လျူ မင်းက ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ “
“ အဘိုးကြီး ပါးစပ်ကို ပိတ်ထားလိုက် “ လောင်လျူက နှာခေါင်းတရှုံ့ရှုံ့ဖြစ်သွားခဲ့သည် “ ခင်ဗျားစကားတွေကို နားမထောင်ချင်ဘူး။ ခင်ဗျားက အိုလွန်းနေပြီ။ အဲ့တာကိုတောင် တစ်နေ့လုံး လျှောက်အော်နေတယ်။ လုချန်ရှန်းက ခင်ဗျားကြောင့် သေသွားရတာလို့တောင် ကျုပ်သံသယဝင်မိတယ် “
“ မင်း ပေါက်ကရတွေ လျှောက်မပြောနဲ့ “
အဆိုပါ အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ အဲ့လိုစကားမျိုးတွေကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် လျှောက်ပြောနေရတာလဲ။
အခုလက်ရှိအချိန်မှာ ကူချန်ကျွင်းက ဒီနေရာမှာ ရှိနေတယ်လေ။ တကယ်လို့ သူကသာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားစေချင်တယ်ဆိုရင် ဒီအတိုင်း လမ်းလျှောက်လာပြီး ငါ့ကို လျှော့သွားလိုက်ရုံပဲ။
“ ဟမ့် “
လောင်လျူက အသာအယာ နှာခေါင်းရှုံ့နေတော့၏။ သူသည် ယခုတွင် ထူးထူးခြားခြား မောက်မာနေခဲ့သည်။ သူက သူတော်စင်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပြီး တစ်ဖက်လူက သဘောမတူသော်လည်း တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းပင် ဖြစ်နေခဲ့သည်။
အကယ်၍ ၎င်းက အလုပ်မဖြစ်ဘူးဆိုပါက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းတွင် ကူချန်ကျွင်းရှိနေသေးသည်။ သူသည် အဆိုပါ သူဌေးကြီးထံတွင် သွားရောက်ခိုလှုံရုံသာ ပြုလုပ်ရမည် ဖြစ်သည်။ သူ့ထံတွင် တိုက်စစ်နှင့် ခံစစ်နှစ်မျိုးစလုံး ရှိနေခဲ့သည်။
လုချန်ရှန်းက အတော်ပင် အံ့ဩတုန်လှုပ်သွားကာ ကိုယ့်ကိုကိုယ် စကားပြန်ပြောနေမိတော့သည် “ ဒီကောင့်ဆီမှာ ပုန်ကန်တတ်တဲ့ စိတ်ဓာတ်မျိုး တကယ်ကြီး ရှိနေတာပဲ။ အဲ့အချိန်တုန်းက ကွေ့ဝူချန် ဒုက္ခရောက်သွားရတာက ဒီကောင့်ကြောင့်များလား “
သူသည် ထိုအကောင်နှင့် စကားပြောရန်အတွက်ပင် ပျင်းရိသွားခဲ့သည်။ ထို့နောက်တွင် သူသည် နောက်လှည့်ကာ အင်မော်တယ်ဂူဆီသို့သာ လျှောက်လှမ်းသွားသည်။
မူချွမ်က သူ့အနောက်သို့ လိုက်သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူသည် လိုက်သွားရန်အတွက် သူ၏ခြေထောက်များကို မတင်လိုက်သည်။ သို့သော် မူချွမ်၏ အကြည့်ကြောင့် အထိတ်တလန့်ဖြစ်သွားကာ တွေဝေတုံ့ဆိုင်းမနေဘဲ ကူချန်ကျွင်းကို ရှာရန် လှည့်ထွက်သွားတော့သည်။
ထိုဖြစ်စဥ်တစ်ခုလုံးက အတော်ပင် ချောမွေ့နေသောကြောင့် ကောင်းကင်ဘုံ အကယ်ဒမီ တစ်ခုလုံးကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့၏။
အဲ့အကောင်ကို တကယ်ကြီးကို ဒေါသထွက်ဖို့ကောင်းတာပဲ။
အဆုံးတွင် အကြီးအကဲဖြစ်သူက ဤနေရာမှ ထွက်သွားကာ ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းသို့ ဦးတည်သွားပြီး ထိုနေရာတွင် တစ်စုံတစ်ဦးက စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသည့် အကြီးအကဲတစ်ဦးက အသစ်ရောက်ရှိလာသူကို ကြည့်ကာ အရင်ဦးဆုံး စကားပြောလိုက်သည် “ ငါသိပြီးပြီ “
စကားပြောနေခဲ့သည့် လူမှာ ကောင်းကင်ဘုံ အကယ်ဒမီ၏ မဟာအကြီးအကဲဖြစ်သူ ယွမ်ထင်ပင် ဖြစ်သည်။
အသစ်ရောက်ရှိလာသည့် အကြီးအကဲသည် အလွန်တရာ ရိုသေလေးစားစွာဖြင့် ရှေ့တက်သွားခဲ့သည်။ သို့သော် သူသည် ဒေါသတကြီး ပြန်ပြောလိုက်သည် “ မဟာအကြီးအကဲခင်ဗျာ အဲ့ဒီလောင်လျူက တကယ်ကို ကောက်ကျစ်ပါတယ်။ ပေါ့ပေါ့တန်တန် မလွှတ်ပေးထားသင့်ပါဘူး “
ယွမ်ထင်က ခေါင်းတခါခါ ဖြစ်သွားခဲ့ပြီး သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ဟကာ တုံ့ပြန်လိုက်သည် “ လောင်လျူရဲ့ ကိစ္စက ပမွှားလေးပါ။ ဒါပင်မဲ့ အဲ့ကိစ္စကို ပိုဆိုးသွားစေတာက အဲ့ဒီသူတော်စင်ပဲ “
“ ကျုပ်တို့က အတော်လေးကို အားစိုက်ထုတ်ခဲ့ရပြီးမှ သိခဲ့ရတဲ့ ကိစ္စကို သူက အချိန်တိုအတွင်းမှာ သိသွားခဲ့တယ်။ အဲ့တာက အံ့ဩဖို့ကောင်းလွန်းတယ်။ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင် တစ်ယောက်က ဟွာရှုနယ်ပယ် ပညာရှင်ထပ်တောင် ပိုကြောက်ဖို့ကောင်းနေတယ် “
နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏။ ထိုလူက ကောင်းကင်ဘုံ အကယ်ဒမီ၏ ဒုတိယအကြီးအကဲပင် ဖြစ်သည်။
သူတို့က လောင်လျူ၏ ဇစ်မြစ်ကို သိနေခဲ့ကြပြီး သူ့အကြောင်းကို စုံစမ်းနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။ ရလဒ်ကို ရရှိခဲ့သော်လည်း မည်သို့မျှ ထုတ်မပြောခဲ့ကြပေ။
သို့သော် ယခုတွင် လုချန်ရှန်းက ၎င်းကို ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။
“ ထူးခြားတယ် “
နတ်အလင်းတန်းတို့ဖြင့် လွှမ်းခြုံနေသည့် သက်လတ်ပိုင်းလူမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူက တောင်ထွတ်ခုနစ်ခုအနက်မှ တစ်ခုဖြစ်သည့် နတ်ဘုရားတောင်ထွတ်၏ အရှင်သခင်ဖြစ်ပြီး နတ်အမွေအနှစ်ကို ထိန်းသိမ်းထားသည့် လူတစ်ဦးဖြစ်သည်။
ယွမ်ထင်က ပြန်ပြောလိုက်သည် “ အဲ့ဒီ သူတော်စင်က ပိုပိုပြီးတော့ နားလည်ရခက်လာတယ် “
“ လောင်လျူကို လမ်းညွှန်ပေးရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာလို့ လောင်လျူတစ်ယောက်တည်းကိုပဲ အလေးထားနေရတာလဲ “
လူတိုင်း မယုံကြည်နိုင် ဖြစ်သွားကာ သူ့ထံတွင် ဆိုးရွားသော ရည်ရွယ်ချက်တစ်ချို့ ရှိနေသည်ဟု ခံစားသွားကြရ၏။ မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မမှန်းဆနိုင်ခဲ့သော်လည်း အဆိုပါ သူတော်စင်က လူများစွာထဲမှ လောင်လျူတစ်ဦးတည်းကိုသာ အထူးတလည် ရွေးချယ်သွားခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စမတိုင်ခင်အချိန်အထိ ထိုလူက မည်သူ့ကိုမှ စကားမပြောခဲ့ဖူးချေ။
“ အခုကရော ဘာဖြစ်သွားတာလဲ “ ဟု ဒုတိယအကြီးအကဲက မေးမြန်းလိုက်၏။
နတ်ဘုရား တောင်ထွတ်သခင်က ပြန်ပြောလိုက်သည် “ သူလာရဲတယ်ဆိုမှတော့ ဘာကိုမှ မကြောက်လို့ပဲ ဖြစ်နိုင်တယ် “
“ ဘာပဲဖြစ်ဖြစ် ငါတို့က သတိထားမှဖြစ်မယ်။ အဲ့ဟာက ကောင်းကင်ဘုံ အကယ်ဒမီရဲ့ အမွေအနှစ်နဲ့ဆိုင်တယ်။ ငါတို့က နည်းနည်းလေးမှ ပေါ့လို့ မဖြစ်ဘူး။ အန္တရာယ် ၁%ပဲ ရှိတယ်ဆိုရင်တောင်မှ ငါတို့က လျစ်လျူရှုထားလို့ မဖြစ်ဘူး “
ထိုအခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ ဒုတိယအကြီးအကဲက ထပ်မံ၍ မေးမြန်းလာခဲ့၏ “ ကူချန်ကျွင်းကရော။ သူက ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ။ တာအိုဆွေးနွေးဖို့အတွက်ဆိုတာက တကယ်လား “
“ တကယ်တော့ အဲ့တာက လုချန်ရှန်းကိစ္စဖြစ်နေနိုင်တယ်။ သူက အဖြေရှာချင်နေတာ “
“ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ တစ်ခြားနည်းလမ်းမရှိတော့ဘူး။ ငါတို့က ဘာကိုမှ ကောက်ချက်ချလိုက်လို့ မရဘူး “
“ ဒါပင်မဲ့ သူက ဘာဖြစ်လို့ ရောက်လာခဲ့တာလဲ “
ထိုစကားတစ်ခွန်းက လူတိုင်းကို ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့ပြန်သည်။
ထိုလူနှစ်ဦး၏ လှုပ်ရှားမှုများက မည်သို့မျှ မှန်းဆ၍ မရခဲ့ပေ။ တစ်ဦးချင်းစီတိုင်းက ပြောင်းလဲတတ်သောကြောင့် သူတို့ကို ထိန်းချုပ်ရန် (သို့) သူတို့၏ အသေးစား ရည်ရွယ်ချက်များကိုပင် မှန်းဆရန် မဖြစ်နိုင်လှပေ။
--
……………………………………………………………………………………………………………………………………..