အခန်း ၃၁၀
Vol. 21 Ch. 310
အပိုင်း ( 310 )
တကယ်တော့ မင်းက ငါ့လောက်မစွမ်းပါဘူး
နောက်တစ်နေ့ နံနက်ခင်း၌ ကောင်းကင်ပြင် လင်းထိန်လာမှုနှင့်အတူ လုချန်ရှန်း၏ မျက်လုံးများ ပွင့်ဟလာခဲ့သည်။
အင်မော်တယ်ဂူအပြင်ဘက်တွင် ယမန်နေ့က အကြီးအကဲဖြစ်သူ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ကောင်းကင်ဘုံ အကယ်ဒမီက လုချန်ရှန်းကို ထပ်မံ၍ ဖိတ်ခေါ်လာခဲ့ပြန်သည်။
စစ်ရထားလုံး တစ်စီး ပေါ်ထွက်လာခဲ့ကာ အကြည့်ပေါင်းမြောက်များစွာကို ထပ်မံ၍ ဆွဲဆောင်သွားခဲ့ပြန်သည်။ ကောင်းကင်ဘုံ အကယ်ဒမီက အမြင့်မားဆုံးသော ယဥ်ကျေးမှုကို ပြသခဲ့သော်လည်း လုချန်ရှန်းက အေးအေးလူလူသာ ဖြစ်နေခဲ့ပြီး မပျော်ရွှင်သကဲ့သို့ မည်သို့မျှ ဝမ်းမနည်းသွားခဲ့ပေ။
တစ်ခဏအကြာတွင် စစ်ရထားလုံးက တောင်တန်းအများပြားကို ကျော်ဖြတ်ကာ ကျောက်ဆောင်တစ်ခု၏ အရှေ့တွင် ရပ်တန့်သွားခဲ့သည်။
သူမြင်တွေ့လိုက်ရသည့် အရာမှာ ဝိညာဥ်စွမ်းအင်များဖြင့် ထူးခြားဆန်းပြားစွာ လှပနေသည့် နေရာတစ်ခုဖြစ်ပြီး ၎င်းကို တသွင်သွင် စီးဆင်းနေသော စမ်းချောင်းများနှင့် အနီးအနားတွင် တဝုန်းဝုန်း ကခုန်နေသည့် ရေတံခွန်တစ်ခုတို့က အဖော်ပြုနေခဲ့ကာ ၎င်း၏ မြူခိုးများ ဖြည်းဖြည်းချင်း ပျံ့လွင့်နေခဲ့သည်။ အဝေးတစ်နေရာတွင် အင်မော်တယ် ဗျိုင်းကြီးများ တွန်မြည်နေကာ ကောင်းချီးမဂ်လာတို့ကို ကိုယ်စားပြုသည့် သားရဲများက သီဆိုနေကြ၏။
ကျောက်ဆောင်ပေါ်တွင် ကျောက်စားပွဲခုံ အချို့နှင့် တရားထိုင်ဖျာများ ရှိနေခဲ့ပြီး ရိုးရှင်းပုံရသော်လည်း ထူးခြားသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ အရာအားလုံး ဆန်းကြယ်နေကာ မမြင်နိုင်သော တာအိုစွမ်းအင်တစ်ခု စီးဆင်းနေခဲ့၏။
အရှေ့တွင် ယွမ်ထင်က လုချန်ရှန်းကို ကြည့်လာခဲ့ပြီး အကြည့်ချင်း ဆုံသွားခဲ့သည်။
နတ်ဘုရား တောင်ထွတ်သခင်ပါ ရှိနေခဲ့ပြီး ဒုတိယ အကြီးအကဲ၏ မျက်ဝန်းများက အေးချမ်းတည်ငြိမ်နေခဲ့သည်။ ဤနေရာတွင် ရှိနေသည့် လူတိုင်းက ဤကမ္ဘာပေါ်တွင် အလွန်တရာ မြင့်မားသော အဆင့်အတန်းများကို ပိုင်ဆိုင်ထားခဲ့သော်လည်း အဆိုပါ သူတော်စင်ကို မည်သူကမှ လျှော့မတွက်ခဲ့ကြပေ။
“ သူတော်စင် လာပါ “
ယွမ်ထင်က လက်ကို မြှောက်ကာ စကားပြောလာခဲ့၏။
လုချန်ရှန်းက သူ့အရှေ့တွင် ထိုင်လိုက်ပြီး မူချွမ်က လုချန်ရှန်း၏ ဘေးနားတွင် ထိုင်ချလိုက်သည်။
“ သူတော်စင်ရဲ့ အရှိန်အဝါက ရှေးခေတ်ကတည်းက ရှိနေခဲ့ပြီးတော့ နှစ်ကာလတွေတစ်လျှောက်လုံးမှာ ဘုန်းကျက်သရေရှိစွာ တောက်ပနေခဲ့တယ်လို့ ကြားခဲ့ဖူးတယ်။ အခုတွေ့လိုက်ရတော့မှ အဲ့စကားတွေက တကယ်မှန်နေတာပဲ “
စကားပြောလာသူမှာ နတ်ဘုရား တောင်ထွတ်သခင်ဖြစ်သည်။ သူက မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ဘဲ စိတ်ခံစားချက်များဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ထိုလူကဲ့သို့သော လူမျိုးမှာ အလွန်တရာ ရှားပါးလွန်းလှပြီး သူ၏ အနာဂတ် အောင်မြင်မှုများက တိုင်းတာ၍ပင်ရမည် မဟုတ်ချေ။
သို့ရာတွင် လုချန်ရှန်းကမူ သူ၏စိတ်ထဲတွင် မည်သည့် လှည့်ကွက်နှင့် အကြံအစည်မှ ရှိမနေဘဲ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့တာက အတိတ်က အောင်မြင်မှုတွေပါ။ အခုလက်ရှိ ခေတ်မှာတော့ အဲ့တာကို လူတိုင်းက အနိုင်ကျင့်နေကြပြီ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မူချွမ်မှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် သူတော်စင်က ထိုမျှကြမ်းတမ်းနေကာ အဆိုပါ ပုဂ္ဂိုလ်များ၏ အရှေ့မှာပင် အကြောက်အရွံ့ ကင်းမဲ့နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တစ်ခြားလူများ၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားပြီး ယွင်ထင်တစ်ဦးတည်းကသာလျှင် အေးဆေးတည်ငြိမ်နေခဲ့သည်။
သူသည် လုချန်ရှန်းကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည် “ အဲ့တာက နားလည်မှုလွဲသွားတာလေးပါပဲ။ အဲ့တာကို ဖြေရှင်းဖို့အတွက် သူတော်စင်ကို ဖိတ်ခေါ်လိုက်တာပါ “
“ လှုပ်ရှားခဲ့တဲ့ လူက ကောင်းကင်ဘုံ အကယ်ဒမီက မဟုတ်ဘူးလို့ ပြောချင်နေတာလား။ ဒါပင်မဲ့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ နာမည်ကို တုပရဲတဲ့လူရှိတယ်လို့ ပြောချင်နေတာလား။ ဒါမှမဟုတ် သူက ကောင်းကင်ဘုံ အကယ်ဒမီကနေ ထွက်သွားတာလား “ လုချန်ရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
သူသည် တစ်ခြားလူများက ရှင်းပြမည်ကို စောင့်ဆိုင်းမနေဘဲ လက်ဦးမှုယူ၍ အရင်ဦးဆုံး မေးခွန်းထုတ်လိုက်သည်။
အရေးပိုကြီးလေလေ သူက ပိုမိုတည်ငြိမ်ကာ ယုံကြည်မှုပိုရှိလေလေ ဖြစ်နေခဲ့သည်။ အကယ်၍ သူကသာ အားနည်းချက်ကို ထုတ်ပြလိုက်မည်ဆိုပါက သူ၏ အစစ်အမှန် အခြေအနေကို တစ်ဖက်လူက သိရှိသွားမည်ကို ကြောက်ရွံ့နေရမည် ဖြစ်သည်။
ထိုလူများသည် လုချန်ရှန်း၏ စကားပြောဆိုမှုက ထိုမျှပြတ်သားကာ တိုက်ရိုက်ဆန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် နတ်ဘုရား တောင်ထွတ်သခင်က ပြန်ပြောလိုက်သည် “ သူတော်စင် ထင်နေသလိုမျိုး မဟုတ်ပါဘူး။ သူက ကောင်းကင်ဘုံ အကယ်ဒမီက လူပါ ဘယ်ကိုမှ ထွက်မသွားပါဘူး။ ဒါပင်မဲ့ သူ့ရဲ့လုပ်ရပ်တွေက ကောင်းကင်ဘုံ အကယ်ဒမီနဲ့ ဘာမှမဆိုင်ပါဘူး “
“ စိတ်ဝင်စားစရာပဲ “
လုချန်ရှန်းက ထိုလူများကို ငေးကြည့်ကာ သူတို့၏ ဖြေရှင်းချက်ကို စောင့်ဆိုင်းနေခဲ့သည်။
ဒုတိယ အကြီးအကဲက စကားဝင်ပြောလာခဲ့၏ “ သူတော်စင် သိတဲ့အတိုင်းပဲ ကျုပ်တို့ ကောင်းကင်ဘုံ အကယ်ဒမီမှာက ရှေးဟောင်း အမွေအနှစ်တစ်ခုရှိတယ်လေ။ အဓိက စည်းမျဥ်းကတော့ အဆင့်အတန်း ခွဲခြားတာမရှိဘဲ တစ်ကမ္ဘာလုံးကို သင်ပြပေးဖို့ပဲ။ အဲ့လိုဆိုရင်တောင်မှ တစ်ခါတစ်လေမှာ မေးခွန်းတွေကို အဖြေပေးဖို့ လူတစ်ချို့ ပေါ်လာတတ်ပြီးတော့ တစ်ကမ္ဘာလုံးအတွက် သံသယတွေကို ဖြေရှင်းပေးရတယ်။ ဝမ်ထျန်က အဲ့လိုလူ တစ်ယောက်ပဲ။ ကျုပ်တို့ ကောင်းကင်ဘုံ အကယ်ဒမီကို မရောက်လာခင် အချိန်တုန်းက သူက အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းရဲ့ လူတစ်ယောက်လေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။
ဘာကို ပြောချင်နေတာလဲ။ ဝမ်ထျန်က အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းရဲ့ ကိုယ်စားလှုပ်ရှားခဲ့တယ်လို့ ပြောချင်နေပြီးတော့ အပြစ်တွေကို အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းဆီ ပုံချလိုက်ဖို့ ပြင်နေတာလားဟ။
လုချန်ရှန်းသည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။ သူသည် ဖြစ်နိုင်ခြေနှင့် ဆင်ခြေအမြောက်အများကို စဥ်းစားထားခဲ့သော်လည်း ကောင်းကင်ဘုံ အကယ်ဒမီက အပြစ်များကို တစ်ခြားအင်အားစုတစ်ခုဆီသို့ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်၍ ဖို့ချလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒီဘဲတွေက ငါ့ကို လှည့်စားဖို့ ကြံနေကြတာပဲ။
လုချန်ရှန်း တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် ယွမ်ထင်က စကားထပ်ပြောလာခဲ့သည် “ ဝမ်ထျန်က ဘယ်သူ့အတွက် လှုပ်ရှားခဲ့တာလဲဆိုတာကို ငါတို့မသိဘူး။ ကောင်းကင်ဘုံ အကယ်ဒမီက ဒေသလေးခုရဲ့ ပဋိပက္ခတွေထဲမှာ တစ်ခါမှ ဝင်မပါခဲ့ဖူးဘူး။ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က သက်ရှိသတ္တဝါအကုန်လုံးကို သင်ပြပေးဖို့ပဲ။ အဲ့တာက ငါတို့ရဲ့ အယူဝါဒပဲ “
“ ဒါပင်မဲ့ ဝမ်ထျန်က ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ လူတစ်ယောက်လေ။ သူက မဟာတောရိုင်း နန်းတော်အပေါ်မှာ လုပ်ခဲ့တာတွေအတွက် ငါတို့က တော်တော်လေးကို ရှက်မိပါတယ်။ သူတော်စင်က ဒီကိစ္စမတိုင်ခင် အချိန်အထိ ချိတ်ပိတ်ခံထားရပြီးတော့ စွမ်းအားတွေကို သန့်စင်ဖို့အတွက် ဝိညာဥ်ချီတွေ လိုအပ်တယ်လေ။ ငါတို့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီက သူတော်စင်ကို လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာပေးဖို့အတွက် ဆန္ဒရှိတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ငါ့ကို ဝိညာဥ်ကျောက်တုံးတွေ ပေးဖို့အတွက် ဒီနေရာကို ဖိတ်လိုက်တာလား။
ကောင်းကင်ဘုံ အကယ်ဒမီက သူ့ကို ထပ်ခါတလဲလဲ အံ့အားသင့်သွားစေခဲ့၏။ သို့သော် ထိုလူများက အလွန်တရာ ကပ်စေးနည်းလွန်းနေခဲ့တယ်။ ဒီကောင်တွေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလို့ ကောလဟာလထွက်နေတာ မဟုတ်ဘူးလား။
ဘာကိစ္စ သန်းတစ်ရာပဲ ပေးရတာတုန်း။ ထျန်းရီမြင့်မြတ်နယ်မြေကတောင် သန်းနှစ်ရာ ပေးခဲ့တဲ့ဟာကို။
ကပ်စီးနည်းတယ်။ တော်တော်ကြီးကို ကပ်စီးနည်းလွန်းတယ်။
သူဘာမှ မပြောရသေးခင် အချိန်မှာပင် လူငယ်လေးတစ်ဦးက လက်စွပ်တစ်ကွင်းကို ကိုင်ဆောင်ထားကာ သူ့ကို လေးလေးစားစား ပေးအပ်လာခဲ့သည်။
သူသည် တစ်ခဏခန့် အကြပ်စိုက်သွားခဲ့သည်။
ယူရမှာလား။ ထပ်တောင်းရဦးမလား။
တကယ်လို့ ထပ်တောင်းလိုက်ဦးမယ်ဆိုရင် ငါက ဝိညာဥ်ကျောက်တုံးတွေကို လက်လွှတ်လိုက်ရရင် ဘာဖြစ်သွားမလဲ။
တကယ်လို့ အဲ့တာကို ယူလိုက်မယ်ဆိုရင် သန်းတစ်ရာဆိုတာက နည်းလွန်းမနေဘူးလားဟ။
လူတစ်ယောက်က အဲ့တာကို ဘယ်လိုလုပ် ရွေးချယ်နိုင်မှာလဲ။
လုချန်ရှန်း အတွေးနက်နေသည့် အချိန်မှာပင် သူ၏အမြင်အာရုံအတွင်းသို့ ပုံရိပ်တစ်ခု တိုးဝင်လာခဲ့၏။ သူသည် ဟင်းလင်းပြင်အတွင်းတွင် အသက်သုံးဆယ် အရွယ်မျှ လူတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော် မည်သူမှ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် ထိုလူက အော်ပြောလာခဲ့သည် “ မင်းက မဟာတောရိုင်း နန်းတော်ရဲ့ ရှေးဟောင်း သူတော်စင်ကလေးငယ်လား “
လုချန်ရှန်းက သူ့ကို တစ်ချက်မျှငေးကြည့်လိုက်ပြီး လျစ်လျူရှုထားခဲ့ကာ စားပွဲခုံပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်သည်။
သူက မတုံ့ပြန်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ထိုလူက ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
“ ငါမင်းကို စကားပြောနေတယ်လေ။ ဘာကိစ္စ မတုံ့ပြန်ရတာလဲ။ ငါ့ကို အထင်သေးနေတာလား “
“ အတင့်ရဲချက် “
မူချွမ်က ဒေါသတကြီး ဟိန်းဟောက်ကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ဖိအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ထိုလူ၏ အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ထိုစဥ် နတ်ဘုရားတောင်ထွတ်သခင်က စကားထပ်ပြောလာခဲ့သည် “ ဝမ်လန် တော်တော့။ ပြန်သွားလိုက်တော့ ”
“ တောင်ထွတ်သခင် ကျွန်တော်ရဲ့ ဆရာက မဟာတောရိုင်း နန်းတော်ကို သွားခဲ့ပင်မဲ့ အသတ်ခံခဲ့ရပါတယ်။ ကျွန်တော်က ဖြေရှင်းချက်တစ်ခု လိုချင်ပါတယ် “ ဝမ်လန်ဟု အမည်ရသည့်လူက ဒေါသတကြီး ပြောဆိုလာခဲ့၏။
ဒုတိယ အကြီးအကဲက စကားဝင်ပြောနေတော့သည် “ သူသေသွားရတာက သူ့ရဲ့ အမှားကြောင့်ပဲ။ တစ်ခြားလူတွေကို အပြစ်လိုက်တင်နေလို့ မရဘူး “
“ အကြီးအကဲ ခင်ဗျားက အဲ့နေရာမှာ မရှိခဲ့ဘူးလေ။ အဲ့တာက ဆရာ့ရဲ့ အမှား ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုလုပ် သိမှာလဲ။ အဲ့ဒီသူတော်စင်က သူ့ကို ထောက်ချောက်ဆင်လိုက်တာများလား “
ဝမ်လန်က စကားဆက်ပြောလာခဲ့၏။
မူချွမ်က ဒေါသတကြီး ဖြစ်သွားပြီး အကြည့်များ ပြောင်းလဲသွားကာ သူ၏မျက်ဝန်းများအတွင်းမှ သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာခဲ့၏။ တစ်ခုခုက သေချာပေါက် မှားယွင်းနေသည်ဟု သူသိနေသော်လည်း သူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို မဖိနှိပ်နိုင်ခဲ့ပေ။
မဟာတောရိုင်း နန်းတော်ကိစ္စက သူ့ရင်ဘတ်အတွင်းမှ ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေသောကြောင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သို့ရာတွင် လုချန်ရှန်းက သူ၏လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်သည်။ သူ၏ အကြည့်က ကောင်းကင်ဘုံ အကယ်ဒမီ၏ အရေးကြီး ပုဂ္ဂိုလ်များအပေါ်တွင် လွှမ်းခြုံသွားကာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ဤနေရာက ထိုလူများ၏ ပိုင်နက် ကောင်းကင်ဘုံ အကယ်ဒမီပင် ဖြစ်သည်။ ထိုလူက မွေးရာပါ ဝိညာဥ် အဆင့်၉ကို ပိုင်ဆိုင်ထားသော်လည်း သူကိုယ်တိုင်က ၎င်းကို ကြိုတင်ခံစားသိရှိနေခဲ့သည့်အတွက် ထိုလူများက မည်ကဲ့သို့ မသိဘဲ နေမည်နည်း။
သူ့ကို မတားဆီးသည့်အပြင် ဤနေရာတွင် မာထောင်လွှားခွင့်ပြုထားခဲ့ပြီး သင့်တော်သည့် အချိန်တွင် သူ့ကို ဝေဖန်ပြောဆိုရန် ထိုလူ့ကို ထုတ်သုံးလာခဲ့၏။ မူချွမ်မှာလည်း ပြဿနာတစ်ခု ရှိနေသည်ဆိုသည်ကို သိနေသော်လည်း သူ၏ ဒေါသကို မဖိနှိပ်နိုင်ခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းက ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်တာလဲ။ ကောင်းကင်ဘုံ အကယ်ဒမီကို ခေါ်ပြီးတော့ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ကို တိုက်ခိုက်ချင်နေတာလား “
သူ၏ စကားလုံးများက ထိုလူများကို နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားစေခဲ့၏။
ဝမ်လန်ကပင် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ အေးစက်စွာ အော်ပြောလာခဲ့သည် “ မင်းက တော်တော်လေးကို စွမ်းတယ်ဆိုတာ ငါသိတယ်။ မြင့်မြတ်နယ်မြေတစ်ခုကတောင် မင်းကို အရှုံးပေးခဲ့ရတယ်။ ဒါပင်မဲ့ ငါ့ဆရာရဲ့ သေဆုံးမှုကို လျစ်လျူရှုထားလို့ မရဘူး “
“ အဲ့တော့ ဘာဖြစ်လဲ “
လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်သည်။ သူသည် လက်ဖက်ရည် သောက်နေစဲဖြစ်သည်။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ စရိုက်က မကောင်းဘူးဆိုပင်မဲ့ သူတို့ရဲ့ လက်ဖက်ရည်ကတော့ တော်တော်လေးကို ကောင်းသားပဲ။
ဝမ်လန်က ပြန်ပြောလိုက်သည် “ ငါ့ရဲ့ စွမ်းအားက မင်းလောက်မကောင်းဘူး။ ငါက ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ဂုဏ်သတင်းကို ပျက်ပြားသွားအောင် မလုပ်ရဲဘူး။ မင်းငါနဲ့တိုက်ရဲလား “
ဝှစ်
ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများ မြင့်တက်လာခဲ့၏။ လုချန်ရှန်းက နေရာမှာပင် အေးအေးလူလူ ထိုင်နေခဲ့ကာ လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့ပြီး သူ့လက်ထဲတွင် ရှိနေသည့် လက်ဖက်ရည်ခွက်ကိုသာ အေးအေးလူလူ စိုက်ကြည့်နေခဲ့သည်။
သူ၏ နောက်လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေက ကျယ်လောင်သော ဟိန်းဟောက်သံတို့ဖြင့် ပဲ့တင်ထပ်လာခဲ့၏။ သူ၏လက်ဝါးအတွင်းတွင် အဆုံးမဲ့ မိုးကြိုးများ ကခုန်နေပြီး ၎င်းကို စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အရှိန်အဝါတစ်ခုက အဖော်ပြုပေးနေခဲ့သည်။
အားလုံး၏ မျက်ဝန်းများအတွင်းတွင် မိုးကြိုးများ ဖွဲ့စည်းလာပြီး ငွေရောင်လှံတစ်လက် ဖွဲ့တည်လာခဲ့၏။ ၎င်း၏ ဟိန်းဟောက်သံက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ ကောင်းကင်ဘုံ အကယ်ဒမီ အပြင်ဘက်အထိပင် ရောက်ရှိသွားခဲ့သည်။
“ မိုးကြိုးတာအို ကြီးမားသော အောင်မြင်မှု …….. မိုးကြိုးတာအို အရင်းအမြစ် “
နတ်ဘုရားတောင်ထွတ်သခင်က အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်များနှင့် စကားထပ်ပြောလာခဲ့သည်။
ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ရာ မိုးကြိုးတို့ဖြင့် ဖွဲ့စည်းထားသော လှံက အရှေ့ဘက်သို့ ရုတ်တရက် ပစ်ခွင်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော အသံတစ်သံ ပေါက်ထွက်လာခဲ့ပြီး လှံတံက ဟင်းလင်းပြင်ကို ထွင်းဖောက်ကာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ဝမ်လန်၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ သူ၏မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး ၎င်းကို ပိတ်ဆို့ရန်အတွက် သူ၏လက်အတွင်းတွင် မှော်ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သို့ရာ၌ လှံတံ ဖြတ်သန်းသွားသည့် အချိန်တွင် ဖျက်စီး၍ မရသော စွမ်းအားတစ်ခု ထိုးနှက်လာခဲ့၏။ သူ့လက်အတွင်းတွင် ရှိနေသည့် မှော်ပစ္စည်းက အော်ဟစ်ဟိန်းဟောက်ကာ အဝေးသို့ ချက်ချင်းလွင့်ထွက်သွားပြီး ၎င်းထံတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
မှော်ပစ္စည်းကို ကိုင်ဆောင်ထားသည့် လက်က ချက်ချင်းပြိုကွဲသွားပြီး အရှေ့ဘက်ရှိ သွေးမြူထုပင် ပျောက်ကွယ်သွားကာ လှံတံ ရောက်ရှိလာခဲ့သည်။
ဝမ်လန်၏ အရှေ့တွင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလာခဲ့၏။ သို့သော် လှံတံနှင့် တိုက်မိသွားသည့်အချိန်တွင် အဆိုပါ ချပ်ဝတ်တန်ဆာက သူ၏ခန္ဓာကိုယ်နှင့်အတူ ထိုးဖောက်ခံလိုက်ရသည်။
အဆိုပါ တိုက်ကွက်က သူ၏နှလုံးသားကို ထိုးဖောက်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွင့်ထွက်သွားစေခဲ့ကာ အဝေးရှိ ကျောက်ဆောင်ပေါ်သို့ စိုက်ဝင်သွားခဲ့သည်။
အရာအားလုံးက တစ်ခဏလေးအတွင်းမှာပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး လုချန်ရှန်းက သူ၏ လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ချလိုက်ကာ ထိုနေရာသို့ ငေးကြည့်၍ အေးအေးလူလူ စကားပြောလိုက်သည်။
“ မင်းရဲ့ စွမ်းအားတင် မဟုတ်ဘူး ခွန်အားကလည်း ငါ့လောက် မစွမ်းဘူး “
--
……………………………………………………………………………………………………………………………………………