← Chapters

ကောင်းကင်ဘုံပုတီးစေ့၏ တုန်လှုပ်ဖွယ် ပြောင်းလဲမှု

Vol. 016 Ch. 773

ကောင်းကင်ဘုံပုတီးစေ့၏ တုန်လှုပ်ဖွယ် ပြောင်းလဲမှု

Vol. 016 Ch. 773

ထိုဆံပင်အနက်ရောင်နှင့် သက်လတ်ပိုင်းလူကြီးက မိုးကြိုးသားရဲ၏ ဦးခေါင်းကြီးကို ပွတ်သပ်လိုက်သည်။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မိုးကြိုးကောင်းကင်ဘုံ နယ်မြေမှာ ဘယ်လို ရတနာမျိုးတွေ ပေါ်လာမလဲ ငါမသိဘူး။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်တွေက ဒီရတနာတွေအတွက် တစ်ယောက်နဲ့တစ်ယောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြမှာ ငါ စိုးရိမ်မိတယ်…”

သူ့အသွင်က သုန်မှုန်လို့နေ၏။ သူ့အောက်ရှိ မိုးကြိုးသားရဲသည် အလင်းတန်းအသွင်ပြောင်းကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားနေသည်။

“ပြောကြတာက ထူးဆန်းလှတဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က တောင်ပိုင်းနယ်မြေရဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ထဲမျာ အရင်ဆုံး ပေါ်လာခဲ့တယ်တဲ့။ ဒီပုတီးစေ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် အဲဒီနေရာမှာ ရှိတဲ့ မိုးကြိုးတွေက ပြောင်းလဲသွားခဲ့ပြီး ဒီမိုးကြိုးကလန်ကို ဖန်တီး ဖြစ်ပေါ်စေခဲ့တာလို့ ဆိုကြတယ်။ ဒါကြောင့် ခုချိန်မှာ ဒီမိုးကြိုးကန်က မိုးကြိုးမန္တန်တွေကို ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ…”

ထိုလူ၏ မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ပို၍ မြန်ဆန်စွာ ရွေ့လျားလာနေသည်။

ဝမ်လင်းက မိုးကြိုးကန်ထဲ၌ ထိုင်နေရင်း မိုးကြိုးမူလမန္တန်၏ စာလုံးများကို ထပ်ခါထပ်ခါ ရွတ်ဆိုနေသည်။ ၎င်းမန္တန်ကို နားလည်ပြီးသည့်နောက် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ဒူးပေါ်သို့ နေရာချလိုက်သည်။ ထို့နောက် သူက အသက်ဝဝရှူသွင်း၍ မျက်လုံးမှိတ်ထားလိုက်သည်။

မိုးကြိုးမူလမန္တန်သည် ကောင်းကင်ဘုံမိုးကြိုး၏ မူလစွမ်းအင်ကို ထုတ်ယူကာ ကိုယ်ပိုင်အဖြစ် အသုံးပြုသည့် နည်းလမ်းပင် ဖြစ်သည်။

သည်လိုမန္တန်မျိုးက ရှားပါးလွန်းလှသည်။ ဒုတိယအဆင့် ကျင့်ကြံသူများသည် ထိုနည်းလမ်းမျိုးကို အသုံးပြုနိုင်၏။

သည်နည်းလမ်းက မိုးကြိုးများ ခန္ဓာကိုယ်ထဲသို့ စီးဝင်ခြင်းကို အာရုံစိုက်ထားခြင်း ဖြစ်၏။ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားခြင်း မရှိပါက သူ့ခန္ဓာကိုယ်ကိုယ်သူ အန္တရာယ်ပေးသည်နှင့် မခြားပေ။ လူတစ်ယောက်က ဂရုမစိုက်မိပါက မူလစိတ်ဝိညာဉ်ပင် ထိခိုက်သွားနိုင်သည်။

သို့ရာတွင် သည်နည်းလမ်းက ဝမ်လင်းအတွက် သင့်တော်ပေ၏။ သူ့မူလစိတ်ဝိညာဉ်သည် မိုးကြိုးဖြစ်ကာ သူ့ခန္ဓာကိုယ် အသစ်သည်လည်း မိုးကြိုးနှင့် ပြုလုပ်ထားခြင်းပင်။ မိုးကြိုးသားရဲ၏ အမြင်၌ ဝမ်လင်း၏ ဖြစ်တည်မှုတစ်ခုလုံးသည် မိုးကြိုးဟုသာ ထင်မြင်နေတော့သည်။

သိပ်မကြာခင်တွင် ဝမ်လင်းက သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ပင့်တင်လိုက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ လှုပ်ရမ်းခါမှုတစ်ခုနှင့်အတူ လေထဲပ လှိုင်းတွန့်မြောက်မြားစွာ ထွက်ပေါ်လာသည်။ သည်လှိုင်းတွန်းများက မိုးကြိုးကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ကာ ယင်းတို့က ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်။

အမှန်တော့ သည်လှုပ်ခါမှု တစ်ခုတည်းတွင် မတူညီသော ချိပ်တံဆိပ်ကိုးခု ပါဝင်နေကာ အံ့မခန်းနှုန်းဖြင့် ထုတ်လွှတ်ခဲ့ခြင်းပင်။ သည်ချိပ်တံဆိပ်များသည် မိုးကြိုးကို ဆွဲဆောင်နိုင်စွမ်းကို ဖန်တီးပေး၏။

မိုးကြိုးကန်၏ ကျယ်လောင်သော ပေါက်ကွဲသံအောက်၌ မိုးကြိုးအမျှင်တန်းတစ်ခုက ဆွဲယူခြင်း ခံလိုက်ရသည့်ပုံပေါ်ကာ ချက်ချင်း ထိုးထွက်လာ၏။ ယင်းမိုးကြိုးအမျှင်တန်းက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမျိုပစ်ချင်ဟန် ရသည်။

သို့သော် ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ထိမိသည့်အခိုက်တွင် ပျောက်ရှသွားကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သည်နေရာရှိ မိုးကြိုးက သာမန်မိုးကြိုးများထက် အဆများစွာ သန်မာလွန်းသည်။ ၎င်းမိုးကြိုးအမျှင်တန်းက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာ၏။ ဝမ်လင်းက လျင်မြန်စွာပင် မိုးကြိုးမူလမန္တန်ကို ပုံဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ ဝဲကတော့တစ်ခု မြန်ဆန်စွာ ဖြစ်ပေါ်လာကာ ချက်ချင်းလှည့်ပတ်လာသည်။ တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း ထိုဝဲကတော့ မိုးကြိုးထံမှ မူလစွမ်းအင်ကို ညှစ်ထုတ်စေသည်။

ထိုဖြစ်စဉ်က အချိန်အတန်ကြာ ဆက်တိုက် ဖြစ်ပျက်နေသည်။ သည်မန္တန်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းက အလွန်ခက်သည်ဟု ပြော၍ရ၏။ အသုံးပြုသူ၏ ခန္ဓာကိုယ်ကလည်း မိုးကြိုးကို ခုခံနိုင်ရမည် ဖြစ်ကာ ထိုမှသာ မိုးကြိုးထဲမှ မူလစွမ်းအင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။

သို့သော် ဝမ်လင်းက သည်ကိစ္စများနှင့် ပတ်သက်၍ ပူပန်ခြင်း မရှိပေ။ သူ့အသွေးအသားနှင့် မူလစိတ်ဝိညာဉ်တို့ ကိုယ်တိုင်က မိုးကြိုးကနေ ဖြစ်ပေါ်လာခြင်း မဟုတ်လား။ သည်နေရာရှိ မိုးကြိုးအများစုက သူ့ကို မသက်မသာ ဖြစ်စေရုံသာ တတ်နိုင်ကာ ဒဏ်ရာရရှိအောင် လုပ်နိုင်ခြင်း မရှိပေ။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့အာရုံအားလုံးကို မိုးကြိုးထံမှ မူလစွမ်းအင် ညှစ်ထုတ်ရယူခြင်းတွင်သာ နစ်မြှုပ်ထားခဲ့သည်။

အချိန်အတန် ကြာမြင့်ပြီးနောက် မိုးကြိုးမူလမန္တန်၏ သက်ရောက်မှုအောက်၌ မိုးကြိုးအမျှင်တန်းက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ကာ သိပ်မသန့်စင်သော မူလစွမ်းအင်များကိုသာ ချန်ရစ်ထားခဲ့၏။ ထိုအရာက အလွန်နည်းပါးသော မူလစွမ်းအင်ပင်။

သို့ရာတွင် ထိုပမာဏကပင် ဝမ်လင်းကို အလွန်စိတ်လှုပ်ရှားစေ၏။ ပထမအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် မူလစွမ်းအင်က တကယ့်ကို ခမ်းနားကြီးကျယ်လွန်းလှ၏။ လူတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ ရောက်ပြီးသည့်နောက် မူလစွမ်းအင်အချို့ကို ရရှိနိုင်ဖို့ အခွင့်အလမ်း ရရှိနိုင်သော်လည်း နောက်တစ်ဖန် ထပ်ရဖို့ သို့မဟုတ် ထိုမူလစွမ်းအင်ကို ပြန်ကောင်းမွန်အောင် လုပ်ဖို့က မဖြစ်နိုင်သလောက်ပေ။

ကမ္ဘာလောကမှ မူလစွမ်းအင်ကို ဖြစ်ပေါ်ခြင်းသည် ဒုတိယအဆင့် ကျင့်ကြံသူများ၏ မန္တန်များ လိုအပ်ပေသည်။

ကံကောင်းထောက်မသော အဖြစ်အပျက်များကြောင့် မဟုတ်လျှင် ဝမ်လင်းသည် ခုလိုမျိုး မူလစွမ်းအင်ကို ရရှိအောင် လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူက သူ့မြူးထူးမှုနှင့် သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကာ မသန့်မစင်သေးသော မူလစွမ်းအင်ကို သူ့မူလစိတ်ဝိညာဉ်ထံသို့ ဂရုတစိုက် လှည့်လည်ပေးနေသည်။ ထိုသို့ လုပ်ဆောင်ပါက သူ့အတွက် မူလစွမ်းအင် ကျန်ရစ်မှုက နည်းပါးလာမည် ဖြစ်သော်လည်း ထိုနည်းနည်းသာ ကျန်ခဲ့သည် မူလစွမ်းအင်ကို သူက အသုံးပြုနိုင်မည် ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက မဆင်မခြင် ပေါ့ပေါ့ဆဆ လုပ်ဝံ့ခြင်း မရှိပေ။ သူက သူ့မသန့်စင်သော မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်ကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ ပို့လွှတ်နေ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာသည်။

ထိုပြောင်းလဲမှုကို ဝမ်လင်းက ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူက ၎င်းပြောင်းလဲမှုကို ထိန်းချုပ်ချိန် မရလိုက်ပေ။ မသန့်မစင်သော မူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်နှင့် ထိမိလိုက်သည့်အခါတွင် ၎င်းက မြင်းရိုင်းတစ်ကောင်ကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါ ရွေ့လျားသွားသည်။

၎င်းမသန့်စင်သော မူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ထဲသို့ တူးဆွလာကာ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ရမည့်အစား ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရှိနေသော နေရာသို့ ဦးတည်သွားချေသည်။

မသန့်စင်သော မူလစွမ်းအင်က ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့နှင့် ချက်ချင်း ပေါင်းစပ်သွားချေသည်။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ပဲ့တင်သံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။ တောင်ကြီးတစ်လုံးနှင့် ဆောင့်ရိုက်ခံလိုက်ရသကဲ့သို့ ဝမ်လင်းမျက်နှာက ချက်ချင်း ဖြူရော်သွားကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း တုန်ခါ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဝမ်လင်း၏ အမိန့်ကို နာခံခြင်း မရှိတော့ပေ။ ၎င်းက သူ့မျက်ခုံးနှစ်ခုကြားထဲက ဖြည်းဖြည်းချင်း လွင့်မျောထွက်လာသည်။

ဝမ်လင်းက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် တုန်ယင်နေမိ၏။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က နောက်တစ်ဖန် ပေါ်လာပြန်သည်။ သည်တစ်ကြိမ်၌ ၎င်းက ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ထွက်လာချင်းချင်း မိုးကြိုးကန်တစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်ခါလာကာ မိုးကြိုးအမျှင်တန်းများကလည်း ချက်ချင်း ထိုးထွက်လာခဲ့သည်။

ထိုတုန်ခါမှုမှုလှိုင်းများသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကိုပါ သက်ရောက်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံ သက်တော်စောင့်ပင် မသက်ရောက်နိုင်လောက်သည့် အကွာအဝေးထိ နောက်ဆုတ်သွားရသည်။

မိုးကြိုးသားရဲကတော့ ထိုမိုးကြိုးများ ပြောင်းလဲလာသည်နှင့် အလိုလိုပင် နောက်သို့ ဆုတ်သွားခဲ့ကာ ၎င်းက ထိုမိုးကြိုးများအနားသို့ တိုးလာဝံ့ခြင်း မရှိပေ။

ဝမ်လင်းက ကောင်းကင်ထက်မှ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပို၍အားကောင်းလာခဲ့သည်။

မရေမတွက်နိုင်သော နဂါးအသွင် မိုးကြိုးတန်းများက အရပ်မျက်နှာအနှံ့ကနေ တဝီဝီ ထွက်ပေါ်လာနေသည်။ ထိုမိုးကြိုးများသည် တစ်ခုပြီးတစ်ခု ကောင်းကင်ဘုံပုတီးစေ့ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုမြင်ကွင်းက အဆုံးစွန် တုန်လှုပ်ဖွယ်ကောင်းကာ ဝမ်လင်းက လုံးဝ မှင်တက်နေစေသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဖြည်းဖြည်းချင်း ပြောင်းလဲလာကာ တစ်ခါပြောင်းလဲတိုင်း မိုးကြိုးမြောက်မြားစွာကို စုပ်ယူသည်။ပုတီးစေ့ ပတ်လည်၌ ခရမ်းရောင်အလင်းတစ်ခု ပေါ်လာခဲ့ချေသည်။

ဝမ်လင်းက ထိုမြင်ကွင်းနှင့် ရင်းနှီးလွန်းလှ၏။ သိပ်မကြာခဲ့သော အချိန်မှပင် ထိုကဲ့သို့သော ထပ်တူ ခရမ်းရောင်အလင်းမျိုးက ထွက်ပေါ်ခဲ့သေးသည် မဟုတ်လား။

ခရမ်းရောင်အလင်းက စူးရှလာကာ ရုတ်တရက် ပျံ့နှံ့လာသည်။ ထူးဆန်းသော အတားအဆီးက ရုတ်တရက် ပေါ်လာပြန်၏။ တစ်ချိန်တည်းမှာပင် တံခါးချပ်ကြီးပါ ဝမ်လင်းမျက်စိရှေ့၌ ပေါ်လာချေသည်။

ထိုအဖြစ်အပျက်များက ဝမ်လင်းကို ကြီးစွာ တုန်လှုပ်စေ၏။

သူက ကောင်းကင်ဘုံပုတီးစေ့သည် သည်နေရာ၌ ပထမဆုံးပေါ်ခဲ့ဖူးသည်ကို မသိခဲ့ပေ။ ထိုသို့သော ထူးဆန်းအံ့ဖွယ် ပြောင်းလဲမှုများအားလုံးသည် ကောင်းကင်ဘုံပုတီးစေ့၏ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းသာ။

ဝမ်လင်းက မမျှော်လင့်ပဲ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ မူလ ပေါ်ထွက်လာခဲ့သည့်နေရာသို့ ယင်းပုတီးစေ့ကို ယူဆောင်လာမိခဲ့ခြင်းပင်။ ထိုကိစ္စ၌ သူ့ကံကြမ္မာကပါ ပါဝင်ပတ်သက်သည်ဟု ပြောနိုင်ပေ၏။

သို့ရာတွင် သည်ကိစ္စကို ကံကြမ္မာသပ်သပ်ဟု လုံးဝတော့ မပြောနိုင်ပေ။ တကယ်တော့ ဝမ်လင်းက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သည်နေရာကို ရှာတွေ့ခဲ့ခြင်းသည် ရှေးဟောင်းမိုးကြိုးနဂါးကြောင့် တစ်ခုတည်း မဟုတ်ပေ။ သူသည်နေရာသို့ ရောက်လာခဲ့ရသည့် နောက်ကွယ်ကအကြောင်းရင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ပင် ဖြစ်နေတော့သည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဝမ်လင်းမူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအရာ ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဌာန် မရှိတော့ပေ။ ထို့ကြောင့်လည်း ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အပေါ်ကို သက်ရောက်နိုင်သော စွမ်းရည်လည်း ပိုင်ဆိုင်ထားခဲ့သည်။ အမှန်တော့ သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကနေ ထွက်ပေါ်လာခဲ့ခြင်းသာ ဖြစ်တော့၏။

ထိုသို့သာ သပ်သပ်ဆိုလျှင်လည်း ခုလိုကိစ္စကြီးတစ်ခု ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။ ဒြပ်စင်ငါးခု မပြည့်စုံသေးသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ၎င်း၏ ပိုင်ရှင်ကို အသိအမှတ် မပြုသည့်အတွက် ဝမ်လင်းက သည်နေရာသို့ ယင်းပုတီးစေ့ကို ယူဆောင်လာခဲ့လျှင်ပင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဒြပ်စင်ငါးခု ပြည့်စုံသွားသည့်အချိန်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ပြောင်းလဲသွားခဲ့သည်။ တံခါးချပ်ကြီး ပေါ်ထွက်လာသည့်အခါတွင် ၎င်းပုတီးစေ့ကို ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် အသက်သွင်းခဲ့ခြင်းဟု ဆိုလိုပေသည်။

ထိုအသက်သွင်းမှုက ပုတီးစေ့သည် ၎င်း၏ ပိုင်ရှင်ကို အသိအမှတ်ပြုခြင်းဟုလည်း အဓိပ္ပာယ်ရသည်။

သည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို စုပ်ယူကာ ခု မိုးကြိုးကန်အထိ ရောက်လာခဲ့သည်။ မိုးကြိုးကန်ထဲရှိ မိုးကြိုးက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို ထိမိသည့်အခိုက်တွင် ခုလို ပြောင်းလဲမှုတစ်ခု ဖြစ်လာခြင်းပင်။

ထိုထိုသော အချက်အလက်များ၊ အကြောင်းရင်းများထဲမှ တစ်ခုတလေ လွဲချော်ခဲ့လျှင်ပင် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ခုလိုမျိုး ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ တည်ရှိလာခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ဝမ်လင်းသည်သာ ယခုအဆင့်သို့ ရောက်လာနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။

ဧရာမတံခါးကြီးက နောက်တစ်ဖန် ပေါ်ထွက်လာသည်။ ခရမ်းရောင်အလင်းက သီးသန့်ကမ္ဘာတစ်ခုကို ဖြစ်စေကာ မိုးကြိုးရေကန်ကိုပင် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ မိုးကြိုးက ခရမ်းရောင်မိုးကြိုး ဖြစ်လာချေ၏။

ထိုတံခါးပေါ်ထွက်လာသည့်အခါ ဝမ်လင်းခန္ဓာကိုယ်ထဲကနေ လေးစားကြောက်ရွံ့သည့် စိတ်က တစ်ဖန် ပေါ်လာခဲ့ပြန်သည်။ သူက ၎င်းကို တစ်ကြိမ် ခုခံပြီး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ အနည်းငယ် တုန်ယင်ရသည်သာ။ သို့သော် သူ့မျက်လုံးများကတော့ အညံ့မခံ၊ ဦးမညွှတ်မှုကို ပြသနေသည်။

ခရမ်းရောင်အလင်းက နေရာတိုင်းတွင် တောက်ပလာနေရင်း ဧရာမလက်ကြီးကပါ တံခါးအပြင်ဘက်တွင် ထပ်ပေါ်လာခဲ့သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ထိုလက်ကြီးထွက်ပေါ်လာမှုက ဝမ်လင်းနှလုံးသားကို ခုန်ပေါက်သွားစေသည်။

ထိုလက်ကြီးပေါ်လာသည့် အခိုက်တွင် ခရမ်းရောင်လျှပ်စီးများစွာက ချက်ချင်းပင် ယင်းလက်ကြီးထံသို့ တိုးဝင်လာကြသည်။ မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများသည် ထိုလက်မောင်းကြီးကို ထွေးခြုံပတ်လာ၏။

ဝမ်လင်းက ထိုလက်ကြီးကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက အံတင်းတင်းကြိတ်ကာ လေထဲသို့ ခုန်တက်လိုက်ကာ ဧရာမတံခါးချပ်ကြီးထံသို့ ဦးတည်တိုးဝင်သွားသည်။

ထိုလက်ကြီးကသာ မိုးကြိုးနှင့် ပိတ်လှောင်ထားခြင်း မခံရပါက ဝမ်လင်းသည် ထိုတံခါးချပ်အထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သူက သူ့ဘဝ၌ ယခုတစ်ကြိမ် အခွင့်ရေးကိုသာ ထပ်လွဲပါက သူက ထိုတံခါးနောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို လုံးဝ တွေ့မြင်နိုင်တော့မည် မဟုတ်ဟု ခံစားမိနေသည်။

သူက တံခါးချပ်ကြီးနှင့် ပိုနီးသည်ထက် နီးလာခဲ့သည်။

လက်ကြီးက စတင် ရွေ့လျားလာသည်။ သို့သော် ၎င်းပတ်လည်ရှိ မိုးကြိုးများက သတ္တုချိန်းကြိုးတစ်ခုအလား ယင်းလက်ကြီးကို ချုပ်နှောင်ထားသည်။ ထို့အတွက်ကြောင့် လက်ကြီး၏ လှုပ်ယမ်းနိုင်မှုအရှိန်က နှေးကွေးနေတော့၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့အမြန်နှုန်းကို ပိုမြှင့်လိုက်၏။ သူက တံခါးထံသို့ အလင်းတန်းတစ်ခုအလား တိုးဝင်သွားသည်။ သူက အနီးသို့ ရောက်သွားသည်နှင့် တံခါးက သေးငယ်သောအဟတစ်ခု ပွင့်လာခဲ့သည်။

ထိုအဟ ပွင့်လာခဲ့သည့် အခိုက်အတန့်၌ ကမ္ဘာလောကတစ်ခုလုံး ရပ်တန့်သွားပေ၏။

ဝမ်လင်းခန္ဓာကိုယ်သည်လည်း ထိုတံခါးအဟ၏ အပြင်ဘက်၌ ရပ်တန့်သွားသည်။ သူ့မျက်လုံးများက ပြူးကျယ်လျက် ရှိနေသည်။ သည်အခိုက်အတန့်၌ သူ့စိတ်က ထိုတံခါးထဲသို့ နစ်မြုပ်သွားသကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်း မြင်သမျှအရာအားလုံးသည် သူ့ကို ပြင်းထန်စွာ တုန်ယင်မိစေသည်။

သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ သူက သူ့ခန္ဓာကိုယ်ကိုပင် ခံစားမိခြင်း မရှိတော့ပေ။ သူ့ဖြစ်တည်မှုတစ်ခုလုံးသည် အဆုံးမသတ်နိုင်သည့် ကပြောင်းကပြန် ဖြစ်မှုကြီးထဲ၌ တည်ရှိရန် ဖြစ်လာသကဲ့သို့….။

******

All Chapters