← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) ကြီးမားသော ဘေးအန္တရာယ်ကြီး ကျရောက်လာတော့မည်

"အရှင်စစ်ချန် ချင်းကျိုးပြည်နယ်ကို ဘာကိစ္စများ ရှိလို့ လာခဲ့တာလဲ မသိဘူး ခင်ဗျ..."

လျိုမိုက သတိထားကာ မေးမြန်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချန်မုကဲ့သို့သော စစ်ချန်တစ်ဦး ချင်းကျိုးပြည်နယ်သို့ လာရောက်မည်ဆိုသည့် အကြောင်းကြားစာ အထက်မှ မရရှိထားဘဲ ချန်မုမှာ ရုတ်တရက်ကြီး ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယခုအချိန်တွင် ချန်မုသည် ယူကျိုးပြည်နယ်၌သာ ရှိနေသင့်သည်။

ချန်မုက ခေါင်းခါလိုက်ပြီး

"ဘာကိစ္စမှ မရှိပါဘူး... ငါ့ညီမလေးကို လာကြည့်တာပါ..." ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း...

ချန်မုက ချန်ယောင်ကို ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့်

"သွားကြစို့... မင်းနေတဲ့ နေရာကို သွားရအောင်... လမ်းကြုံရင် ဒီလအနည်းငယ်အတွင်း မင်း ဘာတွေ ကြုံခဲ့ရသလဲ ဆိုတာ ပြောပြဦး... ငါပေးထားတဲ့ အဆောင်လက်ဖွဲ့ကို မင်း သုံးလိုက်ပြီလို့ ထင်တယ်..." ဟု ပြောလိုက်သည်။

ချန်ယောင်က ခေါင်းညိတ်ပြပြီး လျိုမိုကို အရိုအသေပေးကာ

"တပ်မှူးကြီး... ဒါဆို ကျွန်မ အရင် သွားခွင့်ပြုပါဦး..." ဟု ပြောလိုက်သည်။

"သွားပါ... သွားပါ..."

လျိုမိုက ပြုံးရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။

ချန်မုနှင့် ချန်ယောင်တို့ ထွက်သွားပြီး များမကြာမီမှာပင် အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော စစ်ထျန်းထိုင်၏ စစ်လိ လွီကျန့်သည် ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်။ သူသည် ချန်မု ရောက်ရှိနေကြောင်း သတင်းကြားသည်နှင့် ချက်ချင်း ပြေးလာခဲ့ခြင်းဖြစ်သည်။

လော့ဖုန်းတောင်ကြားမှ နတ်ဆိုးများ၏ လှုပ်ရှားမှုကို သူ အမြဲတမ်း စောင့်ကြည့်နေခဲ့သော်လည်း သူ၏ တာအိုဆရာအဆင့်မှာ အဆင့် ၅ သာ ရှိသဖြင့် သိုင်းဆရာသခင် ဆယ့်ခုနစ်ဦး လော့ဖုန်းတောင်ကြားကို အတူတကွ သွားရောက် တိုက်ခိုက်ရာတွင် သူ လိုက်ပါသွားခြင်း မရှိခဲ့ချေ။

"အရှင်စစ်ချန် ကော..."

လွီကျန့်က လျိုမိုကို နှုတ်ဆက်ပြီးနောက် မေးလိုက်သည်။

လျိုမိုက

"ချန်ယောင်ဆီ သွားပြီ... အရှင်စစ်ချန်က သူ့ညီမကို တကယ်ကို ဂရုစိုက်တာပဲ... ယူကျိုးပြည်နယ်ကနေ မိုင်သောင်းချီ ဝေးတဲ့ ဒီအထိ လာပြီး ချန်ယောင်ကို ချင့်ယိုသစ်သီး တစ်လုံး လာပေးတာ... ကံကောင်းလို့ ပြီးခဲ့တဲ့ ကိစ္စပြီးကတည်းက ကျွန်တော် သူ့ကို ကျွန်တော့်ဘေးမှာ ခေါ်ထားပြီး ပြုစုပျိုးထောင်ပေးခဲ့လို့..." ဟု ပြန်ဖြေလိုက်သည်။

လွီကျန့်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ၏ မျက်နှာပေါ်တွင် အနည်းငယ် နှမြောတသဖြစ်သည့် အမူအရာ ပေါ်ထွက်လာသည်။

ယခင်က မြို့တော်တွင် ရှိနေစဉ် ချန်မု စစ်ထျန်းထိုင်သို့ လာရောက်ခဲ့ချိန်က သူသည် ချန်မုကို အဝေးမှ တစ်ချက်သာ လှမ်းကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ချန်မုကို သူနှင့် တူညီသော အဆင့် ၅ တာအိုဆရာ တစ်ဦးဟုသာ ထင်မှတ်ခဲ့သဖြင့် တကူးတက သွားရောက် မနှုတ်ဆက်ခဲ့ချေ။

ချန်မုသည် ကံကောင်းထောက်မမှုကြောင့်လား၊ သို့မဟုတ် အစကတည်းက အဆင့်ကို ဖုံးကွယ်ထားခဲ့ခြင်းလား မသိရသော်လည်း ရုတ်တရက် အဆင့် ၄ တာအိုဆရာတစ်ဦး ဖြစ်လာပြီး စစ်ထျန်းထိုင်၏ စစ်ချန်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိချေ။

ဒီလိုမှန်း သိခဲ့လျှင် ထိုအချိန်ကတည်းက သွားရောက် နှုတ်ဆက်ခဲ့သင့်သည်။

အဘယ်ကြောင့်ဆိုသော် အဆင့် ၄ တာအိုဆရာနှင့် အဆင့် ၅ တာအိုဆရာ အကြား ကွာဟချက်မှာ အလွန် ကြီးမားလှပြီး စွမ်းရည်ပိုင်းတွင်သာမက အဆင့်အတန်းပိုင်းတွင်ပါ ကြီးမားသော ကွာဟချက် ရှိနေသည်။ သူသည် စစ်ထျန်းထိုင်၏ စစ်လိတစ်ဦးအနေဖြင့် အဆင့်အတန်း ထူးခြားသဖြင့် သိုင်းပညာ အဆင့် ၃ သိုင်းဆရာသခင် တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် နှိမ့်ချနေရန် မလိုအပ်သော်လည်း သူ့ထက် တစ်ဆင့် ပိုမြင့်သော စစ်ချန်တစ်ဦးကိုမူ ရိုသေလေးစားမှု ထားရှိရမည်ဖြစ်သည်။

ထို့ကြောင့် ချန်မု ဖုန်းယန်ခရိုင်သို့ ရောက်ရှိနေကြောင်း သတင်းကြားသည်နှင့် သူ ချက်ချင်း အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။

လျိုမိုက

"အကယ်၍ အရှင်စစ်ချန်သာ စောစောရောက်လာခဲ့ရင် အရှင်စစ်ချန်ကို အဲဒီ သိုင်းဆရာသခင်တွေနဲ့ အတူတူ သွားဖို့ ဖိတ်ခေါ်လို့ ရတာပေါ့... ဒါဆို လော့ဖုန်းတောင်ကြားက နတ်ဆိုးတွေ ထွက်ပြေးဖို့ ပိုတောင် ခက်သွားဦးမယ်..." ဟု ပြောလိုက်သည်။

အဆင့် ၄ တာအိုဆရာတစ်ဦး ဦးဆောင်ပြီး သိုင်းဆရာသခင် ဆယ့်ခုနစ်ဦးနှင့် ပူးပေါင်းလိုက်ပါက လော့ဖုန်းတောင်ကြားမှ နတ်ဆိုးများမှာ တောင်ပံပေါက်လျှင်တောင်မှ ထွက်ပြေးနိုင်မည်မဟုတ်ဘဲ တစ်ကောင်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

လွီကျန့်က ခေါင်းခါလိုက်ပြီး

"သိုင်းဆရာသခင် ဆယ့်ခုနစ်ဦးဆိုရင် လော့ဖုန်းတောင်ကြားကို ရှင်းလင်းဖို့ လုံလောက်နေပါပြီ... ဒါ့အပြင် အရှင်စစ်ချန်မှာ ချင်းကျိုးပြည်နယ်ကို ကာကွယ်ဖို့ တာဝန်မှ မရှိတာ... အရှင်စစ်ချန်ကို ဒုက္ခပေးတာ မကောင်းပါဘူး..." ဟု ပြောလိုက်သည်။

"အင်း..."

လျိုမိုက ခေါင်းညိတ်လိုက်ပြီး

"သူတို့ ပြန်ရောက်လောက်ပြီ ထင်တယ်..." ဟု ပြောလိုက်သည်။

ထိုစကား အဆုံးတွင်...

ယွမ်ထျန်းတပ်ဖွဲ့၏ ကင်းထောက်တစ်ဦး ခြံဝင်းအတွင်းသို့ အပြေးအလွှား ရောက်ရှိလာပြီး အလောတကြီး အော်ဟစ်လိုက်သည်။

"အရှင်တို့... လော့ဖုန်းတောင်ကြားမှာ ပြဿနာ တက်ပြီ..."

...

ခရိုင်ရုံးတော်။

အထက်ဆုံး နေရာတွင် ထိုင်နေသူ နှစ်ဦးမှာ သိုင်းဆရာသခင်များ ဖြစ်ကြပြီး တစ်ဦး၏ ပါးစပ်ထောင့်တွင် သွေးစများ ကျန်ရှိနေသေးသလို အခြားတစ်ဦး၏ အဝတ်အစားများမှာလည်း ကြီးမားစွာ ပျက်စီးနေပြီး ကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာတစ်ခု ရရှိထားကာ ဒဏ်ရာများကို အမြန် ကုသထားရပုံရသည်။

ထိုသိုင်းဆရာသခင် နှစ်ဦး၏ အရှေ့တွင် ရပ်နေသူမှာ စစ်လိ လွီကျန့်ဖြစ်ပြီး ၎င်း၏ အနောက်ဘက်တွင်မူ တပ်မှူးကြီး လျိုမို အပါအဝင် အဆင့် ၄ သိုင်းသမား အများအပြား ရှိနေကြသည်။

ဤအချိန်တွင်...

ဧည့်ခန်းမ တစ်ခုလုံး အလွန် တိတ်ဆိတ်နေပြီး မွန်းကြပ်ဖွယ် လေထုက ဖုံးလွှမ်းနေလေသည်။

လွီကျန့်၏ နဖူးမှ ချွေးအေးများ စီးကျနေပြီး မျက်နှာမှာ အလွန် ပျက်ယွင်းနေကာ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ထွက်နေလေသည်။

လော့ဖုန်းတောင်ကြားက ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သည်။

မည်သည့် ဆင့်ကဲပြောင်းလဲမှုမှ မရှိခဲ့ဘဲ ယင်းမှာ အစကတည်းက ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးထားသော လူစကားပြောအဆင့် နတ်ဆိုးကြီးတစ်ကောင်က ချင်းကျိုးပြည်နယ်ရှိ သိုင်းဆရာသခင်များကို လှည့်စားပြီး တစ်ပြိုင်နက်တည်း အမြစ်ပြတ် သတ်ဖြတ်ပစ်ရန် တမင်တကာ ဖန်တီးထားသော ထောင်ချောက်တစ်ခုသာ ဖြစ်သည်။

သိုင်းဆရာသခင် ဆယ့်ခုနစ်ဦး လော့ဖုန်းတောင်ကြားကို အတူတကွ သွားရောက် တိုက်ခိုက်ခဲ့ရာ အချိန်တစ်နာရီ အတွင်းမှာပင် သိုင်းဆရာသခင် ဆယ့်နှစ်ဦး ကျဆုံးသွားခဲ့ပြီး ငါးဦးသာ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ကာ အားလုံး ပြင်းထန်သော ဒဏ်ရာများ ရရှိလာခဲ့ကြသည်။

ဤအဖြစ်အပျက်ကို လွီကျန့် လုံးဝ မယုံကြည်နိုင်ချေ။

သူ လော့ဖုန်းတောင်ကြားကို စုံစမ်းထောက်လှမ်းခဲ့စဉ်က ထိုနတ်ဆိုးကြီးမှာ ဆင့်ကဲပြောင်းလဲ နေဆဲဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။

ယခုအခါ သိုင်းဆရာသခင် ဆယ့်နှစ်ဦးတိတိ ကျဆုံးသွားခဲ့ပြီး သုံးဦးက အခြားနေရာများသို့ ထွက်ပြေးသွားကာ ရွှီ နှင့် လင် အမည်ရသော သိုင်းဆရာသခင် နှစ်ဦးသာ ပြင်းထန်သော ဒဏ်ရာများဖြင့် ခရိုင်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သဖြင့် ချင်းကျိုးပြည်နယ် သာမက လောကတစ်ခွင်လုံး တုန်လှုပ်သွားမည်မှာ သေချာလှပေသည်။

လောကတစ်ခွင်လုံးတွင် သိုင်းဆရာသခင် တစ်ရာကျော်ခန့်သာ ရှိကြောင်း သိထားရမည်ဖြစ်သည်။

ယခင်က ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သော နတ်ဆိုးကပ်ဘေးများအတွင်း ကျဆုံးခဲ့ရသော သိုင်းဆရာသခင်များ အားလုံး ပေါင်းလျှင်ပင် လေးဦးသာ ရှိသေးသော်လည်း ယခုအခါ တစ်ကြိမ်တည်းဖြင့် သိုင်းဆရာသခင် ဆယ့်နှစ်ဦးတိတိ ကျဆုံးသွားခဲ့ရာ ဤသည်မှာ ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ကြောင်း သိသာလှပေသည်။

"အဲဒီ... အဲဒီ နတ်ဆိုးကြီးက တကယ်ပဲ လူစကားပြောအဆင့်ကို ရောက်နေတာ ကြာပြီလား..."

လွီကျန့်က တုန်ရီသော အသံဖြင့် မေးလိုက်သည်။

ဤအချိန်တွင် ဒေါသကို အတင်းအဓမ္မ မြိုသိပ်ထားရသော သေဘေးမှ သီသီလေး လွတ်မြောက်လာသည့် သိုင်းဆရာသခင် နှစ်ဦးရှေ့တွင် သူ၏ တာအိုဆရာအဖြစ် တည်ငြိမ်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ရော စိတ်ပါ တုန်လှုပ်နေလေသည်။

သိုင်းဆရာသခင် ရွှီက လွီကျန့်ကို အေးစက်စွာ ကြည့်ရင်း

"စစ်လိ လွီက ငါနဲ့ သိုင်းဆရာသခင် လင် တို့ ကိုယ်ပေါ်က ဒဏ်ရာတွေ အားလုံးက အတုတွေ၊ လော့ဖုန်းတောင်ကြားမှာ သေသွားတဲ့ သိုင်းဆရာသခင် ဆယ့်နှစ်ဦး လည်း အတုတွေလို့ ထင်နေတာလား..." ဟု မေးလိုက်သည်။

မူလက သူသည် လွီကျန့် ဤ စစ်လိအပေါ် လေးစားမှု ရှိခဲ့သော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင် သူ၏ စိတ်ထဲရှိ ဒေါသများကို ထိန်းချုပ်ထားရန် အလွန် ခက်ခဲလှပေသည်။ သိုင်းဆရာသခင်တစ်ဦး၏ အရှိန်အဝါများပင် ထွက်ပေါ်လာသဖြင့် ဧည့်ခန်းမ အတွင်းရှိ အဆင့် ၄ သိုင်းသမားများ အားလုံး အသက်ရှူရပင် ခက်ခဲသွားကြတော့သည်။

လွီကျန့်မှာ အဆင့် ၅ တာအိုဆရာ တစ်ဦးဖြစ်သဖြင့် သိုင်းဆရာသခင်၏ အရှိန်အဝါကို ခုခံနိုင်စွမ်း ရှိသော်လည်း ဤအချိန်တွင် သူ၏ နဖူးမှ ချွေးအေးများ စီးကျနေပြီး ဤကိစ္စမှာ အတုဖြစ်ရန် မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိနေသည်။

မွန်းကြပ်ဖွယ် လေထုအောက်တွင်...

ဘေးနားတွင် ထိုင်နေသော သိုင်းဆရာသခင် လင်က ခေါင်းခါလိုက်ပြီး

"သိုင်းဆရာသခင် ရွှီ... စစ်လိ လွီကို အပြစ်တင်နေလို့ အဓိပ္ပာယ် မရှိပါဘူး... အဲဒါက လူစကားပြောအဆင့် နတ်ဆိုးကြီး တစ်ကောင်လေ... အဲဒီတုန်းက သူ့ရဲ့ ဟန်ဆောင်မှုကို ငါတို့တွေ အနီးကပ်တောင် မသိနိုင်ခဲ့ဘူး... နောက်ပြီး အခု အချိန်က အပြစ်တင်နေရမယ့် အချိန် မဟုတ်ဘူး..." ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ သိုင်းဆရာသခင် ရွှီက လွီကျန့်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်း ရှူသွင်းကာ စိတ်ထဲရှိ ဒေါသများကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး သူ၏ အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

အမှန်တကယ်တော့ လွီကျန့်ကို အပြစ်တင်နေ၍ အဓိပ္ပာယ် မရှိကြောင်းကိုလည်း သူ ကောင်းစွာ နားလည်ပါသည်။ လွီကျန့် အနေဖြင့် သူတို့ သိုင်းဆရာသခင်များကို တမင်တကာ ထောင်ချောက်ဆင်မည် မဟုတ်ဘဲ ထို လူစကားပြောအဆင့် နတ်ဆိုးကြီး၏ လှည့်စားမှုကို ခံလိုက်ရခြင်းသာ ဖြစ်သည်။ သို့သော် သူ လော့ဖုန်းတောင်ကြားတွင် သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ပေါက်ကွဲစရာ နေရာ မရှိဖြစ်နေခြင်းသာ ဖြစ်သည်။

သိုင်းဆရာသခင် လင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အဲဒီ နတ်ဆိုးက အရမ်း ကောက်ကျစ်တယ်... ဒီလို ထောင်ချောက်မျိုး ဆင်ထားခဲ့တာပဲ... အခု ငါတို့တွေ မမျှော်လင့်ဘဲ ထောင်ချောက်ထဲ ကျသွားခဲ့ရပြီဆိုတော့ နောက်လာမယ့် ရက်အနည်းငယ်အတွင်း ဖြစ်လာမယ့် နတ်ဆိုးကပ်ဘေးကို ငါတို့ တားဆီးနိုင်ဖို့ မလွယ်တော့ဘူး..."

"လော့ဖုန်းတောင်ကြားမှာ ငါတို့ သိုင်းဆရာသခင် ကိုးဦး ပူးပေါင်း တိုက်ခိုက်ခဲ့တာတောင် အဲဒီ လူစကားပြောအဆင့် နတ်ဆိုးကြီးကို မယှဉ်နိုင်ခဲ့ဘူး... ဒီလို နတ်ဆိုးမျိုးကို ငါတို့ သိုင်းဆရာသခင်တွေ အနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး... သိုင်းပညာ အဆင့် ၂ သိုင်းဆရာသခင်ကြီး တစ်ယောက် လာရောက် နှိမ်နင်းမှပဲ ရတော့မယ်..."

"ချင်းကျိုးပြည်နယ်နဲ့ အနီးဆုံးက မြို့တော်ပဲ... မြို့တော်မှာ သိုင်းနန်းတော်ရဲ့ မဏ္ဍိုင်ကြီး ခုနစ်ပါးထဲက လေးယောက် ရှိနေတယ်... အကူအညီ တောင်းဖို့ လူလွှတ်လိုက်ပြီ... ဒါပေမဲ့ အသွားအပြန် ဆိုရင် အမြန်ဆုံး နှစ်ရက်လောက်တော့ ကြာမယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင်...

အောက်ဘက်ရှိ လူများ အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်လုံးများထဲတွင် ခက်ခဲသော အမူအရာများ ပေါ်ထွက်လာကြသည်။

ဆိုလိုသည်မှာ အနည်းဆုံး လာမည့် နှစ်ရက်အတွင်း ချင်းကျိုးပြည်နယ် တစ်ခုလုံး အနေဖြင့် နတ်ဆိုးများ သောင်းကျန်းမှုကို ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ ထိုနတ်ဆိုးများ ခရိုင်မြို့ သို့မဟုတ် ပြည်နယ်မြို့တော်ကို လာရောက် တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ခုခံနိုင်မည် မဟုတ်တော့ချေ။

ဤနှစ်ရက်တာ ကာလအတွင်း...

ချင်းကျိုးပြည်နယ်ရှိ ပြည်သူ သန်းပေါင်းများစွာမှာ ကံကြမ္မာ အပေါ်တွင်သာ ပုံချထားရတော့မည် ဖြစ်သည်။

အဆင့် ၄ သိုင်းသမား တစ်ဦးက ခက်ခဲသော အသံဖြင့်

"လော့ဖုန်းတောင်ကြားက ဒီကနေ မိုင် ခြောက်ရာပဲ ဝေးတာ... အကယ်၍ သူတို့ ဒီနှစ်ရက်အတွင်း ဒီကို လာတိုက်ရင်..." ဟု ပြောလိုက်သည်။

"အဲဒီလိုဆိုရင်တော့ မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးရုံပဲ ရှိတော့တာပေါ့..."

သိုင်းဆရာသခင် ရွှီက အေးစက်စွာ ပြန်ဖြေလိုက်သည်။

သူနှင့် လင်ပေ့တို့မှာ သိုင်းနန်းတော်၏ သိုင်းဆရာသခင်များ ဖြစ်ကြသဖြင့် ဖုန်းယန်ခရိုင်သည် ပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေကြောင်း သိရှိထားသော်လည်း ဤနေရာသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ ကျန်ရှိသော အသက်ရှင်ကျန်ရစ်သည့် သိုင်းဆရာသခင် သုံးဦးမှာမူ အခြား နေရာများသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူငါးဦးစလုံး ဖုန်းယန်ခရိုင်တွင် ဆက်နေလျှင်တောင်မှ အဓိပ္ပာယ် မရှိသောကြောင့်ပင်။

နတ်ဆိုးများ လာရောက် တိုက်ခိုက်သည်နှင့် ဖုန်းယန်ခရိုင်သည် သေချာပေါက် ကျဆုံးသွားမည် ဖြစ်သည်။

သိုင်းဆရာသခင် ရွှီ၏ စကားကို ကြားသောအခါ အခြားသူများ အားလုံး မျက်နှာ ပျက်ယွင်းသွားကြပြီး လူတစ်ယောက်က သွားကိုကြိတ်ကာ

"ဒါဆို ကျွန်တော်တို့ အခုချက်ချင်း စတင် လှုပ်ရှားရတော့မလား..." ဟု မေးလိုက်သည်။

ထိုစကား၏ အဓိပ္ပာယ်ကို တစ်ဝက်သာ ပြောလိုက်သော်လည်း ကျန်သူများက ရှင်းလင်းစွာ နားလည်သွားကြသည်။

ဖုန်းယန်ခရိုင်တွင် လူဦးရေ သန်းဆယ်ဂဏန်းခန့် ရှိရာ အချိန်တိုအတွင်း အားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လုံးဝ မဖြစ်နိုင်ချေ။ ဆိုလိုသည်မှာ ယခုချက်ချင်း စတင် လှုပ်ရှားကာ လူတစ်စိတ်တစ်ပိုင်းကိုသာ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ကျန်သူများ အားလုံးကို မြို့ထဲတွင် စွန့်ပစ်ခဲ့ရမည် ဖြစ်သည်။

ထိုအဓိပ္ပာယ်ကို နားလည်သွားသော လူတိုင်း၊ အထူးသဖြင့် သိုင်းဆရာသခင် ရွှီ၏ မျက်နှာမှာ အလွန် ညှိုးနွမ်းသွားတော့သည်။

ဤသည်မှာ ပြည်သူ သန်းပေါင်းများစွာ ဖြစ်သည်။

အကယ်၍ နတ်ဆိုးများ လာရောက် တိုက်ခိုက်ပါက လုံးဝ ခုခံနိုင်မည် မဟုတ်ဘဲ ကျန်ရစ်ခဲ့သူတိုင်း သေဆုံးရမည်မှာ သေချာသော်လည်း ဤမျှ ကြီးမားသော ခရိုင်မြို့ကြီးကို ရုတ်တရက် စွန့်လွှတ်လိုက်ရမည် ဆိုပါက မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးသူများ အနေဖြင့် သမိုင်းတွင် အမည်ဆိုးဖြင့် ကျန်ရစ်ခဲ့မည်မှာ သေချာလှပေသည်။

"မင်းတို့ သွားချင်ရင် အခုပဲ သွားပြီး ပြင်ဆင်ကြတော့..."

လင်ပေ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး

"ငါကတော့ မသွားတော့ဘူး..." ဟု ပြောလိုက်သည်။

သူသည် ယခုနှစ်တွင် အသက် ကိုးဆယ့်လေးနှစ် ရှိနေပြီဖြစ်ရာ မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ သမိုင်းတွင် အမည်ဆိုးဖြင့် ကျန်ရစ်ခဲ့မည့် အစား ဖုန်းယန်ခရိုင်ရှိ ပြည်သူ သန်းပေါင်းများစွာနှင့် အတူတကွ သေဆုံးရန်သာ ရွေးချယ်လိုက်တော့သည်။

ဘေးနားရှိ သိုင်းဆရာသခင် ရွှီလီ၏ မျက်နှာမှာလည်း မည်းမှောင်နေလေသည်။

သိုင်းပညာ အဆင့် ၃ သိုင်းဆရာသခင် တစ်ဦးအနေဖြင့် မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးမည် ဆိုလျှင်တောင်မှ တာယွမ် နန်းတွင်း အနေဖြင့် သူ့ကို အမှန်တကယ် အပြစ်ပေးမည် မဟုတ်သော်လည်း သူ၏ ဘဝ လက်ကျန် အချိန်များကို အမည်ဆိုးဖြင့် ဖြတ်သန်းရတော့မည်မှာ သေချာလှပေသည်။

သို့သော် သူသည် လင်ပေ့ကဲ့သို့ ဖုန်းယန်ခရိုင်တွင် မနေချင်တော့ချေ။ သူသည် ယခုနှစ်တွင် အသက် ငါးဆယ့်လေးနှစ်သာ ရှိသေးပြီး အနာဂတ်တွင် သိုင်းပညာ အဆင့် ၂ သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်များ ရှိနေသေးကာ သိုင်းပညာ၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများ ရှိနေသေးသည်။

ဤသည်မှာ ခက်ခဲသော ရွေးချယ်မှု တစ်ခုပင်။

အောက်ဘက်ရှိ အဆင့် ၄ သိုင်းသမား အများအပြားမှာလည်း အလွန် ခက်ခဲသော အမူအရာများ ပေါ်ထွက်နေကြသည်။ ၎င်းတို့အတွက်မူ လောက၏ အာရုံစိုက်မှုက ထိုမျှလောက် မများပြားသဖြင့် မြို့ကို စွန့်ပစ်ပြီး ထွက်ပြေးလျှင်တောင်မှ လူအများက ဂရုစိုက်မည် မဟုတ်ချေ။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် အသက်ရှင်သန်ရေး အတွက် ဖုန်းယန်ခရိုင်ရှိ ပြည်သူ သန်းပေါင်းများစွာကို စွန့်ပစ်လိုက်မည် ဆိုပါက ၎င်းတို့၏ သိုင်းပညာ စိတ်ဆန္ဒတွင် ပြုပြင်၍ မရနိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာမည်မှာ သေချာပြီး အနာဂတ်တွင် သိုင်းဆရာသခင် အဆင့်သို့ တက်လှမ်းနိုင်ရန် အလွန် ခက်ခဲသွားမည် ဖြစ်သည်။

ယင်းမှာလည်း ခက်ခဲသော ရွေးချယ်မှု တစ်ခုပင်။

သို့သော်...

ထိုအချိန်မှာပင်...

လူအုပ်အလယ်တွင် ရပ်နေသော လျိုမိုက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး သူ၏ မျက်လုံးများ အရောင်လက်သွားကာ

"သိုင်းဆရာသခင် နှစ်ဦးကို တင်ပြစရာ ရှိပါတယ်... စစ်ထျန်းထိုင်က စစ်ချန်တစ်ဦး အခု ဖုန်းယန်ခရိုင်မှာ ရောက်နေပါတယ်..." ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ခန်းမထဲရှိ လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

လင်ပေ့မှာ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေရာမှ လျိုမို၏ အသံကို ကြားလိုက်ရချိန်တွင် ရုတ်တရက် သတိပြန်ဝင်လာပြီး အံ့အားသင့်မှုနှင့်အတူ အနည်းငယ် ဝမ်းသာသွားကာ

"စစ်ချန် ဟုတ်လား... ဘယ်က စစ်ချန်လဲ..." ဟု မေးလိုက်သည်။

"စစ်ချန် ချန်မု ပါ..."

လျိုမိုက ချက်ချင်း ပြန်ဖြေလိုက်သည်။

"စစ်ချန် ချန်မုရဲ့ ညီမလေးက အခု ယွမ်ထျန်းတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်နေပြီး ချင်းကျိုးပြည်နယ်မှာ ရှိနေတာပါ... စစ်ချန် ချန်မုက ယူကျိုးပြည်နယ်ကနေ သူ့ညီမကို လာကြည့်တာပါ... အခု မြို့ထဲမှာ ရှိနေလောက်ပါသေးတယ်..."

ရွှီလီမှာ ခဏတာ အံ့အားသင့်သွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာကာ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"မြန်မြန်... မြန်မြန် သွားပင့်ခဲ့..."

စစ်ချန် ချန်မု။

စစ်ထျန်းထိုင်မှ အဆင့် ၄ တာအိုဆရာ။

လွီကျန့်ကဲ့သို့သော အဆင့် ၅ တာအိုဆရာများနှင့် လုံးဝ ကွာခြားပြီး အဆင့် ၄ တာအိုဆရာများမှာ ဝိညာဥ်စွမ်းအင်နှင့် မြေပြင်အနေအထားကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဆင့်ခေါ်နိုင်စွမ်း ရှိကြသဖြင့် အချိန်တိုအတွင်း သိုင်းပညာ အဆင့် ၂ ၏ စွမ်းအားကို ခုခံနိုင်စွမ်း ရှိသလို လူစကားပြောအဆင့် နတ်ဆိုးကြီးများနှင့်လည်း ရင်ပေါင်တန်းနိုင်စွမ်း ရှိသည်။

ထိုစစ်ချန် ချန်မုမှာ 'တိုက်ဆိုင်စွာ' ချင်းကျိုးပြည်နယ်သို့ ရောက်ရှိနေမည်ဟု မည်သူမျှ မထင်ထားခဲ့မိချေ။ ဤသည်မှာ စိတ်ပျက်အားငယ်နေသော အမှောင်ထုထဲသို့ အလင်းရောင် တစ်စ ဝင်ရောက်လာပြီး ဖုန်းယန်ခရိုင်အတွက် အသက်ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို ယူဆောင်လာပေးခြင်းပင် ဖြစ်သည်။

ထိုမျှော်လင့်ချက် လမ်းစလေးမှာ အလွန် သေးငယ်နေသေးသော်လည်း...

အနည်းဆုံးတော့ သေချာပေါက် သေရမည့် အခြေအနေမျိုး မဟုတ်တော့ချေ။

...

ခြံဝင်းငယ်လေး တစ်ခုအတွင်း၌။

သီးသန့်ကျင့်စဉ်ခန်း တစ်ခု။

ဤနေရာမှာ ချန်ယောင် ပုံမှန် သိုင်းကျင့်လေ့ရှိသော နေရာဖြစ်ပြီး အခန်းတစ်ခုလုံး သန့်ရှင်းပြီး ကျယ်ဝန်းကာ အလယ်ဗဟိုတွင် တရားထိုင်ရန် ဖျာကြမ်း တစ်ချပ်သာ ရှိပြီး အခြား မည်သည့် အရာမျှ မရှိချေ။

ယခုအချိန်တွင် ချန်ယောင်သည် ထိုဖျာကြမ်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး မျက်လုံးများကို မှိတ်ထားကာ သူမ၏ ကိုယ်ပေါ်မှ အဖြူရောင် အအေးငွေ့များ အနည်းငယ် ထွက်ပေါ်နေလေသည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ကို သွားရောက် ထိတွေ့မည် ဆိုပါက အလွန် အေးစက်နေပြီး နှစ်သောင်းချီ သက်တမ်းရှိ ကျောက်စိမ်းတုံး တစ်တုံးကို ကိုင်တွယ်ရသကဲ့သို့ ခံစားရမည် ဖြစ်သည်။

ချန်မုက ချန်ယောင်၏ အရှေ့တွင် ရပ်နေပြီး သူ၏ မျက်လုံးများထဲတွင် အလင်းတန်း ဖျော့ဖျော့လေးများ တောက်ပနေကာ သူမ၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေလေသည်။

ချင့်ယိုသစ်သီး၏ အကျိုးသက်ရောက်မှုမှာ ချင့်ယိုရေကန်၏ ရေထက် များစွာ သိမ်မွေ့သော်လည်း အလွန် ပြင်းထန်သော အအေးဓာတ် ပါဝင်နေသဖြင့် နှစ်ကြိမ် ခွဲ၍ အသုံးပြုခိုင်းလျှင်တောင်မှ ချန်ယောင်၏ လက်ရှိ အဆင့်ဖြင့်ဆိုပါက ခက်ခက်ခဲခဲ သန့်စင်ယူရမည် ဖြစ်သည်။

မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန်အတွက် သူ ကိုယ်တိုင် ဘေးမှ စောင့်ကြည့်ပေးနေခြင်း ဖြစ်သည်။

သို့သော် သူ ခန့်မှန်းထားသည့်အတိုင်းပင် နှစ်ပိုင်း ခွဲထားသော ချင့်ယိုသစ်သီးကို ချန်ယောင်၏ လက်ရှိ အဆင့်ဖြင့် အမှန်တကယ် သန့်စင်နိုင်ပြီး အနည်းငယ် ခက်ခဲသော်လည်း ကြီးမားသော ပြဿနာ မရှိချေ။

"အင်း..."

ချန်ယောင်သည် မျက်လုံးများကို မှိတ်ကာ ချင့်ယိုသစ်သီးကို သန့်စင်နေစဉ် နှလုံးအတွင်းသို့ အအေးဓာတ် တစ်မျှင် စိမ့်ဝင်လာသဖြင့် သူမ မျက်မှောင်ကြုတ်သွားပြီး "အင်း..." ဟူသော အသံလေး ထွက်လာကာ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များကို အသုံးပြု၍ ထိုအအေးဓာတ်ကို ချေဖျက်ရန် ကြိုးစားလိုက်သည်။

ဤမြင်ကွင်းကို ချန်မု အနေဖြင့် ရှင်းလင်းစွာ မြင်တွေ့နေရပြီး သူ၏ အကြည့်များက ချန်ယောင်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ နှလုံးအတွင်း စုစည်းနေသော ထိုအအေးဓာတ် တစ်မျှင်ကို တွေ့မြင်နေရသည်။

သွေးစွမ်းအင်များ လည်ပတ်လာသည်နှင့်အမျှ တဖြည်းဖြည်း ချေဖျက်နေလေသည်။

သို့သော် နှလုံးအတွင်း အအေးဓာတ် တစ်မျှင် စုစည်းနေခြင်းကြောင့် ခန္ဓာကိုယ် နေရာအနှံ့ ပိုမို အေးစက်လာပြီး သန့်စင်မှု အရှိန်မှာ အလွန် နှေးကွေးသွားကာ ကြာမြင့်မည့်ပုံရသည်။

သေချာသည်မှာ...

ယင်းမှာ အဓိက မဟုတ်ဘဲ အဓိကမှာ ခန္ဓာကိုယ် နေရာအနှံ့မှ အပြင်သို့ ထွက်ပေါ်နေသော အအေးဓာတ်များ ပိုမို များပြားလာခြင်း ဖြစ်သည်။ ဤသည်မှာ သန့်စင်မှု လုပ်ငန်းစဉ် အတွင်း ဆေးစွမ်းအင် အများအပြား ဆုံးရှုံးသွားမည်ကို ဆိုလိုခြင်း ဖြစ်သည်။

"နည်းနည်းတော့ ကူညီပေးရမယ် ထင်တယ်..."

ချန်မု အနည်းငယ် စဉ်းစားပြီးနောက် ချန်ယောင်၏ ရင်ဘတ်ဆီသို့ လက်ညှိုး တစ်ချက် ညွှန်ပြလိုက်သည်။

ချင့်ယိုသစ်သီးမှာ အဆင့် ၇ သိုင်းသမား ဖြစ်သော ချန်ယောင်အတွက် အမှန်တကယ်ပင် အဆင့် အနည်းငယ် မြင့်မားလွန်းနေသည်။ သန့်စင်နိုင်သည်ဟု ဆိုသော်လည်း ဤအရှိန်အတိုင်း ဆက်သွားပါက ဆေးစွမ်းအင် တစ်ဝက်ကျော်ခန့် ဆုံးရှုံးသွားမည်မှာ သေချာလှပေသည်။

"ဝုန်း..."

နောက်တစ်စက္ကန့်တွင်...

မျက်လုံးမှိတ်ကာ ချင့်ယိုသစ်သီးကို သန့်စင်နေသော ချန်ယောင်သည် နွေးထွေးသော အပူဓာတ် တစ်ခုက သူမ တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး သူမ ခန္ဓာကိုယ်၏ အရေပြား နေရာအနှံ့သို့ ရောက်ရှိသွားကာ သူမ ခန္ဓာကိုယ်အတွင်း လှည့်လည်နေသော အအေးဓာတ်များ အားလုံးကို ပိတ်လှောင်ထားလိုက်သဖြင့် အပြင်သို့ အနည်းငယ်မျှပင် ထွက်ပေါ်မလာနိုင်တော့ကြောင်း ခံစားလိုက်ရသည်။

အအေးဓာတ်များ အပြင်သို့ မထွက်နိုင်တော့သဖြင့် သူမ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေများ ချက်ချင်း ပြောင်းလဲသွားပြီး မူလက ခက်ခက်ခဲခဲ ထိန်းသိမ်းကာ သန့်စင်နေရသော ထိုအအေးဓာတ်များမှာ ခန္ဓာကိုယ် နေရာအနှံ့တွင် လျင်မြန်စွာ စုစည်းလာတော့သည်။

သို့သော် ထိုအအေးဓာတ်များ စုစည်းမလာနိုင်မီ...

အသံတိတ်စွာဖြင့်...

သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ထိုနွေးထွေးသည့် အပူဓာတ်များက သူမ၏ အရေပြားကို ချက်ချင်း ဖောက်ထွင်း၍ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာပြီး ပူနွေးသော ရေစီးကြောင်းများအလား ကလီစာများနှင့် အကြောများဆီသို့ စီးဝင်သွားတော့သည်။

ထိုအပူဓာတ် ရေစီးကြောင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ထိုအအေးဓာတ်များမှာ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရပြီး ငြိမ်သက် သိမ်မွေ့သွားကာ သူမ၏ ခန္ဓာကိုယ် နေရာအနှံ့သို့ ပျော်ဝင်သွားပြီး သူမ၏ ကလီစာ ခြောက်ခု၊ အကြောများနှင့် အရိုးများကို သန်မာလာစေတော့သည်။

ဤတစ်ကြိမ်တွင်...

ချန်ယောင်၏ ဆေးစွမ်းအင် သန့်စင်မှု အရှိန်မှာ အဆပေါင်းများစွာ မြန်ဆန်သွားပြီး မည်သည့် ဆေးစွမ်းအင်မျှ အပြင်သို့ မထွက်သွားတော့ချေ။ အအေးဓာတ်တိုင်းမှာ ထိုအပူဓာတ် ရေစီးကြောင်းများ၏ ပွတ်နယ်မှုအောက်တွင် သူမ ခန္ဓာကိုယ်၏ ထောင့်စေ့အောင် စိမ့်ဝင်သွားတော့သည်။

ချန်ယောင်သည် ဤသန့်စင်မှု လုပ်ငန်းစဉ် အတွင်း သူမ၏ အရေပြား လက်မတိုင်း ပိုမို ကြံ့ခိုင်လာပြီး ကလီစာ ခြောက်ခု၏ အစိတ်အပိုင်းတိုင်းမှာလည်း ထိုအအေးဓာတ်များ၏ သန့်စင်မှုအောက်တွင် ပိုမို အားကောင်းလာကြောင်းကို ရှင်းလင်းစွာ ခံစားသိရှိနေရသည်။

နံ့သာတိုင် တစ်တိုင်စာ အချိန်တိုလေး အတွင်းမှာပင်...

ချင့်ယိုသစ်သီး တစ်ဝက်၏ ဆေးစွမ်းအင် အားလုံး လုံးဝ သန့်စင်ပြီးသွားတော့သည်။

ခန္ဓာကိုယ် အတွင်းအပြင် နေရာအနှံ့ ပြည့်နှက်နေသော ထိုအပူဓာတ် ရေစီးကြောင်းများမှာလည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှ လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း လုံးဝ ပျောက်ကွယ်သွားကာ အိပ်မက်တစ်ခု မက်ခဲ့ရသကဲ့သို့ ခံစားချက် အနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။

ချန်ယောင် မျက်လုံးများ ဖွင့်လိုက်သည်။

ဤအချိန်တွင် သူမ၏ ကလီစာခြောက်ပါး၏ ရှင်သန်နိုးကြားမှုမှာ ယခင်ကထက် အနည်းဆုံး သုံးဆခန့် ပိုမို အားကောင်းလာပြီး တစ်ကိုယ်လုံးရှိ အကြောများ၊ အရိုးများနှင့် အရေပြားများ အားလုံးမှာလည်း ယခင်ကထက် ပိုမို ကြံ့ခိုင်လာကြောင်းကို သူမ ခံစားသိရှိလိုက်ရသည်။

အရေပြား လက်မတိုင်းမှာ နှင်းဖြူလွှာ တစ်ခု ဖုံးအုပ်ထားသည့်အလား ဖြစ်နေပြီး ထိတွေ့ကြည့်ပါက အေးစက်သော အထိအတွေ့ကို ခံစားရမည်ဖြစ်ကာ အနီးကပ် ရှူရှိုက်ကြည့်ပါက မွှေးပျံ့သော ရနံ့လေး တစ်ခုကိုပင် ရရှိနိုင်ပေသည်။

ဤသည်မှာ အဆင့် ၇ သိုင်းသမား တစ်ဦး ပိုင်ဆိုင်သင့်သော ခန္ဓာကိုယ်မျိုး မဟုတ်တော့ချေ။

အဆင့် ၇ သိုင်းသမားများမှာ သွေးစွမ်းအင်များကို လေ့ကျင့်နေဆဲ အဆင့်တွင်သာ ရှိသေးသဖြင့် ပုံမှန်အားဖြင့်ဆိုလျှင် သွေးစွမ်းအင်များ ပြည့်နှက်နေသင့်ပြီး အချို့သော ထူးခြားသည့် ကျင့်စဉ်များကို လေ့ကျင့်ထားပါက ရေခဲကဲ့သို့ အရေပြားနှင့် ကျောက်စိမ်းကဲ့သို့ အရိုးများ ရှိလာနိုင်သော်လည်း ဖိနှိပ်၍ မရနိုင်သော သွေးညှီနံ့များ ရှိနေဆဲ ဖြစ်မည်ဖြစ်သည်။

သိုင်းသမားများ အနေဖြင့် များသောအားဖြင့် အဆင့် ၆ ဟွာယွင် အဆင့်သို့ ရောက်ရှိပြီး စစ်မှန်သောစွမ်းအင်များကို လေ့ကျင့်နိုင်မှသာ သွေးစွမ်းအင်များထဲရှိ သွေးညှီနံ့များကို ဖယ်ရှားနိုင်ပြီး အစောဆုံး အဆင့်မှ လွတ်မြောက်ကာ ဖြူစင် အပြစ်ကင်းသော ခန္ဓာကိုယ် သို့ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါ ချန်ယောင်မှာ ထိုအဆင့်ကို ချက်ချင်း ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ အဆင့် ၇ တွင်သာ ရှိသေးသော်လည်း တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များမှာ ကြမ်းတမ်းမှုမှ သိမ်မွေ့မှုသို့ ပြောင်းလဲသွားပြီး ဖြူစင် အပြစ်ကင်းသော ခန္ဓာကိုယ်၏ လက္ခဏာ အချို့ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

သေချာသည်မှာ...

ဤသည်က သူမ အဆင့် ၇ တွင် နေရမည့် အချိန်ကို များစွာ တိုတောင်းသွားစေမည် ဖြစ်သည်။

လက်ရှိ အခြေအနေအရ ခန့်မှန်းကြည့်ပါက အများဆုံး ခြောက်လအတွင်း သူမသည် အဆင့် ၇ ၏ အကန့်အသတ်ကို ကျော်ဖြတ်ကာ သိုင်းပညာ အဆင့် ၆ သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်မည် ဖြစ်သည်။

ချန်ယောင်သည် သူမ၏ အခြေအနေကို အသေးစိတ် မစစ်ဆေးတော့ဘဲ အကြမ်းဖျင်း ခံစားကြည့်ပြီးနောက် ချန်မုကို ကြည့်ကာ

"ဒုတိယအစ်ကို့ရဲ့ ဝိညာဉ်စွမ်းအားတွေက အဲဒီ ဝိညာဉ်ဆိုး တစ္ဆေ တွေနဲ့ လုံးဝ မတူဘူးပဲ..." ဟု ပြောလိုက်သည်။

စောစောက အခြေအနေကို မခန့်မှန်းကြည့်ဘဲနှင့်ပင် ချန်မုက ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ဆေးစွမ်းအင်များကို သန့်စင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။ သို့သော် ချန်မု၏ ဝိညာဉ်စွမ်းအားများမှာ သူမ တွေ့ဖူးသော ဝိညာဉ်ဆိုး တစ္ဆေများနှင့် လုံးဝ မတူညီဘဲ အေးစက်မှု မရှိသည့်အပြင် နွေးထွေးသော နေရောင်ခြည် အငွေ့အသက် အနည်းငယ်ပင် ပါဝင်နေလေသည်။

ချန်မုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"တာအိုဆရာတွေ အဆင့် ၄ နေ့ခင်း ဝိညာဉ်လွင့်မျောခြင်း အဆင့် ကို ရောက်သွားရင် ဝိညာဉ်က နေရောင်ခြည်ကို မကြောက်တော့ဘူး... နေရောင်ခြည်ကို စုပ်ယူနိုင်လာတဲ့အတွက် သဘာဝအတိုင်းပဲ ယန်ဓာတ် အနည်းငယ် ပါဝင်လာတာပေါ့..."

ချန်ယောင်က လက်ညှိုးတစ်ချောင်းကို မေးစေ့ပေါ် တင်ကာ စဉ်းစားနေသည့် အမူအရာဖြင့်

"အော်... ဒီလိုကိုး... ဒါကြောင့်မို့လို့ နွေးထွေးတဲ့ ခံစားချက်လေး ရနေတာကိုး... လူ့ခန္ဓာကိုယ်ထဲမှာ အရမ်းကို နေလို့ကောင်းတာပဲ..." ဟု ပြောလိုက်သည်။

ချန်မုက သူမကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်ပြီး

"နေလို့မကောင်းတဲ့ ဟာကို စမ်းကြည့်ချင်သေးလား..." ဟု မေးလိုက်သည်။

ချန်ယောင်က ချက်ချင်း လက်ကာပြလိုက်ပြီး ငြင်းဆိုသည့် အမူအရာ ပြုလုပ်လိုက်သည်။

ချန်မုက သူမကို ဂရုမစိုက်တော့ဘဲ အခန်းအပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ အခန်းအပြင်ဘက်မှ တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာပြီးနောက် သတင်းပို့သံ တစ်ခုကို ကြားလိုက်ရသည်။

"အရှင်စစ်ချန်... သိုင်းဆရာသခင် ရွှီလီ နဲ့ သိုင်းဆရာသခင် လင်ပေ့ တို့က အရေးကြီး ကိစ္စ ဆွေးနွေးစရာ ရှိလို့ ခရိုင်ရုံးတော် ကို ကြွခဲ့ပါလို့ ဖိတ်ကြားလိုက်ပါတယ် ခင်ဗျ..."

"ကောင်းပြီ... သိပြီ..."

ချန်မုက ပြန်ဖြေလိုက်ပြီး မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မပေါ်ထွက်ခဲ့ချေ။

ချန်ယောင်မှာ မတ်တတ်ရပ်နေပြီဖြစ်ပြီး ချန်မု၏ ဘေးသို့ တိတ်တဆိတ် ရောက်လာကာ တစ်ခုခု မှားယွင်းနေကြောင်း သူမ၏ ထက်မြက်သော အာရုံဖြင့် ခံစားမိသွားသဖြင့် တိုးတိုးလေး မေးလိုက်သည်။

"ဒုတိယအစ်ကို... ဘာဖြစ်လို့လဲဟင်..."

"လော့ဖုန်းတောင်ကြားကို အတူတကွ သွားတိုက်တဲ့ ကိစ္စမှာ ပြဿနာ နည်းနည်း တက်သွားပုံ ရတယ်..."

ချန်မုက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ခေါင်းကို ခပ်ဖွဖွ ရမ်းကာ

"စိတ်မပူပါနဲ့... ငါ သွားကြည့်လိုက်ဦးမယ်..." ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်...

ချန်မုက တံခါးကို တွန်းဖွင့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။

အနောက်ဘက်တွင် ချန်ယောင် လိုက်ထွက်လာပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကာ သတိပြန်ဝင်လာချိန်တွင်မူ သူမ၏ မျက်လုံးများထဲ၌ စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်ထွက်လာတော့သည်။

လော့ဖုန်းတောင်ကြားကို အတူတကွ သွားရောက် တိုက်ခိုက်ရာမှာ ပြဿနာ တက်တယ် ဟုတ်လား...။

အဲဒါက သိုင်းပညာ အဆင့် ၃ သိုင်းဆရာသခင် ဆယ့်ခုနစ်ဦးတောင် ရှိတာလေ...။

တာယွမ်နိုင်ငံ တစ်ခုလုံးရှိ သိုင်းဆရာသခင် စုစုပေါင်း၏ ခြောက်ပုံတစ်ပုံခန့် ပါဝင်နေတာ။

ဘာပြဿနာများ တက်နိုင်ဦးမှာလဲ...။

...

ခရိုင်ရုံးတော်။

လျိုမို အပါအဝင် အဆင့် ၄ သိုင်းသမား အများအပြားမှာ အောက်ဘက်တွင် ခေါင်းငုံ့ကာ ရပ်နေကြသည်။

အထက်ဆုံး နေရာတွင် ထိုင်နေသူများမှာ ချန်မု နှင့် လင်ပေ့၊ ရွှီလီ ဟူသော သိုင်းဆရာသခင် နှစ်ဦးတို့ ဖြစ်ကြပြီး ချန်မုက လင်ပေ့၏ ရှင်းပြချက်ကို နားထောင်နေကာ ဘေးတွင် ရပ်နေသော စစ်လိ လွီကျန့်ကို အခါအားလျော်စွာ တစ်ချက်စီ ကြည့်နေပြီး တည်ငြိမ်သော မျက်နှာထားဖြင့် မည်သည့် အမူအရာမျှ မပြသခဲ့ချေ။

မကြာမီမှာပင်...

ချန်မုသည် လင်ပေ့၏ ရှင်းပြချက်ကို နားထောင်ပြီးသွားတော့သည်။

"ဒီလိုကိုး... အဲဒီ လူစကားပြောအဆင့် နတ်ဆိုးကြီးက တကယ်ပဲ ကောက်ကျစ်တာပဲ... ကြည့်ရတာ မင်းတို့ကို မြူဆွယ်ပြီး ထောင်ချောက်ဆင်ဖို့ တမင်တကာ လုပ်ခဲ့တာပဲ... ချင်းကျိုးပြည်နယ်က ဒီတစ်ခါ နတ်ဆိုးကပ်ဘေးကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ့် ပြည်နယ်လို့ ထင်ထားခဲ့တာ... ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ထိုနေရာအထိ ပြောပြီးနောက်...

ချန်မုက လွီကျန့်ကို တစ်ချက် ကြည့်လိုက်ပြီး

"စစ်လိ လွီ... ဒီတိုက်ပွဲ ရှုံးနိမ့်ရတဲ့ အဓိက တာဝန်က မင်းအပေါ်မှာ ရှိတယ်... မင်း ငြင်းမယ် မထင်ဘူးနော်..." ဟု ပြောလိုက်သည်။

လွီကျန့်က သွားကိုကြိတ်ကာ

"ကျွန်တော့်ရဲ့ စုံစမ်းမှု အားနည်းချက်ကြောင့် နတ်ဆိုးတွေရဲ့ လှည့်စားမှုကို ခံလိုက်ရပြီး သိုင်းဆရာသခင် ဆယ့်နှစ်ဦး လော့ဖုန်းတောင်ကြားမှာ ကျဆုံးခဲ့ရပါတယ်... ဒီကိစ္စအတွက် တာဝန်က ကျွန်တော့်အပေါ်မှာ ရှိပါတယ်... စစ်ထျန်းထိုင်မှာ အပြစ်ပေးခံဖို့ တောင်းဆိုပါ့မယ်..." ဟု ပြောလိုက်သည်။

"မင်း အပြစ်ပေးခံဖို့ တောင်းဆိုရမှာက အဲဒီ သိုင်းဆရာသခင် ဆယ့်နှစ်ဦး ဆီမှာပဲ..."

ချန်မုက ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်ပြီး

"သိုင်းဆရာသခင် ဆယ့်နှစ်ဦး ကျဆုံးသွားတာကြောင့် ချင်းကျိုးပြည်နယ်ရဲ့ သိုင်းလောက တုန်လှုပ်သွားမှာ သေချာတယ်... ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို သေချာ စဉ်းစားထားပါ..." ဟု ပြောလိုက်သည်။

လွီကျန့်မှာ ခေါင်းငုံ့ထားပြီး မျက်လုံးများထဲတွင် မိမိကိုယ်ကို အပြစ်တင်မှုများ ပြည့်နှက်နေလေသည်။

ဘေးနားတွင်...

လင်ပေ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး

"စစ်လိ လွီကို လှည့်စားနိုင်ခဲ့ရုံသာမက ငါတို့တွေလည်း အစပိုင်းမှာ သတိမထားမိခဲ့ဘူး... မဟုတ်ရင် ထောင်ချောက်ထဲ ကျမှာ မဟုတ်သလို ဒီလောက် အထိနာမှာလည်း မဟုတ်ဘူး..." ဟု ပြောလိုက်သည်။

"ဒါပေမဲ့ အခုက ဒါတွေကို ဆွေးနွေးနေရမယ့် အချိန် မဟုတ်ဘူး... သိုင်းနန်းတော်ရဲ့ မဏ္ဍိုင်ကြီး ခုနစ်ပါး ရောက်လာဖို့က အနည်းဆုံး နှစ်ရက်လောက် ကြာဦးမယ်... အရှင်စစ်ချန် အနေနဲ့ ဒီနှစ်ရက်အတွင်း မြို့ကို ကာကွယ်နိုင်ဖို့ ယုံကြည်မှု ရှိ၊ မရှိ မသိဘူး..."

လင်ပေ့မှာ ချက်ချင်း မေးရမလား၊ မမေးရဘူးလား တွေဝေနေမိသည်။

ချန်မု အနေဖြင့် အဆင့် ၄ တာအိုဆရာ တစ်ဦး ဖြစ်သဖြင့် ခရိုင်တစ်ခုလုံး၏ ဝိညာဥ်စွမ်းအင်နှင့် မြေပြင်အနေအထားကို အသုံးပြုကာ လူစကားပြောအဆင့် နတ်ဆိုးကြီးတစ်ကောင်ကို အချိန်တိုအတွင်း ခုခံနိုင်စွမ်း ရှိသော်လည်း ဤကဲ့သို့ အဆင့်ကျော်လွန်၍ ခုခံရခြင်းမှာ ကြီးမားသော ပေးဆပ်မှုများ ရှိလာမည်မှာ သေချာလှပေသည်။

ထို့အပြင် နှစ်ရက်ဆိုသော အချိန်မှာ အလွန် တိုတောင်းသော်လည်း အလွန် အန္တရာယ်များလှသည်။ အကယ်၍ ချန်မု အနေဖြင့် ယခု ထွက်သွားမည် ဆိုပါက အသက်အန္တရာယ် မရှိနိုင်သော်လည်း ဖုန်းယန်ခရိုင်တွင် ဆက်နေမည် ဆိုပါက နတ်ဆိုးများ ရောက်လာချိန်တွင် နောက်ဆုတ်စရာ လမ်းမရှိတော့ဘဲ ဖုန်းယန်ခရိုင်၏ သဘာဝဝိညာဥ်စွမ်းအင်နှင့် မြေပြင်အနေအထားအပေါ်တွင်သာ အပြည့်အဝ မှီခိုအားထားပြီး နောက်ဆုံး သွေးတစ်စက် ကျန်သည်အထိ တိုက်ခိုက်ရတော့မည် ဖြစ်သည်။

အကယ်၍ မခုခံနိုင်ခဲ့ပါက...

စစ်ချန် ချန်မု လည်း ဤနေရာတွင် သေဆုံးသွားမည် ဖြစ်သည်။

အကယ်၍ သိုင်းဆရာသခင် ဆယ့်ခုနစ်ဦးစလုံး အသက်ရှင်လျက် ရှိနေပြီး စစ်ချန် ချန်မု၏ အစီအမံများနှင့် ပူးပေါင်းမည် ဆိုပါက နှစ်ရက်တာ ကာလအတွင်း မြို့ကို ကာကွယ်နိုင်မည်မှာ သေချာသလောက် ရှိသော်လည်း ယခုအခါ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် ခရိုင်မြို့တွင် သိုင်းဆရာသခင် နှစ်ဦးသာ ကျန်ရှိတော့သည်။

လော့ဖုန်းတောင်ကြား တိုက်ပွဲတွင် သိုင်းဆရာသခင် ဆယ့်နှစ်ဦး ကျဆုံးသွားသော်လည်း လူသားအသွင်ပြောင်း နတ်ဆိုးကြီးများမှာလည်း အကျအဆုံး မရှိဘဲ မနေခဲ့ချေ။ သုံးကောင် သေဆုံးသွားခဲ့ပြီး ငါးကောင် ကျန်ရှိနေသေးသည်။

ဆိုလိုသည်မှာ သူတို့ ရင်ဆိုင်ရမည့် ရန်သူမှာ လူစကားပြောအဆင့် နတ်ဆိုးကြီး တစ်ကောင်နှင့် လူသားအသွင်ပြောင်း နတ်ဆိုးကြီး ငါးကောင် ဖြစ်နိုင်ပေသည်။

အခြေအနေမှာ အလွန် အန္တရာယ်များပြီး အဆင်မပြေလှသဖြင့် ချန်မု အနေဖြင့် ငြင်းပယ်မည် ဆိုလျှင်တောင်မှ အလွန် ပုံမှန်ကိစ္စသာ ဖြစ်သည်။

"နှစ်ရက်လား..."

ချန်မုက တစ်ခုခုကို စဉ်းစားနေပုံရသည်။

လင်ပေ့က အကဲခတ်ကာ

"အသက်ရှင်ကျန်ရစ်တဲ့ လူသားအသွင်ပြောင်း နတ်ဆိုးကြီး ငါးကောင်ထဲက နှစ်ကောင်က ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားလို့ အချိန်တိုအတွင်း သူတို့ရဲ့ အစွမ်းကုန် အခြေအနေကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး... ကျန်တဲ့ သုံးကောင်ကလည်း အနည်းနဲ့အများ ဒဏ်ရာရထားကြတယ်... ငါတို့ဘက်မှာလည်း ကျန်နေသေးတဲ့ သိုင်းဆရာသခင် သုံးဦး ရှိသေးတော့ သူတို့ကို ဆက်သွယ်လို့ရရင် အကူအညီ တောင်းလို့ ရနိုင်တယ်..." ဟု ထပ်မံ ပြောလိုက်သည်။

နှုတ်မှ ထိုသို့ ပြောနေသော်လည်း လင်ပေ့ အနေဖြင့် ထိုထွက်ပြေးသွားသော သိုင်းဆရာသခင် သုံးဦးမှာ ပြန်လာကူညီရန် မဖြစ်နိုင်တော့ကြောင်း သိရှိထားသဖြင့် သူ၏ စကားများတွင် ယုံကြည်မှု မရှိလှချေ။

လေထုမှာလည်း အနည်းငယ် တိတ်ဆိတ်သွားတော့သည်။

လူတိုင်း၏ အကြည့်များက ချန်မု အပေါ်သို့ ကျရောက်နေကြသည်။

ထို့နောက်...

ချန်မုက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည့်အလား ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

ထို ခေါင်းရမ်းလိုက်သော လှုပ်ရှားမှုက လူတိုင်း၏ စိတ်နှလုံးကို ချက်ချင်း လေးလံသွားစေပြီး လင်ပေ့၏ မျက်နှာမှာလည်း ချက်ချင်း ဖြူဖျော့သွားကာ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့သည်။

သို့သော်...

ထို့နောက် လူတိုင်း ချန်မု စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ထားလိုက်ပါတော့... ငါ ဒီမှာ နှစ်ရက်လောက် ဆက်နေပြီး မြို့ကို ကာကွယ်ပေးပါ့မယ်..."

ချန်မုက ခေါင်းရမ်းရင်း ပြောလိုက်သည်။

"အဲဒါလည်း ကောင်းပါတယ်... စစ်ချန် ချန်မု ကို ဒီကိစ္စမှာ ထပ်ပြီး မပါဝင်စေသင့်တော့ပါဘူး..."

လင်ပေ့က ဝမ်းနည်းသော အသံဖြင့် ပြောလိုက်သော်လည်း စကားတစ်ဝက်တွင် ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချက်ချင်း သတိဝင်လာတော့သည်။

ချန်မု က... လက်ခံလိုက်တာလား...။

လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲမှုများကို သတိထားမိလိုက်သောအခါ ချန်မုက ရယ်မောလိုက်ပြီး

"ဒီကိစ္စက ခရိုင်တစ်ခုလုံးက ပြည်သူ သန်းပေါင်းများစွာနဲ့ သက်ဆိုင်နေတာပဲ... ငါ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ... ငါ့ရဲ့ စွမ်းရည်က နိမ့်ကျပေမယ့် ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရင်တော့ တတ်နိုင်သလောက် ကူညီပေးရမှာပေါ့..." ဟု ပြောလိုက်သည်။

စောစောက သူ ခေါင်းရမ်းလိုက်ခြင်းမှာ နေခဲ့ရန်၊ မနေရန် စဉ်းစားနေခြင်း မဟုတ်ဘဲ ယခုချက်ချင်း လော့ဖုန်းတောင်ကြားသို့ သွားရောက်ကာ ထိုနေရာရှိ ပြဿနာများကို ဖြေရှင်းလိုက်ရမလား ဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်သည်။

သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် အနည်းငယ် ပိုမို လုံခြုံစိတ်ချရသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အစစ်အမှန် လူစကားပြောအဆင့် နတ်ဆိုးကြီး တစ်ကောင်နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ဘဲ လင်ပေ့၏ ရှင်းပြချက်ကို နားထောင်ကာ တစ်ဖက်လူ၏ စွမ်းအားကို ခန့်မှန်းရခြင်းမှာ တိကျမှု မရှိနိုင်ဘဲ တစ်ဖက်လူတွင် ဖုံးကွယ်ထားသော စွမ်းအားများ အများအပြား ရှိနေနိုင်သေးသည်။

ဤ ဖုန်းယန်ခရိုင်၏ ကောင်ကင်နှင့်မြေကြီးရှိဝိညာဥ်စွမ်းအင်နှင့် မြေပြင်အနေအထားမှာ မြို့တော်နှင့် နှိုင်းယှဉ်၍ မရနိုင်ဘဲ အားလုံးကို အသုံးပြုမည် ဆိုလျှင်တောင်မှ သိုင်းသူတော်စင်နှင့် ရင်ပေါင်တန်းနိုင်သော ပြိုင်ဘက်ကင်း နတ်ဆိုးဘုရင် တစ်ကောင်ကို ဖိနှိပ်နိုင်ရန် ခက်ခဲမည် ဖြစ်သော်လည်း အနည်းဆုံးတော့ အပို စွမ်းအားတစ်ခု ဖြစ်ပေသည်။

ထို လူစကားပြောအဆင့် နတ်ဆိုးကြီးတွင် ဖုံးကွယ်ထားသော စွမ်းအားများ မည်မျှ ရှိမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

All Chapters