← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) ချီမင် ကောင်းကင်ယံ

အနီရောင် တိမ်တိုက်များ အရပ်လေးမျက်နှာတွင် ဖုံးလွှမ်းနေသည်။ ဤနေရာမှာ တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော လောကတစ်ခုအလား အထက်သို့ ကြည့်လိုက်လျှင် အနီရောင်တိမ်တိုက်များကိုသာ မြင်ရပြီး အောက်သို့ ကြည့်လိုက်လျှင်လည်း ခြေအောက်တွင် အနီရောင် တိမ်တိုက်များကိုသာ နင်းထားရလေသည်။

ရစ်ပတ်နေသော အနီရောင် တိမ်တိုက်များအကြားမှ ကျင့်ကြံသူအချို့ ရုတ်တရက် ပေါ်ထွက်လာပြီးနောက် အသီးသီး အလင်းတန်းများ ထုတ်လွှတ်ကာ အနီးရှိ တိမ်တိုက်များကို ဖယ်ရှားလိုက်ရာ လွတ်လပ်သော နေရာလွတ်တစ်ခု ပေါ်လာသည်။

"ဒါက ကောင်းကင်ဘုံရဲ့ ပထမဆုံး အလွှာဖြစ်တဲ့ ချီမင်ကောင်းကင်ယံပဲ"

လင်းယွဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယန်ဟန်ယုတို့နှင့် မတူဘဲ သူမသည် ဖူထျန်းဂိုဏ်း၏ တာအိုသမီးတော်ဖြစ်ကာ ထာဝရသခင်ကြီးတစ်ပါး၏ တပည့်ဖြစ်သဖြင့် ကောင်းကင်ဘုံအကြောင်း ပိုမို အသေးစိတ် သိထားပြီး ကောင်းကင်ဘုံ၏ အကြမ်းဖျင်း တည်ဆောက်ပုံကိုပါ သိရှိထားလေသည်။

"ချီမင်ကောင်းကင်ယံ ဟုတ်လား"

ယန်ဟန်ယု လင်းယွဲ့ကို ကြည့်လိုက်သည်။

လင်းယွဲ့ ခေါင်းညိတ်ပြကာ ရှင်းပြလိုက်သည်။

"ဆရာသခင် ပြောပြဖူးတာတော့ ကောင်းကင်ဘုံမှာ ချီမင်ကောင်းကင်ယံ တန်းယွင်ကောင်းကင်ယံနဲ့ ဟွမ်ကျိကောင်းကင်ယံ ဆိုပြီး အလွှာသုံးခုရှိတယ်တဲ့ ဒီသုံးခုစလုံးက ရှေးဟောင်း ပုဂ္ဂိုလ်ကြီးတွေ ချန်ရစ်ခဲ့တဲ့ စိတ်ဆန္ဒတွေကနေ ထင်ဟပ်လာတာ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ရှာတွေ့မှ ပိုမြင့်တဲ့အလွှာကို ဆက်တက်လို့ရမှာ ဒါပေမဲ့ ကျွန်မတို့ကတော့ ဒီအလွှာမှာပဲ စူးစမ်းလို့ရမှာပါ"

လင်းယွဲ့ ထပ်မပြောခင်ကတည်းက ယန်ဟန်ယု ဖိအားများကို ခံစားနေရပြီဖြစ်သည်။ ဤချီမင်ကောင်းကင်ယံရှိ ရစ်ပတ်နေသော အနီရောင် တိမ်တိုက်များထဲတွင် ဖရိုဖရဲဖြစ်နေသော တာအိုနိယာမများကြောင့် ပြင်းထန်သော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များ ပါဝင်နေသဖြင့် ကိုယ်ပိုင်စွမ်းအင်ထုတ်၍သာ ကာကွယ်ထားရသည်။

ယခု သုံးယောက်ပေါင်းပြီး နေရာတစ်ခုကို ရှင်းလင်းထားသော်လည်း တစ်ယောက်တည်းသာဆိုလျှင် ဤနေရာရှိ ဖိအားများကို ခုခံရန်ပင် အတော်လေး ရုန်းကန်ရမည်ဖြစ်သည်။

"ငါ ဝိညာဉ်လောက စိမ့်ဝင်နေတဲ့ နေရာနှစ်ခုကို ရောက်ဖူးတယ် ဒါပေမဲ့ အဲဒီက ဖိအားတွေက ဒီချီမင်ကောင်းကင်ယံကို လုံးဝ မမီပါဘူး"

ယန်ဟန်ယု လေးနက်စွာ ပြောလိုက်သည်။ ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောင်းကင်ပျံသန်းနိုင်ကာ မိုင်ထောင်ချီ မြင်နိုင်သော်လည်း ဤချီမင်ကောင်းကင်ယံတွင်မူ ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကြောင့် စွမ်းရည်များစွာ သိသိသာသာ ကျဆင်းနေသည်။ ဝိညာဉ်အာရုံမှာ ပေသုံးထောင်ခန့်သာ ရောက်ရှိနိုင်ပြီး ပုံမှန်ဆိုလျှင် စွမ်းအင်မကုန်သလောက်ဖြစ်သော လေထဲလွင့်မျောခြင်းကပင် ယခုအချိန်တွင် စွမ်းအင် အဆက်မပြတ် ကုန်ဆုံးနေစေသည်။

"ဒီအထိ ရောက်နေမှတော့ အကြီးအကဲယန် နောက်ဆုတ်မှာ မဟုတ်ပါဘူးနော်" လင်းယွဲ့ ယန်ဟန်ယုကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

ယန်ဟန်ယု ခေါင်းခပ်ဖွဖွ ညိတ်ပြသည်။

"သွားကြတာပေါ့ သတိတော့ ထားကြဦးနော်"

လီချန်ရှင်း ပတ်ဝန်းကျင်ကို တစ်ချက်သာ ကြည့်ပြီးနောက် စကားမဆိုဘဲ တုံးတိတိ မျက်နှာထားဖြင့် ဓားအလင်းတန်းတစ်ခု ထုတ်ကာ အနီရောင် တိမ်တိုက်များကို ကာကွယ်ရင်း အနောက်မှ လိုက်လာသည်။

သို့သော် သူတို့သုံးဦး အနီရောင် တိမ်တိုက်များအကြားသို့ ဆယ်မိုင်ခန့် ဝင်ရောက်ပြီးချိန်တွင် ပြင်းထန်သော လေဖိအားတစ်ခု တိုက်ခတ်လာသည်။ အနီးသို့ မရောက်ခင်ကတည်းက ပါဝင်လာသော ဖရိုဖရဲ စွမ်းအင်များကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။

ဤလေပြင်းမုန်တိုင်းမှာ ပေရာချီမက ကျယ်ဝန်းပြီး ပင်လယ်လှိုင်းလုံးကြီးအလား အနီရောင် တိမ်တိုက်များကို သယ်ဆောင်ကာ လိမ့်တက်လာပြီး အဆုံးကိုပင် မမြင်ရပေ။

ထို့အပြင် မုန်တိုင်းထဲတွင် မှေးမှိန်စွာ လင်းလက်နေသော အလင်းတန်းများ ပါဝင်နေသည်ကို လင်းယွဲ့ တွေ့လိုက်ရသည်။ ထိုအရာများမှာ မုန်တိုင်းထဲ ရောက်သွားပြီး ရုန်းမထွက်နိုင်တော့သော ကံဆိုးသည့် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သည်။

"မဟန်ဘူး နောက်ဆုတ်"

ယန်ဟန်ယု အမြန်ပြောလိုက်ပြီး နောက်သို့ ပျံသန်းသွားသည်။ လင်းယွဲ့နှင့် လီချန်ရှင်းလည်း အလင်းတန်းများ ဖန်တီးကာ အမြန်လိုက်ပါသွားကြသည်။

အပြင်လောကတွင်ဆိုလျှင် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး၏ အလင်းတန်းများမှာ မိုင်ရာချီ ချက်ချင်းရောက်နိုင်သော်လည်း ဤ ဖရိုဖရဲ တာအိုနိယာမများရှိရာ နေရာတွင်မူ မျက်စိတစ်မှိတ်အတွင်း ပေရာချီသာ ရောက်နိုင်သည်။

အနောက်မှ မုန်တိုင်းကြီးက သူတို့ကို ဆူနာမီလှိုင်းကြီးအလား လိုက်ဖမ်းနေပြီး မနီးမဝေးရှိ တိမ်တိုက်များထဲတွင် အခြား ကျင့်ကြံသူအချို့လည်း ထွက်ပြေးနေကြသည်ကို ယန်ဟန်ယု တွေ့လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ပြေးလွှားနေသော ကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့် ရှိလာပြီး အသီးသီး မိမိတို့၏ နည်းလမ်းများကို သုံးကာ ထွက်ပြေးနေကြသည်။ သို့သော် အနောက်မှ မုန်တိုင်းမှာ အချိန်ကြာလာသည်နှင့်အမျှ အားပျော့သွားခြင်း မရှိဘဲ ပိုမို ပြင်းထန်လာကာ ပါဝင်သော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များလည်း ပိုမို ကြောက်စရာ ကောင်းလာသည်။

"ဒီတိုင်းဆို ဘယ်သူမှ လွတ်မှာမဟုတ်ဘူး" ထွက်ပြေးနေသော ကျင့်ကြံသူတစ်ယောက်က အော်လိုက်သည်။

"မင်းမှာ ဘာအကြံများ ရှိလို့လဲ" တစ်ယောက်က ပြန်မေးသည်။

"ကောင်းကင်ဘုံကို လာရဲမှတော့ အားလုံးဆီမှာ အသက်ကယ်ဖို့ ထာဝရသခင်ကြီးတွေရဲ့ အဆောင်လက်ဖွဲ့ ကိုယ်စီ ပါကြမှာပဲ အားလုံးပေါင်းပြီး ဒီမုန်တိုင်းကို ဖြိုခွဲပစ်လိုက်ရင်ရော ဘယ်လိုလဲ" ထိုသူက အကြံပြုလိုက်သည်။

"မကွဲသွားရင် ဘယ်လိုလုပ်မလဲ" တစ်ယောက်က ပြန်လည် ချေပသည်။

"မကွဲစရာ အကြောင်းမရှိဘူး ဒီမုန်တိုင်းက ဖရိုဖရဲဖြစ်နေတဲ့ တာအိုနိယာမတွေကြောင့် ဖြစ်လာတာ အလယ်ဗဟိုကို အားလုံး မြင်နေရတာပဲ အားလုံးပေါင်းပြီး တိုက်လိုက်ရင် သေချာပေါက်ကို ကွဲသွားမှာ မစမ်းကြည့်ဘဲ တခြားနည်းလမ်းမှ မရှိတော့တာ" ထိုသူက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် ပြေးနေသော ကျင့်ကြံသူများ၊ ယန်ဟန်ယုတို့ အပါအဝင် အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"ဟုတ်တယ် မစမ်းကြည့်ရင်လည်း တခြားနည်းမှ မရှိတာ ငါ့ဆီမှာ ထာဝရသခင်ကြီးရဲ့ အဆောင်လက်ဖွဲ့ တစ်ခုရှိတယ် အားလုံး အစွမ်းကုန် ထုတ်သုံးကြ နည်းနည်းလေး လျှော့လိုက်ရင်တောင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူးနော်" ကျင့်ကြံသူတစ်ယောက်က ထောက်ခံလိုက်သည်။

အခြားသူများလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် သဘောတူလိုက်ကြသည်။ အားလုံးမှာ ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်သဖြင့် ယခုအချိန်တွင် အခြားနည်းလမ်း မရှိပေ။

လင်းယွဲ့ အနည်းငယ် စဉ်းစားပြီးနောက် သူမ၏ ဆရာသခင် ပေးထားသော အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်လိုက်သည်။ မနီးမဝေးမှ ယန်ဟန်ယုလည်း ချန်မု ပေးထားသော အကာအကွယ် အဆောင်လက်ဖွဲ့ကို ထုတ်လိုက်သည်။ လီချန်ရှင်းလည်း တိတ်ဆိတ်စွာပင် ချန်မုပေးထားသော အဆောင်လက်ဖွဲ့ကို ထုတ်ကိုင်လိုက်သည်။

အခြား ကျင့်ကြံသူများလည်း ထာဝရသခင်ကြီးများ၏ အရှိန်အဝါများ ပါဝင်သော အဆောင်လက်ဖွဲ့များ၊ ထူးဆန်းသော မှောင်မည်းနေသည့် ပုတီးစေ့များ အစရှိသဖြင့် သာမန်မဟုတ်သော အရာများကို ထုတ်လာကြသည်။

"စလိုက်ကြစို့"

အားလုံး အချင်းချင်း ကြည့်လိုက်ပြီးနောက် တစ်ယောက်က အော်လိုက်ကာ အဆောင်လက်ဖွဲ့ကို ခွဲ၍ မုန်တိုင်းဆီ ပစ်လွှတ်လိုက်သည်။ အားလုံးလည်း နောက်က လိုက်လုပ်ကြသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

မျက်စိတစ်မှိတ်အတွင်း ထာဝရသခင်ကြီးများ၏ အရှိန်အဝါ ဆယ်ခုကျော် ပေါ်ထွက်လာပြီး အနီရောင် တိမ်တိုက်များကို လှုပ်ခတ်သွားစေကာ မုန်တိုင်းဗဟိုသို့ တိုက်ခိုက်သွားသည်။ အဆောင်လက်ဖွဲ့များမှာ ထာဝရသခင်ကြီးများ၏ စွမ်းအား အနည်းငယ်သာ ပါဝင်သော်လည်း အယောက်နှစ်ဆယ်ကျော် ပေါင်းစပ်လိုက်ချိန်တွင်မူ စစ်မှန်သော ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီးပင် ရှောင်ပြေးရမည့် အခြေအနေ ဖြစ်သွားသည်။

"ဝုန်း..."

အလင်းတန်း နှစ်ဆယ်ခန့် ပေါင်းစပ်ကာ မုန်တိုင်းဗဟိုသို့ ဝင်ရောက်သွားပြီး မုန်တိုင်းကို ခဏတာ ရပ်တန့်သွားစေသည်။ သို့သော် ဝမ်းသာအားရ ဖြစ်မသွားခင်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မုန်တိုင်းဗဟိုရှိ ဖရိုဖရဲ တာအိုနိယာမများ ပေါက်ကွဲသွားသော်လည်း ပျောက်ကွယ်မသွားဘဲ ခဏတာ ရပ်တန့်ပြီးနောက် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ တာအိုနိယာမ အားလုံးကို ဆွဲယူလိုက်သည်။

"ဝုန်း..."

အားပျော့သွားသော မုန်တိုင်းမှာ မျက်စိတစ်မှိတ်အတွင်း ပိုမိုကြီးမားလာပြီး အနီရောင်မှ အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ အနက်ရောင် လျှပ်စီးများပါ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်လာသည်။

ပထမဆုံး အကြံပြုခဲ့သော ကျင့်ကြံသူမှာ ချက်ချင်း လှည့်ပြေးသွားပြီး လျှို့ဝှက်ပညာရပ်ကို သုံးကာ စွမ်းအင်များကို လောင်ကျွမ်းစေပြီး ပေတစ်ထောင်ကျော်အထိ ထွက်ပြေးသွားသည်။ အခြားသူများလည်း သတိဝင်လာပြီး ဆဲရေးတိုင်းထွာချိန်ပင် မရတော့ဘဲ အစွမ်းကုန် ထွက်ပြေးကြတော့သည်။

သို့သော် ယခုတစ်ကြိမ် အခြေအနေ မတူတော့ပေ။ ယခင်က ပင်လယ်လှိုင်းလုံးအလား ဖြစ်သော်လည်း ယခုအခါ လေဆင်နှာမောင်းကြီးအလား ဖြစ်လာပြီး ချီမင် ကောင်းကင်ယံ၏ လေဟာနယ်ကိုပင် ပုံပျက်သွားစေသည်။

အားလုံး အစွမ်းကုန် ပြေးသော်လည်း မလွတ်နိုင်ဘဲ မုန်တိုင်းထဲသို့ တဖြည်းဖြည်း ဆွဲသွင်းခံနေရသည်။ အထက်မှ ကြည့်လျှင် မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ဝဲဂယက်ကြီးထဲတွင် အားလုံး ပိတ်မိနေသည်ကို တွေ့ရမည်ဖြစ်သည်။

"သေချင်းဆိုး မင်းကြောင့် ငါတို့ပါ ဒုက္ခရောက်ရပြီ ငါသာ အသက်ရှင်သွားလို့ကတော့ မင်းနဲ့ အသေပဲ" တစ်ယောက်က အော်ဆဲလိုက်သည်။

"ငါနဲ့ ဘာဆိုင်လို့လဲ မလုပ်ရင်ရော လွတ်မှာမို့လို့လား အခု မုန်တိုင်းက လေဟာနယ်ကိုပါ ပုံပျက်သွားစေပြီ မဖျက်ဆီးနိုင်ရင် ဘယ်လိုမှ လွတ်မှာ မဟုတ်ဘူး" အကြံပေးသူက ပြန်ပြောသည်။

လင်းယွဲ့ မျက်ဝန်းထဲတွင် မတတ်သာသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဝင်လာတာနဲ့ ဘာအခွင့်အရေးမှ မရသေးခင် သေတွင်းထဲ ရောက်သွားရသည်ကို ကံဆိုးသည်လား၊ ကောင်းကင်ဘုံကပဲ အန္တရာယ်များလွန်းသည်လား မသိတော့ပေ။ သို့သော် လင်းယွဲ့ရော ယန်ဟန်ယုပါ အလွယ်တကူ လက်မလျှော့သေးဘဲ အစွမ်းကုန် ရုန်းကန်နေကြသည်။

ထိုအချိန်တွင် ခမ်းနားသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘာတွေ ဖြစ်ကုန်ကြတာလဲ"

ဤအသံကြောင့် ပြေးနေသော ကျင့်ကြံသူများ အားလုံး မျှော်လင့်ချက် ရောင်ခြည် သန်းသွားကြသည်။

ထာဝရသခင်ကြီးပဲ

ကောင်းကင်ဘုံသို့ ဝင်လာသူများထဲတွင် ထာဝရသခင်ကြီးများလည်း ပါဝင်ပြီး ဤမုန်တိုင်းမှာ သူတို့အတွက် အခက်အခဲ မဟုတ်ပေ။ အများစုက တန်းယွင် ကောင်းကင်ယံသို့ သွားကြသော်လည်း အချို့က ချီမင် ကောင်းကင်ယံတွင် ကျန်နေသေးသည်။ မုန်တိုင်း၏ ကြီးမားမှုကြောင့် ထာဝရသခင်ကြီးတစ်ပါး၏ အာရုံစိုက်မှုကို ရရှိသွားခြင်းဖြစ်သည်။

"ဂျူနီယာက ဝူဟွေ့ဂိုဏ်းက တင်းဟွာ ပါ ဆရာသခင်က ဟန်ရီ ထာဝရသခင်ကြီးပါ ဘယ်အကြီးအကဲ ရောက်နေလဲ မသိပေမယ့် ကျေးဇူးပြုပြီး ကယ်တင်ပေးပါ"

"ဂျူနီယာက ကျန်းလန်ဂိုဏ်းက ကျန်းမင် ပါ အဘိုးက လုံယွဲ့ ထာဝရသခင်ကြီးပါ ကယ်တင်ပေးပါဦး အကြီးအကဲ"

အားလုံး အသီးသီး အော်ဟစ် အကူအညီ တောင်းကြသည်။

"ဝုန်း..."

အနီရောင် တိမ်တိုက်များ ကွဲအက်သွားပြီး ပေထောင်ချီ ကြီးမားသော အစိမ်းရောင် လက်ကြီးတစ်ဖက် ထွက်လာကာ မုန်တိုင်းထဲမှ ကျင့်ကြံသူ နှစ်ယောက်ကို ဆယ်ယူသွားသည်။ ထို့နောက် လက်ကြီးမှ အလင်းများ မှေးမှိန်သွားပြီး မည်သူ့ကိုမှ ထပ်မကယ်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

"အကြီးအကဲ အကြီးအကဲ" ကျန်သူများ အော်ဟစ်သော်လည်း ပြန်မလာတော့ပေ။

သို့သော် နောက်တစ်ခဏတွင် အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာပြီး ကျင့်ကြံသူ တစ်ယောက်ကို ဆွဲယူသွားသည်။

"ဆရာသခင်" ထိုသူ ဝမ်းသာအားရ အော်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ထို့နောက် သွေးရောင် ဓားအလင်းတန်း တစ်ခု၊ ဓားပျံ အလင်းတန်း တစ်ခု အစရှိသဖြင့် ထွက်ပေါ်လာကာ ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ကယ်တင်သွားကြသည်။

အချိန်တိုအတွင်းမှာပင် နောက်ခံမရှိသော ကျင့်ကြံသူ အနည်းငယ်၊ ကံဆိုးသော ဂိုဏ်းသား အနည်းငယ်နှင့် လင်းယွဲ့၊ ယန်ဟန်ယုတို့သာ ကျန်ရစ်ခဲ့တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ ထပ်မလာတော့ပေ။ မုန်တိုင်းမှာ ပိုမို ပြင်းထန်လာပြီး အားလုံးမှာ ဗဟိုသို့ တဖြည်းဖြည်း ရောက်သွားကြသည်။

"ဆရာသခင်ကို ဆက်သွယ်လို့ မရတော့ဘူး ကြည့်ရတာ ဒီတစ်ခါတော့ ပြဿနာ ကြီးသွားပြီထင်တယ်" လင်းယွဲ့ မုန်တိုင်းကို ခုခံရင်း အသံပို့ပုတီးစေ့ကို သုံးကြည့်သော်လည်း ကောင်းကင်ဘုံ၏ ဖရိုဖရဲ နိယာမများကြောင့် အလုပ်မလုပ်တော့ပေ။ ဆရာသခင် ရှိနေလျှင် ကယ်တင်နိုင်မည်ဖြစ်သော်လည်း ယခု ကယ်တင်သွားသော ထာဝရသခင်ကြီးများမှာ ဖူထျန်းဂိုဏ်းကို ဂရုမစိုက်သူများ သို့မဟုတ် အခြားနယ်မြေမှ သူများ ဖြစ်လောက်ပေသည်။

ယန်ဟန်ယုလည်း အစွမ်းကုန် ခုခံနေသော်လည်း အခြေအနေ မကောင်းတော့ပေ။

"လောကကြီးက အချည်းနှီးပါပဲလား" ကျင့်ကြံသူ တစ်ယောက် တောင့်မခံနိုင်တော့ဘဲ အလင်းတန်းများ ပျက်စီးကာ မုန်တိုင်းထဲ လွင့်စင်သွားပြီး သွေးကွက်များအဖြစ် ပြောင်းလဲသွားတော့သည်။

"ငါ လုံးဝ မကျေနပ်ဘူး" နောက်တစ်ယောက်လည်း အလားတူပင် သေဆုံးသွားသည်။

ယန်ဟန်ယု မျက်လုံးများ ဝေဝါးလာပြီး အတိတ်မှ အကြောင်းအရာများ ပြန်လည် မြင်ယောင်လာသည်။ သိုင်းပညာ လေ့လာခြင်း၊ တာယွမ်တွင် နတ်ဆိုးများ နှိမ်နင်းခြင်း၊ အပြင်လောကသို့ ထွက်လာပြီး ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ရောက်လာခြင်း စသည်ဖြင့် အရာအားလုံး အဆုံးသတ်ရတော့မည်။ ကောင်းကင်နှင့် လူသားနယ်နိမိတ်မှာ ဖြတ်ကျော်ရန် ခက်ခဲလွန်းလှသည်။ အခြေခံမခိုင်ဘဲ ဖြတ်ကျော်ခြင်းက သေကြောင်းကြံခြင်းနှင့် အတူတူပင်။

ယခုတော့ အရာအားလုံး ပြီးဆုံးသွားပြီ။

ယန်ဟန်ယု၏ ကိုယ်ပေါ်မှ အလင်းတန်းများ ပျက်စီးသွားပြီး မုန်တိုင်းဗဟိုသို့ လွင့်စင်သွားတော့သည်။ ခန္ဓာကိုယ် စုတ်ပြတ်သွားတော့မည်ဟု ထင်ကာ သက်ပြင်းချရင်း မျက်လုံးမှိတ်လိုက်သော်လည်း မည်သည့် နာကျင်မှုမျှ မခံစားရပေ။

မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမသည် မုန်တိုင်းဗဟိုသို့ ရောက်နေပြီး ပတ်ဝန်းကျင်တွင် ဖရိုဖရဲ နိယာမများ အပြည့်ရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် အလင်းတန်းလေးတစ်ခု ဖုံးလွှမ်းထားပြီး အရာအားလုံးကို ကာကွယ်ပေးထားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် မနီးမဝေးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူမကို ကြည့်နေလေသည်။

"မတွေ့ရတာ ကြာပြီနော် ဒီနေရာက မင်းတို့ စူးစမ်းဖို့ သိပ်မသင့်တော်ပေမယ့် ရောက်လာမှတော့ နိယာမတွေကို လေ့လာသွားတာ အကျိုးရှိတာပေါ့"

All Chapters