အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) တန်းယွင် ကောင်းကင်ယံ
"အကြီးအကဲယန်"
လင်းယွဲ့သည် ယန်ဟန်ယု မုန်တိုင်းထဲ လွင့်ပါသွားသည်ကို ကြည့်ရင်း လန့်ဖြန့်စွာ အော်လိုက်သော်လည်း သွားရောက် ကယ်တင်နိုင်စွမ်း မရှိဘဲ အနီရောင် လေပြင်းမုန်တိုင်းထဲ လွင့်ပါ ပျောက်ကွယ်သွားသည်ကိုသာ ရပ်ကြည့်နေလိုက်ရသည်။
သူမသည် ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသဖြင့် သာမန် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများထက် စွမ်းအား ပိုမိုကြီးမားကာ ယန်ဟန်ယုထက်လည်း များစွာ သာလွန်သော်လည်း နောက်ဆုံးတွင် သူမသည် ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး မဟုတ်သေးပေ။ ထိုခြေတစ်လှမ်းကို မလှမ်းရသေးသဖြင့် ယခုအချိန်တွင် သူမကိုယ်သူမပင် အနိုင်နိုင် ကာကွယ်နေရသည်။
ဘေးဘက်တွင်မူ လီချန်ရှင်းသည် ယန်ဟန်ယုက ချန်မု၏ မိတ်ဆွေဟောင်းမှန်း သိသော်လည်း သူကိုယ်တိုင်ပင် အနိုင်နိုင် ရပ်တည်နေရကာ သူ့ပုံရိပ်က အဖြူရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းထဲတွင် အံကြိတ် တောင့်ခံနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဓားပညာလမ်းစဉ်ဖြင့် ယင်ယန်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်လာသော လီချန်ရှင်းပင် တောင့်မခံနိုင်တော့ဘဲ အဖြူရောင် ဓားအလင်းတန်းမှာ လင်းလိုက် မှိန်လိုက် ဖြစ်လာသည်။
လင်းယွဲ့မှာ ဝိညာဉ်ခန္ဓာကိုယ်၏ စွမ်းအားကို အဆုံးစွန်ထိ ထုတ်သုံးထားသော်လည်း ဖရိုဖရဲ တာအိုနိယာမများဖြင့် ဖွဲ့စည်းထားသော မုန်တိုင်းကြီးထဲတွင် အဆုံးအစမရှိသော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များ ပါဝင်နေသဖြင့် သူမလည်း မုန်တိုင်းဗဟိုသို့ တဖြည်းဖြည်း ဆွဲသွင်းခံနေရသည်။ ဗဟိုနှင့် နီးကပ်လာလေလေ ဖိအားက ပိုကြီးလာလေလေ ဖြစ်ပြီး တောင့်ခံနိုင်ရန် ပိုမို ခက်ခဲလာလေလေဖြစ်သည်။
သို့သော် သူမ အကန့်အသတ်သို့ ရောက်ခါနီး အချိန်လေးတွင်ပင်။
နှင်းပွင့်အလား ဖြူဖွေးသော အလင်းတန်းတစ်ခုက အနီရောင် တိမ်တိုက်များကို ထိုးဖောက်ကာ အပြင်ဘက်မှ ဝင်ရောက်လာပြီး လင်းယွဲ့ထံ တိုက်ရိုက် ရောက်ရှိလာကာ သူမကို ရစ်ပတ်သွားသည်။
ဤစွမ်းအားကို လင်းယွဲ့ အလွန် ရင်းနှီးကျွမ်းဝင်နေပြီး ချက်ချင်းပင် သိလိုက်သည်။
"ဆရာသခင်ပဲ"
သူမ စကားပင် မပြောလိုက်ရသေးခင် ထိုနှင်းရောင် အလင်းတန်းက သူမ၏ ခန္ဓာကိုယ်ကို ဆွဲယူကာ မုန်တိုင်းထဲမှ ချက်ချင်း ဆွဲထုတ်သွားသည်။
လင်းယွဲ့ မျက်စိရှေ့ရှိ မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်တိုင်းထဲမှ လွတ်မြောက်သွားကာ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
အနီရောင် တိမ်တိုက်များမှာ ပေရာချီ အဝေးသို့ တွန်းထုတ်ခံထားရပြီး လွတ်လပ်သော နေရာတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ကြောက်မက်ဖွယ် မုန်တိုင်းကြီးကို မြင်နေရဆဲ ဖြစ်သော်လည်း ထိုမုန်တိုင်းက ဤနေရာကို လုံးဝ မလွှမ်းမိုးနိုင်ပေ။
ဤနေရာ၏ အလယ်ဗဟို လင်းယွဲ့၏ အရှေ့တည့်တည့်တွင် လူရိပ်တစ်ခု ရပ်နေသည်။ နှင်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင် နှင်းပွင့်များအလား အဖြူရောင် အလင်းတန်းများ လွင့်မျောနေလေသည်။
ဖူထျန်းဂိုဏ်း၏ ဖေးရွှယ် ထာဝရသခင်ကြီး ပင်ဖြစ်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာမျိုးထဲ ပါသွားရတာလဲ"
ဖေးရွှယ် ထာဝရသခင်ကြီးက လင်းယွဲ့ကို ကြည့်ကာ အပြစ်တင်သည့် အမူအရာဖြင့် မေးလိုက်သည်။
သူမသည် အခြားသူများနှင့် ပူးပေါင်း၍ နေရာတစ်ခုကို စူးစမ်းနေစဉ် လင်းယွဲ့၏ အကူအညီတောင်းခံမှုကို ရရှိခဲ့သဖြင့် ထိုနေရာမှ ထွက်လာကာ လိုက်ရှာခဲ့ရခြင်းဖြစ်ပြီး ကံကောင်းထောက်မစွာ အချိန်မီ ရောက်လာခဲ့ခြင်းဖြစ်သည်။
"ဆရာသခင်ကို ဒုက္ခပေးမိပြီ"
လင်းယွဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်ကာ အလျင်အမြန် ဆက်ပြောလိုက်သည်။
"ဆရာသခင် ဝူရှန်းနယ်မြေက ယန်နတ်သမီးနဲ့ ခူကျန်း တာအိုမိတ်ဆွေလည်း အထဲပါသွားတယ် ယန်နတ်သမီးက ထာဝရသခင်ကြီးချန်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး ခူကျန်း တာအိုမိတ်ဆွေက သူ့ရဲ့ တပည့်ပါ ကျေးဇူးပြုပြီး သူတို့ကိုပါ ကယ်တင်ပေးပါဦး"
ဖေးရွှယ် ထာဝရသခင်ကြီး မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အောက်ဘက်ရှိ ဝဲဂယက်ထဲသို့ လှမ်းကြည့်လိုက်သည်။ သူမ ကြည့်လိုက်ချိန်တွင် လီချန်ရှင်း၏ ဓားအလင်းတန်း ပျက်စီးသွားပြီး ဝဲဂယက်ဗဟိုသို့ လွင့်ပါသွားသည်ကို အတိအကျ မြင်လိုက်ရသည်။
ရွှီး
သူမ လက်ညှိုးတစ်ချက် ထောက်လိုက်ရာ နှင်းရောင် အလင်းတန်းတစ်ခုက အနီရောင် တိမ်တိုက်များကို ဆုတ်ဖြဲပြီး မုန်တိုင်းထဲရှိ လီချန်ရှင်းဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။
သို့သော် သူမလွှတ်လိုက်သော အလင်းတန်းမှာ လီချန်ရှင်းကို မထိလိုက်ခင်မှာပင် လီချန်ရှင်းမှာ မုန်တိုင်းဗဟိုသို့ ကျဆင်းသွားပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ နှင်းရောင် အလင်းတန်းမှာလည်း မုန်တိုင်းဗဟိုသို့ ဆက်လက် ဝင်ရောက်သွားသော်လည်း တစ်ပေခန့်ပင် မရောက်ခင်မှာ အပိုင်းပိုင်း အစစ စုတ်ဖြဲခံလိုက်ရသည်။
"အချိန်မမီတော့ဘူး"
ဖေးရွှယ် ထာဝရသခင်ကြီး ခေါင်းရမ်းလိုက်ပြီး ဆက်ပြောသည်။
"ဒီမုန်တိုင်းဗဟိုက တာအိုနိယာမတွေက အရမ်းကြမ်းတမ်းပြီး ဖရိုဖရဲဖြစ်နေတာ ငါ့ရဲ့စွမ်းအားတွေတောင် ထိုးဖောက်လို့ မရဘူး ငါကိုယ်တိုင် ဝင်သွားမှရမှာ ဒါပေမဲ့ အဲဒီလောက်လုပ်ဖို့ မလိုတော့ပါဘူးလေ"
မုန်တိုင်း၏ အပြင်ဘက်ပိုင်းမှာ သူမအတွက် သိပ်ပြီး အန္တရာယ်မရှိသော်လည်း မုန်တိုင်း၏ ဗဟိုချက်မှာမူ သူမကဲ့သို့သော အဆင့်မျိုးဖြင့် ဇွတ်ဝင်သွားပါက အန္တရာယ် အနည်းနှင့်အများ ရှိနိုင်လေသည်။ လီချန်ရှင်းကဲ့သို့ ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အထဲသို့ ပါသွားသည်နှင့် အရိုးပင် မကျန်တော့ဘဲ သေဆုံးသွားလောက်ပြီဖြစ်သည်။
"အဲဒီ ယန်ဟန်ယု ဆိုတဲ့သူရော အထဲပါသွားတာပဲလား"
ဖေးရွှယ် ထာဝရသခင်ကြီး ဝဲဂယက်ထဲကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း မည်သည့် လူရိပ်မျှ မတွေ့ရသဖြင့် လင်းယွဲ့ကို လှည့်မေးလိုက်သည်။
လင်းယွဲ့ ဝဲဂယက်ကို ကြည့်ရင်း ဝေဝါးနေသော အမူအရာ ပေါ်လာသည်။ ယန်ဟန်ယု စောစောကတည်းက ပါသွားခဲ့ပြီး သေဆုံးသွားလောက်ပြီမှန်း သူမသိသော်လည်း ကျန်တစ်ယောက်ကိုပါ မကယ်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် သူမ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ စိတ်ထဲတွင် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များ ပေါ်လာမိသည်။ ထိုအချိန်ကသာ ယန်ဟန်ယုကို အနည်းငယ်လောက် ထပ်ပြီး ကူညီတောင့်ခံပေးထားနိုင်ခဲ့ပါက ဖေးရွှယ် ထာဝရသခင်ကြီး ရောက်လာချိန်တွင် အတူတူ ကယ်တင်နိုင်မည်ဖြစ်သည်။
ဖေးရွှယ် ထာဝရသခင်ကြီးက လင်းယွဲ့ ဘာတွေးနေသည်ကို ချက်ချင်း သိလိုက်သဖြင့် ခေါင်းခပ်ဖွဖွ ရမ်းလိုက်သည်။
"ထာဝရသခင်ကြီး မဖြစ်လာသေးသရွေ့ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းက ကံကြမ္မာပဲ သူတို့ကို မကယ်နိုင်ခဲ့တာ မင်းအမှားမဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့တော့"
"ဝူရှန်းနယ်မြေက တစ်ယောက် ဒီကိစ္စကို သိသွားရင်တောင် မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး"
ဖေးရွှယ် ထာဝရသခင်ကြီးသည် သူမတပည့်၏ အတိတ်ကို သိရှိထားပြီး လင်းယွဲ့သည် ချန်မုနှင့် အနည်းငယ် ရင်းနှီးမှု ရှိခဲ့ဖူးကြောင်းကိုလည်း သိထားလေသည်။ သူမနှင့် ချန်မုကြား မည်သည့် ရန်ငြိုးမျှ မရှိသလို ချန်မု၏ ကျင့်ကြံမှုနှင့် စွမ်းအားမှာလည်း အဆုံးအစမရှိသော နယ်မြေရှိ အထက်ဂိုဏ်းကြီးများကိုပင် ကြောက်ရွံ့သွားစေခဲ့ပြီး ဝူဟွေ့ ထာဝရသခင်ကြီး အစရှိသော ရှေးဟောင်း ပုဂ္ဂိုလ်ကြီးများနှင့်ပင် တန်းတူယှဉ်နိုင်သူဖြစ်သည်။ မိမိ၏ တပည့်မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ရင်းနှီးမှု ရှိထားခြင်းက ကောင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။
"ဒါပေမဲ့" လင်းယွဲ့ ဝဲဂယက်၏ ဗဟိုကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အရမ်း မတွေးနဲ့တော့ ငါ့နောက် လိုက်ခဲ့"
ဖေးရွှယ် ထာဝရသခင်ကြီးက ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူမ လက်ဝတ်ရုံကို ခါယမ်းလိုက်ရာ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူမနှင့် လင်းယွဲ့ကို ရစ်ပတ်ကာ အရှေ့ဘက်ရှိ အနီရောင် တိမ်တိုက်များထဲသို့ အလျင်အမြန် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ထိုဝဲဂယက်ကြီးမှာ ဖြည်းညှင်းစွာ လည်ပတ်နေဆဲဖြစ်ပြီး တစ်ဖက်သို့ တဖြည်းဖြည်း ရွေ့လျားသွားနေကာ လမ်းတစ်လျှောက် တွေ့သမျှ ကျင့်ကြံသူအားလုံး ကြောက်လန့်တကြား ရှောင်ဖယ်သွားကြသည်။
သို့သော် ထိုဝဲဂယက်၏ ဗဟိုချက်ထဲတွင်မူ။
ဖရိုဖရဲဖြစ်နေသော တာအိုနိယာမများ၊ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များကြောင့် ဖြစ်ပေါ်လာသည့် ဖိနှိပ်မှုနှင့် ပုံပျက်မှုများမှာ သာမန် ထာဝရသခင်ကြီးများပင် ခံနိုင်ရည်မရှိဘဲ ရုပ်ခန္ဓာ စုတ်ပြတ်သေဆုံးသွားနိုင်လေသည်။
သို့သော် ဤကဲ့သို့ ကြောက်စရာကောင်းသော နေရာတွင် လူသုံးယောက် မတ်မတ်ရပ်နေကြသည်။ ဖရိုဖရဲဖြစ်နေသော ကောင်းကင်နှင့်မြေကြီး စွမ်းအင်များ မည်မျှပင် ရူးသွပ်စွာ ဆွဲဖြဲနေပါစေ ထိုသုံးယောက်၏ ပုံရိပ်ကို အနည်းငယ်မျှ မလှုပ်ခတ်နိုင်ပေ။
"ရွှေရောင်အမြုတေအဆင့်ကို ရောက်သွားရင် ကိုယ်ပိုင်စွမ်းအင်တွေက အဆုံးအစမရှိ ဖြစ်သွားပြီ အားနည်းခြင်း အားကြီးခြင်း ကွာဟချက်က တာအိုနိယာမတွေကို ဘယ်လောက် နားလည်သလဲ ဆိုတာပေါ်မှာပဲ မူတည်တော့တယ် တာအိုအမှတ်အသား ဘယ်လောက် အထိ ဖန်တီးနိုင်လဲ ဆိုတာပေါ့"
"ဒီနေရာက နိယာမတွေက ဖရိုဖရဲ ဖြစ်နေပေမယ့် ကောင်းကင်နဲ့မြေကြီး သဘောတရားတွေ ပါဝင်နေဆဲပဲ မင်းတို့အတွက်တော့ ဒါက အခွင့်အရေးတစ်ခုလို့ ဆိုနိုင်တယ် ကောင်းကင်နဲ့မြေကြီး တာအိုနိယာမတချို့ကို ကြိုတင် လေ့လာခွင့်ရရင် ကောင်းကင်နဲ့ လူသားနယ်နိမိတ်ကို ဖြတ်ကျော်ဖို့ အများကြီး ပိုသေချာသွားမှာပဲ"
ချန်မုက တည်ငြိမ်စွာ ရှင်းပြနေသည်။
ဖရိုဖရဲဖြစ်နေသော လေပြင်းမုန်တိုင်းကြီးက ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ လုံးဝ မမြင်နိုင်သော တာအိုအမှတ်အသား၊ တာအိုနိယာမ အားလုံးကို လေဟာနယ်ထဲမှ ဆွဲထုတ်ကာ အပြင်ဘက်တွင် ထင်ဟပ်လာစေသည်။
သာမန်အားဖြင့် လုံးဝ မမြင်နိုင်သော ကောင်းကင်နှင့်မြေကြီး တာအိုအမှတ်အသားများကို ဤမျှ အနီးကပ် မြင်တွေ့ခွင့် ရခြင်းမှာ ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် သာမန်မဟုတ်သော အခွင့်အရေးကြီး ဖြစ်သည်။ သို့သော် ဤကဲ့သို့ အခွင့်အရေးမျိုးကို သာမန် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ လုံးဝ ဆုပ်ကိုင်နိုင်စွမ်း မရှိကြပေ။
ဤနေရာရှိ လေပြင်းမုန်တိုင်း၏ ပြင်းထန်မှုမှာ သာမန် ထာဝရသခင်ကြီးများပင် ခြေချရပ်တည်နိုင်ရန် ခက်ခဲလှရာ ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ဤနေရာတွင် ကာကွယ်ပေးထားနိုင်ရန် ဆိုသည်မှာ တာအိုကပ်ဘေး ခုနစ်ကြိမ် အထက် ဖြတ်ကျော်ထားသော ထာဝရသခင်ကြီးများပင် လုပ်နိုင်ရန် အလွန် ခက်ခဲလှပေသည်။
သို့သော် ချန်မုအတွက်မူ ဤကိစ္စမှာ အလွန် လွယ်ကူလှသည်။ သူသည် စိတ်ဆန္ဒ တစ်ချက်လေးဖြင့်ပင် ဤမုန်တိုင်းကို ချေမှုန်းဖျက်ဆီးပစ်နိုင်ပြီး အရာအားလုံးကို ငြိမ်သက်သွားစေနိုင်သည်။
ယန်ဟန်ယုနှင့် လီချန်ရှင်းတို့ နှစ်ယောက်လုံး စကားမပြောနိုင်ကြပေ။
သူတို့နှစ်ဦးစလုံး ထိုအရာများထဲတွင် နစ်မြောသွားကြပြီး ဝဲဂယက်ဗဟိုတွင် ယှက်နွှယ်ကာ ဝေဝါးစွာ ပေါ်ထွက်နေသော ကောင်းကင်နှင့်မြေကြီး တာအိုအမှတ်အသားများကို ကြည့်ရင်း စိတ်ဝင်စားသွားကြသည်။ ထာဝရသခင်ကြီးအဆင့်သို့ မရောက်မချင်း ဤအရာများကို တိုက်ရိုက် မမြင်နိုင်သော်လည်း ယခု ဤနေရာတွင် မသိမသာ မြင်တွေ့နေရခြင်းက ကောင်းကင်နှင့် လူသားနယ်နိမိတ်ကို မဖြတ်ကျော်ရသေးသော သူတို့အတွက် လောကကြီး၏ အမှန်တရား၊ လောကကြီး၏ အပြည့်စုံဆုံးသော အရာများကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ဦးစလုံး ထိုအရာများထဲတွင် နစ်မြောသွားပြီး အဆုံးအစမရှိသော ဆွဲဆောင်မှု တစ်ခုအလား အကြည့်ကိုပင် မလွှဲနိုင်ကြတော့ပေ။
ချန်မုလည်း ဂရုမစိုက်ပေ။
ယန်ဟန်ယုနှင့် လီချန်ရှင်းတို့ကို လွတ်လပ်စွာ လေ့လာခွင့်ပေးထားလိုက်ပြီး သူ၏ အကြည့်ကမူ အဝေးသို့ လှမ်းကြည့်လိုက်ရာ မိုင်ထောင်ချီ ကျယ်ဝန်းသော အနီရောင် တိမ်တိုက်များကို ထိုးဖောက်သွားပြီး ချီမင်ကောင်းကင်ယံ တစ်ခုလုံးရှိ အရာအားလုံးကို အမြင်အာရုံထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအထဲတွင် လင်းယွဲ့ကို ခေါ်ဆောင်သွားသော ဖေးရွှယ် ထာဝရသခင်ကြီးလည်း အပါအဝင်ဖြစ်သည်။
သူ၏ အကြည့်က ဖေးရွှယ် ထာဝရသခင်ကြီး အပေါ် ဖြတ်ပြေးသွားပြီး သေချာစွာ အကဲခတ်လိုက်သော်လည်း ဖေးရွှယ် ထာဝရသခင်ကြီးမှာ လုံးဝ သတိမထားမိဘဲ လင်းယွဲ့ကို ခေါ်ဆောင်ကာ တိမ်တိုက်များထဲတွင် ဆက်လက် သွားလာနေလေသည်။
"တာအိုကပ်ဘေး နှစ်ကြိမ်ပဲလား"
ချန်မု ခေါင်းခပ်ဖွဖွ ညိတ်လိုက်သည်။
တာအိုကပ်ဘေး ဘယ်နှစ်ကြိမ် ဖြတ်ကျော်ထားသည်ဖြစ်စေ၊ ကျင့်ကြံမှု ဘယ်လောက် မြင့်မားသည်ဖြစ်စေ သူ အများကြီး ဂရုမစိုက်သော်လည်း ဖေးရွှယ် ထာဝရသခင်ကြီးက လင်းယွဲ့အပေါ် ဂရုစိုက်မှုကိုတော့ သူ သဘောကျမိသည်။
စောစောက သူမသည် လင်းယွဲ့၏ အကူအညီတောင်းခံမှုကို ရရှိပြီးနောက် ရခါနီးဖြစ်နေသော ရှားပါးရတနာ တစ်ခုကိုပင် စွန့်လွှတ်ကာ တပည့်ဖြစ်သူ လင်းယွဲ့ကို ချက်ချင်း လှည့်ရှာခဲ့ပြီး နောက်ဆုံးအချိန်လေးတွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ တကယ်လို့သာ သူမ မရောက်လာခဲ့လျှင်တောင်မှ ချန်မုက လင်းယွဲ့ကို သေချာပေါက် ကယ်တင်မည်ဖြစ်ပြီး ယန်ဟန်ယုတို့နည်းတူ မုန်တိုင်းဗဟိုသို့ ခေါ်လာကာ ကောင်းကင်နှင့်မြေကြီး တာအိုအမှတ်အသားများကို အနီးကပ် လေ့လာခွင့် ပေးလောက်မည်ဖြစ်သည်။
ဆိုရလျှင်တော့ လင်းယွဲ့သည် အခွင့်အရေး တစ်ခုကို လက်လွတ်သွားခြင်းပင်ဖြစ်သည်။
တကယ်တော့။
ယခုလက်ရှိ ချန်မုအတွက်မူ ဤကဲ့သို့သော အခွင့်အရေးများမှာ အရေးမကြီးတော့ပေ။ သူသည် သာမန် ထာဝရသခင်ကြီး တစ်ပါး၏ အဆင့်ကို ကျော်လွန်နေပြီဖြစ်ရာ အခြားသူများကို ဝိညာဉ်လောကထဲသို့ ခေါ်သွားကာ ဝိညာဉ်လောက၏ အခြေအနေများကို အနီးကပ် လေ့လာစေပြီး လက်ရှိလောက၏ အနက်ရှိုင်းဆုံးနေရာရှိ ကောင်းကင်နှင့်မြေကြီး တာအိုအမှတ်အသားများနှင့် တိုက်ရိုက် ထိတွေ့ခွင့် ပေးနိုင်လေသည်။
ဤသည်မှာ မည်သည့် ထာဝရသခင်ကြီးမှ မလုပ်နိုင်သော အရာဖြစ်ပြီး ထာဝရသခင်ကြီးများ၏ အထက်တွင်ရှိသော စစ်မှန်သော ထာဝရနတ်မင်းများသာ လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။
မည်မျှပင် သာမန်ဖြစ်သော ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ပါစေ ဝိညာဉ်လောကကို အနီးကပ် ခံစားခွင့်ရပြီး ကောင်းကင်နှင့်မြေကြီး တာအိုအမှတ်အသားများကို အနီးကပ် ထိတွေ့ခွင့်ရပါက ကောင်းကင်နှင့် လူသားနယ်နိမိတ်ကို ဖြတ်ကျော်နိုင်မည့် ရာခိုင်နှုန်း အနည်းဆုံး နှစ်ဆ သုံးဆခန့် တက်သွားမည်ဖြစ်သည်။
ထာဝရသခင်ကြီး တစ်ပါးက အချိန်ပေးပြီး ပျိုးထောင်ပေးမည်ဆိုလျှင် မည်မျှပင် ညံ့ဖျင်းသော တပည့်ဖြစ်စေကာမူ အခြေခံတည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်အောင် ပျိုးထောင်ပေးနိုင်ပြီး အခွင့်အရေး အနည်းငယ်သာ ရရှိပါက ယင်ယန်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
စစ်မှန်သော ထာဝရနတ်မင်း အတွက်လည်း အတူတူပင်ဖြစ်သည်။ စစ်မှန်သော ထာဝရနတ်မင်း တစ်ပါး၏ အနီးတွင် ကျင့်ကြံခွင့်ရပါက ဝက်တစ်ကောင်ပင်လျှင် ဉာဏ်ရည်ပွင့်လာပြီး ဝက်နတ်ဆိုး ဖြစ်လာနိုင်ကာ နောက်ဆုံးတွင် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် နတ်ဆိုး ကျင့်ကြံသူ ဖြစ်လာနိုင်လေသည်။ အကယ်၍ ပါရမီ အနည်းငယ်နှင့် အခွင့်အရေး အနည်းငယ် ရရှိပါက ထာဝရသခင်ကြီး အဆင့်သို့ ရောက်ရှိနိုင်ခြေ အလွန်များပြားလေသည်။
ချန်မု အပြင်လောကသို့ ရောက်လာပြီးနောက် နေရာအနှံ့ သွားရောက်ခဲ့ပြီး လျှို့ဝှက်ချက် အများအပြားကို စုံစမ်းသိရှိခဲ့သည်။ ရှေးဟောင်းခေတ်ကာလက အဆုံးအစမရှိသော နယ်မြေတွင် အသက်ရှင်လျက်ရှိသော စစ်မှန်သော ထာဝရနတ်မင်း အများအပြား ရှိခဲ့ပြီး အလွန် စည်ပင်ဝပြောလောက်ကာ ထာဝရသခင်ကြီး အရေအတွက်မှာလည်း ယခုထက် အများကြီး ပိုများပြားလောက်ပေသည်။
သို့သော် လွန်ခဲ့သော နှစ်တစ်သိန်းကျော်က ထိုစစ်ပွဲတွင် စစ်မှန်သော ထာဝရနတ်မင်း အများအပြား သေဆုံးသွားခဲ့ကြရာ ယခုအခါ အဆုံးအစမရှိသော နယ်မြေတွင် စစ်မှန်သော ထာဝရနတ်မင်း တစ်ပါးမျှ မရှိတော့ဘဲ ထာဝရသခင်ကြီး အရေအတွက်မှာလည်း သိသိသာသာ လျော့ကျသွားခဲ့ရခြင်းဖြစ်သည်။
အတွေးတစ်ချက် ပြောင်းသွားပြီးနောက်။
ချန်မု ခေါင်းမော့ကာ အပေါ်ဘက်သို့ ကြည့်လိုက်သည်။
သူ၏ အကြည့်များက အပေါ်သို့ တောက်လျှောက် ရောက်ရှိသွားပြီး မိုင်တစ်ရာကျော်ကို ဖြတ်သန်းကာ ချီမင်ကောင်းကင်ယံ၏ အမြင့်ဆုံးနေရာ အဆုံးသတ်သို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် အတားအဆီး တစ်ခု ရှိနေပြီး ချီမင်ကောင်းကင်ယံ၏ အထက်တွင် အုပ်မိုးထားကာ ချန်မု၏ အကြည့်များပင် ထိုအတားအဆီးကို အနည်းငယ်သာ ထိုးဖောက်နိုင်ပြီး အပေါ်ဘက်ရှိ ဝေဝါးသော မြင်ကွင်းအချို့ကို မြင်တွေ့ရလေသည်။
အပေါ်ဘက်မှာ။
ကောင်းကင်ဘုံ၏ ဒုတိယမြောက် အလွှာ တန်းယွင်ကောင်းကင်ယံ ပင်ဖြစ်သည်။
"သေဆုံးပြီး ဝိညာဉ် ပျက်စီးသွားတာတောင်မှ ပြိုကွဲသွားတဲ့ မူလဝိညာဉ်က ဒီလောက် ခမ်းနားကြီးကျယ်တဲ့ ကောင်းကင်ယံ တစ်ခုကို ပုံဖော်ဖန်တီးနိုင်သေးတာ တကယ်ကို စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ ပြိုင်ဘက်ကင်း စွမ်းအားပါပဲလား"
ချန်မု တန်းယွင်ကောင်းကင်ယံကို ကြည့်ရင်း စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် အကယ်၍ သေဆုံးပြီး စိတ်ဝိညာဉ် ပြိုကွဲသွားပါက ဝိညာဉ်လောကရှိ နယ်မြေတစ်ခုကို လွှမ်းမိုးထားနိုင်ပြီး ထူးခြားသော နယ်မြေတစ်ခု ဖြစ်ပေါ်လာစေမည်ဖြစ်သည်။
အကယ်၍ လက်ရှိလောကနှင့် အရမ်း နီးကပ်နေပါက လက်ရှိလောကသို့ စိမ့်ဝင်လာပြီး သေမင်းနယ်မြေ တစ်ခု ဖြစ်လာနိုင်သလို သို့မဟုတ် လူ့လောကသို့ စိမ့်ဝင်လာပြီး ဝိညာဉ်ပညာရှင်များ ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်ပေါ်လာစေနိုင်လေသည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား သူသည် ဝိညာဉ်လောကကို လွှမ်းမိုးနိုင်သော ဧရိယာမှာ အများဆုံး မိုင်ဆယ်ဂဏန်းခန့်သာ ရှိမည်ဖြစ်သည်။
သို့သော် ဤကောင်းကင်ဘုံ၏ ကျယ်ဝန်းမှုမှာ ကောင်းကင်ယံ တစ်ခုတည်းကပင် မိုင်ထောင်ချီ ရှည်လျားပြီး အထက်အောက် အကွာအဝေးမှာလည်း မိုင်ရာချီ ကျယ်ဝန်းကာ ဤကဲ့သို့သော ကောင်းကင်ယံမျိုး သုံးခုတောင် ရှိသေးရာ ဤသည်မှာ မည်မျှ ခမ်းနားကြီးကျယ်သော စွမ်းအားမျိုး ဖြစ်မည်နည်း။
သေဆုံးပြီးနောက် ဤကဲ့သို့ ခမ်းနားသော ကောင်းကင်ဘုံ တစ်ခု ဖြစ်ပေါ်လာစေနိုင်သော ဤပုဂ္ဂိုလ်၏ ကျင့်ကြံမှုအဆင့်မှာ သေချာပေါက် စစ်မှန်သော ထာဝရနတ်မင်းအဆင့်ကို ကျော်လွန်ပြီး စစ်မှန်သော ထာဝရနတ်မင်းထက် ပိုမို အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ပါး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် ယခုလက်ရှိ ချန်မု၏ အသိပညာမှာ စစ်မှန်သော ထာဝရနတ်မင်း အလွှာမှာသာ ရှိသေးလေသည်။ ၎င်းအထက်ရှိ အဆင့်မှာ မည်သည့်အရာ ဖြစ်ပြီး ဤလောကတွင် မည်သို့ ခေါ်ဆိုကြသည်ကို မသိရှိသေးပေ။
ချန်မုသည် အလွှာတစ်ခုကို ကျော်ဖြတ်ကာ ပိုမိုမြင့်မားသော တန်းယွင်ကောင်းကင်ယံကို စူးစမ်းကြည့်နေစဉ် ရုတ်တရက် ကြောင်အမ်းသွားပြီး အရာတစ်ခုခုကို မသိမသာ ဖမ်းဆုပ်မိလိုက်သည်။
"ဟင်"
ချန်မု၏ မျက်ဝန်းထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အပြင်လောကသို့ ရောက်လာပြီးနောက် သူသည် ချန်ယောင်၏ သဲလွန်စကို ရှာဖွေရန် ကြိုးစားခဲ့ဖူးသော်လည်း မတွေ့ရှိခဲ့ပေ။ သို့သော် ယခုလေးတင် မမြင်ရသော ခံစားမှုတစ်ခု ရလိုက်ပြီး ချန်ယောင် ဤကောင်းကင်ဘုံထဲတွင် ရှိနေသလို ခံစားလိုက်ရသည်။
ချန်ယောင် ကောင်းကင်ဘုံသို့ ရောက်လာမည်ကို ချန်မု မအံ့အားသင့်ပေ။ သူ ကောင်းကင်ဘုံသို့ လာရခြင်းမှာလည်း ချန်ယောင်ကို လာရှာခြင်းသာ ဖြစ်သည်။ တကယ်လို့သာ ချန်ယောင် ကောင်းကင်ဘုံကို လာမည့်အစား နေရာတစ်ခုခုမှာ ပိတ်မိနေမည်ဆိုပါက သူ အချိန်ယူပြီး သေချာ လိုက်ရှာနေရဦးမည်ဖြစ်သည်။
သူမ၏ သဲလွန်စ ကောင်းကင်ဘုံတွင် ပေါ်လာခြင်းက ချန်မု ရှာရမည့် နေရာမှန်သွားခြင်းပင်ဖြစ်သည်။
သို့သော်။
ချန်မုကို အံ့အားသင့်စေသည်မှာ ထိုမသိမသာ ခံစားရသော သဲလွန်စလေးမှာ ဤချီမင်ကောင်းကင်ယံတွင် မဟုတ်ဘဲ အထက်ပိုင်းရှိ ကောင်းကင်ယံတွင် ရှိနေခြင်းဖြစ်သည်။
"စိတ်ဝင်စားစရာပဲ"
ချန်မု အထက်သို့ မော့ကြည့်လိုက်ပြီး စိတ်ဝင်စားသည့် အမူအရာ ပေါ်လာသည်။
ချီမင်ကောင်းကင်ယံမှာ ပထမဆုံး အလွှာဖြစ်ပြီး ဝိညာဉ်လောက၏ အငွေ့အသက် အနည်းဆုံး ဖြစ်ကာ ဖရိုဖရဲ တာအိုနိယာမများကြောင့် ဖြစ်ပေါ်လာသော ဖိအားမှာလည်း အနည်းဆုံးဖြစ်သဖြင့် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဝင်ရောက် စူးစမ်းရန် ကြိုးစားနိုင်ကြသည်။
သို့သော် အထက်ပိုင်းရှိ တန်းယွင်ကောင်းကင်ယံမှာတော့ မတူတော့ပေ။ ထိုနေရာရှိ ဝိညာဉ်လောက အငွေ့အသက်များက ပိုမို လေးလံနက်ရှိုင်းပြီး တာအိုနိယာမများ ပိုမို ဖရိုဖရဲဖြစ်ကာ ကောင်းကင်နှင့်မြေကြီး စွမ်းအင်ကလည်း ပိုမို ကြောက်စရာကောင်းသဖြင့် ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအတွက် လုံးဝ တားမြစ်နယ်မြေဖြစ်ကာ ခြေချရန်ပင် မဖြစ်နိုင်ပေ။
သို့သော် ချန်ယောင်က အပေါ်ကို ရောက်နေသည်။
ဘယ်လို နည်းလမ်းကိုသုံးပြီး တက်သွားမှန်း မသိရပေ။ ထို့အပြင် အကောင်းပကတိ ရှိနေသေးပုံရသည်။
ချန်မု နောက်ကို လှည့်ကာ ယန်ဟန်ယုတို့ နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ နှစ်ယောက်လုံး နစ်မြောနေကြဆဲ ဖြစ်သည်ကို တွေ့ရသဖြင့် အနည်းငယ် စဉ်းစားပြီးနောက် သူတို့နှစ်ဦးထံ လက်ညှိုးတစ်ချက် ထောက်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး နှစ်ယောက်လုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက်။
ချန်မု အကြည့်များကို ရုပ်သိမ်းလိုက်ပြီး အထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကာ အထက်သို့ တစ်လှမ်း လှမ်းလိုက်ရာ သူ၏ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ဆယ်မိုင်ကျော် ဖြတ်သန်းသွားပြီး ခြေလှမ်းအနည်းငယ် အတွင်းမှာပင် ချီမင်ကောင်းကင်ယံ၏ အဆုံးသတ်သို့ ရောက်ရှိသွားတော့သည်။
ချီမင်ကောင်းကင်ယံမှ ပိုမိုမြင့်မားသော တန်းယွင်(ဆေးတိမ်တိုက်)ကောင်းကင်ယံသို့ တက်ရန် တစ်ခုတည်းသော လမ်းကြောင်း ရှိပြီး ၎င်းမှာ ချီမင်ကောင်းကင်ယံ၏ အလယ်ဗဟိုတွင် ရှိလေသည်။ သို့သော် ချန်မုသည် ထိုနေရာသို့ မသွားဘဲ ချီမင်ကောင်းကင်ယံ၏ အမြင့်ဆုံး အထွတ်အထိပ်ဆီသို့ ရိုးရှင်းစွာ တက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် လက်ကိုဆန့်ထုတ်ကာ ဖြည်းညှင်းစွာ ဆွဲဖြဲလိုက်သည်။
“ရွှီး”
ပါးလွှာသော အတားအဆီးလေးမှာ စက္ကူရွက်အလား ဆုတ်ဖြဲခံလိုက်ရပြီး ယင်းအတားအဆီး၏ အနောက်ဘက်ရှိ ချီမင်ကောင်းကင်ယံနှင့် လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းကို ပေါ်ထွက်လာစေတော့သည်။
အကယ်၍ ချီမင်ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသည်မှာ မိုင်ထောင်ချီ ရှည်လျားသော အနီရောင် တိမ်တိုက်များဆိုလျှင် တန်းယွင်ကောင်းကင်ယံမှာမူ လိမ္မော်ရောင် မြူခိုးများဖြစ်ပြီး ပိုမို လေးလံ ထူထပ်လှပေသည်။
ဤမြူခိုးများမှာ ချီမင်ကောင်းကင်ယံကဲ့သို့ ဖရိုဖရဲ ပြန့်ကျဲမနေဘဲ နေရာအနှံ့အပြားတွင် ဆေးလုံးပုံစံ တိမ်တိုက်များအဖြစ် စုစည်းနေကာ အဆုံးအစမရှိအောင် ရှည်လျားပြီး တန်းယွင်ကောင်းကင်ယံ တစ်ခုလုံး၏ နေရာအနှံ့အပြားတွင် လွင့်မျောနေကြလေသည်။
ချန်မု တွေဝေမနေပေ။
ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ သူသည် ကောင်းကင်ယံ နှစ်ခု၏ အတားအဆီးကို ကျော်ဖြတ်ပြီး တန်းယွင်ကောင်းကင်ယံ အတွင်းသို့ ဝင်ရောက်သွားတော့သည်။