← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) ထိုသူက ဘယ်သူလဲ

တန်းယွင်ကောင်းကင်ယံသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် ကွဲပြားခြားနားမှုကို ချက်ချင်း ခံစားလိုက်ရသည်။

ချီမင်ကောင်းကင်ယံတွင်ဆိုလျှင် ချန်မု၏ အာရုံခံနိုင်စွမ်းသည် ကောင်းကင်ယံတစ်ခုလုံးကို အလွယ်တကူ လွှမ်းခြုံနိုင်ပြီး နယ်မြေအတွင်းရှိ အရာအားလုံးကို အကြွင်းမဲ့ သိမြင်နိုင်သော်လည်း တန်းယွင်ကောင်းကင်ယံသို့ ရောက်ရှိချိန်တွင် သူ၏ မြင်နိုင်စွမ်း အတော်လေး ကျဆင်းသွားသည်။

သူ၏ မြင်ကွင်းမှာ မိုင်ရာဂဏန်းခန့်သာ ရောက်ရှိနိုင်ပြီး အဆုံးသတ် နယ်နိမိတ်ကို တိုက်ရိုက် မလွှမ်းခြုံနိုင်တော့ပေ။

တန်းယွင်ကောင်းကင်ယံ၏ ကောင်းကင်နှင့်မြေကြီး စွမ်းအင် ပြင်းထန်မှုမှာ ချီမင်ကောင်းကင်ယံထက် အနည်းဆုံး အဆပေါင်းများစွာ ပိုမို ထူထပ်နေကြောင်း ထင်ရှားလှပြီး ယင်ယန်ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဤနေရာတွင် ရပ်နေရုံမျှဖြင့် ခံနိုင်ရည်မရှိဘဲ ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ဖြစ်သည်။

ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီးများသာလျှင် ဤအလွှာတွင် စူးစမ်းနိုင်သော်လည်း ကြီးမားသော ဖိအားကို ခံစားရမည်ဖြစ်ပြီး သာမန် ထာဝရသခင်ကြီးများဆိုလျှင် အန္တရာယ် အချို့နှင့်ပင် ကြုံတွေ့ရနိုင်သည်။

'ဒီ တန်းယွင်တိမ်တိုက်တွေက'

ချန်မု တန်းယွင်တိမ်တိုက်တစ်ခုဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ မြင်ကွင်းထဲတွင် အနည်းငယ် ဝေဝါးနေသည်ကို တွေ့လိုက်ရသည်။

သူ၏ မြင်နိုင်စွမ်းသည် မိုင်ရာဂဏန်းခန့် လွှမ်းခြုံနိုင်သော်လည်း ဤတန်းယွင်တိမ်တိုက်များမှာ မြူနှင်းများကြားမှ ပန်းများကို ကြည့်ရသကဲ့သို့ ဝေဝါးနေပြီး အတွင်းတွင် မည်သည့်အရာများ ရှိနေသည်ကို ရှင်းလင်းစွာ မမြင်ရပေ။

"ရွှီး"

ချန်မု တစ်လှမ်း လှမ်းလိုက်ပြီး တန်းယွင်တိမ်တိုက်တစ်ခုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် လောကကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားပြီး တိမ်တိုက်များ ဖုံးလွှမ်းနေကာ နတ်ကြိုးကြာငှက်များ ပျံဝဲနေသော နတ်တောင် တစ်တောင်ကို တွေ့လိုက်ရသည်။

လူငယ်လေးတစ်ယောက်နှင့် အဘိုးအိုတစ်ဦး သစ်ပင်ခြောက်ကြီးအောက်တွင် စစ်တုရင် ကစားနေကြပြီး အပြန်အလှန် ရွှေ့ကွက်များဖြင့် စစ်တုရင်ခုံပေါ်တွင် အမည်းနှင့် အဖြူ ရောယှက်ကာ အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေလေသည်။

နောက်ဆုံးတွင် လူငယ်လေးသည် နောက်ဆုံး စစ်တုရင်စေ့ကို ကိုင်ကာ ခေါင်းရမ်းလိုက်ပြီး "တပည့် ရှုံးပါပြီ" ဟု ပြောလိုက်သည်။

အဘိုးအိုသည် လူငယ်လေးကို ကြည့်ကာ မျက်ဝန်းထဲတွင် ချီးကျူးသည့် အရိပ်အယောင်များဖြင့် ပြောလိုက်သည်။ "မင်းက ရွှေရောင်အမြုတေကို မဖွဲ့စည်းရသေးဘဲ ထာဝရသခင်ကြီး မဖြစ်သေးပေမယ့် ကောင်းကင်နဲ့မြေကြီး သဘောတရား အရာအားလုံးရဲ့ နက်နဲမှုကို နားလည်နေပြီ ဒီကောင်းကင်နဲ့ လူသားနယ်နိမိတ်ဆိုတာ မင်းအတွက်တော့ လက်တစ်ဖက်တည်းနဲ့ ဖြတ်ကျော်နိုင်မယ့် အရာပဲ ငါ ဒီနှစ်တစ်သိန်းအတွင်း တွေ့ခဲ့ဖူးတဲ့ ပါရမီရှင်တွေ အများကြီးထဲမှာ မင်းက အကောင်းဆုံးပဲ မင်း အနာဂတ်မှာ ဘယ်အထိ ရောက်နိုင်မလဲ စစ်မှန်တဲ့ ထာဝရနတ်မင်း ဖြစ်လာပြီး ထာဝရရှင်သန်ခြင်း တာအိုလမ်းစဉ်ကို မြင်တွေ့နိုင်မလား ဆိုတာတော့ မသိဘူး"

လူငယ်လေးနှင့် အဘိုးအိုတို့၏ စကားပြောသံများကို ချန်မု အများကြီး ဂရုမစိုက်ဘဲ သူ၏ အကြည့်များက စစ်တုရင်ခုံကိုသာ စိုက်ကြည့်နေသည်။ စစ်တုရင်ခုံပေါ်ရှိ အမည်းနှင့် အဖြူအရောင် နှစ်ခုမှာ ကောင်းကင်နှင့်မြေကြီး၏ ပြိုင်ဘက်ကင်း နက်နဲမှုများ ပါဝင်နေသကဲ့သို့ ဝဲဂယက်တစ်ခုအလား သူ၏ အကြည့်များကို ဆွဲယူနေပြီး သူ၏ စိတ်ဝိညာဉ်ကိုပါ ဆွဲထုတ်တော့မည့်အလား ဖြစ်နေသည်။

သို့သော် ဤဆွဲငင်မှုက ချန်မုအပေါ် အများကြီး သက်ရောက်မှု မရှိပေ။

ခဏတာ အသက်ရှူချိန်လေးအတွင်း ချန်မု အကြည့်များကို ရုပ်သိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အရှေ့ရှိ လောကကြီးမှာ လျင်မြန်စွာ ပြိုကွဲပျောက်ကွယ်သွားကာ လိမ္မော်ရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသော တန်းယွင်ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရတော့သည်။

ချန်မု စဉ်းစားနေသည့် အမူအရာ ပေါ်လာသည်။

သူ အကဲခတ်တာ မမှားဘူးဆိုလျှင် ယခုလေးတင် တန်းယွင်ထဲတွင် ပေါ်ထွက်လာသော မြင်ကွင်းမှာ အတိတ်က ဖြစ်ပျက်ခဲ့ဖူးသော အရာများဖြစ်ပြီး အဘိုးအိုနှင့် စစ်တုရင် ကစားနေသော လူငယ်လေးမှာ ဤကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်လောက်ပေသည်။

ယခုလေးတင် ပေါ်ထွက်လာသော အတိတ် မြင်ကွင်းများ၏ ပုံဖော်မှုမှာ သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ အန္တရာယ်များ ပုန်းကွယ်နေသည်။ ထို စစ်တုရင်ခုံပေါ်ရှိ တာအိုနိယာမများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သာမန် ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး တစ်ပါးသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် သတိမထားမိပါက အထဲသို့ အမှန်တကယ် ဆွဲသွင်းခံရနိုင်ပြီး အတွင်းရှိ ကောင်းကင်နှင့်မြေကြီး တာအိုနိယာမများနှင့် တိုက်ရိုက် ပေါင်းစပ်သွားနိုင်လေသည်။

သို့သော် သူသည် စစ်မှန်သော ထာဝရနတ်မင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤတာအိုနိယာမမှာ ကြောက်စရာကောင်းသော်လည်း သူ့ကို ဖမ်းမထားနိုင်ဘဲ ချက်ချင်း ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

တကယ်တော့။

ဤစစ်တုရင်ခုံ၏ တာအိုနိယာမမှာ ကြောက်စရာကောင်းသလို အခွင့်အရေးကိုလည်း ကိုယ်စားပြုနေသည်။ အကယ်၍ ထာဝရသခင်ကြီး တစ်ပါး ဤနေရာတွင် ရှိနေပြီး သေချာစွာ လေ့လာနိုင်ကာ နောက်ဆုံးတွင် လမ်းမလွဲသွားဘူးဆိုလျှင် ကျင့်ကြံမှု သေချာပေါက် တိုးတက်လာမည်ဖြစ်သည်။

'ဒီ တန်းယွင်ကောင်းကင်ယံက တန်းယွင်တစ်ခုချင်းစီတိုင်းက အတိတ်က မြင်ကွင်းတစ်ခုစီပဲ ဖြစ်မယ်'

ချန်မု ဤ တန်းယွင်ထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ရောက်ရှိလာကာ ကောင်းကင်နှင့်မြေကြီး အနှံ့အပြားတွင် ရှိနေသော အခြား တန်းယွင်များကို လှမ်းကြည့်လိုက်သည်။

အကယ်၍ သူ ထာဝရသခင်ကြီး အဆင့်မှာသာ ရှိနေသေးလျှင် ဤ တန်းယွင်များထဲရှိ အတိတ် မြင်ကွင်းများနှင့် တာအိုနိယာမများက သူ့အတွက် အကူအညီ အနည်းငယ် ဖြစ်စေနိုင်ပြီး တာအိုအမှတ်အသား ကိုးခု အပြည့်အဝ မြန်မြန် ဖန်တီးနိုင်အောင် ကူညီပေးနိုင်မည်ဖြစ်သည်။

သို့သော် ယခုအခါ သူသည် ဤအရာများကို မလိုအပ်တော့ပေ။

သူသာ ဆန္ဒရှိလျှင် တံခါးပိတ်ပြီး နှစ်တစ်ရာခန့် ကျင့်ကြံလိုက်ရုံဖြင့် တာအိုအမှတ်အသား များ အားလုံးကို အပြည့်အဝ ဖန်တီးနိုင်မည်ဖြစ်ပြီး ထို့နောက် မိုးကြိုးကပ်ဘေးကို ခံယူကာ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်း အတားအဆီးကို ဖြတ်ကျော်ပြီး မူလဝိညာဉ် အဖြစ် ပြောင်းလဲရန်မှာလည်း သူ၏အဆင့်က စစ်မှန်သော ထာဝရနတ်မင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့အတွက် အခက်အခဲ မရှိပေ။

"ရွှီး"

ချန်မု အချိန်ဆွဲမနေတော့ဘဲ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ သူ၏ပုံရိပ်မှာ တန်းယွင်များအကြား လျင်မြန်စွာ ဖြတ်သန်းသွားပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ တန်းယွင်များကို သေချာစွာ ရှာဖွေကြည့်ရှုလိုက်သည်။

တန်းယွင်ကောင်းကင်ယံ အတွင်းတွင် ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး အများအပြား ရှိနေပြီး အများစုမှာ တန်းယွင်များထဲသို့ ဝင်ရောက်သွားကြသော်လည်း ချန်မုသည် ထိုသူများ ရှိနေသည်ကို တစ်ယောက်ချင်းစီ မြင်တွေ့နိုင်လေသည်။ သို့သော် သူသည် ဤ ထာဝရသခင်ကြီး များကို စိတ်မဝင်စားပေ။

ခဏတာအတွင်းမှာပင် ချန်မုသည် တန်းယွင်ကောင်းကင်ယံ တစ်ခုလုံးကို ပတ်ကြည့်ပြီးသွားသော်လည်း ချန်ယောင်၏ အရိပ်အယောင်ကို မတွေ့ရပေ။

ဤသည်က ချန်မုကို အံ့အားသင့်သွားစေသည်။

'အရင်က ခံစားမိတာ မမှားလောက်ဘူး ချန်ယောင်က ကောင်းကင်ဘုံထဲမှာ သေချာပေါက် ရှိနေတာပဲ တန်းယွင်ကောင်းကင်ယံထဲမှာတောင် မတွေ့ရဘူးဆိုတော့ ပိုမြင့်တဲ့ အလွှာမှာ ရှိနေတာလား'

ချန်မု အပေါ်သို့ မော့ကြည့်လိုက်ပြီး တန်းယွင်များကို ကျော်ဖြတ်ကာ ဤကောင်းကင်ယံ၏ အမြင့်ဆုံးနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အတားအဆီး အသစ်တစ်ခု ရှိနေပြီး ထိုမှတစ်ဆင့် အထက်သို့ ဆက်တက်လျှင် ကောင်းကင်ဘုံ၏ နောက်ဆုံးအလွှာဖြစ်သော ဟွမ်ကျိကောင်းကင်ယံ ပင်ဖြစ်သည်။

"ဒီကောင်မလေး ထာဝရသခင်ကြီး အဆင့်ကို မရောက်သေးလောက်ဘူး ထင်တယ်" ချန်မု တိုးတိုးလေး ရေရွတ်လိုက်သည်။

ချန်ယောင်၏ ကံကြမ္မာ အားလုံးကို တစ်စုံတစ်ရာက ဖုံးကွယ်ထားသဖြင့် တွက်ချက်၍ မရသော်လည်း ချန်ယောင်သည် ကောင်းကင်နှင့် လူသားနယ်နိမိတ်ကို မဖြတ်ကျော်ရသေးဘဲ ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး မဖြစ်သေးကြောင်းကို သူ ခန့်မှန်းနိုင်လေသည်။

ထို့အပြင် ယင်ယန်ပေါင်းစပ်ခြင်းအဆင့်ကို ထားဦး၊ ချန်ယောင် အမှန်တကယ် ထာဝရသခင်ကြီး ဖြစ်လာလျှင်တောင်မှ အဆင့်သစ် ထာဝရသခင်ကြီး တစ်ပါးအနေဖြင့် ကောင်းကင်ဘုံ၏ နောက်ဆုံးအလွှာသို့ ဇွတ်ဝင်ခြင်းက သေကြောင်းကြံခြင်းနှင့် အတူတူပင်ဖြစ်သည်။

မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီးနောက်။

ချန်မု ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်သို့ တက်သွားကာ တန်းယွင်ကောင်းကင်ယံ၏ အထွတ်အထိပ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ထို့နောက် လက်ကိုဆန့်ထုတ်ကာ လေဟာနယ်ကို ဆုပ်ကိုင်ပြီး ဆွဲဖြဲလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ယခင်ကနှင့် မတူတော့ဘဲ နောက်ဆုံးအလွှာ ကောင်းကင်ယံ၏ အတားအဆီးမှာ သိသိသာသာ ပိုမို ကြောက်စရာကောင်းပြီး ချန်မု ဤသို့ ဆွဲဖြဲလိုက်ခြင်းက ၎င်းကို မဆုတ်ဖြဲနိုင်ခဲ့ဘဲ ကောင်းကင်ယံ တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေကာ မျက်စိဖြင့် မြင်နိုင်သော လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားတော့သည်။

ထိုအချိန်တွင်ပင်။

မနီးမဝေးရှိ တန်းယွင်တစ်ခု လှုပ်ခတ်သွားပြီး လူရိပ်တစ်ခု ထွက်လာကာ ၎င်းမှာ ဆယ့်သုံး ဆယ့်လေးနှစ် အရွယ်ခန့်သာ ရှိသေးသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း အရှိန်အဝါမှာမူ အလွန် သက်တမ်းရင့်နေလေသည်။

ဝူကျန်းနယ်မြေမှ မည်သည့် ကျင့်ကြံသူမဆို ဤမိန်းကလေး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း မှတ်မိနိုင်ပြီး ထိုသူမှာ ဝူဟွာနယ်မြေ ရှန်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ် မြောင်ယွီ ထာဝရသခင်ကြီး ပင်ဖြစ်သည်။ ရုပ်ရည်မှာ ကလေးငယ်လေးအလား ဖြစ်သော်လည်း ကျင့်ကြံမှုမှာမူ ချင့်ယွင် ထာဝရသခင်ကြီး တစ်ပါး ပင်ဖြစ်သည်။

"ဟင်"

မြောင်ယွီ ထာဝရသခင်ကြီးသည် ကောင်းကင်ယံပေါ်ရှိ မြင်ကွင်းကို သတိထားမိပြီးနောက် အစပိုင်းတွင် ကြောင်အမ်းသွားပြီး ချန်မုကို တွေ့လိုက်ရသည်။

မြောင်ယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ချန်မု၏ ရုပ်ရည်မှာ သူစိမ်းဖြစ်ပြီး မြောင်ယွီ မသိကျွမ်းပေ။ သို့သော် ဤသည်က အဓိက မဟုတ်ပေ ကောင်းကင်ဘုံထဲတွင် ဝူကျန်းနယ်မြေမှ ထာဝရသခင်ကြီးများ သာမက အခြား နယ်မြေနှစ်ခုမှ ထာဝရသခင်ကြီးများလည်း ပါဝင်လေသည်။

အဓိကအချက်မှာ ချန်မု၏ ပုံစံကို ကြည့်ရသည်မှာ ကောင်းကင်ယံကို ဖောက်ထွင်းပြီး ဤနေရာမှနေ၍ ဟွမ်ကျိကောင်းကင်ယံသို့ တိုက်ရိုက် တက်သွားချင်နေပုံရပြီး ဤသည်မှာ အလွန် စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။

ဝူဟွေ့ ခူရုံ အစရှိသော ပြိုင်ဘက်ကင်း ထာဝရသခင်ကြီးများပင် ဟွမ်ကျိကောင်းကင်ယံသို့ တက်ရန် တန်းယွင်ကောင်းကင်ယံ၏ အလယ်ဗဟိုသို့ သွားပြီး ထိုကောင်းကင်လမ်းကြောင်းမှတစ်ဆင့်သာ တက်နိုင်ကြလေသည်။

ထို့အပြင် ထိုကောင်းကင်လမ်းကြောင်းမှာလည်း အလွန် အန္တရာယ်များသည်။

မြောင်ယွီ စောစောက သွားကြည့်ခဲ့ဖူးပြီး မိမိကိုယ်ပိုင် စွမ်းအားဖြင့် အကယ်၍ ထိုလမ်းကြောင်းပေါ် တက်သွားပါက လမ်းတစ်ဝက်မှာပင် သေဆုံးသွားနိုင်ကာ အနည်းဆုံး တာအိုကပ်ဘေး ခုနစ်ကြိမ် အထက် ဖြတ်ကျော်ထားသော ထာဝရသခင်ကြီးများသာ တက်နိုင်မည်ဖြစ်သည်။

'သူက ဘာလုပ်မလို့လဲ'

မြောင်ယွီ ထာဝရသခင်ကြီး စိတ်ထဲတွင် တွေးတောလိုက်ပြီးနောက် ခေါင်းခပ်ဖွဖွ ရမ်းလိုက်ကာ အခြား တန်းယွင်တစ်ခုဆီသို့ ပျံသန်းသွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်။

မြောင်ယွီ၏ အကြည့်များ ရုတ်တရက် ပြောင်းလဲသွားသည်။

ချန်မုသည် ကောင်းကင်ယံ အဆုံးရှိ အတားအဆီးကို ဆွဲဖြဲလိုက်သဖြင့် နောက်ဆုံးတွင် တားမြစ်ချက် တစ်ခုခုကို ချိုးဖောက်မိသွားသည့်အလား ကောင်းကင် တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုအမှတ်အသားများ ယှက်နွှယ်လာကာ ရေစည်ပိုင်းခန့် တုတ်သော လျှပ်စီးတန်းကြီး တစ်ခုအဖြစ် စုစည်းသွားပြီး ချန်မုဆီသို့ တိုက်ရိုက် ပစ်ချလာတော့သည်။

ဤလျှပ်စီးတန်းမှာ ရွှေဝါရောင် ဖြစ်နေလေသည်။

"မကောင်းဘူး"

မြောင်ယွီ ထာဝရသခင်ကြီး အံ့အားသင့်သွားသည်။

ဟွမ်ကျိ စစ်မှန်သော မိုးကြိုး

ဤသည်မှာ ဟွမ်ကျိကောင်းကင်ယံတွင်သာ ပေါ်ထွက်တတ်သော စစ်မှန်သော မိုးကြိုး ဖြစ်ပြီး ထိုကောင်းကင်လမ်းကြောင်း၏ အဆုံးတွင်လည်း ပေါ်ထွက်တတ်ကာ ထာဝရသခင်ကြီးများကိုပင် အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ မြောင်ယွီ ထိုအချိန်က အဝေးမှ လှမ်းကြည့်ရုံဖြင့်ပင် သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားခဲ့ရလေသည်။

ချန်မု ယခုလေးတင် နှိုးဆွလိုက်သော ဟွမ်ကျိ စစ်မှန်သော မိုးကြိုးမှာ ထိုကောင်းကင်လမ်းကြောင်း အဆုံးရှိ မိုးကြိုးထက်ပင် ပိုမို ကြောက်စရာကောင်းပြီး တာအိုကပ်ဘေး ခုနစ်ကြိမ် အထက် ဖြတ်ကျော်ထားသော ထာဝရသခင်ကြီး တစ်ပါးပင် ဤတိုက်ခိုက်မှု အောက်တွင် ပြာကျသွားနိုင်လေသည်။

"ရွှီး"

မြောင်ယွီ ထာဝရသခင်ကြီး မည်သည့် တွေဝေမှုမျှ မရှိဘဲ မိမိပါ ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် အောက်ဘက်သို့ ချက်ချင်း ထွက်ပြေးသွားပြီး တစ်ချိန်တည်းမှာပင် အနောက်ဘက်ရှိ ကောင်းကင်ယံ အစွန်းမှ ချန်မုကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။

'ကောင်းကင်ဘုံထဲမှာတောင် စည်းကမ်းမလိုက်နာဘဲ ရမ်းသန်းလုပ်ရဲတယ် ဘယ်နယ်မြေက ထာဝရသခင်ကြီးမှန်း မသိပေမယ့် ဒီတစ်ခါတော့ နှစ်ထောင်ချီ ကျင့်ကြံလာခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီ'

တွေးနေစဉ်မှာပင်။

ထိုရွှေဝါရောင် လျှပ်စီးတန်းကြီးသည် ချန်မု၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလာပြီဖြစ်သည်။

မြောင်ယွီ ထာဝရသခင်ကြီး စိတ်ထဲတွင် ခေါင်းရမ်းလိုက်စဉ် မြောင်ယွီ၏ အကြည့်များ ရုတ်တရက် ကြောင်အမ်းသွားပြီး အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ချန်မုသည် ဟွမ်ကျိ စစ်မှန်သော မိုးကြိုး၏ တိုက်ခိုက်မှုကြောင့် ပြာကျသွားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုသို့ ဖြစ်မလာသောကြောင့် ပင်ဖြစ်သည်။

ချန်မု၏ ပုံရိပ်သည် လျှပ်စီးတန်းများအကြား ရပ်နေပြီး ဆံပင်တစ်မျှင်ပင် မထိခိုက်ခဲ့သည်ကို တွေ့လိုက်ရသည်။ ရွှေရောင် လျှပ်စီးတန်းများက သူ၏ ဆံပင်များအကြား ယှက်နွှယ်နေပြီး လျှပ်စီးများအကြားမှ သန့်စင်သော ဝိညာဉ် တစ်ပါးအလား ဖြစ်နေလေသည်။

"ရှုပ်လိုက်တာ"

ချန်မု ခေါင်းခပ်ဖွဖွ ရမ်းလိုက်ပြီး ညာဘက်လက်ကို လွှတ်လိုက်သည်။

ထိုပါးလွှာသော အတားအဆီးကို အတင်းအဓမ္မ ဆက်မဆွဲတော့ဘဲ အပေါ်ဘက်သို့ လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။

"ဖျောင်း ဖျောင်း ဖျောက် ဖျောက်"

သူ၏ ကိုယ်ပေါ်တွင် မငြိမ်းသေးသော ရွှေရောင် လျှပ်စီးတန်းများမှာ ဆွဲငင်မှု တစ်ခုခုကို ခံလိုက်ရသည့်အလား သူ၏ လက်ဖဝါးထဲသို့ ရူးသွပ်စွာ စုစည်းလာပြီး ကောင်းကင်ယံပေါ်ရှိ လုံးဝ မပျောက်ကွယ်သေးသော လျှပ်စီးတန်း အချို့ကိုပါ ဆွဲယူလာကာ သူ၏ လက်ဖဝါးထဲသို့ ကျဆင်းလာပြီး တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် စုစည်းသွားတော့သည်။

ချန်မုသည် ထိုလျှပ်စီးတန်းများကို ညာဘက်လက်ဖြင့် လေဟာနယ်တွင် ဆုပ်ကိုင်ထားပြီး အရှေ့ဘက်ရှိ ကောင်းကင်ယံကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

ရွှေရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာပြီး မိုင်ရာချီ လေဟာနယ်ကို လင်းထိန်သွားစေသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ပြန်လည် မှေးမှိန်သွားပြီး ရွှေရောင် ကြိုးမျှင်လေး တစ်မျှင်အဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားပြီး ထိုကောင်းကင်ယံမှာလည်း အသံတိတ်တဆိတ် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာတော့သည်။

ထိုအက်ကွဲကြောင်းထဲမှ ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ရွှေဝါရောင် လောကကြီးတစ်ခုကို ဝေဝါးစွာ မြင်တွေ့ရကာ ၎င်းမှာ ကောင်းကင်ဘုံ၏ နောက်ဆုံးအလွှာ ဟွမ်ကျိကောင်းကင်ယံ ပင်ဖြစ်သည်။

"ရွှီး"

ချန်မု မည်သည့် တွေဝေမှုမျှ မရှိဘဲ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ထိုအက်ကွဲကြောင်းမှာ ခဏတာ ရပ်တန့်သွားပြီးနောက် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပြန်လည် ပေါင်းစပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံပေါ်ရှိ လျှပ်စီးတန်းများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

တန်းယွင်တစ်ခု၏ အပေါ်တွင် ရပ်နေသော မြောင်ယွီ ထာဝရသခင်ကြီးသာ ကျန်ရစ်ခဲ့ပြီး ခဏတာ အံ့အားသင့် မှင်သက်သွားတော့သည်။

"ဒါက"

မြောင်ယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ဤကောင်းကင်ဘုံ၏ အတားအဆီးမှာ ဝူကျန်းနယ်မြေကို လွှမ်းခြုံထားသော ထိုလေဟာနယ် အတားအဆီးထက်ပင် ပိုမို ကြောက်စရာကောင်းလောက်ပြီး ဝူဟွေ့ ထာဝရသခင်ကြီး အစရှိသော ပုဂ္ဂိုလ်များပင် အတင်းအဓမ္မ ဖောက်ထွင်းနိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် ယခုလေးတင် ထိုသူသည် ထိုကောင်းကင်လမ်းကြောင်းကို မသွားဘဲ ကောင်းကင်ယံကို အတင်းအဓမ္မ ဖောက်ထွင်းကာ တန်းယွင်ကောင်းကင်ယံမှနေ၍ ဟွမ်ကျိကောင်းကင်ယံသို့ ဝင်ရောက်သွားခဲ့ပြီး ထိုနည်းလမ်းမှာလည်း နတ်ဘုရားများ၏ နည်းလမ်းများအလား အံ့အားသင့်စရာ ကောင်းလှကာ ဟွမ်ကျိ စစ်မှန်သော မိုးကြိုးကိုပင် ဓားကြိုးမျှင်လေး တစ်မျှင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံကို ဖောက်ထွင်းသွားခဲ့ရာ ထျန်းကျန်းဂိုဏ်း၏ ထိုဓားသခင်ပင်လျှင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိမည်မဟုတ်ပေ။

'ခုနကလူက ဘယ်သူများပါလိမ့်'

All Chapters