အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅) ရတနာတိုက်အား သိမ်းကျုံးယူခြင်း
အဆုံးအစမဲ့ ပင်လယ်ပြင်။
အလင်းနှင့် အရိပ်များကြားတွင် ချန်မု က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်၏ လက်ကိုဆွဲကာ ရှေ့သို့ လျှောက်လှမ်းနေသည်။ သူ ခြေတစ်လှမ်း ချလိုက်တိုင်း မရေမတွက်နိုင်သော လှိုင်းလုံးကြီးများကို ကျော်ဖြတ်သွားတော့သည်။
မည်မျှကြာအောင် သွားနေသည်မသိဘဲ နောက်ဆုံးတွင် ရှေ့၌ ကုန်းမြေတစ်ခု ပေါ်လာခဲ့သည်။
"ရွှစ်"
နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်ရာ ချန်မု နှင့် မိန်းကလေးငယ်မှာ ပင်လယ်ပြင်မှ ပျောက်ကွယ်သွားပြီး ကမ်းခြေရှိ မြင့်မားသော ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ပြန်လည် ပေါ်လာတော့သည်။
ထိုမိန်းကလေးငယ်မှာ သူ၏ တပည့်အသစ် ကျိယွင်ယင်း ပင်ဖြစ်သည်။
"အောက်ပိုင်း နယ်မြေသုံးခုက အထက်ပိုင်း နယ်မြေလေးခုလောက် မစည်ကားပေမဲ့ ဒီနေရာက ထူးချွန်တဲ့ လူငယ်တွေလည်း အများကြီးရှိတယ် မင်း အနေနဲ့ သူတို့ကို အဖော်ပြုပြီး လေ့ကျင့်မယ်ဆိုရင် ထာဝရသခင်ကြီး အဆင့်က မင်းအတွက် အတားအဆီး မဟုတ်ပါဘူး"
ချန်မု က တည်ငြိမ်စွာပင် ပြောလိုက်သည်။
သူ ထာဝရနတ်မင်း မဖြစ်ခင်က သူ၏ အနီးနားရှိ လူများကို ထာဝရသခင်ကြီး အဆင့်သို့ ရောက်အောင် ပို့ဆောင်နိုင်ရန် အာမခံချက် မရှိခဲ့သော်လည်း ယခုအခါတွင်မူ သူသည် ထာဝရနတ်မင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အနီးနားရှိ လူများကို ထာဝရသခင်ကြီး အဆင့်၏ အသိအမြင်များကို ကြိုတင် ပေးအပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ထူးခြားသော ရုပ်ခန္ဓာ မရှိသည့် ချန်ယောင် တို့ကဲ့သို့သော သူများပင်လျှင် သူ၏ လမ်းညွှန်မှုဖြင့် ထာဝရသခင်ကြီး အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်းများစွာ ရှိနေသည် ဆိုပါက ကျိယွင်ယင်း ကဲ့သို့သော တာအိုရုပ်ခန္ဓာ ပိုင်ရှင်အတွက်မူ ပြောနေစရာပင် မလိုတော့ချေ။
တာအိုရုပ်ခန္ဓာ နှင့်အတူ ထာဝရနတ်မင်း တစ်ဦး၏ ကိုယ်တိုင် လမ်းညွှန်မှုကို ရရှိထားသူ တစ်ဦးအတွက် ထာဝရသခင်ကြီး အောက်တွင် ရပ်တန့်နေရန်မှာ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။
ကောင်းကင်လူသား အတားအဆီးကို ကျော်ဖြတ်ရန်မှာ အချိန်စောခြင်း နှင့် နောက်ကျခြင်းသာ ကွာခြားပေလိမ့်မည်။
"မင်းမှာ တာအိုရုပ်ခန္ဓာ ရှိနေသလို အခုဆိုရင် မွေးရာပါ ရုပ်ခန္ဓာလည်း ဖြစ်နေပြီ ကျင့်စဉ်တွေကို သုံးနှစ်လောက် ကျင့်ရုံနဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်လိမ့်မယ် ဆယ်နှစ်အတွင်းမှာ ယင်းယန်ပေါင်းစည်းခြင်း အဆင့်ကို ရောက်နိုင်သလို နောက်ထပ် အနှစ်သုံးဆယ်လောက် အတွေ့အကြုံ စုဆောင်းရင်တော့ ကောင်းကင်လူသား အတားအဆီးကို ကျော်ဖြတ်ဖို့ ကြိုးစားနိုင်ပြီ"
"သာမန်လူတွေအတွက် ကျင့်စဉ် အမွေအနှစ်တွေက ပိုအရေးကြီးပေမဲ့ မင်းအတွက်ကတော့ အသိအမြင်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုအရေးကြီးတယ်"
ချန်မု က ရိုးရှင်းစွာပင် ရှင်းပြနေသည်။
ကျိယွင်ယင်း က ဘေးနားမှ လိမ္မာစွာ နားထောင်နေပြီး တိုးတိုးလေး ပြန်လည် ဖြေကြားလိုက်သည် "ဟုတ်ကဲ့ပါ ဆရာသခင်ရဲ့ ဆုံးမမှုတွေကို တပည့် အမြဲ မှတ်သားထားပါ့မယ်"
"သွားကြစို့"
ချန်မု က အေးဆေးစွာပင် ပြောလိုက်သည် "အခုလောလောဆယ် ကျင့်စဉ်တွေ ကျင့်ဖို့ မလောပါနဲ့ဦး မင်းရဲ့ အတွေ့အကြုံတွေ ပိုတိုးလာအောင် အရင် လုပ်ရမယ်"
စကားပြောရင်း ချန်မု က ကျိယွင်ယင်းကို လက်ဆွဲကာ ရှေ့သို့ လှမ်းလိုက်ပြန်ရာ ကမ်းခြေမှ ပျောက်ကွယ်သွားပြီး ဝူနယ်မြေ ၏ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်သွားတော့သည်။ မကြာမီ မိုင်ပေါင်း သောင်းချီသော နယ်မြေကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
မိုင်ပေါင်း သန်းချီသော အဆုံးအစမဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် ကျိယွင်ယင်း မှာ ဤကဲ့သို့ လျင်မြန်သော အရှိန်နှင့် ကျင့်သားရနေပြီ ဖြစ်သည်။ သူမ၏ မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးစွာ ဖြတ်သန်းသွားပြီး မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ အရာအားလုံး တည်ငြိမ်သွားတော့သည် ။
သူမ မြင်ကွင်းများ ပြန်လည် ရှင်းလင်းလာချိန်တွင် ရှေ့၌ တောက်ပသော ကြက်သွေးရောင် တိမ်တိုက်များ ကောင်းကင်ယံတွင် လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်များ အောက်တွင် ရှည်လျားလှသော တောင်တန်းကြီးတစ်ခု ရှိနေပြီး တောင်တန်းများကြားတွင် မြူခိုးများ ရစ်ပတ်ကာ တောင်ထိပ်တစ်ခုစီ၌ ဝိညာဉ်အလင်းစက်များ မှိတ်တုတ်မှိတ်တုတ် ပေါ်နေသည်။
ထိုတောင်တန်းများအလယ်တွင် ဧရာမ တောင်ထိပ်ကြီးတစ်ခုမှာ လေထဲ၌ လွင့်မျောနေပြီး အခြားသော တောင်ထိပ်များထက် များစွာ မြင့်မားကာ ခံ့ညားထည်ဝါလှသည်။
'ဒါက ဆရာသခင် နေထိုင်တဲ့ နေရာလား'
ကျိယွင်ယင်း၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။ သူမသည် ရှားပါးလှသော တာအိုရုပ်ခန္ဓာ ပိုင်ရှင် ဖြစ်သော်လည်း မွေးကတည်းက ကျိကျားမြို့ မှ တစ်ခါမျှ အပြင်မထွက်ဖူးခဲ့ချေ။ သူမရှေ့ရှိ ဤကဲ့သို့သော ထာဝရဂိုဏ်း ၏ မြင်ကွင်းမှာ သူမအတွက် အလွန် အံ့မခန်း ဖြစ်နေပြီး နတ်ဘုရားများ စံမြန်းရာ အထွတ်အမြတ်နယ်မြေ တစ်ခုကဲ့သို့ပင် ခံစားနေရသည်။
သို့သော် ချန်မု က ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်ပြီး တောင်တန်းကြီးကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည် "မဟုတ်ဘူး ဒါက ငါ့နေရာ မဟုတ်ဘူး ဒါက ပိရှားဂိုဏ်း ပဲ မဆိုးတဲ့ ဂိုဏ်းတစ်ခုလို့ ပြောလို့ရတယ်"
စကားသံ အဆုံးတွင် ချန်မု က ရှေ့သို့ ခြေတစ်လှမ်း ခပ်ဖွဖွ လှမ်းလိုက်သည်။
"ဝုန်း"
ရိုးရှင်းလှသော ခြေတစ်လှမ်းသာ ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီး မှာ အရောင်ပြောင်းသွားတော့သည်။ မိုင်တစ်ထောင် ပတ်လည်ရှိ တောင်တန်းကြီးမှာ အကြီးအကျယ် တုန်ခါသွားပြီး ပိရှားဂိုဏ်း ၏ လေထဲတွင် လွင့်မျောနေသော ပင်မတောင်ထိပ်ကြီးမှာလည်း ဝိညာဉ်အလင်းတန်းများ တစ်ဖျတ်ဖျတ် လက်လာတော့သည်။
ဂိုဏ်းတစ်ခုလုံး၏ ကာကွယ်ရေး အစီရင်ကြီးမှာ ချက်ချင်းပင် နိုးထလာပြီး ကောင်းကင်ယံသို့ ဝိညာဉ်အလင်းတန်းများ ထိုးတက်သွားသည်။ မြေအောက် ဝိညာဉ်ကြောများနှင့် ချိတ်ဆက်ကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲစေနိုင်သော စွမ်းအားကြီးတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ချန်မုကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားတော့သည်။
သို့သော် ချန်မု က "ဟင်း" ဟု နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ဖြောက် ဖြောက်"
ဝိညာဉ်အလင်းတန်းများမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး လွှမ်းမိုးလာသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြိုလဲပျက်စီးသွားတော့သည်။ ပိရှားဂိုဏ်း တစ်ခုလုံးကို ဖုံးကွယ်ထားသော ကာကွယ်ရေး အစီရင်ကြီးမှာလည်း ပေါက်ကွဲသံများနှင့်အတူ ပျက်စီးသွားပြီး အပေါ်ယံမှ ဝိညာဉ်အလင်းတန်းများမှာလည်း ကွဲအက်ကုန်တော့သည်။
လေထဲတွင် လွင့်မျောနေသော ပင်မတောင်ထိပ်ကြီးမှာလည်း အကြီးအကျယ် တုန်ခါသွားပြီး ကောင်းကင်ယံမှ ပြုတ်ကျတော့မည့်အလား ဖြစ်နေသည်။
ခဏအတွင်းမှာပင် ပိရှားဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားတော့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သူတို့၏ ကျင့်စဉ်ခန်းများထဲမှ အလုအယက် ထွက်လာကြပြီး အားလုံး၏ မျက်နှာများမှာ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာဖြစ်သွားသည်ကို မည်သူမျှ မသိနိုင်ကြချေ။
သို့သော် ချက်ချင်းပင် လျှပ်တစ်ပြက်အလင်းတန်း တစ်ခုမှာ ပိရှားဂိုဏ်း ၏ ပင်မတောင်ထိပ်မှ ပျံသန်းလာပြီး ချန်မု၏ ရှေ့တွင် အလျင်အမြန် ဆင်းသက်ကာ မြေပြင်ပေါ်သို့ ပျပ်ဝပ်စင်း လိုက်တော့သည်။
"ပိရှားဂိုဏ်းချုပ် က အရှင်မြတ် ချန် ကို ဂါရဝပြုပါတယ်"
ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး တစ်ပါးဖြစ်သော်လည်း ယခုအခါ မြေပြင်ပေါ်တွင် ပျပ်ဝပ်စင်းနေကာ ပြင်းပြင်းထန်ထန်ပင် အသက်မရှူရဲတော့ချေ။ သူ၏ စိတ်ထဲတွင် ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ချန်မု က ပိရှားဂိုဏ်း သို့ ရုတ်တရက် ရောက်လာခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။ ပိရှားဂိုဏ်းချုပ် ဖြစ်သော ရှေ့မှ ပိရှား ထာဝရသခင်ကြီး မှာ ယခင်က ဝူရှန်းနယ်မြေ ရှိ မြို့တော်တွင် သူ့ကို ဝိုင်းဝံ တိုက်ခိုက်ခဲ့ကြသော ထာဝရသခင်ကြီး လေးဆယ်ကျော်အနက် တစ်ဦး ဖြစ်သည်။
ထိုစဉ်က ချန်မု က အများစုကို သတ်ဖြတ်ခဲ့သော်လည်း အနည်းငယ်ကိုမူ လွှတ်ပေးခဲ့သည်။ ပိရှား ထာဝရသခင်ကြီး မှာ လွတ်မြောက်သွားသူများထဲမှ တစ်ဦး ဖြစ်သည်။
ထိုနေ့က အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း သူသည် အမြဲတမ်း ထိတ်လန့်နေခဲ့ပြီး ဂိုဏ်းပြင်ပသို့ ခြေတစ်လှမ်းမျှ မထွက်ရဲခဲ့ချေ။ ချန်မု က ဝူနယ်မြေ မှ ထွက်လာပြီး ထိုနေ့က ရန်ငြိုးဟောင်းများကို လိုက်လံ ရှင်းလင်းမည်ကို သူ အလွန် စိုးရိမ်နေခဲ့သည်။
သူသည် တာအိုကပ်ဘေး လေးဆင့်ကို ကျော်ဖြတ်ထားသော ထာဝရသခင်ကြီး တစ်ဦး ဖြစ်သည်။ ဂိုဏ်းအတွင်း၌သာ နေထိုင်ပြီး ကာကွယ်ရေး အစီရင်ကြီး နှင့် မြေအောက် ဝိညာဉ်ကြောများကို အသုံးပြုပါက တာအိုကပ်ဘေး ခုနစ်ဆင့် ကျော်ဖြတ်ထားသော ထာဝရသခင်ကြီးများကို ကြောက်စရာ မလိုသလို တာအိုကပ်ဘေး ဆယ်ဆင့် ကျော်ဖြတ်ထားသော အထွတ်အထိပ် ထာဝရသခင်ကြီးများကိုပင် ခဏတာ ခုခံနိုင်စွမ်း ရှိသည်။
နောက်ပိုင်းတွင် ချန်မု က ဝူနယ်မြေ မှ ထွက်မလာဘဲ ထိုနေရာတွင်သာ ကျန်ရစ်ခဲ့ကြောင်း ကြားလိုက်ရသဖြင့် သူ စိတ်အနည်းငယ် လျှော့နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ် အတားအဆီးကြီးမှာ အနှစ်တစ်ထောင်မှ တစ်ခါသာ ပွင့်လေ့ရှိသဖြင့် ချန်မု နှင့် ပြန်လည် ဆုံတွေ့ရန်မှာ အနှစ်တစ်ထောင် ကြာဦးမည်ဟု သူ ထင်မှတ်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် မည်သူက ထင်ထားမည်နည်း။
ဆယ်စုနှစ် အနည်းငယ်သာ ကြာသေးသော်လည်း ကောင်းကင်ဘုံနန်းတော် ပေါ်ထွက်လာသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ထျန်းရွှမ်တိုက်ကြီး ၏ နယ်မြေခုနစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ကိစ္စကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချန်မု က ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ထျန်းရွှမ်တိုက်ကြီး ၏ ဆဋ္ဌမမြောက် အမြင့်ဆုံး ထာဝရနတ်မင်း ဖြစ်လာခဲ့သည်။
ထိုအချိန်က သူသည်လည်း ကောင်းကင်ဘုံနန်းတော် တွင် ရှိနေခဲ့ပြီး ဤသတင်းကို ကြားလိုက်ရချိန်တွင် သူ၏ ကြောက်လန့်မှုမှာ အထွတ်အမြတ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ကောင်းကင်ဘုံနန်းတော် မှ ချက်ချင်း ထွက်ပြေးကာ ပိရှားဂိုဏ်း ကို စွန့်လွှတ်ပြီး တစ်နေရာရာတွင် ပုန်းအောင်းနေရန်ပင် ကြံစည်ခဲ့သော်လည်း မကြာမီမှာပင် လက်လျှော့လိုက်သည်။
ထာဝရနတ်မင်း တစ်ဦး၏ ရှေ့တွင် ပုန်းအောင်းရန်မှာ မဖြစ်နိုင်သော ကိစ္စ ပင်ဖြစ်သည်။ အကယ်၍ ချန်မု က သူ့ကို ရှာချင်သည် ဆိုပါက သူသည် အခြား တိုက်ကြီး တစ်ခုသို့ ထွက်ပြေးလျှင်တောင်မှ ထာဝရနတ်မင်း တစ်ဦး၏ လက်မှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
ထို့အပြင် ထိုနေ့က သူသည် ကောင်းကင်ဘုံနန်းတော် တွင် ရှိနေခဲ့သည်ကို ချန်မု သေချာပေါက် သိထားပေလိမ့်မည်။ သို့သော် ချန်မု က သူ့ကို တိုက်ရိုက် မတိုက်ခိုက်ခဲ့သဖြင့် သူ၏ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သည်။ ချန်မု ကဲ့သို့သော အဆင့်အတန်းရှိသူ တစ်ဦးက သူကဲ့သို့သော သာမန် ထာဝရသခင်ကြီး တစ်ဦးကို ဂရုစိုက်တော့မည် မဟုတ်ဟု သူ ထင်မှတ်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်ဘုံနန်းတော် ပျောက်ကွယ်သွားပြီးနောက် သူသည် စိုးရိမ်တကြီးဖြင့် ပိရှားဂိုဏ်း သို့ ပြန်လာခဲ့သည်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ယနေ့ သူ တရားထိုင်နေစဉ်မှာပင် ကာကွယ်ရေး အစီရင်ကြီးမှာ ရုတ်တရက် နိုးထလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ တောင်ပြင်ပမှ ထွက်ပေါ်လာသော ထို အရှိန်အဝါကြီးက သူ့ကို အသက်ရှူပင် မဝံ့ရဲလောက်အောင် ကြောက်လန့်သွားစေခဲ့သည်။
ထာဝရနတ်မင်း။ ချန်မု ရောက်လာပြီ။
သူ၏ စိတ်ထဲတွင် အလွန်အမင်း ကြောက်လန့်နေသော်လည်း သူ ထွက်မပြေးရဲဘဲ တင်းခံကာ ဦးညွှတ် ဂါရဝပြုရန်သာ တတ်နိုင်တော့သည်။
"မင်းတို့ ဂိုဏ်းရဲ့ ရတနာတိုက်ဆီ ခေါ်သွားစမ်း"
ချန်မု က ပိရှား ထာဝရသခင်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ပိရှား ထာဝရသခင်ကြီး၏ စိုးရိမ်မှုမှာ အနည်းငယ် လျော့ကျသွားသည်။ ချန်မု က ရတနာတိုက်ကို အရင်ဆုံး ပြောလာခြင်းမှာ တစ်ခုခုကို ယူချင်သောကြောင့် ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ အသက်ကို ချန်ထားပေးနိုင်သည့် အခွင့်အရေး ရှိနေသည်။
ပိရှားဂိုဏ်း ၏ ရတနာတိုက်မှာ မျိုးဆက်ပေါင်းများစွာ နှစ်ပေါင်းသောင်းချီ၍ စုဆောင်းထားသော အရာများ ဖြစ်သော်လည်း ချန်မု က အကုန်လုံး သိမ်းကျုံးယူသွားလျှင်ပင် သူ အသက်ရှင်နိုင်မည် ဆိုပါက သူသည် ငြင်းဆန်ရန် စိတ်ကူးပင် မရှိတော့ချေ။
"ဟုတ်ကဲ့ပါ"
ပိရှား ထာဝရသခင်ကြီး က အလျင်အမြန် ပြန်လည် ဖြေကြားလိုက်ပြီး ရှေ့မှ ဦးဆောင် ခေါ်သွားတော့သည်။