← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) ဤဓား၏အမည်ကား ဝူရှန်း

ဖူထျန်းဂိုဏ်း၏ ပင်မတောင်ထိပ်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ပင်မခန်းမအတွင်းရှိ ပုံပျက်ယွင်းမှုများကို ချန်မု က ချောမွေ့အောင် ပြုလုပ်ပေးခဲ့သဖြင့် အေးခဲနေသော ရေခဲများလည်း အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ ခန်းမကြီး တစ်ခုလုံးမှာလည်း ယခင်ကဲ့သို့ နက်ရှိုင်းပြီး တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

ဂိုဏ်းစောင့်အစီရင်ကြီးမှာ ရပ်တန့်နေဆဲ ဖြစ်သော်လည်း အစီရင်ကို ပြန်လည် ပြုပြင်ရန် မည်သူကမျှ အနီးသို့ မသွားရဲကြချေ။ ချန်မု ကဲ့သို့သော ထာဝရနတ်မင်း တစ်ပါး ပင်မခန်းမအတွင်း၌ တံခါးပိတ် ကျင့်ကြံနေသည်ဟု ယူဆထားကြသဖြင့် မည်သူမျှ သွားရောက် မနှောင့်ယှက်ရဲကြခြင်း ဖြစ်သည်။

ထို့အပြင် ချန်မု ရှိနေသဖြင့် သာမန်လူများ အနေဖြင့် ဖူထျန်းဂိုဏ်း တွင် လာရောက် ရမ်းကားရဲမည် မဟုတ်ရာ ဂိုဏ်းစောင့်အစီရင်ကြီးမှာ ယာယီ အသုံးမလိုသေးချေ။

သို့သော်... သာမန်လူများ ရှိသကဲ့သို့ ပုံမှန်မဟုတ်သော ပုဂ္ဂိုလ်များလည်း ရှိနေတတ်ပေသည်။

ဖူထျန်းဂိုဏ်းချုပ် ဖေးရွှယ် ထာဝရသခင်မ သည် ပင်မတောင်ထိပ် အလယ်ပိုင်းရှိ ကျင့်စဉ်ဂူတစ်ခုတွင် ကျင့်ကြံနေသော်လည်း တာအိုအာရုံဝင်စားခြင်း အဆင့်သို့ နက်ရှိုင်းစွာ မရောက်ရှိသေးချေ။ ချန်မု မည်သည့်အချိန်တွင် ထွက်လာမည်ကို မသိရသဖြင့် သူမ အနေဖြင့် အမိန့်ကို နာခံရန် အဆင်သင့် ဖြစ်နေစေရန် ဖြစ်သည်။

သာမန် ကျင့်ကြံခြင်းသာ ဖြစ်သဖြင့် ဂိုဏ်းအတွင်း အနည်းငယ်မျှ လှုပ်ရှားမှု ရှိသည်နှင့် သူမ ချက်ချင်း သတိပြုမိနိုင်ပေသည်။

ထိုအချိန်မှာပင်...

ဖေးရွှယ် ထာဝရသခင်မ သည် တစ်ခုခုကို သတိပြုမိလိုက်ပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ချက်ချင်းပင် မတ်တတ်ရပ်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျင့်စဉ်ဂူ အပြင်ဘက်သို့ ရောက်ရှိသွားကာ အနောက်ဘက် ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။

အနောက်ဘက် တိမ်တိုက်များထက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ် အရွယ်ခန့်သာ ရှိသော လူငယ်လေး တစ်ဦးဖြစ်ပြီး မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်ခုံးနှစ်ခုကြားတွင် တာအို အမှတ်အသားများ စုစည်းထားသည့်အလား မှေးမှိန်သော အမှတ်အသားတစ်ခု ရှိနေသည်။

တစ်ကိုယ်လုံးမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိချေ။

သို့သော် ဖေးရွှယ် ထာဝရသခင်မ သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် နေရာမှာပင် ရုတ်တရက် တောင့်တင်းသွားပြီး နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရကာ ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ကျယ်ပြောလှသော ကောင်းကင်နှင့်မြေကြီး ကြားတွင် ထို ဆယ်ကျော်သက် လူငယ်လေး၏ ပုံရိပ်သာ ကျန်ရှိတော့သကဲ့သို့ ဖြစ်နေသည်။

'တာအိုကပ်ဘေး ဆယ်ဆင့် ကျော်ဖြတ်ထားသော ထာဝရသခင်ကြီးလား...'

'မဟုတ်ဘူး... ဒီခံစားချက်က ထာဝရသခင်ကြီး မဟုတ်ဘူး... ထာဝရနတ်မင်းပဲ...'

'မျက်စိရှေ့က လူငယ်လေးက အဆုံးအစမဲ့ သက်ရှိတွေရဲ့ အထက်မှာ ရပ်တည်နေတဲ့ အနှိုင်းမဲ့ ထာဝရနတ်မင်း တစ်ပါးပဲ...'

ဖေးရွှယ် ထာဝရသခင်မ ၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ ဓမ္မခန္ဓာ၏ ဝိညာဉ်စွမ်းအားနှင့် ရွှေရောင်အမြုတေ၏ တာအို အမှတ်အသား များသာမက စိတ်ခံစားချက်များပင် လုံးဝ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေပြီး အတွေးတစ်ခု တွေးရန်ပင် အလွန် ခက်ခဲနေတော့သည်။

ကမ္ဘာကြီး တစ်ခုလုံးကို နေရာယူထားသော ထိုလူငယ်လေး၏ ပုံရိပ်ကို ကြည့်ရင်း တစ်ခါမျှ မမြင်ဖူးသော်လည်း ဖေးရွှယ် ထာဝရသခင်မ ၏ စိတ်ထဲတွင် ကောလာဟလ အချို့ ပေါ်ထွက်လာပြီး အချက်တစ်ခုပေါ်တွင် ရပ်တန့်သွားတော့သည်။

ထျန်းရွှမ်တိုက်ကြီး နယ်မြေခုနစ်ခုတွင် လူငယ်ပုံစံဖြင့် သွားလာလေ့ရှိသော ထာဝရနတ်မင်း က တစ်ပါးတည်းသာ ရှိသည်။

ကောင်းကင်နယ်မြေ... မင်ဟိုင် ထာဝရနတ်မင်း...

ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ထိုကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားပြီး အရာအားလုံးကို ရပ်တန့်သွားစေသည်။

ဖေးရွှယ် ထာဝရသခင်မ ပင်လျှင် တောင့်တင်းသွားရရာ ဖူထျန်းဂိုဏ်းမှ အခြား ကျင့်ကြံသူများဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ကျင့်ကြံမှု နိမ့်ပါးသူများ ဆိုလျှင် ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ မြေပြင်ပေါ်တွင် ပျပ်ဝပ် သွားကြတော့သည်။

ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုကို ခပ်ရေးရေး ခံစားသိရှိနိုင်သော ယင်းယန်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများသာလျှင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ခံစားလိုက်ရသကဲ့သို့ စိတ်ထဲတွင် အလိုအလျောက် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

ကျင့်စဉ်ဂူ အနက်ရှိုင်းဆုံး နေရာတစ်ခုတွင်...

လင်းယွဲ့ သည်လည်း တောင့်တင်းစွာ ထိုင်နေရပြီး ပြင်ပက မြင်ကွင်းကို မမြင်ရသော်လည်း ပြင်ပက ပြောင်းလဲမှုများကို ခပ်ရေးရေး ခံစားသိရှိနေသည်။

'ဒါက... ထာဝရနတ်မင်း...'

ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး တစ်ပါး မည်မျှပင် အစွမ်းထက်ပါစေ ဤအဆင့်အထိ ရောက်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ ထာဝရသခင်ကြီး များကို ကျော်လွန်နေသော ထာဝရနတ်မင်း တစ်ပါး ဖြစ်ပြီး ချန်မု နှင့် လုံးဝ ခြားနားကာ ပို၍ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

တစ်ဖက်လူ၏ ပုံပန်းသဏ္ဍာန်ကို မမြင်ရသလို တိကျသော အခြေအနေကို မသိရသော်လည်း လင်းယွဲ့ ၏ စိတ်ထဲတွင် တစ်ဖက်လူ မည်သည့်ပုဂ္ဂိုလ် ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။

'မင်ဟိုင် ထာဝရနတ်မင်း...'

ကောင်းကင်ဘုံနန်းတော် ပေါ်ထွက်လာစဉ်က ကိစ္စကြီး တစ်ခု ဖြစ်ပွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီကတည်းက ပျောက်ဆုံးနေသော နီယွင် ထာဝရနတ်မင်း ပြန်လည် ပေါ်ထွက်လာပြီးနောက် ချန်မု က ခေါ်ဆောင်သွားခဲ့ခြင်း ပင်ဖြစ်သည်။

မင်ဟိုင် ထာဝရနတ်မင်း သည် နီယွင် ထာဝရနတ်မင်း ၏ သတင်းကို အမြဲတမ်း ရှာဖွေနေခဲ့ကြောင်း လူအများ သိထားကြရာ မင်ဟိုင် ထာဝရနတ်မင်း ကိုယ်တိုင် ဝူနယ်မြေ သို့ လာရောက်ကာ ချန်မု ကို တွေ့ဆုံမည်လားဟု လူအများက တွေးတောခဲ့ကြသည်။

ပထမ ရက်အနည်းငယ် အတွင်းက မင်ဟိုင် ထာဝရနတ်မင်း ရောက်မလာခဲ့သဖြင့် မလာတော့ဘူးဟု သော်လည်းကောင်း၊ ချန်မု နှင့် နီယွင် တို့နှစ်ပါး ပူးပေါင်းမှုကို မရင်ဆိုင်လိုသဖြင့် သော်လည်းကောင်း လူအများက ထင်ကြေးပေးခဲ့ကြသည်။

သို့သော် လအနည်းငယ် အကြာတွင် တစ်ဖက်လူ ရောက်လာခဲ့လေပြီ။

ထာဝရနတ်မင်း တစ်ပါး အနေဖြင့်... ဖူထျန်းဂိုဏ်း သို့ ရောက်ရှိလာခြင်း ပင်ဖြစ်သည်။

လင်းယွဲ့ သည် စိတ်ထဲတွင် ခပ်ဖွဖွ ခေါင်းရမ်းလိုက်သည်။ ထာဝရနတ်မင်း များ၏ ကိစ္စကို သူမ စိုးရိမ်နေ၍လည်း အပိုပင် ဖြစ်သည်။ မင်ဟိုင် ထာဝရနတ်မင်း ဤနေရာသို့ လာရောက်ခြင်းမှာ မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ လူတိုင်းက ရလဒ်ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေရုံသာ ရှိတော့သည်။

...

တိတ်ဆိတ်ငြိမ်သက်မှု အောက်တွင်။

ဖူထျန်းဂိုဏ်း အပြင်ဘက်၌ ရပ်နေသော မင်ဟိုင် ထာဝရနတ်မင်း က နောက်ဆုံးတွင် ညင်သာစွာ စကားစပြောလာသည်။ သူ၏ အကြည့်များက ဖူထျန်းဂိုဏ်း၏ ပင်မတောင်ထိပ်ကို ဖြတ်သန်းကာ လက်ရှိလောက နှင့် ဝိညာဉ်လောက ကိုပါ ထိုးဖောက်ပြီး ဝိညာဉ်လောက အတွင်းရှိ ချန်မု ကို မြင်တွေ့နေသည်။

"ကျုပ် မင်ဟိုင် က... ထာဝရနတ်မင်းကို ဂုဏ်ပြုပါတယ်..."

"ရှေးခေတ်ကာလတွေ အလွန်မှာ ဝိညာဉ်ကျင့်ကြံသူ လမ်းစဉ်ကို ပြန်လျှောက်ပြီး ထာဝရနတ်မင်း အဆင့်ကို တက်လှမ်းနိုင်တာ ကျုပ် လောကမှာ လှည့်လည်လာခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ အရှင်မြတ် တစ်ပါးတည်းပဲ ရှိတယ်... အရှင်မြတ်ရဲ့ အရည်အချင်းနဲ့ စွမ်းပကားတွေကို ကျုပ် လေးစားပါတယ်..."

မင်ဟိုင် ထာဝရနတ်မင်း ၏ အသံမှာ ရုပ်ရည်နှင့် မလိုက်ဖက်စွာ သိပ်သည်းလေးလံပြီး အလွန် ထိုးဖောက်နိုင်စွမ်း ရှိသည်။ တံခါးပိတ် ကျင့်ကြံနေသော ကျင့်ကြံသူများသာမက မိုင်ရာချီ ဝေးကွာသော တောင်တန်းများပေါ်မှ လူများပင်လျှင် ဤအသံကို ကြားနိုင်ပေသည်။

ထိုနည်းတူစွာပင် ဤအသံက လက်ရှိလောက နှင့် ဝိညာဉ်လောက ကိုပါ ထိုးဖောက်ပြီး ဝိညာဉ်လောက အတွင်းသို့ ရောက်ရှိသွားတော့သည်။

လူအများအပြားက မင်ဟိုင် ထာဝရနတ်မင်း ၏ မည်သည့်ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ခန့်မှန်းမိနေကြသော်လည်း ယခု မင်ဟိုင် ထာဝရနတ်မင်း ၏ စကားကို ကြားလိုက်ရချိန်တွင် ကျင့်ကြံသူ များစွာမှာ စိတ်လှုပ်ရှားသွားကြပြီး ထိုလူငယ်လေး၏ ပုံရိပ်ကို အလွန် ရိုသေလေးစားစွာ ကြည့်လိုက်မိကြသည်။

မင်ဟိုင် ထာဝရနတ်မင်း... လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းရှစ်သောင်းကတည်းက တာအို ရရှိခဲ့ပြီး လောက၏ နွေဦးနှင့် ဆောင်းဦး ပေါင်း တစ်သိန်းရှစ်သောင်းကို ဖြတ်သန်းခဲ့သူ ဖြစ်ရာ မည်သည့် ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး နှင့်မျှ မနှိုင်းယှဉ်နိုင်ချေ။ ဖေးရွှယ် ကဲ့သို့သော ထာဝရသခင်ကြီး အတွက်ပင်လျှင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ကဲ့သို့ ဖြစ်နေသည်။

သူ၏ အမိန့်တစ်ခွန်းက ထျန်းရွှမ်တိုက်ကြီး နယ်မြေခုနစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။ သူ၏ အမိန့်ပေးသံ အောက်တွင် ဂိုဏ်းပေါင်းစုံက မနာခံဘဲ မနေရဲကြချေ။

မင်ဟိုင် ထာဝရနတ်မင်း ၏ စကားသံနှင့်အတူ မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်စင်း နေကြပြီး တောင့်တင်းနေသော ကျင့်ကြံသူ အချို့မှာလည်း မျက်လုံးထောင့်မှနေ၍ ဖူထျန်းဂိုဏ်း ၏ ပင်မတောင်ထိပ်ကို ခက်ခက်ခဲခဲ လှမ်းကြည့်လိုက်မိကြသည်။

သူတို့အတွက် တစ်သက်မှာ တစ်ခါသာ မြင်တွေ့ရခဲသော အနှိုင်းမဲ့ ထာဝရနတ်မင်း မှာ ဤနေရာတွင် နောက်ထပ် တစ်ပါး ရှိနေသေးသည်။

တိတ်ဆိတ်မှုများကြားတွင်...

ဖူထျန်းဂိုဏ်း ပင်မခန်းမကြီး၏ တံခါးမှာ တိတ်တဆိတ် ပွင့်သွားသည်။

အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ချန်မု က ခန်းမထဲမှ လျှောက်ထွက်လာပြီး တည်ငြိမ်သော အမူအရာဖြင့် ကောင်းကင်ယံရှိ မင်ဟိုင် ထာဝရနတ်မင်း ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ဂုဏ်ပြုတဲ့အတွက်... ကျေးဇူးတင်ပါတယ်..."

"ဒီလမ်းစဉ်ကို ရောက်လာတာကလည်း... ကံကောင်းလို့ပါ..."

ချန်မု ၏ အသံက မင်ဟိုင် ထာဝရနတ်မင်း ထက် ပို၍ တည်ငြိမ်နေပြီး လေပြေလေညင်းလေး တစ်ခု ဖူထျန်းဂိုဏ်း တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွားသကဲ့သို့ ခံစားရသည်။

ဖူထျန်းဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး လူတိုင်းကို တောင့်တင်းသွားစေသော မမြင်ရသည့် ဖိနှိပ်မှုများမှာ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး အချို့သော ကျင့်ကြံသူများမှာ ယိုင်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ပြင်းပြင်း ရှူနေကြတော့သည်။

ဖေးရွှယ် ထာဝရသခင်မ သည်လည်း သက်ပြင်းတစ်ချက် ရှူလိုက်ပြီး ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားကာ မိမိကိုယ်ကိုယ် အလွန် သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူမ ထာဝရသခင်ကြီး ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ဤကဲ့သို့ ခံစားရခြင်း ဖြစ်သည်။

ယခင်က တာအိုကပ်ဘေး ဆယ်ဆင့် ကျော်ဖြတ်ထားသော အနှိုင်းမဲ့ ထာဝရသခင်ကြီး များနှင့် တွေ့ဆုံစဉ်က အစွမ်းချင်း ကွာခြားမှုကို ခံစားခဲ့ရသော်လည်း ယခုကဲ့သို့ အဆုံးအစမဲ့ ကျယ်ပြောလှသော သမုဒ္ဒရာကြီး ရှေ့တွင် ဖုန်မှုန့်လေး တစ်မှုန့်ကဲ့သို့ ခံစားရခြင်းမျိုး မရှိခဲ့ချေ။

"ကံကောင်းရုံနဲ့ ထာဝရနတ်မင်း အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင်... ဒီလောကမှာ ထာဝရနတ်မင်း တွေ အများကြီး ရှိနေလောက်ပြီပေါ့..." မင်ဟိုင် ထာဝရနတ်မင်း က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ချန်မု က ဆက်မပြောတော့ဘဲ မင်ဟိုင် ထာဝရနတ်မင်း ၏ နောက်ဘက်သို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီတစ်ပါးက... ကူယွဲ့ ထာဝရနတ်မင်း ဖြစ်ရမယ်..."

စကားသံ အဆုံးတွင်...

တိမ်တိုက်များထက်တွင် ကြည်လင်သော ချီစွမ်းအင်များ စုစည်းသွားပြီး လူအသွင်သဏ္ဍာန် တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ နတ်ဘုရားတစ်ပါးအလား ခံ့ညားပြီး ဆံပင်ဖြူဖြူနှင့် ကလေးသူငယ်ကဲ့သို့ နုပျိုသောမျက်နှာရှိကာ မျက်လုံးများ တောက်ပပြီး အရှိန်အဝါများ လွင့်မျောနေသော အသက်ကြီးကြီး အဘိုးအို တစ်ဦး ဖြစ်လာသည်။

"ဝိညာဉ်ကျင့်ကြံသူ လမ်းစဉ်နဲ့ ထာဝရနတ်မင်း အဆင့်ကို တက်လှမ်းလာသူ ပီပီ... ကျုပ်ရဲ့ ဒီ ကိုယ်ရောင်ဖျောက် တာအိုပညာ က ကောင်းကင်နဲ့မြေကြီး ကြားမှာ ပုံသဏ္ဍာန် မရှိဘဲ ပုန်းကွယ်နိုင်ပေမဲ့ ထာဝရနတ်မင်းက တစ်ချက်တည်းနဲ့ သိမြင်သွားတာပဲ..."

အဘိုးအိုသည် တိမ်တိုက်များပေါ်တွင် ရပ်နေရင်း အဝေးမှ တိမ်မြူခိုးများကို လက်ဝှေ့ယမ်း စုစည်းလိုက်ရာ ထိုတိမ်မြူခိုးများမှာ သွေးသားအစစ်အမှန်ရှိသော ဝိညာဉ်ကြိုးကြာငှက် တစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး သူ့ထံသို့ ပျံသန်းလာကာ သူ့ကို သယ်ဆောင်သွားရင်း ချန်မု ကို ပြုံးကာ ကြည့်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်ကာ ဖေးရွှယ် ထာဝရသခင်မ မှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်မိသည်။

သူမ၏ အမြင်တွင် ထို တိမ်မြူခိုးများမှ ပြောင်းလဲသွားသော ဝိညာဉ်ကြိုးကြာငှက်မှာ ပုံရိပ်ယောင် မဟုတ်သလို တာအိုပညာ ဖြင့် ဖန်တီးထားခြင်းလည်း မဟုတ်ဘဲ တကယ့် သွေးသားအစစ် ရှိသော သက်ရှိ ဝိညာဉ်ကြိုးကြာငှက် တစ်ကောင် ဖြစ်နေသည်။

သာမန်အရာများကို အံ့မခန်း ဖြစ်အောင် ပြောင်းလဲခြင်း... လောကရှိ အရာအားလုံးကို စိတ်ကြိုက် ပြောင်းလဲနိုင်ပြီး အသက်သက်ရှိများကိုပင် ဖန်တီးနိုင်ခြင်း... ဤသည်မှာ ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး များ လုံးဝ မရောက်ရှိနိုင်သော အမြင့်ဆုံး အဆင့်ဖြစ်ပြီး ထာဝရနတ်မင်း များသာ လုပ်ဆောင်နိုင်ပေသည်။

ကူယွဲ့ ထာဝရနတ်မင်း...

မင်ဟိုင် ထာဝရနတ်မင်း နှင့် အဆင့်အတန်း တူညီပြီး သက်ရှိများ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အနှိုင်းမဲ့ ပုဂ္ဂိုလ် တစ်ပါး ဖြစ်ကာ မင်ဟိုင် ထာဝရနတ်မင်း ထက်ပင် နှစ်သောင်းချီ၍ ပိုမို ရှေးကျသူ ဖြစ်သည်။

ဤကဲ့သို့ သက်ရှိများကို ဖန်တီးနိုင်သော စွမ်းရည်မှာ တကယ်ကို အံ့မခန်း ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ဖန်ဆင်းခြင်း လျှို့ဝှက်ချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသော အလွန် ရှေးကျသည့် ပုဂ္ဂိုလ်များသာလျှင် ပြုလုပ်နိုင်ပေသည်။

မင်ဟိုင် ထာဝရနတ်မင်း ပင်လျှင် ဘေးမှနေ၍ တစ်ချက် ကြည့်လိုက်မိသည်။

သူသည်လည်း သက်ရှိများကို အလွယ်တကူ ဖန်တီးနိုင်သော်လည်း ကူယွဲ့ ထာဝရနတ်မင်း ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် လွယ်လွယ်ကူကူ မလုပ်နိုင်ချေ။ သို့သော် သက်ရှိများကို ဖန်တီးခြင်းမှာ အသေးအဖွဲ တာအိုပညာ တစ်ခုသာ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးရှိ သက်ရှိများအပေါ် နားလည်မှုကို ပြသရုံမျှသာ ဖြစ်ကာ လူအထင်ကြီးအောင် လုပ်ရန် ကောင်းသော်လည်း လက်တွေ့ တိုက်ခိုက်ရာတွင်မူ မည်သည့် အသုံးဝင်မှုမျှ မရှိချေ။

ဖန်တီးလိုက်သော ဤသက်ရှိများမှာ ဝိညာဉ်စွမ်းရည် ပုံသေ ဖြစ်နေပြီး မည်သည့် အလားအလာမျှ မရှိချေ။ အချိန်ယူကာ သေချာစွာ ပုံသွင်းလျှင်တောင်မှ ရွှေရောင်အမြုတေ အတု တစ်ခုကို အသက်သွေးကြော အဖြစ် ဖန်တီးပေးကာ ထာဝရသခင်ကြီး တစ်ပါး၏ စွမ်းအား တစ်ဝက်ခန့်ကိုသာ ပေးစွမ်းနိုင်ပေသည်။ ဤအဆင့်မှာ ထာဝရနတ်မင်း များအတွက် စီးတော်ယာဉ် အဖြစ်သာ အသုံးပြုနိုင်ပြီး တိုက်ခိုက်ရေးတွင် အသုံးမဝင်ချေ။

"အရှင်မြတ် နှစ်ပါး ဒီကို ရောက်လာတာ... ကြည့်ရတာ နီယွင် ထာဝရနတ်မင်း ရဲ့ သတင်းကို လာရှာတာ ဖြစ်ရမယ်..." ချန်မု က အေးဆေးစွာ ပြောလိုက်သည်။

ကူယွဲ့ ထာဝရနတ်မင်း ၏ အပြုအမူများက တည်ငြိမ်နေသကဲ့သို့ ထင်ရသော်လည်း ကနဦးတွင် ကိုယ်ရောင်ဖျောက် တာအိုပညာ ဖြင့် ပုန်းအောင်းနေပြီး သူက ဖော်ထုတ်လိုက်ချိန်တွင် သက်ရှိ ဖန်တီးသည့် တာအိုပညာ ကို ထုတ်သုံးပြခြင်းမှာ သူ့ကို ဖိအားပေးလိုခြင်း ပင်ဖြစ်သည်။

ချန်မု တိုက်ရိုက်ပြောလာတော့ မင်ဟိုင် ထာဝရနတ်မင်း လည်း ဖုံးကွယ်မနေတော့ဘဲ တိမ်တိုက်များထက်တွင် လက်နောက်ပစ်လျက် ရပ်ကာ ပြန်ပြောလိုက်သည်။

"နီယွင် နဲ့ ကျုပ်တို့ရဲ့ ရန်ငြိုးက လွန်ခဲ့တဲ့ နှစ်သောင်းချီ ကတည်းက ကိစ္စမို့လို့... ထာဝရနတ်မင်း နဲ့ ဘာမှ မသက်ဆိုင်ပါဘူး... အရှင်မြတ် အနေနဲ့ ဒီကိစ္စကို ဝင်ပါစရာ မလိုဘူး... နီယွင် ရဲ့ သတင်းကိုသာ ကျုပ်တို့ကို ပြောပြလိုက်ပါ... အဲဒါဆို ကျုပ်တို့ ချက်ချင်း ပြန်သွားပြီး အရှင်မြတ်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး..."

ချန်မု က စကားမပြောဘဲ ကောင်းကင်ယံကို ကြည့်ကာ နေရာမှာပင် ရပ်နေပြီး သူ၏ မျက်ဝန်းများမှာ နက်ရှိုင်း မှောင်မည်းနေသည်။

မင်ဟိုင် ထာဝရနတ်မင်း ၏ အကြည့်များ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အေးစက်သော အမူအရာ ပြန်ဖြစ်သွားကာ "ကြည့်ရတာ ခင်ဗျား သိနေပြီပဲ... ဒါဆိုရင်လည်း သူမကို ထုတ်ပေးလိုက်ပါ... ခင်ဗျားက ရှေးဟောင်း ဝိညာဉ်ကျင့်ကြံသူ ဖြစ်ပြီး နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုပေမဲ့... ခင်ဗျား တစ်ယောက်တည်းနဲ့ ဒီ ကံတရား အခွင့်အရေး ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး... ဒီအတွက်နဲ့ အသက်မသေပါစေနဲ့..."

ပထမ စကားများက တည်ငြိမ်နေသော်လည်း နောက်ပိုင်း စကားများမှာ အလွန် အေးစက်နေပြီး ခြိမ်းခြောက်မှုများ ပါဝင်နေသည်။ ချန်မု သည် ရှေးခေတ်ကာလများ အလွန်တွင် ဝိညာဉ်ကျင့်ကြံသူ လမ်းစဉ်ကို ပြန်လည် လျှောက်လှမ်းလာသူ ဖြစ်သဖြင့် နည်းလမ်းအချို့ ရှိမည်မှာ သေချာသော်လည်း ယင်းယန်လိုဏ်ဂူ နှင့် သက်ဆိုင်သော ဤ ကြီးမားသည့် ကံတရား အခွင့်အရေး ကို သူတို့က အလွတ်ပေးမည် မဟုတ်ချေ။ ထို့အပြင် သူ၏ ဘေးတွင် ကူယွဲ့ ထာဝရနတ်မင်း ပါ ရှိနေသေးသည်။

သူတို့ နှစ်ဦး ပူးပေါင်းလိုက်ပါက နယ်မြေခုနစ်ခု တစ်ခုလုံးတွင် နက်နဲလှသော တွမ်ယွမ် ထာဝရနတ်မင်း မှလွဲ၍ အခြား မည်သည့် ထာဝရနတ်မင်း ကိုမဆို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

"မင်ဟိုင် ပြောတာ မှန်တယ်... အရှင်မြတ် အနေနဲ့ လမ်းမှားကို မရွေးချယ်ပါနဲ့... အရှင်မြတ်က ဒီအဆင့်ကို ရောက်ခါစပဲ ရှိသေးပြီး ကောင်းကင်လူသား ဆုတ်ယုတ်ခြင်း ကပ်ဘေး နဲ့ အလှမ်းဝေးပါသေးတယ်... ဖြစ်နိုင်ချေ မရှိတဲ့ ကံတရား အခွင့်အရေး တစ်ခုအတွက်နဲ့ စွန့်စားစရာ မလိုပါဘူး..." ကူယွဲ့ ထာဝရနတ်မင်း ကလည်း ပြုံးကာ ဝင်ပြောလိုက်သည်။

မင်ဟိုင် ထာဝရနတ်မင်း နှင့် နှိုင်းယှဉ်ပါက သူသည် မည်သည့် အရှိန်အဝါမှ မထုတ်ဖော်သော်လည်း ဤစကားများက ကောင်းကင်နှင့်မြေကြီး ကြားရှိ လေထုကို ပိုမို သိပ်သည်းလေးလံ သွားစေသည်။

ကူယွဲ့ နှင့် မင်ဟိုင် နှစ်ပါးက ချန်မု နှင့် မျက်နှာချင်းဆိုင် ရပ်နေခြင်းက လေထုကိုပင် တင်းကျပ် သွားစေပြီး အောက်ဘက်ရှိ ဖူထျန်းဂိုဏ်း မှ ကျင့်ကြံသူ အများအပြားမှာ အသက်ရှူရ ကျပ်လာကြသည်။

ဖေးရွှယ် ထာဝရသခင်မ ပင်လျှင် အလွန် စိုးရိမ်နေတော့သည်။

ထာဝရနတ်မင်း သုံးပါး ရင်ဆိုင်နေကြခြင်း ပင်။

အကယ်၍ တကယ်ပဲ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက မည်သူ နိုင်သည်ဖြစ်စေ ဖူထျန်းဂိုဏ်း မှာ ကြားညပ်သွားနိုင်ပြီး ဖူထျန်းဂိုဏ်း နှင့် ရင်းနှီးသော ထာဝရနတ်မင်း မှာ ချန်မု ဖြစ်နေကာ တစ်ဖက်တွင်မူ ရှေးဟောင်း ထာဝရနတ်မင်း နှစ်ပါး ဖြစ်နေသဖြင့် ပို၍ပင် စိုးရိမ်စရာ ကောင်းနေတော့သည်။

ထိုသို့ လေထု တင်းမာနေချိန်မှာပင်...

ချန်မု က စကားစပြောလာသည်။

သူက မင်ဟိုင် နှင့် ကူယွဲ့ ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် "ပြောတာ မှန်ပါတယ်... အဲဒီ ကံတရား အခွင့်အရေး က ကျုပ်အတွက် သိပ်အရေးမကြီးပါဘူး... ဒါပေမဲ့ စကား နည်းနည်းပါးပါး ပြောရုံနဲ့ ကျုပ်ကို နောက်ဆုတ်ခိုင်းမယ် ဆိုရင်တော့... ကျုပ်ကို အထင်သေးလွန်းရာ ကျလိမ့်မယ်..."

"ကျုပ်မှာ ဓားတစ်လက် ရှိတယ်... အရှင်မြတ် နှစ်ပါးသာ ဒီဓားကို ခံနိုင်မယ်ဆိုရင်... ကျုပ် ဒီကိစ္စကို ထပ်ပြီး ဝင်မပါတော့ဘူး..."

စကားသံ အဆုံးတွင် ချန်မု က လက်ကို ခပ်ဖွဖွ မြှောက်လိုက်ရာ အဝါရင့်ရောင် ရှေးဟောင်း ဓားတစ်လက်က လေဟာနယ်ထဲတွင် တိတ်တဆိတ် ပေါ်ထွက်လာပြီး အထက်အောက် လွင့်မျောနေတော့သည်။

မင်ဟိုင် ထာဝရနတ်မင်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်မှောင်များ ပြေလျော့သွားကာ အေးဆေးစွာဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ..."

ချန်မု ပြောသကဲ့သို့ပင် စကား အနည်းငယ် ပြောရုံဖြင့် နောက်ဆုတ်သွားပါက မျက်နှာပျက်စရာ ပင်ဖြစ်သည်။ မည်သူမဆို ထာဝရနတ်မင်း အဆင့်သို့ ရောက်ရှိလာပါက မာန ရှိမည်ဖြစ်ပြီး အလွယ်တကူ အရှုံးပေးမည် မဟုတ်သည်မှာ သဘာဝပင်။

ချန်မု ကိုယ်တိုင်က တစ်ကွက်တည်း ယှဉ်ပြိုင်မည့် အခြေအနေကို ဖန်တီးပေးလာသဖြင့် သူသည်လည်း လက်ခံလိုက်ရန် ဝန်မလေးချေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ချန်မု နှင့် သေချာပေါက် တိုက်ခိုက်လိုခြင်း မရှိချေ။ အကယ်၍ ချန်မု က သူ၏ အသက်တစ်ဝက်ကို ယူသွားနိုင်ပါက နီယွင် ကဲ့သို့သော အခြေအနေမျိုး ရောက်သွားနိုင်သဖြင့် လက်ခံနိုင်စရာ မရှိချေ။

တစ်ကွက်တည်းဖြင့် စမ်းသပ်ကြည့်ရန်မှာ အသင့်တော်ဆုံး ပင်ဖြစ်သည်။

"ကောင်းတယ်..."

ကူယွဲ့ ထာဝရနတ်မင်း ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

သူသည်လည်း အသစ်ပေါ်ထွက်လာသော ချန်မု ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေသည်။ မည်သို့ပင်ဖြစ်စေ ရှေးခေတ်ကာလ အလွန်တွင် ဝိညာဉ်ကျင့်ကြံသူ လမ်းစဉ်ဖြင့် ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းလာသူ တစ်ဦးတည်းသာ ဖြစ်ပြီး ယခင်က ထျန်းဟွား ထာဝရနတ်မင်း ကို တစ်ကွက် အနိုင်ယူထားသဖြင့် မည်မျှ အစွမ်းထက်သည်ကို မသိရသေးချေ။

ချန်မု က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှေ့တွင် လွင့်မျောနေသော ရွှမ်ဟွမ်ဓားကို ကြည့်ကာ ညာဘက်လက်ကို မြှောက်ပြီး ကမ္ဘာကြီး တစ်ခုလုံးကို ကိုင်ဆောင်ထားသကဲ့သို့ လေဟာနယ်တွင် ဓားကို ကိုင်ထားလိုက်သည်။

"လောကက ကျုပ်ကို ဝူရှန်း ထာဝရနတ်မင်း လို့ ခေါ်ကြတယ်..."

"ဒီဓားရဲ့ အမည်ကလည်း... ဝူရှန်း ပဲ..."

စကားသံ အဆုံးတွင်...

လက်ထဲရှိ ဓားမှာ လေဟာနယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားတော့သည်။

တိမ်တိုက်များပေါ်တွင် ရပ်နေသော မင်ဟိုင် ထာဝရနတ်မင်း ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဘယ်အချိန်ကတည်းက မှန်းမသိ လက်ထဲတွင် ရောက်နေသော သေခြင်းတရား အငွေ့အသက်များ ပြည့်နှက်နေသည့် မီးခိုးရောင် လှံရှည်ကြီးဖြင့် ခုခံလိုက်သည်။ သေခြင်းတရား အငွေ့အသက်များမှာ အဆုံးအစမဲ့သော အရိုးခေါင်းများကြားတွင် စိမ်ထားသကဲ့သို့ ဖြစ်နေသည်။

အသက်သွေးကြော ဝိညာဉ်ရတနာ ကို ထုတ်ယူလိုက်သည်နှင့် ရှေ့ရှိ လေဟာနယ်မှာ အက်ကွဲပွင့်ထွက်သွားသည်။ ထို့နောက် အရောင်မွဲခြောက်ခြောက် ဓားသွား တစ်ခုက လေဟာနယ်ကို ဖောက်ထွက်လာကာ သူ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဦးတည်လာပြီး သူ၏ လက်ထဲရှိ မီးခိုးရောင် လှံရှည်ကြီးနှင့် ဝင်တိုက်သွားတော့သည်။

ဤတိုက်ခိုက်မှုတွင်...

မင်ဟိုင် ထာဝရနတ်မင်း ၏ မျက်နှာမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။

ယခင်က တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး အံ့အားသင့် ထိတ်လန့်မှုများ ပေါ်လာတော့သည်။

သူသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဘယ်ဘက်လက်ဖြင့် ရှေ့သို့ တစ်ချက် ညွှန်ပြလိုက်ရာ ပြင်းထန်သော သေခြင်းတရား အငွေ့အသက်များက လှံရှည်ကြီးထဲသို့ ဝင်ရောက်သွားပြီး မီးခိုးရောင် လှံရှည်ကြီးမှ မှောင်မိုက်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ယံကိုပင် ထိုးဖောက်တော့မည့်အလား ဖြစ်သွားသည်။

သို့သော် မီးခိုးရောင် လှံရှည်ကြီးမှ ထွက်ပေါ်လာသော ထိုပြင်းထန်သည့် သေခြင်းတရား အငွေ့အသက်များမှာ ကမ္ဘာကြီး တစ်ခုလုံးကို သယ်ဆောင်ထားသကဲ့သို့ သိပ်သည်းလေးလံသော ဖိအားအောက်တွင် တိုက်ရိုက် ကြေမွသွားသည်။ ထို့နောက် ပြင်းထန်စွာ တုန်ခါသွားကာ ၎င်းပေါ်ရှိ အလင်းတန်းများမှာလည်း တစ်လက်မချင်း ကွဲကြေသွားတော့သည်။

နောက်တစ်စက္ကန့်တွင်...

မင်ဟိုင် ထာဝရနတ်မင်း တစ်ကိုယ်လုံးမှာ လေဟာနယ်ထဲမှ ထွက်ပေါ်လာသော ရွှမ်ဟွမ်ဓား၏ ဖိအားကြောင့် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာသွားရသည်။ သူ၏ နောက်ကျောရှိ လေဟာနယ်မှာလည်း ပြိုကွဲသွားပြီး လက်ရှိလောက မှနေ၍ ဝိညာဉ်လောက ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။

ထို့အပြင် မရပ်တန့်သေးဘဲ နောက်သို့ ဆက်လက် လွင့်စင်သွားကာ ဝိညာဉ်လောက ရှိ တောင်တန်းများစွာကို ဖြိုခွဲဖြတ်သန်းသွားသည်။ ထို့နောက် "အုန်း" ဟူသော အသံနှင့်အတူ ဝိညာဉ်လောက ၏ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ကောင်းကင်နှင့်မြေကြီး ကြားတွင်...

တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

All Chapters