← Chapters

အခန်း ၁၂၉၁

Vol. 87 Ch. 1291

အခန်း ၁၂၉၁

Vol. 87 Ch. 1291

အခန်း (၁၂၉၁) ပြန်ပေးဆွဲခံရသူ

"လူတွေ ဘယ်ရောက်သွားတာလဲ"

ဟာဗတ်စတာ စိုးရိမ်ထိတ်လန့်လာသည်။ ထိုသို့မဖြစ်သင့်။

ခုနက အသေးအဖွဲကိစ္စတစ်ခု လုပ်နေသည်ဟု သူ့ကိုလှမ်းပြောကြသည်။ သန့်စင်ခန်းသို့သွားသည်။

ပြန်ရောက်ချိန်တွင် အစီအစဉ်အတိုင်း ပြိုင်ကားကို ကြားဖြတ်တားသည်။ သူ့အဖော်များအားလုံး ဘယ်လိုပျောက်သွားသည်မသိ။

နောက်ဆုတ်သွားခြင်းလော။

နောက်ဆုတ်လျှင်လည်း သူ့ကိုတစ်ခုခုတော့ အချက်ပြခဲ့သင့်သည်။

"အားလုံးထွက်လာကြတော့"

သူထပ်ခေါ်သည်။ သို့သော် တစ်ယောက်မှ မတုံ့ပြန်ကြ။

မယုံကြည်ရသည့် ခွေးသူတောင်းစားများကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤအခြေအနေရောက်လာပြီဖြစ်၍ သူဘာသာလှုပ်ရှားရတော့မည်။

လုယန်လည်း ဟာဗတ်စတာ ပေါ်လာသဖြင့် အံ့ဩနေသည်။ မျိုးဗီဇအဆင့်မြှင့်ထားသည့် စစ်သားများကို ရှင်းလင်းပြီးနောက် ထိုလူများပြောပြချက်အရ အနီးအနားမှ ထိပ်သီးကောင်စီပိုင်ဆိုင်သည့် လျှို့ဝှက်စခန်းတစ်ခုကို တွေ့ခဲ့သည်။

အခွင့်အခါကြုံကြိုက်သည်ဟုတွေး၍ ထိုနေရာသို့သွားပြီး လှည့်ကွက်တစ်ချို့သုံးသည်။ လျှို့ဝှက်စခန်းမှလူများအားလုံးကို ရဲတပ်ဖွံထံ အညံ့ခံခိုင်းလိုက်သည်။

အားလုံးကို သေချာရှင်းလင်းခဲ့သည်။ သို့သော် ထိုလူက ပိုက်ကွန်ထဲမှ လွတ်၍ကျန်နေသည်။

အလျင်လိုလျှင် အမှားတွေ့သည်ဆိုသည့်စကား တကယ်မှန်သည်။

"နင်တို့ အရင်သွားနှင့်ပါ"

မီရွှဲ့အာက အားလုံးကို တွန်းလွှတ်၍ ဟာဗတ်စတာကို ရင်ဆိုင်သည်။

"ငါလည်းကူညီမယ်"

ယုရန်က ပြောသည်။

မီရွှဲ့အာနှင့် ရင်ဆိုင်တွေ့ချိန်တွင် တစ်ခုခုမူမမှန်ကြောင်း ဟာဗတ်စတာ ရိပ်မိသည်။

"မင်းက စွမ်းအားအမှန်ကို ဖုံးကွယ်ထားတာပဲ"

သူရထားသည့်သတင်းတွင် မီရွှဲ့အာထိုမျှသန်မာသည်ဟု ပြောမထား။

ယုရန်၏ တိုက်ခိုက်မှုများ ဆက်တိုက်ဝင်လာသည်။ မီရွှဲ့အာနှင့် ဟာဗတ်စတာလောက် မသန်သော်လည်း မီရွှဲ့အာတိုက်ခိုက်ဖို့ အခွင့်အရေးဖန်တီးပေးနိုင်သည်။

မိန်းမနှစ်ယောက်ကို မယှဉ်နိုင်သဖြင့် ဟာဗတ်စတာ နောက်ဆုတ်ဖို့တွေးသည်။ သို့သော် ဤအခြေအနေတွင် ထွက်ပြေးဖို့ကလည်း သိပ်မလွယ်လှ။

ဟာကွက်တစ်ခု တမင်ဖန်တီးလိုက်သည်။ မီရွှဲ့အာက တိုက်ပွဲအတွေ့အကြုံ နည်းသဖြင့် ချက်ချင်းထောင်ချောက်မိသည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ လုယန်ဆီသို့ ဟာဗတ်စတာ အမြန်ပြေးသွားပြီး လည်ပင်းကိုကိုင်ချုပ်လိုက်သည်။

သူ့လက်မှ စွမ်းအားအမြင့်ဆုံးလက်နက်ကို နည်းနည်းအားစိုက်လိုက်ရုံဖြင့် လုယန်ကို လည်ပင်းဖြတ်ပစ်နိုင်သည်။

"ရပ်လိုက်။ မဟုတ်ရင်တော့ ငါသူ့ကိုသတ်ပစ်မယ်"

ပြေးလိုက်ရန်ပြင်နေသည့် မိန်းမနှစ်ယောက် ချက်ချင်းရပ်သွားသည်။ ရှေ့ဆက်မတိုးရဲတော့။

"အား..ငါဓားစာခံလုပ်ခံနေရပြီပဲ"

လုယန် အညံ့ခံ၍ လက်နှစ်ဘက်မြှောက်လိုက်သည်။

ဟာဗတ်စတာက လုယန်ကိုဆွဲရင်း နောက်ဆုတ်သွားသည်။ ထွက်မသွားမီ စက္ကူပိုင်းတစ်ခု ပစ်ချခဲ့သည်။

"ဒီလူကို အသက်ရှင်လျက်လိုချင်တယ်ဆိုရင် ဒီနေရာကိုလာခဲ့ပါ"

ဤနေရာတစ်ဝိုက်တွင် ထိပ်သီးကောင်စီ၏ လျှို့ဝှက်စခန်းတစ်ခု ရှိသည်။ မီရွှဲ့အာတို့ကို ထိုနေရာသို့မျှားခေါ်လိုခြင်းဖြစ်သည်။

မီရွှဲ့အာ မျက်နှာပျက်သွားပြီး စာရွက်ပိုင်းကိုကောက်၍ ထရပ်သည်။ သို့သော် ဟာဗတ်စတာနှင့်လုယန်ကို မမြင်ရတော့။

ဟာဗတ်စတာ လုယန်ကိုဆွဲ၍ပြေးရင်း သူ့အဖော်များကို ဆက်သွယ်ဖို့ကြိုးစားသည်။ လုံးဝ ဆက်သွယ်၍မရ။ မကောင်းသည့်နိမိတ်ကို သူခံစားနေရသည်။

မြေအောက်လျှို့ဝှက်ခန်းထဲသို့ ဓာတ်လှေခါးဖြင့်ဆင်းသည်။

လျှို့ဝှက်ခန်းက မီးရောင်များ လင်းထိန်နေသည်။ သို့သော် ဘယ်သူမှမရှိ။ စားပွဲပေါ်မှ ကော်ဖီတစ်ခွက်က အငွေ့ထွက်နေဆဲဖြစ်သည်။

ထို့ပြင် ရုန်းရင်းဆန်ခတ်ဖြစ်သည့် လက္ခဏာမျိုးလည်းမတွေ့ရ။ ဟာဗတ်စတာ ထိတ်လန့်တုန်လှုပ်လာသည်။ အရေးပေါ်ကိစ္စတစ်ခုကြောင့် ဌာနခွဲအဖွဲ့ဝင်အားလုံး နေရာပြောင်းသွားသလိုဖြစ်နေသည်။

"ဟေ့...အစွန်းရေခဲ၊ မင်းဘယ်မှာလဲ..."

"အီသာ၊ မင်းဒီမှာရှိတယ်ဆိုရင် ငါ့ကိုအချက်ပြပါ..."

ဟာဗတ်စတာစကားသံက ရှည်လျားသည့်ကော်ရစ်ဒါတွင် ပဲ့တင်ထပ်နေသည်။ သို့သော် တုံ့ပြန်သံမကြားရ။

ကော်ရစ်ဒါအဆုံးမှ စကားသံတစ်ခု ရုတ်တရက်ပေါ်လာသည်။

"မစ္စတာ ဟာဗတ်စတာ။ ငါဒီမှာပါ"

ဟာဗတ်စတာ ပျော်ရွှင်သွားပြီး အမြန်ပြေးသွားသည်။ လူတစ်ယောက်တော့ ရှိနေမည်မှန်း သူသိနေသည်။

သို့သော် ကော်ရစ်ဒါအဆုံးတွင် ရပ်နေသည်က အိမ်ထိန်းစက်ရုပ်သာဖြစ်သည်။ စက်ရုပ်က ဗလာမျက်လုံးဖြင့်ကြည့်နေသည်။ နောက်ဘက်တွင် အရေးပေါ်အချက်ပြမီးက တဖျတ်ဖျတ်လှုပ်ခါနေသည်။

"မစ္စတာဟာဗတ်စတာ။ ကော်ဖီလိုချင်လို့လား"

ဟာဗတ်စတာ ကြောက်လွန်းသဖြင့် တစ်လှမ်းချင်းနောက်ဆုတ်သွားသည်။

အသက်ကိုမေားပန်းစွာရှူ ရှိုက်နေရသည်။ မမြင်နိုင်သည့် အသေအရှင်တိုက်ပွဲတစ်ခု ဖြတ်ကျော်ခဲ့ရသလို ဖြစ်နေသည်။ လုံခြုံရေးခန်းသို့သွား၍ သူထွက်သွားပြီးနောက်ပိုင်း စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးသည်။

မှတ်တမ်းတွင် အားလုံးပုံမှန်သာဖြစ်သည်။ ဟာဗတ်စတာ စိတ်မရှည်သဖြင့် မှတ်တမ်းဗွီဒီယိုကို ရှေ့သို့အမြန်ရစ်ခိုင်းသည်။

လူများပြည့်နေသည့်ရုံးခန်းက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ ဟာဗတ်စတာ ကြက်သီးထလာသည်။

မှတ်တမ်းကို နောက်ပြန်ရစ်၍ သုံးဆယ့်နှစ်ဆ အနှေးပြကွက်ဖြင့် ပြန်ဖွင့်သည်။ သို့တိုင်အောင် အဖြစ်အပျက်ကို သေချာမမြင်ရ။ ဌာနထဲမှလူများ တစ်ယောက်ချင်းပျောက်သွားသည်။

တစ်ခြားလူများက သူတို့အဖော်များပျောက်သွားသည်ကို သတိထားမိပုံမပေါ်။ နောက်ဆုံးတွင် သူတို့ကိုယ်တိုင် ပျောက်ကွယ်သွားသည်။ ထူးဆန်းသည့်တန်းခိုးရှင်တစ်ယောက်က အားလုံးကို အသံတိတ်ဝါးမျိုသွားသလိုထင်ရသည်။

သူ့စိတ်ထဲ အကြီးအကျယ်ထိတ်လန့်လာသည်။ ဌာနထဲမှ လေအေးပေးစနစ်က ပုံမှန်လည်ပတ်နေသည်။ မီးများ လင်းထိန်နေသည်။ သို့သော် ဟာဗတ်စတာစိတ်ထဲတွင် ဌာနရုံးခန်းက မကောင်းဆိုးဝါးတစ်ကောင်၏ ခံတွင်းဝတစ်ခုဖြစ်နေသလို ခံစားရသည်။

သူထောင်ချောက်ထဲဝင်လာအောင် စောင့်နေသယောင်ရှိသည်။

လူတစ်ယောက်က သူ့ပုခုံးကိုပုတ်လာသည်။ သူချက်ချင်းလန့်ခုန်သည်။

"ခင်ဗျားအဆင်ပြေရဲ့လား"

ဟာဗတ်စတာလှည့်ကြည့်ပြီးနောက် စိတ်သက်သာရာရသွားသည်။ လုယန်ဖြစ်နေသည်။ ဤနေရာတွင် သူတစ်ယောက်တည်းမဟုတ်။

ထိုပြင် လုယန်၏ အေးဆေးတည်ငြိည်သည့်မျက်နှာကြောင့် သူနည်းနည်းယုံကြည်မှုရနေသည်။

"ဒီမှာ ငါတို့နှစ်ယောက်ပဲရှိတာ။ မင်းမကြောက်ဘူးလား"

"နှစ်ယောက်..ဟုတ်လား။ သုံးယောက်ရှိတာမဟုတ်ဘူးလား"

လုယန်မျက်နှာတွင် နားမလည်သည့်အမူအရာမျိုး ပေါ်လာသည်။

သူ့စကားဆုံးပြီးနောက် အဝါရောင်ဝတ်စုံနှင့်သဏ္ဌာန်တစ်ခု လေထဲတွင် ဖြေးညှင်းစွာပေါ်လာသည်။

"အားးးး"

ဟာဗတ်စတာ လုံးဝသွေးပျက်သွားသည်။ အကြောက်တရားက သူ့စိတ်ကို အပြည့်အဝဝါးမျိုသွားသည်။

"တီ"

ဓာတ်လှေခါးမှအသံ လွင့်ပျံလာသည်။ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဓာတ်လှေခါးဆီ အတင်းပြေးသည်။

လုယန်ကိုလာကယ်သည့် မီရွှဲ့အာတို့သုံးယောက်ဖြစ်သည်။

ဟာဗတ်စတာက သူ့မစ်ရှင်ကို လုံးဝသတိမရတော့ဘဲ လူသုံးယောက်ဆီ အတင်းပြေးသွားသည်။ မီရွှဲ့အာတို့ အတော်ထိတ်လန့်သွားသည်။

"မလှုပ်နဲ့"

မီရွှဲ့အာက ရှေ့ဆုံးတွင်ရပ်၍ သတိဖြင့်စောင့်ကြည့်နေသည်။

"ပြေးကြ။ သရဲတွေရှိတယ်။ သရဲတွေရှိတယ်"

ဟာဗတ်စတာ သွေးရူးသွေးတန်းအော်ဟစ်နေသည်။ သူ့စကားများက အဆက်အစပ်မရှိ။

မီရွှဲ့အာ မျက်မှောင်ကျုံ့သွားသည်။ ရူးကြောင်ကြောင်ဖြစ်နေသည့် ဟာဗတ်စတာကို အလွယ်တကူ ထိန်းချုပ်လိုက်သည်။ ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ လူမရှိသည့်ရုံးခန်းက နည်းနည်းထူးဆန်းနေသလို သူလည်းထင်မိသည်။

အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။

ထောင်ချောက်တစ်ခုလော...

"မီရွှဲ့အာ၊ ယုရန်၊ လန်ဟိုင်။ ငါဒီမှာပါ"

လုယန် စောင့်ကြည့်ခန်းထဲမှ ထွက်လာပြီး ရဲဘော်ရဲဘက်များကို အဝေးမှလှမ်းနှုတ်ဆက်သည်။

တည်တည်ငြိမ်ငြိမ်ရှိသည့် လုယန်ကိုကြည့်၍ ဟာဗတ်စတာ ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်ဖင်ထိုင်ကျသွားသည်။

လုယန်ကို လက်ညှိုးထိုး၍ နောက်သို့ဒရွတ်တိုက်ဆုတ်သွားသည်။

"သရဲ...သရဲ...သရဲ"

"အကိုမုန် ဘာမှမဖြစ်တာ တော်သေးတာပေါ့"

လုယန်အထိအခိုက်မရှိသဖြင့် သုံးယောက်လုံးစိတ်သက်သာရာရသွားသည်။

"ငါအဆင်ပြေပါတယ်။ ဒီဟာဗတ်စတာက ငါ့ကိုဒီနေရာခေါ်လာတယ်။ တစ်ခြားလူရဲ့ ကောက်ဖီခွက်ကိုကောက်ကိုင်တယ်။ ဒါပေမယ့်မသောက်ဘူး။

ပြီးတော့ အိမ်ထိန်းစက်ရုပ်ရဲ့ စကားသံကြားတာနဲ့ အရမ်းစိတ်လှုပ်ရှားပြီး စအော်တာပဲ။ အိမ်ထိန်းစက်ရုပ်က ကော်ဖီသောက်မလားမေးတော့ သူအရမ်းကြောက်သွားတယ်။

သူရူးကြောင်ကြောင်ဖြစ်နေတာတွေ့လို့ သူ့လက်ထဲကနေ ငါအသာရှောင်ထွက်ခဲ့တာ"

လုယန် ကြောက်စိတ်မပြေသေးဟန်ဖြင့် ရင်ဘတ်ကိုဖိ၍ပြောသည်။

"ထူးဆန်းတာပဲ"

"ဟုတ်တယ်၊ တကယ်ထူးဆန်းတယ်။ သူပူးကပ်ခံရတာများလား"

"သရဲရှိတယ်လို့ သူအဆက်မပြတ်အော်နေတာဆိုတော့ တကယ်မြင်ခဲ့လို့များလား"

"သိပ္ပံနည်းကျစဉ်းစားပါ။ လောကမှာ သရဲဆိုတာမရှိပါဘူး။ ဟုတ်တယ်နော် အကိုမုန်"

လုယန်ခေါင်းငြိမ့်ထောက်ခံသည်။

"မှန်တယ်။ ဘာသရဲမှမရှိဘူး"

"သရဲတကယ်ရှိတယ်ကွ"

လန်ဟိုင်တို့ ယုံကြည်အောင် ဟာဗတ်စတာက စိတ်ကိုကြိုးစားထိန်း၍ စောင့်ကြည့်ခန်းသို့ ခေါ်သွားပြီး မှတ်တမ်းကိုဖွင့်သည်။

သို့သော် မှတ်တမ်းဗွီဒီယိုတွင် ဘာမှမမြင်ရတော့။

"မင်းပဲ။ မင်းဖျက်လိုက်တာပဲ"

ဟာဗတ်စတာက လုယန်ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။ ယခုအားလုံးကသူ့ကို မကောင်းဆိုးဝါးဝင်ပူးသည်ဟု ထင်နေကြသည်။

လုယန်က အရိုးခံမျက်နှာဖြင့် ပုခုံးတွန့်ပြသည်။

"ငါဘာမှမလုပ်ခဲ့ပါဘူး"

လုယန် အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ မှတ်တမ်းကင်မရာကို သူတကယ်မထိခဲ့။ မှတ်တမ်းဖျက်သည်မဖျက်သည်က အရေးလည်းမကြီးလှ။ ဟန်လိုင်တို့လူစု မှတ်တမ်းထဲတွင် သူ့ပုံရိပ်ကို မြင်နိုင်မည်မဟုတ်။

မှတ်တမ်းကို သူဖျက်ခဲ့ခြင်းမဟုတ်လျှင် အီသာက ဖျက်ပစ်ခဲ့ခြင်းလော...

သို့ဆိုလျှင် အီသာက သူ့ကိုရိပ်မိနေခြင်းလော...

********************************

All Chapters