အခန်း ၁၂၉၃
Vol. 87 Ch. 1293
အခန်း (၁၂၉၃) ရှုပ်ထွေးသည့် ဆက်ဆံရေး
တည်မြဲကြယ်(နေ)တစ်ခု၏ တစ်ဝက်လောက်ကို ယန္တရားအဆောက်အဦးများ ဖုံးလွှမ်းထားသည်။ ကြယ်စွမ်းအင်ကို မနားတမ်းတူးဖော်၍ ကြယ်စုတစ်ခုလုံးကို စွမ်းအားပေးသည်။
ကြယ်စုမဟာမိတ်အတွက် ထိုမြင်ကွင်းသည်မဆန်းလှ။ ထိုအဆောက်အဦးများသည် မုရုံလုပ်ငန်းစု၏ ဖန်တီးမှုဖြစ်သည်။
အသက်ငယ်ပုံပေါ်သည့် လူတစ်ယောက် မုရုံလုပ်ငန်းစု၏ ဌာနချုပ်သို့ ရောက်လသည်။ ထူးခြားသည့် သူ့နောက်ခံကြောင့် အတားအဆီးမရှိ ဝင်ခွင့်ရသည်။ မုရုံမိသားစုခေါင်းဆောင်၏ ရုံးခန်းသို့ ရောက်လာသည်။
မိသားစုခေါင်းဆောင်က အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သော်လည်း သုံးဆယ်ကျော်ဟုသာ ထင်ရသည်။
လူငယ်ရောက်လာသည်ကို မြင်ရသဖြင့် စိတ်ဝင်စားသွားပြီး ထရပ်သည်။ လုပ်ငန်းပါတနာကို ကိုယ်တိုင်ကြိုဆိုသည်။
"ထိပ်သီးကောင်စီဥက္ကဌက ကျုပ်ဆီလာလည်ဖို့ အချိန်ရတယ်ပေါ့"
လူငယ်က အားနာခြင်းလုံးဝမရှိဘဲ အဓိကထိုင်ခုံတွင် ဝင်ထိုင်ပြီး နှာခေါင်းတစ်ချက်ရှုံ့သည်။
"စမ်းသပ်ခံနံပတ်တစ်ပျောက်သွားတယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဒီကိုလာတာပါ"
မုရုံခေါင်းဆောင် အံ့အားသင့်သွားသည်။
"စမ်းသပ်ခံနံပတ်တစ်လား။ ဒါတကယ်အရေးကြီးတဲ့ ပြဿနာပဲ။ အချိန်အကြာကြီးရင်ဆိုင်ခဲ့ရတဲ့ ငါ့ပြိုင်ဘက် ကြယ်တာရာအဖွဲ့ကို ရှင်းလိုက်ပြီ။ ဒါပေမယ့် တည်မြဲကြယ်တရားမဝင်မိုင်းတွင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အရေးကြီးသက်သေအထောက်အထားတွေပါတဲ့ ချပ်စ်ပြားကို အဲဒီမှာမတွေ့ဘူး"
မုရုံမိသားစုလည်း သူ့အခက်အခဲနှင့်သူ ရှိနေကြောင်းသိရသဖြင့် လူငယ် ပို၍နေသာထိုင်သာရှိလာသည်။ စိတ်ညစ်စရာပြဿနာများကို ထပ်မစဉ်းစားတော့ဘဲ သူတို့ပူးပေါင်းဆောင်ရွက်နေသည့် ပရောဂျက်အကြောင်း စကားလမ်းကြောင်းပြောင်းသည်။
နေရာမှထရပ်၍ ပြတင်းပေါက်မှတစ်ဆင့် ဦးခေါင်းထက်မှ တည်မြဲကြယ်ဆီ မော့ကြည့်သည်။
"နေတူးဖော်တဲ့လုပ်ငန်းက အခြေအနေ ဘယ်လိုရှိလဲ။ ကြယ်သန္ဓေဆီရောက်ဖို့ ဘယ်လောက်ဝေးသေးလဲ"
(**'တည်မြဲကြယ်' သို့မဟုတ် နေ။ 'နေ'ကို ကြယ်စုတစ်ခု၏ တည်မြဲကြယ်တစ်လုံးဟုယူဆခြင်းဖြစ်သည်။ ကြယ်စုမဟာမိတ်တွင် ကြယ်စုများစွာရှိသလို တည်မြဲကြယ်များလည်း ကိုယ်စီရှိသည်။ မြေကြီးထဲမှ အပူဓာတ် (သို့မဟုတ်) နေစွမ်းအင်/ကြယ်စွမ်းအင်ကို တူးဖော်ထုတ်ယူနေခြင်းဖြစ်သည်)
"ကီလိုမီတာ ခြောက်ထောင်ပဲကျန်တော့တယ်။ လဝက်အတွင်း ပြီးမှာပါ"
သတင်းကောင်းကြားလိုက်ရသဖြင့် လူငယ် နည်းနည်းစိတ်လှုပ်ရှားလာသည်။
"ဒါဆို နောက်နှစ်ပတ်ကြာရင် ဒီသတ္တဝါရဲ့ သရုပ်မှန်အစစ်ကို ငါတို့မြင်ရတော့မှာပေါ့"
မုရုံမိသားစုခေါင်းဆောင်က နည်းနည်းတွေးရခက်နေဟန်ဖြင့်
"အဲဒါက သတ္တဝါဆိုတာ သေချာရဲ့လား။ ငါ့အင်ဂျင်နီယာတွေ ခန့်မှန်းတာကတော့ ဒီအရာရဲ့ စွမ်းအင်သိပ်သည်းဆက အရမ်းမြင့်တယ်တဲ့။ လက်ရှိသိထားတဲ့ စွမ်းအင်ပုံစံတွေနဲ့ မတူဘူး။ ဒီလောက်စွမ်းအင်သိပ်သည်းဆမြင့်တဲ့ သတ္တဝါမျိုး ရှိနိုင်ပါ့မလား"
"သတ္တဝါတစ်ကောင်ဆိုတာ သေချာပါတယ်။ ပြီးတော့ အဲဒါက ငါသုတေသနပြုနေတဲ့အလောင်းနဲ့ အများကြီးဆက်စပ်နေတယ်"
"မင်းဒီလိုပြောတယ်ဆိုတော့လည်း လက်ခံရမှာပေါ့"
မုရုံခေါင်းဆောင် ပုခုံးတွန့်ပြသည်။ ထိုအပိုင်းတွင် လူငယ်က ကျွမ်းကျင်သည်။ ကျွမ်းကျင်သူများနှင့် သူအငြင်းအခုန်မလုပ်။
"မင်းသုတေသနက ငါ့သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ပဲ အရေးကြီးပါတယ်"
ထို့ကြောင့်လည်း မုရုံကော်ပိုရေးရှင်းက လူငယ်နှင့် လက်တွဲ၍ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ မုရုံခေါင်းဆောင်၏ ခန္ဓာကိုယ်ကို မက္ကနစ်အဆင့်သို့ မြှင့်ထားသည်။
သို့သော် ထိုမျှနှင့် သူမတင်းတိမ်။ သူ့ဦးနှောက်၏သက်တမ်းကို ဆွဲဆန့်ချင်သည်။
ထိပ်သီးကောင်စီ၏ သုတေသနရလာဒ်များထဲတွင် ထိုအပိုင်းလည်းပါသည်။
ထို့ကြောင့် အဓိကအဖွဲ့အစည်းနှစ်ခု သဘောတူညီချက်တစ်ခု ယူခဲ့သည်။ မုရုံမိသားစုက ကြယ်ကမ္ဘာထဲမှ 'နေ'ကို လူငယ်အတွက် တူးဖော်မည်။ လူငယ်က မုရုံခေါင်းဆောင်၏သက်တမ်းကို ဆွဲဆန့်ပေးရမည်။
မိုင်းတွင်းတူးဖော်မှု ပြီးဆုံးလျှင် လူငယ်အတွက် သုတေသနပြုစရာ ကုန်ကြမ်းအသစ်များရလာမည်။ မုရုံခေါင်းဆောင်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မည်။
လူငယ် ခဏဆက်ထိုင်နေပြီးနောက် ထိပ်သီးကောင်စီဌာနချုပ်သို့ ပြန်သွားသည်။
လုယန်တို့လေးယောက်က ဒေါက်တာ၏လမ်းညွှန်ချက်ဖြင့် ဝှက်ထားသည့် လက်နက်များကိုရလာသည်။
လုယန်၏ဝတ်စုံသည် ကျည်ကာဝတ်စုံထက် ပိုခိုင်ခံသည်။ သို့သော် လန်ဟိုင်တို့က စေတနာဖြင့် ပေးနေကြသဖြင့် သူမငြင်းတော့။
ပြိုင်ကားက နေရာလွတ်အကန့်အသတ်ရှိသည်။ ထို့ကြောင့် ပိုစွမ်းအားပြင်းသည့် လက်နက်များကိုသာ ရွေးယူခဲ့ကြသည်။
"ဌာနချုပ်နဲ့ သိပ်မဝေးတော့ဘူး။ ဆင်းကြစို့"
မီရွှဲ့အာကပြောသည်။ ပြိုင်ကားကို တောအုပ်ငယ်တစ်ခု၏အစွန်တွင် ရပ်ခိုင်းသည်။ ရှေ့ဆက်မောင်းလျှင် ဌာနချုပ်မှလူများ သတိထားမိနိုင်သည်။
လန်ဟိုင်က ပြိုင်ကားကို ကိုယောင်ဖျောက်ဖို့ ညွှန်ကြားသည်။ ထို့နောက် လမ်းဘေးနှစ်ဘက်တွင် ပုန်းကွယ်နေကြသည်။
နေ့တိုင်း ပစ္စည်းပို့ထရပ်ကားများ အဝင်အထွက်ရှိကြောင်း မူရွှဲ့အာကပြောသည်။ အထဲသို့ခိုးဝင်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။
တစ်နာရီကြာအောင်စောင့်ပြီးနောက် အဝေးမှလာနေသည့် ထရပ်ကားကြီးတစ်စီးကိုမြင်ရသည်။
မီရွှ့အာက ထရပ်ကားနောက်မှ ပြေးလိုက်ပြီး ချွန်ထက်သည့်လက်သည်းများဖြင့် ထရပ်ကား၏နောက်တံခါးတွင် စက်ဝိုင်းပုံအပေါက်တစ်ခု ဖြတ်သည်။ ထို့နောက် ကျန်သည့်လူများကို ဝင်ကြရန် အချက်ပြသည်။
အားလုံးအထဲရောက်ပြီးနောက် စက်ဝိုင်းပုံအပေါက်ကို အရည်အသွေးမြင့် ကော်တစ်မျိုးဖြင့် ပိတ်လိုက်သည်။ အပြင်ဘက်မှကြည့်လျှင် လုံးဝမသိသာတော့။
သူတို့လေးယောက် ကုန်စည်ခန်းထဲတွင် ပုန်းကြသည်။ အကြောအချဉ်များ ဖြေလျှော့သည်။ ထရပ်ကားအပြင်ဘက် ပတ်ဝန်းကျင်ကို သတိမပြတ်စောင့်ကြည့်သည်။ လုယန်တစ်ယောက်သာ နတ်မယ်နှင့် အေးအေးလူလူစကားပြောနေသည်။
"မီရွှဲ့အာရဲ့ ရှေးဟောင်းသွေးဆက်စွမ်းအင်က နည်းနည်းမြင့်တယ်။ အပြင်လောကမှာ ရှိနေသေးတဲ့ ရှေးဟောင်းနတ်ဆိုးတွေရဲ့ သွေးဆက်များလား"
"အဲလိုမဟုတ်လောက်ဘူး။ သူ့အခြေအနေက ကောင်းချီးခံသဘောမျိုးပဲ။ အရိုင်းမျိုးနွယ်က ဟိုကောင်လေးနဲ့ အတော်တူတယ်"
"ဒါဆို သူကံကောင်းတာပေါ့"
"အဲ...ရှောင်ယန်၊ နင်က ကြယ်စုမဟာမိတ်မှာ အတော်နာမည်ကျော်လာပြီ။ ဒီကိုလာတဲ့လမ်းမှာ နင့်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ အများကြီးမြင်ခဲ့တယ်"
ထိုပစ္စည်းများကို ဘယ်လိုခေါ်မှန်း နတ်မယ်မသိ။
"မာချန်ဒိုက်ပါ"
(**လုယန်ရုပ်ပုံပါသည့် ထုတ်ကုန်ပစ္စည်းများ)
လုယန်လည်း မြင်ခဲ့ပါသည်။ ကြယ်စုမဟာမိတ်တွင် သူ့နာမည်က ကယ်ဆယ်ရေးအဖွဲ့ထက် ပိုကျော်ကြားသည်။ သူ့ရုပ်ပုံဖြင့် ထုတ်လုပ်သည့်ပစ္စည်းများ ချက်ချင်းရောင်းထွက်သည်။ မကြာခဏ ပစ္စည်းပြတ်လပ်သွားသည်
"ဪ၊ မာချန်ဒိုက်လား။ ပြဿနာတွေအားလုံး ရှင်းပြီးရင် အဲလိုပစ္စည်းတွေ နည်းနည်းဝယ်ခဲ့ပါလား"
လုယန် နည်းနည်းရှက်သလို ခံစားရသည်။
နတ်မယ်က လုယန်လည်ပင်းကို ဖက်တွယ်၍ ရှေ့နောက်လွှဲယမ်းပြီး အတင်းတောင်းဆိုသည်။
"ဝယ်လိုက်ပါ၊ ဝယ်လိုက်ပါ။ အမှတ်တရလက်ဆောင်တွေမဝယ်ရင် ခရီးထွက်တာ ဘာအဓိပ္ပါယ်ရှိမှာလဲ"
"...ဒါပေမယ့် လူတွေက ကိုယ့်အမှတ်တရပစ္စည်းကိုယ်တော့ မဝယ်ကြပါဘူး"
လုယန်မတတ်သာသဖြင့် နတ်မယ်တောင်းဆိုချက်ကို သဘောတူလိုက်ရသည်။
ထရပ်ကားက တောအုပ်ကိုဖြတ်သန်း၍ မည်းနက်နေသည့် လှိုဏ်ဂူဝထဲသို့ ဝင်သွားသည်။ လမ်းတွင် နှစ်ကြိမ်ရပ်သည်။
ဒုတိယအကြိမ်ရပ်ချိန်တွင် မီရွှဲ့အာ ဌာနချုပ်ထဲသို့ ရောက်ပြီဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြောသည်။
ထရပ်ကားနှင့် ကွန်တိန်နာက တစ်ဆက်တည်းမဟုတ်။ ယန္တရားလက်ချောင်းမားက ကွန်တိန်နာကို တစ်ခြားနေရာသို့ ရွှေ့ပြောင်းသည်။ ကွန်တိမ်နာထဲသို့ လေအေးများ စိမ့်ဝင်လာသည်။ ရေခဲခန်းထဲ သယ်လာပုံရသည်။
ခဏစောင့်ပြီးနောက် အပြင်ဘက်တွင် အန္တရာယ်မရှိတော့ဟု ခံစားရသဖြင့် မီရွှဲ့အား အပြင်ထွက်ရန်ပြင်သည်။
ထိုစဉ် ရုတ်တရက် ကွန်တိန်နာ လှုပ်ခါလာပြီး နံရံလေးဘက် တစ်ပြိုင်တည်းပွင့်သွားသည်။ ကုန်စည်များကြားတွင်ပုန်းနေသည့် လုယန်တို့လေးယောက် ပေါ်လာသည်။
တကယ်ရေခဲခန်းထဲရောက်နေကြောင်း တွေ့လိုက်ရသည်။ ကွန်တိန်နာက အခန်းအလယ်တွင်ရှိနေသည်။ အဆင့်အေစစ်သားများ ဝိုင်းရံထားသည်။ သူတို့ကို ဝိုင်း၍ပူဇော်နေသလို ထင်ရသည်။
မူရွှဲ့အာ ချက်ချင်းမျက်နှာပျက်သွားသည်။ သူလှည့်စားခံရခြင်းဖြစ်သည်။
ဤနေရာသို့ သူတစ်ခါမှမရောက်ဖူးသော်လည်း ထိပ်သီးကောင်စီက ထူးဆန်းသည့်အလောင်းတစ်ခုတွေ့ထားကြောင်း၊ အလောင်းကိုလေ့လာရင်း မျိုးဗီဇနည်းပညာတစ်ခု တီထွင်နိုင်ခဲ့ကြောင်း သူ့အဘိုးဒေါက်တာက ပြောဖူးသည်။
ထိုသုတေသနကြောင့်လည်း သူ့မျိုးဗီဇကို အဆင့်မြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။
စည်းချက်ကျကျ လက်ခုပ်သံများကြားလိုက်ရသည်။ လူငယ်တစ်ယောက် အမှောင်ထဲမှ ပေါ်လာသည်။ အံ့ဩနေသည့်လူစုကိုကြည့်၍ သဘောကျနေဟန်ရှိသည်။
"မီရွှဲ့အာ၊ ငါတို့မင်းကိုဖမ်းဖို့ခက်တယ်ဆိုတာသိလို့ ထောင်ချောက်ထဲကို တမင်ဝင်လာတာလား။ ဒါမှမဟုတ် ဟာဗတ်စတာအယောက်သုံးဆယ်ကျော်ကို ရှင်းနိုင်ခဲ့လို့ ယုံကြည်မှုလွန်ကဲပြီး ငါ့ကိုရင်ဆိုင်နိုင်မယ်လို့ တွေးနေတာလား"
"လူသုံးဆယ်ကျော်..."
မီရွှဲ့အာ အံ့အားသင့်နေသည်။ သူတို့ရင်ဆိုင်ခဲ့သည်က ဟာဗတ်စတာတစ်ယောက်တည်းသာဖြစ်သည်။
"ငါမင်းရှိမှန်းဘယ်လိုသိလဲ တွေးမရဖြစ်နေပြီလား။ အဖြေက ရိုးရိုးလေးပါ။ မင်းကိုယ်ထဲမှာ ခြေရာခံပစ္စည်းတစ်ခု ငါလျှို့ဝှက်ထည့်ထားတယ်လေ။ မင်းအဘိုးဒေါက်တာတောင် ဒီအကြောင်းမသိဘူး"
မီရွှဲ့အာ ထရပ်ကားဖြင့် ဌာနချုပ်ဖို့ ခိုးဝင်သည့်အဖြစ်က လူငယ်အတွက် ထင်သာမြင်သာဖြစ်လွန်းနေသည်။
မီရွှဲ့အာ အံတင်းတင်းကြိတ်၍ သေနတ်ကိုမြှောက်ပြီး လူငယ်ကို ထိုးချိန်လိုက်သည်။
"ဟာဗတ်စတာ ငါတို့ကိုရှာနိုင်တာ မဆန်းတော့ပါဘူး"
လန်ဟိုင်လည်း ငေးကြောင်နေရာမှ အသိပြန်ဝင်လာပြီး လူငယ်ကို ရုတ်တရက် အော်မေးလိုက်သည်။
"ကျိုးထန်လား။ မင်းက ကျိုးထန်မဟုတ်လား"
လုယန် နည်းနည်းအံ့အားသင့်သွားသည်။
"မင်းသူ့ကိုသိတယ်ပေါ့"
လန်ဟိုင် ဖြေးညှင်းစွာခေါင်းငြိမ့်သည်။
"သိတာပေါ့။ စမ်းသပ်မှုတွေလုပ်ရတာ ဝါသနာထုံပြီး အိမ်မှာဓာတ်ခွဲခန်းတစ်ခုရှိတယ်ဆိုတဲ့ ငါ့သူငယ်ချင်းအကြောင်း ပြောခဲ့တာ မှတ်မိတယ်မဟုတ်လား။ အဲဒါ သူပဲ"
"လန်ဟိုင်"
ကျိုးထန်လည်း လန်ဟိုင်ကို မြင်ရသဖြင့် အံ့အားသင့်သွားသည်။ မီရွှဲ့အာတွင် အဖော်သုံးယောက်ရှိကြောင်းသာ သူသိခဲ့သည်။ ထိုအဖော်များ ဘယ်သူဘယ်ဝါ သူအရေးမစိုက်ခဲ့။
"ဪ.. တကယ်ကျိုးထန်ပဲ။ လက်စသပ်တော့ မင်းက ထိပ်သီးကောင်စီဥက္ကဌကိုး"
ရုပ်ချင်းဆင်၍လားဟု လန်ဟိုင် သံသယဖြစ်နေခဲ့သည်။ ယခု သေချာသွားသည်။ သူသိကျွမ်းခဲ့သည့် ကျိုးထန်အစစ်ဖြစ်သည်။
နှစ်ယောက်လုံး ဤနေရာတွင် ဆုံရမည်ဟု ထင်မထားကြ။
မူမမှန်သည့်ကိစ္စကို လန်ဟိုင်က အရင်ဆုံးတွေးမိသည်။
"နေပါဦး။ မင်းက ထိပ်သီးကောင်စီဥက္ကဌဆိုရင် မင်းအသက်က ဘယ်လောက်ရှိပြီလဲ။ ဘာလို့ ငါနဲ့အတူ တစ်တန်းတည်း ကျောင်းတက်ခဲ့တာလဲ။
ကျောင်းပညာမှာ မင်းကထူးချွန်ပြီး ဆရာတွေကိုတောင် ဘယ်အဖြေဘယ်မေးခွန်းကမှားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြန်ပြောရဲတယ်လေ"
ကျိုးထန်က နှာခေါင်းရှုံ့သည်။
"တကယ်ရူးကြောင်ကြောင်နိုင်တဲ့မေးခွန်းပဲ။ အဲလိုလုပ်တာက နုပျိုတဲ့လူငယ်စိတ်ဓာတ်ကို ထိန်းထားဖို့ပဲပေါ့"
***********************************