အခန်း ၁၂၉၄
Vol. 87 Ch. 1294
အခန်း (၁၂၉၄) ရင်းနှီးမှုသံယောဇဉ်
"မျိုးဗီဇနည်းပညာက ငါ့ဆဲလ်တွေကို အမြဲတမ်းငယ်ရွယ်နုပျိုအောင် ထိန်းထားနိုင်ပေမယ့် ငါ့စိတ်အခြေအနေကိုတော့ မပြောင်းလဲနိုင်ဘူး"
ထိုသို့ပြောရင်း ကျိုးထန်၏မျက်နှာပုံစံ အဆက်မပြတ်ပြောင်းလဲနေသည်။ ပလတ်စနစ်အလွှာတစ်ခု ကပ်ထားသယောင်ထင်ရသည်။ ဆယ်ကျော်သက်အရွယ်မှ လူတ်ပိုင်းအရွယ်၊ သက်ကြီးပိုင်းအရွယ်၊ နောက်ဆုံးတွင် ဆယ်ကျော်သက်အရွယ်သို့ ပြန်ရောက်လာသည်။
မျိုးဗီဇနည်းပညာကို အကျွမ်းကျင်ဆုံး ထိပ်သီးကောင်စီဥက္ကဌဖြစ်သည်။
"သက်တမ်းရှည်လာလေ စိတ်ဓာတ်က သေဖို့စောင့်နေတဲ့ အဘိုးအိုတစ်ယောက်လို ဖြစ်လာလေပဲ။ ဒီလိုစိတ်ဓာတ်မျိုးက ဘဝအတွက် အကျိုးမဖြစ်သလို သိပ္ပံသုတေသနလုပ်ငန်းတွေအတွက်လည်း အဆင်မပြေဘူး။ စိတ်ဓာတ်အမြဲတမ်း တက်ကြွနေအောင် ဦးနှောက်ကို အဆက်မပြတ်လှုံ့ဆော်ပေးနေဖို့လိုတယ်ဆိုတာ ငါသိလာတယ်။
လန်ဟိုင်၊ မင်းက ကြက်ပေါက်တစ်ကောင်လို အားနည်းတဲ့ကောင်ပါ။ ဘာလို့ ဒီလိုကိစ္စမျိုးထဲ ဝင်ပါချင်ရတာလဲ။ အရင်က ငါတို့ရင်းနှီးခဲ့တာကိုထောက်ထားပြီး မင်းအသက်ကိုငါချမ်းသာပေးလို့ရတယ်"
လန်ဟိုင် စိတ်လှုပ်ရှားသွားသည်။ ကျိုးထန်အကြောင်း တစ်ခြားလူများထက် သူပိုသိသည်။ ထိုစကားမျိုးပြောနေသည်ဆိုလျှင် အနိုင်ရဖို့ သေချာနေ၍သာဖြစ်သည်။ သူတို့ခုခံတိုက်ခိုက်လည်း အကျိုးမရှိနိုင်။
အညံ့ခံလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ အသက်ရှင်နိုင်မည်။ ထိုသို့တွေးရင်း လန်ဟိုင်က လုယန်တို့ကို လက်ညှိုးထိုးပြ၍မေးသည်။
"သူတို့ကိုရော မင်းလွှတ်ပေးလို့ရလား"
ကျိုးထန် ခေါင်းခါသည်။
လန်ဟိုင် ဘာမှမပြောတော့ဘဲ လက်ထဲမှလောင်ချာကို မြှောက်လိုက်သည်။
"တိုက်ကြ"
လန်ဟိုင် အချက်ပြလိုက်သည်။ သူ့အသွင်က ခြင်္သေ့မများကို တိုက်ခိုက်ဖို့ အမိန့်ပေးနေသည့် ခြင်္သေ့ထီးတစ်ကောင်နှင့် တူနေသည်။
အဆင့်အေစစ်သားများက ချက်ချင်းပြေးတက်လာပြီး တိုက်ခိုက်ကြသည်။
"မင်းငါ့ကို ဖိအားပေးလို့ ဒီလိုဖြစ်လာတာပဲ ကျိုးထန်"
လန်ဟိုင် ကျိုးထန်ကို လောင်ချာဖြင့်ပစ်ရန် အသင့်ပြင်သည်။
အဆင့်အေစစ်သားတစ်ယောက်က ပါးစပ်ဟ၍ အသံတိတ်အသံလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ မသိစိတ်အသံလှိုင်းဖြစ်သည်။ လူ့နားအာရုံဖြင့် မကြားနိုင်။
သို့သော် ခန္ဓာကိုယ်လည်ပတ်မှုအပေါ် သက်ရောက်သည်။
လန်ဟိုင်ခေါင်းထဲတွင် မူးဝေလာပြီး အော့အန်လျက် မြေပေါ်သို့ လဲကျသွားသည်။ လှုပ်ရှားနိုင်စွမ်း မရှိတော့။
မီရွှဲ့အာက ဗီဇပြောင်းစစ်သားဖြစ်သည်။ ယုရန်ခန္ဓာကိုယ်အများစုက စက်ယန္တရားခန္ဓာဖြစ်သည်။ ထို့ကြောင့် အသံလှိုင်းသက်ရောက်မှုမရှိ။
လုယန် တွေးသည်။ မူးဝေအော့အန်ချင်ယောင်ဆောင်လျှင် သူ့ပုံရိပ်ကို ထိခိုက်မည်။ ထို့ကြောင့် စိတ်ဓာတ်ခွန်အားဖြင့် အသံလှိုင်းကို ခုခံနေသယောင် ဟန်ဆောင်သည်။
မီရွှဲ့အာနှင့်ယုရန်ကို အဆင့်အေစစ်သားရှစ်ယောက်က ဝိုင်းဝန်းတိုက်ခိုက်သည်။
မီရွှဲ့အာက လန်ဟိုင်၏လောင်ချာကိုယူ၍ တိုက်ပွဲကြည့်နေသည့်ကျိုးထန်ကို နှစ်ချက်ဆင့်ပစ်သည်။ ကျိုးထန် နေရာမှမရွေ့ဘဲ ခေါင်းငဲ့၍ရှောင်သည်။
လောင်ချာဗုံးက ရေခဲနံရံပေါ်တွင် ပေါက်ကွဲသွားသည်။ သို့သော် အက်ကြောင်းလုံးဝမထင်။ နံရံက မယုံနိုင်လောက်အောင် မာကျောသည်။
"မီရွှဲ့အာ၊ ထိပ်သီးကောင်စီကို ဆန့်ကျင်တာဟာ သေကြောင်းကြံတာပဲ"
အဆင့်အေတပ်ဖွဲ့ခေါင်းဆောင်၏မျက်လုံးများ နီရဲနေသည်။ ထိုလူက ဝက်ဝံတစ်ကောင်လို သန်မာသည်။ မက္ကင်းနစ်ခန္ဓာများကို အလွယ်တကူ အနိုင်ယူနိုင်သည်။
မီရွှဲ့အာ မနည်းကြိုးစား၍ ခုခံရသည်။ တစ်ချက်ရင်ဆိုင်တွေ့တိုင်း သူ့လက်မောင်းများ ထုံကျင်သွားသည်။ သူ့ဒဏ်ရာကုသနှုန်းက အတော်မြန်ဆန်၍သာ ဆက်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
"ငါ့ကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတာလား"
မီရွှဲ့အာက နောက်သို့နည်းနည်းခွာပြီး ခါးမှဆေးပုလင်းတစ်ချို့ဆွဲထုတ်သည်။ လက်ထဲတွင် တင်းတင်းဆုပ်ကိုင်၍ အဆင့်အေစစ်သားကို ပစ်ပေါက်လိုက်သည်။
ဆေးရည်များ ပြန့်ကျဲသွားသည်။ အဆင့်အေစစ်သား နာကျင်စွာအော်ဟစ်၍ မြေပေါ်လဲကျသွားပြီး ခန္ဓာကိုယ်တွန့်လိမ်နေသည်။ တစ်ခြားအဆင့်အေစစ်သားများ အနားသို့မကပ်ရဲကြ။
"ဗီဇဆန့်ကျင်ဓာတ်ပြုပစ္စည်းလား"
ကျိုးထန် နည်းနည်းအံ့အားသင့်သွားသည်။ မီရွှဲ့အာ ဤနေရာသို့ ထိုးဖောက်ဝင်လာရဲသည်မှာ မဆန်းတော့။
မိနစ်ပိုင်းအတွင်း နောက်ထပ်အဆင့်အေစစ်သားသုံးယောက် မြေပေါ်သို့လဲကျသွားသည်။
"ကျိုးထန်၊ အညံ့ခံပါ"
မီရွှဲ့အာ တိုက်ခိုက်နေရင်း ပို၍စွမ်းအားကြီးလာသည်။ သူ့ဘေးပတ်လည်တွင် ခပ်မှိန်မှိန်စွမ်းအင်ရောင်တစ်ခု ထွက်ပေါ်လာဟန်ရှိသည်။
ကျိုးထန်က ဣန္ဒေမပျက်။ ရီမုတ်တစ်ခုကိုထုတ်၍ အနီရောင်ခလုတ်ကိုနှိပ်လိုက်သည်။ ထူးဆန်းသည့်အရည်များ ဦးခေါင်းအထက် မီးသတ်ရေဖြန်းပိုက်များမှ ကျလာသည်။
မီရွှဲ့အာ မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ထိုအရာသည်လည်း ဗီဇဆန်ကျင့်ပစ္စည်းဖြစ်သည်။
ပြေးထွက်ရန် ကြိုးစားသော်လည်း နောက်ကျသွားသည်။ အနီရောင်အရည်များ သူ့အပေါ်ကျလာသည်။ ဆာလဖျူရစ်အစ်ဆစ်ပုံးဖြင့် လောင်းချသလို ခံစားလိုက်ရသည်။
သူနာကျင်စွာအော်ဟစ်နေသည်။ အဆင့်မြှင့်ထားသည့် မျိုးဗီဇများ တဖြေးဖြေးပြိုကွဲသွားသည်။ သူ့စွမ်းအားလည်း တဖြေးဖြေးလျော့လာသည်။
သို့သော် ကျိုးထန် မူရွှဲ့အာကို စမ်းသပ်မှုများအတွက် သုံးချင်သေးသည်။ ဗီဇဆန့်ကျင်ဆေးရည်ပြင်းအားကို မသေနိုင်အောင် ချိန်ဆထားသည်။
"ရွှဲ့အာ။ နင်အဆင်ပြေရဲ့လား
ယုရန် မီရွှဲ့အာကို လှုပ်ခါ၍မေးသည်။ ကိုယ်ပေါ်မှ ဆေးရည်များကို သူ့အဝတ်ဖြင့် ချက်ချင်းသုတ်ပစ်သည်။
သို့သော် ဆေးရည်က မီရွှဲ့အာခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီဖြစ်သည်။
မီရွှဲ့အာ ပြန်မဖြေနိုင်။ ကြမ်းပြင်ပေါ်တွင် နာကျင်စွာညည်းညူရင်း လူးလှိမ့်နေရသည်။
"သူတို့ကိုသွားဖမ်းလိုက်။ အားလုံးကို စမ်းသပ်ဖို့သုံးမယ်"
ကျိုးထန် အမိန့်ပေးသည်။ ကျန်နေသည့် အဆင့်အေစစ်သည်တော်များ လုယန်တို့ဆီ ပြေးတက်လာသည်။
"မလုပ်နဲ့"
ကျန်နေသည့် မီရွှဲ့အာ၏ဆန္ဒသိစိတ်က ကျိုးထန်၏အမိန့်ကို ကြားပြီးနောက် တီးတိုးရေရွတ်သည်။
သူငယ်ငယ်ကတည်းက အေးစိမ့်သည့် ဓာတ်ခွဲခန်းထဲတွင် ကြီးပြင်းခဲ့သည်။ သူ့အပေါ််နွေးထွေးခဲ့သူဟူ၍ သူ့အဘိုးဒေါက်တာသာရှိသည်။ ယခုမှ မိတ်ဆွေသူငယ်ချင်းများတွေ့သည်။ သူတို့ကို အန္တရာယ်အဖြစ်မခံနိုင်။
သို့သော် မျိုးဗီဇဆန့်ကျင်ပစ္စည်းကြောင့် သူ့စွမ်းအားများ လျော့နေသည်။ ယခု မတ်တပ်ပင်မရပ်နိုင်။
မှုန်ဝါးဝါး သူမြင်ကွင်းထဲတွင် သူ့မိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံနေရသည်။ သူ့စိတ်ထဲ စိုးရိမ်ပူပန်နေသည်။
မတ်တပ်ရပ်ရမည်။ သူထရပ်ပြီး သူတို့ကို ကယ်တင်ရမည်။
ဒုတ် ဒုတ် ဒုတ်...
ရုတ်တရက် ပြင်းထန်အားပြင်းသည့် နှလုံးခုန်သံများ ရေခဲခန်းထဲမှ ထွက်လာသည်။ သိပ်မမြန်သော်လည်း ပဲတင်သံများဖြစ်ပေါ်နေသည်။
"ဘာဖြစ်တာလဲ"
သေချာပေါက်နိုင်မည်ဟု ယူဆထားသည့်ကျိုးထန် ရင်ထိတ်လာသည်။ မီရွှဲ့အာ ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်နေသည်။
မူရွှဲ့အာ ဖြေးညှင်းစွာထရပ်လာသည်။ အတင်းကုန်းရုန်း၍ ထသည့်ပုံစံမျိုးမဟုတ်။ မမြင်နိုင်သည့် စွမ်းအားတစ်ခုက ဆွဲထူလိုက်သကဲ့သို့ ရုပ်သေးတစ်ရုပ်လို ထလာခြင်းဖြစ်သည်။
ရွှေရောင်ဆံပင်များ လွင့်မျောနေသည်။ မျက်လုံးများက နီရဲအေးစက်သည်။ လေထု တုန်ခါသွားသည်။ ရေခဲမြူများ ဝဲပျံလာသည်။ ရေခဲခန်းထက်ပင် ပို၍အေးစက်သည်။
"ငါ့မိတ်ဆွေတွေကို ဒုက္ခပေးဖို့ မကြိုးစားနဲ့"
မီရွှဲ့အာ တီးတိုးရေရွတ်သည်။ အဆင့်အေစစ်သားများ လုယန်တို့ကို အလိုလိုလွှတ်ပေးမိသည်။ မြေပေါ်တွင် ဒူးထောက်ကျသွားပြီး မီရွှဲ့အာကို အညံ့ခံကြသည်။
သူတို့မျိုးဗီဇနည်းပညာက မီရွှဲ့အာကိုစမ်းသပ်ထားသည့် သုတေသနများမှ မြစ်ဖျားခံသည်။
ရေခဲခန်းထဲမှ အေးခဲနေသည့်အလောင်းများသည် မီရွှဲ့အာ၏ မူလဇစ်မြစ်ဖြစ်သည်။ အဆင့်အေစစ်သားများလည်း ထိုနည်းတူပင်ဖြစ်သည်။
အဆင့်မြင့်လူသားက အဆင့်နိမ့်လူသားများအပေါ် သက်ရောက်သည့် ဖိအားဖြစ်သည်။ ငြင်းဆန်၍မရ။ အမိန့်မလိုက်နာလျှင် သေမည်။
"သူ့မျိုးဗီဇပြောင်းလဲမှု တကယ်ဖြစ်လာပြီလား"
ကျိုးထန် ပျော်သွားသည်။ မီရွှဲ့အားအခြေအနေက မျိုးဗီဇပြောင်းလဲမှုသီအိုရီနှင့် ကွက်တိကျကိုက်ညီသည်။
"သွေးဆက်နိုးထလာတာပဲ"
လုယန် မီရွှဲ့အာ၏အပြောင်းအလဲများကို စောင့်ကြည့်နေသည်။ အမှန်ဆို ထိုဖြစ်စဉ်က အချိန်ကြာသည်။ သို့သော် မျိုးဗီဇဆန့်ကျင်ဆေးရည်နှင့် လူကယ်ဖို့လိုအပ်ချက် ဖိအားနှစ်ခုကြောင့် သွေးဆက်နိုးထမှု မြန်ဆန်သွားသည်။
ထိပ်သီးကောင်စီကို ဟာသတစ်ခုဟုသာ လုယန်ထင်ခဲ့သည်။ လူသားစွမ်းအားကို ယုံကြည်ကြောင်းပြောပြီး မီရွှဲ့အာကို အဓိကစမ်းသပ်ခံအဖြစ် သုံးနေသည်ဟုမြင်ခဲ့သည်။
မီရွှဲ့အာကိုယ်ထဲတွင် ရှေးဟောင်းနတ်ဆိုးသွေးဆက် နှစ်မျိုးရှိနေပုံရသည်။ လုယန်အတွက် နည်းနည်းထူးဆန်းနေသည်။
"အဆင်ပြေရဲ့လား"
လုယန် လန်ဟိုင်နှင့် ယုရန်ကို ဆွဲထူသည်။ မျိုးဗီဇအဆင့်မြှင့်ထားသူများမဟုတ်သဖြင့် မီရွှဲ့အာလို သက်ရောက်မှုမရှိ။
ကြမ်းပြင်ပေါ် ဒူးထောက်နေသည့် အဆင့်အေစစ်သားများကို မီရွှဲ့အာ အရေးမစိုက်ဘဲ ကျိုးထန်ဆီ တန်းသွားသည်။
ကျိုးထန်က ပြင်းအားမြင့် ဗီဇဆန့်ကျင်ဆေးရည်ပုလင်းကိုပစ်ပေါက်၍ မီရွှဲ့အာကို ထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော် အနားမရောက်မီ ဆေးရည်ပုလင်းက ရေခဲတုံးအဖြစ်ပြောင်းသွားပြီး ကြမ်းပြင်ပေါ်ပြုတ်ကျ၍ ကြေမွသွားသည်။
"ဟာ"
မီရွှဲ့အာ အပြောင်းအလဲများကို သူဉာဏ်မမီတော့။ ထိုအဖြစ်မျိုးကို စူပါပါဝါဟုခေါ်နိုင်သည်။
သိပ္ပံပညာဖြင့် အဖြေထုတ်၍မရ။
မီရွှဲ့အာ ကျိုးထန်ကို လက်ဝါးဖြင့်ရိုက်သည်။ ရေခဲနံရံနှင့်တိုက်မိပြီး သွေးများစီးကျလာသည်။
ကျိုးထန်ကို အဆုံးသတ်ရန်ပြင်လိုက်ချိန်တွင် ရုတ်တရက် ခြေလှမ်းယိမ်းယိုင်သွားသည်။ သူ့သိစိတ်အာရုံကို ရေခဲခန်း၏ အတွင်းပိုင်းသို့ ဆွဲယူခံရသည်။ တစ်စုံတစ်ခုက သူ့ကိုခေါ်နေသယောင် ထင်ရသည်။
ထိုအရာသည် သူ့စွမ်းအားရင်းမြစ်လော...
အတွင်းပိုင်းက မည်းမှောင်နေသည်။ ခုနက တိုက်ပွဲဖြစ်သည့်နေရာမှကြည့်လျှင် အေးခဲနေသည့် ဤနေရာကို မမြင်ရ။ ယခုမှ မူရွှဲ့အာ သေချာမြင်ရသည်။
နှင်းကဲသို့ဖြူဆွတ်နေသည့် ယုန်တစ်ကောင်လဲလျောင်းသည်။ ဈေးတွင်တွေ့ရသည့် အိမ်မွေးယုန်များနှင့် ခွဲခြားမရ။
"ရှေးဟောင်းခေတ်က ကျောက်စိမ်းယုန်ပဲ"
လုယန် တီးတိုးရေရွတ်သည်။
မီရွှဲ့အာ၏သိစိတ်က ယုန်အလောင်းထဲသို့ အလိုလိုဝင်သွားသည်။
ဝင်လိုက်သည်နှင့် အတွေးပေါင်းထောင်ချီ သူ့စိတ်အာရုံသို့ လှိမ့်ဝင်လာသည်။ မှောင်မိုက်သည်၊ အေးစက်သည်။ မကောင်းသည့် အစွန်းရောက် ခံစားချက်များပြည့်နေသည်။
ဒါကဘာလဲ...
ယုန်နှင့် တစ်သားတည်းဖြစ်သွားသည်ကို မီရွှဲ့အာ ခံစားမိသည်။ သို့သော် ထိုယုန်၏ မကောင်းသည့်ခံစားချက်များကလည်း သူ့ကိုလွှမ်းမိုးနေသည်။
ကျောက်စိမ်းယုန်အလောင်း ဖြေးညှင်းစွာ မျက်လုံးပွင့်လာသည်။ မူလစွမ်းအား နည်းနည်းသုံးရုံဖြင့် ကျိုးထန်၏ နံရိုးကိုချိုးဖြတ်၍ အဆုတ်ကိုထိုးဖောက်ဖို့ လုံလောက်သည်။
..မဟုတ်ဘူး။ ငါဒီလို လွှမ်းမိုးခံလို့မဖြစ်ဘူး။ ဒီမူလစွမ်းအားက ကျိုးထန်ကို သတ်နိုင်သလို ငါ့မိတ်ဆွေတွေအတွက်လည်း အန္တရာယ်ရှိလာလိမ့်မယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေ လွှမ်းမိုးလာရင် ငါ့မိတ်ဆွေတွေ သေသွားမှာပဲ။
မီရွှဲ့အာ၏ နူးညံ့သည့်သိစိတ်က မကောင်းသည့်ခံစားချက်များကို တိုက်ခိုက်သည်။
မီရွှဲ့အာ လုယန်တို့ဆီ လှမ်းကြည့်သည်။ သူ့အတွင်းစိတ်ကို ရုန်းကန်နေရချိတ်တွင် သူ့မိတ်ဆွေများလည်း ဒုက္ခရောက်နေပေလိမ့်မည်။ သူတို့၏ရင်းနှီးမှုသံယောဇဉ်ဖြင့် ဤအခက်အခဲကို ကျော်လွှားနိုင်ရမည်။
ထို့နောက် လုယန်တို့လူစု လုံးဝအထိအခိုက်မရှိသည်ကို မြင်လိုက်ရသည်။
မီရွှဲ့အာ "..."
မကောင်းသည့်ခံစားချက်များ သူ့အာရုံကို ချက်ချင်းလွှမ်းမိုးသွားသည်။
****************************