အခန်း ၁၂၉၅
Vol. 87 Ch. 1295
အခန်း (၁၂၉၅) နေပေါက်ကွဲတော့မည်
ရေခဲခန်း ကြေမွပျက်စီးသွားသည်။ ကျောက်စိမ်းယုန်က နီရဲသည့် မျက်လုံးအစုံဖြင့် ရေခဲခန်းအတွင်းပိုင်းမှ လုယန်ဆီ ခုန်ဝင်လာသည်။
လုယန် နည်းနည်းနားမလည်နိုင်အောင်ဖြစ်သွားသည်။
ဤအခြေအနေသည် မူရွှဲ့အာ၏ သွေးဆက်နိုးထခြင်းဖြစ်သည်။ သူကြိုးစားတောင့်ခံနိုင်လျှင် ဝိညာဉ်စွမ်းအားနှင့် သွေးဆက်စွမ်းအား များစွာတိုးတက်လာသည်။
မကောင်းသည့်ခံစားချက်များနှင့် နပန်းလုံးနေခဲ့သည်ကိုလည်း လုယန်အာရုံခံမိသည်။
မူရွှဲ့အာက ဗီဇဆန့်ကျင်ပစ္စည်းကို ခံနိုင်ရည်ရှိသည်။ သွေးဆက်ကို လှုံ့ဆောက်နိုင်ခဲ့သည်။ စိတ်ဓာတ်ခွန်အား မယုံနိုင်လောက်အောင် ကောင်းမွန်ကြောင်း သက်သေခံနေသည်။
နည်းနည်းအားစိုက်လျှင် ဤအခြေအနေကို ကျော်ဖြတ်နိုင်လောက်သည်။
သို့သော်ဘာကြောင့် ရုတ်တရက် မကောင်းသည့်ခံစားချက်များ လွှမ်းမိုးသွားသည်မသိ။
လန်ဟိုင်နှင့်ယုရန်ကို ပုံမှန်လှုပ်ရှားမှုဖြင့်သာ လုယန်ကာကွယ်သည်။ ပြင်းထန်သည့်ဖိအား မထိအောင်ကာထားသည်။ တစ်ခြားဘာမှသူမလုပ်။
ကျောက်စိမ်းယုန်သည် မသေမီက ကျင့်စဉ်စွမ်းအားမြင့်ခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်ရှိသည်။ သို့သော် မီရွှဲ့အာလို ဘာကျင့်စဉ်အခြေခံမှမရှိသည့် လူတစ်ယောက်က ထိန်းချုပ်နေခြင်းဖြစ်၍ မူလစွမ်းအား၏ အပုံတစ်သောင်းတွင် တစ်ပုံပင်မထုတ်နိုင်။
"ခုနက မင်းတို့အားလုံး တိုက်ခိုက်ပြီးပြီ။ အခုငါ့အလှည်ပဲ"
လုယန် ကြေငြာ၍ ရှေ့ထွက်ရပ်သည်။ ကျောက်စိမ်းယုန်က စွမ်းအားနည်းနေသော်လည်း လန်ဟိုင်တို့ ခံနိုင်ရည်ရှိမည်မဟုတ်။
ကျောက်စိမ်းယုန်နှင့်တိုက်မိလျှင် အဆင့်အေစစ်သားတစ်ရာ လဲကျပြီး ရင်ဘတ်တွင် အပေါက်များဖြစ်သွားနိုင်သည်။
ထိုယုန်ကို လွတ်သွားလျှင် ကြယ်စုမဟာမိတ်တစ်ခုလုံး ရင်ဆိုင်နိုင်မည်မဟုတ်။
ဒေါသတကြီးပြေးဝင်လာသည့် ကျောက်စိမ်းယုန်ကို လုယန် နားရွက်နှစ်ဘက်မှ ကိုင်ချုပ်လိုက်သည်။ ယုန်ခြေထောက်များက အတင်းကုတ်ခြစ်သော်လည်း အချည်းအနှီးသာဖြစ်သည်။
လန်ဟိုင်နှင့်ယုရန်တို့ ကျောက်ရုပ်လိုဖြစ်နေသည်။ အရင်ဆုံး ရုတ်တရက်စွမ်းအားတိုးလာသည် မီရွှဲ့အာကိုမြင်ရသည်။ အတင်းတိုက်ခိုက်သည်။ ထို့နောက် ရုတ်တရက် ဘာမှန်းမသိဘဲ လဲကျသွားသည်။
ရေခဲခန်းအတွင်းပိုင်းမှ ချစ်စရာကောင်းသည့် ယုန်တစ်ကောင်ခုန်ထွက်လာသည်။ အကိုမုန်က အလွယ်တကူ ဖမ်းချုပ်လိုက်သည်။
ဘာတွေဖြစ်နေသည်မသိ။
အကိုမုန်ကလည်း ယုန်ဖမ်းနိုင်သည်ကို ကိစ္စကြီးတစ်ခုအောင်မြင်သကဲ့သို့ ဝင့်ကြွားသည့်အမူအရာမျိုး ရှိနေသည်။
ကျောက်စိမ်းယုန်က လုံးဝအလျှော့မပေးဘဲ ရှောင်ယန်ကို ကိုက်ဖို့ကြိုးစားနေသဖြင့် နတ်မယ် အမြင်ကပ်လာသည်။ သိစိတ်အာရုံတစ်စထုတ်လွှတ်ပြီး ကျောက်စိမ်းယုန်ကို အမိန့်ပေးသည်။
"ကောင်းကောင်းနေပါ။ ထပ်မခုန်နဲ့တော့"
စကားလုံးဖြင့် ရိုးရှင်းစွာ သတိပေးရုံသာဖြစ်သည်။ ကျောက်စိမ်းယုန်၏ ခြောက်ကပ်နေသည့် သိစိတ်နယ်မြေ ငလျင်လှုပ်သလို တုန်ခါလာသည်။ အသက်ရှိစဉ်က ဗီဇတုံ့ပြန်မှုများ နိုးထလာသည်။
တစ်ကိုယ်လုံး အလိုလိုတုန်ရင်လာသည်။ မကောင်းသည့်ခံစားချက်များ လွှမ်းမိုးနေသည့် မီရွှဲ့အာ၏သိစိတ်ဝိညာဉ် လှုပ်နှိုးခံလိုက်ရသည်။ သူ့မူလခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသည်။
"နတ်မယ်၊ ခင်ဗျားစကားက ဒီလောက်တောင်ထိရောက်မှုရှိတယ်ပေါ့"
လုယန် တအံ့တဩပြောသည်။ စကားလုံးမှော်ပညာဟုပင် ပြောရမလိုဖြစ်နေသည်။
"ဒါပေါ့။ ငါ့ကို ဘယ်လိုလူထင်လို့လဲ။ သက်ရှိနတ်ဆိုးသားရဲပဲဖြစ်ဖြစ် သေပြီးသားအလောင်းပဲဖြစ်ဖြစ် ငါ့ကိုအားလုံးကြောက်ကြတယ်"
နတ်ဆိုးသားရဲများ ကြောက်ကြသည့်အဖြစ်သည် ကြွားလုံးထုတ်စရာကိစ္စမဟုတ်ဟု လုယန်ယူဆသည်။
ထိုသို့တွေးမိသဖြင့်...သူလက်ခုပ်တီးလိုက်သည်။
"အရှင်မရဲ့ ဂုဏ်သရေက နယ်မြေအကန့်အသတ်မရှိ ပျံ့နှံ့တယ်။ စစ်သည်တစ်ယောက်မှမလွှတ်ဘဲ ဟင်းချက်ပညာသုံးရုံနဲ့ နတ်ဆိုးသားရဲတွေကို အညံ့ခံအောင်လုပ်နိုင်တယ်။ တကယ့်ဉာဏ်ရည်မြင့်အုပ်ချုပ်သူတစ်ယောက်ရဲ့ အပြုအမူမျိုးပါပဲ"
မင်းခစားတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးစွမ်းရည်က အလုပ်တစ်ခုထက်မက တစ်ပြိုင်တည်းလုပ်နိုင်ခြင်းဖြစ်သည်။ စကားပြောရင်း စဉ်းစားရသည်။
"ငါဘာဖြစ်သွားတာလဲ"
မီရွှဲ့အာ နိုးလာချိန်တွင် ကိုက်ခဲနေသည့်ခေါင်းကို လက်ဖြင့်အုပ်ထားသည်။
ယုန်တစ်ကောင်အဖြစ် အသွင်ပြောင်းပြီး အကိုမုန်ဆီ ခုန်ဝင်သွားခဲ့သလို ခံစားရသည်။ ထို့နောက် သူလန့်နိုးလာသည်။
လန်ဟိုင်နှင့်ယုရန်တို့ အမြန်ပြေးလာပြီး သူ့ကိုကူတွဲကြသည်။ သူ့ဒဏ်ရာများအတွက် စိုးရိမ်နေသည်။
"ရွှဲအာ၊ နင်အဆင်ပြေရဲ့လား"
"ပြေပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ကို အဆင်ပြေနေတယ်"
မီရွှဲ့အာ ဤအခြေအနေမျိုး တစ်ခါမှမခံစားဖူး။ လူသားအကန့်အသတ်ကိုလွန်မြောက်သွားသလို ခံစားရသည်။
ယခု တင့်ကားများကို အလွယ်တကူပြောင်းပြန်လှန်နိုင်လောက်သည်။ သူ့ခန္ဓာကိုယ်ကလည်း ဘယ်လက်နက်မှ မထိုးဖောက်နိုင်တော့သလို ဖြစ်လာသည်။
ဘာတွေဖြစ်နေသည်မသိ။
ရုတ်တရက် မြေပြင်တုန်ခါလာသည်။ အားလုံး ရင်ထိတ်သွားသည်။
လုယန် မျက်ခုံးတစ်ဘက်မြင့်တက်သွားပြီး မော့ကြည့်သည်။ ထူထဲသည့် မြေထုအလွှာများကို ထိုးဖောက်၍ ဦးခေါင်းထက်မှတည်မြဲကြယ် အသွင်ပြောင်းလာသည်ကို မြင်ရသည်။
တရားမဝင် 'နေ'ကိုတူးနေသည်ဟု သူကြားခဲ့သည်မဟုတ်လော။ ယခု မုရုံကော်ပိုရေးရှင်းက ဘာကိုတူးဖော်လိုက်သည်မသိ။
"အကိုမုန်၊ ငလျင်လှုပ်နေပြီ။ သတိထားပါ။...အဲ အကိုမုန် ဘယ်ရောက်သွားတာလဲ"
......
"ဒီသတ္တုလက်က ကောင်းသားပဲ။ မင်းဘယ်ကဝယ်တာလဲ"
"စကြာဝဠာနည်းပညာလုပ်ငန်းစုက နောက်ဆုံးထွက်တဲ့ ထုတ်ကုန်လေ။ လန်းတယ်မဟုတ်လား"
"တကယ်လန်းတွယ်ကွာ။ လစာထုတ်ရင် ငါလည်း လက်တစ်စုံလောက်ဝယ်ဦးမှပဲ"
"အိပ်မက်မက်မနေနဲ့တော့။ မင်းလိုချင်တိုင်း ဝယ်လို့ရမယ်ထင်နေလား။ တန်းစီပြီး ကံစမ်းမဲနှိုက်ရတာကွ"
စက်ယန္တရားအဆောက်အဦးများ ဖုံးလွှမ်းနေသည့် နေမြို့တော်တွင် မုရုံလုပ်ငန်းစုမှ အင်ဂျင်နီယာနှစ်ယောက် လက်ရန်းကိုမှီ၍ စကားပြောနေသည်။
နေမြို့တော်ဟု နာမည်တွင်သော်လည်း ထိုနေရာတွင် နေထိုင်သူမရှိသလောက်ရှားသည်။ တူးဖော်ရေးလုပ်ငန်းများတွင် မုန်ရုံလုပ်ငန်းစုသီးခြားတီထွင်ထားသည့် ဉာဏ်ရည်တုနည်းပညာကိုသာ အဓိကသုံးသည်။
ဉာဏ်ရည်တု တူးဖောက်ရေး ကိရိယာများက နေစွမ်းအင်ကို အလိုအလျောက် ထုတ်ယူသည်။ အနီးအနားကြယ်များသို့ လေဟာနယ်ဓာတ်လှေခါးမှတစ်ဆင့် နေစွမ်းအင် အဆက်မပြတ်ပို့ပေးသည်။
မုရုံလုပ်ငန်းစု ဤနေရာတွင် နေမြို့တော်တည်ဆောက်ခွင့် လေလံအောင်ပြီးကတည်းက ပျမ်းမျှအားဖြင့် နှစ်သုံးဆယ်ကြာလောက်ကြာမှ အသေးအဖွဲ အမှားအယွင်းတစ်ခုသာဖြစ်သည်။ ကြီးမားသည့် မတော်တဆမှုများ မဖြစ်ခဲ့ဖူး။
ရုတ်တရက် နေရာစုံမှ အန္တရာယ်အချက်ပေးသံများ မြည်လာသည်။ အနီရောင်မီးလုံးများ တဖျတ်ဖျတ်တောက်ပလာသည်။ အင်ဂျင်နီယာနှစ်ယောက် မျက်နှာဖြူရော်သွားသည်။
တစ်ယောက်က စိတ်ငြိမ်ဆေးကို ဦးနှောက်ထဲ တိုက်ရိုက်ထိုးသွင်းပြီး စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ အချက်ပြကြိမ်နှုန်းအရ နေမြို့တော်၏ အမြင့်ဆုံးအန္တရာယ်ကို ကိုယ်စားပြုနေသည်။ အန္တရာယ်အချက်ပြစက်များ သုံးဆယ်ရာနှုန်းကျော် ပျက်စီးသွားသည်။
စောင့်ကြည့်ဒေတာများ အမြန်ဆွဲယူ၍ ကြည့်လိုက်သည်။ ဒေတာငါးဆယ်ရာနှုန်းက အမြင့်ဆုံးကန့်သတ်ချက်ကို ကျော်နေသည်။ ကျန်သည့်ဒေတာများကလည်း တဖြည်းဖြည်း အမြင့်ဆုံးစံနှုန်းသို့ချဉ်းကပ်လာသည်။
ခြောက်ဆယ်ရာနှုန်း...ခုနစ်ဆယ်ရာနှုန်း...
လက်ရှိအခြေအနေက မုရုံလုပ်ငန်းစု ကြိုတင်တွက်ဆထားသည်ထက် များစွာကျော်လွန်သည်။
အင်ဂျင်နီယာနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ စိတ်ငြိမ်ဆေးသောက်ထားသော်လည်း စိတ်တည်ငြိမ်မှုမရှိတော့။
"နေက ပေါက်ကွဲတော့မှာလား"
သို့သော် ဖြစ်နိုင်စရာမရှိ။ တရားမဝင်ကြယ်စွမ်းအင်တူးဖော်မှုများစွာ လုပ်ခဲ့သည်။ ကြုံတွေ့ခဲ့သည့် မတော်တဆဖြစ်ရပ်များက ၁ ရာနှုန်းပင်မရှိ။
ထိုဖြစ်ရပ်များကလည်း နေပေါက်ကွဲလောက်သည့် အတိုင်းအတာမျိုး လုံးဝမဟုတ်။
နေမြို့တော်၏ နေရာစုံတွင် ထိုအခြေအနေမျိုး ဖြစ်နေသည်။ မုရုံလုပ်ငန်းစုကို ကပ်ဆိုးလွှမ်းမိုးလာသည်။ မုရုံမိသားစုခေါင်းဆောင်ပင် စိုးရိမ်ပူပန်လာသည်။
ကြယ်တာရာအဖွဲ့ သတိပေးခဲ့သည့်ကိစ္စက ပုံကြီးချဲ့၍ပြောခြင်းမဟုတ်။ ယခု နေ(ကြယ်)က တကယ်ပေါက်ကွဲတော့မည်။
ပေါက်ကွဲသည်နှင့် ကြယ်စုတစ်ခုလုံး ချက်ချင်းပျက်စီးသွားမည်။ ဘယ်သူမှ အသက်ရှင်နိုင်မည်မဟုတ်။
ဖန်သားပြင်တွင် နေပေါက်ကွဲမှုဖြစ်ရပ်အတွက် ဉာဏ်ရည်တုနည်းပညာဖြင့် ခန့်မှန်းတွက်ချက်ထားသည့် အမှတ်စဉ်(count down)ရေတွက်မှု စပေါ်လာသည်။
ဇီးရိုးသို့ရောက်ချိန်တွင် အင်ဂျင်နီယာနှစ်ယောက်လုံး သွေးဆုတ်ဖြူရော်နေသည်။ သို့သော် ထင်ထားသလို ပေါက်ကွဲမှုဖြစ်မလာ။
"အားလုံး...အားလုံးအဆင်ပြေသွားပြီလား။ ဘာလို့မပေါက်ကွဲတာလဲ"
"ကွန်ပြူတာစနစ် အမှားအယွင်းဖြစ်မယ်ထင်တယ်"
နှစ်ယောက်သား စိတ်သက်သာရာရ၍ သက်ပြင်းချရန်ပြင်နေစဉ် နေမြို့တော် တုန်ခါလာသည်။ မြေမျက်နှာပြင် ကြွတက်လာသည်။ နီရွှေရောင်တောင်ပံတစ်ခု စွမ်းအင်ထုတ်ပြွန်ကိုဖြတ်၍ ထိုးထွက်လာသည်။
တောင်ပံက ဝေလငါးထက်ပင် ပိုကြီးသည်။
ငှက်အော်သံတစ်ခု လေဟာနယ်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ပစ္စည်းကိရိယာများစွာ ကြေမွပျက်စီးသွားသည်။ စွမ်းအားမြင့် နာနိုပစ္စည်းများလည်း ခံနိုင်ရည်မရှိ။
ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် နီရွှေရောင် တောင်ပံတစ်စုံ ထိုးထွက်လာသည်။ တောင်ပံကြားကွက်လပ်နေရာများတွင် အပူချိန် ဒီဂရီတစ်သောင်းကျော်ရှိသည့် ချော်ရည်များ စိမ့်ထွက်နေသည်။
နောက်ဆုံးတွင် ထိုသတ္တဝါကြီးကို ပုံစံအမှန်ကို အင်ဗျင်နီယာနှစ်ယောက် မြင်ကြရသည်။ ခြေသုံးချောင်းငှက်ကြီးတစ်ကောင်ဖြစ်သည်။ နီရွှေရောင်ခန္ဓာကိုယ်ရှိသည်။ မျက်လုံးများက ဟောက်ပက်ဖြစ်နေသည်။
နှုတ်သီးက သူတို့မမြင်ဖူးသည့် သတ္တုတစ်မျိုးဖြစ်သည်။
ခုနက ကြုံခဲ့ရသည့် ဖြစ်ရပ်များသည် နေပေါက်ကွဲမည့်လက္ခဏာမဟုတ်။ ထိုသားရဲထွက်လာခြင်းကြောင့်ဖြစ်သည်။
ဘယ်လိုသတ္တဝါမျိုး တစ်ချိန်လုံး နေထဲတွင် အောင်းနေခဲ့သည်မသိ...
ထိုစဉ် အလွန်သိသာထင်ရှားသည့် အက်ကြောင်းများ နေမျက်နှာပြင်၌ ပေါ်လာသည်။ ကွဲထွက်တော့မလို ဖြစ်လာသည်။
မွေးဖွားစ ဤနတ်ဆိုးသားရဲက နေကိုအက်ကွဲအောင် လုပ်နိုင်သလော...
နတ်ဆိုးသားရဲက တောင်ပံကိုတဖျတ်ဖျတ်ခတ်လိုက်သည်။ လွင့်စင်ကျလာသည့် ချော်ရည်များကြောင့် နေမြို့တော် ပျက်စီးတော့မလို ဖြစ်နေသည်။
နှစ်ယောက်လုံး စိတ်ပျက်အားငယ်နေချိန်တွင် လူတစ်ယောက် ပေါ်လာသည်။ ရိုးရှင်းသည့်လက်သီးတစ်ချက်ဖြင့် မဟာနတ်ဆိုးသားရဲကို နေလုံးထဲသို့ ပြန်ထိုးသိပ်သည်။
"နတ်မယ်၊ ဒီရွှေကြီးကန်းအလောင်းက ဘယ်လိုဖြစ်တာလဲ။ ဘာလို့ ရုတ်တရက် လှုပ်ရှားလာတာလဲ"
"ကျောက်စိမ်းယုန်ကြောင့်ဖြစ်မယ်ထင်တယ်"
ရင်းနှီးနေသည့် ရွှေကျီးကန်းအကြောင်း ပြန်စဉ်းစားနေရင်း နတ်မယ် ချက်ချင်းနားလည်သွားသည်။
"ငါမှတ်မိပြီ။ ဒီစုံတွဲဟာ ကိုးဆမသေမျိုးက ယင်ယန်တာအိုကို လေ့လာဖို့ အတင်းမိတ်လိုက်ခိုင်းခဲ့တဲ့ ရွှေကျီးကန်းနဲ့ကျောက်စိမ်းယုန်ပဲ။ ဒီမျိုးနွယ်တွေအားလုံးက တစ်ကောင်နဲ့တစ်ကောင် ပုံစံချင်းအတော်တူကြတော့ ခွဲခြားပြီးပြောဖို့ခက်တယ်။
ကိုးဆမသေမျိုးက သူ့လေ့လာမှုပြီးသွားလို့ ပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာ သူတို့က ဒီနေရာကို ပြောင်းရွှေ့လာပြီး တဖြေးဖြေးအသက်အရွယ်အိုမင်းလို့ သေသွားကြတာဖြစ်မယ်။ ပြီးတော့ ရွှေကျီးကန်းပါးစပ်ထဲမှာ ထိပ်တန်းဝိညာဉ်ကျောက်တွေ စုပုံနေတယ်။
အဲဒါ ကိုးဆမသေမျိုးက စမ်းသပ်ခအဖြစ် ပေးခဲ့တာဖြစ်မယ်။ ဒါပေမယ့် သေတဲ့အထိ မသုံးဖြစ်လို့ သူတို့နဲ့အတူ မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာထင်တယ်"
*******************************