အခန်း ၁၃၀၀
Vol. 87 Ch. 1300
အခန်း (၁၃၀၀) အခုမှစကြာဝဠာထဲဝင်လာတာပါ
ထိပ်သီးကောင်စီခန်းမထဲသို့ ပုံရိပ်ဆယ့်တစ်ခု စားပွဲဝိုင်းပတ်လည်တွင် ဆက်တိုက်ထိုးကျလာပြီး စည်းဝေးပွဲခေါ်သူကို စောင့်မျှော်နေသည်။
တစ်ယောက်က စိတ်မရှည်တော့။
"လောင်ကောင်းက ငါတို့ကို အရေးပေါ်စည်းဝေးပွဲခေါ်ပြီး သူကဘာလို့နောက်ကျနေတာလဲ။ တကယ်ဆို သူအရင်ရောက်နေသင့်တာမဟုတ်လား"
သူ့နာမည် ဝမ်ကျင်းလုန်။ ဝမ်မိသားစုကွန်ဂလိုမရိတ်၏ ခေါင်ဆောင်ဖြစ်သည်။ မုရုံလုပ်ငန်းစုသည် သူ့လက်အောက်ခံလုပ်ငန်းစုများစွာထဲမှ တစ်ခုသာဖြစ်သည်။
"ဒီစည်းဝေးပွဲရဲ့ ရည်ရွယ်ချက်ကို သူမပြောထားဘူးလား။ ဆာဂစ်တားရီးယပ်ကြယ်စုထဲက နေလုံးပေါက်ကွဲမလိုဖြစ်ရတဲ့ အကြောင်းရင်းကို တွက်ချက်ဖို့များလား"
ထိုကြယ်စုမှ ပြည်သူများကို ထာဝရကြယ်စုသို့ ယာယီရွှေ့ပြောင်းထားသည်။ သူ့လက်အောက်မှ လုပ်ငန်းခွဲများအားလုံး ထိုရွှေ့ပြောင်းမှုကြောင့် များစွာဆုံးရှုံးနစ်နာခဲ့ကြောင်း ညည်းညူကြသည်။ ထိုလူများကို ပြန်ခေါ်ဖို့ မဟာမိတ်အဖွဲ့ကို တောင်းဆိုထားသည်။
"ခင်ဗျားရောသိလား၊ တပ်မှူး"
တပ်မှူးသည် ခန္ဓာကိုယ်တောင့်တင်းသည့် သက်လတ်ပိုင်းလူဖြစ်သည်။ မဟာမိတ်၏ တပ်ဖွဲ့လုံးကို အုပ်ချုပ်သည်။ အလွန်အရေးပါသည့်လူဖြစ်သည်။
"ခေတ်နောက်ကျနေတဲ့ ကမ္ဘာသားတစ်ချို့ကို ကူညီဖို့လို့တော့ပြောတယ်။ အသေးစိတ်မပြောဘူး"
"အားလုံးပဲ ဆောရီးပါ။ ပုံရိပ်ဖော်စက် ပြန်ချိန်ညှိနေရတာ ကြာသွားလို့ပါ"
ပုံရိပ်တစ်ခု အရောင်လက်လာပြီး ကောင်းဟွမ်ယု ရောက်လာသည်။ သို့သော် ဤတစ်ကြိမ် သူတစ်ယောက်တည်းမဟုတ်။ အပြင်ကမ္ဘာသားဧည့်သည်လည်း ပါလာသည်။
အပြင်လူကိုမြင်သည်နှင့် ဝမ်းကျင်းလုန် မျက်နှာပျက်သွားသည်။
"ဘာလို့အပြင်လူကို ခေါ်လာတာလဲ။ ဒါက ထိပ်သီးကောင်စီပါ"
"ဒါက မင်းတို့တွေ့ချင်တဲ့လူပဲလေ"
ထိုအချိန်ကျမှ လူသစ်မျက်နှာကို သေချာကြည့်မိပြီး အားလုံးအံ့အားသင့်သွားသည်။
အပြင်ဂြိုလ်သားလုယန်။
တပ်မှူးလည်း အံ့ဩနေသည်။ ထိပ်သီးကောင်စီ တည်ထောင်ကတည်းက အပြင်လူတစ်ယောက် ထိုစည်းဝေးပွဲမျိုး တစ်ခါမှမခေါ်ခဲ့ဖူး။
လက်အောက်ခံအဖွဲ့ဝင်များပင် ထိုသို့တက်ခွင့်မရ။
"ဟယ်လို၊ အားလုံးပဲ၊ ကျုပ်နာမည် လုယန်ပါ။ ခင်ဗှားတို့ကျုပ်ကို တွေ့ချင်နေတယ်ကြားလို့ လာခဲ့တာပါ"
ထိပ်သီးဆယ့်တစ်ယောက်၏ အမူအရာကို သတိမထားမိဟန်ဖြင့် လုယန်က ပြုံး၍နှုတ်ဆက်သည်။
"မင်းက ဟိုဂြိုလ်သားပဲ"
တကယ်လုယန်အစစ်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အားလုံးစိတ်ဝင်စားလာသည်။
မဟာမိတ်သည် စကြာဝဠာသခင်ဟု သတ်မှတ်နိုင်သည်။ ကြယ်စုကိုအုပ်ချုပ်နေသည့် ဤထိပ်သီးဆယ့်တစ်ယောက်သည် လျှို့ဝှက်ချက်များစွာ အမှန်တရားများစွာ သိထားသည်။ တော်ရုံလူကို သူတို့အရေးမစိုက်။
လုယန်က ချွင်းချက်ဖြစ်သည်။
ကောင်းဟွမ်ယုက လုယန်ကို ခေါ်လာသည်မှာ သဘာဝကျသည်။ အီသာကွန်ပြုတာတစ်ခုမှ ရှာတွေ့ခဲ့ခြင်းဖြစ်မည်။
"ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ကို ကျင့်ကြံသူလို့ ခေါ်စေချင်ပါတယ်။ ဂြိုလ်သားမဟုတ်ပါဘူး"
"ကျင့်ကြံသူ..."
ကောင်စီဝင်များ ထက်မြက်သည့်ဉာဏ်ရည်ကို အပူတပြင်းသုံး၍ စဉ်းစားသော်လည်း တစ်ခါမှမကြားဖူးကြ။
"ကျင့်ကြံသူတွေအကြောင်း ရှင်းပြဖို့က အတော်ရှုပ်ထွေးပါတယ်။ ကိုယ့်ကိုယ်ကို ပိုသန်မာအောင် အထူးစွမ်းအားတစ်မျိုး သုံးနေတဲ့လူတွေလို့ ခင်ဗျားတို့နားလည်လို့ရပါတယ်။
ဒီအထူးစွမ်းအားကို ဝိညာဉ်စွမ်းအားလို့ခေါ်တယ်။ ဝိညာဉ်ကျောက်တွေမှာ ဝိညာဉ်စွမ်းအင်တွေ အများကြီးရှိတယ်။
လုယန် ဝိညာဉ်ကျောက်တစ်လုံးထုတ်၍ စကင်ဖတ်ပြီး ထိုကျောက်၏တည်ဆောက်ပုံကို ပုံရိပ်ဖော်ပြသည်။
"ဒါကဝိညာဉ်ကျောက်လား"
ထိုတည်ဆောက်ပုံမျိုး တစ်ခါမှမမြင်ဖူးကြ။ စကြာဝဠာကို သူတို့နယ်နှံ့ခဲ့သည်ဟု ထင်ခဲ့သည်။ အုပ်ရေးနယ်မြေများစွာရှိသည်။ ပစ္စည်းမျိုးစုံမြင်ဖူးသည်။
သို့သော်ယခု သူတို့ရှာမတွေ့သေးသည့် သဘာဝပစ္စည်းတစ်မျိုး ရှိနေသည်။
"ကျုပ်နေတဲ့ကမ္ဘာမှာ ဝိညာဉ်ကျောက်တွေ အများကြီးရှိတယ်။ ကျင့်ကြံဖို့အတွက် ကျုပ်တို့ဒါတွေသုံးကြတယ်။ ကျုပ်လာခဲ့တဲ့ကမ္ဘာက...အင်း...လောလောဆယ် ကျင့်ကြံမှုလောကလို့ပဲ ခေါ်ကြတာပေါ့။
နောက်မှ တရားဝင်နာမည်တစ်ခု ပြောင်းလို့ရပါတယ်"
"ယာယီ..ဟုတ်လား"
တပ်မှူးက လုယန်စကားထဲမှ သွယ်ဝိုက်အဓိပ္ပါယ်ကို သတိထားမိသည်။ နာမည်ပင်မရှိသေးသည့်သဘော ဖြစ်သည်။
"မစ္စတာလုတို့ကမ္ဘာက တစ်ခြားသက်ရှိကြယ်ကမ္ဘာတွေနဲ့ တစ်ခါမှမဆက်ဆံဖူးဘူးလား"
လုယန် နည်းနည်းရှက်သွားသော်လည်း အမှန်အတိုင်းပြောသည်။
"အမှန်အတိုင်းပြောရရင် ကျုပ်တို့ကမ္ဘာက စကြာဝဠာကိုလာနိုင်တာ သိပ်မကြာသေးဘူး။ အရင်က စကြာဝဠာဆိုတာ ဘယ်လိုပုံမှန်းမသိကြပါဘူး"
ကောင်စီဝင်များ ဆွံ့အသွားကြသည်။ ကျင့်ကြံမှုလောကသည် ခေတ်နောက်ကျလွန်းသဖြင့် ယခုမှ စကြာဝဠာသို့ ခြေချနိုင်ခြင်းဖြစ်မည်။
"မစ္စတာလုရဲ့လှေပျံက အတော်အဆင့်မြင့်တယ်။ wormholes ကိုဖြတ်ပြီး လေဟာနယ်ခုန်ကူးသွားသလိုထင်ရတယ်"
ဝမ်ကျင်းလုန်က သံသယမျက်လုံးဖြင့်ကြည့်သည်။ ထိုယာဉ်ပျံမျိုးရှိသည့် ကမ္ဘာက စကြာဝဠာထဲသို့ ယခုမှဝင်လာသည်မှာ ဖြစ်နိုင်သလော။
"ဪ..ဟိုလှေကို ပြောတာလား။ အဲဒါလည်း တီထွင်ထားတာ မကြာသေးဘူး။ အရင်က ဒါမျိုးမရှိပါဘူး"
လုယန် ရိုးရိုးသားသားပြောသည်။ ဝမ်ကျင်းလုန် ပို၍သံသယပွားလာသည်။ ထိုသို့ဆိုလျှင် မဟာမိတ်နည်းပညာက သိက္ခာကျစရာဖြစ်လာသည်။
သိလိုစိတ်ကို မထိန်းနိုင်သဖြင့် နောက်ဆုံးမေးခွန်းမေးသည်။
"မစ္စတာလုမှာ ထူးခြားတဲ့နည်းလမ်းတွေရှိနေတာ ကျုပ်မြင်ရတယ်။ ကောင်းကင်ပင်လယ်ကြယ်က သားရဲရိုင်းတွေကို ရှင်းလင်းနိုင်တယ်။ ကျည်ဆန်တွေကို တားနိုင်တယ်။ အဲဒါဘယ်လိုလုပ်တာလဲ"
"ဒါကိုရှင်းပြရရင်တော့ ရက်တွေအများကြီးကြာပါလိမ့်မယ်"
အမှန်အတိုင်းပြောခြင်းဖြစ်သည်။ ကျင့်ကြံမှုစနစ်အကြောင်း အစအဆုံးရှင်းပြရမည်။ ကောင်စီဝင်များက ကျင့်ကြံမှုနှင့် အထိအတွေ့မရှိသဖြင့် ပိုခက်ခဲလိမ့်မည်။
"ဒါတွေက စကြာဝဠာအနှစ်သာရကို နားလည်ထားတဲ့ ကျင့်ကြံသူတွေပဲ လုပ်နိုင်တဲ့ နည်းလမ်းတွေလို့ ခင်ဗျားနားလည်လို့ရပါတယ်"
စကြာဝဠာအနှစ်သာရ...။ ဝမ်ကျင်းလုန် စဉ်းစားသည်။ ထိုစကားလုံးမျိုး မကြားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သဘာဝကို ယုံကြည်ကြသည့် လယ်ယာစိုက်ပျိုးရေးခတ်မှလူများသာ ထိုစကားမျိုးပြောလိမ့်မည်။
"မစ္စတာဝမ်ဘာတွေးနေလဲ ကျုပ်သိပါတယ်။ ကျုပ်တို့ကျင့်ကြံမှုလောကဟာ တကယ့်ကို အတော်ခေတ်နောက်ကျပါတယ်။ ဒါကြောင့် မဟာမိတ်အနေနဲ့ ကျုပ်တို့ကမ္ဘာကို လူနည်းနည်းလွှတ်ပြီး နည်းပညာအကူအညီပေးဖို့ တောင်းဆိုချင်ပါတယ်။
အများကြီးမလိုပါဘူး။ လူနည်းနည်းဆို လုံလောက်ပါတယ်"
လုယန်တောင်းဆိုချက်ကြောင့် အားလုံး အံ့ဩသွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
သို့သော် ထိုတောင်းဆိုချက်က သဘာဝကျသည်။ လိုအပ်ချက်လည်း မများလှ။ လူနည်းနည်းပို့ပေးရုံသာဖြစ်သည်။ မဟာမိတ်တွင် အမှုထမ်းများမရှားပါး။
"ကျင့်ကြံမှုကမ္ဘာက ဘယ်နားမှာလဲဆိုတာ ပြောပြပေးလို့ရမလား"
လုယန်ခေါင်းငြိမ့်သည်။
"လွယ်ပါတယ်။..ကောင်းဟွမ်ယု၊ ကျုပ်ကို ကြယ်မြေပုံတစ်ခုပေးပါ"
"အီသာ၊ ကြယ်မြေပုံကိုပြပါ"
မဟာမိတ်သိထားသည့် ရှင်းလင်းသည့်ကြယ်မြေပုံတစ်ခု အားလုံးရှေ့တွင်ပေါ်လာသည်။ ကြယ်စုမဟာမိတ်က အလယ်ဗဟိုတွင်ရှိသည်။
စာကြည့်တိုက်တွင် လုယန်မြင်ခဲ့သည့် ကြယ်မြေပုံထက် နည်းနည်းပိုကြီးသည်။ သို့သော် ကျင့်ကြံမှုလောက၏ တည်နေရာကို မခြုံငုံနိုင်သေး။
ထို့ကြောင့် မြေပုံအပြင်ဘက်တစ်နေရာကို အမှတ်အသားပြလိုက်ရသည်။
"ဒီနားလောက်မှာပါ"
"မစ္စတာလု၊ ဒီကိစ္စကို ကျုပ်တို့ ဆွေးနွေးဆုံးဖြတ်ဖို့လိုပါတယ်"
စိတ်ထဲတွင် ဆုံးဖြတ်ပြီးဖြစ်သော်လည်း လုယန်ရှေ့တွင် ဆုံးဖြတ်ချက်ချ၍ မသင့်တော်။
"ကောင်းပါပြီ"
လုယန် အလိုက်တသိ ထိပ်သီးကောင်စီမှ ထွက်သွားသည်။
တပ်မှူးက ခဏမျက်စိတ်မှိတ်၍ စဉ်းစားနေပြီးနောက် မေးသည်။
"အားလုံးဘယ်လိုသဘောရလဲ"
"ပြဿနာမရှိလောက်ဘူးထင်ပါတယ်။ သူလိမ်နေတာမဟုတ်လောက်ဘူး"
တစ်ယောက်ကပြောသည်။
"ငြင်းစရာမရှိပါဘူး"
"လောင်ကောင်း၊ ခင်ဗျားရောဘယ်လိုတွေးလဲ"
"အီသာကိုမေးကြည့်ကြတာပေါ့"
ကောင်းဟွမ်ယုက အကြံပြုသည်။
"ဟုတ်တယ်။ ဒီကိစ္စ အီသာဆီက အကြံယူသင့်တာပေါ့"
"အီသာ၊ ကျင့်ကြံမှုလောကကို နည်းပညာအကူလွှတ်ဖို့ မစ္စတာလုရဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောရလဲ"
အီသာက ချက်ချင်းပြန်ဖြေသည်။
"ကျုပ်ကိုလွှတ်ပါ"
**************************