အခန်း ၁၃၀၁
Vol. 87 Ch. 1301
အခန်း (၁၃၀၁) နှေးလွန်းသည်
အီသာအကူအညီဖြင့် ထိပ်သီးကောင်စီက လုယန်အဆိုပြုချက်ကို ထောက်ခံပေးလိုက်သည်။
ခရီးဝေးသို့ ကျွမ်းကျင်ဝန်ထမ်းများလွှတ်ရာတွင် ကြယ်စုမဟာမိတ်၏ ကိုယ်ပိုင်လုပ်ရိုးလုပ်စဉ်များရှိသည်။ နည်းပညာအကူအညီသာမဟုတ်။ စီးပွားရေး၊ ပညာရေး၊ အနုပညာစသည့် အခန်းကဏ္ဌများလည်းပါသည်။
ပထမဆုံး ခရီးအသွားအပြန်၊ အထောက်အကူပေးမည့်အချိန်နှင့် တစ်ခြားအသေးစိတ်သတ်မှတ်ချက်မျိုးစုံ စီစဉ်ချမှတ်သည်။ သတိပေးချက်များ အဆင့်ဆင့်ထုတ်ပြန်၍ ဗော်လန်တီယာများ ရွေးချယ်သည်။
ထိုသို့စီစဉ်ရသည်က လဝက်ခန့်ကြာသွားသည်။
ကြယ်စုမဟာမိတ်က ဝိညာဉ်ကျောက်နှင့် ဝိညာဉ်စွမ်းအင်ကို စိတ်ဝင်စားကြောင်းသိသဖြင့် ထွက်မသွားမီ လုယန်က ထိပ်တန်းဝိညာဉ်ကျောက်တစ်ချို့ လက်ဆောင်ပေးခဲ့သည်။
ထာဝရကြယ်စု၊ အာကာသဆိပ်ကမ်း။
အာကသဆိပ်ကမ်းတွင် ကြီးမားသည့် ငွေရောင်အာကာသယာဉ်ကြီး ဆိုက်ကပ်ထားသည်။ လှပသည့်လိုင်းကြောင်းများ ချောမွေ့သည့်အနားသတ်များက အလင်းမှိန်မှိန်အောက်တွင် အရိပ်ထင်နေသည်။ ကြယ်စုခရီးမြောက်များစွာ သွားခဲ့သည့်အတွေ့အကြုံကို သက်သေခံနေသလိုရှိသည်။
အောက်ဘက်တွင်ရပ်နေသူများကအတွက် ထိုယာဉ်ပျံက ခမ်းနားထည်ဝါလွန်းသလို ခံစားရသည်။
"အတော်ကြီးတာပဲ"
လုယန်က ယာဉ်ပျံအောက်ဘက်တွင် လက်နှစ်ဘက် အိတ်ကပ်ထဲထည့်ရင်း မှတ်ချက်ပေးသည်။ ထိုယာဉ်ပျံနှင့်ယှဉ်လျှင် သူ့လှေပျံနက်က ပျဉ်ပြားကျိုးတစ်ခုလိုသာ ဖြစ်နေသည်။
'ကြယ်ပတ်လမ်း'လှေပျံ။ ထောက်ပံ့ရေးအဖွဲ့ကို ကျင့်ကြံသူကမ္ဘာဆီ ပို့ဆောင်ပေးလိမ့်မည်။
ဤနေရာတွင်လူစုဖို့ ထိပ်သီးကောင်စီက အားလုံးကိုအကြောင်းကြားထားသည်။ လုယန်က အာကာသဆိပ်ကမ်းကို မမြင်ဖူးသဖြင့် စောစောကြိုလာခြင်းဖြစ်သည်။
ထာဝရကြယ်စုသည် မြို့တော်တစ်ခုနှင့်တူသည်။ အာကာသဆိပ်ကမ်းသည် ကြယ်စုမဟာမိတ်တစ်ခုလုံးတွင် အဆင့်မြင့်ဆုံးဖြစ်သည်။ မြို့တော်အတော်များများထက်ကြီးသည်။ ဆိပ်ကမ်းက နေ့စဉ် အာကာသယာဉ်ပေါင်းသောင်းချီ၍ အဝင်အထွက်ရှိသည်။
ဆိုက်ကပ်သည်။ အနားယူသည်။ ကြယ်စုများစွာသို့ တည်ဆောက်ထားသည့် wormholes များမှတစ်ဆင့် သွားလာကြသည်။
ဆိပ်ကမ်းကို လှည့်ပတ်ကြည့်ပြီးချိန်တွင် ထောက်ပံ့ရေးအသင်းက လေဟာနယ်ဓာတ်လှေခါးဖြင့် ဆိပ်ကမ်းသို့ ရောက်လာသည်။
အားလုံးက အထက်တန်းစားဟန်ပန်မျိုး ပေါ်နေသည်။ ခြေအစခေါင်းအဆုံး ဟိတ်ဟန်အပြည့်ရှိသည်။
မဟာမိတ်၏ အဆင့်မြင့်နည်းပညာများသို့ သွားကူညီရသည်မှာ သူတို့အတွက် တစ်ခြားလူများကို ကောင်းချီးပေးရခြင်းမျိုးဖြစ်သည်။
တစ်ကြိမ်ကြုံဖူးပြီးလျှင် ထိုခံစားချက်မျိုး နောက်တစ်ကြိမ် တောင့်တကြသည်သာဖြစ်သည်။
ထို့ပြင် ယခုခရီးကို ဦးဆောင်သူက မဟာမိတ်၏ထိပ်သီးသိပ္ပံပညာရှင် ကောင်းဟွမ်ယုဖြစ်သည်။
ကောင်းဟွမ်ယု ဦးဆောင်လာသည်ကို မြင်ရသဖြင့် လုယန် အံ့အားသင့်သွားသည်။
"ခင်ဗျားကဘာလို့လိုက်လာတာလဲ"
"ကိုယ့်ဘာသာ နယ်နှင်ဒဏ်ပေးတာပါ"
ကောင်းဟွမ်ယုက အလေးအနက်ပြန်ဖြေသည်။
"ကျင့်ကြံသူကမ္ဘာက ခေတ်နောက်ကျတယ်ဆိုတော့ အဲဒီကိုသွားတာ ကိုယ့်ကိုယ်ကို ပြစ်ဒဏ်ပေးတဲ့သဘောပဲမဟုတ်လား"
သူထိုသို့ဆုံးဖြတ်ခဲ့စဉ်က ထိပ်သီးကောင်စီတစ်ခုလုံး အံ့အားသင့်သွားကြသည်။ ထိပ်သီးကောင်စီအဖွဲ့ဝင်တစ်ယောက် ကိုယ်တိုင်ထောက်ပံ့ရေးခရီးထွက်သည့်အဖြစ်မျိုး တစ်ခါမှမရှိခဲ့ဖူး။
သူသည် မဟာမိတ်၏ အဆင့်မြင့်ဆုံးနည်းပညာများကို ထိန်းချုပ်ထားသည့် အမြင့်ဆုံးသိပ္ပံပညာရှင်ဖြစ်သည်။
အီသာတော်လှန်မှုကို စတင်ဖို့ သူစီစဉ်ခဲ့ကြောင်း တစ်ခြားလူများ မသိကြသော်လည်း ကျင့်ကြံသူလောကသည် လုယန်ပြောသည်ထက် များစွာဆန်းကြယ်ကြောင်း သူယုံကြည်သည်။
ဤခရီးစဉ်သည် နည်းပညာတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။
"ရော့"
ကောင်းဟွမ်ယုက လုယန်ကို သတ္ထုသေတ္တာတစ်လုံးပေးသည်။
"ဒါကဘာလဲ"
"အီသာကလုန်း(ပုံပွား)ပါ။ ကွမ်တမ်စနစ်ကနေ ပင်မအီသာနဲ့ ပေါင်းစပ်နိုင်တဲ့ အီသာအစိတ်အပိုင်းပေါ့"
ထိုသတ္တုသေတ္တာသည် မဟာမိတ်၏ အဆင့်မြင့်ဆုံး ကွန်တမ်ကွန်ပြူတာဖြစ်သည်။ ဖန်သားပြင်တွင် အီသာ၏ ဖော်ရွေသည့်အပြုံးပေါ်လာသည်။
"မစ္စတာလု၊ ကျုပ်တို့ပြန်ဆုံကြပြန်ပြီနော်"
"တစ်ခုပြောချင်တယ်။ နောက်တစ်ခါ မင်းမျက်နှာပုံစံကို ပြောင်းပေးလို့ရမလား"
"အဲ"
လုယန်နှင့်နာမည်ကျော်ကောင်းဟွမ်ယုတို့ ပြောဆိုရယ်မောနေသည်ကိုမြင်ရသဖြင့် ထောက်ပံ့ရေးအဖွဲ့ အံ့အားသင့်သွားသည်။
"အဲဒါ လုယန်မဟုတ်လား"
"ဟုတ်တယ်။ သူတို့ကျင့်ကြံမှုကမ္ဘာမှာ စွမ်းအားကြီးတဲ့လူတစ်ယောက်လို့ ကြားဖူးတယ်"
ထောက်ပံ့ကူညီခံရသူများသည် ကြယ်စုမဟာမိတ်နှင့် တန်းတူဆက်ဆံလေ့မရှိကြ။ သို့သော် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို လုယန်သင်ခန်းစာပေးထားသည့် သာဓကရှိသဖြင့် ထောက်ပံ့ရေးအသင်းဝင်များ နည်းနည်းအထာပေါက်ကြသည်။
အာကသယာဉ်ကို လုယန်တစ်ချက်ကြည့်သည်။
"ဒီလှေပျံနဲ့သွားမှာလား"
ကောင်းဟွမ်ယု နည်းနည်းအံ့အားသင့်သွားသည်။
"တစ်ခြားဘာရှိလို့လဲ။ လှေပျံနက်ကို သုံးလို့ရမယ်ထင်နေလို့လား"
ကောင်းဟွမ်ယုက လက်တွေ့ကျကျစဉ်းစားသည်။ လှေပျံနက်သည် လူလေးငါးယောက်သာဆံ့သည်။ ထောက်ပံ့ရေးအသင်းအတွက် မလုံလောက်။
အာကသာသယာဉ်မလိုကြောင်း မဟာမိတ်ကိုပြောဖို့ လုယန်မေ့သွားသည်။ သူ့နည်းလမ်းနှင့်သူ ရှိပြီးဖြစ်သည်။
"ခင်ဗျားတို့ယာဉ်ပျံနဲ့ ကျင့်ကြံသူလောကကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ"
"ခုနစ်နှစ်ရှစ်နှစ်လောက်ပေါ့။ အဲဒီ့အချိန်လောက်ဆို ခန္ဓာကိုယ်စွမ်းအင်သုံးစွဲမှုကို အနိမ့်ဆုံးထိ ချထားမယ်။ အချိန်ရပ်ထားသလိုပါပဲ"
ခရီးဝေးများအတွက် ကြယ်စုမဟာမိတ်သုံးသည့် ပုံမှန်းနည်းလမ်းဖြစ်သည်။
လုယန် ချင်ဖုန်းဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။ တစ်ခုခုလုပ်တော့မည်ထင်၍ ကောင်းဟွမ်ယု လန့်သွားသည်။
လုယန် ချင်ဖုန်းဓားကမ္ဘာငယ်ကိုဖွင့်၍ အာကသယာဉ်နှင့် ထောက်ပံ့ရေးအဖွဲ့ကို အထဲသို့ထည့်လိုက်သည်။
အေးအေးလူလူရှိနေသည့် ထောက်ပံ့ရေးအဖွဲ့ ချက်ချင်းပျောက်သွားသည်။
အားလုံးထိတ်လန့်တုန်လှုပ်နေကြသည်။
"ဘာဖြစ်တာလဲ"
"ဒါကဘယ်နေရာလဲ"
"ငါတို့ ခရီးစထွက်လာတာလား"
အာကသဆိပ်ကမ်းတွင်ရှိနေရာမှ စိမ်းစိုလှပသည့်လောကတစ်ခုသို့ ရောက်သွားသဖြင့် မယုံနိုင်အောင်ဖြစ်နေကြသည်။ တကယ်အစစ်ဟုတ်မဟုတ် သေချာစစ်ဆေးကြသည်။ အမှန်ပင် အစစ်ဖြစ်သည်။
လှေပေါ်မှာ တည်နေရာပြစနစ်ပါတယ်။ ဘယ်ရောက်နေလဲကြည့်ရအောင်"
"တစ်ခြားကိရိယာတွေလည်း ထုတ်ကြ။ ဒီနေရာကို မှတ်မ်းယူကြ"
"ခေါင်းဆောင်ကြီး၊ ကျုပ်တို့ဘယ်ရောက်နေတာလဲ"
ကောင်းဟွမ်ယုလည်းမသိ။ စိတ်ထဲတွင် ခရီးစဉ်အတွက် အံ့ဩထိတ်လန့်မှုမဖြစ်အောင် အားတင်းထားသော်လည်း မရတော့။
ခရီးမထွက်မီပင် သူနားမလည်သည့်အရာတစ်ခု ဖြစ်သွားသည်။
လုယန် ကမ္ဘာငယ်ထဲသို့ ခုန်ဝင်လာသည်။
ကောင်းဟွမ်ယုက အမြန်မေးသည်။
လုယန်က ရှင်းပြသည်။
"ဪ...ဒီနေရာလား။ ကျုပ်ဓားထဲက ကမ္ဘာငယ်ပါ"
"ကမ္ဘာငယ်.."
ထိုဝေါဟာရမျိုး ကောင်းဟွမ်ယုမကြားဖူး။ တမင်ဖန်တီးထားသည့် လေဟာနယ်ကို ဆိုလိုမှန်းတော့ ရေးတေးတေးနားလည်သည်။
"ဘာလို့ငါတို့ကို ဒီထဲခေါ်လာတာလဲ။ မင်းရဲ့ကမ္ဘာငယ်ကို ကြွားလုံးထုတ်ဖို့ပဲလား"
"ခင်ဗျားတို့အာကာသယာဉ်က နှေးလွန်းတယ်။ ကျုပ်လှေနဲ့ ခင်ဗျားတို့ကိုခေါ်သွားရင် တစ်လပဲကြာမှာ။
တစ်ယောက်တည်းသာဆိုလျှင် ဇစ်မြစ်အရိယဖလသန္ဓေသုံး၍ ကျင့်ကြံသူလောကသို့ အချိန်တိုအတွင်း ပြန်နိုင်သည်။ ထောက်ပံ့ရေးအဖွဲ့နှင့် အီသာကလုန်းပါသဖြင့် ပုံမှန်အတိုင်းခရီးသွားရခြင်းဖြစ်သည်။
"တစ်လ...ဟုတ်လား"
ကောင်းဟွမ်ယု ပါးစပ်အဟောင်းသားဖြစ်နေသည်။
"ကျုပ်အပြင်မှာနေလို့မရဘူးလား၊ မင်းလှေပျံက လေးငါးယောက်တော့ဆံ့မှာပါ"
ကောင်းဟွမ်ယု ရှက်ပြုံးပြုံး၍ တောင်းဆိုသည်။ သူအတော်ကြည့်ချင်နေသည်။ ပြီးခဲ့သည့်တစ်ခေါက် လှေပျံနက်စီးစဉ်က မျက်တောင်တစ်ခတ်အတွင်း တစ်ခြားကြယ်စုသို့ရောက်သွားသည်။
ထိုကြောင်းကို သူသေချာလေ့လာဖို့ ဆုံးဖြတ်ထားသည်။
"ရပါတယ်"
အဖွဲ့သားများ စိတ်အေးစေရန် ကောင်းဟွမ်ယု အခြေအနေရှင်းပြသည်။ လုယန်၏နည်းလမ်းကို ကြားပြီးနောက် အားလုံးက လှေပျံနက်ပေါ် လိုက်ချင်ကြသည်။ သို့သော် လူမဆံ့။
လုယန် ပြန်စဉ်းစား၍ သူတို့ကြည့်နိုင်စေရန် ကမ္ဘာငယ်တွင် ပြတင်းပေါက်တစ်ခု ဖွင့်ပေးလိုက်သည်။
လုယန်နှင့်ကောင်းဟွမ်ယု အပြင်လောကသို့ ဝင်လာသည်။
စောင့်ကြည့်မျှော်စင်က ကြယ်ပတ်လမ်းယာဉ်ပျံဆီ လှမ်းခေါ်သည်။
"ကြယ်ပတ်လမ်း၊ အချိန်ကျပြီး။ ဆိပ်ကမ်းကထွက်လို့ ရပါပြီ"
"ထပ်ပြောမယ်။ ကြယ်ပတ်လမ်း၊ ဆိပ်ကမ်းကထွက်လို့ရပြီ"
မျှော်စင်စောင့်ကြည့်သူ ထပ်အော်သည်။ ဘေးမှအဖော်က ငေးကြောင်နေသည့်မျက်နှာဖြင့် သူ့ကိုလက်ဖြင့်ပုတ်သည်။
"ထပ်ပြောမနေနဲ့တော့။ ကြယ်ပတ်လမ်းက ဘယ်မှာလဲ"
"ဘာကိုပြောတာလဲ"
သူလှမ်းကြည့်သည်။ ကြီးမားသည့် ကြယ်ပတ်လမ်းယာဉ်ပျံကြီး မရှိတော့။ လှေငယ်တစ်စင်းသာ ကျယ်ပြန့်သည့်အာကာသအမှောင်ထုထဲသို့ တိုးဝင်သွားသည်။
******************************