အခန်း ၁၃၀၂
Vol. 87 Ch. 1302
အခန်း (၁၃၀၂) ကြိုဆိုပါ၏
မထင်မရှားလှေငယ်တစ်စင်း စကြာဝဠာတွင် အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးနှင်နေသည်။ ထိုလှေပျံငယ်လေးတွင် လူပေါင်းရာချီပါလာသည်ကို ဘယ်သူမှတွေးမိကြမည်မဟုတ်။
ကြယ်နယ်မြေများက သေးငယ်သည့် မျဉ်းကြောင်းအဖြစ် ဖိနှိပ်ထားသယောင်ထင်ရသည်။ နောက်ဘက်မြင်ကွင်းကို လုံးဝမမြင်ရ။ ဘေးနှစ်ဘက်မှကြယ်များ လှေပျံလှုပ်ရှားရာဘက် ဝဲကျလာသယောင်ထင်ရသည်။
စကြာဝဠာအလယ်သို့ သူရောက်နေပြီး ဘေးပတ်လည်မှအရာအားလုံးက လှည့်ပတ်နေသလိုရှိသည်။
ကောင်းဟွမ်ယု တံတွေးကြိတ်မျိုနေသည်။ ထိုမြင်ကွင်းမျိုးက သီအိုရီထဲတွင်သာရှိသည်။ လှေပျံက အလင်းအမြန်နှုန်းနီးပါး ရောက်နေသည့်သဘောဖြစ်သည်။
ထိုခဏမှာပင် လှေပျံကနေရာမှပျောက်ကွယ်၍ အဝေးမှနေရာတစ်ုခသို့ ခုန်ကျော်သွားသည်။
"လေဟာနယ်ခုန်ကျော်မှုနည်းပညာ..."
ပြီးခဲ့သည့်တစ်ခေါက် လှေပျံစီးစဉ်က ကြယ်စုနှစ်ခုကို မျက်တောင်တစ်ခတ်အတွင်း ရောက်ခဲ့သည်။ သေချာမမြင်ခဲ့ရ။ ဤတစ်ကြိမ်ခရီးက ပိုရှည်လျားသဖြင့် ကောင်းကောင်းကြည့်ခွင့်ရသည်။ သို့သော် အလင်းအမြန်နှုန်းနီးပါး ပျံသန်း၍ လေဟာနယ်ခုန်ကျော်ခြင်းလောက်သာ သူခန့်မှန်းနိုင်သည်။
ထိုပျံသန်းမှုတွင် ဘယ်လိုစည်းမျဉ်းသဘောတရားများ အခြေခံထားသည်ကို သူလုံးဝနားမလည်။
ကြယ်စု၏ယာဉ်ပျံများသည် သီအိုရီအရ အလင်းအမြန်နှုန်းလောက် ရောက်နိုင်စွမ်းရှိသည်။ သို့သော် ပစ္စည်းကန့်သတ်ချက်ကြောင့် သီအိုရသဘောအတိုင်းသာ ဆက်နေရသည်။
ခရီးရှည်များအတွက် အသုံးများဆုံးနီးလမ်းက ကြယ်စုမျိုးစုံတွင် wormholes များတည်ဆောက်ပြီး ခရီးသွားခြင်းဖြစ်သည်။
လုယန်၏ခွင့်ပြုချက်ရပြီးနောက် ချင်ဖုန်းဓားကမ္ဘာငယ်ထဲမှ သိပ္ပံပညာရှင်နှစ်ယောက် ထွက်လာသည်။ ဘာမှန်းမသိသည်ကိရိယာများဖြင့် တိုင်းတာကြသည်။
အလင်းအမြန်နှုန်းဖြင့် ပျံသန်းသည်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်၍ ရလာသည့်ဒေတာအချက်အလက်တိုင်းက အဖိုးဖြတ်မရ။ ဘယ်ဒေတာစုကို လေ့လာသည်ဖြစ်စေ ဒေါက်တာဘွဲ့လေးငါးကြိမ်လောက်ယူဖို့ လုံလောက်သည်။
"ဒီယာဉ်ပျံကို ဘယ်သူတည်ဆောက်ခဲ့တာလဲ မစ္စတာလု"
"ကျုပ်ဘိုးဘေးနဲ့ အကြီးအကဲတစ်ယောက်ပါ။ ဒါကိုလုပ်ဖြစ်တာ သိပ်မကြာသေးဘူး။ တစ်ယောက်က လှေပျံခိုင်ခံ့ဖို့ တာဝန်ယူတယ်။ နောက်တစ်ယောက်က မြန်နှုန်းမြင့်ဖို့တာဝန်ယူတယ်"
"ဘိုးဘေး..."
ကောင်းဟွမ်ယု စိတ်ထဲလှုပ်ရှားသွားသည်။ ဘိုးဘေးဟု အခေါ်ခံရသူသည် အသက်အတော်ကြီး၍သာဖြစ်လိမ့်မည်။ ထိုအရွယ်မျိုးတွင် သိပ္ပံပညာအောင်မြင်မှုများရဖို့ ဖြစ်နိုင်စရာမရှိ။
"မင်းဘိုးဘေးက အသက်ဘယ်လောက်ရှိပြီလဲ"
လုယန် ခေါင်းမော့၍ တွက်ချက်သည်။
"အနှစ်တစ်သိန်းနီးပါးရှိလောက်ပြီ"
ဘိုးဘေးကွေ့ယန်သည် လွန်ခဲ့သည့်အနှစ်တစ်သိန်းက ပေါ်ခဲ့သူဖြစ်သည်။ သို့သော် နှစ်ရှစ်သောင်းလောက်ကို အချိန်မသေမျိုး၏သေတ္တာထဲတွင် ကုန်ဆုံးခဲ့ရသည်။ သေတ္တာထဲတစ်ရက်နေလျှင် အပြင်ဘက်တွင် တစ်နှစ်နှင့်ညီသည်။
ထို့ကြောင့် သူ့သက်တမ်းကို အတိအကျပြောဖို့ခက်သည်။
"အဟွတ် အဟွတ် အဟွတ်"
ကောင်းဟွမ်ယု ချောင်းအဆက်မပြတ်ဆိုး၍ လဲကျမတတ်ဖြစ်သွားသည်။ လုယန်လန့်ဖျတ်သွားပြီး အမြန်ဆွဲထိန်းထားသည်။
"ခင်ဗျားအဆင်ပြေရဲ့လား"
ကောင်းဟွမ်ယု စကားပြန်မပြောနိုင်။
ထိပ်သီးကောင်စီကို ကျင့်ကြံမှုလောကအကြောင်း မစ္စတာလုအကုန်မပြောမိသည်က တော်သေးသည်။ မဟုတ်လျှင် မိသားစုလိုက် ကျင့်ကြံသူလောကသို့ ရွှေ့ပြောင်းလာနိုင်သည်။
မစ္စတာလုသည် ထင်သလောက်အသက်ငယ်ပုံမပေါ်။
လုယန်နှင့်သူပြောနေသည့်စကားကို ဓားကမ္ဘာငယ်ထဲမှလူများလည်း ရှင်းလင်းစွာကြားရသည်။
အာကသပတ်ဝန်းကျင်နှင့် အသားမကျသဖြင့် နားအာရုံမှားသည်ဟု ထင်မိကြသည်။
ကျင့်ကြံသူလောကသည် မဟာမိတ်ကပြောသလောက် ခေတ်နောက်ကျပုံမရ။
ရက်နှစ်ဆယ်ကျော်ခရီးသွားပြီးနောက် လှေပျံက ကျင့်ကြံသူကမ္ဘာအနီးသို့ ရောက်လာသည်။
ထွက်လာစဉ်က လုယန် ကြယ်မြေပုံများဆွဲနေသဖြင့် ကျင့်ကြံသူလောကမှ ကြယ်စုမဟာမိတ်သို့ တစ်လကျော်ကြာခဲ့သည်။ အပြန်ခရီးက ထိုမှမနှောင့်နှေးခဲ့။
ရှေ့မြင်ကွင်းကို ကောင်းဟွမ်ယု ငေးငိုင်ကြည့်နေသည်။
လှေပျံနက်နှင့်တူသည့် လှေများစွာ စကြာဝဠာတွင် စူးစမ်းနေကြသည်။ လူအတော်များများက အာကာသဝတ်စုံမဝတ်ဘဲ လေဟာနယ်တွင် အေးအေးလူလူရွေ့လျားနေသည်။
လှေပျံများပေါ်တွင် သောက်စားပျော်ရွှင်နေသူများရှိသည်။ လုယန်လို ကျင့်ကြံသူများဖြစ်မည်ထင်သည်။
လှေပျံများရော ကျင့်ကြံသူများပါ အာကာသနေရာတစ်ခုသို့ရောက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုနေရာဆီမှ လှေပျံသစ်များ ကျင့်ကြံသူသစ်များ ဖျတ်ခနဲထွက်လာသည်။
တစ်ခြားလေဟာနယ်နှင့် ဆက်သွယ်ထားသည့် ကိုယ်ပျောက်တံခါးတစ်ခု ရှိပုံရသည်။
"wormholes တွေလား"
ထိုမြင်ကွင်းသည် လူသားတည်ဆောက်ထားနှင့် Wormhole များ၏ လုပ်ဆောင်ပုံနှင့် အတော်တူသည်။ သို့သော် အသွင်အပြင်က လုံးဝကွဲပြားနေသည်။
"မစ္စတာလု အဲဒါကဘာလဲ"
လေဟာနယ်လမ်းကြောင်း တည်ဆောက်ထားမှန်း လုယန်သိသည်။ သူထွက်လာစဉ်က မရှိသေး။
"လေဟာနယ်အရိယဖလသန္ဓေပိုင်တဲ့ ကျုပ်ရဲ့တစ်ခြားဘိုးဘေးတစ်ယောက်က လေဟာနယ်လမ်းကြောင်း တည်ဆောက်ထားတာဖြစ်မယ်"
ကျင့်ကြံသူများ အပြင်ခရီးထွက်ရာတွင် လွယ်ကူစေရန် ကျင့်ကြံမှုလောကအနီးတွင် လေဟာနယ်တာအိုသခင်က လေဟာနယ်လမ်းကြောင်းများစွာ တည်ဆောက်ထားသည်။
"ဘာလေဟာနယ်တာအိုလဲ"
"လေဟာနယ်အကြောင်း နက်နက်ရှိုင်းရှိုင်းသုတေသနပြုထားတာမျိုးလို့ ပြောလို့ရပါတယ်"
ကျင့်ကြံမှုလောကသို့ ပြန်ရောက်ခါနီးပြီဖြစ်၍ လုယန်လေသံပင် နည်းနည်းရွှင်ပြလာသည်။ လှေပျံနက်ကို အရှိန်မြှင့်ခိုင်းလိုက်သည်။
အဝေးတွင်မြင်နေရသည့် ကုဗပုံအရာကိုကြည့်၍ ကောင်းဟွမ်ယု အံ့ဩမိသည်။ ဘယ်သူက ကုဗတုံးတစ်ခု လာပစ်ထားသည်မသိ။
လှေပျံနက် လေဟာနယ်သုံးလေးကြိမ်ခုန်ကူးပြီးနောက် ကုဗတုံးက တဖြည်းဖြည်းကြီးလာပြီး သရုပ်မှန်ပေါ်လာသည်။ ကောင်းဟွမ်ယု မင်သက်မိနေသည်။
ကမ္ဘာငယ်ထဲမှ ထောက်ပံ့ရေးအဖွဲ့များလည်း မယုံနိုင်သည့်အကြည့်ဖြည့်ကြည့်၍ တီးတိုးရေရွတ်ကြသည်။
"ဘုရားရေ၊ ဒါက ဘာကြီးလဲ"
"စကြာဝဠာထဲမှာ ဒီလိုကြယ်ကမ္ဘာမျိုး ရှိတယ်ပေါ့"
"ပြည့်စုံတဲ့ ကုဗပုံပဲ။ သိပ္ပံပညာနဲ့ တကယ်လိုက်မမီတော့ဘူး"
သူတို့သင်ခဲ့သမျှအားလုံး မေ့သွားပြီး အကြီးအကျယ်အံ့အားသင့်နေသည်။
အီသာကလုန်းက အကျင့်အတိုင်း ကုဗတုံး၏ အရွယ်အစားကို တွက်ချက်သည်။ ထွက်လာသည့်ရလာဒ်ကြောင့် အသိစိတ်ကြေမွမတတ်ဖြစ်သွားသည်။ သူသိမ်းထားသည့် အသိဉာဏ်အရ ထိုအရာမျိုး စကြာဝဠာတွင် မရှိနိုင်။
သို့သော် ယခုရှိနေသည်။ ဘယ်လိုကုဗတုံးမှန်းမသိ။
လုယန်က လှေဦးတွင်ရပ်လျက် အားလုံးကို မိတ်ဆက်သည်။
"အားလုံးပဲ။ ကျင့်ကြံသူလောကကနေ ကြိုဆိုပါတယ်"
အားလုံး၏ခေါင်းထဲတွင် ချာချာလည်သွားသည်။ ကျင့်ကြံသူလောကကို ကြယ်တစ်လုံးဟုသာထင်ခဲ့သည်။ အလွန်ဆုံး လုယန်လိုသက်ရှိကို မွေးထုတ်နိုင်သည် ဒြပ်ဆွဲအားမြင့်သည့် ဂြိုလ်ကြီးတစ်လုံးဟုသာ တွေးခဲ့သည်။
သို့သော် ဘယ်ကြယ်ကမ္ဘာ ဘယ်ဂြိုလ် ဘယ်လောက်ကြီးသည်ဖြစ်စေ ကျင့်ကြံသူလောကနှင့်ယှဉ်လျှင် မြူမှုန့်လိုသာဖြစ်သည်။
လုယန် လှေပျံကို ဖွင့်ထားသည့်လောကဝင်ပေါက်ဆီ ဦးတည်လိုက်သည်။
ထိုဝင်ပေါက်တွင် ဂြိုလ်ကမ္ဘာများစွာ အံ့ဩစရာအမြန်နှုန်းဖြင့် ရွေ့လျားနေသည်ကို ကောင်းဟွမ်ယု မြင်ရသည်။ သဘာဝနိယမကို လုံးဝဆန့်ကျင်နေသည်။ ဂြိုလ်ပတ်လမ်းသည့် ထိုမျှအရှိန်မမြန်နိုင်။
သို့သော် အနီးသို့ရောက်မှ သူနားလည်လာသည်။ ကျင့်ကြံသူများ ဂြိုလ်များကို တွန်းရွှေ့နေခြင်းဖြစ်သည်။
ထောက်ပံ့ရေးအဖွဲ့ အာမေဋိတ်သံများ ပဲ့တင်ထပ်သွားသည်။
"ငါအာရုံမှားနေတာလားကွာ။ လူတစ်ယောက်တည်းက ကြယ်တစ်ခုရဲ့ပတ်လမ်းကို ပြောင်းလဲနေတယ်ပေါ့"
"ကျင့်ကြံသူဆိုတာ ဒါမျိုးလား"
"တစ်ချို့လူတွေက မစ္စတာလုထက် ပိုစွမ်းအားကြီးသိနေသလိုပဲ"
"မစ္စတာလုမျက်နှာကို ကြည့်ပါ။ သူတို့က အဲလောက်စွမ်းအားကြီးပုံမပေါ်ပါဘူး"
လုယန်လည်း ထိုကျင့်ကြံသူများကို စိတ်ဝင်စားသွားသည်။ အရာရှိဝတ်စုံများ ဝတ်ထားသောကြောင့်ဖြစ်သည်။
"ခင်ဗျားတို့ဘာလုပ်နေတာလဲ"
ကျင့်ကြံသူများက လုယန်ကို မှတ်မိသွားသဖြင့် ခဏရပ်သည်။
"အား၊ လုယန်ပဲ။ နှစ်သစ်ကူးချိန် ရောက်တော့မယ်လေ။ ကြယ်တွေနဲ့ ကြည့်ကောင်းတဲ့ပုံစံတစ်ချို့ဖန်တီးဖို့ ရှားနန်းတော်က ဆုံးဖြတ်ချက်ချလိုက်တယ်။
နဂါးပုံ၊ ဇာမဏီပုံ၊ ကျားဖြူပုံ၊ လိပ်ပုံ အဲလိုတွေပေါ့။..မင်းနောက်ကလူက ဘယ်သူလဲ"
မဟာရှားအရာရှိများ ဝတ်စုံချင်းကွဲပြားသည့် ကောင်းဟွမ်ယုကို သတိထားမိကြသည်။
"ခေါင်းဆောင်သိပ္ပံပညာရှင်ပါ။ တစ်ခြားကမ္ဘာကနေ ကျုပ်သီးသန့်ဖိတ်ခေါ်လာတာ။ ကြယ်တာရာနဲ့ ပထဝီပညာ နှစ်မျိုးလုံးကျွမ်းကျင်တယ်။
ဗဟုသုတပြည့်စုံတယ်တယ်။ ကျုပ်တို့ကျင့်ကြံသူလောက ပြုပြင်ပြောင်းလဲဖို့ လာကူညီတာပါ"
"ဪ မဟာသိပ္ပံပညာရှင်ပေါ့။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်"
အရာရှိများက ပြုံး၍နှုတ်ဆက်သည်။
ကောင်းဟွမ်ယုစိတ်များ ဦးတည်ရာမဲ့ ပြေးလွှားနေသည်။ ဘာမှမတုံ့ပြန်မိ။
ခေါင်းဆောင်သိပ္ပံပညာရှင်..ကြယ်တာရာနဲ့ ရေမြေပညာကျွမ်းတယ်...ဗဟုသုတပြည့်စုံတယ်တဲ့လား..
ငါဘာတွေသိနေတတ်နေလို့လဲ...
****************************