အခန်း ၁၃၀၃
Vol. 87 Ch. 1303
အခန်း (၁၃၀၃) သနားစရာလူ
လုယန် အရာရှိများကိုနှုတ်ဆက်၍ ကျင့်ကြံသူလောကထဲသို့ ဝင်လာသည်။
"မစ္စတာလု၊ ဒီလူတွေ ကြယ်တွေရွှေ့နေတာကို ခင်ဗျားမအံ့ဩသလိုပဲနော်"
"ဟုတ်တယ်။ နှစ်သစ်မှာ ဒီလိုအသစ်အဆန်းဖန်တီးမှုမျိုးရှိမယ်လို့ ကျုပ်တကယ်ထင်မထားဘူး"
"မဟုတ်ဘူး။ အဲဒါပြောတာမဟုတ်ဘူး။ ကြယ်တွေရွှေ့နိုင်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတာလား"
"များလားဆိုတော့ အင်း...လှေပျံစီးနေတဲ့လူတွေ ပျံသန်းနေတဲ့လူတွေကို တွေ့ခဲ့တယ်မဟုတ်လား"
"တွေ့ခဲ့ပါတယ်"
"အဲဒီ့လူတွေအားလုံး ကြယ်တွေကို လိုသလိုရွှေ့ပြောင်းနိုင်ပါတယ်"
ခေါင်းဆောင်ပေါင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ကျင့်ကြံသူလောကသို့ဝင်ချိန်တွင် သူနည်းနည်းတုန်ရင်လာည်။ စိတ်ကြည်ဆေးတစ်ခုခု စားလိုက်ရသလို အာရုံများ ပိုကြည်လင်လာသည်။
လုယန်ပြောသည့် ထူးဆန်းသည့်စွမ်းအင်အကြောင်း ပြန်တွေးမိလာသည်။
"အဲဒါ ဝိညာဉ်စွမ်းအင်လား"
လုယန်ရယ်သည်။
"ထူးခြားချက်ကို ခံစားမိတယ်ပေါ့။ ခင်ဗျားမှာ မူလခန္ဓာသာရှိရင် ဒီထက်ပိုပြီးတောင် နေလို့ကောင်းသွားမှာ"
လှေပျံက တဖြေးဖြေးနိမ့်ဆင်းလာပြီး တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးတွင် ဆင်းသည်။ ချင်ဖုန်းဓားကိုထုတ်၍ ထောက်ပံ့ရေးအသင်းကို လွှတ်ပေးလိုက်သည်။
အံ့ဩတုန်လှုပ်စရာများစွာ ဆက်တိုက်ကြုံခဲ့ပြီးနောက် စထွက်ချိန်ကလို မာနဝင့်ကြွားမှုများ မရှိတော့။ စိတ်လှုပ်ရှားမှုက အစားဝင်လာသည်။
"ဒါက ကျင့်ကြံသူလောကလား"
"ငါတို့ရောက်လာပြီပေါ့"
"ဒီမှာ လူတိုင်းက ပျံနိုင်ကြတာလား"
"ဒါက ကျုပ်နေတဲ့ တာအိုလမ်းစဉ်ဂိုဏ်းပါ"
လုယန် ဝင့်ကြွားသည့်လေသံဖြင့် နှုတ်ဆက်သည်။
"ပြန်လာပြီလားအကိုလု"
ဂိတ်စောင့် ဂျူနီယာတပည့်နှစ်ယောက်က လုယန်ကိုမြင်သည်နှင့် ဝမ်းသာအားရနှုတ်ဆက်သည်။
"ဒါငါခေါ်လာတဲ့ ဧည့်သည်တွေပါ။ ခဏဝင်ခွင့်ပေးလိုက်ပါ"
"ဟုတ်ကဲ့"
ဂျူနီယာနှစ်ယောက်က ဂိုဏ်းအကာအကွယ်မှော်စက်ဝန်းထဲမှ တံခါးကိုဖွင့်ပေးသည်။
ဂိတ်တံခါးကိုဖြတ်၍ ဝါးတောထဲသို့ ဝင်လာကြသည်။ ငြိမ်သက်နေသည့် ဝါးတောက အနားယူအပန်းဖြေဖို့ အကောင်းဆုံးနေရာလိုဖြစ်နေသည်။ မြစ်ငယ်က ဝါးတောကို ရစ်ခွေစီးဆင်းနေသည်။ ဝိညာဉ်စွမ်းအင်ရေဖြင့် အားဖြည့်ပေးသည်။
မြစ်ရေပြင်ပေါ်သို့ မြူခိုးများမြင့်တက်လာသည်။ တဖြေးဖြေး လူတစ်ယောက်အသွင်ပြောင်း၍ လမ်းပိတ်ထားသဖြင့် အားလုံးလန့်သွားကြသည်။ ဘယ်လိုမကောင်းဆိုးဝါးမှန်းမသိ။
"အကြီးအကဲမြစ်ဝိညာဉ်၊ ဒါကဧည့်သည်တွေပါ"
လုယန် လက်နှစ်ဘက်ဆုပ်ဦးညွှတ်၍ ပြောသည်။
"အင်း၊ ဂိတ်တံခါးမှာ မင်းပြောနေတာ ငါကြားပါတယ်"
မြစ်ဝိညာဉ်က လုယန်သယ်လာသည့် အီသာကလုန်းကို စိုက်ကြည့်နေသည်။
"မင်းကိုင်ထားတာဘာလဲ။ အဲဒါနဲ့ ငါတစ်ခုခုဆက်သွယ်မိသလိုပဲ"
မြစ်ဝိညာဉ်စိတ်ထဲ ထူးဆန်းနေသလိုခံစားရသည်။
"မင်းကဘာလဲ"
အီသာကလုန်းက မြစ်ဝိညာဉ်ထက် ပိုအံ့ဩနေသည်။ ရေငွေ့များက လူအသွင်ဖြစ်လာသည်။ ဘယ်လိုသဘောတရားမှန်းမသိ။
ထူးဆန်းသလို ခံစားရသည်။ တစ်ခါမှမခံစားဖူးသည့် ထူးဆန်းမှုမျိုးဖြစ်သည်။
"အပြင်လောကထဲက ယူလာတာပါ။ မူလဝိညာဉ်ကိုယ်ပွားတစ်ခုပေါ့။ ခင်ဗျားတို့နှစ်ယောက်လုံးက မူလဝိညာဉ်တွေဖြစ်နေလို့ အချင်းချင်းဆက်သွယ်မိတာဖြစ်မယ်"
"ဪ...မူလဝိညာဉ်ပွားလား"
မူလဝိညာဉ်များသည် အလွန်တရာရှားပါးသည်။ သူနှင့်အမျိုးစားတူသူကို မြစ်ဝိညာဉ်မမြင်ဖူး။
ဂိုဏ်း၏မြစ်ထဲမှ ထွက်နိုင်စွမ်းမရှိသောကြောင့်လည်းပါသည်။
မူလဝိညာဉ်အများစုသည် မူလခန္ဓာတည်သည့်နေရာမှ မထွက်နိုင်ကြ။ အီသာကွန်ပြူတာက ထိုသို့မဟုတ်။
"မင်းအားတဲ့အခါ သူ့ကိုခေါ်လာခဲ့ပါ။ စကားပြောရတာပေါ့"
မြစ်ဝိညာဉ် အီသာကို စိတ်ဝင်စားသွားသည်။
"ကောင်းပါပြီ။ ဒါနဲ့ အကြီးအကဲ၊ အမယွမ်တို့ ပြန်ရောက်ပြီလား"
"ငါသိသလောက်တော့ ပြန်လာတဲ့လူ မင်းတစ်ယောက်ပဲရှိသေးတယ်"
"ကျုပ်ကပထမဆုံးပေါ့"
လုယန် အံ့အားသင့်သွားသည်။ သူစောစောပြန်လာခဲ့သည်။ တစ်ခြားဘယ်သူနှင့်မှ မတွေ့ခဲ့။
ကောင်းဟွမ်ယုတို့အဖွဲ့ကို အမယွမ်နှင့်တွေ့ပေးချင်သည်။ ကျင့်ကြံသူလောကတိုးတက်ဖို့ သူကြိုးစားခဲ့ကြောင်းပြချင်သည်။ ညီမမုန်မုန်က သူ့ကိုအတော်လေးစားသွားမည်။
သို့သော် သူ့ကိုယ်သူ အထင်ကြီးလွန်းသွားပုံရသည်။
"အကိုတိုင်ဒီမှာရှိတယ်မဟုတ်လား"
"ရှိပါတယ်"
"ကောင်းပါပြီ"
ဂိုဏ်းသို့ပြန်ရောက်ပြီဖြစ်၍ သူခရီးထွက်တိုင်း ပြဿနာသယ်မလာတတ်ကြောင်း အကိုတိုင်ကို သက်သေပြချင်သည်။
မြစ်ဝိညာဉ်နှင့် အတော်ဝေးဝေးသို့ရောက်ပြီးနောက် ကောင်းဟွမ်ယုက တီးတိုးမေးသည်။
"မစ္စတာလု၊ ခုနက ဘယ်သူလဲ"
"မြစ်ဝိညာဉ်ပါ။ ကျုပ်တို့ဂိုဏ်းရဲ့ စောင့်ရှောက်သူပေါ့။ သူ့ပုံစံက ခပ်ကြမ်းကြမ်းပေမယ့် တကယ်သဘောကောင်းတဲ့လူပါ။ ပထမဆုံးအကြိမ် ကျုပ်သူနဲ့တွေ့တော့ နားလည်မှုလွဲတာလေး နည်းနည်းဖြစ်ခဲ့တယ်။
သူကကျုပ်ကို ပုဆိန်နဲ့လိုက်ခုတ်တယ်။ အခုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲလေ။ သူကျုပ်အပေါ် ရန်ငြှိုးမထားတော့ဘူး"
"ဂိုဏ်းစောင့်ရှောက်သူပေါ့။ သူကစွမ်းအားကြီးလား"
"ကြယ်ရွှေ့နေတဲ့ကျင့်ကြံသူတွေကို မှတ်မိတယ်မဟုတ်လား။ မြစ်ဝိညာဉ်က သူတို့ကို လက်တစ်ဘက်တည်းနဲ့ယှဉ်နိုင်တယ်"
ကောင်းဟွမ်ယု သက်ပြင်းရှိုက်သည်။ သို့ဆိုလျှင် ကြယ်စုမဟာမိတ်တစ်ခုလုံး မြစ်ဝိညာဉ်ကို မယှဉ်နိုင်သည့် သဘောဖြစ်သည်။
ထို့ပြင် ဤနေရာက ကျင့်ကြံသူလောက၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
မစ္စတာလုက ကျင့်ကြံသူလောကတွင် သူ့ထက်စွမ်းအားကြီးသူ နည်းနည်းသာရှိသည်ဟုပြောခဲ့သည်။ သို့ဆိုလျှင် မစ္စတာလု ဘယ်လောက်များစွမ်းအားကြီးမည်မသိ။
ကြယ်စုမဟာမိတ်တွင် လုယန်ပြခဲ့သည့်စွမ်းအားက အသေးအဖွဲသာဖြစ်ကြောင်း ကောင်းဟွမ်ယုနားလည်လာသည်။
ဂိုဏ်းအတွင်းပိုင်းသို့ ဝင်လာချိန်တွင် ပြိုင်ကွင်းထက်၌ တိုက်ခိုက်နေသည့် ဂိုဏ်းတပည့်များကို မြင်ကြရသည်။ တစ်ချက်ရင်ဆိုင်တွေ့တိုင်း တောင်ပြိုသလိုထင်ရသည်။ လေထုပင်တုန်ခါနေသည်။
ထိုတိုက်ခိုက်မှု ဘယ်လောက်ပြင်းထန်သည်တော့မသိ။
လုယန်နှင့်အတူပါလာသည့် ထောက်ပံ့ရေးအဖွဲ့ကို ဂိုဏ်းတပည့်များ မြင်သွားသည်။ ထူးဆန်းသည့်တိုင်းခြားဝတ်စားဆင်ယင်မှုများကို စူးစမ်းကြသည်။ လောကဝတ်အရ စိုက်မကြည့်ကြ။ ဝိညာဉ်အာရုံဖြင့် ခိုးကြည့်သည်။
"ဒီဝတ်စုံမျိုး တစ်ခါမှမမြင်ဘူး။ အကိုလုခေါ်လာတာ အပြင်လောကထဲက လူတွေများလား"
"သူတို့ခန္ဓာကိုယ်တည်ဆောက်ပုံက အတော်ထူးဆန်းတာပဲ။ တစ်ကိုယ်လုံး သတ္တုအပိုင်းအစတွေဖုံးနေတယ်။ ခေါင်းပိုင်းပဲ ငါတို့နဲ့တူတာ"
"နတ်ဆိုးကျင့်ကြံသူတွေက လူ့ဦးနှောက်တွေကိုထိုးထည့်ပြီး ရုပ်သေးအဖြစ်ဖန်တီးထားတာများလား။ မှော်ပစ္စည်းတွေ ဝိညာဉ်အာရုံပေါ်လာဖို့လေ"
"အင်း...သနားစရာပဲ။ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ကြုံခဲ့ကြတာဖြစ်မယ်။ အကိုလုခေါ်လာတာ မဆန်းပါဘူး။ သူတို့ကိုကယ်ဖို့ တစ်ယောက်ယောက်ကို ရှာနေတာဖြစ်မယ်။
ထိုသို့တွေးရင်း ဂိုဏ်းတပည့်များက ကရုဏာသက်သည့်အကြည့်ဖြင့် ကြည့်ကြသည်။ ထောက်ပံ့ရေးအဖွဲ့ဝင်များ နားမလည်နိုင်အောင်ဖြစ်နေသည်။
ထိုအကြည့်မျိုးကို ထောက်ပံ့ရေးအဖွဲ့ ကောင်းကောင်းရင်းနှီးသည်။ ဖွံ့ဖြိုးတိုးတက်မှုနည်းသည့် လူရိုင်းများကို ကြည့်သည့်အကြည့်မျိုးဖြစ်သည်။
လုယန် လူတိုင်းကို တိုင်ပုဖန်ဆီ ခေါ်သွား၍မဖြစ်။ ထို့ကြောင့် ကောင်းဟွမ်ယုကိုသာ လိုက်ခဲ့ဖို့ခေါ်သည်။ ကျန်သည့်လူများကို အပြင်ဘက်တွင် ခဏစောင့်ခိုင်းသည်။
အပြင်လောကသို့ စွန့်စားသွားလာသူ ပိုများလာသဖြင့် စီစစ်ရသည့် သတင်းရင်းမြစ်က ပိုတိုးလာသည်။ အေးအေးလူလူရှိနေသည့် တိုင်ပုဖန်ဘဝက အရင်လို ပြန်အလုပ်များလာသည်။
"အကိုတိုင်ရှိလား"
ထိုစကားသံကြောင့် တိုင်ပုဖန် ရင်ထိတ်သွားသည်။
လုယန် ပြန်ရောက်လာသည်။ ပြဿနာတစ်ခုခုကြုံခဲ့၍လားမသိ။
"ဝင်ခဲ့ပါ"
လုယန် ကြည်လင်သည့်အပြုံးဖြင့်ဝင်လာသည်။ အီသာကလုန်းကို ကိုင်ထားသည်။ ကောင်းဟွမ်ယုကို ခေါ်သွင်းလာသည်။
"ကျုပ်ပြန်လာပြီ အကိုတိုင်"
ကောင်းဟွမ်ယုကို တိုင်ပုဖန် သတိဖြင့် စိုက်ကြည့်သည်။ သေမျိုးတစ်ယောက်သာဖြစ်သည်။ သို့သော် သူ့အတွေ့အကြုံအရ ထိုလူသည် အရေးပါသည့်လူသာဖြစ်ရမည်။
"ဒီမသေမျိုးက ဘယ်သူလဲ"
လုယန် "..."
ကျုပ်ကို ဘယ်လိုလူမျိုးလို့ မြင်နေတာလဲ အကိုတိုင်...
"အကိုတိုင်၊ အပြင်ခရီးမှာ ကြယ်စုမဟာမိတ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုတွေ့တယ်။ ဒါက ကျုပ်ခေါ်လာတဲ့ဧည့်သည် ဌာနမှူးကောင်းဟွမ်ယုပါ"
ခဏစကားရပ်ပြီးနောက် ထပ်ပြောသည်။
"သူက မသေမျိုးမဟုတ်ပါဘူး"
"ဪ ဧည့်သည်လား။ ထိုင်ပါဗျာ"
တိုင်ပုဖန် စိတ်သက်သာရာရသွားသည်။
"ဒါဆို ဒီတစ်ခေါက် မင်းအတော်အကျိုးရှိခဲ့ပုံပဲ"
ကြယ်စုမဟာမိတ်တွင် မြင်တွေ့ခဲ့သမျှအားလုံးကို လုယန်ပြောပြသည်။ ကျင့်ကြံမှုလောက တိုးတက်ဖို့အတွက် ထောက်ပံ့ရေးအသင်းကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်းလည်း ပြောသည်။
"ကောင်းတယ် ကောင်းတယ်။ မင်းတော်တယ် ညီလေးလု"
တိုင်ပုဖန်မျက်လုံးများ အရောင်လက်လာပြီး ဝမ်းသာအားရ သူ့ပေါင်သူ ဖြန်းခနဲရိုက်သည်။
အံ့ဖွယ်နည်းပညာ၊ ကြယ်စုမဟာမိတ်တစ်ခုလုံး၏ အသိပညာများထည့်သွင်းထားသည့် အီသာကွန်ပြုတာ။ သက်ဆိုင်ရာနယ်ပယ်တွင် ထူးချွန်သည့် ပညာရှင်များ။
ထိုအရာများကို ရယူနိုင်လျှင် ကျင့်ကြံသူလောက ဘယ်လောက်တိုးတက်လာမည်ကို တိုင်ပုဖန် နားလည်သည်။
**********************************