အခန်း ၁၃၀၅
Vol. 87 Ch. 1305
အခန်း (၁၃၀၅) ချီးကျူးစောလွန်းသွားသည်
မဟာရှား၊ အင်ပါယာနန်းတော်။
အင်ပါယာရှား မှတ်တမ်းများကို စစ်ဆေးနေသည်။ အပြင်လောကသို့ထွက်သည့် ကျင့်ကြံသူများနှင့်ပတ်သက်၍ ဥပဒေသတ်မှတ်ချက် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာလည်း ပါသည်။
မြင်းဖြူနိုင်ငံအပြင် သက်ရှိနေထိုင်သည့် ကြယ်စုတစ်ခုလည်း ထပ်တွေ့လာသည်။ ဖွံ့ဖြိုးတိုးတက်မှုက မြင်းဖြူနိုင်ငံနှင့် ဆင်တူသည်။
အပြင်လောကခရီးစဉ်တွင် ကြိုမမြင်နိုင်ခဲ့သည့် ပြဿနာများ ဖြစ်လာသည်။ ထိုကိစ္စများအတွက် စည်းမျဉ်းသတ်မှတ်ချက်များ ထပ်ဖြည့်ရမည်။
လူသုံးယောက် ခန်းမတံခါးသို့ ရောက်လာသည်။ တိုင်ပုဖန်က အသံကျယ်ကျယ်ဖြင့် လှမ်းပြောသည်။
"မင်းကြီးကို ကျုပ်တို့လာပြီးအရိုအသေပေးတာပါ"
အင်ပါယာရှား မော့ကြည့်သည်။ လုယန်ရောက်လာသည်ကို သူမအံ့ဩ။ တိုင်ပုဖန်က ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။ တစ်ခြားတိုက်နယ်မှ ကိုယ်စားပြုခေါင်းဆောင်များနှင့် လုယန်က ဆွေးနွေးစရာကိစ္စများ ရှိနေသည်ဟုပြောသည်။
"လုယန်ဖိတ်ခေါ်လာတာ ငါတို့ကမ္ဘာအပြင်ဘက်ကလူလား"
အင်ပါယာရှား ထိုင်ခုံပေါ်မှဆင်းလာပြီး ထိုင်ခုံတစ်ခုယူလာဖို့ အမိန့်ပေးသည်။ ကောင်ဟွမ်ယု၏ ထူးခြားသည့်ခန္ဓာကိုယ်တည်ဆောက်ပုံကို သတိထားမိသော်လည်း ယခုမှ စတွေ့ခြင်းဖြစ်၍ သူမမေး။
"ကျုပ်က ကောင်းဟွမ်ယုပါ။ ကြယ်စုမဟာမိတ်ရဲ့ သိပ္ပံအကယ်ဒမီဌာနမှူးပါ"
"ဪ တာအိုရှင်ကောင်းပေါ့။ အဲ..မဟုတ်ဘူး...ဌာနမှူးကောင်းလို့ခေါ်တာ ပိုသင့်တော်တယ်။ ခရီးဝေးကနေ လာခဲ့ရတာ အတော်ပင်ပန်းခဲ့မှာပဲ"
"ပြီးတော့ ကျုပ်က အီသာလို့ခေါ်ပါတယ်"
လုယန်လက်ထဲမှ သတ္တုသေတ္တာက ပြောသည်။
"ဒါက ဘယ်သူပါလိမ့်"
အီသာစကားမပြောခဲ့လျှင် အသက်ရှိသည်ဟု အင်ပါယာရှားထင်မိမည်မဟုတ်။
"ကြယ်စုမဟာမိတ်က အီသာကွန်ပြူတာပါ။ မူလဝိညာဉ်ပေါ့"
လုယန်က ရှင်းပြသည်။
"ဒီတာအိုရှင်အီသာအတွက် ထိုင်ခုံတစ်ခုယူခဲ့ကြပါ"
ကုန်းကုန်းတစ်ယောက်က ထိုင်ခုံတစ်ယူလာပေးသည်။ အီသာကလုန်းကို ထိုင်ခုံပေါ်တင်ပေးသည်။
"ကဲ ပြောပါဦး။ ကြယ်စုမဟာမိတ်ဆိုတာ ဘယ်လိုဟာမျိုးလဲ"
အီသာကလုန်း၏ ထူးခြားသည့်တည်ဆောက်ပုံကို သတိထားမိသည်။ သာမန်လူများ၏စွမ်းရည်ထက် များစွာသာသည်။ သို့သော်သာမန်လူများက ဖန်တီးထားသည်။ ထိုအချက်ကြောင့် သူစိတ်ဝင်စားသည်။
"တိုက်ရိုက်ရှင်းပြဖို့က နည်းနည်းခက်ပါတယ် မင်းကြီး။ ဒါကိုကြည့်ပါ"
အီသာက ဗာကျူရယ်ကြယ်မြေပုံကို လေထဲသို့ထိုးပြသည်။ ကြယ်စုမဟာမိတ်လေ့လာဖော်ထုတ်ထားသည့် စကြာဝဠာတစ်ခုလုံးပါသည်။
ကောင်းဟွမ်ယူက မြေပုံတစ်နေရာကို စက်ဝိုင်းဆွဲပြသည်။
"ဒီကြယ်စုတွေဟာ ကျုပ်တို့ကြယ်စုမဟာမိတ်ထဲမှာ ပါပါတယ်။ ပင်မကြယ်ရှစ်ရာနဲ့ အရံကြယ်သုံးထောင်ရှိတယ်။ ကျုပ်တို့မြို့တော်က ဒီမှာပါ။ ထာဝရကြယ်စုရဲ့ ထာဝရကြယ်ကမ္ဘာပါ"
"ဒါတွေကဘာတွေလဲ"
အနက်ရောင်အစက်အပြောက်များ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေသည့် ထာဝရကြယ်အနီးမှနေရာတစ်ခုကို အင်ပါယာရှား လက်ညှိုးထိုးပြသည်။
"အာကသယာဉ်တွေပါ။ အာကာကို စူးစမ်းလေ့လာဖို့ အကူအညီပေးတဲ့နေရာပါ"
အီသာကို အာကာသယာဉ် အများဆုံးရှိသည့်နေရာကို ပုံကြီးချဲ့ဖို့ ကောင်းဟွမ်ယု အချက်ပြလိုက်သည်။
မကြာမီ အာကာသဆိပ်ကမ်းကမ်း ပေါ်လာသည်။ ကြီးမားသည့်ယာဉ်များကိုကြည့်၍ ကြယ်စုမဟာမိတ်ကို အင်ပါယာရှား အတော်လေးစားမိသည်။
ကုန်သည်အသင်းက လှေပျံများကို အာကာသအမြန်ယာဉ်အဖြစ် အဆင့်မြှင့်ပေးနိုင်သည်။ သို့သော် ကျင့်ကြံသူများသာ သုံးနိုင်သည့်နည်းလမ်းဖြစ်သည်။
ကြာစုမဟာမိတ်မှ သာမန်လူများအားလုံး အာကာသသို့ခရီးထွက်နိုင်သည်။ ထိုသို့လို့နိုင်ဖို့ မျိုးဆက်ဆယ်ဆက်ကျော်လောက် လူပေါင်းများစွာအားထုတ်ခဲ့ရလိမ့်မည်။
ထို့နောက် မြေပုံက ထာဝရကြယ်ကို အနီးကပ်ချဲ့ပြသည်။ ထာဝရကြယ်ကမ္ဘာ၏ လမ်းများပေါ်လာသည်။
လမ်းပေါ်တွင် ယာဉ်များရှုပ်ထွေးနေသည်။ လူများပြည့်နေသည်။ မိုးမျှော်အဆောက်အဦးများ ဘေးနှစ်ဘက်တွင် တန်းစီနေသည်။ ရောင်စုံဘေလ်ဘုတ်များ ခေါင်မိုးထက်တွင် ထောင်ထားသည်။
အားလုံး သက်ဝင်လှုပ်ရှားနေသည်။ ကျင့်ကြံသူလောကတွင် မမြင်ဖူးသည့် မြင်ကွင်းများဖြစ်သည်။
"သူက ဘယ်သူနဲ့စကားပြောနေတာလဲ"
အင်ပါယာရှားက လမ်းပေါ်တွင် လမ်းလျှောက်ရင်း စကားပြောနေသူတစ်ယောက်ကို လက်ညှိုးထိုးပြသည်။
"တစ်ခြားကြယ်စုက လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းအကြောင်း ပြောနေတာဖြစ်လောက်ပါတယ်။ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနဲ့ လေဟာနယ်အကွာအဝေးကို အရေးစိုက်စရာမလိုပဲ တိုက်ရိုက်စကားပြောနိုင်ပါတယ်"
ကောင်းဟွမ်ယုက ထိုနည်းပညာကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရယ်နေသည်။
"ဒါကဘာလဲ"
နေရာအတော်များများတွင်တွေ့ရသည့် လေထဲမှ'သတ္တုလုံး'များကို အင်ပါယာရှား မေးပြန်သည်။ လုယန်တီထွင်ခဲ့သည့် ကားပျံများနှင့် ဆင်တူသည်။
"နေစွမ်းအင်သုံး ခရီးသွားယာဉ်တွေပါ"
"ဒါကရောဘာလဲ"
"ဉာဏ်ရည်တုစက်ရုပ်အိမ်ထန်းပါ"
"ဒါကရော"
"မှတ်ဉာဏ်တု(မီမိုရီချပ်စ်)စက်ရုံပါ။ အားလုံးကို ဉာဏ်ရည်တုနည်းပညာနဲ့ လည်ပတ်ပါတယ်"
"သာမန်လူတွေက ဒီလောက်အထက်တန်းကျကျနေနိုင်တယ်ပေါ့"
အင်ပါယာရှား တဖြေးဖြေးပို၍ စိတ်လှုပ်ရှားလာသည်။ ထရပ်ပြီး ခန်းမထဲ လှည့်ပတ်လမ်းလျှောက်သည်။
လုယန်ဆောက်ရွက်ခဲ့သည့်ကိစ္စက သူထင်မထားလောက်အောင် အကျိုးကျေးဇူးများသည်။
ထိုနည်းပညာများကို ကျင့်စဉ်ပညာနှင့်သာ ပေါင်းစပ်လိုက်လျှင် ဘယ်လောက်အဆင့်မြင့်လာမည်မသိ။
"ကောင်းကင်လက်မှုပညာဌာနကို တည်ထောင်မယ်။ ပစ္စည်းသွန်းသူတွေ၊ မှော်စက်ဝန်းပညာရှင်တွေ၊ ပုံသွန်းပညာရှင်တွေ အားလုံးစုစည်းမယ်။
..တာအိုရှင်ကောင်း၊ မဟာရှားရဲ့ ကောင်းကင်လက်မှုပညာဌာနနဲ့ လက်တွဲဖို့ စဉ်းစားပေးမလား"
"ကောင်းကင်လက်မှုပညာဌာနဆိုတာဘာလဲ။ ကျုပ်ကိုလည်း ပြောပြပါဦး"
ကျူးထန်က ခန်းမထဲသို့ အေးအေးလူလူ ဝင်လာသည်။
"ကျုပ်က ပထမဆုံးရောက်တဲ့လူထင်တယ်"
ကျူးထန်သွားဖြဲရယ်သည်။ လုယန်ကို မြင်သည်နှင့်
"အကိုလုယန် ပြန်လာပြီပေါ့"
ဘေးပတ်လည်ကို သူမျက်လုံးဝေ့ကြည့်သည်။ လွတ်နေသည့်ထိုင်ခုံတစ်ခု တွေ့သဖြင့် အီသာကလုန်းကို ဘေးဖယ်ပြီး ဝင်ထိုင်သည်။
"တကယ်အလိုက်သိတာပဲ။ ကျုပ်အတွက် ထိုင်ခုံတစ်လုံးချန်ထားတယ်ပေါ့"
"ဟေ့လူ ဟေ့လူ၊ အဲဒါ ကျုပ်ထိုင်ခုံပါ"
အီသာက ဒေါသတကြီး ပြောသည်။ ရုပ်ခန္ဓာအကန့်အသတ်ကြောင့်သာမဟုတ်လျှင် ချက်ချင်းခုန်တက်လိုက်ချင်သည်။
"ဒီဟာလေးက စကားပြောတတ်တယ်ပေါ့။ စိတ်ဝင်စားစရာပဲ"
ကျူးထန်က ခပ်ညှင်းညှင်းရယ်သည်။ အီသာကွန်ပြုတာထိပ်ပိုင်းကို လက်ဖြင့်ကိုင်၍ လေးငါးပတ်လှည့်ကြည့်သည်။
"မစ္စတာလု၊ သူကျုပ်ကို အနိုင်ကျင့်နေတယ်။ ကျုပ်ဘက်ကရပ်တည်ပေးပါ"
အီသာက လုယန်ကို လှမ်းပြောသည်။ ကျူးထန်လန့်သွားသည်။
ထိုအရာ ဘယ်လိုနောက်ကြောင်းရှိခဲ့မှန်းမသိ။ သတ္တသေတ္တာက မူလဝိညာဉ်ပိုင်ဆိုင်ထားသည်။
လုယန် သတိပေးသည်။
"ဘုရင်ကျူး။ ဒါက အီသာကွန်ပြူတာပါ။ ကြယ်စုမဟာမိတ်ကလာတဲ့ ဧည့်သည်ပါ"
"ဪ ဧည့်သည်လား။ တောင်းပန်ပါတယ်"
ကျူးထန်က သွားဖြဲရယ်၍ အီသာကိုပုတ်လိုက်သည်။
"ဒါပေမယ့် မင်းအမှားလည်းပါတာပဲ။ အစောကတည်းက ဧည့်သည်ပါလို့ပြောရင် ဒါမျိုးဖြစ်စရာမရှိဘူးလေ"
အီသာက ဒေတာဘေ့စ်တွင် အသည်းအသန်ရှာဖွေသည်။ ကျူးထန်ကို စကားလှန်ထိုးနိုင်မည့်နည်းလမ်းကို စဉ်းစားနေသည်။
နဂါးအင်ပါယာ၊ နှင်းအင်ပါယာနှင့် မိန်ယုတို့လည်း ဆက်တိုက်ဆိုသလို ရောက်လာသည်။ ကြယ်စုမဟာမိတ်အခြေအနေကို နားလည်ပြီးနောက် တိုးတက်မည့်အခွင့်အရေးကို မြင်လာကြသည်။
ကျူးထန် ကိစ္စတစ်ခု ရုတ်တရက်တွေးမိပြီး နည်းနည်းမကျေမနပ်ဖြစ်သွားသည်။
"မင်းတို့မဟာရှားက ကောင်းကင်လက်မှုပညာဌာနကို ဘယ်ကရတာလဲ။ တာအိုရှင်ကောင်းကိုတောင် သိမ်းသွင်းဖို့ ကြိုးစားနေတယ်ပေါ့။ လောင်ကျန်း၊ မင်းဒီလို လက်ဦးမှုယူပြီး စည်းရုံးသိမ်းသွင်းနေတာ မရှက်ဘူးလား"
အင်ပါယာရှားကလည်း မှားမှန်းသိ၍ ငြိမ်နေသည်။
ထို့နောက် ကျူးထန်က ချက်ချင်းလေသံပြောင်း၍ လုယန်ကို ချီးကျူးသည်။
"ဒါပေမယ့် ဒီကိစ္စက အကိုလုယန်ကျေးဇူးကြောင့်။ ခရီးတစ်ခါထွက်ရုံနဲ့ ဒီလောက်အများကြီးစွမ်းဆောင်နိုင်တယ်။ ဒီကိစ္စတွေ ဆောင်ရွက်နိုင်တာနဲ့ ကျင့်ကြံသူလောက တစ်ဟုန်ထိုးတိုးတက်လာမှာ သေချာပေါက်ပဲ"
"ဟုတ်တယ် ဟုတ်တယ်။ မိတ်ဆွေလုယန် ကျေးဇူးကြောင့်ပါ"
ကျန်သည့်လူများကလည်း စိတ်ရင်းဖြင့်ချီးကျူးသည်။ အပေါ်ယံပြောခြင်းမဟုတ်။
အပြင်ခရီးထွက်သူများတွင် လုယန်လောက်စွမ်းဆောင်နိုင်သူ ဘယ်နှယောက်ရှိသနည်း။
တိုင်ပုဖန်ကိုယ်တိုင်ပင် ပြုံးရယ်နေသည်။ ယခု လုယန်က ဂိုဏ်းအတွက် နည်းနည်းဂုဏ်ဆောင်နိုင်ပြီဖြစ်သည်။
"အခြေအနေမကောင်းဘူး။ မဟာမိတ်က အန္တရာယ်ကြုံနေပြီ"
ရုတ်တရက် အီသာထအော်လိုက်သည်။
"ဘာဖြစ်တာလဲ။ မဟာမိတ်မှာ ဘာတွေဖြစ်နေလို့လဲ"
ကောင်းဟွမ်ယု မျက်နှာပျက်သွားသည်။ မဟာမိတ်တွင် ဘာအန္တရာယ်ကြုံစရာရှိသနည်း။
သို့သော် အီသာကလုန်းက လိမ်မည်မဟုတ်။ ကွမ်တမ်ဆက်သွယ်နည်းဖြင့် ပင်မမိန်းဖရိန်ကို ချိတ်ဆက်ထားသည်။
"အမည်အသိအင်အားစုတစ်ခုက မဟာမိတ်ကို တိုက်ခိုက်နေတယ်။ အရမ်းစွမ်းအားကြီးတယ်။ မဟာမိတ်ဘက်က လုံးဝမခုခံနိုင်ဘူး"
"အမည်မသိအင်အားစု..."
ကောင်းဟွမ်ယု မယုံနိုင်အောင်ဖြစ်သွားသည်။ ကြယ်စုမဟာမိတ် ဖွံ့ဖြိုးတိုးတက်နေသည်။ ပတ်ဝန်းကျင့်သက်ရှိဂြိုလ်များကို အဆက်မပြတ်သိမ်းသွင်းနေသည်။
ထိုမျှအင်အားကြီးသည့် ရန်သူမျိုး တစ်ခါမှမကြုံဖူး။ ကျင့်ကြံမှုလောကသာမရှိခဲ့လျှင် ကြယ်စုမဟာမိတ်ကို စကြာဝဠာတွင် အင်အားအကြီးဆုံးဟု ယူဆမိမည်သာဖြစ်သည်။
ယခု၊ အမည်မသိအင်အားစုတစ်ခုက မဟာမိတ်ကို အပြည့်အဝလွှမ်းမိုးနေသည်။
အီသာကလုန်းက တိုက်ပွဲအခြေအနေကို ပုံရိပ်ထိုးပြသည်။
မဟာမိတ်က ပြင်းထန်သည့်ကြယ်ကမ္ဘာစစ်ပွဲကို ဆင်နွှဲနေသည်။ အမည်မသိရန်သူ၏ ယာဉ်ပျံများ အတင်းဝင်လာသည်။ ရင်ဆိုင်တွေ့သည်နှင့် မဟာမိတ်၏တိုက်ခိုက်ရေးယာဉ်များ ချက်ချင်းပျက်စီးသွားသည်။ လုံးဝယှဉ်မရ။
ကြယ်စုမဟာမိတ် ပျက်စီးတော့မည်။
လုယန်အမူအရာပြောင်းသွားသည်။ ထိုအမည်မသိရန်သူ၏ ယာဉ်ပျံများက ဖယောင်းကောင်းကင်ကြယ်ကမ္ဘာမှ ယာဉ်ပျံများနှင့် တူနေသည်။
မကြာမီ သူ့ခန့်မှန်းချက်ကို အီသာကလုန်းက အတည်ပြုသည်။
"အမည်မသိရန်သူက ဖယောင်းကောင်းကင်ကြယ်ကမ္ဘာလာတယ်လို့ ကြေညာပါတယ်။ ကောင်းကင်အင်ပါယာအမိန့်နဲ့ စကြာဝဠာလွှမ်းမိုးသူတွေပါတဲ့"
သို့သော် ပုံရိပ်ပျောက်သွားသည်။ အီသာကလုန်းလည်း အသံလုံးဝတိတ်သွားသည်။
"မိတ်ဆွေကောင်း။ အီသာ ဘာဖြစ်နေတာလဲ"
လုယန်မေးလိုက်သည်။
ကောင်းဟွမ်ယု နဖူးကြောရှုံ့နေသည်။
"တိုက်ပွဲက ပြင်းထန်လွန်းလို့ အီသာက သူ့စွမ်းရည်အားလုံး မိန်းဖရိမ်မှာ စုစည်းထားရတာဖြစ်မယ်"
လုယန် ဖြေးညှင်းစွာထရပ်၍ အားလုံးကို လှည့်ကြည့်သည်။
"အကြီးအကဲတို့၊ ကျုပ်တို့တပ်ဖွဲ့တွေစုစည်းပြီး ကြယ်စုမဟာမိတ်ကို ချက်ချင်းအကူအညီသွားပေးသင့်တယ်ထင်တယ်"
"မှန်တယ်။ ကျုပ်သဘောတူတယ်"
ကျူးထန်က ချက်ချင်းတုံ့ပြန်သည်။
"ကျုပ်လည်း သဘောတူတယ်"
"သဘောတူပါတယ်"
အဓိကအင်အားစုငါးခု၏ ကိုယ်စားပြုများ တုံ့ဆိုင်းမနေဘဲ တပ်ဖွဲ့စေလွှတ်ဖို့ ထောက်ခံကြသည်။
ကောင်းဟွမ်ယုစိတ်ထဲ အတော်လေးစားမိသည်။ ယခုလို ချက်ချင်းကူညီကြမည်ဟု သူထင်မထား။
"တီ တီ"
ထိုစဉ် အီသာကလုန်းအသံမြည့်ပြီး မိန်းဖရိန်နှင့် ပြန်အဆက်အသွယ်ရလာသည်။ လေသံက နည်းနည်းတုံ့ဆိုင်းနေသည်။
"ဒါကလေ အင်း...ကြည့်ရတာ မစ္စတာလုတို့ ကျုပ်တို့မဟာမိတ်ကို အကူအညီပေးဖို့ မလိုဘူးထင်တယ်"
"ဘာကိုပြောချင်တာလဲ"
လုယန် တွေးမရ။ မဟာမိတ် ကြီးမားသည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်မဟုတ်လော။ ရုတ်တရက် ထိုအန္တရာယ်ကြားမှ ဘယ်လိုလွတ်သွားသနည်း။
"ဖယောင်းကောင်းကင်တပ်ဖွဲ့က ခင်ဗျားလက်ဆောင်ပေးခဲ့တဲ့ ထိပ်တန်းဝိညာဉ်ကျောက်တွေကိုတွေ့ပြီး စိတ်ပြောင်းသွားတယ်။ ခင်ဗျားတို့ ကျင့်ကြံသူလောကကိုပဲ သွားသိမ်းပိုက်တော့မယ်လို့ ပြောတယ်"
ထိုစကားကြားသည်နှင့် တိုင်ပုဖန် ရင်ဘတ်ကိုဖိ၍ သတိလစ်မတတ်ဖြစ်သွားသည်။
ဤတစ်ခေါက် လုယန်ပြန်လာချိန်တွင် အရင်ထက်ပိုသိတတ်လာပြီဟုတွေးရင်း သူကျေနပ်ခဲ့သည်။ စိတ်ထဲမှ ကျိတ်ချီးကျူးနေခဲ့သည်။ ယခုမှ အကြီးဆုံးတုန်လှုပ်စရာသတင်းကို ကြားလိုက်ရသည်။
တိုင်ပုဖန်အဖြစ်ကို သတိထားမိသဖြင့် လုယန် အမြန်ရှင်းပြသည်။
"အကိုတိုင်၊ ကျုပ်ပြောတာ နားထောင်ပါဦး။ ဒီကိစ္စက ကျုပ်နဲ့ဘာမှမဆိုင်ပါဘူး။ ကျုပ်က ယဉ်ကျေးမှုအရ ထိပ်တန်းဝိညာဉ်ကျောက် နည်းနည်းပဲပေးခဲ့တာပါ။
ဖယောင်းကောင်းကင်အဖွဲ့က လောဘကြီးလွန်းလို့ပါ။..အကိုတိုင်၊ ထပါဦး"
*******************************