အခန်း ၄၉၂
Vol. 50 Ch. 492
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၉၂)
" စက္ကူတွေက ကမ္ဘာတစ်ဝန်းလုံးက အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးနိုင်လိမ့်မယ်။ သာမန်ပြည်သူပေါင်းများသွာကို အသိပညာပေးဖို့နဲ့ ကမ္ဘာတစ်ဝန်းက လူတွေ စာတတ်ဖို့က ဒါမပါလို့မဖြစ်ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဖုန်းအာ ငါက ကမ္ဘာကြီးကို ပေါင်းစည်းလိုက်ရုံနဲ့ ကမ္ဘာကြီးကို အံ့အားသင့်အောင်လုပ်နိုင်ပြီလို့ထင်ခဲ့တယ်။ ဒါပေမယ့် မင်းက ကမ္ဘာတစ်ခုလုံးက ပြည်သူတွေကို ပညာတတ်စေချင်တာပဲ။ ဒါက ခက်တယ်။ " ရင်ကျန့်က သက်ပြင်းချပြီး ပြောလိုက်သည်။
" တကယ်ခက်တယ်။ ဒါပေမယ့် စာပေဆိုတာ အထက်တန်းလွှာတွေရဲ့ လက်ထဲမှာ ရှိနေတာမျိုးကို သားတော် မလိုချင်သလို ကမ္ဘာတစ်ခုလုံးက လူတွေ အနာဂတ်မှာ တိုးတက်ဖို့ မျှော်လင့်ချက်မရှိတာမျိုးကိုလည်း မလိုချင်ဘူး။ ခမည်းတော် ချင်အင်ပါယာရဲ့ လက်ရှိအားနည်းချက်ကို မမြင်ဘူးလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဘာအားနည်းချက်လဲ။ " ရင်ကျန့်က ကြောင်သွားသည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ " စစ်ရေးစွမ်းဆောင်မှုစနစ်လား။ "
" ရှန်းကျိုးနယ်မြေကို မပေါင်းစည်းခင်တုန်းက ချင်အင်ပါယာက အခြားနိုင်ငံတွေထက် သာလွန်နေတာဟာ ချင်အင်ပါယာက ပြောင်းလဲမှုတွေနဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်ကြောင့်ပဲ။ နိုင်ငံသားတိုင်းက စစ်တပ်ထဲကို ဝင်ပြီး ရန်သူကို သတ်ဖို့ စစ်မြေပြင်ကို သွားနိုင်ကြတယ်။ ရန်သူတွေကို သတ်ပြီး ရာထူးဘွဲ့ထူးတွေ ရရှိနိုင်တယ်။ ဒါပေမယ့် အခု ရှန်းကျိုးနယ်မြေက တည်ငြိမ်သွားပြီ။ ဟွာရှလူမျိုးတွေကလည်း တစ်စုတစ်စည်းတည်းဖြစ်သွားပြီ။ "
" အခုအချိန်မှာ ချင်အင်ပါယာ လုပ်ရမှာက ပြည်သူတွေကို အသိပညာပေးပြီး လမ်းပြပေးဖို့ပဲ။ ဒါမှ ကမ္ဘာပေါ်က လူတိုင်းက စာရေတတ်ဖတ်တတ်ကြလိမ့်မယ်။ ခက်ခဲပေမယ့် ဒါက လုပ်ကိုလုပ်ရမယ်။ ဒါမှသာ ချင်အင်ပါယာက ထူးချွန်တဲ့သူတွေကို ဆက်တိုက်မွေးထုတ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းရဲ့ စိတ်ထဲမှာ ဘာအစီအစဉ်တွေရှိလဲ။ " ရင်ကျန့်က မေးလိုက်သည်။
ကျောက်ဖုန်းက နိုင်ကံကို အုပ်ချုပ်ရာတွင် ရင်ကျန့်လောက် မတော်လျှင်တောင် ဟွာရှ၏ နှစ်ပေါင်းထောင်ချီသမိုင်းကြောင်းကို နားလည်ထားသောကြောင့် မည်သည့်မူဝါဒများဖြင့် တိုင်းပြည်အား အုပ်ချုပ်ရမည်ကို သူသိသည်။ သူက အကြံပြုပြီး ရင်ကျန့်က အကောင်အထည်ဖော်လျှင် ချင်အင်ပါယာက သန်မာလာပေလိမ့်မည်။
" ပထမဆုံး အင်ပါယာတစ်ခုလုံးကိို ပြည်နယ်ကိုးခုအဖြစ် ခွဲခြားပြီး ခရိုင်နဲ့ မြို့တွေကို တည်ထောင်မယ်။ အင်ပါယာအနှံ့ ကျောင်းတော်တွေ ဖွင့်လှစ်ပြီး ပြည်သူတွေကို အသိပညာပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အင်ပါယာကို ခရိုင်တွေခွဲခြားဖို့က ငါစိတ်ထဲမှာ ဆုံးဖြတ်ပြီးသားပါ။ " ရင်ကျန့်က ပြုံးလိုက်ပြီး ပိုးထည်စတစ်ခုကို ဖြန့်လိုက်သည်။
ထိုပိုးထည်စက ချင်အင်ပါယာ၏ နယ်မြေကို ခရိုင် ၃၆ခုအဖြစ် ခွဲခြားထားသည်။ ယခင်ကတည်းက ရင်ကျန့်က ၎င်းအတွက် ၎င်းကို ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။
" ခရိုင် ၃၆ခုအပေါ်မှာ နောက်ထပ် ပြည်နယ်ကိုးခု တည်ထောင်မယ်။ ဟွာရှရဲ့ အိုးကြီးကိုးလုံးကို အတုယူပြီး ပြည်နယ်ကိုးခုရဲ့ အခြေခံကို တည်ဆောက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" လာခဲ့။ " ရင်ကျန့်က နောက်အခန်းဆီသို့ လျှောက်သွားသည်။
ကျောက်ဖုန်းက နောက်မှလိုက်ပါသွားသည်။ သူတို့က သဲမြေပုံရှေ့သို့ ရောက်သွားကြသည်။
" ခရိုင် ၃၆ခုကို သတ်မှတ်ပြီးပြီ။ သူတို့ကို ဘယ်အချိန်မဆို အကောင်အထည်ဖော်လို့ရတယ်။ ပြည်နယ်ကိုးခုကို ဘယ်လိုခွဲမလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ " ရင်ကျန့်က ပြုံးပြီး ကျောက်ဖုန်းကို မေးလိုက်သည်။
" ကောင်းပါပြီ။ " ကျောက်ဖုန်းက ရှေ့တိုးလာပြီး ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
" ပိုင်ယွဲ့ဒေသအပါအဝင် ဒီနေရာကို ယန်နယ်မြေလို့ ခေါ်မယ်။ " ကျောက်ဖုန်းက ပြောလိုက်ပြီး ဓားက ချူနယ်မြေပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် မျဉ်းကြောင်းတစ်ခု ပေါ်လာပြီး ပြည်နယ်တစ်ခုကို ခွဲထုတ်လိုက်သည်။
" ကောင်လေး ပိုင်ယွဲ့ကို သိမ်းတောင်မသိမ်းရသေးဘူး။ မင်းက ပြည်နယ်ကိုးခုထဲကိုတောင် ထည့်လိုက်ပြီပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ဒါက အချိန်ပဲလိုတာပါ။ ပိုင်ယွဲ့က ချီယိုရဲ့ မျိုးဆက်တွေ ဟွာရှရဲ့ မျိုးနွယ်ခွဲတွေပဲ။ နိုင်ငံတော်မူဝါဒတွေကို အကောင်အထည်ဖော်ပြီးရင် ပိုင်ယွဲ့နယ်မြေကို ရှန်းကျိုးနယ်မြေထဲထည့်ပြီး ယန်ပြည်နယ်ကို တည်ထောင်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဆက်ပြောပါဦ။ " ရင်ကျန့်က ပြောလိုက်သည်။
" ချူနယ်မြေနဲ့ ဟန်နယ်မြေ။ " ကျောက်ဖုန်း၏ ဓားက ကျဆင်းလာပြီး နယ်မြေတစ်ခုခွဲထုတ်လိုက်သည်။ " ဒါကို ကျင်းပြည်နယ်လို့ ခေါ်မယ်။ "
" ချီနယ်မြေနဲ့ ချူနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု၊ ဒါကို ရှုပြည်နယ်လို့ခေါ်မယ်။ "
" ကွမ်ကျုံးနဲ့ ပါချူနယ်မြေ၊ ဒါကို လျန်ပြည်နယ်လို့ ခေါ်မယ်။ "
" ယန်နယ်မြေနဲ့ ဝေနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု၊ ဒါကို ယွီပြည်နယ်လို့ခေါ်မယ်။ "
" ယုံမြို့နဲ့ ကျောက်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုကို ယုံပြည်နယ်လို့ ခေါ်မယ်။ "
" ကျောက်နယ်မြေနဲ့ ယန်နယ်မြေ အစိတ်အပိုင်းတစ်ခု၊ ဒါကို ချင်းပြည်နယ်လို့ ခေါ်မယ်။ "
" ချီနယ်မြေနဲ့ ယန်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဒါကို ကွမ်ပြည်နယ်လို့ခေါ်မယ်။ "
" တိုက်နယ်မြေနဲ့ ယန်နယ်မြေရဲ့ မြောက်ဘက်နယ်စပ်၊ ဒါကို ကျိပြည်နယ်လို့ ခေါ်မယ်။ "
ကျောက်ဖုန်းက ဓားဖြင့် မျဉ်းကြောင်းများ ရေးဆွဲလိုက်သည်။ သူတို့၏ ရှေ့ရှိ မြေပုံပေါ်တွင် ပြည်နယ်ကိုးခုအဖြစ် ခွဲထွက်သွားသည်။ ၎င်းက ချင်အင်ပါယာ ပြည်နယ်ကိုးခု၏ ပုံစံငယ်ဖြစ်သွားသည်။ ကျောက်ဖုန်းက ယခင်သမိုင်းအတိုင်း ဟွာရှ၏ အိုးကိုးလုံးကို ရိုသေသောအားဖြင့် ချင်အင်ပါယာကို ပြည်နယ်ကိုးခုအဖြစ် ခွဲခြားခဲ့သည်။
" ကောင်းတယ်။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ " ပြည်နယ်တွေ ခွဲခြားပြီးပြီဆိုတော့ ပြည်နယ်တစ်ခုစီရဲ့ ကိစ္စတွေကို စီမံခန့်ခွဲဖို့ ခရိုင်အုပ်ချုပ်ရေးမှူးထက် ပိုမြင့်တဲ့ အရာရှိတွေ လိုတယ်။ ဒီလိုဆိုရင် ရှန်းယန်ရဲ့ အုပ်ချုပ်ရေးက ပိုပြီး ပေါ့ပါးလာမယ်။ "
" ဟုတ်ပါတယ်။ ပြည်နယ်ကိစ္စတွေကို စီမံခန့်ခွဲသူတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးလို့ ခေါ်သင့်တယ်။ ဒါ့အပြင် ပြည်နယ်ကို စောင့်ကြပ်ဖို့နဲ့ ခရိုင်စစ်သည်တွေကို စီမံခန့်ခွဲဖို့ တပ်မှူးတစ်ယောက်လိုအပ်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး။ နောက်မျိုးဆက်များတွင် ထိုရာထူးက စစ်ရေးနှင့် အုပ်ချုပ်ရေးကို ပိုင်ဆိုင်ပြီး ဘုရင်ခံနဲ့ တူညီသည်။ ကျောက်ဖုန်းက ထိုမျှကြီးမားသော အာဏာကို ပေးအပ်မည်မဟုတ်ပေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရပ်ဘက်ကိစ္စများကိုသာ ထိန်းချုပ်နိုင်ပြီး စစ်ရေးကို ထိန်းချုပ်ခွင့် လုံးဝမရှိပေ။
ခရိုင်တစ်ခုတွင် စစ်သည်တစ်ထောင်ရှိလျှင် ပြည်နယ်တစ်ခုတွင် ခရိုင်ဆယ်ခုသာ ရှိလျှင်တောင် စစ်သည်များက တစ်သောင်းနီးပါးရှိနေပြီဖြစ်သည်။ ထိုတပ်ဖွဲ့က ချင်အင်ပါယာ၏ ပုံမှန်အခြေအနေတွင် ကြီးမားခြင်းမရှိသော်လည်း အရေးပါသော လှုပ်ရှားမှုများ ပြုလုပ်ရန် လုံလောက်သည်။
" ပြည်နယ်အုပ်ချုပ်ရေးမှူး ဒီလူကိုးယောက်ကို သေချာရွေးချယ်ရမယ်။ " ရင်ကျန့်က စဉ်းစားပြီး ပြောလိုက်သည်။
" မှန်တယ်။ ပြည်နယ်ကိုးခုကို အုပ်ချုပ်ဖို့ လူရွေးတဲ့ တာဝန်က ခမည်းတော်လက်ထဲမှာပဲ ရှိတယ်။ သူတို့က အရည်အချင်းရှိသူတွေပဲ ဖြစ်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" မင်းစကားကြောင့် ငါ့စိတ်ထဲမှာ လူအချို့တောင် ရှိနေပြီ။ ချိုင်စီ၊ ယန်ပင်း သူတို့က ဒိကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်တယ်။ ဒါအပြင် ယောင်ကျားနဲ့ မုန့်ယိတို့လည်း ရှိသေးတယ်။ " ရင်ကျန့်က ခဏစဉ်းစားပြီးနောက် လူလေးယောက်ရှိလာသည်။
" ပြည်နယ်ကိုးခုနဲ့ ခရိုင် ၃၆ခုခွဲလိုက်တော့ မင်းရဲ့ ကျောင်းတော်ကိစ္စကို ဘယ်လိုလုပ်မလဲ။ ကမ္ဘာကို အသိပညာပေးဖို့ဆိုတာ မလွယ်ဘူး။ စာပေတွေရေးဖို့ စက္ကူတွေရှိပေမယ့် စာအုပ်တွေ ကူးယူပြီး အင်ပါတစ်ခုလုံးကို ဖြန့်ချီဖို့က မလွယ်ဘူး။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။
" ရွှေ့ပြောင်းစာလုံးရိုက်နှိပ်ခြင်း။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး သူ၏ လက်ထဲတွင် တံဆိပ်တုံးနှင့်တူသော အရာအချို့ကို ကိုင်ထားသည်။
" အဲ့ဒါဘာလဲ။ " ရင်ကျန့်က နားမလည်ဘဲ မေးလိုက်သည်။
" တံဆိပ်တုံးတွေ ဖန်တီးသလိုပဲ။ ပြီးတော့ မင်တွေသုံးပြီး စက္ကူပေါ်မှာ ရိုက်နှိပ်တာပါ။ စာလုံးတွေကို ထွင်းထုပြီး စိတ်ကြိုက်ပေါင်းစပ်လို့ရတယ်။ လက်နဲ့ ရေးစရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။
" နတ်ဘုရားပစ္စည်းပဲ။ စာအုပ်တွေကို ဒီနည်းနဲ့ ရိုက်နှိပ်မယ်ဆိုရင် လက်နဲ့ ရေးတာထက် ပိုမြန်လိမ့်မယ်။ ဒါက ကမ္ဘာကို အသိပညာပေးဖို့ ပိုလွယ်သွားလိမ့်မယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
" ကျောင်းတွေ တည်ထောင်တာနဲ့ ပက်သက်ပြီးတော့ ခရိုင်အဆင့်ကစပြီး ခရိုင်ကျောင်းတွေ တည်ထောင်မယ်။ မြို့တော်တွေမှာ မြို့တော်ကျောင်းတွေ တည်ထောင်မယ်။ ပြည်နယ်မြို့တော်တွေမှာ ပြည်နယ်ကျောင်းတော်တွေ တည်ထောင်မယ်။ ပြီးရင် ရှန်းယန်မှာ ကျောင်းတော်တစ်ခုတည်ထောင်မယ်။ ပြည်နယ်စာမေးပွဲအောင်တဲ့သူတွေက ရှန်းယန်က ကျောင်းတော်မှာ ထပ်မံစစ်ဆေးခံပြီး အောင်တဲ့သူတွေက အစိုးရအရာရှိဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စာမေးပွဲအဆင့်သုံးဆင့်၊ နောက်ဆုံးမြို့တော်မှာ စစ်ဆေးမယ်။ ဒီနည်းလမ်းက တကယ်ကောင်းတယ်။ " ရင်ကျန့်က အံ့အားသင့်စွာ ပြောလိုက်သည်။
" ဒီစာမေးပွဲကို အင်ပါယာစာမေးပွဲလို့ခေါ်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်း ကျောင်းတော်တွေ တည်ထောင်ဖို့ အရည်အချင်းရှိတဲ့ သူတွေလိုတယ်။ မင်းသူတို့ကို ဘယ်မှာရှာမှာလဲ။ ဒါအပြင် ကျောင်းတော်တွေတည်ထောင်ဖို့ လုံလောက်တဲ့ ရန်ပုံငွေလိုအပ်တယ်။ အဲ့ဒါကို မင်းဘယ်လိုလုပ်မှာလဲ။ ကမ္ဘာကို ပညာပေးဖို့ ကျောင်းသားတွေကို အလကားလက်ခံလို့မရဘူး။ ပထမက အရည်အချင်း ဒုတိယက ငွေကြေးပေါ့။ မင်း ဒါကို သေချာစဉ်းစားရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ခမည်းတော် ချင်အင်ပါယာရဲ့ ဧကရာဇ်က ဘယ်သူလဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " သားတော်က မူဝါဒတွေ အဆိုပြုပြီးပြီ။ အခု သားတော်ကပဲ အကောင်အထည်ဖော်ရမှာလား။ ဒါကြောင့် ဒါကို ခမည်းတော် ကိုယ်တိုင် ဖြည်းဖြည်းချင်း စဉ်းစားသင့်တယ်။ သားတော် အိမ်ပြန်လိုက်ပါဦးမယ်။ "
ကျောက်ဖုန်းက ပြောပြီးသည်နှင့် လက်ဝှေ့ရမ်းပြီး ထွက်ခွာသွားသည်။