အခန်း ၄၉၄
Vol. 50 Ch. 494
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၉၄)
" အဲ့ဒီမြားပစ်မှတ်ကို တွေ့လား။ " ကျောက်ဖုန်းက ငါးကျန့်အကွာမှ မြားပစ်မှတ်ကို ညွှန်ပြလိုက်သည်။
" မြင်ပါတယ်။ " အားလုံးက ပြန်ဖြေလိုက်သည်။
" တုဆွေ အဲ့ဒါကို ဖျက်ဆီးလိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " တုဆွေက ရှေ့တိုးလာပြီး သူ၏ ညာလက်သီးကို မြှောက်လိုက်သည်။
" ဘာလုပ်တာလဲ။ အဝေးကနေ မြားပစ်မှတ်ကို ဖျက်ဆီးတာလား။ " ဝမ်ကျန့်နှင့် အခြားသူများက နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ သို့သော် နောက်ခဏတွင် တုဆွေက ချီစွမ်းအားကို လည်ပတ်စေုပီး ငါးကျန့်အကွာမှ မြားပစ်မှတ်ဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးစွမ်းအားတစ်ခါက ထွက်ပေါ်လာပြီး အဝေးမှ မြားပစ်မှတ်က ပေါက်ကွဲပျက်စီးသွားသည်။
" ဒါ ဒါက..." အားလုံးက မှင်သက်သွားကြသည်။
" ဒါက အိမ်ရှေ့စံမင်းသား ကျုပ်ကို သင်ပေးထားတဲ့ သိုင်းပညာပါ။" တုဆွေက ဝမ်ကျန့်နှင့် အခြားသူများကို ဂုဏ်ယူစွာ ပြောလိုက်သည်။
" သိုင်းပညာလား။ " စစ်သေနာပတိချုပ်များက အံ့အားသင့်သွားကြပြီး သူတို့၏ အကြည့်များက ကျောက်ဖုန်းဆီသို့ ရောက်သွားကြသည်။ " အိမ်ရှေ့စံမင်းသား ဒါက အင်မော်တယ်စွမ်းအားလား။ "
" အင်း အင်မောတယ်စွမ်းအားလို့လည်း ပြောလို့ရတယ်။ ဘာပဲပြောပြော ဒါက သာမန်လူတွေ နားမလည်နိုင်တဲ့ စွမ်းအားပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီနေ့ အိမ်ရှေ့စံမင်းသားက ခေါ်လိုက်တာဆိုတော့ ဒီလိုအင်မော်တယ်စွမ်းအားကို လက်ဆင့်ကမ်းပေးမလို့လား။ " ဝမ်ကျန့်က မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။
" ငါ ဘယ်လိုအင်ပါယာမျိုး တည်ထောင်ချင်လဲဆိုတာ မင်းတို့သိလား။ " ကျောက်ဖုန်းက ပြန်မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသားက ထာဝရတည်တံ့တဲ့ အင်ပါယာမျိုး တည်ဆောင်ချင်တာ ဖြစ်ရမယ်။ " မုန့်ဝူက ရိုသေစွာ ပြောလိုက်သည်။
" ငါတည်ဆောက်ချင်တဲ့ အင်ပါယာက သာမန်လူသားအင်ပါယာမဟုတ်ဘူး။ သိုင်းတာအိုအင်ပါယာပဲ။ ထာဝရအသက်ရှည်ခြင်းအင်ပါယာ။ နားလည်ကြလား။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
စစ်သေနာပတိချုပ်များက ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။ သိုင်းတာအိုအင်ပါယာ ထိုစကားလုံးများက ခေတ်သစ်တစ်ခုကို စိတ်ကူးကြည့်ရန် လုံလောက်ပေသည်။
" ငါက အရင်ဆုံး သိုင်းတာအိုကို စစ်တပ်အတွင်းမှာ ဖြန့်ကျက်ဖို့ စီစဉ်ထားတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ဆောင်ရွက်ပါမယ်။ " စစ်သေနာပတိချုပ်အားလုံးက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
" စစ်သေနာပတိချုပ်တွေထဲမှာ တုဆွေကလွဲပြီး ကျန်တဲ့သူတွေက သိုင်းပညာ မတတ်ကြဘူး။ စစ်တပ်မှာ ရပ်တည်နိုင်ဖို့ဆိုရင် သိုင်းတာအိုလမ်းစဉ်ကို မဖြစ်မနေ လျှောက်လှမ်းရမယ်။ ဒါပေမယ့် သိုင်းတာအိုကို မသင်ပေးခင်မှာ လူတိုင်းက အဝေးကြီးမရောက်နိုင်သလို လူတိုင်းကလည်း သိုင်းတာအိုရဲ့ အထွတ်အထိပ်ကို ရောက်မှာ မဟုတ်ဘူး။ အသက်နှစ်ဆယ်ကျော်သွားရင် အမြင့်ဆုံးအနေနဲ့ ဆရာသခင်အဆင့်ထိပဲ ရောက်နိုင်တော့မယ်။ ဒါကြောင့် အနာဂတ် သိုင်းတာအို လမ်းစဉ်က ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့သူတွေ ပေါ်လာတာပဲ။ အနာဂတ်ဆိုတာ သတ်မှတ်ထားတာမဟုတ်ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝမ်ကျန့်၊ မုန့်ဝူနှင့် ဟွမ်ယိတို့က မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက အသက်ငါးဆယ်ကျော်ပြီဖြစ်သည်။ ကျောက်ဖုန်း၏ စကားများအရ သူတို့၏ လမ်းကြောင်းက ပိတ်ဆို့သွားပြီဖြစ်သည်။
" ကျွန်တော်တို့က အသက်ကြီးနေပြီဆိုပေမယ့် ချင်အင်ပါယာအတွက် ဆက်ပြီး တာဝန်ထမ်းဆောင်ပါမယ်။ တစ်နေ့မှာ အသက်အရွယ်ကြီးရင့်မှုကြောင့် သိုင်းတာအိုလမ်းစဉ်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘူးဆိုရင် ရာထူးက နုတ်ထွက်ပြီး နေရာဖယ်ပေးဖို့ အဆင်သင့်ပါပဲ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ကျွန်တော်တို့လည်း အတူတူပါပဲ။ " မုန့်ဝူနှင့် ဟွမ်ယိတို့ကလည်း ချက်ချင်း ပြောလိုက်ကြသည်။
တုဆွေပြသသွားသော သိုင်းတာအို၏ စွမ်းအားကို မြင်တွေ့ပြီးနောက် သူတို့၏ စိတ်ထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လာခဲ့သည်။ ၎င်းက ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်။
" မင်းတို့ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်။ အသက်ကြီးပေမယ့် ကြိုးစားမှုက အဓိကပဲ။ ဒါအပြင် ချင်အင်ပါယာရဲ့ အရေးပါတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့အတွက် မင်းတို့လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း ငါ ထောက်ပံ့ပေးမယ်။ အဲ့ဒါကို အသုံးချနိုင်ရင် အသက်အရွယ်အားနည်းချက်ကို လျှော့ချနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ရမ်းလိုက်ရာ ထျန်းရွှမ်ကြေးမုံက သူတို့၏ ရှေ့တွင် ပေါ်လာသည်။
" ဒါက ငါ့ရဲ့ မှော်ရတနာပဲ။ မင်းတို့အားလုံး အဲ့ဒါကို လက်နဲ့ထိလိုက်ပါ။ ပြီးရင် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြေးမုံခွဲတစ်ခု ရသွားလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
လေထဲတွင် လွင့်မျောနေသော ကြေးမုံကို ကြည့်ပြီး လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။ ဝမ်ကျန့်က ပထမဆုံး ရှေ့တိုးလာပြီး ထျန်းရွှမ်ကြေးမုံကို လက်နှင့် ထိလိုက်သည်။ ထျန်းရွှမ်ကြေးမုံက တောက်ပလာပြီး ကြေးမုံပုံရိပ်တစ်ခု ခွဲထွက်ကာ ဝမ်ကျန့်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
" အိမ်ရှေ့စံမင်းသား ကျွန်တော်က ထျန်းရွှမ်ကြေးမုံကို မမြင်ရပေမယ့် အဲ့ဒါရှိနေတာကို ခံစားမိပါတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။
" ဆက်လုပ်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
ထို့နောက် တုဆွေ၊ မုန့်ဝူနှင့် အခြားသူများကလည်း အလားတူပြုလုပ်လိုက်ကြသည်။
" ဒါက ပင်မကြေးမုံဖြစ်ပြီး မင်းတို့ရသွားတာက ကြေးမုံခွဲတွေပဲ။ ဘယ်လောက်ဝေးဝေး ဒီကြေးမုံကတစ်ဆင့် ဆက်သွယ်ပြီး သတင်းစကားတွေ ပေးပို့လို့ရတယ်။ ဒါ့အပြင် ဒီကြေးမုံက ကျင့်စဉ်နေရာတစ်ခု ဖွင့်ပေးပြီး အဲ့ဒီမှာ စိတ်ဝိညာဉ်စွမ်းအားတွေ စုစည်းပေးထားတယ်။ ဒါပေမယ့် အဲ့ဒါကိုတော့ ငါမင်းတို့ကို မဖွင့်ပေးရသေးဘူး။ လောလောဆယ်တော့ ငါမင်းတို့ကို ပေးထားတဲ့ ကြေးမုံခွဲတွေက ဆက်သွယ်ရေးနဲ့ သိုင်းပညာတွေ လက်ဆင့်ကမ်းဖို့ပဲ အသုံးပြုလို့ရဦးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" တကယ်ကို အင်မော်တယ်ရတနာပဲ။ အိမ်ရှေ့စံမင်းသားက တကယ် အင်မော်တယ်တစ်ယောက်ပဲ။ " စစ်သေနာပတိချုပ်များက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ နဂါးဆင်ကျမ်းကို ထျန်းရွှမ်ကြေးမုံထဲသို့ ထည့်သွင်းလိုက်သည်။ ကျင့်စဉ်အတွက် အထောက်အကူဖြစ်စေမည့် ဆေးလုံးအချို့ကိုလည်း ပို့ပေးလိုက်သည်။ တုဆွေမှလွဲ၍ အခြားလူငါးယောက်လုံး ရရှိကြသည်။
" ငါမင်းတို့ကို ကျင့်စဉ်နဲ့ ဆေးလုံးတွေ ပို့ထားပြီးပြီ။ ထျန်းရွှမ်ကြေးမုံနဲ့ ဆက်သွယ်ပြီး အဲ့ဒါတွေကို ယူကြည့်လိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " ဝမ်ကျန့်နှင့် အခြားသူများက ထျန်းရွှမ်ကြေးမုံနှင့် ဆက်သွယ်ကြည့်လိုက်သည်။ ခဏအတွင်း ကျင့်စဉ်တစ်ခုက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ စာမတတ်သူဖြစ်လျှင်တောင် ထိုကျင့်စဉ်က သူတို့၏ စိတ်ထဲတွင် စွဲထင်နေသောကြောင့် နားလည်ရလွယ်ကူစေသည်။ သူတို့၏ လက်ထဲတွင် ဆေးလုံး တစ်ပုလင်းစီလည်း ပေါ်လာသည်။
ထိုရတနာက ကျောက်ဖုန်းအတွက် အလွန်အသုံးဝင်သည်။ စာရွက်များကို သုံးပြီး ကျင့်စဉ်ကို စစ်တပ်တစ်ခုလုံးကို သင်ပေးလျှင် ပထမဆုံးက လျို့ဝှက်ချက်ပေါက်ကြားနိုင်ပြီး ဒုတိယက စစ်သည်သန်းချီတွင် စာဖတ်တတ်သူ နည်းပါးသောကြောင့် ကျင့်စဉ်ကို နားလည်နိုင်ကြမည်မဟုတ်ပေ။ သို့သော် ထျန်းရွှမ်ကြေးမုံနှင့်ဆိုလျှင် သူတို့၏ စိတ်ထဲသို့ တိုက်ရိုက်ပို့ပေးနိုင်သည်။
" ကောင်းပြီ။ မင်းတို့ ပြန်ပြီး လေ့ကျင့်ကြတော့။ နားမလည်တာရှိရင် တုဆွေနဲ့ ကျန်းမင်ကို မေးလို့ရတယ်။ သူတို့နှစ်ယောက်လုံးက ဆရာသခင်အဆင့်ကို ရောက်နေကြပြီ။ ငါမင်းတို့ကို သုံးလအချိန်ပေးမယ်။ မင်းတို့အားလုံး သိုင်းတာအိုကို ကျင့်ကြံပြီးရင် ငါမင်းတို့ကို ထျန်းရွှမ်ကြေးမုံတွေ ခွဲထုတ်ပေးနိုင်တဲ့ အခွင့်အာဏာပေးမယ်။ ဒါဆို စစ်တပ်ထဲက ထူးချွန်တဲ့စစ်သည်တိုင်းကို ကြေးမုံခွဲတွေ ပေးအပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " စစ်သေနာပတိချုပ်များက ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားကြသည်။
" ကျန်းမင် မင်းလည်း ထျန်းရွှမ်ကြေးမုံကို ထိလိုက်ဦး။ " ကျောက်ဖုန်းက လှည့်ပြီး ကျန်းမင်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းမင်က ရှေ့တိုးလာပြီး ထျန်းရွှမ်ကြေးမုံကို ထိလိုက်သည်။
" မင်းကို ထျန်းရွှမ်ကြေးမုံတွေ ခွဲထုတ်ပေးနိုင်တဲ့ အခွင့်အာဏာကို ငါပေးလိုက်မယ်။ ပြီးရင် စံအိမ်ထဲက ကိုယ်ရံတော်အားလုံးကို ကြေးမုံတွေ ခွဲထုတ်ပေးလိုက်ပါ။ " ကျောက်ဖုန်းက ကျန်းမင်ကို ပြောပြီး လက်ဝေ့ရမ်းလိုက်သည်။
ထျန်းရွှမ်ကြေးမုံက အလင်းရောင်တောက်ပသွားပြီး ကျန်းမင်၏ ခန္ဓာကိုယ်ထဲမှ ကြေးမုံက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားသို့ ချက်ချင်း ပြောင်းလဲသွားသည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ဟူး.... အရင်က အုပ်ချုပ်ရေးမှာ မပါဝင်ဖူးဘူး။ အခုတာဝန်ယူလိုက်တော့ လုပ်စရာတွေက အဆုံးမရှိသလိုပဲ။ ဒါတောင် ငါက အကြံပြုရုံပဲ ရှိပြီး ကိုယ်တိုင်အကောင်အထည်ဖော်တာမဟုတ်ဘူး။ အခုအချိန်မှာ ခမည်းတော် ဘယ်လောက်တောင် အလုပ်ရှုပ်နေမလဲ စဉ်းစားကြည့်လို့ရတယ်။ ခမည်းတော်ရှိနေတာ ကံကောင်းတယ်။ မဟုတ်ရင် ရှန်းကျိုးကို နောက်တစ်ကြိမ် သိမ်းပိုက်ပြီး အုပ်ချုပ်ဖို့ဆိုရင် ပင်ပန်းပြီး သေသွားလိမ့်မယ်။ "
" ထျန်းရွှမ်ကြေးမုံ ခွဲဝေတာကတော့ စတင်ပြီ။ ပြီးရင် ထျန်းရွှမ်ကြေးမုံရဲ့ ငွေကြေးစနစ်နဲ့ ချင်အင်ပါယာရဲ့ ငွေကြေးနဲ့ ညီမျှမယ့် ငွေလဲနှုန်းတွေကို စီစဉ်ဖို့ လိုသေးတယ်။ ဒါမှ နောက်ကျရင် တိုက်ရိုက် ထုတ်ဝေလို့ရမှာ။ စစ်တပ်ထဲမှာ အကောင်အထည်ဖော်ပြီဆိုတော့ နန်တော်မှာလည်း အသုံးချလို့ရပြီ။ ထျန်းရွှမ်ကြေးမုံနဲ့ဆိုရင် လစာတွေထုတ်ပေးတာကလည်း ပိုလွယ်ကူသွားလိမ့်မယ်။ " ကျောက်ဖုန်းက အခန်းဆီသို့ လျှောက်သွားရင်း တွေးလိုက်သည်။
သူက ထျန်းရွှမ်ကြေးမုံ၏ ငွေကြေးစနစ်၊ ငွေလဲနှုန်းနှင့် အခြားကိစ္စများကို စတင်စဉ်းစားနေသည်။ အရှင်သခင်တစ်ယောက်အနေဖြင့် သူက အရာအားလုံးကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ချင်အင်ပါယာအတွင်း ဧကရာဇ်ရင်ကျန့်၊ အိမ်ရှေ့စံမင်းသား ကျောက်ဖုန်း နှစ်ယောက်လုံးက အလုပ်များရှုပ်နေကြသည်။