အခန်း ၄၉၅
Vol. 50 Ch. 495
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၉၅)
ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား နှစ်လအတွင်း စာလုံးပုံစံအသစ်တစ်ခုကို ရေးဆွဲပြီးပါပြီ။ " ဟန်ဖေးက ရိုသေစွာ ပြောလိုက်သည်။
နန်းတွင်းကိုယ်ရံတော်အချို့က ပိုးထည်စကြီးတစ်ခုကို ခန်းမထဲသို့ ယူလာပြီး ဖြန့်လိုက်သည်။ ထိုအပေါ်တွင် အသစ်ဖန်တီးထားသော စာလုံးအက္ခရာများ ပါရှိသည်။ ၎င်းတို့က ချင်စာလုံးဟောင်းများလည်း မဟုတ် နိုင်ငံခြောက်ခုမှ စာလုံးများလည်း မဟုတ်ပေ။
" ရှောင်ကျွမ်အက္ခရာ..." ကျောက်ဖုန်းက ထိုစာလုံးများကို တစ်ချက်ကြည့်ပြီး ချက်ချင်း သိလိုက်သည်။
" ဝန်ကြီးချုပ်ဟန် မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်တယ်။ ဒီစာလုံးတွေက ရိုးရှင်းပြီး နားလည်ရလွယ်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ချီးကျူးလိုက်သည်။
" တကယ်ကို ကောင်းတယ်။ " ကျောက်ဖုန်းကလည်း ထောက်ခံလိုက်သည်။
" ဧကရာဇ်မင်းမြတ် ဒီစာလုံးတွေကို နာမည်ပေးပါဦး။ ဒါမှ အင်ပါယာတစ်ခုလုံးကို ဖြန့်ဝေနိုင်မှာပါ။ " ဟန်ဖေးက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဖုန်းအာ မင်းဘယ်လိုထင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" ဒီစာလုံးတွေကို ချင်က ဖန်တီးထားတာဖြစ်လို့ ချင်အက္ခရာလို့ ခေါ်ရမှာပေါ့။ ကောင်းကင်အောက်က လူတိုင်းကလည်း ချင်ပြည်သူတွေပဲ။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
" ဖုန်းအာပြောတာ မှန်တယ်။" ရင်ကျန့်က သဘောတူကြောင်း ခေါင်းညိမ့်လိုက်သည်။
" ဒီနေ့ကစပြီး ဒီစာလုံးအသစ်တွေကို ချင်အက္ခရာလို့ ခေါ်မယ်။ ကမ္ဘာတစ်ခုလုံးကို ကြေညာလိုက်။ တစ်ကမ္ဘာလုံး ဒီစာလုံးသစ်ကိုပဲ အသုံးပြုရမယ်။ အစိုးရအမိန့်တော်၊ အစီရင်ခံစာတွေ၊ စစ်ရေးသတင်းပို့ချက်တွေ အားလုံးကို ချင်အက္ခရာနဲ့ပဲ ရေးရမယ်။ " ရင်ကျန့်က ချက်ချင်း ကြေညာလိုက်သည်။
" ဧကရာဇ်မင်းမြတ်က အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးက လှည်းဘီးအကျယ်နဲ့ အဝေးပြေးလမ်းမှ သတ်မှတ်ချက်တွေကို ရေးဆွဲပြီး အင်ပါယာတစ်ခုလုံး ဖြန့်ဝေပြီးပါပြီ။ ခရိုင်အစိုးရရုံးတွေကနေတစ်ဆင့် အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ " လီစီက တင်ပြလိုက်သည်။
" ကောင်းတယ်။ " ရင်ကျန့်က ချီးကျူးလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပါတယ်။ နယ်မြေအလိုက် မျိုးနွယ်တွေကွဲပြားနေပေမယ့် ဟွာရှလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း ချင်ဝတ်စုံအပေါ် အခြေခံထားပါတယ်။ အစိုးရရုံးတွေကတစ်ဆင့် အားလုံးကို စောင့်ကြည့်နေပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ကျွန်တော်မျိုးက ချင်အင်ပါယာရဲ့ အလေးချိန်၊ အလျား၊ အနံ၊ အမြင်တို့ကို တိုင်းတာဖို့ ပေါင်းစည်းထားတဲ့ စီမံကိန်းတစ်ခု ရေးဆွဲပြီးပါပြီ။ ဒါကို အင်ပါယာတစ်ခုလုံး ဖြန့်ဝေပြီး အစိုးရရုံတွေကတစ်ဆင့် အကောင်အထည်ဖော်ဖို့ တာဝန်ပေးထားပါတယ်။ " ရှောင်ဟီကလည်း ပြောလိုက်သည်။
" ဝန်ကြီးလေးယောက်လုံး တော်ကြတယ်။ အားလုံး အကောင်အထည်ဖော်နေပြီဆိုတော့ ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ မင်းတို့ရဲ့ စွမ်းဆောင်မှုတွေအတွက် ဆုလာဘ်တွေ ချီးမြှင့်ရမယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြောလိုက်သည်။
"ကျွန်တော်မျိုးတို့က ဒီတာဝန်တွေကို ထမ်းဆောင်နိုင်တာ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံတို့ရဲ့ ယုံကြည်မှုကြောင့်ပါ။ " ဟန်ဖေး၊ လီစီ၊ရှောင်ဟီနှင့် ယွီလျောင်တို့က ဦးညွှတ်လိုက်ကြသည်။
" ဝန်ကြီးလေးယောက်လုံးကို ရွှေတစ်ထောင်နဲ့ အစေခံငါးရာစီ ချီးမြှင့်မယ်။ " ရင်ကျန့်က ချက်ချင်း ကြေညာလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " ဝန်ကြီးလေးယောက်က ချက်ချင်း ပြန်ပြောလိုက်ကြသည်။
" ဒီမူဝါဒလေးခုကို အကောင်အထည်ဖော်တုန်းက အတားအဆီးတွေရှိသေးလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသား မူဝါဒလေးခုကို အကောင်အထည်ဖော်ရာမှာ ထင်ရှားတဲ့ အတားအဆီးတွေ ရှိနေတာ အမှန်ပါပဲ။ လူအချို့က အယူအဆအလွဲအမှားတွေကြောင့် အစိုးရရုံးတွေကို ဆန့်ကျင်နေပြီး အချို့ကဆိုရင် လက်နက်ကိုင်ဖို့ စုဝေးနေကြပါတယ်။ ဒီဖြစ်ရပ်တွေက အရင်က နိုင်ငံခြောက်ခုရဲ့ နယ်မြေတွေမှာ ဖြစ်ပွားနေတာပါ။ " ဟန်ဖေးက ရှေ့ထွက်ပြီး ပြောလိုက်သည်။
" ဒါပေမယ့် စစ်သေနာပတိချုပ်တွေကို တပ်ဖွဲ့တွေ စေလွှတ်ခွင့်ပေးထားပြီဖြစ်လို့ ခရိုင်စစ်သည်တွေ မနှိမ်နင်းနိုင်ရင်တောင် ပင်မစခန်းက စစ်တပ်တွေက ဖြေရှင်းနိုင်ပါတယ်။ မကြာသေးခင်က လအနည်းငယ်အတွင်းမှာ နေရာအနှံ့က ထောင်တွေမှာ လူအများအပြား ဖမ်းဆီးထားပြီး အထူးစစ်သည်တွေနဲ့ ခရိုင်စစ်သည်တွေ သတ်ဖြတ်ခံခဲ့ရပါတယ်။ "
" ဒါက မလွှဲသာမရှောင်သာ အခြေအနေပဲ။ ပျက်စီးသွားတဲ့ နိုင်ငံတွေရဲ့ အကြွင်းအကျန်တွေက အတားအဆီးတွေ ဖြစ်ပေါ်ဖို့ လှုံ့ဆော်ကြလိမ့်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသား အစိုးရရုံးတွေက ထောင်တွေမှာ လူတွေ ပြည့်နေပါပြီ။ ပါဝင်သူအရေအတွက်က သိန်းဂဏန်းလောက်ရှိပါတယ်။ ဘယ်လိုကိုင်တွယ်ရမလဲ လမ်းညွှန်ပေးပါဦး။ " လီစီက မေးလိုက်သည်။
" နိုင်ငံတော်မူဝါဒတွေကို ဆန့်ကျင်ပြီး ပုန်ကန်ဖို့ စုဝေးရဲတယ်ပေါ့။ သူတို့ကိုသာ သည်းခံနေရင် ချင်နိုင်ငံရဲ့ ဥပဒေဆိုတာ ဘယ်ရှိတော့မလဲ။ ငါ အမိန့်ကို ထုတ်ပြန်လိုက်။ ဒီရုန်းရင်းဆန်ခတ်မှုအားလုံးမှာ ပါဝင်သူအားလုံးကို ကျွန်တံဆိပ်ခတ်နှိပ်ပြီး ကျွန်အဆင့်လျှော့ချရမယ်။ သူတို့ကို သေတဲ့အထိ အလုပ်လုပ်ခိုင်းလိုက်ပါ။ ဒီနေ့ကစပြီး ဒါကို ကျင့်သုံးသွားမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
သူက ပြည်သူများအပေါ် ကျေးဇူးတရားနှင့် အုပ်ချုပ်မည်ဖြစ်သော်လည်း ထိုသို့အုပ်ချုပ်ခြင်းက စစ်မှန်သော ပြည်သူများအတွက်သာ ဖြစ်သည်။ ချင်အင်ပါယာကို ဆန့်ကျင်စူများကိုတော့ ကျောက်ဖုန်းက သနားကြင်နာနေမည်မဟုတ်ပေ။
" အမိန့်အတိုင်းပါ။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။
ပလ္လင်ပေါ်တွင် ရှိသော ရင်ကျန့်က ကျောက်ဖုန်း၏ ဆုံးဖြတ်ချက်ကို နားထောင်ရင်း ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" ဧကရာဇ်မင်းမြတ် အင်ပါယာတစ်ခုလုံးက စာအုပ်တွေကို သိမ်းဆည်းပြီး ရှန်းယန်ကို ပို့ဆောင်နေပါပြီ။ ဒါ့အပြင် ကြေးနီနဲ့ သံတွေကိုလည်း သိမ်းယူနေပါတယ်။ လူအများစုက ကြေးနီနဲ့ သံတွေကို ပေးအပ်ကြပြ ကျွန်တော်မျိုးတို့က ငွေနဲ့ ပြန်ဝယ်ပါတယ်။ ခြောက်လအတွင်းမှာ စာအုပ်တွေ၊ ကြေးနီတွေနဲ့ သံတွေအားလုံး ရှန်းယန်ကို ရောက်လာပါလိမ့်မယ်။ အဲ့ဒါတွေကိုတော့ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ ကိုင်တွယ်ဖို့ လိုပါတယ်။ " ဝမ်ကျန့်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
စာအုပ်များ၊ ကြေးနီများနှင့် သံများသိမ်းယူခြင်းကိစ္စကို အစိုးရရုံးများနှင့် ပူးပေါင်း၍ စစ်တပ်ကို တာဝန်ပေးထားခြင်းဖြစ်သည်။ ဝမ်ကျန့်က ဦးဆောင်၍ လုပ်ဆောင်နေသည်။
" စာအုပ်အားလုံးကို နန်းတော်စာကြည့်တိုက်မှာ သိမ်းဆည်းထားပါ။ ကြေးနီနဲ့ သံတွေကိုတော့ သံချပ်ကာတွေနဲ့ လက်နက်တွေ ထုလုပ်ဖို့ လက်မှုပညာဌာနကို လွှဲပေးလိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ရှန်းကျိုးနယ်မြေက တည်ငြိမ်သွားပြီဖြစ်သော်လည်း အပြင်ဘက်တွင် နယ်မြေများစွာ ကျန်နေသေးသည်။ ချင်နယ်မြေက တစ်ကမ္ဘာလုံးနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ကြောင်း ကျောက်ဖုန်းက သိထားသည်။ ရှန်းကျိုးနယ်မြေတစ်ခုလုံး စည်းလုံးသွားလျှင် သိုင်းတာအိုကို ဖြန့်ကျက်မည်ဖြစ်သည်။ ကျောက်ဖုန်း၏ စစ်တပ်က ရှန်းကျုးအပြင်ဘက်သို့ ဦးတည်သွားပေလိမ့်မည်။
" အိမ်ရှေ့စံမင်းသား နေရာအနှံ့က သိမ်းဆည်းထားတဲ့ ကြေးနီနဲ့ သံတွေက အများကြီးပါ။ အခုလို စစ်ရေးအတွက် ပြင်ဆင်တာက မများဘူးလား။ အခု ကမ္ဘာကြီးက ငြိမ်းချမ်းနေပြီဆိုတော့ အများကြီးပြင်ဆင်စရာမလိုဘူးထင်တယ်။ " လီစီက ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ အခု ချင်နယ်မြေက ငြိမ်းချမ်းနေပြီဆိုတော့ တိုင်းတစ်ပါးမျိုးနွယ်စုတွေ မကျူးကျော်နိုင်အောင် မြောက်ဘက်နယ်စပ်မှာရှိတဲ့ မဟာတံတိုင်းကြီးကို ဆက်ပြီး ဆောက်လုပ်သင့်ပါတယ်။ " ဖုန်းချွီကျိက ပြောလိုက်သည်။
" ဝန်ကြီးတို့ ချင်အင်ပါယာကို ကမ္ဘာတစ်ခုလုံးလို့ တကယ်ယုံကြည်နေကြတာလား။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" အိမ်ရှေ့စံမင်းသား ဘာကိုဆိုလိုတာလဲ။ ချင်အင်ပါယာရဲ့ နယ်မြေက ကျယ်ပြောပါတယ်။ လူတွေအားလုံးရဲ့ တစ်ဘဝလုံးမှာ ဒီနယ်မြေကို အပြည့်အစုံ မမြင်နိုင်ကြပါဘူး။ ဒီလောက်ကျယ်ပြောတဲ့ နယ်မြေက ဘာလို့ကမ္ဘာကြီး မဖြစ်ရမှာလဲ။ "
" ဟုတ်ပါတယ် အိမ်ရှေ့စံမင်းသား။ ပြင်ပမှာ တိုင်းတစ်ပါးမျိုးနွယ်စုတွေ ရှိနေသေးပေမယ့် အဲ့ဒီတောရိုင်းနယ်မြေတွေက ချင်နယ်မြေနဲ့ မယှဉ်နိုင်ပါဘူး။ ကမ္ဘာကြီးက ချင်ရဲ့ လက်အောက်ကို ရောက်နေပါပြီ။ "
ဝန်ကြီးအားလုံးက ကျောက်ဖုန်း၏ စကားကို နားမလည်နိုင်ဖြစ်သွားကြသည်။ သူတို့၏ အမြင်တွင် ချင်အင်ပါယာ၏ ကမ္ဘာကြီးက တကယ့်ကမ္ဘာကြီးဖြစ်သည်။ တိုင်းတစ်ပါးနယ်မြေများမပါဝင်သော်လည်း ချင်နယ်မြေက အလွန်ပင်ကျယ်ပြောလှသည်။
" ကမ္ဘာကြီးက ကျယ်ပြောတယ်။ ချင်အင်ပါယာက ကမ္ဘာကြီးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတယ်လို့ တကယ်ယုံကြည်နေကြတာလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသား အဲ့လိုမဟုတ်ဘူးလား။ " ယွီလျောင်က မေးလိုက်သည်။
" တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရင် ချင်အင်ယာပါရဲ့ နယ်မြေက ထောင့်တစ်နေရာလောက်ပဲ ရှိပါသေးတယ်။ ဝန်ကြီးတို့ ဘယ်လိုထင်လဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသား ဒါက ဖြစ်နိုင်ပါ့မလား။ ချင်နယ်မြေက ကျယ်ပြောတာကို ဘယ်လိုလုပ် ထောင့်တစ်နေရာပဲ ဖြစ်ရမှာလဲ။ "
" မဖြစ်နိုင်ပါဘူး။ အိမ်ရှေ့စံမင်းသား မှားနေတာများလား။ "
" ချင်အင်ပါယာက တစ်ကမ္ဘာလုံးကို ပေါင်းစည်းထားတာ လူတိုင်းသိကြတာပဲ။ "
ဝန်ကြီးများက တုန်လှုပ်စွာဖြင့် ပြောလိုက်ကြသည်။ ရင်ကျန့်က ဘာမှမပြောဘဲ ကြည့်နေသည်။ သူ၏ သားက သူ့ထက် ကမ္ဘာကြီးအကြောင်းကို ပိုနားလည်ထားသည်။ သို့သော် ထိုစကားကို ကြားသောအခါ သူကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။
" ချင်အင်ပါယာက ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာပဲ ရှိတာလား။ ဒါဆို ဒိကမ္ဘာကြီးက ဘယ်လောက်တောင် ကြီးမားနေတာလဲ။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။