အခန်း ၄၉၈
Vol. 50 Ch. 498
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၉၈)
" ကျောင်းတော်ကို တည်ထောင်ပြီးရင် အတတ်ပညာတစ်ခုတည်းကို သင်ကြားမှာမဟုတ်ဘဲ ပညာရပ်ပေါင်းစုံကို သင်ကြားပေးသွားမှာဖြစ်တယ်။ ငါတို့ လိုချင်တာက အတတ်ပညာတစ်ခုတည်းကို တတ်မြောက်တာမဟုတ်ဘဲ မြစ်ချောင်းအားလုံး ပေါင်းစည်းသွားတဲ့ ပင်လယ်တစ်ခုလို အဘက်ဘက်က အရည်အချင်းရှိသူတွေကို လိုချင်တာပဲ။ " ကျောက်ဖုန်းက အရာရှိအားလုံးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
အရာရှိများအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြပြီး ကျောက်ဖုန်းကို ရိုသေလေးစားမှု၊ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ကြည့်လိုက်သည်။ သူတို့က ကျောက်ဖုန်း၏ ရဲရင့်ပြတ်သားမှုများကို ထင်ရှားစွာ မြင်နိုင်သည်။
" ဒါဆို ကျွန်တော်မျိုးရဲ့ ကွန်ဖြူရှပ်ဝါဒကိုလည်း ကျောင်းတော်မှာ သင်ကြားခွင့်ရမှာလား။ " ချွန်းယွီယွဲ့က စိုးရိမ်စွာ မေးလိုက်သည်။
" ငါပြောပြီးပြီလေ။ ပညာရပ်ပေါင်းစုံကို သင်ကြားပေးမှာ။ တာအိုပညာ၊ တရားရေးဝါဒ၊ ကွန်ဖြူရှပ်ဝါဒ၊ မိုဝါဒ၊ လက်မှုပညာ၊ စစ်ရေးပညာ ဘယ်အရာမဆို သင်ကြားနိုင်တယ်။ အနာဂတ် ချင်အင်ပါယာမှာ အုပ်ချုပ်ရေးအတွက်သာမဟုတ်ဘဲ စစ်ရေးနဲ့ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်သူတွေ၊ လက်မှုပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေနဲ့ အခြားအရည်အချင်းရှိသူတွေလည်း လိုအပ်တယ်။ "
"ညီလာခံပြီးတာနဲ့ ငါ အမိန့်တော်တစ်ခု ထုတ်ပြန်ပေးမယ်။ ပညာရပ်ပေါင်းစုံက မိမိတို့ရဲ့ အသိပညာကို လက်ဆင့်ကမ်းချင်တဲ့ ဘယ်သူမဆို ရှန်းယန်မှာ စာရင်းသွင်းနိုင်တယ်ဆိုတာ ကမ္ဘာကို ကြေညာမယ်။ သူတို့ကို စစ်ဆေးပြီး ကျောင်းတော်တွေမှာ ပညာသင်ကြားခွင့်ပေးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " ချွန်းယွီယွဲ့က စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " ကွန်ဖြူရှပ်ပညာရှင်များကလည်း ဝမ်းသာစွာ ပြောလိုက်ကြသည်။
ကျောက်ဖုန်းက စိတ်သဘောထားပြည့်ဝပြီး ယခင်က အငြိုးအတေးများကို မဆွဲထားခြင်းက သူတို့၏ လေးစားမှုကို ရရှိခဲ့သည်။ ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသားဖြစ်လာပြီးနောက် ဖုစုက မြောက်ဘက်နယ်စပ်သို့ ရောက်သွားသောအခါ သူတို့၏ အနာဂတ်က ခက်ခဲလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ကျောက်ဖုန်းက သူတို့ကို လုံးဝပစ်မှတ်မထားခဲ့ဘဲ ညီမျှသော အခွင့်အရေးတစ်ခုပင် ပေးအပ်ခဲ့သည်။
" ဆရာကြီးချွန်း ညီလာခံပြီးရင် ငါ့အိမ်ကို လာခဲ့ပါ။ မင်းအတွက် အရေးကြီးတဲ့ တာဝန်တစ်ခုရှိတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုး သေချာပေါက် လာခဲ့ပါမယ်။ " ချွန်းယွီယွဲ့က ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ဝန်ကြီးတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် မင်းသမီးရဲ့ မင်္ဂလာကိစ္စအားလုံးပြင်ဆင်ပြီးပါပြီ။ ဆက်ရက်အတွင်း မင်္ဂလာပွဲကို ကျင်းပနိုင်ပါပြီ။ ဥကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသား ဆုံးဖြတ်ပေးပါ။ " ဝန်ကြီးကျန်းခန်က ပြောလိုက်သည်။
သမိုင်းတွင် သူ၏ နာမည်က ဟန်ဖေးနှင့် လီစီတို့လောက် ထင်ရှားခြင်းမရှိသော်လည်း သူက ပညာရှိရွှင်ဇီ၏ တပည့်တစ်ယောက်ဖြစ်သည်။
" တရားရေးဝန်ကြီး မင်းရဲ့ စံအိမ်ကရော အဆင်သင့်ဖြစ်ပြီလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးရဲ့ သံအိမ်က အဆင်သင့်ဖြစ်နေပါပြီ။ မင်းသမီးကို အချိန်မရွေး ကြိုဆိုနိုင်ပါတယ်။ " လီစီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လီမိသားစုအတွက် ကျောက်ရင်က မိသားစုထဲသို့ ဝင်ရောက်လာသည်နှင့် သူမက တရားဝင်ဇနီးတစ်ယောက်သာမဟုတ်ဘဲ လီမိသားစုကို ကာကွယ်ပေးမည့် ရတနာတစ်ခုလည်း ဖြစ်သည်။ လီမိသားစုတွင် ကျောက်ရင်ရှိနေသရွေ့ သူတို့က အဆုံးမရှိ ဖွံ့ဖြိုးတိုးတက်နေပေလိမ့်မည်။
" လီယောင် " ရင်ကျန့်က လီယောင်ကို ကြည့်လိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး ရင်အာကို လက်ထပ်ဖို့ အဆင်သင့် ဖြစ်နေတာ ကြာပါပြီ။ " လီယောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ " ဝန်ကြီးကျန်း မင်္ဂလာရက်သတ်မှတ်ပြီးပြီဆိုတော့ ရိုးရာဓလေ့တွေကို ပြည့်စုံအောင် လုပ်ပါ။ အချိန်ကျရင် ငါနဲ့ မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံမင်းသားနဲ့ အိမ်ရှေ့စံမိဖုရားတို့ အားလုံး တရားရေးဝန်ကြီးအိမ်တော်ကို သွားရောက်မယ်။ "
" အမိန့်အတိုင်းပါ။ " ကျန်းခန်က ဦးညွှတ်လိုက်သည်။
" ဧကရာဇ်မင်းမြတ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချင်အင်ပါယာရဲ့ အရှေ့မြောက်နယ်စပ်မှာ တုအန်းနဲ့ ဂိုဂူလျောတို့က ကျွန်တော်မျိုးတို့ နယ်စပ်စစ်သူကြီးတွေကို လာရောက်ညှိနှိုင်းဖို့ လူလွှတ်ပြီး ချင်အင်ပါယာကို ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်လိုကြောင်း ပြောခဲ့ပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" တုအန်း၊ ဂိုဏ်ဂူလျော အဲ့ဒီနိုင်ငံနှစ်ခုက အရင် ယန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေခဲ့တာ။ အခု ချင်က ရှန်းကျိုးနယ်မြေကို ပေါင်းစည်းလိုက်ပြီဆိုတော့ အဲ့ဒီနိုင်ငံနှစ်ခုက ငါတို့ချင်နဲ့ နယ်နိမိတ်ချင်း ထိစပ်သွားပြီပေါ့။ "
" အဲ့ဒီနိုင်ငံလေးနှစ်ခုကို ချင်က ဂရုစိုက်စရာမလိုဘူး။ "
ဝန်ကြီးများက ထိုနိုင်ငံငယ်လေးနှစ်ခုကို သိပ်ဂရုမစိုက်ကြပေ။
" ဖုန်းအာ ငါမှတ်မိသလောက်ဆို မင်း တုန်ဟူနယ်မြေထဲဝင်တုန်းက မင်းလက်အောက်က တပ်ဖွဲ့တစ်ခုက တုအန်းကို ဖြတ်ပြီး ဖြတ်လမ်းအတိုင်းသွားချင်ပေမယ့် သူတို့က တားဆီးခဲ့လို့ အဲ့ဒီတပ်ဖွဲ့က အန္တရာယ်ကြီးတဲ့ လမ်းအတိုင်း ပြန်လာခဲ့ရတာမဟုတ်လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" မှန်ပါတယ် ခမည်းတော်။ အဲ့ဒါ တုန်အန်းပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်သည်။
" ဟမ့် နိုင်ငံငယ်လေးတစ်ခုက ချင်စစ်သည်တွေကို တားဆီရဲတယ်ပေါ့။ သေချင်နေတာပဲ။ " ရင်ကျန့်က နှာခေါင်းရှုံ့ပြီး အေးစက်စွာ ပြောလိုက်သည်။
" ခမည်းတော် စိတ်လျှော့ပါ။ အခု သားတော်တို့ ချင်အင်ပါယာက ပြည်သူတွေရဲ့ နေထိုင်ရေး တည်ငြိမ်အောင် လုပ်ဆောင်နေပြီး နယ်မြေကို ခိုင်မာအောင် တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်ကို ချက်ချင်း အသုံးချဖို့ မလိုသေးပါဘူး။ မူဝါဒတွေကို အကောင်အထည်ဖော်ပြီးရင် ချင်အင်ပါယာက ပိုမိုသန်မာလာပြီး အဲ့ဒီနိုင်ငံငယ်လေးနှစ်ခုကို ဖျက်ဆီးဖို့က အားစိုက်စရာမလိုပါဘူး။ "
" လက်ရှိနိုင်ငံတော်မူဝါဒတွေ အကောင်အထည်ဖော်ဖို့ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ လိုအပ်နေတာမလို့ ဒီနိုင်ငံငယ်လေးတွေဆီက အချို့ကို ယူတာက မဆိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းက အဲ့ဒီနိုင်ငံနှစ်ခုဆီက ဂုဏ်ပြုလက်ဆောင်တွေ ရယူပြီးမှ အနာဂတ်မှာ အကြောင်းပြချက်ရှာပြီး သူတို့ကို ဖျက်ဆီးပစ်မှာမဟုတ်လား။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
" ခမည်းတော်က သားတော်ကို ကောင်းကောင်းသိတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ သူတို့ကို ချင်အင်ပါယာဆီ သံတမန်တွေ စေလွှတ်ခိုင်းလိုက်ပါ။ ဒါပေမ့် တုအန်နိုင်ငံကိုတော့ သေချာခြိမ်းခြောက်လိုက်ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး နယ်စပ်အရာရှိတွေကို ညွှန်ကြားလိုက်ပါမယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ခမည်းတော် အခု စစ်ပွဲတွေလည်း မရှိတော့ဘူး။ အရင် သားတော်တို့ ချင်စစ်တပ်ကို လူငယ်တွေ နှစ်တိုင်းစုဆောင်းခဲ့တယ်။ အခုတော့ အဲ့ဒီမူဝါဒကို ပြောင်းလဲရမယ့် အချိန်ရောက်ပါပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဖုန်းအာ ပြောတာမှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " အရင်တုန်းက နှစ်တိုင်း လူငယ်တွေကို စုဆောင်းခဲ့တာက စစ်တပ်ကို သန်မာအောင်ထားဖို့ ဖြစ်ပေမယ့် အခုတော့ ပြောင်းလဲမှုတွေ လုပ်ရမယ့်အချိန် ရောက်လာပြီ။ ဖုန်းအာ မင်းဘယ်လိုစဉ်းစားထားလဲ။ "
" ခမည်းတော်က ကိုယ်ကိုကိုယ် အပင်ပန်းကိုမခံတော့ဘူး။ ဒီကိစ္စအတွက်တောင် သားတော်ဆီက အကြံဉာဏ်တောင်းနေတာလား။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ အရာရှိများက ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။ ကျောက်ဖုန်းကို အိမ်ရှေ့စံမင်းသားဖြစ်လာပြီးနောက် ကိစ္စရပ်များကို တာဝန်ယူချိန်မှစ၍ ညီလာခံ၏ လေထုက ပြောင်းလဲသွားခဲ့သည်။
" အရည်အချင်းရှိတဲ့သူတွေက ပိုကြိုးစားရတယ်။ " ရင်ကျန့်က ရယ်လိုက်သည်။
" ဒါဆိုလည်း သားတော်က အကြံပေးမယ်။ ခမည်းတော်က အကောင်အထည်ဖော်ပေးပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါအကောင်းဆုံးပဲ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" စုဆောင်းရေးကိုတော့ ဆက်ပြီး လုပ်ဆောင်လို့ရတယ်။ ဒါပေမယ့် အရင်တုန်းကလို လူငယ်တွေကိုပဲ သတ်မှတ်ထားလို့မရတော့ဘူး။ အခုကစပြီး စခန်းကြီးငါးခုက စစ်သေနာပတိချုပ်တွေက အငြိမ်းစားအရေအတွက်ကို ရှောက်ဖူကို တင်ပြရမယ်။ ရှောက်ဖူကတစ်ဆင့် စုဆောင်းရေးဌာနကို လွှဲပေးပြီး ပြည်နယ်အသီးသီးက သန်မာတဲ့လူတွေကို ရွေးချယ်ပြီး စစ်တပ်ကို ပြန်ဖွဲ့စည်းမယ်။ စခန်းကြီးတွေမှာ အင်အားပြည့်သွားရင် ကျန်တဲ့လူတွေက စိုက်ပျိုးရေးစစ်သည်တွေ ဖြစ်လိမ့်မယ်။ "
" ပထမဆုံး ချင်နယ်မြေအတွင်းက မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ဖို့နဲ့ ဒုတိယအနေနဲ့ အဓိကလမ်းမကြီးတွေနဲ့ မြို့တွေကို တည်ဆောက်ဖို့ပဲ။ ဒါက အတင်းအကျပ်စေခိုင်းတာဖြစ်လိမ့်မယ်။ နှစ်နှစ်အတွင်း သူတို့က သာမန်စစ်သည်လစာကို ရလိမ့်မယ်။ နှစ်နှစ်ပြီးရင်တော့ သူတို့ စစ်တပ်ထဲမှာပဲ ဆက်နေမလား၊ အိမ်ပြန်မလား ရွေးချယ်နိုင်တယ်။ သာတော်တို့က အင်ပါယာကထု ခိုင်မာအောင်လုပ်ဖို့ သန်မာတဲ့လူတွေရဲ့ လုပ်အားကို အပြည့်အဝ အသုံးချရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ အရာရှိများက ခေါင်းညိမ့်လိုက်ကြသည်။
" စစ်သေနာပတိချုပ်တွေနဲ့ ရှောက်ဖူ အိမ်ရှေ့စံမင်းသားပြောတာ ကြားတယ်မဟုတ်လား။ စုဆောင်းရေးနဲ့ စိုက်ပျိုးရေး ဗျူဟာနှစ်ခုကို ဒီနှစ်ထဲမှာပဲ အကောင်အထည်ဖော်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အမိန့်တော်အတိုင်းပါ။ " စစ်သေနာပတိချုပ်များနှင့် ယွီလျောင်တို့က ပြန်ပြောလိုက်ကြသည်။