← Chapters

အခန်း (၆၈၉-၆၉၀)

Vol. 52 Ch. 689-690

အခန်း (၆၈၉-၆၉၀)

Vol. 52 Ch. 689-690

အပိုင်း ၆၈၉ - ဓားစာခံ မြို့တစ်မြို့

အင်မော်တယ်အရက်သမား စားသောက်ဆိုင်သည် စွန်းရှောင်ချီကြောင့် ကျော်ကြားလာပြီး ရှိနေရုံဖြင့် စိတ်လှုပ်ရှားစရာ ဗဟိုချက် ဖြစ်ခဲ့သည်။ နေ့တိုင်း မျက်နှာသစ် ဧည့်သည်များ ရောက်ရှိလာတတ်ပြီး သူမ ပြောပြသော လုယောင်အကြောင်း ဇာတ်လမ်းများကို နားထောင်ကြ၏။ မိုးကြိုးဌာနအတွင်း ဖရိုဖရဲ ဖြစ်သွားစေသော ယမန်နေ့ညက ကျူးကျော်မှုသည် သူတို့၏ အတင်းအဖျင်းစကားများအတွက် ခေါင်းစဥ်ပင်။ လူအုပ်ကြီး၏ အလယ်တွင် မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းကလေးရှိနေပြီး တစ်ချိန်က လူတောမတိုးရဲသဖြင့် ကြောက်တတ်သော်လည်း ယခုအခါ လူမှုရေးဝင်ဆန့်လာခဲ့သည်။ သူမအတွက် အစားအသောက်များ ရှိနေလျှင် ယွမ်ရှောင်အကြောင်းကို မမောနိုင်မပန်းနိုင် ပြောနိုင်သည်။

"ဆိုင်ရှင်၊ ဒီနေ့ ဧည့်သည်တွေ အများကြီး ကျတယ်နော်။ ငါ့ကြောင့် ရောက်လာကြတာမို့ ကောင်းကင်ကြိုးကြာ အသားကင်ကို အလကားပေးမလား"

သူမက လူဝကြီးတစ်ယောက်ကို လှမ်းဆွဲကာ တီးတိုးပြောလိုက်သောအခါ ချက်ချင်း ငြင်းဆန်ခံလိုက်ရ၏။

"နေ့တိုင်း မင်းစားသောက်နေတာ မနည်းဘူး။ ငါတို့ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာက တစ်နေ့ကို သုံးပွဲတည်း ရောင်းတာမို့ အလကားပေးဖို့ မဖြစ်နိုင်ဘူး"

"ဒါဆိုရင် ငါ ပုံပြင်ပြောဖို့ အနားက ကျောက်စိမ်းမွှေးစားသောက်ဆိုင်ကို သွားတော့မယ်"

"နေပါဦး။ အလကားပေးပါမယ်။ မင်းကတော့ တကယ်ဆိုးတာပဲ"

ထိုခြိမ်းခြောက်မှုကြောင့် ဆိုင်ရှင်က ပျာပျာသလဲ ဖြစ်သွားကာ ခါးသက်သော မျက်နှာထားဖြင့် သဘောတူခဲ့ရသည်။

"ဟန်ဆောင်မနေနဲ့။ ငါ့ကြောင့် အများကြီး အမြတ်ထွက်ခဲ့တယ်မလား။ ဝေစုမတောင်းတာနဲ့တင် ကျေးဇူးတင်လိုက်။ ဒီနေရာကို ပုံပြင်ပြောဖို့ ရွေးချယ်တာက ဒီအသားကင်ကြောင့်ပဲ။ သေချာ ပြင်ဆင်ပေး"

သူမက တစ်ချက်စိုက်ကြည့်၍ သတိပေးလိုက်သောအခါ လူဝကြီးမှာ လက်လျှော့အရှုံးပေး၍ ကိုယ်တိုင်ချက်ပေးရန် ထွက်သွားခဲ့သည်။

"တကယ်တော့ ငါက လုယောင်ကို မြင်မြင်ချင်း သာမန်လူ မဟုတ်ဘူးဆိုတာ သိခဲ့တယ်..."

ထို့နောက် သူမက စုဝေးနေသော ဖောက်သည်များဘက် လှည့်ကြည့်ကာ ဤသို့ အစချီ၍ ဇာတ်လမ်းရှည်ကြီး ပြောလိုက်သောအခါ စားသောက်ဆိုင်တစ်ခုလုံး စိတ်ဝင်တစား နားထောင်ခဲ့ကြသည်။

"အမ၊ သခင်လေးလုက လုဖန်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ပြောဖူးလား"

လူတစ်ယောက်က မေးလိုက်ခြင်း ဖြစ်ပြီး စွန်းရှောင်ချီသည် လုဖန်ကို ကြောက်လန့်သဖြင့် ချက်ချင်း ​ခေါင်းယမ်းပြလိုက်၏။

"မပြောဖူးဘူး"

အများအမြင်တွင် ကံကောင်းမှုများ ရရှိခဲ့သော်လည်း လုဖန်က မျက်မမြင်ဇနီးနှင့် ရင်သွေးများကို ပစ်ပယ်ထားခဲ့သည့်အပြင် သန်မာလာသော သားတစ်ယောက်ကိုပင် သတ်ချင်နေသည့် လူယုတ်မာ ဖြစ်ပြီး စစ်ဧကရာဇ် ဘွဲ့ထူးနှင့် မထိုက်တန်ချေ။ ဤထင်မြင်ချက်ကို တိုးတိုးတိတ်တိတ် ပြောရန် လိုအပ်ပြီး အထူးသဖြင့် အုပ်ချုပ်သူများ ကင်းမဲ့လျက်ရှိသော ကောင်းကင်ပျံသန်းမြို့တော်၌ ဤအကြောင်း လူသိရှင်ကြား ဆွေးနွေးခြင်းမှာ အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုပင် ဖြစ်သည်။

"ပူဇော်သက္ကာရနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတာတွေကရော ဘာဆက်ဖြစ်သွားလဲ။ ဘာလို့ အဲ့တာက သတင်းတွေ ပျောက်ကွယ်ကုန်တာလဲ။ လုဖန်လို လူစားမျိုးကိုတောင် အရေးမယူမှတော့ ကောင်းကင်ရုံးတော်အထက်ပိုင်းမှာ ဘယ်လောက်တောင် ပုပ်ပွနေပြီလဲ"

"မင်း တိတ်တိတ် မနေနိုင်ဘူးလား"

"ဖြည်းဖြည်းလုပ်ပါ အဖေရ၊ နာတယ်"

မေးခွန်းမေးလိုက်သော လူငယ်က အမှတ်တမဲ့ ရေရွတ်လိုက်သောအခါ ဆိုင်ရှင်လူဝကြီး ချက်ချင်း ပြန်ရောက်လာကာ ဆွဲခေါ်၍ မီးဖိုချောင်အတွင်း ခပ်ကုပ်ကုပ် ဝင်ရောက်သွားခဲ့၏။ ဤမေးခွန်းက လူအုပ်ကြီး၏ စိတ်ကို အကြောင်းပြချက်မရှိဘဲ လေးလံလာစေပြီး တောင်ကြီးတစ်လုံးအောက် ရောက်နေသကဲ့သို့ ခံစားမိလိုက်သည်။

"ငါတို့က နေ့တိုင်း ကောင်းကင်ပျံသန်းမြို့တော်ထဲမှာ ကျင့်ကြံပြီး ပိတ်မိနေတာ အဓိပ္ပါယ်ရှိလို့လား။ သေမျိုးလောကအကြောင်းလည်း သိခွင့်မရှိဘူး"

"ဟုတ်တယ်။ အရင်းအမြစ်တွေကိုလည်း အထက်ကပဲ ချုပ်ကိုင်ထားပြီး ငါတို့လို နောက်ခံမရှိသူတွေအတွက် ဘာအခွင့်အရေးမှ မကျန်ရစ်ဘူး"

"ငါတို့လို သာမန်လူတွေအတွက် စီရင်သူဖြစ်လာရင်တောင် အထွတ်အထိပ်လို့ ပြောလို့ရတယ်"

"ရောင့်ရဲလိုက်စမ်းပါကွာ။ အင်မော်တယ်ဖြစ်လာရင် နှစ်ပေါင်းရာချီ အသက်ရှင်နိုင်တယ်။ သေမျိုးတွေထက်တော့ အများကြီး ပိုကောင်းပါတယ်လေ"

တစ်ယောက်တစ်ပေါက် စကားသံများ ဆူညံသွားသောအခါ စွန်းရှောင်ချီသည် အကောင်းမြင်စိတ်ကို မျှဝေပေးလိုက်၏။

"သိပ်ပြီး တွေးမနေပါနဲ့။ မဟာတာအိုနယ်မြေက အကောင်းဘက်ကို ပိုပြီး ပြောင်းလဲလာမှာပါ"

ထိုစကားနှင့်အတူ လူအုပ်ကြီးက ရယ်မောလိုက်ကြပြီး လေးလံနေသော ဖိအားမှာ ပျောက်ကွယ်သွားပြန်သည်။ သာမန်အင်မော်တယ်အများစုသည် ရင်ထဲတွင် မကျေနပ်ချက်များ သယ်ဆောင်ထားရသဖြင့် သူမ၏ စကားများကြောင့် မျှော်လင့်ချက် ဖြစ်ပေါ်လာခြင်းကို နှစ်သက်ကြ၏။ လုဖန်သည် တစ်ချိန်က သာမန်အင်မော်တယ်များအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အပြောင်းအလဲ မရှိပေ။

"အဆင့်မြင့်အရာရှိတွေက ဘာကြောင့် ပူဇော်သက္ကာရကို လျှို့ဝှက်ထားရတာလဲ။ သေမျိုးတွေက အင်မော်တယ် ဖြစ်မလာနိုင်ဘူးလား။ သေမျိုးတွေ တက်လှမ်းမလာနိုင်တာ ဘာလို့ အရမ်းကြာနေရတာလဲ။ တက်လှမ်းခြင်းကန် ပျက်စီးသွားတဲ့ အချိန်မှာ တက်လှမ်းသူတွေ ချက်ချင်း ပေါ်လာတာကရော ဘာကြောင့်လဲ။ သူတို့ကရော ဘယ်လိုလုပ် ချက်ချင်း ပျောက်ကွယ်ကုန်တာလဲ"

ဤမေးခွန်းများနှင့် လျူမူ ထုတ်ဖော်ခဲ့သော အမှန်တရားအကြောင်း မည်သူမျှ မေ့လျော့မနေခဲ့ဘဲ ထုတ်မပြောရဲခြင်းသာ ဖြစ်သည်။ ဤအတိုင်းဆက်သွားနေလျှင် အမှန်တရား ပျောက်ကွယ်သွားမည်မှာ ကြောက်စရာကောင်းလှ၏။ ထို့ကြောင့် စွန်းရှောင်ချီ၏ အကောင်းမြင်စိတ်ကို ခံစားမိသောအခါ သူတို့၏ ကြောက်စိတ်များ အနည်းငယ် လျော့ပါးသွားသဖြင့် အင်မော်တယ်အရက်သမား စားသောက်ဆိုင်က စုဝေးရာ အရပ်တစ်ခု ဖြစ်လာခဲ့လေသည်။

ထို့နောက် အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကာ မမြင်ရသော လက်တစ်ဖက်သည် သူတို့၏ နှလုံးသားများကို ဖမ်းဆုပ်လိုက်သည့်အလား ရုတ်တရက် တောင့်တင်းကုန်သည်။

"ဘာဖြစ်တာလဲ။ အပြင်ထွက်ကြည့်ရအောင်"

ကြိုးကြာကင်ကို ပလုတ်ပလောင်း စားသောက်နေသော စွန်းရှောင်ချီက ဦးဆောင်၍ လူအုပ်ကြီးသည် ဆိုင်အပြင် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ လူတိုင်း အိမ်အပြင် ရောက်နေကြပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကာ အကြောင်းအရင်း မသိရဘဲ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်မြို့လုံး ငရဲဘုံ ရောက်သွားသကဲ့သို့ ထင်ရ၏။

"ကောင်းကင်စစ်တပ်"

အလန့်တကြား ရေရွတ်သံများက တစ်မြို့လုံးအနှံ့ ထွက်ပေါ်လာပြီး အထက်ကောင်းကင်တွင် စစ်ကြောင်းတစ်ခု နေရာယူထားကာ မြို့သူမြို့သားများကို ရန်လိုစွာ ငုံ့ကြည့်နေကြသည်။ အထက်အောက် ကောင်းကင် မြေပြင် ပတ်ပတ်လည် ပိတ်ဆို့ခံလိုက်ရသောအခါ သူတို့ ကြောက်လန့်တုန်လှုပ်သွားကြသော်လည်း အဆင့်ခြောက် အရာရှိတစ်ယောက်ပင် မရှိ၍ ရှေ့ထွက်ကာ မေးခွန်းမထုတ်ရဲကြပေ။ ထိုအချိန်တွင် တော်ဝင်နန်းတော်မှ ပေးပို့လိုက်သော အမိန့်တော်မှာ ဝေးလံသော ကောင်းကင်ပျံသန်းမြို့တော်သို့ ရောက်မလာသေးသည် ဖြစ်ရာ လုဖန်၏ ဝရမ်းအကြောင်း မသိကြချေ။

"ကောင်းကင်စစ်တပ်က ကာကွယ်ပေးဖို့ ရောက်လာတာ ဖြစ်မှာပါ။ ငါတို့ကို အန္တရာယ်ပေးမှာ မဟုတ်ပါဘူး"

"ဟုတ်တယ်။ မြို့ထဲမှာ နတ်ဆိုးတွေ မိစ္ဆာတွေ ပုန်းအောင်းနေလို့ ဖြစ်မှာပါ"

သူတို့က ကိုယ့်ကိုကိုယ် ပြန်လည် နှစ်သိမ့်လိုက်ကြသော်လည်း ဆိုင်ရှင်၏ သားဖြစ်သူသည် ထင်မြင်ချက်ကို ထွက်ပြောလိုက်ရာ အားလုံးကို အကြောက်လွန်သွားစေသည်။

"မြို့ကို ဝန်းရံဖို့ ကောင်းကင်စစ်တပ်တစ်ခုလုံး ရောက်လာရအောင် ဘယ်လိုရန်သူမျိုး မင်းတို့ မြင်ကြလို့လဲ။ လုဖန်က ရက်စက်ပြီး ကိုယ်ကျိုးအတွက် ဘာမဆို လုပ်ရဲတယ်။ သူက သခင်လေးလု အပြင်ထွက်လာအောင် ဖိအားပေးဖို့ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ အသက်တွေနဲ့ အကြပ်ကိုင်ချင်နေတာ ဖြစ်မယ်"

"မင်းပါးစပ် ပိတ်ထားစမ်းပါ။ သူက ငယ်သေးလို့ ရူးရူးပေါပေါ စကားပြောမိတာ ဘာမှမကြားခဲ့သလို သဘောထားလိုက်နော်။ ကျုပ်တို့ မိသားစု အသက်ချမ်းသာရာရဖို့ တောင်းပန်ပါတယ်"

လူဝကြီးသည် သားဖြစ်ကို ဆိုင်အတွင်း ပြန်ရောက်အောင် ကန်ပစ်လိုက်ပြီးနောက် မြေပြင်တွင် ဒူးထောက်ကာ ငိုယိုရင်း လူအုပ်ကြီးကို ထပ်ကာတလဲလဲ ဦးချရှိခိုးနေခဲ့သည်။ အမှန်တကယ်တွင် မည်သူမျှလည်း ဤအကြောင်း တိုင်တန်းရန် စဥ်းစားမထားကြပေ။ လူငယ်လေး၏ စကားက သူတို့ ထုတ်မပြောရဲသော အကြောက်တရားများကို ထောက်ပြလိုက်ရုံသာ ဖြစ်၏။ သူတို့က လုဖန်၏ စရိုက်ဆိုးကို သိထားကြပြီး ဒေါသထွက်သွားလျှင် ကလေးလူကြီးမချန် နို့စို့ကလေးငယ်များပင် အလွတ်မပေးဘဲ သတ်ဖြတ်ပေလိမ့်မည်။

"လုယောင် ငါတို့ကို ကာကွယ်ပေးပါ"

မြို့သူမြို့သားများ ရင်တဒုန်းဒုန်း ခုန်နေစဥ် စွန်းရှောင်ချီသည် မြေပြင်တွင် ဒူးထောက်ရင်း လက်ဝါးနှစ်ဖက် ပူးကပ်၍ တိတ်တဆိတ် တိုင်တည်နေခဲ့သည်။

"ဝေါင်း"

ကောင်းကင်တွင် နဂါးဟိန်းသံ ထွက်ပေါ်လာသောအခါ အမှောင်ထုအတွင်းမှ ရွှေရောင်အလင်း တောက်ပ၍ နဂါးဆွဲ ရထားလုံး ဆင်းသက်လာခဲ့သည်။ ဘီးလုံးနေရာတွင် ရှိနေသော ကြာပန်းများသည် နေမင်းအငယ်စားပမာ ထွန်းလင်းနေကြသဖြင့် တစ်မြို့လုံး လင်းကျင်းသွားခဲ့၏။

"အင်ပါယာလု"

နောက်လိုက်များက အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ကြသော အကြောင်းအရင်းမှာ လုဖန်သည် အဝါရောင် တော်ဝင်ဝတ်ရုံ ဆင်မြန်းထားပြီး မင်းဆက်အပြောင်းအလဲ လုပ်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

"ယွမ်ရှောင်ရော ရှန်ရီရော သေမျိုးလောကရဲ့ သူရဲကောင်းတွေလိုပဲ။ အားနည်းချက် များလိုက်တာ"

ဖုန်းလိုင်က အထင်သေးစွာ ပြုံး၍ နှာခေါင်းရှုံ့လိုက်သည်။

"မင်းရဲ့ အကြံက တကယ်ကောင်းတယ်"

လုဖန်သည် ကြောက်လန့်တုန်လှုပ်နေကြသော မြို့သူမြို့သားများ၏ အကြောက်တရားကို အရသာခံ ကြည့်နေပြီး ရက်စက်ယုတ်မာစွာ ဆက်ပြောသည်။

"ဖိအားပေးဖို့ဆိုရင် တက်လှမ်းလာတဲ့ သေမျိုးတွေလောက်နဲ့ မလုံလောက်ဘူး။ မြို့တစ်မြို့လောက်ဆိုရင် အနေတော်ပဲ"

"အကုန်လုံးကို သတ်ပစ်ဖို့ မလိုပါဘူး။ စံပြအနေနဲ့ နည်းနည်းလောက် လုပ်ပြလိုက်ပါ။ မဟုတ်ရင် နောက်ပိုင်းကျ အရှင့်ရဲ့ အုပ်စိုးမှုကို ရှုပ်ထွေးစေနိုင်ပါတယ်"

ဖုန်းလိုင်က အကြံပြုလိုက်သော်လည်း တစ်ချက် အကြည့်ခံလိုက်ရသည်နှင့် ချက်ချင်း ခေါင်းငုံ့၍ စကားပြင်လိုက်ရသည်။

"အင်ပါယာရဲ့ မြင့်မြတ်တဲ့ အရှိန်အဝါကြောင့် ဘယ်သူမဆို အညံ့ခံကြမှာ သေချာပါတယ်"

"ဒီလိုနားလည်တာ ကောင်းတယ်။ ကောင်းတယ်။ တောရိုင်းဥပဒေ အုပ်စိုးတဲ့ ကျင့်ကြံရေး လောကကြီးမှာ အရာရာကို ဖိနှိပ်နိုင်ဖို့ အာဏာ ရှိရမယ်။ မင်းတို့ပြောတဲ့ လူထုအမြင်တွေ ဘာတွေဆိုတာက အလကား စောက်ပိုတွေပဲ။ ကြာရွက်ပေါ်က ရေစက်တွေလို ကြည့်လိုက်ရင် တောက်ပပေမယ့် ထိလိုက်တာနဲ့ ပျက်စီးသွားလိမ့်မယ်"

လုဖန်က အောက်တန်းကျစွာ ပြုံး၍ နောက်လိုက်ဖြစ်သူ၏ ပခုံးကို ပုတ်သည်။

"နားလည်ပါပြီ အင်ပါယာ"

ကျန်နောက်လိုက်များသည်လည်း လေးလေးနက်နက် ခေါင်းညိတ်၍ ထောက်ခံလိုက်သောအခါ သူက စကားဆက်၏။

"အချိန်အခါတော့ သင့်တယ်။ ငါက မြို့ကို အရင်ဆုံး မီးတိုက်လိုက်ဦးမယ်။ သူတို့ စောစောရောက်လာရင်တော့ လူသေတာ နည်းမှာပေါ့"

"ကောင်းလိုက်တာ။ ဒီည စောက်ကလေးနှစ်ယောက်က လူဘယ်လောက်များများ ကယ်နိုင်မလဲ လောင်းကြမလား"

ဤစကားကို ကြားသောအခါ ဂျိုအင်မော်တယ် ဘုရင်မှာလည်း ကျယ်လောင်စွာ ရယ်မော၍ သဘောကျနေခဲ့လေသည်။

အပိုင်း ၆၉၀ - သေခြင်းရှင်ခြင်း ထောင့်ရှစ်ခု

တော်ဝင်နန်းတော်သည် မည်သည့်အခါကမှ အမှောင်ထု ဖုံးလွှမ်းခြင်း မရှိသော်လည်း အရေအတွက်များပြား၍ ခန္ဓာကိုယ်ကြီးမားသော မိစ္ဆာနှင့် နတ်ဆိုးများ ရောက်ရှိလာသောအခါ အရိပ်မိုးသွားသည်။ သူတို့က နားကွဲမတတ် ကျယ်လောင်စွာ ဟိန်းဟောက်နေကြပြီး ထိုက်မင်းဆက်၏ အဓိကကာကွယ်သူများ ဖြစ်သော ကြယ်တပ်မတော်သည်လည်း စည်းကမ်းသေဝပ်စွာ နေရာယူထားကြ၏။ ဤမျှ အရေးတကြီး ဖြစ်နေသော အခိုက်အတန့်မှာပင် ဤစစ်တပ်သည် အလျင်အမြန် စုစည်းကာ ထိုက်ဝေ အင်ပါယာအစီအရင်၏ ဗဟိုချက်ရှစ်ခုသို့ ချက်ချင်း ပျံသန်းသွားခဲ့ကြသည်။ ကြီးကျယ်ခမ်းနားစွာ တပ်စွဲလိုက်ပြီးနောက် ရန်သူများကို ရင်ဆိုင်ရန် ခံတပ် အသင့်ပြင်ဆင်ထားကာ မားမားမတ်မတ် ရပ်လျက် ရှိသည်။

"ကောင်းကင်ရုံးတော် အောင်ပွဲဆင်ရမယ်"

ထိုက်ယုကိုယ်တိုင် စစ်တပ်ကို ကြီးကြပ်၍ ဝန်ကြီးသုံးပါးလည်း ရှေ့တန်းအထိ ရောက်လာသောကြောင့် ကြယ်တပ်မတော်၏ ကြုံးဝါးသံသည် ရန်သူများ၏ ဟိန်းသံကို ဖုံးလွှမ်းသွားလောက်အောင် ကျယ်လောင်နေသည်။ စနစ်တကျ လေ့ကျင့်ထားသော ဤစစ်တပ်နှင့် ယှဥ်လျှင် နာရကစစ်တပ်နှစ်ခုမှာ ပရမ်းပတာ ဖြစ်နေပုံရပြီး မိစ္ဆာများက အမိန့်နာခံတတ်ကြသော်လည်း တိရိစ္ဆာန်ဆန်ဆန် ရိုင်းစိုင်းသော သဘာဝကို မစွန့်လွှတ်နိုင်သည့် နတ်ဆိုးများမှာမူ ပို၍ ဆိုးရွားသည်။ သို့သော် ရက်စက်ကြမ်းကြုတ်ခြင်းသည်လည်း အားသာချက်တစ်ခု ဖြစ်ကာ သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က ပို၍ အကြောက်အလန့်ကင်းကင်း တိုက်ခိုက်ကြပေလိမ့်မည်။

"တိုက်ပွဲအတွက် ပြင်ဆင်ထားကြ"

ထိုက်ယုက ဤသို့ အမိန့်ပေးလိုက်သောအခါ ခံစစ်ကြောင်း ရှစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကောင်းကင်အထက်တွင်မူ ကျူးကျော်သူများက ကြမ်းတမ်းသော ပင်လယ်ရေလှိုင်းပမာ လှုပ်ရှားနေကြဆဲ ဖြစ်၏။ နတ်ဆိုးမြူများ တစ်စတစ်စ များပြားလာသဖြင့် မည်းမှောင်သွားသော တိမ်များအကြားမှ နီနီရဲရဲ မျက်လုံးများသာ ထွက်ပေါ်လာတတ်သည်။

"ဝုန်း"

တိုက်ခိုက်မှု ပထမလှိုင်း ကျဆင်းလာသောအခါ ကြယ်တပ်မတော်နှင့် နာရကစစ်တပ်အကြားတွင် ရှစ်ထောင့်အစီအရင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ပုံသဏ္ဍာန်အရ သစ်ငုတ်တိုပမာ ထင်ရသော်လည်း အဖြူအနက် အလင်းလွှာများဖြင့် ဖွဲ့စည်းထားကာ နားခိုရာလက်နက်၏ အဋ္ဌဂံပုံစံနှင့် ထူးမခြားနားပင်။ ထိုက်ဝေ အင်ပါယာအစီအရင်အတွင်း၌ ဓာတ်ကြီးငါးပါးချီများ သို့မဟုတ် မိုးကြိုးချီများ ရှိနေခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ် အသက်နှင့် မရဏချီများသာ ဗြောင်းဆန်နေ၏။

အသက်ချီက ကြယ်တပ်မတော်ကို လွှမ်းခြုံ၍ တိုက်ခိုက်ရေးစွမ်းအားနှင့် ကုသမှုကို မြှင့်တင်ပေးကာ မရဏချီသည် ရန်သူများထံ ဦးတည်နေပြီး အဆိပ်ငွေ့များအကြား ပိတ်မိ၍ ခြေတစ်လှမ်းထုတ်နိုင်ရန်ပင် ရုန်းကန်စေသည်။ ဖျက်ဆီးနိုင်စွမ်းအရ ၎င်းသည် အနန္တမီးတောက် ကြယ်တာရာအကာအကွယ်ထက် ပို၍ သာလွန်ကာ ထုတ်သုံးလိုက်တိုင်း အသေအပျောက် များလွန်းလှ၏။ ထို့ကြောင့် ထိုက်ယုနှင့် အရာရှိများက တိုက်ပွဲဝင်ရန် ဤမျှ ယုံကြည်ချက်ရှိနေကာ နတ်ဆိုးနှင့် မိစ္ဆာစစ်သည်များ၏ ရင်ထဲတွင်မူ ကြောက်စိတ်များ ဝင်ရောက်ကုန်သည်။ ပထမဆုံး ထိုးစစ်တွင် မရဏချီ၏ သက်ရောက်မှုက ရက်စက်သော သတိပေးချက်ဖြစ်လာကာ ရှေ့တန်းရောက်နေသည့် ရန်သူများ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်ကာ ပါးစပ်နှင့် နှာခေါင်းမှ သွေးများပန်းထွက်ပြီး အသက်ပင်မရှူနိုင်လောက်အောင် အားနည်းသွား၏။

"တိုက်စစ်ဖွင့်"

အခွင့်အရေး ရောက်လာသည်နှင့် တပြိုင်နက် ဝန်ကြီးသုံးပါးက အမိန့်ပေးလိုက်ပြီး သတ်ဖြတ်လိုစိတ်များ ကောင်းကင်အထိ တဝုန်းဝုန်း ထိုးတက်သွားသည်။ ရတနာ လက်နက်များ၊ ဓားဝိညာဥ်များ၊ အသက်တံဆိပ်များနှင့် မူလဝိညာဥ်များက ချက်ချင်းဆိုသလို ထွက်ပေါ်လာကြပြီး ရှေ့ဆုံးမှ ရန်သူများကို ခုတ်ပိုင်းပစ်လိုက်ရာ သွေးနှင့် အသားစများ လွင့်စင်ကုန်၏။ ဤစစ်မြေပြင်တွင် အစကတည်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပြီး အင်ပါယာအစီအရင်မှာလည်း အသားကြိတ်စက်ကြီးပမာ ရန်သူကို ချေမှုန်းနေသည်။

"လူသားမျိုးနွယ်က လောကမှာ အထွတ်အထိပ်ပဲ။ ကျင့်ကြံရေးလမ်းကြောင်းမှာ ငါတို့က နိမ့်ကျတဲ့ နတ်ဆိုးနဲ့ မိစ္ဆာတွေထက် အများကြီး သာလွန်တယ်"

"အသားစိမ်းစားတဲ့ တိရိစ္ဆာန်တွေက ငါတို့ကို နိုင်မယ်ထင်သလား"

"ဒီကောင်တွေ နာရကချောက်ထဲက ထွက်လာပြီး ခေါင်းပြတ်တွေ လာပေးတာ ဖြစ်ရမယ်"

"ညီအစ်ကိုတို့ သတ်ကြစမ်း"

အသာစီးရလိုက်သောကြောင့် ကြယ်တပ်မတော်၏ တိုက်ပွဲဝင်စိတ်ဓာတ် တက်ကြွလာပြီး အကောင်းမြင်နေကြသည်။ ယုံကြည်မှု ရှိလာရုံသာမက တိုက်ကွက်များလည်း ပိုမို ပြင်းထန်လာပြီး ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်လိုက်ကြ၏။ အသက်ချီသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာကို ထောက်ပံ့ပေးရုံသာမက အားကိုးရှိသဖြင့် စိတ်ဓာတ်မှာ အမြင့်ဆုံး ရောက်နေသည်။

သိုင်းကြယ်ဝန်ကြီး ဦးဆောင်သော သိုင်းကျင့်ကြံသူများက ရှေ့တန်းတွင် နေရာယူကာ လမ်းခင်းပေးခဲ့ကြသည်။ အနောက်တွင် လျှို့ဝှက်ကြယ်ဝန်ကြီးနှင့် ရုန်းကျင့်ကြံသူများက ရတနာများ၊ အစီအရင်များနှင့် အသက်တံဆိပ်များဖြင့် အဝေးပစ် တိုက်ခိုက်နေကြ၏။ သို့ရာတွင် ဤတိုက်ပွဲတွင် ရန်သူကို အသေအပျောက် အများဆုံး ဖြစ်ပေါ်စေသည်မှာ ကောင်းကင်ကြယ်ဝန်ကြီး ခေါင်းဆောင်သည့် ဓားသမားတပ်စု ဖြစ်ပြီး ဓားဌာနရှိ ကျင့်ကြံသူများထက်ပင် သာလွန်ကြသည်။ ဓားပျံစီးနင်းရာတွင် ကျွမ်းကျင်၍ လျင်မြန်သွက်လက်ရာ၌ ပြိုင်ဘက်ကင်းပြီး အဝေးမှ ဓားမြှောင်ဖြင့် ပစ်ခတ်နိုင်သကဲ့သို့ အနီးကပ်တိုက်ခိုက်လျှင်လည်း ဓားရှည်များမှာ အကောင်းဆုံး လက်နက်ပင်။

"ငါတို့သာ ရန်သူရဲ့ စိတ်​ဓာတ်နဲ့ အဓိကအင်အားကို ရိုက်ချိုးနိုင်ရင် ဌာနဆိုင်ရာ တပ်မကြီး ၁၈ခုလည်း အနောက်ကနေ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နိုင်လိမ့်မယ်။ ဒါဆိုရင် နာရကချောက်နက်ကို ထာဝရ အဆုံးသတ်ပေးလိုက်နိုင်ပြီ"

ဤအတွေးကြောင့် ကြယ်တပ်မတော်၏ စိတ်ပိုင်းဖြတ်ထားသော တိုက်ကွက်များ ပို၍ ကြမ်းတမ်းလာကာ နာရကကို အပြီးတိုင် ဖျက်ဆီးပစ်ချင်နေခဲ့သည်။ သို့သော် စစ်ပွဲရေချိန် အထွတ်အထိပ်သို့ ရောက်နေသော အခိုက်အတန့်တွင် ကောင်းကင်မှ ဧရာမ တောင်ကြီးတစ်လုံးသည် အင်ပါယာအစီအရင် အတွင်းသို့ ခုန်ချလာခဲ့၏။ စက်ဆုပ်ဖွယ် အပုပ်နံ့များ ပေါက်ကွဲထွက်လာပြီး အစိမ်းရောင် မြူခိုးများ စိမ့်ထွက်၍ အန်ချင်စရာကောင်းလောက်အောင် ညစ်ညမ်းသော အရှိန်အဝါကြီးက လွှမ်းခြုံထားလိုက်သည်။ နာရကတပ်ဖွဲ့များအတွက် ဤအနံ့ဆိုးကို ယဥ်ပါးနေပြီဖြစ်သော်လည်း ကြယ်တပ်မတော်အတွက်မူ သေချာပေါက် မဟုတ်ပေ။ ၎င်းမှာ ပုပ်သိုး၍ လောက်တက်နေသော အလောင်းများ ပြည့်နှက်နေသည့် အခန်းတစ်ခုအတွင်း ပိတ်မိနေသည့်အလား ဖြစ်သည်။

အလောင်းအငွေ့အသက်များအောက်တွင် ကြယ်တပ်မတော်၏ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် အော့အန်၍ ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။ ထိုက်ဝေ အင်ပါယာအစီအရင်၏ အသက်ချီများကလည်း ၎င်းကို ဆန့်ကျင်ရာတွင် အကျိုးရှိပုံမပေါ်ချေ။ ဤမျှဖြင့် ရပ်တန့်မသွားသေးဘဲ မရဏချီများသည်လည်း မယုံကြည်နိုင်လောက်အောင် စီးဆင်းလာကာ မယ်တော်ကြီးထံ ဦးတည်၍ ခန္ဓာကိုယ်အထက် ဖြစ်ပေါ်လာသော ပါးစပ်ပေါင်းများစွာမှတဆင့် ဝင်ရောက်သွားကြသည်။ မရဏချီများကို စုပ်ယူဝါးမျိုလိုက်သောအခါ သူမက ပို၍ စက်ဆုပ်ရွံရှာစရာ ကောင်းလာပြီး အဆမတန် ပုပ်သိုး၍ မျက်စိဖြင့် ကြည့်လျှင်ပင် အန်ချမိပေလိမ့်မည်။ ထို့အပြင် ခန္ဓာကိုယ်ကြီးက အလျင်အမြန် ဖောင်းကားလာကာ ဦးခေါင်းတစ်လုံးစီ ပါဝင်သော လည်ပင်းရှည်ရှည်များသည် ​မြွေပမာ လူးလွန့် တိုးထွက်၍ မြှားပစ်လိုက်သည့်အလား ကြယ်စစ်သည်များထံ တဟုန်ထိုး ဝင်ရောက်သွားကြသည်။

"မယ်တော်ကြီး"

သူမက ပထမဆုံးအကြိမ် ဝင်ရောက်စွက်ဖက်လိုက်သည်နှင့် တပြိုင်နက် ထိုက်ဝေ အင်ပါယာအစီအရင်၏ စွမ်းအားကို ပျက်ပြယ်လုနီးပါး ဖြစ်သွားစေသည်။ ထို့ကြောင့် သူမကို ထိုက်ဝေ အင်ပါယာက အကြောက်ရွံ့ဆုံး ဖြစ်နေသည်မှာ အကျိုးအကြောင်း သင့်ပေသည်။ အခြေအနေကို ပြောင်းပြန်လှန်လိုက်သောအခါ နတ်ဆိုးအုပ်စုက စိတ်အားတက်ကြွလာပြီး မျက်လုံးများ သွေးနီရောင်ပြောင်းကာ ကြမ်းတမ်းရိုင်းစိုင်းမှုများ အပြည့်အဝ ထုတ်ဖော်လိုက်ကြ၏။

"ဘုန်း"

နာရကချောက်နက်၏ တန်ပြန်တိုက်စစ် အမှန်တကယ် စတင်သောအခါ ခမ်းနားကြီးကျယ်လှသော ကြယ်တပ်မတော် ဖွဲ့စည်းပုံ ပျက်ပြားကာ ယုံကြည်မှုများ ရက်ရက်စက်စက် ရိုက်ချိုးခံလိုက်ရသည်။ ရဲဘော်ရဲဘက် ညီအစ်ကိုများကို နတ်ဆိုးများက အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်နေသောအခါ မြင်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ ရက်စက်သော အမှန်တရားကို သူတို့ နားလည်သွားကာ ဤစစ်ပွဲသည် သာမန်မဟုတ်ကြောင်း သဘောပေါက်ကုန်သည်။ ကောင်းကင်ရုံးတော်အတွင်းမှ ရိုးရိုးရှင်းရှင်း လေ့ကျင့်ရေးစစ်ပွဲ မဟုတ်ဘဲ အစစ်အမှန် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိလာခဲ့သည်။

"မစိုးရိမ်နဲ့။ မယ်တော်ကြီးကို ရင်ဆိုင်မယ့် လူ ရှိတယ်။ ငါတို့မှာ ဌာနဆိုင်ရာတပ်မကြီးတွေလည်း ရှိသေးတယ်။ အားမလျှော့နဲ့။ တိုက်ကြစမ်း"

ထိုက်ယုက နောက်လိုက်များကို စိတ်တည်ငြိမ်စေရန် ကြေညာလိုက်ပြီး အင်ပါယာ အစီအရင်၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သောအခါ စစ်မြေပြင်၌ မျှခြေတစ်ခု ပေါ်ပေါက်လာစေသည်။ နှစ်ဖက်လုံး ကြမ်းကြုတ်ရက်စက်စွာ တိုက်ခိုက်ကြပြီး အသားစနှင့် သွေးများ နေရာတိုင်း ဖုံးလွှမ်းနေကာ စစ်သည်တိုင်း ကိုယ့်မျိုးနွယ်ကို ကိုယ်စားပြုလျက်ရှိ၏။

"မိစ္ဆာမျက်လုံး"

ဤမျှခြေက အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်လာသောအခါ မယ်တော်ကြီးသည် မကျေမနပ်ဖြစ်လာကာ အစီအရင်အပြင်ဘက်ရှိ မိစ္ဆာတပ်ဖွဲ့ထံ လှမ်းအော်လိုက်လေသည်။

All Chapters