အခန်း (၆၉၃-၆၉၄)
Vol. 52 Ch. 693-694
အပိုင်း ၆၉၃ - ဂိမ်း
ကောင်းကင်ပျံသန်းမြို့တော် တစ်ခုလုံး အမှောင်ထုကြောင့် အေးစိမ့်စိမ့် ဖြစ်လာပြီး ကျောချမ်းစရာကောင်းလှ၍ ကောင်းကင်စစ်တပ်သည်လည်း အရပ်ဆယ်မျက်နှာလုံးတွင် တံတိုင်းကြီးပမာ ပိတ်ဆို့ထားသည်။ ထွက်ပြေးရန် ကြိုးစားသော မည်သူမဆို အမေးအမြန်းမရှိ သတ်ဖြတ်ခံလိုက်ရပြီး လူပေါင်းထောင်ချီ သေဆုံးသွားသောအခါ ထွက်ပြေးရန် စိတ်ကူးများ စွန့်လွှတ်လိုက်ကြရ၏။ အောက်ခြေလူတန်းစား သာမန်အင်မော်တယ်များက ရှင်သန်ရန် မျှော်လင့်ချက်မဲ့နေပြီး နှလုံးသားများအထိ အမှောင်ထု ကြီးစိုးခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
မြို့သူမြို့သားများက ကောင်းကင်စစ်တပ်ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြပြီး တုန်ယင်စွာဖြင့် မေးခွန်းထုတ်မိခဲ့၏။
"အရှင်သခင်တို့၊ ကျုပ်တို့ ဘာပြစ်မှုတွေများ ကျူးလွန်မိလို့လဲ"
"ဒီလိုမြို့ငယ်လေးမှာ အင်အားအများကြီးနဲ့ ဖျက်ဆီးစရာ လိုလို့လား"
"ကောင်းကင်စစ်တပ်ရဲ့ စစ်သည်တွေမှာရော သာမန်လူတန်းစား မိဘတွေ မရှိကြဘူးလား။ ဘာလို့ ငါတို့ကို သတ်ချင်နေရတာလဲ"
မည်မျှပင် တောင်းပန်တိုးလျှိုးစေကာမူ ရက်စက်လှသော လူ့အန္ဓများက မကြားချင်ယောင်ဆောင်ထားကာ ခံစားချက်ကင်းမဲ့နေပုံရသည်။
"အမေ၊ သား အရမ်းနာတယ်"
ကလေးငယ်တစ်ယောက်က ဦးခေါင်းကို ဆုပ်ကိုင်၍ ရုတ်တရက် ငိုကြွေးလိုက်သောအခါ မိခင်ဖြစ်သူသည် မယုံကြည်နိုင်လောက်ဖွယ် အရာအား မြင်လိုက်ရသည်။ ကလေးငယ်၏ ခေါင်းအထက်တွင် မီးတောက်နက်တစ်ခု ကြာပန်းသဏ္ဍာန် လောင်ကျွမ်းနေကာ အရှင်လတ်လတ် မီးလောင်နေခြင်း ဖြစ်သည်။ အသက်တစ်နှစ်သာရှိသော ကလေးငယ်က နာကျင်လွန်း၍ အဆက်မပြတ် ငိုယိုနေသောအခါ သနားစဖွယ်ဖြစ်ပြီး မြင်ရသူတိုင်း နှလုံးသားတို့ ကွဲအက်ကုန်သည်။
"ဝိညာဥ် လောင်ကျွမ်းနေတာပဲ"
"ဒါက လုဖန်ရဲ့ ကြာနက်ဝိညာဥ်မီးတောက် မဟုတ်လား"
အော်သံများ ဆူညံသွားကာ လူအုပ်ကြီး၏ ရင်တွင်းသို့ ရက်စက်လှသော အမှန်တရားက ထိုးဖောက်နေသည်။
"ဒီလိုကလေးလေးကိုတောင် အလွတ်မပေးဘူး။ လူယုတ်မာ အောက်တန်းစား လုဖန်၊ ငါ သေတဲ့အထိ တိုက်ခိုက်သွားမယ်ကွ"
ဖခင်ဖြစ်သူက ဒေါသတကြီး ပြေးထွက်သွားသော်လည်း ဆွေမျိုးများနှင့် မိသားစုဝင်များမှ တားဆီးလိုက်ရသည်။ သူ၏ မျက်ရည်များက နာကျင်မှု၊ ခံရခက်မှုနှင့် အမုန်းတရားကို ကိုယ်စားပြုကာ လူတိုင်း လုဖန်ကို စက်ဆုပ်ရွံရှာသထက် ပို၍ မုန်းတီးလာကြ၏။ ထိုအခိုက်အတန့်မှာပင် လူတိုင်း၏ ခေါင်းပေါ်တွင် ဝိညာဥ်မီးတောက်တစ်ခုစီ စတင်လောင်ကျွမ်းခဲ့ပြီး မြို့သူမြို့သားများ မြေပေါ် လဲကျ၍ လက်ဖြင့် ဆုပ်ကိုင်ရင်း နာနာကျင်ကျင် ညည်းညူနေကြသည်။ ရေတွက်မရနိုင်သော သံချွန်များဖြင့် ဦးနှောက်ကို ထိုးဆွနေသည့်အလား နာကျင်မှုက ကလေးလူကြီး ကျားမ မရွေး ချမ်းသာမပေးဘဲ အားနည်းသူများနှင့် နုနယ်သော ကလေးငယ်များမှာ ဤဒဏ်ကို အများဆုံး ခံစားနေရ၏။ မကြာမီအချိန်အတွင်း ကောင်းကင်ပျံသန်းမြို့တော်ရှိ ပြည်သူများအနက် တစ်ယောက်တလေပင် မတ်တပ်မရပ်နိုင်တော့ဘဲ စီရင်သူတစ်ယောက်ဖြစ်သော စွန်းရှောင်ချီမှာ မြေပြင်၌ ကွေးကွေးလေး ဖြစ်နေကာ မျက်ဆံများ အထက်သို့ လန်တက်၍ နာကျင်မှုကြောင့် မျက်ရည်များ အဆက်မပြတ် စီးထွက်လျက်ရှိသည်။
သာမန်ပြည်သူများအတွက် ပရမ်းပတာဖြစ်နေသော ကောင်းကင်ရုံးတော်နယ်မြေတွင် လူဖြစ်ရသည်မှာ ငြိမ်းချမ်းသော သေမျိုးလောက၌ ခွေးတစ်ကောင် အဖြစ် မွေးဖွားလာသည်လောက်ပင် မကောင်းချေ။ အခြေအနေများ ဆိုးရွားလာသောအခါ ကိုယ်ကျင့်တရားတို့ ပျောက်ကွယ်ကုန်ပြီး ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့် မရခဲ့ပေ။
"မှန်တယ်။ ငါက အောက်တန်းစားပဲ။ ဘာဖြစ်လဲ ဟား ဟား"
အနက်ရောင် ဝိညာဥ်ကြာနက် မီးတောက်ကို ထိန်းချုပ်၍ အားနည်းသူများအား အရှင်လတ်လတ် မီးရှို့နေသော လုဖန်သည် ကောင်းကင်အထက်တွင် ကျေနပ်စွာ ရယ်မောနေခဲ့၏။ သူက မြို့ကို ဖျက်ဆီးပြီး ကိုယ့်ကိုကိုယ် ကောင်းကင်တာအိုနှင့် ကိုယ်ကျင့်တရားအထက်တွင် ရှိနေသည်ဟု မှတ်ယူထားသည်။
"ဒီလိုပျက်စီးနေတဲ့ နေရာက npcတွေက ဘာများ လုပ်နိုင်မှာလဲ။ ထွီ ကိုယ့်ကိုကိုယ် အစစ်အမှန်လို့တောင် ထင်နေသေးတယ်"
သူက တံတွေးတစ်ချက်ထွေးကာ အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့သည်။
(ဘာသာပြန်၏ မှတ်ချက်။ ။ npc = non-playable character ဂိမ်းတစ်ခုတွင် ထည့်သွင်းထားသော အရံဇာတ်ကောင်များ ဖြစ်ပြီး ကစားသူပြုသမျှ နုကြရသူများ)
ထို့နောက် သူက မီးတောက်ကို အရှိန်မြှင့်လိုက်ပြီး ကောင်းကင်ပျံသန်းမြို့တော် တစ်ခွင် မဟူရာမီးလျှံများ တဟုန်းဟုန်း တောက်လောင်စေသည်။
"ဒါပေမယ့် မိန်းမတွေကတော့ အစစ်အမှန်လို့ ထင်ရလောက်အောင် ကောင်းလွန်းတယ်။ စနစ်၊ ငါက ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ရုံပဲ။ ဒါပေမယ့် ငါ အနိုင်ရဖို့ ရန်သူတစ်ယောက်တောင် ထွက်ပေါ်လာသေးတယ်။ ဒီသူရဲကောင်းကို အစွမ်းကုန် သုံးပြီး ရှင်းပစ်ချင်တယ်"
သူ စကားပြောနေစဥ်မှာ စနစ်မျက်နှာပြင်၌ ရွှေရောင်စာကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ယွမ်ရှောင်က စနစ်နှင့် မသက်ဆိုင်ပါ။ ပုံမှန်လည်ပတ်မှုကို ထိန်းသိမ်းထားရန် ဤဗိုင်းရပ်စ်ကို အမြန်ဆုံး ရှင်းပစ်ပါ"
"တိတ်စမ်း။ ငါ့ကို အကြိမ်တစ်ထောင်လောက် လာသတိပေးမနေနဲ့။ ဒီကောင့်ကို သတ်ဖို့ ငါ အခုလုပ်နေတာပဲ မဟုတ်ဘူးလား"
ဤအတိုင်းဆက်သွားလျှင် လူတိုင်း ဝိညာဥ်မီးတိုက်ခံရသဖြင့် သေကုန်တော့မည် ဖြစ်သော်လည်း ပစ်မှတ်က ပေါ်မလာသေးပေ။ ကောင်းကင်ပျံသန်းမြို့တော် တစ်ခုလုံးမှ လူသားများ၏ ငိုသံများ၊ ဝမ်းနည်းပူဆွေးစွာ အော်သံများ၊ တောင်းပန်သံများနှင့် မိသားစုလိုက် သေဆုံးသွားခြင်းတို့မှာ လုဖန်အတွက် ဇာတ်လမ်းဇာတ်ကွက်သာ ဖြစ်ပြီး မည်သို့မျှ မခံစားရချေ။ သူ၏ နှုတ်ခမ်းအထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခုပင် ရှိနေသေးပြီး တစ်ကိုယ်လုံး လှုပ်ယမ်းသွားလောက်အောင် နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်သည်။
"ဟင်းအိုးက အသင့်ဖြစ်နေပြီ။ ဧည့်ခံစရာ လူမရှိရင်တော့ ဒီလူသားကင်တွေကို သွန်ပစ်ရတော့မှာပဲ"
ထို့နောက် တစ်စုံတစ်ယောက် အမှန်တကယ် ရောက်လာသောကြောင့် လုဖန်၏ မျက်လုံးများ သတ်ဖြတ်လိုစိတ်ဖြင့် ကျဥ်းမြောင်းသွားသော်လည်း သွားဖြူဖြူများပေါ်အောင် ပြုံးဖြဲနေခဲ့သည်။
"ဒီဂိမ်းရဲ့ နောက်ဆုံးရန်သူတွေ ရောက်လာပြီ။ ငါ ဘယ်လိုကစားမလဲဆိုတာ ကြည့်နေလိုက်"
ကောင်းကင်အထက်တစ်နေရာတွင် လုဖန်၏ နောက်လိုက်များသည်လည်း အောက်ဘက်ရှိ အဖြစ်ဆိုးများကို အရသာခံကြည့်ရင်း ရယ်မောလျက်ရှိသည်။ မိုးချုန်းသံများ ရုတ်တရက် မြည်ဟီးသွားကာ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ကို ခွဲထွက်၍ ဆင်းသက်လာသောအခါ တစ်မြို့လုံး လင်းထိန်ပြီး အမှောင်ထု မောင်းထုတ်ခံလိုက်ရ၏။
"ဘာဖြစ်တာလဲ"
သူတို့က အလန့်တကြား မော့ကြည့်လိုက်သောအခါ အထက်မှနေ၍ ကြီးမားကျယ်ဝန်းသော အဖြူရောင်နယ်မြေကြီးတစ်ခု ပြုတ်ကျလာသည်ကို မြင်လိုက်သည်။
"လူစုခွဲစမ်း"
ဖုန်းလိုင်က ခြိမ်းခြောက်မှုကို ခံစားရသဖြင့် အလျင်အမြန် အမိန့်ပေးလိုက်သော်လည်း ကောင်းကင်စစ်တပ်၏ စစ်သည်အမြောက်အများ ဖိချခံလိုက်ရပြီး အရှင်လတ်လတ် အသားပြားဖြစ်ကုန်သည်။ အချိန်မီ ရှောင်တိမ်းလိုက်နိုင်သူများ လှည့်ကြည့်လိုက်ရာ မြင်ကွင်းအတွင်း အဖြူရောင်မျှော်စင်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုနယ်မြေကြီးမှာ ၎င်း၏ အောက်ခံသာ ဖြစ်နေသည်။
"ဝုန်း"
ထို့နောက် မျှော်စင်ကြီး၏ အောက်ခြေက ပွင့်ထွက်လာကာ ကောင်းကင်ပျံသန်းမြို့တော် တစ်ခုလုံးကို ဖုံးအုပ်ဝါးမျိုသွားခဲ့သဖြင့် အလွန်တရာ ကြီးမားကြောင်း ပြောနေစရာ မလိုတော့ပေ။
"အား"
ကောင်းကင်စစ်တပ်ဘက်မှ ထိတ်လန့်တကြား အော်သံနက်ကြီးများ ထွက်ပေါ်လာကာ လုဖန်ကိုယ်တိုင်ပင် တုန်လှုပ်သွားပြီး ကောင်းကင်ပျံသန်းမြို့တော်မှာ ကယ်တင်ခံလိုက်ရပြီ ဖြစ်သည်။
"ဘယ်သူက ငါတို့ကို ကယ်တင်လိုက်တာလဲ"
ဝိညာဥ် မီးတိုက်ခံရသော ကပ်ဘေးမှ လွတ်မြောက်သွားကြသည့် မြို့သူမြို့သားများက ပတ်ပတ်လည် စူးစမ်းလိုက်သောအခါ အဖြူရောင် နံရံကိုသာ မြင်နိုင်ခဲ့သည်။ နံရံအထက်တွင် အနက်ရောင်အစင်းကြောင်းများ တည်ရှိနေပြီး မြင့်မြတ်ကာ ရှင်းပြမရနိုင်လောက်သော စိတ်အေးချမ်းမှုကို ပေးစွမ်းနေ၏။
"ဒါက သတ္တမမင်းသမီး ဖြစ်ရမယ်"
စွန်းရှောင်ချီက အလေးအနက် စဥ်းစား၍ သဘောပေါက်သွားသောအခါ အသံကုန်အော်ဟစ်လိုက်မိသည်။ တစ်ဖက်လူကို ကောင်းကင်ရုံးတော်က ရာဇဝတ်ကောင်ကြီးအဖြစ် ဝရမ်းထုတ်ထားသော်လည်း ကောင်းကင်ပျံသန်းမြို့တော်ကဲ့သို့ နယ်စွန်နယ်ဖျား၌ လေးစားထိုက်သူတစ်ဦး ဖြစ်နေဆဲပင်။ အထူးသဖြင့် ပူဇော်သက္ကာရများနှင့် ပတ်သက်၍ အမှန်တရား အနည်းငယ်ကို သိထားသော ဤမြို့သူမြို့သားတို့သည် ယွမ်ရှောင်နှင့် ရှန်ရီကို ချစ်ခင်မြတ်နိုးကြ၏။ နာကျင်မှု နှိပ်စက်နေရာမှ သက်သာပြီးနောက် မျက်ရည်များ ထပ်မံကျဆင်းလာကာ ဝမ်းသာမျက်ရည်များ ဖြစ်နေပြီး ကလေးငယ်များ၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။
"သတ္တမမင်းသမီး၊ လူဆိုးတွေကို နှိမ်နင်းပေးပါ"
ကလေးငယ်များ၏ ကြီးမားဝိုင်းစက်ပြီး အပြစ်ကင်းစင်သော မျက်ဝန်းများအတွင်း အကောင်းနှင့် အဆိုးကို ခွဲခြားတတ်ကြပေသည်။
"သတ္တမမင်းသမီးက အပြစ်သား မဟုတ်ဘူး။ ဒီလို ကလေးလေးတွေကို နှိပ်စက်တာကမှ တကယ့်ရာဇဝတ်ကောင် မဟုတ်ဘူးလား။ သူတို့ကမှ တကယ် ခွင့်လွှတ်လို့ မရနိုင်တဲ့ လူသတ်သမားတွေပဲ"
စွန်းရှောင်ချီ၏ လှုံ့ဆော်မှုကြောင့် လူအုပ်ကြီးသည် မဟာတာအိုနယ်မြေ၏ အနာဂတ်အတွက် မည်သူက အစစ်အမှန် ကယ်တင်ရှင်ဖြစ်ကြောင်း သေသေချာချာ သိလိုက်ကြသည်။
"သတ္တမမင်းသမီး"
ကြီးမားကျယ်ဝန်းသော မျှော်စင်အတွင်း၌ အော်ဟစ်အားပေးသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစဥ် အပြင်ဘက်ရှိ မျှော်စင်ထိပ်ဖျား၌ မိန်းကလေးတစ်ယောက် ရပ်နေသည်။ လေပြင်းများ တိုက်ခတ်သွားသောအခါ ဆံနွယ်ရှည်များ လွင့်ပြယ်သွားကာ မျက်နှာအထက်ရှိ ရက်စက်ကြမ်းတမ်းသော ကျားဖြူမျက်နှာဖုံး ပေါ်လွင်သွား၏။ သူမသည် အင်မော်တယ်များအထက်တွင် ရပ်နေပြီး ကျားတစ်ကောင်မှ သားကောင်ကို ချောင်းမြောင်းနေသကဲ့သို့ မျက်ဝန်းများဖြင့် လုဖန်နှင့် နောက်လိုက်များကို အေးစက်စက် ကြည့်နေခဲ့သည်။
ရှန်ရီ၏ လက်ထဲတွင် သံကြိုးရှည်ကြီးတစ်ချောင်း ဆွဲကိုင်ထား၍ အစွန်းတစ်ဖက်စီတွင် ကြယ်များ တွဲလောင်းကျ ချိတ်ဆက်လျက်ရှိ၏။ တစ်ဖက်က ကြီးမားလေးလံ၍ မီးလျှံများ တောက်ပနေကာ အခြားတစ်ဖက်တွင် သံဆူးချွန်များ ပြည့်နှက်ပြီး လျှပ်စီးများ တလက်လက် ဖြတ်သန်းနေသည်။
"ရန်သူကို အခွင့်အရေးတစ်ခုတောင် မပေးနဲ့။ အကုန်တက်ပြီး သတ်ကြစမ်း"
ရက်ပိုင်းမျှ ပျောက်ကွယ်နေပြီး တစ်ဖက်လူ ပိုမို သန်မာလာသည်ကို မျက်မြင်တွေ့လိုက်ရသောအခါ ဖုန်းလိုင်သည် လုဖန် အဘယ်ကြောင့် အကြောက်လွန်နေကြောင်း နားလည်သွားကာ ကောင်းကင်စစ်တပ်ကို ချက်ချင်း အမိန့်ပေးလိုက်လေသည်။
(မှတ်ချက်။ ဖရိုဖရဲ မူလဝိညာဥ်က ဒီခေတ်ရဲ့ ကူးပြောင်းလာသူ လုဖန်ကို စနစ်အသွင်နဲ့ လှည့်စားထားတယ်။ လုဖန်ကလည်း စိတ်ရင်းမကောင်းလို့ မဟာတာအိုနယ်မြေကို ကွန်ပျူတာဂိမ်းလို သဘောထားပြီး ပျော်ပါးနေတာပါ။ သူ့အမြင်မှာ နယ်ခံတွေကို ဂိမ်းထဲက အသက်မရှိတဲ့ ပရိုဂရမ်တွေလို သတ်မှတ်ထားတာပါ။ ဒါပေမယ့် မိန်းမတွေနဲ့ ပျော်ပါးပြီး ဇိမ်ခံနိုင်တယ်ဆိုတော့ အစစ်အမှန်ဆိုတာကို သိလောက်မှာပါ။ ဂိမ်းနဲ့ မရင်းနှီးတဲ့ စာဖတ်သူတွေအတွက် ကျနော့်အမြင်လေး ရေးပေးတာပါ)
အပိုင်း ၆၉၄ - ယွမ်ရှောင် ရောက်လာပြီ
ညနက်သန်းခေါင်တွင် စစ်မြေပြင် အခြေအနေက တင်းမာသွားပြီး သာမန်စစ်သည်များသည် မလှုပ်မယှက် ရပ်နေကြသော်လည်း ဝိညာဉ်ပြောင်းနယ်ပယ် ကျင့်ကြံသူများမှာ လျင်လျင်မြန်မြန် လှုပ်ရှားလာကြ၍ ဖုန်းလိုင်နှင့် ဂျိုအင်မော်တယ်ဘုရင်တို့ ဦးဆောင်ခဲ့ကြသည်။ အင်အားတစ်ထောင်ကျော်ပြီး အားအနည်းဆုံးဆိုလျှင် စစ်သူကြီးချောင်နှင့် ယှဥ်နိုင်ပြီး ထိပ်တန်းကျင့်ကြံသူများချည်း ဖွဲ့စည်းထား၏။ သူတို့က ကောင်းကင်ရုံးတော်၏ အရာရှိအုပ်စုအောက် အရေအတွက်နည်းသော်လည်း ခွန်အားအရာတွင် ပခုံးချင်းယှဥ်နိုင်သည်။ သြဇာအာဏာပိုင်းတွင် ကောင်းကင်ရုံးတော်ဖြစ်စေ၊ လုဖန်ဖြစ်စေ၊ ယွမ်ရှောင်နှင့် ရှန်ရီတို့ထက် များစွာ သာလွန်နေခဲ့၏။
အဆင့်နှစ် မဟာစစ်သူကြီးများနှင့် တန်းတူ အယောက်သုံးဆယ်ကျော် ပါဝင်ပြီး လက်ရှိအင်အားမှာ မိုးကြိုးဌာနတွင် ယွမ်ရှောင်ကို တိုက်ခိုက်စဥ်ကထက် အဆသုံးဆယ်ကျော် မြင့်မားသည်။ ဖုန်းလိုင်နှင့် ဂျိုဘုရင်က အဆင့်တစ် အရာရှိများနှင့် တန်းတူ သန်မာကြပြီး လုဖန်ကမူ တိုက်ပွဲအတွင်း ဝင်မပါသေးချေ။ ကောင်းကင်စစ်တပ်၏ ထိပ်တန်းကျင့်ကြံသူ တစ်ထောင်ကျော်သည် ရှန်ရီကို ဆုလာဘ်တစ်ခုအဖြစ် ရှုမြင်ကာ ဧကရာဇ်အသစ် ရှေ့မှောက်တွင် မျက်နှာသာပေးခြင်းခံရရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း ထင်ရှားသည်။ ကောင်းကင်ပျံသန်းမြို့တော်က လုဖန်၏ ပစ်မှတ်မဟုတ်ဘဲ ယွမ်ရှောင်နှင့် ရှန်ရီကသာ အရေးပါ၏။
"သတ်ကြ"
ကောင်းကင်စစ်တပ်၊ လွတ်လပ်သူများ၊ ဂျိုအင်မော်တယ်များနှင့် နတ်ဆိုးများက ပတ်ဝန်းကျင်၌ ဝန်းရံပိတ်ဆို့ထားပြီး လွတ်လမ်းမှန်သမျှ မရှိတော့ပေ။ မရေမတွက်နိုင်သော လက်နက်များ၊ ရတနာများနှင့် ဓားဝိညာဥ်များအပြင် စစ်ရထားလုံးပမာ တုတ်ခိုင်သန်မာသော ဂျိုအင်မော်တယ်နှင့် နတ်ဆိုးများ၏ ခန္ဓာကိုယ်ကြီးများသည် ရှန်ရီထံ တိုးဝင်လာကြသည်။ ဖုန်းလိုင်နှင့် ဂျိုဘုရင်က အမြန်ဆုံးဖြစ်ပြီး သူမကို ဘယ်ညာညှပ်လိုက်ကြ၏။ နတ်ဆိုးများ၏ ခန္ဓာကိုယ်ထက်ပင် ပို၍ မာကျောသော ဂျိုဘုရင်၏ကိုယ်ကြီးက လေခွင်းသောအခါ မီးပွားများ ထွက်ပေါ်လာ၍ လက်သည်းရှည်များနှင့် ဂျိုနှစ်ချောင်း ဆန့်ထွက်လာကာ လွန်ပမာ တဝီဝီ လည်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် တိုက်ပွဲဝင် သံချပ်ကာတစ်ခုသည် ကိုယ်ပေါ်တွင် အပိုင်းငါးပိုင်းဖြင့် ထွက်ပေါ်လာကာ တစ်ကိုယ်လုံး ဖုံးလွှမ်းသွား၏။ ကိုယ်ထည်က ရွှေရောင်တောက်ပပြီး ဘယ်လက်တွင် မီးများ တဝုန်းဝုန်း တောက်လောင်နေကာ ညာလက်၌ လျှပ်စီးကြောင်းများ ယှက်နွယ်၍ ခြေထောက်များမှာ တောင်တစ်လုံးပမာ မာကျောသွားသဖြင့် လက်နက်ကဲ့သို့ ဖြစ်လာ၏။
ဂျိုဘုရင်နှင့် ရင်းနှီးသူများဆိုလျှင် ဤချပ်ဝတ်သည် လုဖန်၏ အဖိုးတန်လက်ဆောင် မီးတောက်ချပ်ဝတ်ဖြစ်ကြောင်း ကောင်းကောင်း သိကြပေလိမ့်မည်။ အစိတ်အပိုင်းတိုင်းက နတ်ကောင်းကင်အဆင့် ဖြစ်ကာ လူတိုင်း လိုချင်တပ်မက်ကြသော ရှားပါးရတနာတစ်ခုလည်း ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
လေထုမှ ပေါက်ကွဲဲသံများနှင့်အတူ ဂျိုဘုရင် ရှေ့ဆက်သွားနေစဥ် နောက်လိုက်များသည် အော်ဟစ်အားပေးကြပြီး ရှန်ရီကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြ၏။ ကျန်တစ်ဖက်တွင်လည်း လွတ်လပ်သူများက ဖုန်းလိုင်ကို အားပေးနေကြပြီး မျက်လုံးများ တောက်ပလျက်ရှိသည်။ သူက ဓားပျံအထက်တွင် မျောလွင့်နေပြီး တိမ်တိုက်များအကြား လမင်းပမာ တိုးထွက်လာသည်။ လက်ထဲတွင် သက်စောင့်တံဆိပ်တစ်ခုကို ထိန်းချုပ်ထားကာ ကမ္ဘာမြေထုကဲ့သို့ လေးလံသော တောင်ကြီးတစ်လုံးအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလျက်ရှိသည်။ ခြေထောက်အောက်မှ အပြာရောင် ဓားပျံသည် ပင်လယ်ကြီးပမာ လှိုင်းထနေပြီး ချီစွမ်းအင်များ အဆုံးအစမရှိ ထွက်ပေါ်နေသည်။
ရေဓားနှင့် မြေတံဆိပ်သည် ဓားဝိညာဥ်နှင့် အသက်တံဆိပ်သက်သက်သာ ဖြစ်သော်လည်း ဓားနှင့် ရုန်းပိုင်နက်များ ထူထပ်သိပ်သည်းစွာ စုဝေးနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ရေဓားပတ်ပတ်လည်တွင် ၆၆ခု တည်ရှိပြီး ပိုင်နက်တစ်ခုချင်းစီသည် ကျယ်ဝန်းနက်ရှိုင်းသော ပင်လယ်ကြီး ဖြစ်၏။ မြေတံဆိပ်ပေါ်တွင်လည်း ရုန်းပိုင်နက် ခြောက်ဆယ်ကျော် ရှိပြီး လေထဲမှ ကျဆင်းလာလျှင် မြင်ရသူတိုင်းအပေါ် တောင်ကြီးများကဲ့သို့ ဖိအားကျဆင်းလာပေလိမ့်မည်။ ဖုန်းလိုင်က နှစ်မျိုးကျင့်ကြံသူ ဖြစ်ပြီး အရာရှိတစ်ဦး မဖြစ်ခဲ့ရသည်အထိ ဖယ်ကျဥ်ခံလိုက်ရသော်လည်း အထွတ်အထိပ်သို့ လမ်းဖောက်နိုင်ခဲ့ပြီး လွတ်လပ်စွာ နေထိုင်သော အင်မော်တယ်တစ်ပါး ဖြစ်လာရာ အမှန်တကယ် ထူးခြားပေသည်။
ဖုန်းလိုင်နှင့် ဂျိုဘုရင်က ရှန်ရီနှင့် အနီးဆုံးသို့ ရောက်လာကြပြီး သတ်ဖြတ်လိုစိတ်များ စုစည်းထားကာ သူတို့အကြားတွင်လည်း ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်ချင်နေကြ၏။
"ငါတို့ကို တစ်ယောက်တည်း တိုက်ခိုက်ချင်နေတာလား။ လက်တွေ့ကို သဘောမပေါက်နိုင်ဘဲ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
ဖုန်းလိုင်က နှာခေါင်းရှုံ့၍ ရေဓားကို ဓားရှည်အဖြစ် ပြောင်းလဲကာ အသက်တံဆိပ်နှင့်အတူ လက်တစ်ဖက်စီတွင် ဆုပ်ကိုင်ထားသည်။ ရေဓားဝိညာဥ် ဖုန်းနှင့် မြေအသက်တံဆိပ် လိုင် တို့ ပေါင်းစပ်သွားခြင်းသည် တစ်ချိန်က ထိုက်မင်းဆက်နှင့် ယှဥ်ပြိုင်ဖူးသော မျိုးနွယ်တစ်ခု၏ နတ်ဘုရားအသွင်ကို ဆောင်သဖြင့် ဇစ်မြစ် နက်ရှိုင်းသူ ဖြစ်လေသည်။
"ငါ့ကို တကယ်ပဲ တစ်ယောက်တည်း ထင်တာလား"
ရှန်ရီက မေးခွန်းထုတ်လိုက်ပြီး မျက်နှာဖုံးနောက်ကွယ်မှ မျက်ဝန်းများသည် ရက်စက်လိုဟန်ဖြင့် ပိုမိုကျဥ်းမြောင်းနေ၏။
"ဟုတ်တယ်။ မင်းက လောကကြီး စွန့်ပယ်တာကို ခံရပြီး တစ္ဆေဖြစ်ရင်တောင် သနားစရာကောင်းနေလိမ့်မယ်။ မင်းနဲ့အတူ ဘယ်သူက အသေခံရဲမှာလဲ"
ဖုန်းလိုင်က ဟိန်းဟောက်လိုက်ပြီး တစ်လောကလုံးကို တုန်လှုပ်သွားစေသော်လည်း စကားသံတစ်ခုသည် အဝေးမှ မိုးချုန်းသံကဲ့သို့ ပဲ့တင်ထပ် မြည်ဟီးသွား၏။
"သူက တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ"
အဖြူရောင်၊ အဝါရောင်နှင့် သွေးရောင် ချီများ ရောနှောဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် ဓားတစ်လက်ကဲ့သို့ ထိုးဆင်းလာကာ ဖုန်းလိုင်နှင့် ရှန်ရီအကြား နေရာဝင်ယူလိုက်သည်။
"ဝုန်း"
ဖုန်းလိုင်၏ တိုက်ခိုက်က ချက်ချင်း ပိတ်ဆို့ခံလိုက်ရပြီး ပတ်ပတ်လည်ရှိ ချီများ လှိုင်းထန်ကုန်သည်။ ဖုန်းလိုင်က ထိုးဖောက်မရနိုင်သော နံရံကြီးကို ဝင်တိုက်မိသကဲ့ ဖြစ်သွားကာ နောက်ဆုတ်ပေးလိုက်ရသည့်အပြင် ယိုင်တိုင်တိုင်ဖြစ်၍ သွေးများ ဗလောင်ဆူစေသည်။
"ဟင်"
ကိုယ်တွင်းအင်္ဂါများအထိ ခံစားလိုက်ရသောကြောင့် သူက တစ်ချက်ညည်းကာ မျက်နှာဖြူရော်သွားခဲ့သည်။ အရှိန်အဝါများ ရောနှောနေသည့် တစ်ဖက်လူက လုံးဝ အစိမ်းသက်သက် ဖြစ်၍ သူသည် အထက်သို့ အံ့သြတကြီး မော့ကြည့်လိုက်သောအခါ စီရင်သူ သံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေခဲ့၏။ လူသားတစ်ယောက် ဖြစ်သော်လည်း နတ်ဆိုးတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မိစ္ဆာတစ်ကောင်၏ ကြက်သီးထစရာ စွမ်းအားသည် မျက်နှာတစ်ခုတည်းတွင် ပေါင်းဆုံလျက်ရှိသည်။ ပျက်စီးနတ်ဆိုးခန္ဓာ၏ ကြမ်းတမ်းသော စွမ်းအား၊ သွေးဆာတတ်သော ကပ်ဘေးမိစ္ဆာသွေး၊ သန့်စင်သော ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်တို့ ပေါင်းစပ်သွားခြင်းက ယွမ်ရှောင်ကို ကြောက်စရာကောင်းသော ထူးဆန်းသည့် ဖြစ်တည်မှုတစ်ခု အဖြစ် ပြောင်းလဲသွားစေ၏။
"ယွမ်ရှောင်လား"
"မိုးကြိုးဌာနမှာ သူက ငါတို့ညီအစ်ကိုတွေကို သတ်ခဲ့တယ်"
ကျရှုံးခဲ့သော မိုးကြိုးဌာန ကျူးကျော်မှုကြောင့် လုဖန်၏ နောက်လိုက်များ မျက်လုံးထဲတွင် မီးတောက်ပမာ နီရဲသွားစေသည်။ ယနေ့တွင် စစ်ဧကရာဇ် လုဖန်၏ အဓိကပစ်မှတ်များ လူစုံနေပြီဖြစ်၏။
"စကြဝဠာထဲမှာ ငါ့လမ်းအတိုင်း လိုက်ဖို့ တစ်ယောက်တည်း ရှိနေရင်တောင် လုံလောက်တယ်"
ယွမ်ရှောင်က ဖုန်းလိုင်ကို စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောပြီးနောက် ရှန်ရီဘက်လှည့်ကာ ပြုံးပြလိုက်၏။
"ငါ ပြောတာ ဟုတ်တယ်မလား၊ အချစ်"
သူ ထွက်ပေါ်လာသည့်တိုင်အောင် ရှန်ရီ၏ သတ်ဖြတ်လိုစိတ်က မလျော့ပေ။
"ငါ သတ်တာထက် အရေအတွက်ပိုများမှ စကားလာပြော"
သူမက အေးစက်စက် ချေပလိုက်သဖြင့် ဒေါသထွက်နေသည်မှာ လန်ရီ ဖြစ်နေပြီး ရှန်ရီနှင့် ချန်ရီတိူ့နှင့် ပတ်သက်၍မူ မသေချာလှပေ။ သို့သော် ယွမ်ရှောင်အပေါ် ဆက်ဆံပုံက များစွာ ပျော့ပြောင်းလာပြီး မျက်စောင်း ထိုးလိုက်သော အခိုက်တွင် စိတ်ကောက်နေသည့် ဟန်ပန်များ အပြည့်ပင်။
"တော်ပါသေးရဲ့။ ပြန်ချော့ဖို့ အခွင့်အရေး ရှိတယ်"
သူက သက်ပြင်းတစ်ချက်ချ၍ သေမျိုးလောကမှ ရတနာတစ်ခုဖြစ်သော ရှေးဟောင်းမျှော်စင်ကို ဤအခြေအနေအထိ အစွမ်းထက်လာအောင် အသုံးချပုံအား စိတ်ဝင်စားနေခဲ့သည်။ ကောင်းကင်ပျံသန်းမြို့တော်ကို ၎င်းက ကာကွယ်ပေးထားသဖြင့် နောက်ဆံတင်းစရာ မလိုသောအခါ သူက လွတ်လွတ်လပ်လပ် တိုက်ခိုက်သတ်ဖြတ်နိုင်ပေလိမ့်မည်။
"ဘာစောင့်နေကြတာလဲ"
ဂျိုဘုရင်က အော်ဟစ်သတိပေးလိုက်သောအခါတွင်မှ လမ်းတစ်ဝက်တွင် တန့်သွားကြသော ကျင့်ကြံသူတစ်ထောင်ကျော် အသိပြန်ဝင်လာသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်များ အသစ်တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့ပြီး နောက်ထပ် အမိန့်ပေးစရာ မလိုအပ်တော့ဘဲ တိုက်ပွဲ စလိုက်ကြတော့၏။
"ပြိုင်မယ်။ ငါက မင်းထက် ပိုသတ်နိုင်ရင် လျစ်လျူရှုမနေရဘူး"
ယွမ်ရှောင်သည် ကျရောက်လာသော တိုက်ကွက်ပေါင်းစုံကို မမြင်မကြားသကဲ့သို့ သဘောထားကာ ရှန်ရီကို ချော့မော့နေသည်။
"အရင်နိုင်အောင် လုပ်စမ်းပါ။ အပိုတွေ မပြောနဲ့ ဟွန့်"
ရှန်ရီ၊ လန်ရီနှင့် ချန်ရီ သုံးယောက်ပေါင်းထားသော မိန်းကလေးက တစ်ချက်သာ ကြည့်လိုက်ပြီး တိုက်ပွဲကြောင့် နောက်ထပ် အဖက်လုပ်ရန် မအားလပ်နိုင်တော့ပေ။