← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 52 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 52 Ch. 695-696

အပိုင်း ၆၉၅ - သွေးနှင်းဆီ

နတ်ဘုရားဂိတ်တွင် ရှန်ရီ အပြတ်ရှင်းခဲ့သော ဂျိုအင်မော်တယ် နှစ်ကောင်သည် ဂျိုဘုရင်၏ သားများဖြစ်သောကြောင့် လက်စားချေလိုနေကြသည်။ သူ၏ ဒေါသအဟုန်ဖြင့် ဝင်ဆောင့်လိုက်သော အရှိန်ဖြင့် ရှေးဟောင်းမျှော်စင်ကြီး တုန်ခါသွားသည့်အပြင် နောက်လိုက်များကလည်း သူမထံ ပြေးဝင်လာပြန်၏။ သူတို့၏ ရည်ရွယ်ချက်မှာ ပစ်မှတ်များ မပူးပေါင်းနိုင်ဘဲ သီးခြားစီ ခွဲထုတ်ပစ်ရန် ကြံစည်ထားကြောင်း ရှင်းလင်းနေသည်။ ရှန်ရီကို ရန်သူများက ဝိုင်းလိုက်သည့် အချိန်တွင် ယွမ်ရှောင်ဘက်တွင်လည်း မလွယ်ကူဘဲ ကောင်းကင်စစ်တပ်နှင့် လွတ်လပ်သော အင်မော်တယ်များ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ တိုက်ခိုက်လာသောကြောင့် ပို၍ ခက်ခဲသော စိန်ခေါ်မှုပင် ဖြစ်သည်။

ဖုန်းလိုင်က ယွမ်ရှောင်ကို အဓိက တိုက်ခိုက်နေသူဖြစ်သော်လည်း လုဖန်နှင့် ပတ်သက်၍ သတိထားရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ထား၏။ တစ်ဖက်လူက နောက်လိုက်များ၏ အသက်ကို ဂရုမစိုက်ဘဲ အရိပ်ထဲတွင် ပုန်းအောင်း၍ လုပ်ကြံသတ်ဖြတ်ရန်မှာ ရာနှုန်းပြည့် သေချာလှသည်။ သူနှင့် ရှန်ရီသည် ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ထောင်ကျော်နှင့် ရင်ဆိုင်လိုက်ရပြီး ဓားဝိညာဥ်နှင့် အသက်တံဆိပ်များဖြင့်လည်း အဝေးမှ တဖွဲဖွဲ ဝင်ရောက်လာကြသည်။

"ငါ ကောင်းကင်ရုံးတော်မှာ လျှိုနေရတာ ပျင်းလာပြီ။ အခု အဆုံးသတ် ရောက်တော့မယ်ဆိုတော့ အစွမ်းကုန် ထုတ်ပြလိုက်တော့မယ်"

ယွမ်ရှောင်က ရေရွတ်လိုက်ပြီး ရန်သူများအကြား ဝေဝါးပျောက်ကွယ်သွားကာ ပြင်းထန်သော မုန်တိုင်းပမာ သတ်ဖြတ်လိုစိတ် တိုက်ခတ်လာသည်။ နီအန်၏ မျက်ဝန်းတစ်စုံလည်း ဖြတ်ခနဲ ထွက်ပေါ်လာကာ အာရုံကြောများနှင့် ချိတ်ဆက်ပြီး အမြင်အာရုံကို နှစ်ဆ ချဲ့ထွင်ပေးလိုက်သဖြင့် တုံ့ပြန်နိုင်စွမ်း အလွန်ကောင်းမွန်သွား၏။ ညာလက်တွင် ထွက်ပေါ်လာသော ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် လေခွင်းသွားကာ ဓားပိုင်နက် သုံးဆယ်မှာ ဓားသွားတစ်ဝိုက် မိုးပြာရောင် စွမ်းအင်မုန်တိုင်းပမာ တိုက်ခတ်ခဲ့သည်။ ညာဘက်တွင် ရုန်းပိုင်နက် သုံးဆယ်ကျော် ပါဝင်သည့် ရုန်းထီး ဖြစ်တည်လာကာ သူက ထီးတစ်လက်၊ ဓားတစ်ဖက်ဖြင့် ရန်သူများအကြား ဖြတ်သန်းသွားလိုက်ရာ ဆံပင်ရှည်များ ဝေ့ဝဲဖြာကျသွား၏။

"အရမ်းချောတာပဲ"

ဓားယာဥ်အထက်မှ စောင့်ကြည့်နေသော ကူစုဝမ်သည် ရန်သူအမြောက်အများ ဝိုင်းထားသော လူငယ်လေးကို ငေးကြည့်နေမိသည်။ ယုရင်မှာ သူမဘေးရှိ စစ်မင်းသမီး၏ အလောင်းကို တလှည့်၊ သူ့ကို တလှည့်ကြည့်ရင်း စဥ်းစားမရနိုင်အောင် ဖြစ်နေ၏။ မကြာသေးမီကပင် ယွမ်ရှောင်သည် စစ်မင်းသမီး၏ နှုတ်ခမ်းကို နမ်းရှိုက်၍ သွေးများခြောက်ကပ်သွားအောင် စုပ်ယူပစ်ခဲ့သည်။ ထိုမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းပြီး ရုပ်ခန္ဓာကို ကာကွယ်ရန် ညွှန်ကြားထားခြင်းသာ မရှိလျှင် အမှန်တကယ် သတ်ပစ်လိုက်သည်ဟု အထင်မှားသွားနိုင်သည်။

"သူက တကယ်ပဲ ဘာကြီးလဲ"

"ငါ မသိဘူး။ ငါ ခန့်မှန်းရသလောက်ဆိုရင် သတ္တမမင်းသမီးကမှ သူ့ရဲ့ ဇနီးသည် ဖြစ်လိမ့်မယ်"

ယုရင်၏ အဖြေကြောင့် ကူစုဝမ်သည် ရန်သူများကို တက်ညီလက်ညီ သတ်ဖြတ်နေသော စုံတွဲကို ကြည့်ရင်း ချီးကျူးခဲ့သည်။

"ဒီစုံတွဲက ကောင်းကင်ဖန်တီးပေးထားသလိုပဲ။ ခွန်အားရော စိတ်နေစိတ်ထားရော တူညီကြတယ်"

"ပိုင်အာ ဘယ်ရောက်သွားတာလဲ"

ထိုအခိုက်တွင် ယုရင်သည် တစ်စုံတစ်ခုကို သတိရသွားသဖြင့် အလန့်တကြား မေးလိုက်သည်။

"စိတ်ပူမနေပါနဲ့။ အဲ့တာက အလောင်းနတ်ဆိုးလေ။ တိုက်ပွဲထဲမှာ အလောင်းတွေ လိုက်စားနေတာ ဖြစ်မှာပေါ့"

"သြော်...ငါတို့ကပဲ ဘာထူးခြားချက်မှ မရှိသလို ဖြစ်နေတယ်"

ကူစုဝမ်ရော ယုရင်ပါ ရယ်ရအခက် ငိုရအခက် ဖြစ်ကုန်သည်။

"ဒါပေမယ့် လုဖန်နဲ့ ရင်ဆိုင်ဖို့ သူတို့ကို ငါ စိုးရိမ်နေတုန်းပဲ"

ကူစုဝမ်က ထပ်လောင်းပြောဆိုလိုက်သော်လည်း သူတို့သည် စောင့်ကြည့်နေရုံသာ တတ်နိုင်သောကြောင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ လေးလံသော စိုးရိမ်မှုကြောင့် အသက်ရှူသံများ ပြင်းသထက်ပြင်းလာခဲ့သည်။ သူတို့၏ မြင်ကွင်းတွင် ချောမောလှပသော နတ်ဖက်သည့် စုံတွဲလေးမှာ ဘက်ပေါင်းစုံမှ ကျရောက်လာသော တိုက်ကွက်ရာချီကို အဆက်မပြတ် ရင်ဆိုင်နေရ၏။ သို့သော် သတ္တမမင်းသမီးသည် ပိုင်အာထက်ပင် ခွန်အား သာလွန်နေပြီး ပို၍ လျင်မြန်ကာ ရက်စက်ကြမ်းကြုတ်သည့်အပြင် သိုင်းအင်မော်တယ် ဖြစ်သောအခါ အစွမ်းထက် စစ်သည်တော်အလား ထင်မှတ်ရသည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် ကပ်ဘေးကြယ် လက်နက်သည် ဥက္ကာခဲများပမာ ပြင်းပြင်းထန်ထန် လှုပ်ရှားနေပြီး ဖြတ်သန်းသွားသမျှ နေရာတိုင်း ရန်သူ ခန္ဓာကိုယ်များ ပေါက်ကွဲကုန်သည်။ နတ်ဆိုးများ၊ ဂျိုအင်မော်တယ်များနှင့် လူသားအင်မော်တယ်များက ကပ်ဘေးကြယ် နှစ်လုံးအောက်တွင် အပိုင်းပိုင်းအစစ ဖြစ်လျက်ရှိသည်။ သူမက ကြောင်တစ်ကောင်ကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး ကျားတစ်ကောင်ပမာ ခွန်အားကြီးမားသောကြောင့် ရန်သူများ တဝုန်းဝုန်း ပျက်စီးပေါက်ကွဲသွားသည့် မြင်ကွင်းမှာ ကြောက်စရာကောင်းသော်လည်း ခမ်းနားနေဆဲပင်။

ဆန့်ကျင့်ဘက်အရပ်တွင် ယွမ်ရှောင်၏ တိုက်ခိုက်ပုံသည် ကြမ်းတမ်းခြင်း မရှိဘဲ အနုပညာလက်ရာကဲ့သို့ ချောမွေ့လှသည်။ သူက ထီးဆောင်း၍ တိုက်ကွက်များအကြား လှည့်လည်သွားလာနေရင်း ကျရောက်လာသမျှ လက်နက်များကို ရုန်းထီးဖြင့် ကာကွယ်ထားခဲ့သည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးစက်မိုးပေါက်များအကြားတွင် မိုးရေမထိဘဲ ပြေးလွှားနေသည်နှင့်ပင် တူညီနေသေး၏။ ဓားသိုင်းမှာမူ အဆိပ်ပြင်း မြွေတစ်ကောင် ပေါက်လိုက်သည့်ပမာ ထိရောက်ပြီး ဓားချက်ထုတ်လိုက်တိုင်း အသက်တစ်ချောင်း နှုတ်ယူခံလိုက်ရသည်။

"ရွှစ် ရွှစ်"

သူက စစ်မြေပြင်အတွင်း ကျက်သရေရှိရှိ သွားလာနေပြီး လက်ဝှေ့ယမ်းလိုက်သောအခါ ဓားမြှောင်ပစ်ချက် ပြေးထွက်သွား၏။ အဆင့်နှစ်အရာရှိ မဟာစစ်သူကြီးတစ်ယောက်သည် ယွမ်ရှောင်ကို မမြင်နိုင်ခင်မှာပင် လေထဲမှ ထွက်ပေါ်လာသော ဓားမြှောင်က ရုတ်တရက် နောက်စေ့အထိ ဖောက်ထွက်သွားသည်။ လေခွင်းသံအပြီးတွင် ခန္ဓာကိုယ်က မထိခိုက်သကဲ့သို့ ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း အပိုင်းပေါင်းရာချီ ပြတ်တောက်၍ ပြိုကျသွားကာ တစ်ခုချင်းစီအထက်တွင် ရှန်ရီ၏ ချောမောလှပသော မျက်နှာလေးကို အကြမ်းထည် ရေးဆွဲထားခဲ့သည်။

"ဒီလောက်ဆို ချော့ဖို့ လုံလောက်ပါ့မလား"

ယွမ်ရှောင်က ထိုအစိတ်အပိုင်းများကို သယ်ဆောင်၍ ရှန်ရီ ပျံသန်းသွားသောအခါ ချက်ချင်း မောင်းထုတ်ခံလိုက်ရပြီး မိန်းကလေးတစ်ယောက်အနေဖြင့် ရွံစရာလက်ဆောင်ကြီးကို လိုချင်ပုံမရချေ။

"ထွက်သွားစမ်း"

သေရေးရှင်ရေး တိုက်ခိုက်နေရသော ရန်သူများမှာ စစ်ပွဲအတွင်း ပရောပရည်လုပ်နေကြသော စုံတွဲကြောင့် ဒေါသပေါက်ကွဲကုန်သည်။ နတ်ဘုရားဂိတ်မှ လုပ်ကြံမှု၊ မိုးကြိုးဌာန၏ ကျူးကျော်စစ်၊ စစ်တပ်တစ်ခုလုံးနှင့် တိုက်ခိုက်ခြင်းအထိ လုဖန်သည် ဤပြိုင်ဘက်ကို ဖယ်ရှားရန် မနားနိုင်အောင် ဖြစ်နေရ၏။ သို့သော် ကျရှုံးမှုတိုင်းတွင် ပစ်မှတ်၏ စွမ်းအား မြင့်တက်လာခဲ့ပြီး မျက်မြင်တွေ့ရလေလေ၊ နက်နက်ရှိုင်းရှိုင်း ကြောက်လန့်လာလေလေ ဖြစ်သည်။ ပထမဆုံး လုပ်ကြံခဲ့သော အခိုက်အတန့်မှာပင် သူ ရှုံးနိမ့်ခဲ့ပြီး ဘယ်တော့မှ ဝန်မခံရဲသော ကြောက်စိတ်တစ်ခု ဖြစ်တည်လာခဲ့သည်။

"ဘေးဖယ်စမ်း"

ဖုန်းလိုင်က ညွှန်ကြား၍ နောက်လိုက်များကို တပ်ဆုတ်ခိုင်းလိုက်၏။ အရေအတွက် အသာစီးဖြင့် တိုက်ခိုက်လျှင် ပစ်မှတ် ပင်ပန်းနွမ်းနယ်သွားလိမ့်မည်ဟု ထင်ထားသော်လည်း ဟင်းရွက်လှီးသည့်ပမာ အသတ်ခံခဲ့ရသည်။ လက်အောက်ခံ စစ်သည်များ မည်မျှပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ၊ တစ်ဖက်လူ၏ အဖြူရောင်ဝတ်ရုံအထက် သွေးတစ်စက်ပင် မစွန်းချေ။

"အင်မော်တယ်ကျွန်း၊ ဆင်းသက်လာခဲ့စမ်း"

ဖုန်းလိုင်က အသက်တံဆိပ်ကို ကောင်းကင်သို့ ပစ်တင်လိုက်ပြီး လက်ဟန်များ ပြုလုပ်လိုက်သောအခါ ကျွန်းမျောကြီးတစ်ခုအဖြစ် ပြောင်းလဲ၍ အလေးချိန်ဖြင့် ဖိချရန် ဆင်းသက်လာခဲ့သည်။ ထို့နောက် ဓားဆွဲထုတ်ပြီး ရေဓားဝိညာဥ်၏ အစွမ်းအောက်တွင် ချီများမှာ ပြင်းထန်လေးလံသော ရေစက်ရေပေါက်များအဖြစ် ယွမ်ရှောင်ထံ တဝေါဝေါ ရွာချပေးလိုက်၏။ မြေထုနှင့် ရေထု၏ စွမ်းအားဖြင့် သူသည် ရေတွက်မနိုင်သော ရန်သူများကို အမှုန့်ကြိတ်ခဲ့ဖူးပြီး အသက်အရွယ် ကြီးရင့်နေသည့်တိုင်အောင် ကောင်းကင်ရုံးတော်သမိုင်းတလျှောက် အဆိုးရွာဆုံး လူသတ်သမားများအနက် ပါဝင်ပေသည်။

"သေလိုက်စမ်း"

ယွမ်ရှောင်သည် ကြီးမားသော ဖိအားကို ခံစားမိနေစဥ် ဖုန်းလိုင်က အသံကုန်ဟစ် ကြုံးဝါးရင်း စူးစူးရဲရဲ စိုက်ကြည့်နေကာ ရှင်းလင်းချေမှုန်းရန် အသင့်ဖြစ်နေ၏။

"အသက်ရှင်ဖို့တောင် ထွက်ပြေး ရုန်းကန်နေရတဲ့ အင်မော်တယ်တစ်ယောက်က ဘာတွေ လေကြီးနေတာလဲ"

ယွမ်ရှောင်က လှောင်ပြောင်လိုက်ပြီး တစ်ဖက်လူကို အထင်သေးစွာ လှမ်းကြည့်ခဲ့သည်။ ရယ်သံတစ်ချက်နှင့်အတူ ဘယ်လက်တွင် ငွေရောင်သွေးကြောများ ဖောင်းကားလာ၍ လက်မောင်းနှင့် ပခုံးအထိ ငွေရောင်စွမ်းအားတို့ တောက်ပလင်းလက်နေ၏။ ဤလက်ဖြင့် ရုန်းထီးကို မြှောက်ကာ နိမ့်ဆင်းလာသော မြေတံဆိပ်ကို ထောက်ထားခဲ့ပြီး ခြေထောက်အောက်ရှိ မြေပြင်တွင် အက်ကြောင်းများ တဝုန်းဝုန်း ဖြစ်ပေါ်သွားသည်။ သူက ထီးကိုင်လျက်သား မလှုပ်မယှက်ရပ်နေပြီး ရုပ်ခန္ဓာမှာ ကြီးမားတုတ်ခိုင်ခြင်း မရှိသော်လည်း ဧရာမနတ်ဆိုးသားရဲကြီးကဲ့သို့ သန်မာ၍ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၌ သိုင်းကျင့်ကြံသူ ရှန်ရီထက်ပင် ကျော်လွန်နေသည်။ ဤမြင်ကွင်းက ဖုန်းလိုင်ကို မယုံမကြည်နိုင် မင်သက်သွားစေပြီး ရင်ထိတ်သွားကာ ထိတ်လန့်ဖွယ် ဖြစ်တည်မှုတစ်ခု၏ စွမ်းအားအပေါ် လက်ခံနိုင်ရန် စိတ်ထဲတွင် ရုန်းကန်နေရ၏။

"ငါ့အလှည့် ရောက်ပြီ"

ကြောက်စိတ်ကြောင့် ရေဓားဝိညာဥ်၏ စွမ်းအား သုံးပုံနှစ်ပုံ အထိပင် လျော့ကျသွားသောအခါ ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားသွားအထက် လက်နှစ်ချောင်းကို ပွတ်ဆွဲခဲ့သည်။ မိစ္ဆာသွေးများက ၎င်းအပေါ် စီးကျသွားသောအခါ သတ်ဖြတ်နိုင်စွမ်းနှင့် အရှိန်အဝါ အဆပေါင်းများစွာ ပို၍ ရက်စက်ပြင်းထန်လာခဲ့၏။

"အား"

ကြောက်စရာကောင်းလွန်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသောကြောင့် ဖုန်းလိုင်က ကြောက်လန့်တကြား နောက်ဆုတ်သွားရင်း ယိုင်လဲသွားသည်။

"ဧကရာဇ်ဖန် ကျုပ်ကို ကယ်ပါဦး"

ထိုအချိန်တွင် ယွမ်ရှောင်က ဓားမြှောင်ကို ပေါ့ပေါ့ပါးပါး ပစ်ထုတ်လိုက်သဖြင့် ဓားသွားမှာ သွေးရောင်စွမ်းအားများ ရှဲခနဲ လောင်ကျွမ်းလျက်ရှိ၏။ နားကွဲမတတ် စူးရှသော လေခွင်းသံများက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားကာ ဟင်းလင်းပြင်မှာ အက်ကြောင်းအပြည့် ဖြစ်လာသည်။ ဟင်းလင်းပြင် အပိုင်းအစများက မရေမတွက်နိုင်သော သွေးနီရောင် နှင်းဆီပန်းသဏ္ဍာန် စုစည်းသွားကာ ဖုန်းလိုင်ထံ ပန်းမိုးရွာသကဲ့သို့ တဖွဲဖွဲ ရောက်ရှိခဲ့သည်။ လွတ်လမ်း မမြင်သောအခါ ရေဓားဖြင့် သွေးရူးသွေးတန်း ခုတ်ပိုင်းလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့သဖြင့် ရေချီစွမ်းအင်များမှာ ဒီရေလှိုင်းကြီးပမာ ထွက်ပေါ်လာ၏။

"ဟား...ဟား"

ယွမ်ရှောင်က ရုတ်တရက် ရယ်မောလိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဆယ်ဆအထိ များပြားလာ၍ ဧရာမ သွေးနှင်းဆီပန်း ပွင့်လန်းသွားသည်။ ၎င်းက ဖုန်းလိုင်ကို ပါးစပ်ဖြဲထားသော ဧရာမသားရဲကြီးကဲ့သို့ ဝါးမျိုသွားသည်နှင့်တပြိုင်နက် ဖြတ်ခနဲ ပျောက်ကွယ်ခဲ့သည်။ အသားစ၊ အရိုးစများဖြင့် ဖန်တီးထားသော လူ့အသွေးအသား နှင်းဆီတစ်ပွင့်သာ လေထဲတွင် ကျန်ရစ်ပြီး ယိမ်းနွဲ့ကာ ကျောချမ်းစရာကောင်းလောက်အောင် လှပလွန်းနေ၏။

"ဒီနှင်းဆီပန်းနဲ့ ဆိုရင်ရော ဘယ်လိုလဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ တစ်ကိုယ်လုံး သွေးချင်းချင်းနီအောင် တိုက်ပွဲဝင်နေသည့် ချစ်သူလေးထံ အကြည့်ရောက်သွားလေသည်။

အပိုင်း ၆၉၆ - မိုးကြိုးငရဲမီးတောက်

သွေးနှင်းဆီ၏ ဝတ်ဆံက ဖုန်းလိုင်၏ ခေါင်းပြတ်ဖြစ်ပြီး အသားများကို ပွင့်ဖတ်အဖြစ် လည်းကောင်း၊ အရိုးများကို ရိုးတံအဖြစ် လည်းကောင်း ဖန်တီးထား၍ အသေးစိတ်လုပ်ထားသော ကြောက်မက်ဖွယ် လက်မှုအနုပညာ ဖြစ်သည်။ ရိုးတံအထက်တွင် နှလုံးသွေးများဖြင့် ပြိုင်ဘက်ကင်းအချစ်ဟူ၍ ရေးသားထားကာ မိန်းကလေးတစ်ယောက်ကို ချော့ရန် ရည်ရွယ်သည်။ ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်အတွင်း ဤလူသားနှင်းဆီပန်းသည် သွေးသံတရဲရဲ ပွင့်လန်းနေကာ ရန်သူများကို တုန်လှုပ်စေ၍ ပျို့အန်ချင်စိတ်ပေါက်ကုန်၏။ ဖုန်းလိုင်က အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ယွမ်ရှောင်၏ ဓားတစ်ချက်အောက်တွင် ခန္ဓာကိုယ်ကို အနုပညာလက်ရာအဖြစ် ထုဆစ်ခံလိုက်ရသည်။ အဖြူရောင် သေမင်း ပေါ့ပေါ့ပါးပါး ပြသလိုက်သော လက်စွမ်းသည် တိုက်ပွဲဝင်နေသော ရန်သူများကို အရိုးထဲအထိ စိမ့်တက်သွားစေရန် လုံလောက်၏။

သွေးနှင်းဆီက စစ်မြေပြင်ကို ဖြတ်သန်း၍ ရှန်ရီထံ ဝှစ်ခနဲ ပျံသန်းသွားသောအခါ မည်သူမျှ ကြားဖြတ်မနှောင့်ယှက်ရဲတော့ပေ။ သူမသည် ရွှေရောင်နတ်ဆိုးမျောက်ကြီးတစ်ကောင်ကို သေသည်အထိ ထုနှက်နေရင်း ကျားမျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်၏။

"အရူး၊ နင့်ခေါင်းက ပြဿနာ ရှိနေတာလား။ ဆေးကုလိုက်ဦး။ ဒီမှာ လာရှုပ်မနေနဲ့"

သူမ၏ ရယ်သံတွင် ဒေါသကလေးစွက်နေပြီး လက်ခံရအခက် ငြင်းဆန်ရအခက် ဖြစ်သွားပုံပေါ်သည်။ စကားလုံးများက ကြမ်းတမ်းသော်လည်း ချစ်စနိုး ဆူပူကြိမ်းမောင်းလိုက်ခြင်းသာ ဖြစ်ပြီး ဆက်ဆံရေးတစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာ၏။

"လစ်လိုက်တော့"

အနားသို့ ရောက်လာသော သွေးနှင်းဆီကို သူမက လျှပ်စီးချီ စီးကြောင်းတစ်ခုဖြင့် ယွမ်ရှောင်ထံ ပြန်လည် ပစ်ထုတ်လိုက်သည်။ မည်သည့်မိန်းကလေးမျှ သေကာနီး အဖိုးကြီးတစ်ယောက်ကို ထွင်းထုထားသော အလောင်းနှင်းဆီကို မည်မျှ လှပပါစေ၊ လိုချင်မည် မဟုတ်ပေ။

"ဒါကိုလည်း မကြိုက်ပြန်ဘူး။ မိန်းကလေးတွေကလည်း နားလည်ရခက်လိုက်တာနော်"

"ဒီပန်းကို ငါ့အတွက် သိမ်းထားပေးဦး။ နတ်ဆိုးနွားတစ်ကောင်ကို လူပျိုလှည့်ရင် သုံးနိုင်သေးတယ်"

ယွမ်ရှောင်က ခပ်နောက်နောက် ပြောနေစဥ် လနီမှာလည်း တက်တက်ကြွကြွဖြင့် ထောက်ခံလိုက်သည်။ ထို့နောက် သူသည် ဓားဝိညာဥ်ဖြင့် သွေးနှင်းဆီကို ထိုးစိုက်၍ ဖုန်းလိုင်၏ ဖန်ဆင်းရှင်မျိုးစေ့၊ ဓားဝိညာဥ်နှင့် အသက်တံဆိပ် အားလုံး ဝါးမျိုပစ်ခဲ့သည်။

"ရော့ ဒါက မင်းအပိုင်ပဲ"

သူက ၎င်းကို လေထဲသို့ ကန်ထုတ်လိုက်သောအခါ ပင်လယ်ရေစီးကြောင်းတစ်ခု ဖြတ်သန်းသွားကာ ဖုန်းလိုင်၏ အလောင်းကို သွေးတစ်စက်မှ မကျန်အောင် စားသောက်ပစ်လိုက်သည်။

"အစ်ကိုကြီးက တကယ် လေးစားထိုက်ပါပေတယ်။ မိန်းမတိုင်းကို လွှမ်းမိုးနိုင်တယ်။ အလောင်းနတ်ဆိုးကိုတောင် မရှောင်ဘူး"

"ပါးစပ်ပိတ်ထားစမ်းပါကွာ"

ပို၍ ကြီးမားသော အန္တရာယ် ကျရောက်လာတော့မည်ကို အာရုံခံမိနေသော ယွမ်ရှောင်က အနက်ရောင်သားရဲလေးကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ဖုန်းလိုင် ကျရှုံးသွားသောအခါ မည်သည့်အင်မော်တယ်မျှ သူ့ကို မတိုက်ခိုက်ရဲကြတော့ဘဲ ရှန်ရီထံသို့သာ အလုံးအရင်း ပြေးဝင်သွားသည်။ ထို့ကြောင့် ဂျိုဘုရင် ဦးဆောင်သော ကျင့်ကြံသူ ရှစ်ရာကျော်က သူမကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်းတိုက်ခိုက်နေကြသဖြင့် တိုက်ခိုက်ရေးနည်းလမ်းမှာ ယွမ်ရှောင်ကဲ့သို့ ထူးချွန်လှသည် မဟုတ်ဘဲ ကြမ်းတမ်းမှုသက်သက်သာ ဖြစ်ကြောင်း နားလည်သွားပုံရသည်။ သူမအပေါ် ဖိအား နှစ်ဆတိုးသွားပြီး မိုးကြိုးဧကရာဇ်နှင့် မြောက်ပိုင်းကြယ်ဓားနတ်ဆိုး ဖြစ်နေလျှင် ဤအခြေအနေ၌ အသက်အန္တရာယ်ရှိပေလိမ့်မည်။

"သတိထားနော်"

သို့ရာတွင် တစ်ကိုယ်လုံး ရန်သူသွေးများ ရွှဲရွှဲစိုနေသည့်ကြားမှပင် သူမသည် ယွမ်ရှောင်ကို စိုးရိမ်တကြီးဖြင့် မှာကြားလိုက်သည်။

"ကောင်းပြီ"

လုဖန် ရောက်လာပြီဖြစ်ကြောင်း ယွမ်ရှောင်က ချက်ချင်း နားလည်သွားကာ လက်အောက်ခံအားလုံး ရှန်ရီကို ပစ်မှတ်ထားလိုက်ခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။ သူ၏ အနီးအနား ပတ်ဝန်းကျင်က ထူးထူးခြားခြား တိတ်ဆိတ်သွားကာ တစ်စုံတစ်ယောက်၏ ပိုင်နက်အတွင်း ရောက်သွားသကဲ့သို့ စိတ်ကသိကအောက် ဖြစ်စေသည်။

"ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ"

ယွမ်ရှောင်က နောက်လှည့်၍ ပြောလိုက်သောအခါ အနက်ရောင် ဘူးသီးခြောက်အတွင်းမှ သေရည်ကို တဂွပ်ဂွပ် မော့သောက်နေသည့် လုဖန် ရောက်နေခဲ့သည်။

"အရသာရှိလိုက်တာ။ ငါက ဒီနေရာနဲ့ မသက်ဆိုင်ဘူးဆိုတာ မင်း သိတယ်မလား"

လုဖန်က သေရည်ကို အရသာခံ၍ ဂေ့ခနဲ လေတက်ပြီးနောက် တစ်ချက်ပြုံးပြလိုက်သည်။

"အရေးမကြီးပါဘူး။ စလိုက်ရအောင်"

"ကောင်းပြီလေ။ မင်းကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"

စကားအဆုံးတွင် သူ၏ ဝတ်ရုံလက်အစကို ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ချောက်နက်ကြီးအလား ပွင့်ထွက်သွား၍ အရာအားလုံးကို ဝါးမျိုနိုင်မည့် ပါးစပ်ကြီး တိုးထွက်လာ၏။ ယွမ်ရှောင်က ထိုဟင်းလင်းပြင်အတွင်း ဝါးမျိုခံလိုက်ရပြီး လုဖန်လည်း လိုက်ပါသွားသောကြောင့် နှစ်ယောက်လုံး မြင်ကွင်းမှ ပျောက်ကွယ်သွားသော တဝီဝီ လည်ပတ်နေသော ဘူးသီးခြောက်သာ ကျန်ရစ်ခဲ့လေသည်။

"ဧကရာဇ်လုဖန်"

ဤမြင်ကွင်းကြောင့် နောက်လိုက်များသည် လုဖန်က ယွမ်ရှောင်ကို အမှန်တကယ် ဖမ်းဆီးလိုက်သကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြသည်။

"ဟင်၊ အရှင်က ဘယ်ရောက်သွားတာလဲ။ အန္တရယ်ရှိလား"

ပိုင်အာ၊ ကူစုဝမ်နှင့် ယုရင်တို့က မျက်မှောင်ကြုတ်၍ စိုးရိမ်တကြီး ရေရွတ်လိုက်သကဲ့သို့ ရန်သူမြောက်များစွာနှင့် တိုက်ပွဲဝင်နေရသော ရှန်ရီကိုယ်တိုင်ပင် ဘူးသီးခြောက်ထံ ပူပန်ကြောင့်ကြဟန်ဖြင့် လှမ်းကြည့်နေမိသည်။

"ဝုန်း"

ထို့နောက် သူမက ကပ်ဘေးကြယ်နှစ်လုံး ဆွဲကိုင်၍ တရကြမ်း ပြေးဝင်သွားသော်လည်း ဂျိုဘုရင် ဦးဆောင်သော အင်အားရှစ်ရာကျော်သည် လမ်းတွင် ပိတ်ဆို့ကာ ရှိရှိသမျှ အရာအားလုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြသည်။ ထို့ကြောင့် ပေါက်ကွဲသံများ တဝုန်းဝုန်း မြည်ဟီး၍ ရှန်ရီထံ တိုက်ကွက်များက ဧရာမဒီရေလှိုင်းကြီးပမာ အဆက်မပြတ် ကျရောက်လာနေပြီး ဓားဝိညာဥ်၊ အသက်တံဆိပ်နှင့် လက်နက်တိုင်းမှာ သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ လမ်းပိတ်ခံလိုက်ရသဖြင့် ကျဥ်းမြောင်းသွားသော မျက်ဝန်းလှလှလေးတွင် သတ်ဖြတ်လိုစိတ်က ပြင်းထန်သထက်ပြင်းထန်လာကာ ကျားတစ်ကောင်ကဲ့သို့ ခေါင်းမော့၍ ဟိန်းဟောက်ပစ်လိုက်သည်။

"လမ်းဖယ်စမ်း"

သေးငယ်နုနယ်သော မိန်းကလေးတစ်ယောက်၏ ကိုယ်တွင်းမှ ကျားဟိန်းသံကြီး ထွက်ပေါ်လာသည်မှာ ယုံရန်ခက်သည့်အပြင် အသံလှိုင်းစွမ်းအင်များပင် စက်ဝိုင်းအလွှာအလိုက် ပြန့်ထွက်နေသည်။

ဝုန်း

အသံလှိုင်းက တိုက်ကွက်များကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဖြတ်သန်း၍ အင်မော်တယ်ရှစ်ရာကျော်၏ ဦးခေါင်းများထံ တိုက်ရိုက်ထိမှန်သွားခဲ့၏။ ကျားဟိန်းသံအောက်တွင် နားစည်များ တဖောက်ဖောက် ကွဲထွက်ကုန်ပြီး နာကျင်စွာ အော်ဟစ်ရင်း တိုက်ကွက်များ အနှောင့်အယှက် ဖြစ်သွားသဖြင့် အချင်းချင်း တိုက်ခိုက်မိသည်များပင် ရှိလာသည်။ ကျားဟိန်းသံ တိုက်ကွက်၏ နောက်ဆက်တွဲ လှိုင်းများက အဝေးထိ ရောက်သွားသောကြောင့် ကောင်းကင်စစ်တပ်၏ အောက်ခြေစစ်သည်များမှာ အလန့်တကြား နောက်ဆုတ်ပေးလိုက်ရပြီး ဒွါရကိုးပေါက်မှ သွေးများ ပန်းထွက်ကုန်သည်။

"သတ္တမမင်းသမီးက အစွမ်းထက်လိုက်တာ"

ဓားယာဥ်အတွင်း ရှိနေသော်လည်း နားများ အူထွက်သွားသောကြောင့် ကူစုဝမ်ရော ယုရင်ပါ တုန်လှုပ်နေကြ၏။

"မိုးကြိုး ငရဲမီးတောက်"

ရှန်ရီသည် သတိပေးချက်အဖြစ် တိုက်ခိုက်လိုက်သော်လည်း လမ်းပိတ်ထားသူများ ရှိနေဆဲဖြစ်ကြောင်း မြင်သောအခါ ပိုမို ဒေါသထွက်လာပြီး သတ်ဖြတ်လိုစိတ် အမြင့်ဆုံး ရောက်သွားသည်။ မည်သည့်အသက်တံဆိပ်မှ မလိုအပ်ဘဲ သူမက လက်နှစ်ဖက် ဆန့်ထုတ်လိုက်သောအခါ ဘယ်ဘက်တွင် ကျားဖြူသဏ္ဍာန် လျှပ်စီး၊ ညာဘက်တွင် အဖြူရောင် ခပ်ဖျော့ဖျော့ မီးလျှံများ ထွက်ပေါ်လာ၏။ သူမက လက်ဝါးနှစ်ဖက် ပူးကပ်လိုက်သောအခါ မိုးကြိုးနှင့် မီးတောက် ပေါင်းစပ်သွား၍ ထိုက်ကျိစက်ဝိုင်းအသွင် ဖြစ်တည်လာကာ မိုးကြိုးနှင့် မီးတောက်သည် ယင်ယန်စွမ်းအားများပမာ အချင်းချင်း လှည့်ပတ်လျက်ရှိသည်။

"ဝုန်း"

ထိုက်ကျိစက်ဝိုင်းကို ရှန်ရီက လက်နှစ်ဖက်ဖြင့် ဆွဲမလိုက်သောအခါ အပေါ်ဘက်တွင် မိုးကြိုး၊ အောက်ဘက်တွင် မီးတောက်များ ရှိနေသည်။ မိုးကြိုးစွမ်းအင်က ဘယ်လယ်တလျှောက် အောက်သို့ စီးဆင်းနေကာ မီးတောက်များသည်လည်း ညာလက်မှတဆင့် ရစ်ပတ်တောက်လောင်၍ အထက်သို့ ဆန်တက်လာ၏။ ဤအခိုက်အတန့်တွင် သူမသည် ကမ္ဘာတစ်ခုကို ထိန်းချုပ်နေသော အရှင်သခင်အင်မော်တယ်ပမာ အရှိန်အဝါ ပြင်းထန်ပြီး ဆံပင်များက လျှပ်စီးတို့ တဖြတ်ဖြတ်လက်၍ မျက်ဝန်းအတွင်း အဖြူရောင်မီးလျှံများ ရှိနေသည်။ အကြည့်တစ်ချက်ဖြင့် ကောင်းကင်ကို ဖောက်ခွဲ၍ မြေပြင်နှင့် ရေပြင်ကို ပြိုလဲသွားစေနိုင်လောက်သော စွမ်းအားမျိုးဖြစ်ရာ မြင်ဖူးသူတိုင်း တစ်သက်တာ မေ့ပျောက်နိုင်မည် မဟုတ်တော့ပေ။ ဤအချိန်တွင် ရှန်ရီက သာမန်မိန်းကလေးတစ်ယောက် မဟုတ်ဘဲ လူသားမျိုးနွယ်ကို ခေတ်ကာလအဆက်ဆက် ဖြတ်သန်းဦးဆောင်လာသည့် မဟာဧကရီတစ်ပါးပမာ ဖြစ်နေသည်။

"နိမ့်ကျတဲ့ သတ္တဝါတွေက လူသားမျိုးနွယ်ရဲ့ လမ်းကြောင်းမှာ ဝင်ရှုပ်ရဲသလား"

ဤစကားလုံးတိုင်းက မိုးချုန်းသံပမာ မြည်ဟီးထွက်ပေါ်လာကာ ပေါက်ကွဲသံတို့ ပဲ့တင်ထပ်ကုန်သည်။

"သေစမ်း"

သူမက ခွဲထုတ်ထားသော လက်နှစ်ဖက်ကို ပြန်လည် ပူးကပ်လိုက်သောအခါ မိုးကြိုးနှင့် မီးတောက်ထိပ်တိုက်တွေ့ရာမှ ထိုက်ကျိစက်ဝိုင်းသည် ဖြည်းဖြည်းချင်း ကျုံ့ဝင်ပြီးနောက် အလွန်ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

"ဝုန်း"

အဆုံးမဲ့ ညအမှောင်ထုသည်ပင် ပေါက်ကွဲမှုကြောင့် လင်းထိန်သွားပြီး ထွက်ပေါ်လာသော စွမ်းအားများက မီးလောင်နေသော မိုးကြိုးကျားအဖြစ် ပြောင်းလဲကာ ရန်သူများထံ ခုန်အုပ်လိုက်ကြ၏။ ရန်သူများ မည်မျှသန်မာပါစေ၊ ဤတိုက်ကွက်၏ ဖျက်ဆီးနိုင်စွမ်းအောက်တွင် ထိတွေ့မိသူတိုင်း ချက်ချင်း ပြာကျပျက်စီးသွားကြလေသည်။

All Chapters