အခန်း (၆၉၇-၆၉၈)
Vol. 52 Ch. 697-698
အပိုင်း ၆၉၇ - ဖရိုဖရဲ ဝိညာဥ်ကမ္ဘာ
မိုးကြိုးမီးတောက်လှိုင်းကြီးများသည် ရန်သူရှစ်ရာကျော်ကို လွင့်စင်သွားစေကာ မျက်စိတစ်မှိတ်အတွင်း မနည်းလှသော အရေအတွက်မှာ မသေလျှင်တောင် သေလုမျောပါး ဖြစ်ကုန်သည်။ မိုးချုန်းသံများလည်း ထွက်ပေါ်နေပြီး သွေးချောင်းစီးကာ ဒဏ်ရာပြင်းထန်သူများက နာနာကျင်ကျင် အော်ဟစ်လျက်ရှိသည်။ ကောင်းကင်စစ်တပ်၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများက မြင်ကွင်းရှေ့တွင် ခြေပြတ်လက်ပြတ် ဖြစ်ကာ လူးလှိမ့်နေကြသဖြင့် အသက်ရှင်ကျန်ရစ်သူ အောက်ခြေစစ်သည်များကို တိတ်ကျသွားစေကာ ကြောက်စိတ်သာ ကြီးစိုးလာ၏။ ဂျိုအင်မော်တယ်များ၏ ကြီးမားသော ခန္ဓာကိုယ်များက တိုက်ကွက်၏ စွမ်းအားကို အဓိက ခံလိုက်ရပြီး ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများမှာ မြေပြင်အနှံ့ ပြန့်ကျဲနေသည်။ ၎င်းက ပိုင်အာအတွက် စားသောက်ပွဲကြီးဖြစ်ပြီး သွေးထွက်သံယိုမြင်ကွင်းမှာ သူမ၏ အမြင်တွင် လှပနေသည်။
"အား"
မိုးကြိုးငရဲမီးတောက် လက်ချက်ကြောင့် အသက်ရှင်ကျန်ရစ်သူ အားလုံး မျက်နှာများ သွေးဆုတ်ဖြူရော်ကာ အသည်းအသန် ထွက်ပြေးသွားကြ၏။ ထိုအချိန်တွင် သူတို့က လုဖန်ကိုပင် မေ့လျော့သွားကာ ကြီးမားလှသော ရည်မှန်းချက်များအစား ကြောက်မက်ဖွယ် ကျားဖြူပုံရိပ်များသာ မျက်လုံးတွင် စွဲထင်နေသည်။ အန္တရာယ်ကင်းပုံရသော ဤမိန်းမချောလေးသည် ရက်စက်ကြမ်းကြုတ်သည့် ကောင်းကင်စစ်တပ်၏ စစ်သည်တော်များအတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့၏။
"ရပ်ကြစမ်း။ မပြေးကြနဲ့"
ဂျိုဘုရင်၏ မျက်နှာက မည်းနက်သွားအောင် လောင်ကျွမ်းခံလိုက်ရသော်လည်း အလန့်တကြား ထွက်ပြေးနေသော လက်အောက်ခံများကို ဒေါသတကြီး ငေါက်ငမ်းနေခဲ့သည်။
"ရန်သူနဲ့ တိုက်ပွဲမှာ ထွက်ပြေးရဲတဲ့ ဘယ်သူမဆို စစ်ဘက်ဆိုင်ရာ တရားရေးနဲ့ စီရင်ခံရမယ်"
သူ၏ စကားလုံးများက ထွက်ပြေးနေသူ အများစုကို ရပ်တန့်သွားစေကာ မဟာစစ်သူကြီးတစ်ယောက်သည် ပြင်းထန်စွာ အသက်ရှူရင်း စောဒကတက်၏။
"ဂျိုဘုရင်၊ ကျုပ် သေလုမျောပါး ဖြစ်နေပြီး ဒဏ်ရာပြင်းထန်တယ်"
"မင်း မသေသေးဘူး။ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားစမ်း။ ဒီလောက်စွမ်းအားတွေ ထုတ်သုံးလိုက်မှတော့ သေချာပေါက် အကန့်အသတ်ကို ရောက်နေလောက်ပြီ။ နောက်ထပ်စွမ်းအား မရှိနိုင်တော့ဘူး။ ဧကရာဇ်လုအတွက် အမှုတော်ထမ်းကြစမိး"
ဂျိုဘုရင်က ရှန်ရီကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကာ နောက်လိုက်များ၏ စိတ်ဓာတ်ကို တက်ကြွစေရန် အားပေးခဲ့သော်လည်း စကားပင်မဆုံးသေး။ ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ကပ်ဘေးကြယ်နှစ်လုံး ကိုင်ဆောင်ထားသော တစ်ဖက်လူမှာ ရှေ့မှောက်သို့ ချက်ချင်း ရောက်လာခဲ့၏။ သူမက အေးစက်စက်ဖြင့် တစ်ချက်ကြည့်ကာ ဘယ်လက်ကို လွှဲရိုက်လိုက်သောအခါ သေးငယ်သော ကြယ်ပွင့်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဂျိုဘုရင်ကို ဝင်ဆောင့်ပစ်လိုက်သည်။ သူက ခုခံကာကွယ်ရန်အတွက် နတ်ဆိုးချီများကို လှည့်ကာ မီးတောက်ငါးပါး ချပ်ဝတ်ဖြင့် အားဖြည့်ထားသည့် လက်နှစ်ဖက်ကို ကြက်ခြေခတ် မြှောက်ခဲ့၏။ ၎င်းတို့မှာ ချပ်ဝတ်၏ ထိပ်တန်းအဆင့် လက်နက်များ ဖြစ်နေသည် မဟုတ်ပါလော။
"ဘုန်း"
ဂျိုဘုရင်၏ ခံစစ်ဖြင့် ကပ်ဘေးကြယ်လက်နက်၏ တူကြီး ထိပ်တိုက်ရင်ဆိုင်မိသောအခါ လက်နှစ်ဖက်လုံး အကျည်းတန်စွာ လိမ်ကောက်၍ ဂျွတ်ခနဲ ကျိုးကုန်သည်။ သူ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားစဥ် တူကြီး၏ အင်အားမှာ ကုန်ဆုံးသွားပုံမရသေးဘဲ ရင်ဘတ်အထိ အရှိန်ပြင်းပြင်း ထိမှန်သွားပြန်၏။ ၎င်းက ချက်ချင်း ချိုင့်ဝင်သွားကာ ပါးစပ်မှ ပန်းထွက်လာသော သွေးများအတွင်း ကိုယ်တွင်းအင်္ဂါအပိုင်းအစများပင် ရောနှောလျက်ရှိသည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်ထွက်သွားပြီး မြေပြင်တွင် လူးလှိမ့်နေရသည်။
ဂျိုဘုရင်က နာကျင်မှုကြောင့် အသက်ပင်မရှူနိုင်အောင် ခက်ခဲနေစဥ် နောက်ထပ် တိုက်ကွက် ထပ်မံဝင်ရောက်လာသည်ကို မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်ရ၏။ ရှန်ရီသည် သံကြိုးကို ဆွဲကိုင်၍ အဖျားတွင် တပ်ဆင်ထားသော တူကြီးဖြင့် ရန်သူကို မနားတမ်း ရိုက်ချပစ်လိုက်သဖြင့် လေထဲတွင် သဲအိတ်တစ်ခုပမာ ဟိုရောက်သည်ရောက် လွင့်ပျံနေသည်။ ရက်စက်ကြမ်းကြုတ်သော ရိုက်ချက်တိုင်းတွင် အနက်ရောင်သွေးများ ပန်းထွက်၍ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ နာကျင်လှသောကြောင့် အော်သံနက်ကြီးများ ထွက်ပေါ်လာခဲ့၏။
"ကြောက်ဖို့ ကောင်းလိုက်တာ"
လေထဲတွင် လွင့်ပျံနေအောင် မနားတမ်း ရိုက်နှက်ခံနေရသော ဂျိုဘုရင်၏ ဖြစ်အင်ကြောင့် ရန်သူများ မျက်လုံးပြူးကုန်သည်။ တစ်ချိန်က အဖိုးတန် ရတနာဖြစ်သော မီးတောက်ငါးပါးချပ်ဝတ်သည်လည်း ထုရိုက်ခံရသဖြင့် ပျက်စီးသွားပြီဖြစ်ကာ ကြေမွနေသော အသားစများမှလွဲ၍ အလောင်းပင် အကောင်းအတိုင်း မကျန်ရစ်ခဲ့ပေ။ နောက်ဆုံး ရိုက်ချက်တွင် သံကြိုးအစွန်းနှစ်ဖက် တပြိုင်နက်တည်း ဘယ်ညာ ဝင်ရောက်လာကာ ဂျိုဘုရင်ကို ညှပ်ရိုက်ပစ်ကာ အဆုံးသတ်ပေးလိုက်သည်။ ရှန်ရီက ရှေးဟောင်းမျှော်စင် ထိပ်ပိုင်းတွင် ရပ်နေရင်း ကောင်းကင်စစ်တပ်၊ ဂျိုအင်မော်တယ်များနှင့် လွတ်လပ်သော အင်မော်တယ်များကို အေးစက်စက် ဝေ့ကြည့်ရင်း မေးခွန်းထုတ်ခဲ့သည်။
"လောကကြီး ကမောက်ကမ ဖြစ်နေချိန်မှာ အချင်းချင်း စည်းလုံးညီညွတ်ဖို့ အရေးကြီးတယ်။ အစစ်အမှန် ကျင့်ကြံသူတွေက အားနည်းသူကို ကူညီပေးသင့်တယ်။ ဒါပေမယ့် မင်းတို့က တစ်ကိုယ်ကောင်းဆန်ပြီး ဖျက်ဆီးရင်း သောင်းကျန်းနေကြတယ်။ ဘာကြောင့်လဲ"
စကားအဆုံးတွင် သူမသည် ကောင်းကင်တွင် လှည့်ပတ်နေဆဲ ဖြစ်သော အနက်ရောင် ဘူးသီးခြောက်ထံ ပျံတက်သွားသောအခါ တားဝံ့သူ မရှိတော့ပေ။ သူမက ထိုပစ္စည်းကို လေးနက်စွာ စိုက်ကြည့်ပြီး ဆုပ်ကိုင်ရန် လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်လေသည်။
ယွမ်ရှောင်သည် မည်သည့်အရာမှ မရှိသော ဟင်းလင်းပြင်အတွင်း ရောက်နေပြီး အမှန်တကယ်ပင် ဗလာကျင်းလျက် ရှိ၏။
"ဒါက ဘယ်နေရာလဲ"
သူက တည်ငြိမ်စွာ မေးလိုက်သောအခါ ငယ်ရွယ်နုပျိုသော အသံတစ်ခုက နောက်ကျောဘက်မှ ထွက်ပေါ်လာကာ အဖြေပေးခဲ့သည်။
"ဖရိုဖရဲ ဝိညာဥ်ကမ္ဘာ။ ဒါက ကြည့်ရှုသူ စနစ်ဖြစ်လို့ မင်း ကြည့်နိုင်ပေမယ့် ထိတွေ့လို့ မရဘူး။ ဒါကြောင့် မင်းက ဒီနေရာမှာ ဘာမှမဟုတ်ဘူး။ မရှိတာနဲ့ အတူတူပါပဲ"
ယွမ်ရှောင်က ခေါင်းညိတ်၍ အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ လုဖန်ဖြစ်နိုင်မည်ဟု ထင်ထားသော်လည်း လေသံမှာမူ သေချာပေါက် ကွဲပြားနေသည်။ အသံပိုင်ရှင်က လူငယ်တစ်ယောက် ဖြစ်ကာ အပြာနှင့်အဖြူ အစင်းကျား ရှပ်အင်္ကျီလက်တို၊ ဘောင်းဘီပွပွနှင့် အဖြူရောင် ဖိနပ်တစ်ရံ စီးထားသည်။ ဆံပင်များက မရှိသလောက် တိုကပ်နေပြီး ကြီးမားသော အနက်ရောင်မျက်မှန်ကြောင့် စာဂျပိုးတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ မျက်နှာသွင်ပြင်က သာမန်ဖြစ်ပြီး ဆားဝက်ခြံအနည်းငယ် ရှိကာ နှာခေါင်း အနည်းငယ်ပြား၍ အကြည့်သည် အလွန် မှိုင်းညှို့နေသည်။
ထူးဆန်းစွာ ဝတ်ဆင်ထားသော ဤပုံရိပ်က အသက်ငယ်ရွယ်ပုံရသော လုဖန်ဖြစ်ပြီး ရင်ဘတ်ရှိ ရင်ထိုးတံဆိပ်အထက်တွင် ချင်ယန်ခရိုင်၊ အလယ်တန်းကျောင်း၊ လုဖန်၊ နံပတ် ၁၃၁၄၅၂၀ ဟူ၍ ရှိသည်။
"မင်းက ဘာလို့ ဒီပုံစံ ဖြစ်နေရတာလဲ"
"ဒါက ငါ့ရဲ့ ရုပ်ရည်အစစ်အမှန်ပဲ။ မင်း သတိမထားမိလောက်ပေမယ့် မင်းလည်း ပုံစံပြောင်းနေတယ်"
လုဖန်က ခေါင်းကုတ်၍ ခပ်ညစ်ညစ်ပြုံးရင်း ပြောလိုက်သောအခါ ယွမ်ရှောင်လည်း ကိုယ့်မျက်နှာကို စမ်းသပ်မိပြီး ရင်းနှီးနေသော ခံစားချက် ပြန်လည် ဖြစ်ပေါ်လာသည်။
"ပြောရရင် မင်းလည်း ငါ့လို လူတစ်ယောက်ပဲ။ မင်းကတော့ ဒေသခံဖြစ်ပြီး ငါက တခြားစကြဝဠာက လာတယ်။ ဒါပေမယ့် ဂိမ်းတစ်ခုတည်းမှာ အဓိကဇာတ်ဆောင် နှစ်ယောက် ရှိဖို့ မဖြစ်နိုင်ဘူး။ တိုက်ခိုက်လိုက်ရအောင် ယွမ်ရှောင်"
လုဖန်က မေးစေ့ကို လက်ဖြင့် ပွတ်သပ်နေရာမှ ကောက်ကျစ်သော မျက်လုံးများ အရောင်လက်သွားလေသည်။
အပိုင်း ၆၉၈ - ကံမီးတောက်
ကောင်းကင်ရုံးတော်တွင် စစ်နတ်ဘုရားအဖြစ် ကျော်ကြားကာ ကိုင်တွယ်ရခက်ခဲသော လုဖန်က ဤနေရာအထိ ဆွဲခေါ်လာသဖြင့် ယွမ်ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှေ့မှောက်တွင် ရှိနေသော ဆင်းဆင်းရဲရဲ အလယ်တန်းကျောင်းသားလေး ပုံရိပ်မှာလည်း လှည့်စားချက်တစ်ခု ဖြစ်ပေလိမ့်မည်။ ကောင်းကင်ရုံးတော်လက်အောက် ခိုဝင်ပြီးနောက် အသန်မာဆုံး ဝိညာဥ်လမ်းစဥ် ကျင့်ကြံသူဖြစ်လာသောအခါ ရိုးရိုးရှင်းရှင်း ပုံပန်းသွင်ပြင်အောက်တွင် ဝိညာဥ်စွမ်းအားများ လျှို့ဝှက်ထားခဲ့သည်။
"မိစ္ဆာနဲ့ နတ်ဆိုး၊ ဒီစွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်ရေးစွမ်းအား မြင့်တက်လာပေမယ့် ဝိညာဥ်ကတော့ အားနည်းနေတုန်းပဲ"
လုဖန်သည် ခပ်ညစ်ညစ် ရယ်မောရင်း အထင်အမြင်သေးစွာ နှာခေါင်းရှုံ့နေစဥ် မျက်လုံးသူငယ်အိမ်များက ရွှေရောင်ကြာပန်းနှင့် အနက်ရောင်ကြာပန်းအဖြစ် အသီးသီး ပြောင်းလဲသွားကြ၏။ ဖူးငုံနေသော ကြာပန်းများက မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ပွင့်လန်းလာကာ မျက်ဝန်းများ၏ ကန့်သတ်ချက်ကို ကျော်ဖြတ်၍ အချင်းချင်း ပေါင်းစပ်လိုက်ကြသည်။ ထိပ်တိုက်ထိတွေ့မိသော နေရာသည် ဗဟိုချက်ဖြစ်လာကာ အနက်ရောင်ရင့်ရင့် မီးတောက်များ ဝုန်းခနဲ ပေါက်ကွဲထွက်လာ၍ လုဖန်၏ ပုံရိပ် ပျောက်ကွယ်သွားပြီး ရွှေရောင်နှင့် အနက်ရောင် ပွင့်ချပ်များ ရောယှက်နေသည့် ထူးထူးဆန်းဆန်း ကြာပန်းတစ်ပွင့်ဖြင့် အစားထိုးခံလိုက်ရသည်။
ကြာပန်းသည် ယွမ်ရှောင်၏ ရှေ့တည့်တည့်တွင် လည်ပတ်နေရင်း ဝိညာဥ်မီးတောက်များ အကန့်အသတ်မရှိ ပြန့်ထွက်လာကာ ဖရိုဖရဲ ဝိညာဥ်ကမ္ဘာ၏ ဗဟို ဖြစ်လာစေပြီး ဧရာမ တောင်ကြီးပမာ ကြီးထွားလျက်ရှိ၏။ ၎င်းသည် သူ မြင်ဖူးသမျှ ဝိညာဥ်စွမ်းအားများထဲတွင် အသန်မာဆုံး ဖြစ်ပြီး လုဖန်၏ မူလဝိညာဥ်ဖြစ်ကြောင်း မေးနေစရာပင် မလိုချေ။ သန်မာသော ဝိညာဥ်အင်မော်တယ်တစ်ယောက် ဖြစ်၍ မူလဝိညာဥ်သည် ခန္ဓာကိုယ်ထက် ပိုမို သန်မာပြီး အခြားသူများနှင့် ပြောင်းပြန်ဖြစ်ကာ ဖျက်ဆီးမရနိုင်သော စွမ်းအား ပိုင်ဆိုင်ထားသည်။ မူလဝိညာဥ် ကြာပန်း ရှေ့မှောက်တွင် သူက ပွင့်ဖတ်များအထက်ရှိ ပိုးကောင်လေးတစ်ကောင်ကဲ့သို့ အရေးမပါသလို ခံစားနေမိသည်။
"ငါထင်ထားတာထက် အများကြီး ပိုကွာခြားနေတာပဲ"
အမှန်တကယ်အားဖြင့်လည်း ယွမ်ရှောင်သည် လုဖန်၏ အစစ်အမှန် စွမ်းအားကို ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ ကောက်ချက်တစ်ခု ထင်ရှားလာပြီး တစ်ဖက်လူသည် အခြားဧကရာဇ်များထက် များစွာ ပို၍အစွမ်းထက်နေပြီး ဖရိုဖရဲ ဝိညာဥ်ကမ္ဘာအတွင်း ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ချေ။
"တာအိုထက် ငါက ပိုကြီးမြတ်တယ်။ ယွမ်ရှောင်၊ မင်းရဲ့ မွေးရာပါစွမ်းရည်က ကောင်းကင်ကို အာခံနိုင်ပေမယ့် ကံဆိုးတာ ငါနဲ့ရန်သူ လာဖြစ်နေတာပဲ"
ကြာပန်းဝိညာဥ်က လှောင်ရယ်လိုက်ပြီး ကံမီးတောက် အမည်ရသော သိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ ရွှေရောင်နှင့် အနက်ရောင် ပွင့်ချပ်များ ပူးကပ်၍ ခပ်ဖျော့ဖျော့ မီးလျှံများ လောင်ကျွမ်းလာပြန်သည်။ ၎င်းက လူတိုင်း၏ ကံကြမ္မာကို ထိန်းကျောင်းနေသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေကာ ထိတွေ့မရနိုင်သော ဝိညာဥ်စွမ်းအားပင် ဖြစ်နေ၏။ ကံဝိညာဥ် မီးတောက်အတွင်း ရေတွက်မရနိုင်သော မျက်နှာများက ခံစားချက်ပေါင်းစုံဖြင့် ထင်ဟပ်နေကာ သူတို့၏ ဝိညာဥ်များဖြင့် အားဖြည့်ပေးလျက် ရှိသည်။ ၎င်းတို့မှာ လုဖန်လက်ချက်ဖြင့် အသတ်ခံလိုက်ရသူများ ဖြစ်ကာ လူများများ သတ်လေလေ၊ ကံမီးတောက် သိုင်းကွက်အတွင်း ပေါင်းစပ်သွားလေလေ ဖြစ်သောကြောင့် အရေအတွက် မနည်းမနောပင်။
"ကြည့်ရတာ ငါက မင်းထက် ပိုကောင်းတယ်။ ငါက လူသတ်ပေမယ့် ဝိညာဥ်ကိုတော့ အကျဥ်းချပြီး အမြတ်မထုတ်တတ်ဘူး"
ယွမ်ရှောင်၏ စကားအဆုံးတွင် လုဖန်မှာ ခွက်ထိုးခွက်လန် ရယ်မောနေပြန်သည်။
"မင်းလည်း ကံမီးတောက်ရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်။ စိတ်မကောင်းပါဘူး။ ငါက စည်းမျဥ်းစည်းကမ်းတွေ ဂရုမစိုက်ဘူး။ တိုက်ပွဲထဲမှာ အနိုင်ရဖို့ကလွဲရင် ဘာမှအရေးမကြီးဘူး"
"လာစမ်းပါ"
ယွမ်ရှောင်က တည်ငြိမ်စွာ စိန်ခေါ်လိုက်သောအခါ လုဖန်၏ ရယ်သံ တိခနဲ ပျောက်ကွယ်သွားသောကြောင့် ပတ်ဝန်းကျင်မှာ ကျောစိမ့်လောက်အောင် တိတ်ကျသွားသည်။ ကံဝိညာဥ်မီးတောက်က လူမျက်နှာများဖြင့် ဖွဲ့စည်းထားသော မြစ်ကြီးတစ်စင်းပမာ သူ့ထံ စီးဝင်လာနေစဥ် မျက်နှာတစ်ခုချင်းစီသည် တွန့်လိမ်၍ အိပ်မက်မက်နေသည့်အလား မိန်းမောနေကြ၏။ ကြောက်စရာအကောင်းဆုံး အချက်သည် ဤတိုက်ကွက်က ယွမ်ရှောင်၏ ရုပ်ခန္ဓာကို လုံးဝ လျစ်လျူရှုထားပြီး ဒန်တန်အထိ တိုက်ရိုက်ထိုးဖောက်သွားကာ မူလဝိညာဥ်ကို ထွက်ပေါက်ပိတ်စေရန် ဝန်းရံထားလိုက်ခြင်း ဖြစ်သည်။
"ရုန်းကန်မနေနဲ့။ ကံကြမ္မာကို လက်ခံလိုက်စမ်း"
"မင်းရဲ့ကံတရားက ဒီမှာတင် အဆုံးဖြတ်ခံလိုက်ရပြီ"
မျက်နှာပေါင်းစုံက အသံသေးအသံကြောင်ဖြင့် အော်ဟစ်နေကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်ပေါင်းသိန်းချီသည် ယွမ်ရှောင်၏ မူလဝိညာဥ်ကို ဆုပ်ကိုင်လိုက်သကဲ့သို့ ထင်မှတ်ရပြီး အပူလောင်စေသည်။ ၎င်းက စဥ်းစားမရနိုင်လောက်အောင် ကြီးမားသော ဖိအားကို ခံစားခဲ့ရပြီး မည်းနက်သွားသည်အထိ လောင်ကျွမ်းခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် လုဖန် သတ်ခဲ့သော ဝိညာဥ်များက ၎င်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေပြန်သည်။
"အစွမ်းထက်တယ်"
ဤတိုက်ကွက်သည် ယွမ်ရှောင် မျှော်လင့်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေပြီး အခက်အခဲဆုံးအပိုင်းမှာ ဝိညာဥ်ကို ပစ်မှတ်ထားခံလိုက်ရသောကြောင့် ရှောင်တိမ်းရန် မလွယ်သဖြင့် ခုခံနေရန်သာ တတ်နိုင်၏။
"မင်းရဲ့ ကံကြမ္မာက လုဖန်ရဲ့ အစွမ်းထက် ရုပ်သေး ဖြစ်လာဖို့ပဲ"
"ဒီကံကြမ္မာကို လက်ခံပြီး မြန်မြန် သေလိုက်စမ်းပါ"
"ယွမ်ရှောင်၊ အလဟဿ ရုန်းကန်မနေပါနဲ့တော့"
"ကံကြမ္မာကို အာခံပြီး ပြောင်းလဲပစ်နိုင်တဲ့ လူဆိုတာ ဘယ်တော့မှ မရှိဘူး။ အိပ်မက်ထဲကနေ နိုးထလိုက်တော့။ ယဲ့ကုရင်ကြောင့် မင်း သေသွားခဲ့ပြီ။ ကျောက်ရန်ရန်ကလည်း သူ့ရဲ့ လိင်ကျွန် ဖြစ်နေတယ်။ သေမျိုးတွေကလည်း ပူဇော်သက္ကာရအတွက် သေပေးနေကြရမှာပဲ။ မင်းရဲ့ သေကာနီး ကယောင်ကတန်း အိပ်မက်ကနေ သတိပြန်ဝင်ပြီး ကံကြမ္မာအတိုင်း လက်ခံလိုက်စမ်း"
ဝိညာဥ်တိုက်ခိုက်ခံရသည်ထက် ပိုဆိုးသည်မှာ အမှန်ကို အမှားဖြစ်အောင် ဖြားယောင်းနေသော စကားသံများပင် ဖြစ်၏။ ဤအသံများ နားထဲဝင်လာသော်လည်း ယွမ်ရှောင်သည် ရုတ်တရက် ဟားတိုက်ရယ်မောကာ တီးတိုးရေရွတ်နေခဲ့သည်။
"ငါ့ဘဝက သေကာနီး အိပ်မက်တစ်ခုဆိုရင် မင်းလည်း တခြားစကြဝဠာကို ရောက်လာတာ ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ မထင်ဘူးလား"
မည်သည့်အရာက အစစ်အမှန်၊ မည်သည်က အတုအယောင်ဆိုသည်မှာ သူ့အတွက် အရေးမကြီးတော့ပေ။ အတွေးရတနာကျင့်စဥ်သည် မူလဝိညာဥ်ကို သန့်စင်ပေးပြီး ဖြားယောင်းနေသော စကားသံများကြောင့် ယုံကြည်မှု ပြိုလဲကာ စိတ်ဓာတ်ပျက်စီးသွားခြင်း မရှိအောင် ထိန်းသိမ်းပေးထားသည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွင် အသာစီးရနေသော်လည်း ကံဝိညာဥ်မီးတောက်ကမူ ဝိညာဥ်ကို ထိခိုက်စေနိုင်စွမ်း အလွန်မြင့်မားနေဆဲပင်။
"မင်း တောင့်ခံနေနိုင်သေးလို့လား"
"မရတော့ဘူး။ လုပ်လိုက်တော့"
ကြယ်ပြာ၏ မေးခွန်းကို ယွမ်ရှောင်က ခေါင်းညိတ်၍ အချက်ပြလိုက်သောအခါ အရင်းအမြစ်များ ကုန်ဆုံးတော့မည်ကို သိလိုက်ရသဖြင့် ကြယ်ပြာကော လနီပါ ရှုံ့မဲ့ကုန်သည်။ သို့သော် လက်ရှိတွင် ထိုက်ဝေ၊ ထိုက်ယုနှင့် မယ်တော်ကြီးကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များထက် ပိုမို ကိုင်တွယ်ရခက်ခဲသော လုဖန်ကို ဖြုတ်ချရန် အရေးတကြီး လိုအပ်နေ၏။ ဝိညာဥ်လမ်းစဥ် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ခက်ခဲသောကြောင့် ရွေးချယ်စရာ ရှိမည်ဆိုလျှင် သူက မယ်တော်ကြီးနှင့်သာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားချင်း ယှဥ်ပြိုင်လိုသည်။
"နှုတ်ဆက်ပါတယ်။ အရှုံးသမား"
လုဖန်က အနိုင်ရပြီဟု အသေအချာ တွက်ချက်ကာ ဝိညာဥ်စွမ်းအားကို မြှင့်တင်လိုက်သော်လည်း ယွမ်ရှောင်မှာ ရုတ်တရက် ပြုံးပြလာခဲ့သည်။
"စောက်ရမ်း လေကြီးတယ်။ ကစားပွဲက အခုမှ စတာကွ"
သူ၏ ရင်ဘတ်မှ အနက်ရောင်အလင်းတန်းတစ်ခုက ချက်ချင်းဆိုသလိုပင် ပြေးထွက်လာကာ မူလဝိညာဥ် ကြာပန်းကို ပစ်မှတ်ထားလိုက်၏။ မကြာသေးခင်က ရရှိထားသော အရင်းအမြစ်ပမာဏသည် သားရဲလေးကို အလွန်အားကောင်းလာစေသဖြင့် ခေါင်းတလားအသွင်ပြောင်းလဲကာ ကြာပန်းကို ဝါးမျိုပစ်လိုက်နိုင်ခဲ့သည်။
"ဒုန်း"
ခေါင်းတလားအဖုံးက ပြင်းထန်စွာ ပိတ်ကျသွားပြီး ကြာပန်းကို အကျဥ်းချလိုက်ရုံသာမက ကံဝိညာဥ်မီးတောက်ပါ ဖြတ်တောက်ခံလိုက်ရ၏။
"အား...မလုပ်နဲ့"
"မလုပ်ပါနဲ့"
ယွမ်ရှောင်၏ ဒွါရကိုးပေါက်မှ တဆင့် ဝိညာဥ်မျက်နှာများ တဝေါဝေါ စီးထွက်သွားကာ နာနာကျင်ကျင် အော်ဟစ်ရင်း တွန့်လိမ်ရှုံ့မဲ့၍ ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်ကုန်သောအခါ အခြေအနေက ပြောင်းလဲသွားလေသည်။