အခန်း (၆၉၉-၇၀၀)
Vol. 52 Ch. 699-700
အပိုင်း ၆၉၉ - အိမ်ပြန်လမ်းမဲ့
"ဒီခေါင်းတလားက ပေါ်လာပြန်ပြီ"
မူလဝိညာဥ် ကြာပန်းသည် ခေါင်းတလားအတွင်းမှ ပတ်ဝန်းကျင်ကို လေ့လာရင်း စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ရေရွတ်သည်။ ရှေးဟောင်း ကြေးခေါင်းတလားက ယွမ်ရှောင်၏ နောက်ဆုံးဝှက်ဖဲ ဖြစ်ကြောင်း သူ သိထားသဖြင့် ပြဿနာတက်နေပြီ ဖြစ်၏။ ဖရိုဖရဲ မူလဝိညာဥ် ကမ္ဘာက သူ၏ ပိုင်နက် ဖြစ်သော်လည်း ခေါင်းတလားအတွင်းမှာ ယွမ်ရှောင်၏ နယ်မြေ ဖြစ်သောကြောင့် အခြေအနေ ပြောင်းပြန်လှန်ခံလိုက်ရသည်။
"ဝုန်း"
ကြာပန်းက ခေါင်းတလားအဖုံးကို ရိုက်ထုတ်လိုက်သော်လည်း ပွင့်ထွက်သွားအောင် မတတ်နိုင်ချေ။ သို့သော် ရိုက်ချက်တိုင်းကို ကာကွယ်ရန်အတွက် အရင်းအမြစ် အမြောက်အများ အသုံးပြုနေရကြောင်းကိုမူ မသိပေ။
"တကယ့်ကို ကောင်းမွန်တဲ့ ရတနာပဲ။ ငါ တစ်ခုခုကို ကြိုတင် ခံစားနေရတယ်။ မင်းကို အနိုင်ယူပြီးရင် ငါက နောက်တစ်ကြိမ် အမြင့်ပျံနိုင်လိမ့်မယ်။ ဒီသေးနုပ်တဲ့ လောကအပြင်ဘက်ကို လွတ်မြောက်ပြီး ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး"
လုဖန်က ခေါင်းတလားအတွင်းမှ ယွမ်ရှောင်ကို တွေ့အောင် လိုက်ရှာရင်း လေးလေးနက်နက် ပြောလိုက်သည်။
"ဒီလိုလား။ ငါကတော့ မင်းကို အနိုင်ယူပြီးရင် အစ်မကျောက်ဆီ ပြန်ပြီး ရက်အနည်းငယ်လောက် ပျော်ပျော်ရွှင်ရွှင် အဖော်ပြုပေးရုံပဲ"
ယွမ်ရှောင်က အမှန်တရားကို ပြောနေခြင်း ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ကာ လောကကြီးကို အန္တရာယ်ဖြစ်စေမည့် ဇာတ်ကောင်များကို ရှင်းပစ်ပြီးတိုင်း အိမ်ပြန်လေ့ရှိ၏။ လက်ရှိတွင် ရန်သူမှာ ဖရိုဖရဲ မူလဝိညာဥ် ဖန်ဆင်းထားသော စနစ်နှင့် ပိုင်ရှင် လုဖန် ဖြစ်နေသည်။
"ဒီကောင့်အတွက် နာရေးသီချင်းလေး တစ်ပုဒ်လောက် တီးလိုက်စမ်းပါကွာ"
ယွမ်ရှောင်၏ စကားကြောင့် လုဖန်က လှောင်ရယ်ကာနီးတွင် အမှန်တကယ် တီးလုံးသံများ ထွက်ပေါ်လာသည်။ လနီက သီဆိုနေခြင်း ဖြစ်သောကြောင့် သစ်သားကို လွှနှင့် တိုက်နေသည့်ပမာ နားဝင်ဆိုးလှပြီး မီးခိုးရောင် စွမ်းအင်လှိုင်းများလည်း မူလဝိညာဥ် ကြာပန်းထံ နံရံများမှတဆင့် ရောက်လာခဲ့၏။ ၎င်းတို့နှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ကြာပန်းပွင့်ဖတ်များက မီးခိုးတလူလူ ထွက်လာသည်အထိ လောင်ကျွမ်းပြီး ဆွေးမြည့်ပုပ်သိုးကုန်သည်။
"မင်း...မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ထိရောက်မှု ရှိကြောင်းကို လုဖန်၏ အလန့်တကြား အော်သံက သက်သေပြနေပြီး ထူးထူးဆန်းဆန်း တိုက်စားနိုင်သော မြူခိုးများသည် ကြာပန်းပွင့်ဖတ်များကို လျင်မြန်စွာ ညှိုးနွမ်းသွားစေသည်။ ကြယ်ပြာနှင့် လနီသည် ရန်သူကို အနိုင်ယူရန်အတွက် သိမ်းဆည်းထားသော အရင်းအမြစ်များကို ရက်ရက်ရောရော သုံးစွဲနေကြသဖြင့် တအားအား အော်သံများ ဆက်တိုက် ကြားနေရ၏။ ဤတိုက်ကွက်မျိုးကို ကူးပြောင်းလာသူ လုဖန်က ထင်မထားသည်မှာ သေချာပြီး ခဏအတွင်းမှာပင် အထက်စီးမှ အောက်စည်းသို့ ရောက်သွားသောကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။
"ဒီကောင်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ"
တစ်ဖက်လူ၏ စွမ်းအားသည် သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပြီး စိတ်ရှုပ်စရာကောင်းလွန်းနေ၏။ မီးခိုးရောင် မြူခိုးများက မည်သည့်အရာဖြစ်ကြောင်း သူ လုံးဝ မသိဘဲ မူလဝိညာဥ် ကြာပန်းသည် တန်ပြန်တိုက်ခိုက်ခံလိုက်ရသည်။
"စနစ်၊ ငါ့ရဲ့ မူလဝိညာဥ်က ဖျက်ဆီးလို့မရဘူးလေ။ ဘယ်လိုတိုက်ခိုက်မှုမျိုးကို မဆို ခံနိုင်ရည်ရှိတယ် မဟုတ်ဘူးလား"
နာကျင်မှုက ပြင်းထန်လွန်းသောကြောင့် လုဖန်မှာ ဝိညာဥ်မှပင် ချွေးသီးချွေးပေါက်များ ကျဆင်း၍ ခေါင်းကိုက်ရင်း အမြင်အာရုံ ဝေဝါးသွားခဲ့၏။ မြူခိုးများက ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပြီး စိတ်ကို ပျက်ပြားစေကာ မငြိမ်မသက် ဖြစ်စေသည်။
"အား...အား"
သူက အဆုတ်ကွဲမတတ် အသံကုန် အော်နေရပြီး ခေါင်းတလားကြီးမှာလည်း တဝုန်းဝုန်း လှုပ်ခတ်နေသည်။ အနက်ရောင် သားရဲလေးမှာလည်း စက္ကန့်တိုင်း အရင်းအမြစ်များ သုံးစွဲနေရသောကြောင့် ပင်ပန်းနေပြီဖြစ်သည်။ ရန်သူကို အဆုံးမသတ်နိုင်သေးသောကြောင့် အကောင်းဆုံးဝှက်ဖဲကို ထုတ်သုံးနေပြီဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ နောက်ဆုံးတွင် ကြာပန်းသည် စက်လုံးတစ်ခုအဖြစ် ကျုံ့ဝင်လာကာ ခုခံကာကွယ်ရန် အကောင်းဆုံး ကြိုးစားနေရာ သတ်ပစ်ရန် မလွယ်လှချေ။
"အခြေအနေ ဘယ်လိုလဲ"
"ခက်ခဲတယ်။ ငါ အကုန် ပုံအောလိုက်ပြီးပြီ"
ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ မေးလိုက်သောအခါ ကြယ်ပြာသည် အံကြိတ်လျက် ဖြေသည်။ လုဖန်ကို ကိုင်တွယ်နိုင်ပြီဟု ထင်ထားသော်လည်း ခေါင်းတလားဖြင့် တိုက်ခိုက်နေသည့်တိုင်အောင် သတ်ဖြတ်ရန် အလှမ်းဝေးနေသေး၏။
"ငါ ပိုက်ဆံပေးပါမယ်။ ထပ်ပြီး မနှိပ်စက်ပါနဲ့တော့"
"ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်။ အကြွေးလည်း ချက်ချင်း ပြန်ဆပ်မှာပါ"
"အမေ..အမေ သားကို ကယ်ပါဦး။ အခု အမေ့ကို ကယ်တင်ပေးဖို့ ပိုက်ဆံလည်း ရှိနေပါပြီ။ ရောဂါလည်း ပျောက်သွားတော့မှာ"
"အမေ..အမေ"
စက်လုံးအတွင်းမှ လုဖန်၏ ငိုသံများ တရစပ် ထွက်ပေါ်လာပြီး ကူးပြောင်းမလာခင်က သေဆုံးရသော အခိုက်အတန့်တွင် မလွတ်မြောက်နိုင်ခဲ့သော အတွင်းစိတ် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေလိမ့်မည်။
"စနစ် ငါ...ငါ မသေချင်ဘူး။ အိမ်ပြန်ချင်တယ်။ ကျေးဇူးပြုပြီး တစ်ခုခု လုပ်ပေးစမ်းပါ"
လုဖန် အသံကုန် အော်ဟစ်နေစဥ် စနစ်၏ မျက်နှာပြင်အထက်၌ ရွှေရောင်စာကြောင်းများ ထွက်ပေါ်လာ၏။
သတိပေးချက်။ ။ အဆုံးသတ်သို့ ရောက်နေပါပြီ။ ပိုင်ရှင် အသက်ရှင်နိုင်ရန်အတွက် ဝိညာဥ်သုံးခုနှင့် စိတ်ဆန္ဒခြောက်ပါး လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး ရွေးချယ်ပါ
"ရွေးချယ်စရာ အမှတ်တစ်။ ။ လက်ခံသည်"
"ရွေးချယ်စရာ အမှတ်နှစ်။ ။ သဘောတူသည်"
ထိုမြင်ကွင်းကြောင့် လုဖန်မှာ တုန်လှုပ်သွားပြီး ရွေးချယ်စရာနှစ်ခုလုံးသည် အဆုံးသတ် မကောင်းလှပေ။ အမြင်အာရုံတစ်ခုလုံး မည်းမှောင်ပြီး ခြိမ်းခြောက်နေသော သေခြင်းတရားအပြင် စနစ်၏ မျက်နှာပြင်သာ လင်းလက်နေခဲ့၏။
"အမေ သားကို စောင့်နေပါ"
သူက အံကြိတ်၍ ရွေးချယ်စရာ နှစ်ခုလုံးကို ပြိုင်တူ နှိပ်ချလိုက်လေသည်။
"အခြေအနေ ကောင်းလာပြီ"
ကျန်တစ်ဖက်၌ ရွှေရောင်နှင့် အနက်ရောင် စက်လုံးမှာ သိသိသာသာ သေးငယ်သွားသောကြောင့် ကြယ်ပြာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"အရင်းအမြစ်တွေနဲ့ တိုက်ခိုက်လိုက်တာကတင် အနိုင်ရသွားပြီလား"
ယွမ်ရှောင် ဇဝေဇဝါ ဖြစ်နေစဥ် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး စက်လုံးက ဝုန်းခနဲ ပေါက်ကွဲကာ သားရဲသဏ္ဍာန်တစ်ခုသည် ခေါင်းတလားအဖုံးကို ပွင့်ထွက်သွားအောင် ကြမ်းကြမ်တမ်းတမ်း ရိုက်ဖွင့်ပစ်ခဲ့၏။
"အဟက် ဖရိုဖရဲ မူလဝိညာဥ် ထွက်လာပြီပေါ့"
ကြယ်ပြာက လှောင်ရယ်လိုက်ပြီး ခေါင်းတလားအတွင်းမှ လွတ်မြောက်သွားသော အရာသည် ဖရိုဖရဲ ဝိညာဥ်ကမ္ဘာကိုပါ ပျက်စီးသွားစေသည်။
"လွတ်သွားတာလား"
ယွမ်ရှောင်သည် ဖရိုဖရဲ မူလဝိညာဥ်ကို ဖမ်းဆီးရန် အချိန်မမီလိုက်သောကြောင့် အခွင့်အရေး မရှိတော့သောအခါ ရွေးချယ်စရာ မရှိဘဲ ခေါင်းတလားအား ပြန်လည်ရုတ်သိမ်းခဲ့ရ၏။ လောကကြီးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကောင်းကင်စစ်တပ်နှင့် ရှေးဟောင်းမျှော်စင် စသဖြင့် မဟာတာအိုနယ်မြေကြီးသည် မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ လုဖန်၏ နဂါးဆွဲ စစ်ရထားလုံးပင် ကောင်းကင်၌ လွင့်မျောနေဆဲ ဖြစ်သော်လည်း ရန်သူများဘက်တွင် အထိအခိုက် အကျအဆုံး များပြားနေ၏။ လုဖန် ပျောက်ကွယ်သွားပြီး ယွမ်ရှောင်က အထိအခိုက်မရှိ ထွက်ပေါ်လာသောအခါ ကောင်းကင်စစ်တပ်၏ ကျင့်ကြံသူများ ရင်ထဲတွင် ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသလို ခံစားလိုက်ရသည်။
"အဲ့ဒီကောင် လွတ်သွားတာလား"
သို့သော် ယွမ်ရှောင်က သူတို့ကို ဂရုမစိုက်အားဘဲ ကြယ်ပြာကိုသာ အကြိမ်ကြိမ်အထပ်ထပ် မေးခွန်းထုတ်နေခဲ့သည်။
"ဖရိုဖရဲ မူလဝိညာဥ် ကိုယ်ထင်ပြဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် သေချာပေါက် လွတ်သွားပြီ"
ကြယ်ပြာက စိတ်မပါလက်မပါ ပြန်ဖြေခဲ့ပြီး လုဖန်ကို အနိုင်ယူရန်အတွက်ပင် အရင်းအမြစ်များ ကုန်ဆုံးသွားသဖြင့် ကုန်ကျစရိတ် ကြီးမားပုံပေါ်သည်။
"အခု ဘယ်လိုဆက်လုပ်မလဲ"
"ဒီအချိန်ကစပြီး လုဖန်ဆိုတာ မရှိတော့ဘူး။ ရုပ်ခန္ဓာကို ဖရိုဖရဲ ဝိညာဥ်က အပိုင်သိမ်းပြီး ပိုအားကောင်းလာလိမ့်မယ်"
စိတ်ကျေနပ်စရာ မရှိသော်လည်း ၎င်းသည် ရှောင်လွှဲမရနိုင်သော နိဂုံးတစ်ခု ဖြစ်ပေလိမ့်မည်။ နစနစ်၏ အမြင်တွင် တခြားစကြဝဠာမှ သက်ရှိများသည် ရုပ်သေးများသာ ဖြစ်ပြီး သူကိုယ်တိုင်ကသာ အစစ်အမှန် အုပ်ချုပ်သူဟု သတ်မှတ်ထား၏။ အကယ်၍ ယွမ်ရှောင်သာ ဝင်ရောက်စွက်ဖက်ခြင်း မရှိလျှင် စနစ် သို့မဟုတ် ဖရိုဖရဲ မူလဝိညာဥ်သည် လုဖန်ဆိုသော ဝက်ကို ယခုထက် အသားတိုးအောင် မွေးမြူနေဆဲ ဖြစ်ပေလိမ့်မည်။ ယခုတွင် ဝက်မှာ ပိန်ကပ်နေကာ စနစ်လည်း ခန္ဓာကိုယ်ကို စောစောစီးစီး အပိုင်သိမ်းရန် လိုအပ်မည် မဟုတ်ချေ။
အမှန်အတိုင်းပြောရလျှင် ယွမ်ရှောင်သည် စနစ်ဆိုသော အရာထက် အသွေးအသားနှင့် တည်ဆောက်ထားသော လူသားရန်သူ လုဖန်ကိုသာ ရင်ဆိုင်ချင်ခဲ့သည်။ ကံဆိုးသည်မှာ လုဖန်ဆိုသည့် ကူးပြောင်းလာသူလေးက အဆုံးသတ်သွားပုံပေါ်ပြီး သူ့အတွက်လည်း သက်ပြင်းချစရာ ရန်သူတော်ကြီး ထပ်တိုးလာခဲ့၏။
"ထားပါတော့။ ဘာဖြစ်ဖြစ် ပြဿနာကောင်တစ်ယောက်တော့ အဆုံးသတ်ပြီ။ အချိန်ရှိတုန်း ပူဇော်သက္ကာရတွေ လက်ခံတဲ့ အကျင့်ကို ဖျက်ဆီးဖို့ ကောင်းကင်ရုံးတော်ကိုလည်း ပြောင်းလဲပစ်ရမယ်"
သူ၏ အကြည့်က စိတ်ဓာတ်ကျနေသော လုဖန်၏ နောက်လိုက်များထံ ရောက်သွားကာ တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားလေသည်။
အပိုင်း ၇၀၀ - အပြည့်အဝ ထောက်ခံခြင်း
ရှန်ရီ၏ တောက်ပသော မျက်လုံးများက ယွမ်ရှောင်ကို စိုက်ကြည့်နေပြီး မည်သည့်ခံစားချက် ဖြစ်ပေါ်နေကြောင်း ဖတ်ရခက်ခဲနေသည်။
"သူ ဘယ်ရောက်သွားတာလဲ"
"ထွက်ပြေးသွားပြီ"
"ဒဏ်ရာရသွားသေးလား"
"အတော်အသင့်လောက်ပေါ့"
ဤအကြောင်း ကြားသောအခါ သူမသည် နီစွေးစွေး နှုတ်ခမ်းလေးကို သွားဖြင့် ကိုက်၍ တိတ်ဆိတ်သွားသည်။
"မင်း စိတ်ပျက်သွားတာလား။ ငါ သူ့ကို အခု မရှင်းပစ်နိုင်ခဲ့လို့ အနာဂတ်မှာ အန္တရာယ် တစ်ခု ချန်ထားမိသလို ဖြစ်သွားတယ်"
ယွမ်ရှောင်က တောင်းပန်လိုက်သောအခါ ရှန်ရီသည် ခေါင်းယမ်းပြ၏။
"ဒီည ရန်သူက ထောင်ချောက်ဆင်ခဲ့တာလေ။ နင် အသက်ရှင်နေတာပဲ တော်ပါသေးတယ်။ စကားမစပ်၊ ဘာတွေ တွေးပြီး ငေးမောနေတာလဲ"
ချစ်ရသူ မိန်းကလေးကို ပြန်လည် ချစ်ရေးဆိုရန် အချိန်တန်ပြီဖြစ်ကြောင်း စဥ်းစားနေသည့် ယွမ်ရှောင်အား သူမက မေးလိုက်ရင်း ဆက်ပြောသည်။
"အရေးကြီးကိစ္စတွေ ရှိနေသေးတယ်လေ"
"ဒီနေရာကြီးမှာလား"
အချိန်အခါ မသင့်တော်ကြောင်း သတိရလိုက်သဖြင့် ပြောပြီးကာမှ သူ အရှိန် ထိန်းလိုက်ရသည်။
"နင်က ဘာတွေလျှောက်ပြောနေတာလဲ။ ငါ ပြောချင်တာက ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပူဇော်သက္ကာရ ကိစ္စကို ဖော်ထုတ်လိုက်တော့။ လုဖန် စွန့်ပစ်ခဲ့တဲ့ ကောင်းကင်စစ်တပ်နဲ့ ကောင်းကင်ရုံးတော်ရဲ့ တခြားအင်အားစုတွေ ထောက်ခံလာအောင် စည်းရုံးပေးစမ်းပါ"
သူမက စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ကျစ်ခနဲ စုတ်သပ်ကာ ရှင်းပြလိုက်သည်။ လုဖန်နှင့် ယွမ်ရှောင် ဖရိုဖရဲ ဝိညာဥ်ကမ္ဘာအတွင်း ရောက်နေစဥ် သူမကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော ရန်သူအလောင်းများ မြေပြင်၌ ပြန့်ကြဲလျက် ရှိ၏။ အသက်ရှင်ကျန်ရစ်သူများက အဝေးတွင် ပုန်းအောင်းနေကြပြီး သူမကို ချောင်းကြည့်နေသော မျက်လုံးများအတွင်း ကြောက်စိတ်တို့ ပေါ်လွင်လှသည်။
"မင်းကိုယ်တိုင် လုပ်တာ ပိုပြီး သင့်တော်လိမ့်မယ်"
အသွင်အပြင်နှင့် အရှိန်အဝါအရ ဆိုလျှင် ရှန်ရီသည် ပို၍ သင့်တော်ကာ ဧကရီတစ်ပါးကဲ့သို့ ဖြစ်ပြီး ယွမ်ရှောင်ကမူ ချောမောခန့်ညားသော်လည်း ဧကရာဇ်လုပ်ရန် စိတ်မဝင်စားချေ။
"ကောင်းပြီ။ ဒါပေမယ့် နင်က လူချစ်လူခင်များတယ်။ ငါ့ကို လူတွေ ထောက်ခံလာအောင် ပြောပေး"
"အမိန့်တော်အတိုင်းပါခင်ဗျာ"
ရှန်ရီသည် ချောမောခန့်ညား၍ နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရသော ဤလူငယ်လေးမှာ အဘယ်ကြောင့် ဤမျှ ရွှတ်နောက်နောက်နိုင်ရသနည်းဟု စဥ်းစားမိလိုက်သည်။ သို့သော် အချိန်မရှိသဖြင့် အတွေးများကို ရပ်တန့်လိုက်ကာ ယွမ်ရှောင် အနားတွင် ရှိနေခြင်းကသာ အရေးအကြီးဆုံး ဖြစ်၏။ လုဖန်၏ အဓိကအင်အားကို ဖျက်ဆီးချေမှုန်းခဲ့သော လူငယ်စုံတွဲက ရှေ့မှောက်သို့ ဆင်းသက်လာသောအခါ ရှင်သန်ကျန်ရစ်သော ရန်သူများအားလုံး ထွက်မပြေးရဲသဖြင့် နေရာ၌ မတ်တပ်ရပ်လျက်ရှိသည်။
"သတ္တမမင်းသမီး"
တစ်ယောက်ယောက်က သတ္တိမွေး၍ အော်ဟစ်လိုက်သောအခါ ထောက်ခံသံများ တခဲနက် လိုက်ပါလာပြီး လုဖန် တည်ထောင်ခဲ့သော ကောင်းကင်စစ်တပ်မှာ ရှန်ရီ၏ သြဇာအာဏာအောက်သို့ ရောက်ရှိသွားကြောင်း သက်သေပင်။ အများစုက ထိုစုံတွဲကို ကြောက်လန့်၍ ဖြစ်နိုင်သော်လည်း အမှန်တရားမှာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"တကယ့်ကို သတ္တမမင်းသမီးပဲ"
သူမက ကျားဖြူမျက်နှာဖုံးကို ချွတ်လိုက်သောအခါ အံ့မခန်း လှပ၍ ယခင်က သတ္တမမင်းသမီးနှင့် ထပ်တူညီသော မျက်နှာလေး ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်ရုံးတော်မှ မင်းသမီးအတုဟူ၍ သတင်းထုတ်ပြန်ထားသည်မှာ အလိမ်အညာ ဖြစ်နေ၏။ ကျင့်ကြံသူများက ငတုံး မဟုတ်သောကြောင့် လေးနက်စွာ စဥ်းစားလိုက်သောအခါ အဖြစ်မှန်ကို ဖြည်းဖြည်းချင်း သဘောပေါက်ကုန်သည်။
သူမက ကိုယ့်ကိုကိုယ် သက်သေပြရန် အချိန်ဖြုန်းမနေတော့ဘဲ ရှေးဟောင်းမျှော်စင်ကို ပြန်လည်ရုတ်သိမ်းလိုက်သောအခါ ကောင်းကင်ပျံသန်းမြို့တော် ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော မြို့သူမြို့သားများက အဖြူရောင်ဝတ် ပုံရိပ်နှစ်ခုကို ငေးကြည့်နေပြီး ရှန်ရီမှ လက်ပြလိုက်သောအခါ ပုန်းအောင်းနေရသော တက်လှမ်းလာသူများသည် သူမဘေးသို့ ထောင်ချီ၍ စုရုံးလာခဲ့၏။
"အင်မော်တယ်တွေ ကာကွယ်ပေးမယ်လို့ အသံကောင်းဟစ်နေတဲ့ သေမျိုးကမ္ဘာတွေမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ မဟာတာအိုနယ်မြေတစ်ခုလုံး သိအောင် ပြောလိုက်စမ်းပါ"
သူမ ကိုယ်တိုင် ပြောနိုင်သော်လည်း သံသယဝင်သူများလည်း ရှိနိုင်သည်။ တက်လှမ်းလာသူများက ကိုယ်ပိုင်အတွေ့အကြုံကို လိမ်ညာရန် မဖြစ်နိုင်သော အသံတုန်တုန်ရီရီဖြင့် ပြောဆိုကာ ရက်စက်ကြမ်းကြုတ်သော အမှန်တရားအတွက် သက်သေအထောက်အထားများပါ ထုတ်ပြလိုက်ကြ၏။
"လျူမူ ပြောတာ မှန်နေပြီ"
ကောင်းကင်ပျံသန်းမြို့တော်သည် တစ်ချိန်က ဤအမှန်တရားကို သိခွင့်ရခဲ့ပြီး သေမျိုးကမ္ဘာများ၏ အခက်အခဲမှာ ဘွင်းဘွင်းကြီး ထွက်ပေါ်လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကောင်းကင်စစ်တပ်နှင့် မြို့သူမြို့သားများ မယုံကြည်နိုင်သော မျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်မိသည်။ အဆင့်ခြောက်နှင့်အောက် အရာရှိများသည် ဤအမှန်တရားကို လုံးဝ မသိသောကြောင့် တုန်လှုပ်သွားခဲ့သည်။
"သေမျိုးတွေက ကောင်းကင်ရုံးတော်၊ အဆင့်ခြောက်နဲ့အထက် အရာရှိတွေအတွက် အရင်းအမြစ် ဖြစ်နေတာလား"
"သက်ရှည်အင်မော်တယ်က တက်လှမ်းခြင်းကန်မှာ စောင့်ပြီး တက်လှမ်းလာတဲ့ သေမျိုးတွေကို ချက်ပြုတ်စားသောက်နေတာပေါ့"
"ဒါကြောင့် ထိုက်ဝေနဲ့ ထိုက်ယုက ဒီလောက်တောင် အသက်ရှည်နေတာလား"
လွန်ခဲ့သော ရက်အနည်းငယ်က သတ္တမမင်းသမီး ရုတ်တရက် သေဆုံးသွားသော အကြောင်းအရင်းကို သူတို့ သဘောပေါက်သွားကြသည်။ နှုတ်ပိတ်ခံလိုက်ရခြင်း ဖြစ်ကာ ပြန်လည်မွေးဖွားလာပြီးနောက် သူမ ပြုလုပ်ခဲ့သော အရာများကို ပေါင်းစပ်လိုက်လျှင် အမှန်တရားက ပြောနေစရာပင် မလိုတော့ပေ။
"လူ့အသက်တွေကို အရေးမပါသလို သဘောထားတဲ့ ကောင်းကင်ရုံးတော်က တာအိုကို ကိုယ်စားပြုဖို့ ထိုက်တန်ရဲ့လား"
"အင်မော်တယ်တွေက အာဏာကြောင့် ကိုယ်ကျင့်တရား မရှိတော့ဘူး။ အဆင့်မြင့်အရာရှိတွေက သေမျိုးတွေကို ဝါးမျိုစားသောက်နေချိန်မှာ အောက်ခြေအင်မော်တယ်တွေက ခက်ခက်ခဲခဲ ရှင်သန်နေရတယ်။ တရားမျှတမှုက ဘယ်မှာလဲ"
"ကောင်းကင်စစ်တပ်ထဲမှာ အဆင့်ခြောက် အရာရှိတွေ တာဝန်ထမ်းဆောင်နေတယ်မလား။ သူတို့ကို မေးကြည့်လိုက်"
ကောင်းကင်ပျံသန်းမြို့တော် ပြည်သူများက ကောင်းကင်စစ်တပ်ကို လက်ညှိုးထိုးပြလိုက်သောအခါ ရှန်ရီသည်လည်း ရှေ့ထွက်လာရန် အမိန့်ပေးလိုက်သည်။
"မင်းသမီး..."
အရာရှိကြီးများ၏ မျက်နှာက ပြာနှမ်းသွားကာ တဆတ်ဆတ် တုန်ယင်နေကြ၏။ အမှားကို ဝန်ခံလိုက်ခြင်းသည် လွတ်လမ်းဖြစ်နိုင်ချေ များသောကြောင့် အချို့က နာခံကာ အလျင်အမြန် ရှေ့ထွက်လာ၍ ဒူးထောက်ခဲ့ကြသည်။
"ကောင်းကင်ရုံးတော် သတ်မှတ်ထားတာက အဆင့်ခြောက်နဲ့အထက် ရာထူးမြင့်လာရင် ပူဇော်သက္ကာရ လက်မခံတာနဲ့ ချက်ချင်း အပြစ်ပေးခံရမယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ မင်းသမီး။ ကျွန်တော်က ဖိအားကြောင့် ရွေးချယ်စရာ မရှိတော့လို့ပါ"
အသက်ကြီးကြီး စစ်သူကြီးတစ်ယောက်က စိတ်ဆင်းရဲစွာ ဝန်ခံလိုက်သောအခါ ကျန်လူများလည်း ထောက်ခံလိုက်ကြ၏။
"ကျွန်တော်လည်း အတင်းအကြပ် ခိုင်းစေခံရတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
အရာရှိများ တစ်ယောက်ပြီးတစ်ယောက် ဝန်ခံလာသောအခါ စွပ်စွဲချက်များ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်နှင့် မခြားပေ။ ပြည်သူများ၊ အောက်ခြေစစ်သည်များနှင့် လွတ်လပ်သော အင်မော်တယ်များက အံ့သြတုန်လှုပ်သွားကာ အထက်တန်းစားများအကြားတွင် ဤမျှစက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုမျိုး ဖုံးကွယ်ထားမည်ဟု ထင်မထားချေ။
"ခွင့်လွှတ်ပေးပါ မင်းသမီး"
အဆင့်နှစ် မဟာစစ်သူကြီးသုံးယောက်၊ စစ်သူကြီးသုံးရာ၊ ဂျိုအင်မော်တယ် ငါးဆယ်နှင့် အရာရှိများက ဒူးထောက်ကာ အပြစ်ဝန်ခံခဲ့ကြ၏။ အားလုံးက ဆန္ဒအလျောက် ဝန်ခံလိုက်သောကြောင့် ဤသတင်းမှာ မဟာတာအိုနယ်မြေတစ်ခုလုံး သေချာပေါက် ပျံ့နှံ့သွားမည် ဖြစ်ရာ အမှန်တရားကို ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။
"သတ္တမမင်းသမီးက ဘယ်လိုကိုင်တွယ်မှာလဲ"
သာမန်အင်မော်တယ်များက စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ရှန်ရီထံ အကြည့်ရောက်သွား၏။ သူမက အသက်ငယ်လွန်းသောကြောင့် အခြေအနေကို ကိုင်တွယ်ရာ၌ လုံလုံလောက်လောက် မတည်ငြိမ်မည်ကို ကြောက်ရွံ့နေကြသည်။
"မင်းသမီး၊ ကောင်းကင်ရုံးတော်ရဲ့ ဖိအားကြောင့် ကျွန်တော်တို့ ခွင့်လွှတ်မရနိုင်တဲ့ အပြစ်မျိုး ကျူးလွန်မိပါတယ်။ မင်းသမီးက ရုံးတော်ကို ပြုပြင်ပြောင်းလဲတဲ့ စစ်ပွဲမှာ အမှုထမ်းခွင့်ပေးပြီး အမှားပြင်ဆင်နိုင်အောင် ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်"
မဟာစစ်သူကြီးတစ်ယောက်က စကားစလိုက်သောအခါ ထောင်ချီသော တရားခံများလည်း တညီတညွတ်တည်း ဦးညွှတ်ကာ တောင်းဆိုခဲ့ကြသည်။ သူတို့ကို ကြည့်နေသော တက်လှမ်းလာသူများကမူ စိတ်ဓာတ်ကျနေပြီး ဤအရာရှိများနှင့် ယှဥ်လျှင် အသုံးဝင်မှု နည်းကြောင်း ကိုယ့်ကိုကိုယ် နားလည်ထား၏။ ယေဘူယျသဘောပြောရလျှင် ဤအရာရှိများက မင်းသမီးအတွက် အသုံးဝင်ပြီး အစွမ်းထက်သော နောက်လိုက်များ လိုအပ်နေသည်ဖြစ်ရာ အချိန်ကိုက်ပင်။ သာမန်အင်မော်တယ်များက အရေအတွက်များသော်လည်း အင်အားနည်းပါးလျှင် မည်သည့်အရာမျှ တတ်နိုင်မည် မဟုတ်ချေ။
"နင်က ငါ ခွင့်လွှတ်တာကို လိုချင်တာလား"
"ကျွန်တော်တို့ အမှားကို ပြင်ဆင်ချင်ပါတယ်"
"ငါက ကျူးလွန်ခံရသူ မဟုတ်ဘူး။ ခွင့်လွှတ်ပေးဖို့ စီရင်ပိုင်ခွင့် မရှိဘူး"
ထိုစကားကြောင့် တရားခံများ အံ့အားသင့်နေစဥ် သူမသည် တက်လှမ်းလာသူများဘက် လှည့်ကာ ဆက်ပြောသည်။
"သူတို့ကို ရှင်တို့ ခွင့်လွှတ်နိုင်ပါ့မလား။ ခွင့်လွှတ်လိုက်ရင် တရားခံတွေကို စာရင်းရှင်းတဲ့အခါ သူတို့ကို အလွတ်ပေးရလိမ့်မယ်။ ဒါကြောင့် ရှင်တို့ကိုယ်စားပြုမယ့် သေမျိုးတွေနဲ့ သာမန်အင်မော်တယ်တွေကို ကျွန်မ သေချာမေးမယ်။ တကယ် ခွင့်လွှတ်နိုင်ပါ့မလား"
တက်လှမ်းလာသော သေမျိုးကမ္ဘာ၏ အင်မော်တယ်များက မင်သက်သွားကြပြီး မျက်လုံးများ နီမြန်းကာ စကားတစ်ခွန်းမှ ပြောမထွက်ခဲ့ပေ။ ကျူးလွန်ခံရသူ မဟုတ်လျှင် အပြစ်ကျူးလွန်သူများအပေါ် သနားကြင်နာပေးရန် မတိုက်တွန်းသင့်ချေ။
"ဘာဖြစ်ဖြစ် ငါ တာဝန်ယူမှာမို့လို့ အကျိုးဆက်ကို စိုးရိမ်မနေနဲ့။ သူတို့ သေသင့်သလားဆိုတာ ရိုးရိုးသားသား ဖြေပေးကြပါ"
ရှန်ရီ၏ အသံက ပိုမို ပြင်းထန်လာသောအခါ အမျိုးသမီးတစ်ယောက် ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။
"ဒီကောင်က အတင်းအကြပ် စေခိုင်းခံရတာလို့ ကျွန်မ မယုံဘူး။ ဘယ်သူ့ကိုမှလည်း မယုံဘူး။ ရက်ရက်စက်စက် ကျူးလွန်ရဲမှတော့ အပြစ်ပေးခံရသင့်တယ်။ ကျွန်မ ခွင့်မလွှတ်နိုင်ဘူး"
သူမက ဦးဆောင်၍ ထုတ်ပြောလိုက်သည်နှင့် တပြိုင်နက် တက်လှမ်းလာသော အင်မော်တယ်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြသည်။ ထိုအခိုက်အတန့်တွင် ခွင့်လွှတ်မည့် အရိပ်အယောင်မျိုး လုံးဝ မရှိတော့ဘဲ ဝါးမျိုခံလိုက်ရသည့် ဆွေမျိုးများနှင့် သက်ရှိများအတွက် ဒေါသမျက်ရည်များသာ ဝမ်းနည်းပူဆွေးစွာ ကျဆင်းလာခဲ့လေသည်။