← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 52 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 52 Ch. 701-702

အပိုင်း ၇၀၁ - မီးခိုးရောင် သဘောထား

"မင်းသမီး၊ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပါတယ်။ ဒါပေမယ့် တကယ် အပြစ်ရှိတာက ကျွန်တော်တို့ မဟုတ်ဘဲ ကောင်းကင်ရုံးတော်ပါ။ ထိုက်ဝေပါ။ သူ့ရဲ့ ဖိနှိပ်မှုကြောင့် ဒုက္ခရောက်တဲ့ ကျွန်တော်တို့ဟာ မင်းသမီးနဲ့အတူ တိုက်ပွဲဝင်ချင်ပါတယ်။ ကျေးဇူးပြုပြီး အခွင့်အရေး ပေးပါ"

မဟာစစ်သူကြီးက သက်ပြင်းချ၍ ထပ်မံ တောင်းဆိုလာသောအခါ ရှန်ရီသည် ယွမ်ရှောင်ထံ အကြံတောင်းလိုဟန်ဖြင့် ကြည့်၏။

"နင် ဘယ်လိုထင်လဲ"

"မင်း ဆုံးဖြတ်သမျှ ငါ လုပ်ပေးမယ်"

ယွမ်ရှောင်၏ စကားအဆုံးတွင် သူမသည် သတ်မိန့်ကို ပြတ်ပြတ်သားသား ပေးလိုက်သောအခါ အံ့သြမင်သက်စရာပင် ဖြစ်သည်။ သူမသည် သေမျိုးများအပေါ် ကိုယ်ချင်းစာနိုင်စွမ်း မြင့်မားသောကြောင့် ခံစားချက်များ ပြင်းထန်နေပုံရပြီး ထောက်ခံအားပေးရန်လည်း လိုအပ်၏။

"ကောင်းပါပြီ"

သူက ရှည်ရှည်ဝေးဝေး ပြောမနေဘဲ ဓားဆွဲ၍ အပြစ်သားအုပ်စုထံ တစ်လှမ်းချင်းလျှောက်သွားသောအခါ သူတို့မှာ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်ကုန်သည်။

"မင်းသမီး ဒီဆုံးဖြတ်ချက်က မှားနေပြီနော်။ ကျွန်တော်တို့ကို သတ်လိုက်ရင် ဘယ်သူမှ လက်နက်ချချင်မှာ မဟုတ်တော့ဘူး"

"မင်းတို့နှစ်ယောက်တည်းနဲ့ ကောင်းကင်ရုံးတော်ကို ဘယ်လိုဖြုတ်ချနိုင်မှာလဲ"

"ကျေးဇူးပြုပြီး အမှားပြင်ဆင်ခွင့် ပေးပါ"

သူတို့၏ တောင်းပန်သံများက ဒေါသတကြီး အော်သံများ အဖြစ် စတင်ပြောင်းလဲလာသည်။

"မင်းသမီး ရူးနေပြီလား"

"ဟန်ဆောင်မနေနဲ့။ မင်းကရော တစ်ခါမှ ပူဇော်သက္ကာရ လက်မခံဖူးဘူးဆိုတာ မဖြစ်နိုင်ဘူး"

"ဒီအပြစ်ကြောင့် သေရမယ်ဆိုရင် ကောင်းကင်ရုံးတော်က အထက်ပိုင်း အရာရှိတွေအားလုံး သေသင့်တာ မဟုတ်ဘူးလား"

ယွမ်ရှောင် နီးကပ်လာသည်ကို မြင်သောအခါ မဟာစစ်သူကြီးတစ်ယောက်သည် အချိန်ဆွဲရန် ကြိုးပမ်းလိုက်သည်။

"မင်းသမီး၊ ကောင်းကင်ရုံးတော်ကို ဖြုတ်ချပြီးမှ ကျွန်တော်တို့ကို အပြစ်ပေးလို့ ရပါတယ်။ အခုတော့ အသက်ချမ်းသာပေးပါ"

ထိုစကားက တက်လှမ်းလာသူများကို ဒေါသထွက်စေပြီး အရာရာကို နောက်မှ ဖြေရှင်းမည်ဆိုလျှင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

"ရွှစ်"

သို့သော် တောက်ပသော မိုးပြာရောင်အလင်းတန်းတစ်ခုက အပြစ်သား အုပ်စုအကြား ရုတ်တရက် ဖြတ်သန်းသွားသောအခါ မဟာစစ်သူကြီးသည် နဖူးမှ သွေးများ ပန်းထွက်၍ ဘိုင်းခနဲ လဲကျသေဆုံးသွားသည်။

"မင်းတို့ကောင်တွေ စကားများလွန်းတယ်။ သေစရာရှိတာ သေလိုက်တော့"

ယွမ်ရှောင်က ဓားမြှောင်ကို ပစ်မြှောက်ဆော့ကစားနေရင်း စကားဆိုလိုက်သောအခါ အပြစ်သား အရာရှိများ နှလုံးသားတို့ အေးစက်ကုန်သော်လည်း တက်လှမ်းလာသူများနှင့် မြို့သူမြို့သားများသည် လက်ခုပ်တီး အားပေးလိုက်ကြ၏။ သတ္တမမင်းသမီးနှင့် စီရင်သူ သခင်လေး ယွမ်ရှောင်သည် အောက်ခြေလူတန်းစား အင်မော်တယ်များကို စိတ်မပျက်စေခဲ့ပေ။

"ထွက်ပြေးကြ"

ဒူးထောက်နေသော အပြစ်သားများက ဒေါသတကြီး ထရပ်လာကာ အချို့က ထွက်ပြေး၊ အချို့က ယွမ်ရှောင်ထံ ပြေးဝင်၊ အချို့မှာ တက်လှမ်းလာသူများကို ပစ်မှတ်ထားခဲ့ကြသည်။ အခြေအနေက ပရမ်းပတာ ဖြစ်သွားသော်လည်း အဖြူရောင် ပုံရိပ်သည် မိုးပြာရောင်ဓားတစ်လက်ဖြင့် သွေးခင်းလမ်း တစ်ခု ဖန်တီးလိုက်၏။ ဓားချက်များ လက်ခနဲ ဖြစ်သွားသည်။ လျှပ်စီးများ ယှက်နွယ်နေသည်။ မူလဝိညာဥ် တောက်ပလာပြီး ရုန်းပညာရပ်များလည်း တိုက်ပွဲတစ်ခွင် လွှမ်းမိုးသွားသည်။ အချိန်ခဏအကြာမှာပင် အဖြူရောင်သေမင်းသည် အပြစ်သားတိုင်း၏ ခေါင်းပြတ်များကို တက်လှမ်းလာသူများ ရှေ့မှောက်တွင် သေသေသပ်သပ် တန်းစီလျက်သား ချပေးခဲ့၏။

"ဟင်..."

ကောင်းကင်စစ်တပ်၊ တက်လှမ်းလာသူများ၊ လွတ်လပ်သော အင်မော်တယ်များနှင့် မြို့သူမြို့သားတို့ ဆွံ့အသွားကာ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လည်ချောင်းပင် ခြောက်သွေ့သွားသည်။

"ကိုယ့်ကိုကိုယ် အရေးပါတယ်လို့ အထင်မှားနေတာပဲ။ ငါ့ဓား တစ်ချက်တောင် မခံနိုင်ဘဲ သွေးနားထင်ရောက်နေသေးတယ်"

ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ ရှန်ရီအနားသို့ ပြန်ဆုတ်သွားသောအခါ သူမ၏ အကြည့်မှာ နူးညံ့လျက်ရှိသည်။

အမှန်တရား ပေါ်ပေါက်လာသောအခါ သေသင့်သေထိုက်သူများ အပြစ်ပေးခံရပေလိမ့်မည်။ မရေမတွက်နိုင်သော သေမျိုးကမ္ဘာများက အသက်ဓာတ်များကို ဝါးမျိုခံလိုက်ရပြီး ယခု အသတ်ခံခဲ့ရသူများမှာ အကြိမ်ပေါင်းများစွာ ကျူးလွန်ဖူးကြသည်။

"ဒီအပြစ်သားတွေကို သတ်ပြီး ပူဇော်သက္ကာရ ဝါးမျိုသူတိုင်း ကံကြမ္မာတစ်ခုပဲ ရှိတယ်။ အဲ့တာက သေခြင်းတရားဆိုတာ ငါ ကြေညာတယ်"

ရှန်ရီက အားလုံးကို တစ်ချက်ဝေ့ကြည့်၍ ပြတ်ပြတ်သားသား ပြောလိုက်သောအခါ တုန်လှုပ်သွားစေသည်။

"သတ္တမမင်းသမီးက ပြတ်သားတယ်"

"သူမက ဧကရီဖြစ်လာသင့်တယ်"

"အမှန်အတိုင်းပြောရရင် သူမရဲ့ လက်တွဲဖော်ကလည်း လေးစားစရာပဲ"

မျက်စိတစ်မှိတ်အတွင်းမှာပင် လူထုထောက်ခံမှုက တိုးတက်လာပြီး ဤအရှိန်အဟုန်ကို အခွင့်ကောင်းယူကာ ရှန်ရီသည် ဆက်လက်ကြေညာ၏။

"အခုကစပြီး အားလုံး ငါနဲ့အတူ တိုက်ပွဲဝင်ဖို့ တောင်းဆိုချင်ပါတယ်။ ကောင်းကင်ရုံးတော်ကို အတူတူ ဖြုတ်ချကြမယ်။ နာရကကျူးကျော်သူတွေကို မောင်းထုတ်မယ်။ သက်ရှိတွေ အားလုံးကို ကာကွယ်ပေးဖို့ အစစ်အမှန် ဥပဒေကို ပြဋ္ဌာန်းကြမယ်"

"အမိန့်တော်အတိုင်းပါ"

အင်မော်တယ်များက စိတ်အားထက်သန်စွာ ထောက်ခံလိုက်ကြပြီး ထိုအချိန်တွင် အဆင့်အတန်း ခွဲခြားမှု လုံးဝမရှိတော့ဘဲ စံနှုန်းတစ်ခုအောက် စည်းလုံးသွားကြ၏။ ရှန်ရီက လုဖန် စွန့်ပစ်လိုက်သော အင်အားကို ထိထိရောက်ရောက် စည်းရုံးလိုက်နိုင်ပြီး မကြာမီမှာပင် ပူဇော်သက္ကာရ လက်မခံဖူးသော အစွမ်းထက် ကျင့်ကြံသူများလည်း ရှေ့ထွက်လာကာ သစ္စာခံကြသည်။ လွတ်လပ်သော အင်မော်တယ် တိမ်နီဘုရင်၊ လမည်း နတ်ဆိုးကပြားနှင့် လေးပြင်းတောင်ပံဘုရင် မိစ္ဆာကပြား စသဖြင့် အမျိုးအစား စုံလင်လှ၏။ ဤပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အင်အားစုများတွင် ထင်ရှားပြီး ဖုန်းလိုင်၊ လမင်းနတ်ဆိုးသခင်မနှင့် ဂျိုဘုရင်နောက် ဒုတိယလိုက်သူများ ဖြစ်ကြသည်။

"သူတို့အားလုံးကို မိုးကြိုးဌာနဆီ ခေါ်သွားပြီး ငါ ကွပ်ကဲမယ်။ ပြီးရင် တော်ဝင်နန်းတော်ကို အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ထားမယ်"

ကောင်းကင်စစ်တပ်နှင့် စီရင်သူစစ်တပ် ပူးပေါင်းလိုက်လျှင် ကြယ်တပ်မတော်ထက် အင်အားပိုမိုသာလွန်ကာ ကောင်းကင်ရုံးတော်၏ အဓိက အင်အားစုကြီးများနှင့် ပခုံးချင်းယှဥ်နိုင်လာပေလိမ့်မည်။

"ဒါဆိုရင် မိုးကြိုးဌာနကို ဌာနချုပ်အဖြစ် သတ်မှတ်လိုက်မယ်"

ရှန်ရီ၏ ဆုံးဖြတ်ချက်ကို သူက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြကာ လက်အောက်ခိုဝင်လာသူများကို လက်ခံရယူလိုက်သည်။ သူမ ရှိနေသဖြင့် အရာရာကို ကိုယ်တိုင် ရှေ့ထွက်၍ အလုပ်လုပ်စရာ မလိုတော့သဖြင့် သက်တောင့်သက်သာ ရှိလှ၏။ သူ၏ စရိုက်နှင့် မသက်ဆိုင်သော ကယ်တင်ရှင်တစ်ယောက်အဖြစ် ကျေးဇူးတင်ခံရသည်မှာ ပင်ပန်းလွန်းသည်။

"နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"

"မိုးကြိုးဌာနကို အရင်ပြန်မယ်။ တော်ဝင်နန်းတော်မှာ ခွေးအချင်းချင်း ကိုက်နေတာကို သွားကြည့်ကြမလား"

"ငါလည်း ဒီအတိုင်း တွေးထားတာပဲ။ ဒါပေမယ့် စစ်ပွဲအခြေအနေကို နင်ပဲ စောင့်ကြည့်ပေးပါ။ လုဖန် မသေသေးဘူး။ ငါ စောင့်ကြည့်ရဦးမယ်။ ဒါက ပြဿနာ ဖြစ်လာနိုင်တယ်"

သူမက မျက်မှောင်ကြုတ်၍ ဆုံးဖြတ်လိုက်သောအခါ ယွမ်ရှောင်လည်း သဘောတူလိုက်၏။ သူတို့က ယနေ့တိုက်ပွဲကို အနိုင်ရလိုက်ပြီး လုဖန် အမြှီးကုပ်၍ ထွက်ပြေးသွားသော်လည်း ဖရိုဖရဲ မူလဝိညာဥ် ရှိနေသရွေ့ ပြန်လည် ထကြွလာပေဦးမည်။

"ငါ သွားသင့်ပြီ"

"နေဦး"

ခြေလှမ်းပြင်နေသော ရှန်ရီထံ ယွမ်ရှောင်က လက်ကမ်းလိုက်သောအခါ နားမလည်ဟန်ဖြင့် ပြန်မေးခံလိုက်ရသည်။

"ဘာလဲ"

"သတင်းပို့အဆောင် ပေးထားလေ။ ဒါမှ လိုအပ်ရင် မင်းကို ဆက်သွယ်နိုင်မှာပေါ့"

သူမက မျက်စောင်းတစ်ချက်ထိုး၍ အဆောင်အချို့ ပစ်ပေးကာ တီးတိုးရေရွတ်ရင်း မြင်ကွင်းအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

"နင့်ကို အနှေးနဲ့အမြန် တစ်ခုခု လုပ်မှပါ"

"မိုးကြိုးဌာနကို ချီတက်ကြစမ်း"

ယွမ်ရှောင်က လက်အောက်ခံ အသစ်များကို အမိန့်ပေးကာ ဓားယာဥ်အတွင်း ဝင်ရောက်သွားခဲ့သည်။

"ငါတို့တော့ သွားပါပြီ။ မင်းရဲ့ မိန်းကလေး ပြောသွားတာ ကြားလိုက်တယ်မလား။ ပူဇော်သက္ကာ လက်ခံဖူးရင် သေရမယ်တဲ့လေ"

ယာဥ်အတွင်း၌ ကူစုဝမ်နှင့် ယုရင်သည် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာကိုယ်စီ ရှိနေကြ၏။

"ထားလိုက်ပါ။ ငါတို့က ကံကြမ္မာကို လက်ခံရမှာပဲ။ မင်းတို့ ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်။ ဂရုစိုက်မနေပါနဲ့တော့"

"ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းတို့ကြောင့် ငါနဲ့ သူ ဆက်ဆံရေးက ဘယ်တော့မှ မထိခိုက်ဘူး"

ယွမ်ရှောင်က ထိုစကားကို ကြားသောအခါ ရယ်မောနေသဖြင့် သူတို့ကို ဝမ်းနည်းသွားစေသည်။

"ဒါပေမယ့် မင်းတို့ကိုလည်း အသေမခံပါဘူး"

"ဘာလို့လဲ"

ဆက်ပြောလာသော စကားကြောင့် အမျိုးသမီးနှစ်ယောက်လုံး မယုံကြည်နိုင်ဟန်ဖြင့် ပြိုင်တူ မေးလိုက်မိကြသည်။

"ငါက သူ မဟုတ်ဘူးလေ။ ကိုယ်ကျင့်တရားဆိုတဲ့ သံကြိုးတွေနဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်မထားဘူး။ ငါ စိတ်ကူးပေါက်သလို ရှင်သန်တယ်။ သူ့အမြင်မှာတော့ အဖြူနဲ့ အမည်းက သက်သက်စီ ရှိနေလိမ့်မယ်။ ငါကတော့ မီးခိုးရောင်ပဲ။ ငါ့လူတွေအတွက် ချွင်းချက်ထားပေးဖို့ဆိုတာ လွယ်လွယ်လေး"

ဖိနှိပ်ခံရသူများက ဖိနှိပ်သူများကို ဖြုတ်ချချင်သည်မှာ သဘာဝ ဖြစ်သော်လည်း အမှန်တကယ် နောင်တရနေလျှင် ချွင်းချက် ရှိနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ကူစုဝမ်နှင့် ယုရင်ကဲ့သို့ လူများသည် ပူဇော်သက္ကာရ လက်ခံခြင်းကို ဖြစ်ရိုးဖြစ်စဉ်ဟု လက်ခံလာအောင် ဦးနှောက်ဆေးခံထားခဲ့ရ၏။ သေခြင်းတရားက အပြစ်ကို ဆေးကြောပေးနိုင်မည်ဟု သူ ယုံကြည်မထားပေ။ အမှန်တကယ်တော့ သေခြင်းတရားက လွတ်မြောက်သွားခြင်းဖြစ်ကာ နောင်တ တပွေ့တပိုက်ဖြင့် အသက်ဆက်ရှင်နေမှသာလျှင် ပေးဆပ်ရာ ရောက်ပေလိမ့်မည်။

"အထူးသဖြင့် ကူစုဝမ်၊ မင်းက အင်မော်တယ်ကျောက်စိမ်းတွေ ပေးပြီး ကိုယ့်အသက်ကို ဝယ်ထားတယ်မလား"

ယွမ်ရှောင်၏ သဘောထားကြောင့် သူတို့က အံ့သြတကြီး ဖြစ်သွားကာ နောက်ဆုံးတွင် ယုရင်သည် စကားစပြောလာ၏။

"ရိုးရိုးလေးပြောရရင် အရှင်က တစ်ကိုယ်ကောင်းဆန်တဲ့ လူသားအဆန်ဆုံး လူတစ်ယောက်ပဲ။ စရိုက်က ကောင်းမွန်နေတော့ အားလုံး အဆင်ပြေတယ်။ တကယ်လို့ ဗီဇကသာ ဆိုးသွမ်းနေရင် အားလုံး ပြဿနာတက်ကုန်လိမ့်မယ်။ ဘာစည်းမျဥ်းမှ မထားဘဲ စိတ်ကူးပေါက်သလို လျှောက်လုပ်နေရင်တော့ ကောင်းကင်အောက်မှာ အဆိုးဆုံး အပြစ်သားကြီးတောင် ဖြစ်လာနိုင်တယ်"

"သူ ပြောတာ မှန်တယ်။ ငါက တစ်ယောက်ယောက်ကို ဘုရင်အဖြစ် ရွေးရမယ်ဆိုရင် သတ္တမမင်းသမီးပဲ။ သူကမှ စည်းဘောင်တွေ ရှိသေးတယ်။ အရှင်ကတော့ စိတ်ထင်တိုင်း သောင်းကျန်းနေတတ်တာပဲမလား"

ကူစုဝမ်ကလည်း ဝင်ရောက် ထောက်ခံလိုက်သည်။

"လေပေါနေတာ တော်လောက်ပြီ။ မင်းတို့အသက် ကယ်ပေးထားတာကို ကျေးဇူးကန်းချင်နေကြတယ်။ သတိထားနော်။ ငါ စိတ်ထင်တိုင်း လုပ်ရရင် နှစ်လောင်းပြိုင် ဖြစ်ကုန်မယ်"

ပေါ်တင်ကြီး အတင်းပြောခံလိုက်ရသောကြောင့် ယွမ်ရှောင်က အရှိုက်ထိသွားပုံပေါ်သည်။

"ကျေးဇူးမကန်းပါဘူး အရှင်ရယ်။ အရှင်နဲ့ သတ္တမမင်းသမီးက ဒီလောက်ကွဲပြားပြီး အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် လက်တွဲဖော်ဖြစ်ဖို့ ပြည့်စုံနေတာပဲ"

ကူစုဝမ်က ခစ်ခနဲ ရယ်မော၍ စကားကို အဆုံးသတ်လိုက်လေသည်။

(မှတ်ချက်။ ။ အဖြူက ကောင်းမှု၊ အနက်က မကောင်းမှုဆိုလျှင် မီးခိုးရောင်ဆိုသည်မှာ အရာအားလုံး ရောယှက်နေခြင်း ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ယွမ်ရှောင်က anti-heroပါ။ လူသားဆန်ပြီး အမြဲတမ်း သူရဲကောင်းကြီး လုပ်မနေပါဘူး)

အပိုင်း ၇၀၂ - ပြည့်စုံသော ကမ္ဘာ

ယွမ်ရှောင်သည် သစ္စာခံ နောက်လိုက်အသစ်များနှင့်အတူ မိုးကြိုးဌာနသို့ ပြန်လာပြီး တိုက်ပွဲမြေပြင်ကို ပြည်သူများ ရှင်းလင်းကြပေလိမ့်မည်။ ဤတိုက်ပွဲတွင် သူက မိုးကြိုးဌာနတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲထက် ပို၍ အကျိုးအမြတ်ထွက်ကာ စစ်မင်းသမီးနှင့် ပိုင်အာအတွက်လည်း အရေးပါသော ဆုလာဘ်များ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ပျံသန်းမြို့တော်မှ ဝန်ခံချက်များသည် မဟာတာအိုနယ်မြေတစ်ခွင် ပျံ့နှံ့သွားပြီဖြစ်ကာ အမှန်တရား ပေါ်ပေါက်လာသောကြောင့် ကောင်းကင်ရုံးတော်ရော လုဖန်ပါ အမည်းစက် ထင်သွားခဲ့သည်။ လူငယ်စုံတွဲလေးက မျှော်လင့်ချက်အသစ် ဖြစ်လာကာ မျက်တောင်တစ်ခတ်အတွင်း အဟောင်းကို ဖြုတ်ချ၍ အသစ်တင်မည့် မီးတောက်မှာ နေရာတိုင်း စွဲလောင်သွားတော့၏။

မိုးကြိုးဌာနသည် ကောင်းကင်ရုံးတော်၏ မီးရှူးတန်ဆောင် ဖြစ်လာပြီး သေမျိုးများနှင့် သာမန်အင်မော်တယ်များဘက်မှ တိုက်ပွဲဝင်လိုသော အမှန်တရားဘက်တော်သားများကို ဆွဲဆောင်နိုင်ခဲ့သည်။ လူအုပ်ကြီးက ရေစီးကြောင်းပမာ တိုးဝှေ့ရော​က်ရှိနေကြပြီး ထိုက်မင်းဆက်ကို ဖြုတ်ချရန် လာရောက်ပူးပေါင်းခြင်း ဖြစ်သောအခါ ယွမ်ရှောင်လည်း စိတ်ကျေနပ်သွားသည်။

"ဒီကမ္ဘာက အကောင်းဘက်ကို ပိုယိမ်းတတ်တယ်။ ပဲ့ကိုင်ရှင်က လူယုတ်မာဖြစ်နေရင်တောင် လူတိုင်း သူတို့နဲ့အတူ ငရဲလိုက်မှာ မဟုတ်ဘူး"

ထိုအတွေးများက ယွမ်ရှောင်၏ ကြိုးစားအားထုတ်မှုအတွက် တန်ဖိုးကို အတည်ပြုပေးခဲ့၏။

"မိုးကြိုးဌာနကို သွားမယ်"

"လုယောင်နဲ့ သတ္တမမင်းသမီးနောက်ကို လိုက်ကြ"

ယနေ့တိုင်အောင် အင်မော်တယ်များက သူ့ကို ပန်းချီဆွဲဝါသနာပါသော စီရင်သူ လူငယ်လေးအဖြစ် မှတ်မိနေကြသော်လည်း ယွမ်ရှောင်ဖြစ်စေ၊ လုယောင်ဖြစ်စေ အမည်နာမသည် အရေးမပါတော့ပေ။

"ကောင်းကင်ရုံးတော်ရဲ့ အပြစ်တွေကို ရှင်းလင်းပြီး ဥပဒေ ပြဋ္ဌာန်းကြ"

သတ္တမမင်းသမီး၏ နာမတော်အောက်တွင် မိုးကြိုးဌာန စီရင်သူများ၊ ကောင်းကင်စစ်တပ်နှင့် လွတ်လပ်သော အင်မော်တယ်များက စည်းလုံးသွားကြသည်။

"ဒီအတိုင်းဆိုရင် တော်ဝင်နန်းတော်ရဲ့ အာဏာက လျော့နည်းသွားလိမ့်မယ်"

စိတ်အားထက်သန်၍ သွေးဆူနေသော အင်မော်တယ်များကြောင့် ယုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ကူစုဝမ်မှာလည်း လေးလေးနက်နက် ထောက်ခံလိုက်၏။

"ကိုယ်ကျင့်တရားကောင်းရင် နောက်လိုက်တွေ ပေါပြီး ယုတ်မာရင်တော့ ဘယ်သူမှ ထောက်ခံမှာ မဟုတ်ဘူး"

"ငါတို့ကို အမှားပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ တကယ်လည်း ကျေးဇူးတင်မိပါတယ်။ တခြားဘာလုပ်ပေးနိုင်မလဲ မပြောတတ်ပေမယ့် သူ ပေးထားတဲ့ အသက်ကို ပြန်စတေးရမယ်ဆိုရင်တောင် တန်ပါတယ်"

"ငါတို့လည်း သိပ်ပြီး ဝန်ပိနေစရာ မလိုပါဘူး။ များများလာတဲ့ နောက်လိုက်တွေကို စီမံဖို့ လူလိုတယ်။ ဒါက ငါတို့ရဲ့ တာဝန်ပဲ။ အကောင်းဆုံး လုပ်ကြမယ်။ အခြေအနေတွေ တည်ငြိမ်သွားမှ သေတာရှင်တာ ဆက်ပြောကြတာပေါ့"

ကူစုဝမ်က ပေါ့ပေါ့ပါးပါး ထောက်ပြလိုက်သောအခါ ယုရင်လည်း သူမ၏ လမ်းကြောင်းကို ရှာတွေ့သွားပုံပေါ်သည်။ သူမက ကောင်းကင်စစ်တပ်၊ လွတ်လပ်သော အင်မော်တယ်များနှင့် နတ်ဆိုးမိစ္ဆာ ကပြားများကို ​နေရာချထားပေးမည် ဖြစ်ပြီး ကူစုဝမ်မှာ စီရင်သူ တပ်မတော်ကို တာဝန်ယူရပေလိမ့်မည်။ မိုးကြိုးဌာနသို့ ရောက်ရောက်ချင်း သူတို့က ချက်ချင်း အလုပ်ရှုပ်သွားကြသော်လည်း ယွမ်ရှောင်မှာ ကွပ်ကဲရန် ပျင်းရိသော ခေါင်းဆောင်ပီပီ ပျောက်ချင်းမလှ ပျောက်နေသည်။

"ထွေးထုတ်လိုက်တော့"

ခန်းမတစ်ခုအတွင်း သူက ပိုင်အာနှင့်အတူ ရောက်ရှိနေပြီး ဖောင်းကားနေသော ဝမ်းဗိုက်ကို ညွှန်ပြကာ ပြောလိုက်၏။

"ဟုတ်ကဲ့"

သူမက ခေါင်းညိတ်၍ သခင်ဖြစ်သူနှင့် ကိုက်ညီသော ဓားဝိညာဥ်များ၊ အသက်တံဆိပ်များနှင့် သွေးများကို အန်ထုတ်ပေးလိုက်သည်။ ဖုန်းလိုင် တစ်ယောက်တည်းတွင်ပင် ဓားနှင့် ရုန်းပိုင်နက် ခြောက်ဆယ်ကျော် ရှိပြီး အရင်းအမြစ်များကို ဝါးမျိုပြီးနောက် သူ့တွင် ဓားပိုင်နက် ရှစ်ဆယ်ကျော်နှင့် ရုန်းပိုင်နက် ရှစ်ဆယ်အထိ တိုးတက်သွား၏။ အရေအတွက် တစ်ခုသို့ ရောက်သောအခါ ရှေ့ဆက်ရန် ခက်ခဲလာပြီး စုပ်ယူခဲ့သမျှ ဓားဝိညာဉ်နှင့် အသက်တံဆိပ်များအနက် ဖုန်းလိုင်၏ အရာသာ အစွမ်းအထက်ဆုံး ဖြစ်၍ ကျန်အရင်းအမြစ်များမှာ အလွန် နိမ့်ကျနေသည်။

"အရည်အသွေးမြင့်မားတဲ့ ပျက်စီးချီတွေကို နောက်ထပ် ဘယ်မှာရှာရမလဲ မသိဘူး။ ဒါကြောင့် လနတ်သားကို အပြင်လွှတ်ပေးဖို့ မလိုသေးဘူး"

ယွမ်ရှောင်သည် သွေးများကို ကပ်ဘေးမိစ္ဆာသွေး အားကိုးဖြင့် သန့်စင်လိုက်သောအခါ မိုးကြိုးငါးပါး ကပ်ဘေး၏ စတုတ္ထမြောက် မိုးကြိုး စတင် ကျရောက်လာတော့သည်။ သစ်သားချီ မိုးကြိုးများက ရေတံခွန်ပမာ တဝေါဝေါ ကျဆင်းလာသောအခါ သူသည် လူသား၊ မိစ္ဆာနှင့် နတ်ဆိုး ပေါင်းစပ်ထားသည့် ရုပ်ခန္ဓာဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ မကြာမီ ငါးခုမြောက်နှင့် အခက်အခဲဆုံး ကပ်ဘေးဖြစ်သော သတ္တုချီ မိုးကြိုး ကျဆင်းလာကာ စစ်မင်းသမီး ကိုယ်တိုင် ရင်ဆိုင်ရလျှင် များစွာ ကြိုးစားအားထုတ်ရပေလိမ့်မည် ဖြစ်သော်လည်း ယွမ်ရှောင်သည် သူမကိုယ်စား ဤဝန်ထုပ်ဝန်ပိုးကို အလွယ်တကူ ကျော်ဖြတ်ပေးခဲ့သည်။

"ကပ်ဘေးမိစ္ဆာသွေးက အမြန်ဆုံး တိုးတက်လာခဲ့တာပဲ။ အခုဆိုရင် အခြေတည်အဆင့် ဝိညာဥ်ပြောင်းနယ်ပယ်ကိုတောင် ရောက်နေပြီ"

နတ်ဆိုးကိုယ်ပွားက နောက်ပိုင်းအဆင့် ဝိညာဥ်ပြောင်းနယ်ပယ် ရောက်နေပြီဖြစ်သော်လည်း မူရင်းကိုယ်မှာ ရွှေအင်မော်တယ်အဆင့်တွင်သာ ကျန်ရစ်နေဆဲပင်။

"ဘာလို့ မူရင်းကိုယ်က မိုးကြိုးငါးပါး ကပ်ဘေးကို မဆွဲဆောင်နိုင်သေးတာလဲ။ ငါ့ကို ထပ်ပြီး သတ်ဖို့ ကောင်းကင်နိယာမတွေ ထပ်ကြံနေတာများလား"

ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို ကျင့်ကြံရင်း ယွမ်ရှောင်က ဤအတွေးမှာ အတော်လေး ဖြစ်နိုင်ချေ ရှိသည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင် ဖြစ်ပါစေ၊ သူက ကောင်းကင်ပျံသန်းမြို့တော် တိုက်ပွဲကထက် ပိုမို အစွမ်းထက်လာခဲ့၏။

"ငါနဲ့ လိုက်ခဲ့"

"နှစ်ယောက်တည်းလား"

ယွမ်ရှောင်က ခြေညောင်းလက်ဆန့် ပြုလုပ်ပြီးနောက် ဓားယာဥ်ပေါ် တက်ကာ ပိုင်အာကို လှမ်းခေါ်လိုက်သည်။

"အိပ်နေတဲ့ တစ်ယောက်ကိုပါ ထည့်တွက်ရင် သုံးယောက်လေ"

သူက ဖန်ခေါင်းတလားအတွင်း လဲလျောင်းနေသည့် စစ်မင်းသမီးထံ လက်ညှိုးထိုးပြကာ ပြောသည်။

"ဒီသနားစရာ မမက ဘယ်အချိန် နိုးလာမှာလဲ"

ပိုင်အာက အသက်ဓာတ်ကင်းမဲ့နေသော တစ်ဖက်လူအပေါ် သနားနေပုံရသည်။

"ဘာမှမသနားနဲ့။ အိပ်နေတာသက်သက်ပါ။ သူ နိုးလာရင် အဆင့်တောင် တက်သွားဦးမယ်"

သူက ရယ်မောကာ ရှင်းပြလိုက်ပြီး ကပ်ဘေးမိစ္ဆာသွေးကို ခွဲထုတ်ခြင်းမှာ အသားကျနေပြီ ဖြစ်သောကြောင့် ရေနစ်သကဲ့သို့ မခံစားရတော့ပေ။ ထို့နောက် စကားထပ်မများတော့ဘဲ သူက ဓားယာဥ်ကို တော်ဝင်နန်းတော်ထံ အရှိန်ပြင်းပြင်း မောင်းနှင်သွားခဲ့ပြီး ပိုင်အာအတွက် ညလယ်စာ ကျွေးမွေးရန် ဖြစ်ပေလိမ့်မည်။

တော်ဝင်နန်းတော်ရှိ စစ်ပွဲက အလွန်ပြင်းထန်ပြီး အမြင့်ဆုံး ရေချိန်သို့ ရောက်ရှိနေကာ စစ်သည်တိုင်း မျက်လုံးများ သွေးရောင်လွှမ်းနေကြသည်။ ထိုက်ယု အင်ပါယာ အစီအရီအတွင်း အလောင်းနှင့် သွေးများ နေရာတိုင်း ရှိနေပြီး အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်လျက် ပျံ့နှံ့နေကြ၏။ အကြွင်းအကျန် ကိုးဆယ်ရာခိုင်နှုန်းကျော်သည် အငမ်းမရ ဝါးမျိုစားသောက်နေသော မယ်တော်ကြီး၏ ကိုယ်တွင်းသို့ စဥ်ဆက်မပြတ် ရောက်ရှိနေသည်။ မျက်စိတဆုံး ကြည့်လိုက်လျှင် ကြယ်တပ်မတော်၊ ဌာနတပ်မကြီး တစ်ဆယ့်ရှစ်ခုနှင့် နာရက၏ အင်အားစုများ သေခြင်းတရား ဝဲဂယက်အတွင်း ပိတ်မိကုန်သည်။ အသက်ပေါင်းများစွာက အာဏာရှိသူများ၏ လောဘနှင့် ကိုယ်ကျိုးစီးပွားအတွက် စတေးခံနေကြသည်။

ဧရာမ အလောင်းကောင်ကြီးသည် ထိုက်ဝေ အင်ပါယာ အစီအရင်၏ စွမ်းအားကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ပြီး သူမ၏ အစီအစဥ် အတိုင်းသာဆိုလျှင် နတ်ဆိုးစစ်တပ်များက ယခုအချိန်တွင် လွတ်မြောက်သွားသင့်ပေသည်။ ထိုအစီအရင်အတွင်း ကြာကြာနေလေလေ၊ သူမ၏ နောက်လိုက် နတ်ဆိုးများအတွက် အခြေအနေ ပိုမို ဆိုးရွားလေလေ ဖြစ်၏။

"မိစ္ဆာမျက်လုံး၊ နင် ကိုယ့်အလုပ်ကို မလုပ်ဘူးလား"

သူမက ကောင်းကင်အထက်ရှိ ဧရာမ မျက်လုံးကြီးထံ မကျေမနပ် ဟိန်းဟောက်လိုက်သည်။

"ကြည့်နေလိုက်"

​၎င်းက စစ်မြေပြင်ကို ဝေ့ကြည့်လိုက်ပြီး အသံလှိုင်းများ ထွက်ပေါ်လာကာ ငိုသံများ ပဲ့တင်ထပ်ကုန်သည်။ မျက်စိတစ်မှိတ်အတွင်း သွေးရောင်လှိုင်းများက ၎င်းထံမှ ထွက်ပေါ်လာပြီး အရာအားလုံးကို ရိုက်ခတ်သွား၏။ ဤလှိုင်းများက တစ်ခုပြီး တစ်ခု ဆက်တိုက်လာနေကာ နတ်ဆိုး၊ မိစ္ဆာနှင့် လူသားအားလုံးကို လွှမ်းခြုံ၍ တိုက်စားပစ်နေသည်။

တော်ဝင်နန်းတော်၏ လူသား အင်မော်တယ်များက မျက်လုံးအတွင်း သွေးနီရောင် ဖုံးလွှမ်းကာ ရူးသွပ်သွားကြပြီး အသိဉာဏ်ကင်းမဲ့သော ဖုတ်ကောင်များအဖြစ် ပြောင်းလဲကုန်သည်။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် အော်ဟစ်ရင်း ရန်သူ မိတ်ဆွေ မခွဲခြားဘဲ မဲမဲမြင်ရာ တိုက်ခိုက်ပစ်လာကြ၏။ ကြယ်တပ်မတော်၏ ကာကွယ်ရေး ခံစစ်ကြောင်းက ပရမ်းပတာ ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပြိုကျပျက်စီးလာသည်။ ဖုတ်ကောင်များ အဖြစ် ပြောင်းလဲသွားသော လူသားများသည် အသိဉာဏ်ကင်းမဲ့နေသဖြင့် စည်းမျဥ်း စည်းကမ်းများကို လျစ်လျူရှုကာ ရမ်းကားနေကြ၏။

"မြန်မြန် လုပ်စမ်း"

မိစ္ဆာမျက်လုံးက ထိုတိုက်ကွက်ကြောင့် အံ့သြတကြီး ဖြစ်နေသော မယ်တော်ကြီးကို တိုက်တွန်းနေသည်။

"ဒီလောက်ထိရောက်တာကို ဘာလို့ အစကတည်းက မသုံးတာလဲ"

"လူသေတွေရဲ့ မကျေနပ်ချက်နဲ့ သွေးတွေ လိုအပ်တယ်"

ရှင်းပြချက်ကို လက်ခံကြောင်း ခေါင်းညိတ်ပြပြီးနောက် သူမသည် ဟိန်းဟောက်ကာ ထိုးစစ်ကို အစွမ်းကုန် ဖွင့်ပစ်လိုက်သည်။ ကြယ်တပ်မတော်၏ ခံစစ်လိုင်းကို နတ်ဆိုးစစ်တပ်က ထိုးဖောက်ပြီး တော်ဝင်နန်းတော်ထံ အင်အားအပြည့်ဖြင့် ချီတက်သွားခဲ့၏။ သူမ၏ ဧရာမ ခန္ဓာကိုယ်ကြီး အရှိန်ရသွားသည်နှင့် တပြိုင်နက် မည်သည့်အရာမှ မတားဆီးနိုင်သောကြောင့် လမ်းပိတ်သူတိုင်း အရှင်လတ်လတ် ဝါးမျိုစားသောက်ခံနေရသည်။ သူတို့၏ တိုက်ကွက်များက မယ်တော်ကြီးထံမှ အသားတုံး အနည်းငယ်သာ ပဲ့ထွက်သွားစေနိုင်ကာ အရာမထင်ချေ။

စစ်မြေပြင်တွင် အလောင်းနတ်ဆိုးသည် ပြိုင်ဘက်ကင်း ဒိုင်းကြီးတစ်ခု ဖြစ်နေပြီး စွမ်းအား အကန့်အသတ် မရှိသောကြောင့် ထိုက်ယု ကြောက်ရွံ့ရသော အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။ မိစ္ဆာမျက်လုံး၏ အကူအညီဖြင့် သူမသည် နာရကကျူးကျော်စစ်ကို ဦးဆောင်ကာ ကြယ်တပ်မတော်ကို အထက်စီးမှ ဖိနှိပ်လျက်ရှိ၏။ နောက်ဆုံးတွင် နတ်ဆိုးစစ်တပ်သည် သွေးစွန်းနေသော လမ်းကြောင်းကို ထိုးဖောက်နိုင်ခဲ့သောအခါ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲ၍ အင်မတန် သာယာလှပသော နယ်မြေတစ်ခု မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ ပုံပြင်ဇာတ်လမ်းများအတွင်းမှ သုခဘုံသည် နတ်ဆိုးနှင့် မိစ္ဆာများ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

"ဟင်"

သူတို့က တော်ဝင်နန်းတော်ကို ပထမဆုံးအကြိမ် မြင်ဖူးသောအခါ တအံ့တသြ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။ ပျက်စီးယိုယွင်းနေသော သူတို့၏ နယ်မြေနှင့် နှိုင်းယှဥ်လျှင် ခမ်းနားထည်ဝါသော ဤနေရာသည် အိပ်မက်ပမာ ထင်မှတ်ရသည့် သုခဘုံအလားပင် ဖြစ်သည်။

"ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးပါလား"

မယ်တော်ကြီး၏ ခန္ဓာကိုယ်အထက်တွင် မရေမတွက်နိုင်သော မျက်လုံးများ ထွက်ပေါ်လာပြီး ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေသည်။ သူမက တော်ဝင်နန်းတော်ကို အရည်ရွှမ်းသော နတ်မက်မွန်သီးပမာ သဘောထားကာ စားသောက်ချင်စိတ်ဖြင့် သွားရေတမြားမြား ကျနေခဲ့လေသည်။

All Chapters