အခန်း (၆၉၁-၆၉၂)
Vol. 52 Ch. 691-692
အပိုင်း ၆၉၁ - မိစ္ဆာမျက်လုံး၏ သဘောထား
သွေးများ ဖုံးလွှမ်းနေသော စစ်မြေပြင်အထက် လေထဲတွင် အနီရောင် မျက်လုံးကြီး ထွက်ပေါ်လာသော်လည်း ဝင်မပါဘဲ အကဲခတ်လျက်ရှိသည်။
"ငါက ထိုက်ယုရဲ့ တည်နေရာကို လိုက်ရှာနေတာပါ"
"မြန်မြန်လုပ်စမ်း"
မယ်တော်ကြီးက နှာခေါင်းရှုံ့၍ ပြောလိုက်သော်လည်း တစ်ဖက်လူမှာ အေးအေးဆေးဆေး ပြန်လည်ချေပခဲ့၏။
"မင်းက အလောင်းတွေကို သိပ်ကြိုက်တယ် မဟုတ်ဘူးလား။ လူသားနေနေ၊ နတ်ဆိုးနေနေ များများသေလေလေ မင်းအတွက် ကောင်းလေလေပဲ။ စစ်ပွဲကြာရင် မင်း ပိုသန်မာလာမှာ မဟုတ်ဘူးလား"
သူမက ထိုမေးခွန်းကို မဖြေဘဲ တစ်ဖက်လှည့်သွားသောကြောင့် အမှန်တရားဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ တိုက်ပွဲကျသွားသော နတ်ဆိုးများက သူမအတွက် အစာသက်သက်သာ ဖြစ်သောကြောင့် ဂရုမစိုက်သော်လည်း အရသာကို ငြီးငွေ့နေသဖြင့် လူသားများအပေါ် ချဥ်ချင်းတက်လာခဲ့သည်။
"တွေ့ပြီ"
ကြီးမားလှသော သူငယ်အိမ်အတွင်း စစ်မြေပြင်အလယ်မှ ပုံရိပ်တစ်ခု ထင်ဟပ်သွားသော်လည်း ထိုက်ယု မဟုတ်ချေ။ ထိုပုံရိပ်မှာ အရပ်ခုနစ်ပေမြင့်ပြီး သွေးရောင်မုန်တိုင်းတစ်ခုပမာ တိုက်ခိုက်ရင်း ပန်းထွက်လာသမျှ သွေးများကို အလွတ်မပေးဘဲ စုပ်ယူနေသည်။
"မဆိုးဘူး။ ဉာဏ်ကောင်းတယ်။ အစာကို ခိုးနေတာတောင် အလောင်းနတ်ဆိုးက သတိမထားမိဘူး"
မိစ္ဆာမျက်လုံးက နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေစဥ် ကပ်ဘေးမိစ္ဆာသွေးကို ထောက်ပံ့ရန် အကောင်းဆုံးဖြစ်သော အင်မော်တယ်တိုင်း၏ သွေးများမှာ စစ်မင်းသမီးထံ ရောက်ရှိကုန်သည်။ အန္တရာယ်များသော အကြည့်တစ်ခု ရုတ်တရက် ကျရောက်လာကြောင်းကို သူမ သတိထားမိ၍ အပေါ်မော့လိုက်သောအခါ ၎င်းနှင့် မျက်လုံးချင်းဆုံသွားခဲ့၏။
"မင်းတန်ဖိုးထားတဲ့ တစ်ယောက်ယောက် မဟာတာအိုနယ်မြေမှာ ရှိတယ်မလား"
အံ့သြစရာကောင်းလှသော မေးခွန်းကြောင့် သူမသည် လုပ်လက်စများ တန့်သွားခဲ့သည်။
"သူ ဘယ်လိုလုပ် သိတာလဲ မေးလိုက်"
ယွမ်ရှောင်၏ အသံကလည်း စိတ်ထဲတွင် ထွက်ပေါ်လာသဖြင့် မေးလိုက်သောအခါ တိုက်ရိုက် အဖြေမရခဲ့ပေ။
"ငါ့ခန္ဓာကိုယ်က မျက်လုံးတစ်လုံးတည်း ကျန်တာလေ။ နည်းနည်းတော့ အစွမ်းထက်တာပေါ့"
မိစ္ဆာမျက်လုံးက တစ်ချက်ပြုံး၍ ခေါင်းယမ်းပြသည်။
"ငါ့ကို သွေးဆေဘာလက်ဆောင်ပေးပြီး အခုလည်း လျှို့ဝှက်စုံစမ်းနေပြန်ပြီ။ ရှင် ဘာတွေကြံနေတာလဲ"
"ငါ သူနဲ့ စကားပြောလို့ရမလား"
၎င်းက ခဏတာ စဥ်းစားပြီးနောက် လေးနက်တည်ကြည်စွာ ပြန်မေးသည်။
"ငါကနေတစ်ဆင့် ပြောလို့ရတယ်"
"ဒါဆိုရင် သူ ဘယ်သူဖြစ်ဖြစ် မိစ္ဆာချောက်နက်နဲ့ ငါက အပြည့်အဝ ထောက်ခံချင်တယ်။ ငါ့ဆီက ဘာလိုအပ်သလဲ မေးလိုက်ပါ"
"ငါ နားကြားမှားနေတာလား"
သူမက အူကြောင်ကြောင် ဖြစ်သွားသဖြင့် ယွမ်ရှောင်မှာ တစ်ချက်ဟန့်ရင်း ပူးပေါင်းရန် လိုအပ်သည်များ ညွှန်ကြားပေးလိုက်သည်။
"နင်က အရူးလား။ သူ့မျက်လုံးက ငါတို့လျှို့ဝှက်ချက်တွေကိုတောင် မြင်နေရတယ်။ ဘယ်သူက အကောင်းဆုံးလဲဆိုတာ သိလို့နေမှာပေါ့။ အချိန်ခဏလောက် စောင့်ခိုင်းထားလိုက်။ စစ်ပွဲကို မတားဆီးနဲ့။ ဒါပေမယ့် မိစ္ဆာစစ်တပ်ကို အသေအပျောက် အနည်းဆုံး ဖြစ်ပါစေ။ လိုအပ်ရင် ငါ သတင်းပို့မယ်"
"ဟုတ်ကဲ့"
မိစ္ဆာမျက်လုံးထံ သူမက ယွမ်ရှောင်၏ စကားကို ဖောက်သည်ချလိုက်သောအခါ ၎င်းမှာ ကြိုတင်မျှော်လင့်ထားပုံပေါ်သည်။
"သူ လက်ခံလို့ ငါက ကျေးဇူးတင်တယ်ဆိုတာ ပြောလိုက်ပါ"
"ရတယ်။ ကိုယ်တိုင်ပြောလိုက်။ ငါ့အတွက် သူကိုယ်တိုင် ရောက်လာပြီ"
သူမက မိစ္ဆာမျက်လုံး၏ အနောက်ဘက်သို့ လက်ညှိုးထိုးပြ၍ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ၎င်းက လှည့်ကြည့်လိုက်သောအခါ အနက်ရောင် နတ်ဆိုးမြူများအကြားတွင် ဓားယာဥ်တစ်စင်း ရှိနေပြီး အဖြူရောင်ဝတ် လူငယ်တစ်ယောက် အပြင်ထွက်လာခဲ့၏။ လေပြင်းများ တိုက်ခတ်နေသဖြင့် ဆံပင်ရှည်များ လွင့်ပျံနေကာ အညစ်အကြေး ကင်းစင်သော အဖြူရောင်ဝတ်ရုံအောက်မှ မျက်နှာသည် ကောင်းကင်မှ ထုဆစ်ပေးထားသည့်အလား ချောမောခန့်ညားလှသည်။
မိစ္ဆာမျက်လုံးက ယွမ်ရှောင်ကို အကြည့်ဖြင့် စူးစမ်းလိုက်သောအခါ ဆတ်ခနဲ တုန်သွားပြီး ဘဝတလျှောက်လုံး တစ်ကြိမ်ပင် မဖြစ်ဖူးသော ဇဝေဇဝါအတွေးများအကြား ပိတ်မိခဲ့သည်။ တစ်ဖက်လူက ၎င်းကို တစ်ချက်ပြုံးပြ၍ ကျော်ဖြတ်ကာ စစ်မြေပြင်အတွင်း ဆင်းသက်သွားသောအခါတွင်မှ သတိပြန်ဝင်လာခဲ့သည်။ သို့သော် ၎င်း၏ အကြည့်သည် ရှုပ်ယှက်ခတ်နေသော စစ်မြေပြင်အတွင်း အဖြူရောင်ပုံရိပ်တစ်ခုတည်းအပေါ်တွင်သာ ကျရောက်နေပြီး မျက်တောင်ပင်မခတ်ချေ။
"နံလိုက်တာကွာ"
ယွမ်ရှောင်သည် လနတ်သားမှတဆင့် မယ်တော်ကြီး၏ အပုပ်နံ့ကို ကြုံဖူးသော်လည်း ကိုယ်တိုင်ခံစားရသောအခါ သည်းမခံနိုင်စရာပင်။ ထို့ကြောင့် အသက်တံဆိပ်ကို ထုတ်ယူ၍ ခန္ဓာကိုယ်အထက် ဆောင်ထားလိုက်သောအခါတွင်မှ သက်သာသွားခဲ့သည်။ စစ်မြေပြင်၌ အပြင်းအထန် တိုက်ခိုက်နေကြပြီး မည်သည့်ဘက်မှ အနိုင်မရသော်လည်း အသားစများ တရစပ် လွင့်ပျံနေပြီး နတ်ဆိုးများသည် မဟာတာအိုနယ်မြေဟူသော သုခဘုံကို လိုချင်တပ်မက်စိတ်ကြောင့် အကြမ်းတမ်းဆုံး တိုက်ပွဲဝင်လျက်ရှိ၏။
"ကောင်းတယ်။ နှစ်ဖက်လုံး များများသေလေ၊ ကောင်းလေ"
သူက အေးစက်စက် ချီးကျူးရင်း မယ်တော်ကြီးထံ လှမ်းကြည့်လိုက်သောအခါ နှုတ်ခမ်းအထက် အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူမက လတ်လတ်ဆတ်ဆတ် အလောင်းများစွာကို စုပ်ယူပြီးနောက် ကောင်းကင်တစ်ခွင် အပုပ်အငွေ့အသက် ပြည့်နှက်နေကာ သတ်ဖြတ်ရင်း စားသောက်နေ၏။
"နည်းနည်းလောက် သန့်စင်ပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ ကြည့်ရသေးတာပေါ့"
သူက အဖြူရောင်အလင်းတန်းအဖြစ် ရွေ့လျားရင်း ပစ်မှတ်ဖြစ်သော ဧရာမအလောင်းနတ်ဆိုးကြီးထံ တိတ်တဆိတ် ချဥ်းကပ်သွားခဲ့သည်။ စစ်မြေပြင်၌ အင်မော်တယ်များ မရေမတွက်နိုင်လောက်အောင် တိုက်ပွဲဝင်နေသောကြောင့် မယ်တော်ကြီးက သူ့ကို သတိမထားခဲ့သဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်သွားသည်နှင့် တပြိုင်နက် ထောင်စောင့်နဂါး တံဆိပ်ဖြင့် ထိကပ်ပေးလိုက်၏။ သန့်စင်သော ချီစွမ်းအင်များ မီးတောက်ကဲ့သို့ တဝုန်းဝုန်း တောက်လောင်နေသော ၎င်းက အပုပ်အငွေ့အသက်များကို ဖယ်ရှားလိုက်သောအခါ သူမသည် တစ်သက်လုံး မသိခဲ့ဖူးသော သာယာမှုကို ခံစားမိခဲ့သည်။ ထို့ကြောင့် တော်ဝင်နန်းတော်တစ်ခွင် ပဲ့တင်ထပ်သွားလောက်အောင် အော်ညည်းလိုက်သောအခါ တိုက်ခိုက်နေသူများပင် ဇဝေဇဝါဖြစ်ကုန်ပြီး ကြားဖူးသမျှ အကျယ်လောင်ဆုံး ညည်းသံ ဖြစ်နိုင်သည်။
"ဝုန်း ဝုန်း ဝုန်း"
ဧရာမအလောင်းနတ်ဆိုးကြီးက ပြင်းထန်စွာ တုန်ယင်လာပြီး ညည်းသံအကြိမ်ကြိမ် ထွက်ပေါ်လာပြီးနောက် ခဏအတွင်း အလျင်အမြန် ကျုံ့ဝင်သွား၏။ ယွမ်ရှောင်၏ ရှေ့မှောက်တွင် ရပ်နေသူမှာ ရေတံခွန်ပမာ ဖြာကျနေသော ဆံပင်ရှည်များနှင့် အရပ်ရှည်ရှည် မိန်းမတစ်ယောက် ဖြစ်နေပြီး ရင်သပ်ရှုမောဖွယ် မလှပသော်လည်း ခြေတံရှည်ကောက်ကြောင်းများမှာ မေ့ပစ်ရန် မလွယ်ချေ။ သူမက သာယာမှုတွင် နစ်မြုပ်နေဆဲဖြစ်ကာ တစ်ဖက်လူ ကိုင်ဆောင်ထားသော အသက်တံဆိပ်ကို မျက်လုံးအပြူးသားနှင့် ငေးမောလျက်ရှိသည်။
"ဒါက..."
"မလှုပ်နဲ့"
ယွမ်ရှောင်က အသက်တံဆိပ်ကို လက်တစ်ဖက်ဖြင့် မြှောက်ထားပြီး ကျန်လက်တစ်ဖက်နှင့် ဓားဝိညာဥ်အား ဆင့်ခေါ်ကာ မယ်တော်ကြီး သာယာမှုတွင် သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ဗိုက်ထဲ ထိုးသွင်းပစ်ခဲ့သည်။
"ဟင်"
သူမက မျက်မှောင်ကြုတ်လိုက်ပြီး သူငယ်အိမ်များ ကျဥ်းမြောင်းသွားစဥ် ယွမ်ရှောင်၏ လက်က ဝမ်းဗိုက်အတွင်း ချက်ချင်းရောက်လာကာ ငွေရောင် အသားလုံးတစ်ခုကို နှိုက်ထုတ်သွားခဲ့သည်။ ၎င်းက သူ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ပေါင်းစပ်သွားပြီး စစ်မြေပြင်အထိ ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းဖြစ်ကာ ကိုယ်ပွားကို ပြန်လည်ရယူရန် ဖြစ်၏။
"မင်းက အဲ့ဒီမြေခွေးနဲ့ တစ်ဖွဲ့တည်းလား"
လနတ်သားကို အစာချေမရသဖြင့် ခေါင်းကိုက်နေရသော မယ်တော်ကြီးက သံသယစိတ်နှင့် မေးခွန်းထုတ်သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ"
ယွမ်ရှောင်၏ အေးတိအေးစက် အမူအရာအပေါ် သူမက စိတ်မဝင်စားဘဲ အသက်တံဆိပ်ကိုသာ လောဘတကြီး စိုက်ကြည့်နေသည်။ သူမက ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ပြီး လက်ဆန့်ထုတ်ကာ လုယူရန်အတွက် ကြိုးပမ်းလိုက်သည်။
"တုံးလွန်းတယ်"
သူက နောက်လိုက်အဖြစ် လက်ခံရန် အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း မယ်တော်ကြီးမှာ လောဘကြောင့် မျက်စိကန်းသွားပုံပေါ်သည်။ သန့်စင်ပေးသော အရာကို ပိုင်အာကဲ့သို့ ကျေးဇူးတင်ရမည့်အစား သူမ၏ ရွေးချယ်မှုက ဗီဇအရ လုယူရန်သာ ဖြစ်၏။ ထို့ကြောင့် သူက ဒုတိယအကြိမ် အခွင့်အရေးပေးရန် စိတ်မဝင်စားသဖြင့် အသက်တံဆိပ်ကို ရုန်းထီးအသွင်ပြောင်း၍ မီးခိုးငွေ့များ ဝုန်းခနဲ ပေါက်ကွဲကုန်သည်။ ၎င်းတို့က မယ်တော်ကြီး၏ အမြင်အာရုံကို ဖုံးကွယ်သွား၍ လွင့်ပြယ်သွားသောအခါ ယွမ်ရှောင်ရော၊ လနတ်သားပါ နှစ်ယောက်လုံး ပျောက်ကွယ်သွားတော့၏။
"မဟုတ်ဘူး"
သူမက ဒေါသတကြီး ဟိန်းဟောက်လိုက်သောအခါ မျက်နှာတစ်ခုလုံး တွန့်လိမ်ရှုံ့မဲ့နေသည်။ စစ်မင်းသမီးက သွေးများကို ဆက်လက်စုပ်ယူနေစဥ် ယွမ်ရှောင်၏ အမိန့်သံကို ကြားလိုက်ရ၏။
"ငါ့နောက်က လိုက်လာခဲ့"
"သွေးတွေကို ဒီအတိုင်းထားခဲ့ရမှာ နှမြောစရာပဲ"
သူမက ပါးစပ်မှသာ ပွစိပွစိ ပြောလိုက်သော်လည်း အမိန့်ကို ငြင်းဆန်လိုစိတ် မရှိချေ။
"နောက်ထပ်စစ်မြေပြင်တစ်ခု ရှိသေးတယ်။ အဲ့ဒီမှာ ငါ မင်းကို ပိုပြီး လိုအပ်တယ်။ သွားကြစို့"
အပိုင်း ၆၉၂ - စစ်ကူများ ခေါ်ဆောင်လာခြင်း
တော်ဝင်နန်းတော် စစ်ပွဲ၏ အပြင်ဘက်သို့ ဓားယာဥ်က ထွက်ခွာလာခဲ့ပြီး ယွမ်ရှောင်နှင့်အတူ စစ်မင်းသမီးလည်း ရောက်ရှိနေသည်။ သူတို့ ချဥ်းကပ်လာသောအခါ တံခါးက ချက်ချင်းပွင့်သွားသဖြင့် အတွင်း၌ လူရှိကြောင်း သေချာသည်။ သူမက ဓားယာဥ်အတွင်းပိုင်းသို့ ခေါင်းငုံ့ဝင်ရောက်ပြီးပြီးချင်း အရာအားလုံးကို လျင်မြန်စွာ စစ်ဆေးလိုက်၏။ အပြာရောင်ဝတ် မိန်းမတစ်ယောက်က ယာဥ်မောင်းနေရာတွင် ရှိနေကာ ငွေရောင်ဆံပင်နှင့် အလှလေးသည် မလှုပ်မယှက် ရပ်ကာ ကြိုဆိုခဲ့ပြီး ကျစ်ဆံမြီးနှစ်ဖက်နှင့် နတ်ဆိုးအစေခံမလေးမှာမူ ထောင့်တွင် ဆောင့်ကြောင့်ထိုင်နေရင်း ဝင်ရောက်လာသော သူမအပေါ် စူးစမ်းသလို ကြည့်နေခဲ့သည်။
"သြော် သခင်လေးယွမ်က တော်တော်လေး အရသာခံတတ်တာပဲ။ အသက်အရွယ်ရော အမျိုးအစားရော စုံလင်လိုက်တာ"
သူမက စနောက်လိုက်သောအခါ ယွမ်ရှောင်သည် တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့သည်။
"လျှောက်ပြောမနေနဲ့။ သူတို့က ငါ့အတွက် ဆရာနဲ့ မွေးစားအမေပဲ"
အမှန်အတိုင်း ပြောရလျှင် ဤစကားကို ကြားသောအခါတွင်မှ သူမသည် ကူစုဝမ်မှာ ငယ်ရွယ်ပုံပေါ်သော်လည်း မိန်းမပျိုလေး မဟုတ်ဘဲ ရင့်ကျက်သော အမူအရာများ ရှိနေကြောင်း သဘောပေါက်လိုက်သည်။
"ဒါဆိုရင် ငါလည်း နင့်ထက် အသက်ကြီးတာပဲ။ မေမေလို့ မခေါ်ချင်ဘူးလား"
စနောက်မှုများကို ဖြေရှင်းနေရန် အချိန်မရှိသောကြောင့် ယွမ်ရှောင်သည် ကူစုဝမ်ကို ကောင်းကင်ပျံသန်းမြို့တော်ထံ အမြန်ဆုံးပျံသန်းရန် ညွှန်ကြားလိုက်သည်။
"ပြန်ဆုံရတာ ဝမ်းသာပါတယ်၊ မိန်းကလေးရောင်ရောင်"
ယခင်က တစ်ကြိမ်တွေ့ဖူးသော ယုရင်သည် လေးစားစွာ နှုတ်ဆက်လိုက်သောအခါ ဆက်ဆံရေးများကို ခွဲခြားတတ်သော ကူစုဝမ်သည် စစ်မင်းသမီးက ယွမ်ရှောင်ကို ပေါ့ပေါ့ပါးပါး ဆက်ဆံနေသည်ကို မြင်သောအခါ ပတ်သက်မှု နက်ရှိုင်းကြောင်း ချက်ချင်း နားလည်သွားခဲ့၏။
"ချောင်ရူ၊ နင်တစ်ယောက်တည်း အရှင့်ရင်ထဲမှာ ရှိနေတာ မဟုတ်ပါလား"
သူမက ချောင်ရူအပေါ် မကျေနပ်သောကြောင့် ယွမ်ရှောင်၏ ဂရုစိုက်မှုများ ရရှိနေသည်ကို သိပ်မကျေနပ်ချေ။ ယခု ထွက်ပေါ်လာသော မိစ္ဆာမလေးသည် နာမည်ကြီး အလှမယ်များထက်ပင် ပို၍ ဆွဲဆောင်မှုပြင်းထန်ကာ ငယ်ရွယ်သော်လည်း ပါရမီမြင့်မား၏။ ထို့ကြောင့် သူမ၏အမြင်တွင် စစ်မင်းသမီးက တရားဝင် နံပတ်တစ် ဇနီးသည် ဖြစ်လာရန် သင့်လျော်သည်။
ကျဥ်းမြောင်းသော ဓားယာဥ်အတွင်း စီးနင်းလိုက်လာသည့် အမျိုးသမီး လေးယောက်၏ အတွေးများက ယောကျ်ားတစ်ယောက်တည်းအပေါ် ရှိနေသည်။ စစ်မင်းသမီးက ယာဥ်၏ ဗဟိုတွင် နေရာယူလိုက်သည်ကို ယုရင်နှင့် ကူစုဝမ်မှာ တိတ်တဆိတ် အကဲခတ်လိုက်ကြ၏။ သူမရှေ့မှောက်တွင် အစွမ်းထက်သော အလောင်းနတ်ဆိုးမလေး ပိုင်အာသည်ပင် အဆင့်အတန်း ကွဲပြားသည်ကို နားလည်သဖြင့် စိုးရွံ့နေပုံပေါ်သည်။ ယွမ်ရှောင်၏ စိတ်ထဲတွင် ကောင်းကင်ပျံသန်းမြို့တော်နှင့် ပတ်သက်၍ စိုးရိမ်စိတ်များသာ ပြည့်နှက်ပြီး မျက်လုံးများအတွင်း ဒေါသမီးလျှံတို့ တောက်လောင်လျက်ရှိသည်။ သို့သော် တော်ဝင်နန်းတော်မှ ထိုနေရာအထိ ခရီးစဥ်က ဝေးကွာသောကြောင့် စောင့်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။
"မင်းက တနေ့တခြား ခေါင်းကိုက်စရာလေး ဖြစ်လာတာပဲ"
စစ်မင်းသမီးက လက်ပိုက်၍ ထိုင်နေရင်း ရှည်လျားသော ခြေတံများကို လှုပ်ရှားကစားနေစဥ် ယွမ်ရှောင်၏ အသံ ထွက်ပေါ်လာသည်။
"အခု ဘာဖြစ်ရပြန်တာလဲ"
"အပြင်ထွက်တော့။ တံခါး ဖွင့်ပေးလိုက်"
ထိုအမိန့်ကြောင့် ကူစုဝမ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"ငါ့ကို အပြင်မောင်းထုတ်နေတာလား"
"မဟုတ်ဘူး။ ဓားယာဥ်အထက်မှာ သွားထိုင်နေလိုက်။ ကပ်ဘေး ရောက်လာတော့မယ်"
စစ်မင်းသမီး၏ မေးခွန်းကို သူက အပေါ်သို့ လက်ညှိုးထိုးပြ၍ ပြောလိုက်သောအခါ မိုးကြိုးငါးပါး ဝိညာဥ်ကပ်ဘေး ရောက်လာတော့မည် ဖြစ်ကြောင်း နားလည်သွား၏။ သူမက ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သော်လည်း ဝိညာဥ်ရေးရာကိစ္စရပ်များတွင် တစ်ဖက်လူလောက် မကျွမ်းချင်ပေ။
"အဲ့တာကို ငါ လှုံ့ဆော်ထားတယ်။ မြန်မြန်လုပ်စမ်း"
ခရီးနှင်နေသော ဓားယာဥ်အထက်တွင် ကျင့်ကြံသူတစ်ယောက်က ကပ်ဘေးဖြတ်ကျော်မည်ဆိုသည်မှာ ယုံကြည်စရာမကောင်းသော်လည်း နှစ်ယောက်လုံးက မငြင်းသောကြောင့် ကူစုဝမ်မှာ တံခါးဖွင့်ပေးလိုက်ရ၏။ အပြင်ဘက်တွင် မုန်တိုင်းထန်နေပြီး လျှပ်ပန်းလျှပ်နွယ်များ ပြိုးပြိုးပျက်ပျက် တောက်ပနေစဥ် စစ်မင်းသမီးသည် ကျော့ရှင်းလှပစွာ ခုန်ထွက်သွား၍ ဓားယာဥ်ခေါင်မိုးတွင် တင်ပျဥ်ခွေထိုင်ချလိုက်၏။ သူမက သံမှိုစွဲထားသကဲ့သို့ တည်ငြိမ်နေပြီး အနက်ရောင်ဆံပင်ရှည်များနှင့် ဝတ်ရုံမှာ တလူလူလွင့်နေသော်လည်း ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် မလှုပ်ချေ။ ဓားယာဥ်၏ ခေါင်မိုးမှာ ဖောက်ထွင်းမြင်ရသဖြင့် တိုလွန်းသော ဝတ်ရုံဖြင့် အထက်မှ ထိုင်ချလိုက်သောအခါ နှာခေါင်းသွေးယိုစရာ မြင်ကွင်း ဖြစ်ပေါ်လာ၏။
"လခွမ်း"
ယွမ်ရှောင်မှာ အောင့်သီးအောင့်သက် ဖြစ်သွားပြီး ကူစုဝမ်ကမူ ချီးကျူးစကားဆိုသည်။
"အရှင်က တကယ်ကံကောင်းတာပဲ။ ဒီခန္ဓာကိုယ်မျိုးနဲ့ဆိုရင် သားသမီးတွေ အများကြီး မွေးနိုင်လိမ့်မယ်။ လူနဲ့ မိစ္ဆာကပြားဆိုရင်တောင် ချောချောလေး ထွက်လာမှာပါ"
စကားအဆုံး၌ ဓားယာဥ်အတွင်း ရုတ်တရက် တိတ်ဆိတ်သွားသောကြောင့် ယုရင်က မျက်မှောင်ကြုတ်၍ စဥ်းစားနေရာမှ စကားလမ်းကြောင်းပြောင်းပေးလိုက်သည်။
"ဒီနေ့ အရှင်က နည်းနည်းထူးခြားနေသလိုပဲနော်"
"နတ်ဆိုးအရှိန်အဝါ ထွက်နေတာ မဟုတ်လား"
"ဟုတ်တယ်"
သူမက ၎င်းကို အစောကတည်းက ရိပ်မိသော်လည်း ထုတ်ပြောရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်နိုင်၏။ လနတ်သားနှင့် ပေါင်းစပ်လိုက်ပြီးနောက် ပျက်စီးနတ်ဆိုးခန္ဓာ ပိုင်ဆိုင်သွားသဖြင့် အရှိန်အဝါကို ထုတ်ဖော်ပြလိုက်သောအခါ သူမနှင့် ကူစုဝမ်ကို မွန်းကြပ်သွားစေသည်။ လက်ရှိတွင် သူက လူသားနှင့် နတ်ဆိုး ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းလာကာ လနတ်သား နိုးထလာသည်နှင့် တပြိုင်နက် အဝါရောင် မျက်လုံးတစ်စုံ ဖြတ်ခနဲ ပွင့်သွား၏။ ထိုမျက်ဝန်းတစ်စုံက ကူစုဝမ်နှင့် ယုရင်ကို ဝါးမျိုစားသောက်လိုစိတ်ဖြင့် လောဘတကြီး စိုက်ကြည့်နေသဖြင့် အလန့်တကြားဖြင့် နောက်ဆုတ်သွားမိကြသည်။
ပြီးပြည့်စုံကာ နတ်ဘုရားသဖွယ် တင့်တင်လှသော လူသားကျင့်ကြံသူတစ်ယောက်က နတ်ဆိုးမျိုးစပ်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသောအခါ သာမန်လူတို့ နားလည်နိုင်မည် မဟုတ်ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယွမ်ရှောင်က ထိုအသွင်ကို ချက်ချင်း ရုတ်သိမ်းလိုက်သော်လည်း ယုရင်မှာ အသံများပင် တုန်ရီနေ၏။
"အရှင်က လူသားလား နတ်ဆိုးလား"
ကူစုဝမ်၏ မေးခွန်းကို သူက အဖြေမပေးဘဲ စကားပြောခြင်းကို ရပ်တန့်ကာ ကပ်ဘေး ရင်ဆိုင်နေသည့် စစ်မင်းသမီးထံ အာရုံပြောင်းလိုက်သည်။ ကပ်ဘေး ကျဆင်းနေပြီ ဖြစ်သော်လည်း သူမက စိတ်အေးလက်အေး ရှိနေပြီး မသက်ဆိုင်သကဲ့သို့ပင်။ အမှန်တကယ်အားဖြင့်လည်း ကပ်ဘေးမိစ္ဆာသွေးကို ယွမ်ရှောင်က ထိန်းချုပ်၍ ကပ်ဘေးကျော်ဖြတ်မည် ဖြစ်သောကြောင့် သူမအတွက် ပါဝင်ပတ်သက်နေစရာ မလိုခဲ့ပေ။
ဓားယာဥ်က အရှိန်ပြင်းပြင်းဖြင့် ရှေ့ဆက်သွားနေသော်လည်း မြေချီ မိုးကြိုးမှာ တိတိကျကျ ပစ်ခတ်လာသောကြောင့် မည်သည့်နည်းလမ်းများ အသုံးပြုပါစေ ကပ်ဘေးကျော်ဖြတ်ခြင်းကို ရှောင်လွဲမရနိုင်ဟု သက်သေပြနေသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများအကြားတွင် စစ်မင်းသမီးသည် မိုးကြိုးစွမ်းအားဖြင့် အထပ်ထပ်အခါခါ သန့်စင်ခံလိုက်ရပြီး မူလကိုယ်ထက်ပင် သာလွန်နေခဲ့၏။ သို့သော် တိုက်ခိုက်ရေးစွမ်းအားတွင် အတွေးရတနာကျင့်စဥ်နှင့် ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ် ပိုင်ဆိုင်ထားသော မူလကိုယ်က အခြေခံအုတ်မြစ်အဖြစ် ရှိနေဆဲပင် ဖြစ်သည်။
"အခု စစ်ကူတွေ ရောက်လာပြီဆိုတော့ ငါက ကောင်းကင်ရုံးတော်ရဲ့ စစ်နတ်ဘုရားကို အပြတ်ရှင်းဖို့ အချိန်တန်ပြီ"
ကောင်းကင်ရုံးတော်သည် လက်ရှိတွင် အလွန်ပရမ်းပတာ ဖြစ်နေပြီး မိုးပြာရောင် အလင်းတန်းတစ်ခုသည် တော်ဝင်နန်းတော် စစ်မြေပြင်မှ ကောင်းကင်ပျံသန်းမြို့တော်သို့ လျင်မြန်စွာ ခရီးပြင်းနှင်လျက် ရှိလေသည်။