အခန်း ၇၁
Vol. 8 Ch. 71
အခန်း ၇၁
“ကျောက်တုံးထဲက ရတာ မဟုတ်ရင် ခိုးလာတယ်လို့ ထင်လို့လား အစ်မရဲ့။”
ဆရာမ ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။
“ဒီနဂါးဦးချိုကို အစ်မပဲ ကိုင်တွယ်ပေးပါဦး။ ကျန်းဟန် ရထားတာဆိုတော့ ဒါက သဘာဝကျကျ သူ့အပိုင်ပဲ။ ပြီးတော့ ဒီပစ္စည်းတွေကိုလည်း သူ့အတွက် သင့်တော်မယ့် ဆေးရည်တွေ ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတွေအဖြစ် သန့်စင်ဖော်စပ်ပေးပါဦး။”
ဆရာမ ဝမ်ယိက နဂါးဦးချိုကို စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ထံသို့ လှမ်းပစ်ပေးရင်း ဆက်ပြောလိုက်သည်။
[T/N: ဒီနေရာကစပြီး လျူယွီကို လျိုယွဲ့လို့ ပြောင်းလဲသုံးစွဲသွားပါမယ်။]
“ပြဿနာမရှိဘူး။ ငါ့ကိုပဲ လွှဲထားလိုက်။”
စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့က နဂါးဦးချိုကို လှမ်းဖမ်းကာ သေသေချာချာ စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်သည်။
“တကယ်ကို ကံကောင်းလွန်းတာပဲ။”
စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့က ကျန်းဟန်ကို ကြည့်ကာ ယခုအချိန်အထိ အံ့ဩမဆုံး ဖြစ်နေဆဲပင်။
“စီနီယာ လျိုယွဲ့... ဒီမျိုးစေ့ကိုကော မှတ်မိလား။”
ကျန်းဟန်သည် ထိုနေ့၏ နောက်ဆုံးလောင်းကစားကျောက်တုံးမှ သူရရှိခဲ့သော မျိုးစေ့ကို စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ထံသို့ ကမ်းပေးလိုက်သည်။
စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့သည် ထိုမျိုးစေ့ကို ယူကာ အမျိုးမျိုးသော စမ်းသပ်စစ်ဆေးနည်းများကို အသုံးပြု၍ အတော်ကြာအောင် ကြည့်ရှုစစ်ဆေးပြီးနောက် နောက်ဆုံးတွင် ကျန်းဟန်ထံသို့ ပြန်ပေးလိုက်သည်။
“ဒီမျိုးစေ့က ဝိညာဉ်အပင်တစ်မျိုးမျိုးကနေ ဆင်းသက်လာတာ ဖြစ်ရမယ်။ ငါလည်း တစ်ခါမှ မမြင်ဖူးဘူး။ ကံမကောင်းတာက သူ့ရဲ့ အသက်ဓာတ်က လုံးဝ ချုပ်ငြိမ်းသွားပြီ။ မဟုတ်ရင် ငါ ဒါကို စိုက်ပျိုးပြီး လေ့လာကြည့်လို့ ရတယ်။ ဒါက ဟိုးရှေးရှေးက ဝိညာဉ်အပင်တစ်မျိုးရဲ့ မျိုးစေ့ ဖြစ်ရမယ်။ အခုအချိန်မှာတော့ သေချာပေါက် မျိုးသုဉ်းသွားလောက်ပြီ။”
“ဒါဆိုရင်တော့... ဒါက အမှတ်တရ စုဆောင်းစရာ ပစ္စည်းတစ်ခုအဖြစ်ပဲ ထားလို့ရတော့မှာပေါ့။”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဆရာမ ဝမ်ယိသည် လောင်းကစားကျောက်တုံးများမှ ရရှိလာသော ရတနာများအားလုံးကို စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ထံသို့ ပေးအပ်လိုက်ပြီး ပြောလိုက်သည်။
“အသုံးဝင်မယ့်အရာမှန်သမျှကို ကျန်းဟန်အတွက် ဆေးရည် ဒါမှမဟုတ် အစာအဖြစ် သန့်စင်ပေးလိုက်ပါ။ ကျန်တဲ့အရာတွေကိုတော့ အစ်မရဲ့ လုပ်အားခအဖြစ်ပဲ သဘောထားလိုက်တော့။”
“ကောင်းပြီ။ ဒါဆိုရင်တော့ ငါလည်း အားနာမနေတော့ဘူးနော်။”
စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့က ဆရာမ ဝမ်ယိကို တစ်ချက်ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
သူမနှင့် ဆရာမ ဝမ်ယိအကြားတွင် အားနာနာဖြင့် လုပ်ထုံးလုပ်နည်းများ လုပ်နေစရာမလိုပေ။ သို့သော် ဆရာမ ဝမ်ယိက ထိုသို့ပြောလာသဖြင့် သူမကလည်း သဘောတူလိုက်ခြင်း ဖြစ်သည်။
ကျန်းဟန်ကတော့ စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ သူသည် ထိုအရာများကို ငြင်းဆန်ခြင်းမပြုခဲ့သလို ကျေးဇူးတင်စကားလည်း မဆိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရိုးရှင်းသော ကျေးဇူးတင်စကားဆိုခြင်းက အလွန်ပင် ပေါ့ပျက်လွန်းလှသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။ သူသည် ဆရာမ ဝမ်ယိ၏ ကူညီစောင့်ရှောက်မှုကို သူ့ရင်ထဲ၌သာ မြဲမြံစွာ မှတ်ကျောက်တင်ထားပြီး နောင်တစ်ချိန်တွင် သူ တတ်နိုင်သည့် အရည်အချင်းရှိလာပါက သေချာပေါက် ပြန်လည်ပေးဆပ်မည် ဖြစ်သည်။
သူသည် လက်ရှိတွင် အရင်းအမြစ်များကို အသည်းအသန် လိုအပ်နေသည့် အဆင့်တွင် ရှိနေပြီး ဆရာမ ဝမ်ယိမှာမူ သူ သတ်မှတ်ထားသည့် အရေးကြီးဆုံးသော လမ်းပြဆရာမတစ်ဦး ဖြစ်သည်။ သို့မဟုတ်ပါက သူကိုယ်တိုင် ရှာဖွေရရှိသော ငွေကြေးအနည်းငယ်အပေါ်၌သာ မှီခိုနေရမည်ဆိုလျှင် သူသည် မကြာမီမှာပင် ရွယ်တူချင်းများ၏ နောက်ကွယ်၌ များစွာ ပြတ်ကျန်ရစ်ခဲ့ပေလိမ့်မည်။
ငွေကြေးနှင့် အရင်းအမြစ်များသည် သားရဲထိန်းချုပ်သူတစ်ဦးကို မွေးမြူပျိုးထောင်ရာတွင် အရေးအကြီးဆုံးသော အဆုံးအဖြတ်ပေးသည့် အချက် ဖြစ်သည်။ ယင်းအချက်ကပင် ဤကမ္ဘာပေါ်ရှိ မိသားစုကြီးများအနေဖြင့် ကာလအရှည်ကြာ စည်ပင်ဝပြောနိုင်ခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ပြောများလှသော ဓနဥစ္စာများနှင့် အရင်းအမြစ်များကို ထိန်းချုပ်ထားကြသဖြင့် ၎င်းတို့၏ မျိုးဆက်များအနေဖြင့် ထိုကဲ့သို့သော ပျိုးထောင်မှုအောက်တွင် မိုးပျံမတက်ဘဲ နေရန် ခက်ခဲလှပေသည်။
ပါရမီအရည်အချင်း ကန့်သတ်ချက် ရှိနေလျှင်ပင် ဤမိသားစုကြီးများ၏ အရင်းအမြစ်များက ၎င်းတို့အား ၎င်းတို့၏ အလားအလာ ကန့်သတ်ချက် အမြင့်ဆုံးအထိ ရောက်ရှိအောင် ကူညီပေးနိုင်သည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် သာမန်သားရဲထိန်းချုပ်သူများသည် ၎င်းတို့၏ သားရဲများကို မွေးမြူလေ့ကျင့်ပေးရန်အတွက် ဘဝတစ်ခုလုံး လုံးပန်းပြေးလွှားနေကြရသည်။ သားရဲက ပိုမိုသန်မာလေလေ ၎င်းစားသုံးရသည့် အစာများက ပိုမိုအဆင့်မြင့်ပြီး ဈေးကြီးလေလေ ဖြစ်သည်။
ရံဖန်ရံခါတွင် သားရဲတစ်ကောင် ကြီးထွားလာစေရန် ကူညီပေးဖို့အတွက် ပိုမိုမြင့်မားသော အဆင့်ရှိသည့် ပစ္စည်းများကို ဝယ်ယူရတတ်သည်။ ဥပမာအားဖြင့် ကျန်းဟန်သည် ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့၏ စွမ်းအားကို အလျင်အမြန် မြှင့်တင်ရန်အတွက် အဆင့် ၃ ပစ္စည်းများကို အသုံးပြုခဲ့ရခြင်း ကဲ့သို့ပင်။
ဤအချက်က သားရဲထိန်းချုပ်သူများကို ကြည့်ရသည်မှာ လွတ်လပ်ပုံပေါ်သော်လည်း တကယ့်လက်တွေ့တွင်မူ ၎င်းတို့သည် မည်သည့်အခါမျှ ရပ်တန့်၍ မရနိုင်ချေ။ ထို့ကြောင့်ပင် အရင်းအမြစ်အမြောက်အမြားကို သိမ်းပိုက်ထားကြသည့် အထက်တန်းစား မင်းစိုးရာဇာများ၏ မောင်းနှင်ခိုင်းစေခြင်းကို ခံနေကြရခြင်းဖြစ်သည်။
၎င်းတို့သည် ထူးခြားဆန်းကြယ်ပုံ ပေါ်သော်လည်း တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ကြချေ။ ယင်းအစား တစ်ဦးချင်းစီ၏ စစ်မက်စွမ်းအား မြင့်မားလာခြင်းက ရှိရင်းစွဲ လူတန်းစား ဖွဲ့စည်းပုံကို ပိုမိုခိုင်မာစေခဲ့ပြီး သာမန်လူများအဖို့ အထက်တန်းလောကသို့ တက်လှမ်းရန် အလွန်အမင်း ခက်ခဲသွားစေခဲ့သည်။
ကျန်းဟန်သည် ဤအရာအားလုံးကို နားလည်ထားလျှင်ပင် သူသည် စနစ်၏ လမ်းညွှန်ချက်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းရမည်သာ ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ တစ်ဦးချင်း စစ်မက်စွမ်းအားက အတိုင်းအတာတစ်ခုအထိ မရောက်ရှိသေးမီအထိ သူသည် ဤစနစ်၏ စည်းမျဉ်းစည်းကမ်းများအောက်တွင်သာ ရှင်သန်နေထိုင်ရမည် ဖြစ်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် လက်ရှိတွင် ကျန်းဟန်၌ ရည်မှန်းချက်နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ အသက်ရှည်ရှည် နေထိုင်ရန်ဖြစ်ပြီး ဖြစ်နိုင်လျှင် သူသည် ထာဝရအသက်ကိုပါ ရရှိချင်သည်။
အခြားရည်မှန်းချက်တစ်ခုမှာမူ ပြင်ပလောကသို့ ထွက်ခွာစွန့်စားပြီး ဤကျယ်ပြောလှသော စကြာဝဠာကြီး၏ ကြီးကျယ်ခမ်းနားမှုကို သွားရောက် မြင်တွေ့ခံစားရန် ဖြစ်သည်။
သူ့၏ယခင်ဘဝတွင် သူသည် အသက်နှစ်ဆယ်ကျော်အရွယ်အထိ ရှင်သန်ခဲ့ပြီး မိမိကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှုကြောင့် ငွေကြေးဆိုင်ရာ လွတ်လပ်ခွင့်အသေးစားလေးကို မနည်းရုန်းကန်ရရှိခဲ့သော်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကန့်သတ်ချက်များကြောင့် ကမ္ဘာမြေပတ်လည်သို့သာ ခရီးဆန့်နိုင်ခဲ့သည်။
သို့သော် ဤဘဝကား မတူညီတော့ချေ။ ထူးခြားဆန်းကြယ်သော စွမ်းအားများက အသက်ရှည်ခြင်းနှင့် နယ်မြေအသစ် စွန့်စားရှာဖွေခြင်းတို့ကို ဖြစ်နိုင်ချေရှိအောင် ဖန်တီးပေးထားသည်။ အရာအားလုံးက အလွန်ပင် ဝေးကွာလွန်းနေသေးသည်ဆိုသော်လည်း လုံလောက်စွာ ရှည်လျားသော သက်တမ်းရှိနေသရွေ့ ဤအရာအားလုံးက ဖြစ်နိုင်ချေ ရှိနေပေသည်။
“ကျန်းဟန်... မင်း ဒီည ဒီမှာပဲ နားမလား။ ဒါမှမဟုတ် အနောက်ဘက်က သစ်ပင်အိမ်ဆီ သွားမလား။”
ဆရာမ ဝမ်ယိ၏ စကားသံက ကျန်းဟန်ကို သူ၏ အတွေးနက်နေမှုထဲမှ ပြန်လည်ဆွဲခေါ်လိုက်သည်။
“ဒီမှာပဲ နားပါ့မယ် အစ်မယိ။ အခန်းတွေကော လုံလောက်ရဲ့လား။”
ကျန်းဟန် တစ်ယောက် သတိပြန်ဝင်လာပြီး မေးလိုက်သည်။ ဆရာမ ဝမ်ယိကဲ့သို့သော အဆင့် ၅ ဘွဲ့ရ သားရဲထိန်းချုပ်သူတစ်ဦး၏ ဘေးနားတွင် နေထိုင်ခြင်းက သဘာဝအနးတိုင်း အန္တရာယ်အကင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ထို့အပြင် ဆရာမ ဝမ်ယိက သူ၏ လျှို့ဝှက်ချက်အချို့ကို သိရှိထားပြီးသား ဖြစ်သဖြင့် ဘာကိုမျှ ဖုံးကွယ်နေစရာ မလိုတော့ပေ။
“သေချာပေါက် လုံလောက်တာပေါ့။ လာ... ငါ အပေါ်ထပ်ကို လိုက်ပို့ပေးမယ်။”
ဆရာမ ဝမ်ယိက ပြုံးလိုက်ပြီး ကျန်းဟန်ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဒုတိယထပ်၏ ဖွဲ့စည်းပုံမှာ အလွန်ရိုးရှင်းသော်လည်း အောက်ခြေမကျလှပေ။ ၎င်းမှာ ဆရာမ ဝမ်ယိ ကိုယ်တိုင် ပြင်ဆင်မွမ်းမံထားသည့် ပုံစံနှင့် တူနေသည်။ အဘယ်ကြောင့်ဆိုသော် စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့သည် ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်ညှပ်ရန်ပင် ပျင်းရိလှသူတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော အလှဆင်မှုမျိုးကို သူမအနေဖြင့် ပြင်ဆင်ထားရန် လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
“ဒီမှာ အမျိုးသားဝတ် ညအိပ်ဝတ်စုံတော့ မရှိဘူး။ မင်း စိတ်မရှိဘူးဆိုရင်တော့ တစ်ခါမှ မသုံးရသေးတဲ့ အမျိုးသမီးဝတ် ညအိပ်ဝတ်စုံအချို့ကို ဝတ်ထားလိုက်လေ။”
ဆရာမ ဝမ်ယိက အဝတ်အစားအသစ် အချို့ကို ထုတ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။
“မလိုပါဘူး အစ်မယီ။ ကျွန်တော်က အဲဒီလောက်အထိ ဂျီးမများပါဘူး။”
ကျန်းဟန်က ပျာပျာသလဲ ငြင်းဆန်လိုက်သည်။
“ကောင်းပြီ... ဒါဆိုရင်လည်း ကောင်းကောင်း အနားယူလိုက်ပါဦး။”
ဆရာမ ဝမ်ယိက ကျန်းဟန်ကို ဆက်၍ မစနောက်တော့ဘဲ ညအိပ်ဝတ်စုံကို ယူကာ ပြုံးရွှင်သော မျက်နှာထားဖြင့် ထွက်ခွာသွားတော့သည်။
ကျန်းဟန် တံခါးပိတ်လိုက်ပြီး အဝတ်အစားများကို ချွတ်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ ဤကုတင်သည် သူ ယခင်က အိပ်စက်ဖူးသမျှ ကုတင်အားလုံးထက် များစွာ ပိုမိုအဆင့်မြင့်ပြီး အလွန်အမင်း သက်တောင့်သက်သာ ရှိလှသဖြင့် သူ အနည်းငယ်ပင် အံ့အားသင့်သွားရသည်။
၎င်းကို ထူးခြားဆန်းကြယ်သော ပစ္စည်းတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားပုံရသည်။ ၎င်းပေါ်တွင် အိပ်စက်ရခြင်းက ပိုးသားကဲ့သို့ နူးညံ့ချောမွေ့ရုံသာမက စိတ်ဝိညာဉ်ကိုပါ ပြုစုပျိုးထောင်ပေးသည့် အာနိသင် ရှိနေပေသည်။
ကျန်းဟန် ချက်ချင်း အိပ်မပျော်သွားခဲ့ဘဲ အလေ့အထအရ အိပ်ခါနီး စိတ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံလိုက်သည်။ ကံမကောင်းစွာဖြင့် စိတ်စွမ်းအားကျင့်စဉ်သည် အိပ်စက်ခြင်းကို အစားမထိုးနိုင်သည့်အပြင် စိတ်ဝိညာဉ်စွမ်းအင်ကိုပါ ကုန်ခမ်းစေနိုင်သည်။ မဟုတ်ပါက သူသည် နေ့ရောညပါ အဆက်မပြတ် ကျင့်ကြံနေမိပေလိမ့်မည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ တစ်စစ တိုးတက်လာသည့် ခံစားချက်ကို သိရှိနေရခြင်းက ကျန်းဟန်ကို စွဲလန်းစေခဲ့သည်။ သူသည် ဤခံစားချက်ကို အလွန် သဘောကျနှစ်သက်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်စွမ်းအားကျင့်စဉ် ကျင့်ကြံမှုနည်းလမ်းသည် ဤပတ်ဝန်းကျင်တွင် အကောင်းဆုံးရလဒ်များ မရရှိနိုင်သော်လည်း ၎င်းက သူ၏ ကျင့်ကြံခြင်းကိုတော့ အဟန့်အတားမဖြစ်စေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ကျန်းဟန် စောစောထကာ အနောက်ဘက်ရှိ သုတေသနဥယျာဉ်ဆီသို့ သွားလိုက်ပြီး ထင်းရှူးပင်တစ်ပင်ကို ရှာဖွေကာ နေမင်းဆီသို့ မျက်နှာမူလျက် စိတ်စွမ်းအားကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။
သူ၏ စိတ်စွမ်းအားကျင့်စဉ်ကို လေ့ကျင့်လို့ပြီးစီး၍ ဆိုင်သို့ ပြန်ရောက်လာချိန်တွင် ဆရာမ ဝမ်ယိနှင့် စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့တို့က အစာစားလို့ ပြီးနေကြပြီ ဖြစ်သည်။
“ဒါက မင်းအတွက် ချန်ထားပေးတဲ့ အစားအစာပဲ။”
ဆရာမ ဝမ်ယိက သူမ ဝယ်လာခဲ့သော အစားအစာကို ကျန်းဟန်ထံသို့ လှမ်းပေးလိုက်သည်။
ကျန်းဟန် အစားစား၍ ပြီးသွားသောအခါ စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့သည် သူ၏အတွက် ပြင်ဆင်ထားသော ပစ္စည်းများကို ထုတ်ယူလိုက်တော့သည်။
“ဒါက ငါ ကိုင်တွယ်ပြုပြင်ထားတဲ့ နဂါးဦးချိုပဲ။ အပြင်ကနေ အထူးသတ္တုတစ်လွှာနဲ့ ပတ်ထားပေးတယ်။ အဲဒါက နဂါးဦးချိုရဲ့ ဖိအားကို အပြင်မထွက်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါကို ကိုယ်နဲ့မကွာ ဆောင်ထားခြင်းအားဖြင့် ဖိအားကို အသုံးချပြီး မင်းရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအင်ကို ပိုမိုခိုင်မာအောင် လေ့ကျင့်နိုင်ရုံတင်မကဘဲ အရေးကြုံတဲ့ အကျပ်အတည်းအချိန်တွေမှာလည်း မင်းရဲ့အသက်ကို ကယ်တင်ဖို့ အသုံးပြုနိုင်သေးတယ်။ မင်း အရမ်းစွမ်းအားကြီးကြီးတဲ့ မိစ္ဆာသားရဲနဲ့ ရုတ်တရက် တိုးခဲ့ရင် ဒီနဂါးရဲ့ ဖိအားကို လွှတ်ထုတ်ပြီး သူတို့ကို ခြောက်လှန့်မောင်းထုတ်လို့ရတယ်။ မင်းဆီမှာ လက်ရှိ နဂါးသွေးမျိုးဆက်ပါတဲ့ သားရဲတစ်ကောင်မှ မရှိသေးတဲ့အတွက် ဒီနဂါးဦးချိုက တခြားနေရာတွေမှာ သုံးလို့မရသေးဘူး။ နောင်တစ်ချိန်မှာ နဂါးသွေးမျိုးဆက်ပါတဲ့ သားရဲတစ်ကောင်နဲ့ တွေ့လာရတဲ့အခါကျရင်တော့ ဒီနဂါးဦးချိုကို အစာကျွေးဖို့အတွက် အထူးဆေးရည်တွေ ဖော်စပ်တဲ့နေရာမှာ သုံးနိုင်တယ်။ အဲ... ကျောက်ဖြတ်စဉ်တုန်းက ထွက်လာတဲ့ အရိုးမှုန့်တွေကိုတော့ ငါပဲ အားမနာတမ်း ယူထားလိုက်ပါ့မယ်။”
စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့က နဂါးဦးချို ဆွဲကြိုးကို ကျန်းဟန်ထံသို့ ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။
နဂါးဦးချိုကို ကိုးပိုင်း ဖြတ်တောက်ထားပြီး ငွေရောင်ဆွဲကြိုးတစ်ချောင်းအဖြစ် ဖန်တီးထားခြင်း ဖြစ်ရာ မနေ့က လောင်းကစားသမားများ ပြန်မြင်လျှင်ပင် ယင်းကို နဂါးဦးချိုမှန်း မှတ်မိကြတော့မည် မဟုတ်ချေ။
ကျန်းဟန် ဆွဲကြိုးကို လှမ်းယူလိုက်ပြီးနောက် ၎င်း၏ ဒီဇိုင်းမှာ အလွန်လှပဆန်းကြယ်သည်ကို တွေ့ရှိခဲ့ရသည်။ နဂါးဦးချို၏ ဖိအားကို အသက်သွင်းရန်အတွက် အပြင်ဘက်ရှိ သတ္တုအလွှာကို ဆုတ်ဖြဲလိုက်ရုံသာ လိုအပ်ပြီး ဤသတ္တု၏ အသားမှာ အလွန်အမင်း မာကျောလှသည်တော့ မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် စီနီယာ လျိုယွဲ့။ ကျေးဇူးတင်ပါတယ် အစ်မယိ။”
ကျန်းဟန်က ပျာပျာသလဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဟားဟား ဒါက မင်းဘာသာမင်း ရထားတဲ့အရာပဲ။ ငါ့ကို ဘာလို့ ကျေးဇူးတင်နေတာလဲ။”
ဆရာမ ဝမ်ယိက ရယ်မောရင်း လက်ကာပြလိုက်သည်။
ထို့နောက် စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့သည် အခြားအရာဝတ္ထုများကိုပါ ဆက်တိုက် ထုတ်ယူလိုက်ပြီး ကျန်းဟန်၏ရှေ့တွင် တင်ကာ တစ်ခုချင်းစီကို စတင်မိတ်ဆက်ပေးတော့သည်။ ၎င်းတို့သည်လည်း သူ့အတွက် အထူးပြင်ဆင်ပေးထားသည့် အရာများ ဖြစ်ကြောင်း သိသာလှပေသည်။