← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

“ကျန်းဟန်... ဆရာမ ဝမ်ယိက ရုတ်တရက်ကြီး ထွက်သွားပြီ။ ငါတို့ဆီမှာ အတန်းပိုင်ဆရာသစ်တစ်ယောက် ရောက်နေပြီဆိုတာ နင် သိလား။”

ကျန်းဟန်သည် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး အဆောင်သို့ ပြန်ရန် ပြင်ဆင်နေစဉ် လီဇီဝေက အဝေးမှ ပြေးလာခဲ့သည်။

“သိတယ်။”

ကျန်းဟန်က ပြေးလာသော လီဇီဝေကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“နင်က ဆရာမ ဝမ်ယိနဲ့ တော်တော်လေး ရင်းနှီးတာ မဟုတ်လား။ သူမ ဒီလို ရုတ်တရက်ကြီး ထွက်သွားတာကို နင် ဝမ်းမနည်းဘူးလား။”

ကျန်းဟန်က ဤကိစ္စအပေါ် လုံးဝ အေးစက်တည်ငြိမ်နေသဖြင့် လီဇီဝေက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

“ဝမ်းနည်းနေလည်း ဘာမှထူးမလာဘူး။ ဆုံစည်းခြင်းရှိရင် လမ်းခွဲခြင်းဆိုတာလည်း ရှိတာပဲ။ ငါတို့အားလုံးက တစ်နေ့ကျရင် လမ်းခွဲကြရမယ့်သူတွေချည်းပဲ။”

ကျန်းဟန်က ခေါင်းခါလိုက်ပြီး လှည့်ထွက်ကာ ပြန်လျှောက်လာခဲ့သည်။

“ဒါဆိုရင်လည်း ပြီးတာပါပဲ။”

လီဇီဝေက ခေါင်းညိတ်လိုက်သည်။ သူမတွင် အခြားပြောစရာ စကားမရှိတော့ပေ။

“တခြားကိစ္စ မရှိတော့ရင် ငါ သွားတော့မယ်။”

ကျန်းဟန်က ပြောလိုက်သည်။

“နင်က ဘာလို့ အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေရတာလဲ။ ငါနဲ့ ခဏလောက်တောင် လမ်းအတူတူ မလျှောက်နိုင်ဘူးလား။”

လီဇီဝေက နှုတ်ခမ်းစူလိုက်၏။

“နောက်ထပ် တောရိုင်းရှင်သန်မှု လေ့ကျင့်ရေးက နီးကပ်လာနေပြီ။ ငါတို့ သားရဲထိန်းချုပ်ခြင်းအပေါ်မှာပဲ အာရုံစိုက်ထားသင့်တယ်။ နောက်တစ်ခေါက် ရှင်သန်မှုလေ့ကျင့်ရေးက သေချာပေါက် ပိုပြီး အန္တရာယ်များလိမ့်မယ်။”

ကျန်းဟန်က ခေါင်းခါရင်း ပြောလိုက်သည်။

တောရိုင်းရှင်သန်မှု လေ့ကျင့်ရေး၏ ခက်ခဲမှုအဆင့်မှာ အကြိမ်တိုင်းတွင် ပိုမိုမြင့်မားလာလေ့ရှိသည်။ နောက်ပိုင်းတွင်မူ ကျောင်းသားများသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် အသက်ဘေးကင်းရှင်းရေး ကတိကဝတ်ပြုလွှာများကိုပင် လက်မှတ်ရေးထိုးကြရသည်။

ဤလ၏ နှစ်ပတ်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ထပ် တစ်ပတ်ကျော်ကျော်အကြာတွင် တောရိုင်းရှင်သန်မှု လေ့ကျင့်ရေးအတွက် အချိန်ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

သူ့လက်ထဲတွင် ရှိနေသော ဆေးရည်များက ဤလအတွက်သာ လုံလောက်သည်။ ယခုအခါ ဆရာမ ဝမ်ယိလည်း ထွက်ခွာသွားပြီ ဖြစ်ရာ သူ၏ သားရဲကို လျင်မြန်စွာ ကြီးထွားလာစေရန် မျှော်လင့်မည်ဆိုပါက သူကိုယ်တိုင် ငွေရှာပြီး ပစ္စည်းများဝယ်ယူကာ ဆေးရည်များ ဖော်စပ်ရတော့မည် ဖြစ်သည်။

ယခုတစ်ခေါက် ဆေးရည်များအတွက်ပင် ယွမ်ငါးသိန်း၊ ခြောက်သိန်းခန့် ကုန်ကျခဲ့သည်။ အကယ်၍ ဤလအတွင်း အာဟာရအရည်အသွေး ကျဆင်းသွားမည်ဆိုပါက ယင်းက သူ၏ သားရဲကြီးထွားမှုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

“အမ်... ငါက နင့်ကို ရှန်းဟွာ မြို့နယ် ကိုယ်စားပြုပြီး ခရိုင်လေးခု ပူးပေါင်းပြိုင်ပွဲမှာ ဝင်ပြိုင်ချင်လားလို့ လာမေးတာပါ။ တကယ်လို့ ဒီပြိုင်ပွဲမှာ နိုင်ရင် လူတိုင်းက ဆုကြေး ယွမ်တစ်သိန်း ရမှာလေ။ ဒါပေမဲ့ နင်ကတော့ စိတ်ဝင်စားပုံမရဘူး။”

လီဇီဝေ သက်ပြင်းချလိုက်ပြီး စကားပြောလို့ပြီးနောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ဤအချိန်တွင် ကျန်းဟန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။

“ယွမ်တစ်သိန်း ဟုတ်လား။ အဲဒါက အတိအကျ ဘာပြိုင်ပွဲလဲ။”

“နင် ဝင်ပြိုင်ချင်လို့လား။”

လီဇီဝေ၏ မျက်လုံးဝိုင်းကြီးများမှာ ထိုစကားကို ကြားရလျှင်ပင် တောက်ပသွားခဲ့ပြီး လျင်မြန်စွာ ရှင်းပြတော့သည်။

“ဒီလိုရှိတယ်... ငါတို့က အရင်ဆုံး စာရင်းပေးရမယ်။ ပြီးရင် တနင်္ဂနွေနေ့ကျရင် မြို့နယ်ခြောက်ခုက ကျင်းပတဲ့ လူရွေးပွဲကို သွားပြိုင်ရမယ်။ စုစုပေါင်း နေရာခြောက်နေရာပဲ ရှိတာ။ တကယ်လို့ နင် လူရွေးပွဲအောင်ရင် ဆုကြေး ယွမ်တစ်သောင်း ရလိမ့်မယ်။”

“အဲဒီနောက်မှာတော့ နောက်တစ်ပတ်ရဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပမယ့် ခရိုင်လေးခု ပူးပေါင်းပြိုင်ပွဲကို သွားပြိုင်ရမယ်။ အဲဒါက မြို့နယ်အငယ် ၃၂ ခုက အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပဲ။ ထိပ်သီးဆယ်ယောက်ထဲ ဝင်ရင် ဆုကြေး ယွမ်တစ်သိန်း ရမှာဖြစ်ပြီး အဲဒီထက် မြင့်တဲ့အဆင့်တွေဆိုရင် ဆုကြေးက ပိုတောင်များဦးမယ်။”

“နားလည်ပြီ။ ဒါဆိုရင်တော့ ငါလည်း စာရင်းပေးပြီး စမ်းကြည့်ရဦးမှာပေါ့။”

ကျန်းဟန် စိတ်ဝင်စားသွားခဲ့သည်။ သူသည် ကျော်ကြားမှုကို ဂရုမစိုက်သော်လည်း ငွေကြေးကိုမူ အလွန်အမင်း ဂရုစိုက်ပေသည်။

“ကောင်းပြီလေ။ ဒါဆိုရင် အရင်ဆုံး ငါတို့ဖုန်းနဲ့ စာရင်းပေးလိုက်ကြရအောင်။ စာရင်းပိတ်မယ့်အချိန်က မနက်ဖြန် မွန်းတည့် ၁၂ နာရီပဲ။”

လီဇီဝေ ထိုစကားကို ကြားလိုက်ရသောအခါ အတိုင်းမသိ ဝမ်းသာသွားခဲ့ရသည်။ သူမသည် ကျန်းဟန်နှင့် အတူတူ ထပ်မံရှိနေနိုင်တော့မည် မဟုတ်ပါလော။

“ကောင်းပြီ။”

ကျန်းဟန် သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီး လီဇီဝေ၏ လမ်းညွှန်မှုအောက်တွင် စာရင်းပေးသွင်းခြင်းကို လျင်မြန်စွာ အဆုံးသတ်လိုက်သည်။

“ဒါဆို အချိန်တန်ရင် ငါ နင့်ကို လာရှာမယ်နော်။”

စာရင်းပေးသွင်းလို့ ပြီးသွားသောအခါ လီဇီဝေက ပြုံးကာ ပြောလိုက်သည်။

“အင်း... ငါ သွားတော့မယ်။”

ကျန်းဟန် ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားခဲ့သည်။

လီဇီဝေတစ်ယောက် ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရ၏။ ကိစ္စရှိသည့်အချိန်မှလွဲ၍ ကျန်းဟန်သည် သူမနှင့်အတူ ရှိနေချင်သည့် ဆန္ဒ အနည်းငယ်မျှ ရှိပုံမရချေ။ သူမ တကယ်ပဲ မေးကြည့်ချင်မိသည်။

သူမက တကယ်ပဲ ဆွဲဆောင်မှု မရှိလို့လား။

သို့သော်လည်း ကျန်းဟန်ကတော့ ထိုအရာများကို ဘာတစ်ခုမှ ထည့်မစဉ်းစားနေပေ။ သူ၏ အာရုံစူးစိုက်မှုအားလုံးသည် ယခုအခါ သူ၏ စမ်းသပ်မှုနှင့် သူ၏ ပါရမီအရည်အချင်းဖြစ်သော အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း အပေါ်၌သာ ရှိနေ၏။

အဆောင်သို့ ပြန်ရောက်လာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး လူသူအရိပ်အယောင်ပင် မတွေ့ရတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားအများစုက အပြင်ဘက်တွင် သွားရောက်နေထိုင်ရန် ထွက်ပြေးကုန်ကြသောကြောင့်ပင်။ ကျောင်းပြင်ပသို့ ထွက်ခွာခွင့်ရနေပြီဖြစ်ရာ မည်သူကများ တင်းကျပ်စွာ စီမံခန့်ခွဲထားသည့် အဆောင်ထဲတွင် ဆက်ပြီး နေချင်တော့မည်နည်း။

ကျန်းဟန် အဆောင်အခန်းထဲသို့ ရောက်ရှိလာချိန်တွင်လည်း ထိုနေရာ၌ မည်သူမျှ ရှိမနေပေ။ ယခင်က ကျောင်းကို ပိတ်ဆို့ထားစဉ်ကပင် ဤအခန်းထဲ၌ လူမရှိခဲ့ရာ ယခုကဲ့သို့ အချိန်မျိုးတွင်တော့ ဆိုဖွယ်ရာမရှိတော့ချေ။

သို့သော်လည်း ဤအခြေအနေက ကျန်းဟန် အလိုချင်ဆုံးအရာပင် ဖြစ်သည်။ လူသူကင်းဝေးနေခြင်းက သူ၏ စမ်းသပ်မှုများကို ပြုလုပ်ရန် ပိုမိုလွယ်ကူစေသောကြောင့် ဖြစ်သည်။

“ဟုတ်ဟုတ်... ထွက်လာခဲ့တော့။”

ကျန်းဟန် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းရောင်ဖျော့ဖျော့ရှိသော သွေးနီရောင် မန္တန်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ မကြာမီမှာပင် ပတ္တမြားကဲ့သို့ နီရဲသော မျက်လုံးများရှိသည့် မျက်နှာဝိုင်း ကြက်ဝတုတ် တစ်ကောင် မြေပြင်ပေါ်သို့ ပေါ်ထွက်လာတော့သည်။

“ဟုတ်”

ကျန်းဟန်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဟုတ်ဟုတ်သည် ရုတ်တရက် ခုန်တက်လိုက်ပြီး သူ့ကို လှမ်းဆိတ်လိုက်တော့သည်။

“ချီးပဲ... ဟုတ်ဟုတ် မင်းက မင်းရဲ့ သခင်ကို ပြန်စားမလို့လား။”

ကျန်းဟန် အမြန်ပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရပြီး သူ ယခုတင် မတ်တတ်ရပ်ခဲ့သည့် ကွန်ကရစ်ကြမ်းပြင်နေရာလေးမှာ ဆိတ်ခံရသဖြင့် အပိုင်းပိုင်းအစစ ကြေမွသွားသည်ကို ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်ကျန်ခဲ့ရသည်။

“ဟုတ်”

ဟုတ်ဟုတ်က ဒေါသတကြီးဖြင့် ခေါင်းမော့လိုက်၏။ ၎င်း၏ မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ယခင်က ကျန်းဟန်က သူ့ကို လှည့်စားခဲ့သဖြင့် ၎င်း၏ ဝှက်ဖဲအားလုံး ဘူးပေါ်သလိုပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ခုမှာမူ ကျန်းဟန်က သူ့ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် ရက်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။

“ငါက မင်းကို ပိုပြီးသန်မာလာအောင် ကူညီပေးမလို့ပါ။ မင်းရဲ့ သွေးထွက်ခြင်း စွမ်းရည်ကို သွေးနတ်ဆိုး စွမ်းရည်အဖြစ် ဆင့်ကဲပြောင်းလဲမပစ်ချင်ဘူးလား။”

ကျန်းဟန်က ဟုတ်ဟုတ်ကို ကြည့်ပြီး ပြောလိုက်သည်။ ဤဟုတ်ဟုတ်မှာ ခွေးတစ်ကောင်လို အလွန်အမင်း သတိကြီးလွန်းလှသည့်အပြင် ကြောင်တစ်ကောင်၏ စိတ်ကောက်တတ်သည့် စရိုက်အချို့ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

“ဟုတ်”

ထိုစကားကို ကြားလိုက်ရသောအခါ ဟုတ်ဟုတ်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပျော့ပြောင်းသွားခဲ့ပြီး ကျန်းဟန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

၎င်းသည် ကျန်းဟန်က ပိုင်လင်းကို စာသင်ပေးနေစဉ်ကတည်းက အနားမှနေ၍ ခိုးယူသင်ကြားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်မူ ၎င်းနှင့် သက်ဆိုင်သော ကျင့်ကြံခြင်းနည်းလမ်းများကို လေ့လာထားခဲ့ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် လူသားများကို အထင်သေးသော်လည်း လူသားတို့၏ သုတေသနပြုနိုင်စွမ်းကိုတော့ မချီးကျူးဘဲ မနေနိုင်ချေ။ ကျန်းဟန်၏ စကားများကို ကြားရသောအခါ ဟုတ်ဟုတ် စိတ်လှုပ်ရှားသွားခဲ့ရသည်။

ကျန်းဟန် စကားပြောလို့ပြီးနောက် ၎င်းကို ထပ်မံဂရုမစိုက်တော့ဘဲ သူ၏ သိုလှောင်သေတ္တာထဲမှ ခရမ်းရင့်ရောင် ဆေးရည်ပုလင်း သုံးလုံးကို ထုတ်ယူလိုက်သည်။ ဤဆေးရည်များအားလုံးက ဟုတ်ဟုတ်၏ စွမ်းရည် ဆင့်ကဲပြောင်းလဲခြင်းအတွက် ဖြစ်သည်။

ထိုမျှတင် မကသေးဘဲ ကျန်းဟန်သည် အကာအကွယ်အတားအဆီး ထုတ်လုပ်ပေးသည့် စက်အသေးစားလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုစက်ထဲသို့ ဝိညာဉ်ပုံဆောင်ခဲတစ်တုံး ထည့်သွင်းကာ ခလုတ်ကို နှိပ်လိုက်သည်။ မကြာမီမှာပင် အချင်း သုံးမီတာခန့်ရှိသော အဖြူရောင် အကာအကွယ်အတားအဆီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအတားအဆီးသည် သားရဲတစ်ကောင် အဆင့်ထိုးဖောက်တက်လှမ်းသည့်အခါ ဖြစ်ပေါ်လာမည့် ဝိညာဉ်စွမ်းအား တုန်ခါမှုများနှင့် အလင်းရောင်ပြောင်းလဲမှုများကို အပြင်သို့ မပေါက်ကြားအောင် သီးခြားခွဲထုတ် ထိန်းသိမ်းပေးနိုင်စွမ်း ရှိသည်။

“မင်းရဲ့ စိတ်ကို တည်ငြိမ်အောင် အရင်ထိန်းညှိလိုက်။ ပြီးရင် နံပါတ် ၁ ဆေးရည်ကို အရင်သောက်လိုက်ပါ။”

ကျန်းဟန် နံပါတ် ၁ ဆေးရည်ပုလင်းကို ထုတ်ကာ ဟုတ်ဟုတ်ထံသို့ ကမ်းပေးလိုက်သည်။

“ဟုတ်”

ဟုတ်ဟုတ်သည် ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ဆေးရည်အားလုံးကို တစ်ကျိုက်တည်း မျိုချလိုက်တော့သည်။

ဆေးရည်ကို သောက်သုံးပြီး ငါးမိနစ်ခန့်အကြာတွင် ဟုတ်ဟုတ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးရောင်အလင်းတန်းများ စတင်ဖြာထွက်လာခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင် မြူခိုးများ အငွေ့ပျံလျက် ထွက်ပေါ်လာခဲ့သည်။

“ဂူးးးးး”

ဟုတ်ဟုတ်၏ အော်ဟစ်သံမှာ အနည်းငယ် အက်ရှရှဖြစ်လာပြီး နေရထိုင်ရ ခက်ခဲပူလောင်လာသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။

“မလန့်နဲ့။ အခု အပြင်ကို တွန်းထုတ်ပစ်နေတာတွေအားလုံးက သွေးထဲက အညစ်အကြေးတွေပဲ။ ဒါက မင်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလိမ့်မယ်။”

ကျန်းဟန် သူ၏ လက်ပတ်နာရီကို ကြည့်ကာ ဟုတ်ဟုတ်၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။

သုံးမိနစ်ခန့် ကုန်ဆုံးသွားခဲ့ပြီး သွေးမြူခိုးများသည် အကာအကွယ်အတားအဆီးတစ်ခုလုံးကို ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။ ဟုတ်ဟုတ်သည်လည်း အနည်းငယ်မျှ ခံနိုင်ရည်မရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပင် ထိုင်ချလိုက်တော့သည်။

“ဒီလောက်ဆို ရလောက်ပြီ။ နံပါတ် ၂ ဆေးရည်ကို သောက်လိုက်တော့။”

ကျန်းဟန်က နံပါတ် ၂ ဆေးရည်ပုလင်းကို လှမ်းပေးလိုက်သည်။

ဟုတ်ဟုတ်သည် ၎င်းကို ချက်ချင်းပင် သောက်ချလိုက်၏။ နံပါတ် ၂ ဆေးရည် ဗိုက်ထဲသို့ ရောက်သွားပြီးနောက် ဟုတ်ဟုတ်၏ ကုန်ခမ်းနေသော ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုသော တုံ့ပြန်မှုတစ်ခု ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ ၎င်း၏ သားရဲအမြုတေမှာ တုန်ခါလာပြီး သွေးလည်ပတ်မှုနှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ တစ်ကိုယ်လုံး ပူလောင်လွန်းလှသဖြင့် အငွေ့များပင် တထောင်းထောင်း ထွက်လာခဲ့တော့သည်။

“မြန်မြန်... တတိယဆေးရည်ကို သောက်လိုက်တော့။”

ဟုတ်ဟုတ်၏ တစ်ကိုယ်လုံးမှ အငွေ့များ ထွက်နေသည်ကို မြင်လျှင် ကျန်းဟန်က တတိယမြောက် ဆေးရည်ပုလင်းကို အလျင်အမြန် လှမ်းပေးလိုက်သည်။

“ဂူး”

ဆေးရည် သုံးပုလင်းစလုံးကို သောက်သုံးပြီးသွားသောအခါ ဟုတ်ဟုတ်သည် ၎င်း၏ သားရဲအမြုတေ ကွဲအက်ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျကာ သတိလစ်မေ့မြောသွားခဲ့တော့သည်။

သို့သော်လည်း ၎င်း သတိလစ်သွားခဲ့သည့်တိုင်အောင် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

ဤအခြေအနေကို လမ်းညွှန်စာရွက်ထဲတွင် ရေးသားထားပြီးသား ဖြစ်သဖြင့် ကျန်းဟန်အနေဖြင့် ကြိုတင်သိရှိထားခဲ့သည်။

သို့သော်ငြားလည်း သူသည် ဟုတ်ဟုတ်၏ ပြောင်းလဲမှုများကို သေချာစွာ စောင့်ကြည့်ရန်အတွက် အနား၌ ဆောင့်ကြောင့်ထိုင်လိုက်ဆဲပင်။

ဆေးရည်၏ အာနိသင်သည် ၎င်း၏ ခန္ဓာကိုယ်နှင့် သားရဲအမြုတေကို အဆက်မပြတ် ပြောင်းလဲပေးနေ၏။

ဟုတ်ဟုတ်၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် အမွှေးအတောင်များမှာ လျင်မြန်စွာ ကွာကျလာပြီး ၎င်းကို အမွှေးမရှိသော ကြက်ပြောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နေသည်ကို ကျန်းဟန် သတိပြုမိလိုက်သည်။

သို့သော်လည်း ၎င်း၏ အသစ်ထွက်ပေါ်လာသော အရေပြားသည် သလင်းကျောက်ကဲ့သို့ ဖျော့တော့သော အရောင်အဝါဖြင့် တောက်ပနေပြီး မကြာမီမှာပင် အမွှေးအတောင်သစ်များ ပြန်ထွက်လာခဲ့သည်။ ၎င်း၏ ပင်ကိုယ်ထည်အရောင်မှာ ယခင်ကကဲ့သို့ မီးခိုးဖြူရောင် ဖြစ်နေဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ သွေးနီရောင်အချို့ ရောယှက်ပါဝင်လာခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် ၎င်း၏ တောင်ပံပေါ်ရှိ အမွှေးအတောင်ကြီးများမှာ အဖျားပိုင်းတွင် သွေးနီရောင် ပြောင်းလဲသွားရုံသာမက အလွန်ပင် မာကြောတောင့်တင်းလာပြီး သတ္တုရောင်အသွင် တဖျတ်ဖျတ်လက်လျက် ထက်မြက်သော ဓားမြှောင်များအလား ဖြစ်နေတော့သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများရှိ အမွှေးအတောင်များတွင်လည်း ဖျော့တော့သော သွေးနီရောင် အလင်းတန်းတစ်လွှာ စွန်းထင်ကျန်ရစ်ခဲ့ပြီး ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းမှာလည်း သိသိသာသာ မြင့်တက်လာပုံရလေသည်။

All Chapters